Happy 2012, Everyone!!!

အားလုံးပဲ မင်္ဂလာရှိသော 2012 ပါရှင်…း)
အခုလို နှစ်သစ်ကူးပြီးခါစ ပူပူနွေးနွေး အချိန်လေးမှာ ညီမလေး Rose က Tag ခဲ့တဲ့ အောက်က မေးခွန်းလေးတွေကို အမှတ်တရ ရေးပြီး ဖြေလိုက်ပါတယ်း)
♦ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
ကျွန်မ ချစ်ခင်ရတဲ့သူတွေထဲက ဘယ်သူနဲ့မဆို အတူရှိနေချင်ပါတယ်။ အခု အတူရှိတဲ့သူကတော့ ကျွန်မရဲ့ အခန်းဖော်ဟောင်းလေး (အရင်က တခန်းထဲ၊ အခု တအိမ်ထဲမှာ တစ်ယောက်တစ်ခန်း နေကြလို့း) ပါ။ သူနဲ့ Countdown လုပ်မယ်လို့ ပြောထားကြပေမယ့် သူလာပြီး Happy New Year အော်မှ ကျော်သွားပြီမှန်း သိလိုက်ရပါတယ်း)
♦ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
ပုံမှန်က နှစ်ကူးသွားတဲ့ စက္ကန့်ပိုင်းလေးကို စိတ်ထဲမှာ Serious မထားတာကြောင့် Countdown လုပ်လေ့ မရှိပါဘူး (ဒီနှစ်တော့ အဖော်ကောင်းတာနဲ့ လုပ်မယ် ကြံစည်ထားပြီးကာမှ အပေါ်မှာ ရေးခဲ့သလို ပျက်သွားပြန်ပါတယ်း)) အမှတ်တရတွေထဲက ရယ်စရာလေးတစ်ခုကို ပြန်ပြောရရင် လွန်ခဲ့တဲ့ နှစ်တနှစ်တုန်းက Countdown လုပ်ဖို့ အပြင်ရောက်နေတဲ့ အခန်းဖော်လေးကို ၁၂ နာရီ ကျော်ခါစအချိန်မှာ ကျွန်မ ဖုန်းဆက်လိုက်ပါတယ်။ သူက New Year အတွက် Wish လုပ်ဖို့လို့ ထင်နေတုန်း (ဘယ်သူမဆို သေချာပေါက် ထင်မှာပါ) ကျွန်မပြောလိုက်တာက “ငါ နင့် ခေါက်ဆွဲခြောက်ထုပ် ယူစားလို့ရလားဟေ” လို့ပါ… သူ့ခမျာ တော်တော် ကြောင်သွားပါတယ်း)) ဗိုက်ဆာနေတဲ့ အစားပုတ် ရွှေပြည်သူ အဲဒီအချိန်မှာ ခေါက်ဆွဲထုပ်ကလွဲရင် ဘာမှ မသိ ဖြစ်သွားပုံပါ။ သူများတွေအတွက် ရယ်စရာကောင်းမကောင်း မသိပေမယ့် ကျွန်မအတွက်တော့ ခုပြန်တွေးမိတိုင်း ရယ်မိတဲ့ အဖြစ်အပျက်လေးပါ။
♦ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
နှစ်သစ်ကို အမြဲတမ်းလိုလို ကျွန်မရဲ့ အခန်းလေးထဲမှာပဲ ကုန်ဆုံးတတ်ပါတယ်။ အဲဒါကိုပဲ ကုန်ဆုံးစေချင်တဲ့ သီးသန့်နေရာလို့ ပြောလို့ရမယ် ထင်ပါတယ်။ အလည်အပတ် အစီအစဉ်တော့ မရှိပါဘူးရှင်း)
♦ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
အရိုးသားဆုံး ဝန်ခံရင် အရင်နှစ်တွေက ကိုယ့်ဘာသာ တိတ်တိတ်လေး လုပ်ခဲ့တဲ့ Resolution တွေ တော်တော်များများကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ကိုယ့်ဘာသာ ပြန်ဆန်းစစ်မိတော့ အများကြီးနဲ့ အကြီးကြီးတွေ လုပ်မိလို့ ဆိုတာ တွေ့ရပါတယ်။ အကြီးကြီးဆိုတာ ကိုယ်လုပ်နိုင်တဲ့ အဆင့်လေးတွေမျိုး မဟုတ်ဘဲ လောဘတကြီး မျှော်မှန်းမိတာ မျိုးတွေပါ။ အဲတော့ ကိုယ့် Resolution ကိုယ် ပြန်စဉ်းစားမိတိုင်း မလုပ်နိုင်တဲ့ အရာလို့သာ မြင်နေမိပြီး လက်တွေ့လုပ်ဖို့ တွန့်ဆုတ်ရွှေ့ဆိုင်း ခဲ့မိလို့ပါ။ ဒီနှစ်တော့ ကျွန်မရဲ့ New Year Resolution က တစ်ခုထဲပါ။ နေ့စဉ်နေ့တိုင်း ၅ မိနစ် ဖြစ်ဖြစ် ၁၀ မိနစ်ဖြစ်ဖြစ် ရသလောက်လေးကို နေရာရွေးမနေဘဲ တရားလေး မှတ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီလောက် ရှုပ်ထွေးပြီး အပူပေါတဲ့ လောကကြီးမှာ တရားမှ မကယ်ရင် ဘယ်လိုနည်းနဲ့မှ ငြိမ်းချမ်းမှုကို ရတော့မှာ မဟုတ်ဘူးလို့ ယုံကြည်မိလို့ပါ။
