သင်္ကြန်မိုးရေ သွန်းဖြိုးစေ
“ဖြိုး သိလား… ငါ ပိတောက်ပန်းတွေ အများကြီး ရလာတယ်။ ဒီအခက်လှလှကြီးတွေကို ဘုရားကပ်မယ်။ ကျန်တာ တချို့ကို ဒီပန်းအိုးလေးထဲ ထိုးမယ်။ ဒီတစ်ခက်လေးကို တော့ ငါပန်မှာ…။ အင်း… မိုးလေးအုံ့တုံ့တုံ့ ဖြစ်နေလို့ ရွာမချခင် မနည်းပြေးလာရသေးတယ်။ ထီးလည်း မပါဘူးလေ။ ဒီနှစ်သင်္ကြန်မှာတော့ သင်္ကြန်မိုးရွာလိမ့်မယ် ထင်ပါရဲ့… မနှစ်ကလို မဟုတ်ဘူးလေ… ဖြိုး ငါပြောနေတာ ကြားရဲ့လား… ဟင် ဖြိုး…”
==============================
“မိငယ်လေး အဆင်သင့် မဖြစ်သေးဘူးလား။ ရေပက်ခံ ကားရောက်နေပြီ။ ဒီမှာ သွန်းဖြိုးလည်း ရောက်နေတယ်။ သူယူလာတဲ့ ပိတောက်တွေ လှမှလှ”
လှမ်းအော်လိုက်တဲ့ မမ စကားကြောင့် ငယ်သွေး ခုန်ပေါက်ပြီး အိမ်ရှေ့ပြေးထွက်လာမိသည်။ စိတ်ထဲမှာလည်း ဖြိုးကို ဘယ်လို စရ နောက်ရမလဲ ဆိုတာ တွေးလာသည်။ ဖြိုးက ယောက်ျားလေး တန်မဲ့ အေးလွန်းလှသည်။ တချို့ကတော့ သူ့ကို လူကြီးဆန်သည်ဟု ပြောကြသည်။ ငယ်သွေးကတော့ သင်္ကြန်ဆိုရင် ရေပက်ခံကားနဲ့လည်း လိုက်လည်ရမှ၊ မဏ္ဍပ်မှာလည်း ပက်လိုက်ရမှ တနှစ်လုံး စိတ်ချမ်းသာနိုင်သည်။ ဖြိုးက ဒီလိုမဟုတ်။ သင်္ကြန်မှာ သူ စိတ်ဝင်စားတာဆိုလို့ သင်္ကြန်မိုးရွာမရွာနဲ့ ပိတောက်တွေ ပွင့်မပွင့် ဆိုတာလောက်သာ အာရုံရှိသည် ပြောဖူးသည်။
ဧည့်ခန်းနားအရောက် လမ်းမှာရှိတဲ့ ကိုယ်လုံးပေါ်မှန်ထဲမှာ ကိုယ့်ကိုယ်ကို ဖြတ်ကနဲ ကြည့်လိုက်ရသေးသည်။ သင်္ကြန်အတွက် အစောကြီးကတည်းက ဝယ်ပြီး သေချာပြင်ဆင်ထားတဲ့ အဝတ်အစားတွေနဲ့ အရမ်းခေတ်မီပြီး တောက်ပနေတယ်လို့ မှန်ထဲက ကိုယ့်ပုံရိပ်ကိုယ် ကျေကျေနပ်နပ် မှတ်ချက်ချရင်း ဧည့်ခန်းထဲ လှမ်းဝင်လိုက်တော့ မမ နဲ့ စကားပြောနေတဲ့ ဖြိုးကို တွေ့လိုက်ရသည်။
“ဖြိုး”
ငယ်သွေး ခေါ်သံကြောင့် မော့ကြည့်လိုက်တဲ့ ဖြိုးမျက်လုံးတွေက ခါတိုင်းလိုပဲ နူးညံ့တောက်ပနေသည်။ ဒါပေမယ့် ခဏချင်းမှာပဲ ငယ်သွေးမမြင်ဖူးတဲ့ စိမ်းဖန့်ဖန့်အရောင် ပြောင်းသွားသည်…