♦ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
အဲဒီလိုတော့ မရှိမိပေမယ့် လာမယ့်နေ့ရက်တွေမှာ အကျိုးမဲ့သောအလုပ်တွေနဲ့ တတ်နိုင်သမျှ အချိန်မဖြုန်းမိဖို့တော့ ကိုယ့်ကိုယ်ကို သတိပေးမိပါတယ်။
♦ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်ကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
ပို့စ်ကဒ်တွေ E-Card တွေ တကူးတက ပို့ပြီးတော့ နှုတ်ဆက်တာမျိုးတော့ လုပ်လေ့မရှိပါဘူး။ မိသားစုရယ်၊ ရင်းနှီးတဲ့ သူငယ်ချင်း / လုပ်ဖော်ကိုင်ဘက် တွေရယ်ကို ဖုန်းဆက်ပြီး ဖြစ်ဖြစ် SMS ပို့ပြီး ဖြစ်ဖြစ် နှုတ်ခွန်းဆက်ပါတယ်။
♦ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....
ကျွန်မတသက် အခုချိန်ထိ ဖြတ်သန်းခဲ့ဖူးသမျှ နှစ်တွေထဲမှာ ၂၀၁၁ (ကျွန်မရဲ့ အသက် ၃၀ ကာလ) ဟာ (စိတ်ထဲမှာ) အမြန်ဆုံးလို့ ထင်မိပါတယ်။ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့သလို ကောင်းသော မကောင်းသော အတွေ့အကြုံ သင်ခန်းစာတွေလည်း ခါတိုင်းနှစ်တွေထက် အများကြီး ပိုရခဲ့ပါတယ်။ သမင်လည်ပြန် ပြန်ကြည့်ပြီးတဲ့အခါ ကိုယ့်အလိုအတိုင်း ဖြစ်မလာတဲ့ ကိစ္စတွေထက် အပြန်ပြန်အလှန်လှန် နာကျင်နေတာမျိုးတွေ ဆက်ပြီး မလုပ်မိဖို့၊ ကိုယ့်အလိုအတိုင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက်လည်း အလွန်အကျွံ သာယာပြီး တနေရာမှာ ရပ်တန့်နေတာမျိုးတွေ မလုပ်မိဖို့သာ ကိုယ့်ကိုယ်ကို ပြန်သတိပေးမိပါတယ်။
ကမ္ဘာပျက်မယ်လို့ ဟောကိန်းထုတ်ခြင်းခံရတဲ့ ၂၀၁၂ ကတော့ ဟိုအရင်က ဝေးသေးသလိုလိုနဲ့ မသိလိုက်ခင်မှာပဲ ဖြတ်ကနဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါပြီ။ ကမ္ဘာပျက်သည်ဖြစ်စေ မပျက်သည် ဖြစ်စေ သတ္တဝါတွေ ပီပီ ဘဝရဲ့ ဒုက္ခတွေ သုခတွေ အနည်းနဲ့အများ ဆက်ရင်ဆိုင်ကြုံတွေ့ ကြရဦးမှာတော့ မလွဲမသွေပါပဲ။ အဲဒါကြောင့် "၂၀၁၂ ရေ ကျွန်မတို့ အားလုံးကို အသာအယာလေး ထွေးပွေ့ကြိုဆိုပါ"လို့သာ ပြောလိုက်ချင်ပါတော့တယ်။
အားလုံး၂၀၁၂ တစ်နှစ်လုံး လောကဓံကို ရင်ဆိုင်နိုင်သော ခွန်အားတွေနဲ့ စိတ်ငြိမ်းချမ်းစွာ ကိုယ်ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်ရှင်…
(အမှတ်တရ Tag ခဲ့တဲ့ ညီမလေး Rose ကို ကျေးဇူးအထူးတင်ပါတယ်။ ဒီပို့စ်အတွက် ညီမလေး ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်း)