“ငယ်သွေး… ဘာတွေ ဝတ်ထားတာလဲ”
မမက ငဲ့ကြည့်ရင်း…
“ကိုယ့်သူငယ်ချင်းကိုယ် ရအောင်သာပြောတော့ ဖြိုးရေ…။ မမလည်း ပြောမနိုင်လို့ ကြည့်နေရတယ်။ ဘောင်းဘီလေးကလည်း တိုလွန်းလိုက်တာ။ မနှစ်ကလို တီရှပ်လေးနဲ့ ဂျင်းဘောင်းဘီရှည်လေးဝတ်ရင် လှရဲ့သားနဲ့”
“အာ မမကလည်း အဲဒါ မနှစ်က ဒီဇိုင်းကြီး… ဒိတ်အောက်သွားပြီ…”
“ငယ် နင် အပေါ်က တစ်ခုခုတော့ ဝတ်ဟာ”
“ဟာ ဟင့်အင်း မဝတ်ချင်ပါဘူး။ ဒီလောက် နေတွေပူနေတာ။ အိုက်တယ်။”
ဖြိုးကို ခံငြင်းရင်း စိတ်ထဲမှာ “ဂျာနယ်တစ်စောင်မှာ မော်ဒယ်မလေးတွေ သင်္ကြန်အကြိုရိုက်ထားတဲ့ ဓာတ်ပုံတွေထဲက အတိုင်း လိုက်ဝတ်ထားတာကို အပေါ်က တစ်ခုခုဝတ်လိုက်ရင် သွားပြီပေါ့”လို့ ခပ်စောင့်စောင့်တွေးနေမိသည်။ ဖြိုး ဂရုစိုက်တာကို ကြိုက်ပေမယ့် ခုလို ဆရာလာလုပ်တာကိုတော့ မကျေနပ်လှ။ ဒါသင်္ကြန်… ကိုယ်ဝတ်ချင်တာ ဝတ်မှာပဲလို့ နှုတ်ခမ်းကို စူရင်းတွေးနေမိသည်။
“ခုက ဘယ်ကိုသွားမှာလည်း” ဖြိုးမေးတာကို ငယ်သွေး မဖြေတော့ မမကဝင်ဖြေသည်။
“ရေပက်ခံကားနဲ့ ခဏလိုက်ပြီး မင်းမင်းဇော်တို့ မဏ္ဍပ်မှာ ပက်မယ်တဲ့”
“တော်ပြီဟာ… ဟိုမှာ ကားလည်း စောင့်နေရတာကြာပြီ။ ငါသွားတော့မယ်” ငယ်သွေးပြောရင်း လှမ်းထွက်မယ်လုပ်တော့…
“နေဦး… ငါပါလိုက်မယ်” ခပ်ပြတ်ပြတ် ထွက်လာတဲ့ သူ့အသံနောက်မှာ မမ အသံက ဆက်တိုက် ထွက်လာသည်။
“ဟယ် ကောင်းတယ် ကောင်းတယ်။ မမလည်း စိတ်ချရတာပေါ့။ လိုက်သွား လိုက်သွား။ တဘက်ယူဦးမလား ဖြိုး”
“ဟာ နင်က မဏ္ဍပ်အတွက် ပိုက်ဆံပေးမှ မထားတာ”
“ရတယ် ငါကြည့်ရှင်းမယ်။ မင်းမင်းဇော်နဲ့ ငါခင်ပါတယ်”
ဖြိုး တလမ်းလုံးလိုက်ပြီး ဆရာလုပ်မှာကို သဘောမကျလှပေမယ့် သူနဲ့အတူရှိနေရမှာကို လိုလားမိပြန်တော့ ငယ်သွေး ဘာမှမပြောဘဲ ရှေ့ကနေ ထွက်လာလိုက်သည်။ အိမ်နေရင်း ပုဆိုးတကားကားနဲ့ မမ ပေးလိုက်တဲ့ တဘက်ကို ဖို့ရို့ဖားယား ကိုင်ရင်း အပြေးလိုက်လာတဲ့ ဖြိုးကို ကြည့်ရတာ ရယ်စရာကောင်းလွန်းသည်။ နောက် ချစ်စရာလည်း ကောင်းနေပြန်သည်။ ကိုယ့်အတွေးနဲ့ကိုယ် ရှက်ပြုံးပြုံးရင်း ငယ်သွေး ရေပက်ခံကားပေါ် ဝုန်းကနဲ ခုန်တက်လိုက်တော့သည်။
==============================
တလမ်းလုံး ဘေးကားတွေက ငယ်သွေးတို့ကို လှမ်းနောက်တိုင်း ဖြိုးမျက်နှာကြီး နီနီသွားတတ်သည်။ သူထိုင်နေတဲ့ အစွန်ဘက်ကနေ ငယ်သွေးကို အရိပ်တကြည့်ကြည့်။ မဏ္ဍပ်နှစ်ခု သုံးခု လွန်လာလို့ အားလုံး ရေတွေရွှဲသွားတဲ့အခါ ဖြိုးက…
“ရော့ ရော့ ဒီတဘက် ခြုံထားလိုက် နင်ချမ်းနေပြီ”
လှမ်းအော်ပြောရင်း လက်ထဲ ထိုးထည့်လာတဲ့ တဘက်ကို မယူချင့်ယူချင်ယူပြီး ဖြိုးကို လှမ်းကြည့်တော့ “ခြုံထား” လို ခပ်ပြတ်ပြတ် ထပ်ပြောသည်။ ဒီတခါတော့ ဖြိုး အလျော့ပေးတော့မယ်ပုံ မပေါ်တော့ ငယ်သွေးပြုံးစိစိနဲ့ ခြုံလိုက်ရသည်။ စိတ်ထဲမှာတော့ “မဏ္ဍပ်ရောက်ရင်တော့ လုံးဝပဲ” လို့ ကြိတ်တွေးနေမိသည်။
==============================
မဏ္ဍပ်ရောက်တော့ မင်းမင်းဇော်က ဖြိုးပါလာတာကို အံသြလို့မဆုံး။ ဖြိုးကို တရင်းတနှီး လှမ်းဖက်ရင်း…
“ဟေ့ကောင်… သွန်းဖြိုးကြီး ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်အောင်ဘဲ ဟားဟား။ ဘယ်ကနေ ဘယ်လိုပါလာတာလဲကွ”
ဖြိုးက ခပ်အေးအေးပြုံးပြီး ငယ်သွေးကို မေးထိုးပြရင်း…
“ဟိုမှာလေ… အဲဒီ ဝတ်ပုံစားပုံနဲ့ ပြဿနာတက်မှာစိုးလို့…”
“ဟားဟား အေးဆေးပါ... မင်းကတော့ကွာ အူတိုလွန်းတယ်…” နည်းနည်း မူးနေပုံရတဲ့ မင်းမင်းဇော်ရဲ့ အနှောင့်အသွားမလွတ် စကားကြောင့် သူရှက်သလို အားနာသလို မျက်လုံးတွေနဲ့ လှမ်းကြည့်တော့ ငယ်သွေး ရှက်ရမ်းရမ်းပြီး မဏ္ဍပ်ပေါ် အပြေးတက်လိုက်မိသည်။ မဏ္ဍပ်ပေါ်မှာ ဇွန် တို့တောင် ရောက်နှင့်နေကြပြီ။
ရေဆော့လို့ နည်းနည်းလေး အရှိန်ရလာတော့ ငယ်သွေးတို့တွေ မဏ္ဍပ်က ဖွင့်ထားတဲ့ သီချင်းအတိုင်း ကိုယ်လေးတွေကို စီးချက်ညီညီ ယိမ်းထိုးလာကြသည်။ တချက်အခုန်မှာ ပခုံးပေါ်က ကြိုးမျှင်မျှင်လေး လျောကျသွားတော့ ငယ်သွေး မနေတတ်စွာ ဆွဲတင်ရင်း ဘေးဘီကို မလုံမလဲ ဝေ့ဝဲအကြည့်မှာ စူးစူးစိုက်စိုက် မျက်လုံးတစ်စုံနဲ့ ဆုံသည်။ အစားအသောက်နဲ့ ဖျော်ရည်တွေ ထားတဲ့နေရာနားမှာ ဘီယာဗူး ကိုင်ရင်း ငယ်သွေးတို့ကို ရပ်ကြည့်နေတဲ့လူ။ ငယ်သွေးနဲ့ မျက်လုံးချင်းဆုံတော့ မျက်လုံးတစ်ဖက် မှိတ်ပြသည်။ သူ့အကြည့်တွေကြောင့် ငယ်သွေး ကျောထဲမှာစိမ့်ကနဲလို ဖြစ်ပြီး အဲဒီအခါကျမှ ဖြိုးကို အားကိုးတကြီး လှည့်ပတ်ရှာတော့ ငယ်သွေး အနောက်တည့်တည့်မှာ လက်ပိုက် ရပ်နေတာ တွေ့ရသည်။ ငယ်သွေးကို ဘာလဲဆိုတဲ့သဘောနဲ့ မေးဆတ်ပြတော့…
“ဖြိုး… ငါလေ… ဟို မီးသတ်ပိုက်နဲ့ ပက်ချင်တယ်။ ငါ မနိုင်လို့ နောက်က လာထိန်းကိုင်ပေးပါလား”
နောက်ကျောမလုံတော့လို့ ဖြိုးကို အနောက် မနီးမဝေးလေးမှာပဲ ရပ်နေစေချင်သည်။ ဖြိုး လွတ်နေတဲ့ မီးသတ်ပိုက် တစ်ပိုက်ကို သွားဆွဲနေတုန်း မင်းမင်းဇော် ခွက်တစ်ခွက်နဲ့ အနားရောက်လာသည်။
“ငယ်သွေး ရော့ သောက်ဦး”
“ဘာလဲ အအေးလား”
“Fruit Punch ပါ Alcohol လေး နည်း…နည်းလေးတော့ ပါတာပေါ့ ဟာ… ဟီး… မဆိုစလောက်လေးပါ”
“နည်းနည်းလေးပါ ငယ်ရဲ့” ဘေးက ဇွန်ကပါ ဝင်ပြောတာရော၊ မီးသတ်ပိုက် ဆွဲယူလာတဲ့ ဖြိုးအနားရောက်လာရင် ပိုရှုပ်ကုန်မှာ စိုးတာကြောင့်ပါ ငယ်သွေး ခွက်ကို ခပ်မြန်မြန်ယူပြီး မော့သောက်ပစ်လိုက်သည်။
“အဲလိုမှပေါ့ ဟ။ ကိုရဲမင်းက နင့်အတွက် စပယ်ရှယ် ဖျော်ပေးလိုက်တာ” အကုန်သောက်ပြီးမှ စောစောက အကြည့်စူးစူးနဲ့လူဆီ မေ့ငေါ့ရင်း ပြောလိုက်တဲ့ မင်းမင်းဇော် စကားကြောင့် ငယ်သွေး စိတ်ရှုပ်သွားသည်။ ဖြိုးက အနားရောက်လာတော့ သူကမ်းလာတဲ့ ပိုက်ကိုပဲ ဟန်မပျက် လှမ်းယူလိုက်ရသည်။
မီးသတ်ပိုက်နဲ့ ရေပက်ခံကားတွေကို ပက်တာ ဘာမှ မကြာသေးခင်မှာပဲ ငယ်သွေးခေါင်းတွေ မကြည်မလင် စဖြစ်လာသည်။ ပိုက်ကို ထိန်းကိုင်ပေးထားတဲ့ ဖြိုးကို လှည့်ကြည့်မိတော့ ဘာဖြစ်တာလဲဆိုတဲ့ အကြည့်နဲ့ ငယ်သွေးကို စေ့စေ့ကြည့်သည်။ စိတ်ပူမှာစိုးလို့ ဘာမှမပြောဘဲ ကားတွေဘက် ပြန်အလှည့်မှာ ပိုဆိုးလာသလိုပင်။ ငယ်သွေးကို မမှိတ်မသုန် ကြည့်နေတဲ့ ကိုရဲမင်းဆိုတဲ့ လူရဲ့ မျက်လုံးတွေကိုလည်း မျက်လုံးထောင့်ကနေ တချက်တချက် မြင်နေရတော့ ပိုပြီး စိတ်ကျဉ်းကျပ်လာသည်။ ရေပက်ရတာ ဘာမှ အဓိပ္ပါယ်မရှိတော့။ ပျော်စရာလည်း မကောင်းတော့…
“ဖြိုး… ဖြိုး… ငါ ပြန်ချင်တယ်။ တော်ပြီ ပက်လို့ဝပြီ…”
“ဟင် ငယ်… ဘာဖြစ်လို့လဲ။ အေးအေး ပြန်ရမယ်။ ခဏနော်။ ငါ ကားသွားမေးလိုက်မယ်”
ဖြိုး ခပ်သုတ်သုတ် ပြေးထွက်သွားတော့ ငယ်သွေး ပိုက်အသေးလေးတစ်ခုကို ကောက်ကိုင်ရင်း စိတ်မပါလက်မပါ ဆက်ပက်နေလိုက်သည်။ အနားကဇွန် ပျောက်သွားတာ ခုမှ သတိထားမိပြီး ဇွန့်ကို ဝေ့ဝဲရှာနေမိတုန်း…
“အိုး…”
တကိုယ်လုံးကို ချုပ်ကိုင်ခံလိုက်ရတဲ့ ခံစားချက်အတူ လူတစ်ယောက် ငယ်သွေးကို အနောက်ကနေ သိုင်းဖက်ပြီး ပိုက်ကိုကိုင်လိုက်တာ သိလိုက်ရသည်။ ထိတ်လန့်တကြား ရုန်းမိတော့ ခပ်စူးစူး ဘီယာနံ့နဲ့အတူ စကားသံတစ်သံ ငယ်သွေးနားနားကနေ ထွက်လာသည်။
“အတူတူ ပက်ရအောင်လေ…”
“ဟာ ဟင့်အင်း ဟင့်အင်း… ဖယ်ဖယ်…။ ရှင် ကျွန်မကို ဘယ်လို အတန်းအစား ထင်နေလဲ”
“မူ မနေစမ်းပါနဲ့ကွာ… မင်း ဝတ်ထားစားထားပုံနဲ့ ဘယ်လို အတန်းအစားလေးလဲဆိုတာ ကိုယ် ကောင်းကောင်းသိပါတယ်။ စောစောကတည်းက ငေးကြည့်နေတာ… ဒီမဏ္ဍပ်တစ်ခုလုံးမှာ မင်းက အလှဆုံးပဲ သိလား…”
ရှက်ကြောက် ရွံရှာ စိတ်တွေနဲ့ အတင်းရုန်းဖယ်ပေမယ့် အင်အားချင်းက မမျှ။ ငယ်သွေးဘဝမှာ တခါမှ ဒီလောက် မရှက်ရွံဖူးခဲ့။ မကြောက်ရွံ့ဖူးခဲ့။ ရုန်းရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ ရေပက်ခံကားပေါ်က လူတွေအားလုံး ငယ်သွေးနဲ့ အနောက်ကလူကို ဝိုင်းကြည့်နေသလိုလို... မဏ္ဍပ်ရဲ့ ကားလမ်းတဖက်က ကင်မရာနဲ့ လူတွေက ငယ်သွေးတို့ ပုံကိုပဲ ဝိုင်းရိုက်နေသလိုလို... စိတ်မှာ ထင်ယောင်လာသည်။
ငယ်သွေး မူးမေ့မတတ် ရှက်ရွံ့နေတုန်း… ဘယ်လိုမှ ရုန်းဖယ်လို့မရတဲ့ အနောက်က ကိုယ်ခန္ဓာကြီး ငယ်သွေးဆီကနေ ရုတ်တရက် လွင့်ကနဲ ကွာထွက်သွားသည်။ လူတွေရဲ့ အာမေဋိတ်သံတွေနဲ့အတူ ငယ်သွေးလှည့်ကြည့်မိတော့ ယက်ကန်ယက်ကန်နဲ့ လှေကားထစ်တွေဆီ မမီမကမ်း နောက်ပြန်လျှောက်ရင်း ပါသွားတဲ့ ကိုရဲမင်းနဲ့ သူ့ လည်ပင်းမှာ အလှပတ်ထားတဲ့ လည်စည်းကို မြဲနေအောင် အံကြိတ်ဆုပ်ကိုင်ရင်း ဆွဲခေါ်သွားတဲ့ ဖြိုးကို အလန့်တကြား တွေ့လိုက်ရသည်။ လှေကားထစ်တွေအရောက်မှာ ဖြိုးက အရှိန်နဲ့ဆင်းတော့ ဟိုလူလည်း လှေကားထစ်တွေကို မီသလောက် နောက်ပြန်နင်းရင်း ကသုက်ကရက် ပါသွားသည်။ မဏ္ဍပ်နောက်ဘက် မြေပြင်ပေါ် အရောက်မှာတော့ ဖြိုး အဲဒီလူကို မြေကြီးပေါ်အရှိန်နဲ့ လဲကျသွားအောင် ဆွဲဆောင့်ချလိုက်သည်။ ဘုန်းကနဲ ပြုတ်ကျသွားပေမယ့် ကိုရဲမင်း ဒယိမ်းဒယိုင် ကုန်းထလာတော့ ငယ်သွေး စိတ်အရမ်းပူသွားသည်။ ဟိုလူက ဖြိုးထက် လူကောင်ကြီးသည်လေ။
“ဖြိုး……”
အသံကုန်အော်ရင် လှေကားထစ်တွေကနေ အပြေးဆင်းလို့ အောက်ရောက်တော့ သူတို့နှစ်ယောက်နားမှာ လူတွေ အများကြီး ဝိုင်းနေပြီ။ ဘာကိုမှ မမြင်ရ။
“ဖြိုး ဖြိုး”
ဘရုတ်ဘယက် ဖြစ်နေတဲ့ လူအုပ်ထဲကနေ အတင်းတိုးထွက်ပြီး ဖြိုးကို မြင်ရချိန်မှာတော့ ကမ္ဘာတစ်ခုလုံး မိုးမှောင်ကျသွားသလိုပင်။ ဖြိုးခေါင်းမှာ သွေးစတွေနဲ့ လဲကျနေသည်။ ငယ်သွေး ရုတ်တရက်ဘာသံမှ မထွက်နိုင်တော့ဘဲ ဖြိုးရှိရာ ပြေးသွားပြီး ဘာမှ တုန့်ပြန်ခြင်း မရှိတဲ့ ဖြိုးကို တကြော်ကြော်ခေါ်နေမိတာကလွဲလို့ တခြားဘာမှ မသိတော့။
ငယ်သွေးအသိစိတ်တွေ ပြန်ဝင်လာတော့ လူနာတင်ယာဉ်ပေါ်မှာ။ ဖြိုးက မျက်လုံးတွေ မဖွင့်သေး။ အထိန်းအကွပ်မဲ့ ရှိုက်ကြီးတငင်ငိုနေတဲ့ ငယ်သွေးကို ယာဉ်ပေါ်မှာ အကူပါလာတဲ့ ဦးလေးကြီးက ဂရုဏာသက်စွာ ပြောသည်။
“သြော် ကလေးတွေနှယ်… အပျော်လွန်တော့ အပျက်ဘက် ရောက်ရရှာတယ်။ ကလေးမလေး အပေါ်က အဝတ်အစားတွေ ဘယ်ရောက်ကုန်တာလည်း… ရော့ရော့ ဒါလေး ခြုံထား”
ပြောပြောဆိုဆိုနဲ့ သူ့ အင်္ကျီအနွမ်းလေး ထိုးပေးတော့ ငယ်သွေး ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်။ တကယ်တော့ ငယ်သွေးအင်္ကျီတွေက အိမ်က ထွက်လာတဲ့အတိုင်း အပြည့်အစုံပင်။ Spaghetti Strap အင်္ကျီလေးနဲ့ ဘောင်းဘီတိုလေးကို ရိုးသားတဲ့ ဦးလေးကြီးက ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ဖရိုဖရဲ ဖြစ်ထားတဲ့ မပြည့်မစုံ အဝတ်အစားလို့ ထင်နေသည်လေ။
ငယ်သွေး ရှိုက်လိုက်မိပြန်သည်။ ဒီတစ်ခါ ရှိုက်သံမှာတော့ ဖြိုးကို စိတ်ပူတာအပြင် ရှက်ရွံ့ခြင်းတို့လည်း ရောနှောပါဝင်နေလေသည်။
အဲဒီနှစ်က ဖြိုးမျှော်တဲ့ သင်္ကြန်မိုးလည်း လုံးဝမရွာခဲ့ပါ…
==============================
“ဒီနှစ်သင်္ကြန်မှာတော့ သင်္ကြန်မိုးရွာလိမ့်မယ် ထင်ပါရဲ့… မနှစ်ကလို မဟုတ်ဘူးလေ… ဖြိုး ငါပြောနေတာ ကြားရဲ့လား… ဟင် ဖြိုး… လူတွေကတော့ တစ်နှစ်တစ်နှစ် မြန်လွန်းလို့တဲ့… ငါ့အတွက်တော့ ဒီတစ်နှစ်က နင်နိုးလာမယ့် အချိန်ကို စောင့်ရလို့လား မသိဘူး… ငါ့တသက်မှာ အကြာဆုံးပါပဲ ဖြိုးရယ်…”
ငယ်သွေး အိပ်ယာပေါ်က ဖြိုးမျက်နှာကို ဘေးကထိုင်ပြီး တစိမ့်စိမ့်ကြည့်ရင်း အရူးတယောက်လို တရစပ် ပြောနေမိသည်။ မနှစ်က သင်္ကြန်မှာ ခေါင်းကို ထိခိုက်သွားတဲ့ ဒဏ်ရာနဲ့ ဖြိုးကို ဆရာဝန်တွေက ကိုမာဝင်သွားသည်တဲ့။ ငယ်သွေးကတော့ ပြုံးယောင်ယောင် နှုတ်ခမ်းလေးတွေ တင်းတင်းစေ့ရင်း ငြိမ်သက်နေတဲ့ ဖြိုးကို အချိန်အကြာကြီး အိပ်ပျော်နေတယ်လို့ပဲ ယုံကြည်ထားလိုက်သည်။ မနက်တိုင်း ဖြိုးဆီကို အလည်လာရင်း စကားတွေ ထိုင်ပြောသည်။ ဘယ်အချိန်လို့ ဘယ်သူမှ သေချာမသိတဲ့ ဖြိုးပြန်နိုးလာမယ့် နေ့တနေ့ကို ငယ်သွေး ယုံယုံကြည်ကြည့် စောင့်နေသည်။ ဘယ်နှစ်နှစ်ပဲ ကြာပါစေ ငယ်သွေး အသက်ရှင်သရွေ့ စောင့်မည်လေ…
အပြင်က သိမ့်ကနဲအသံတစ်ခု။ မိုးခြိမ်းသံလို့ ငယ်သွေး ထင်သည်။ ဖြိုးတခါပြောဖူးတာ ကြားယောင်လာမိသည်။
“ငါက သင်္ကြန်ဆိုရင် ပိတောက်တွေ ပွင့်ပြီး သင်္ကြန်မိုးလေး ရွာလိုက်မှ ပြီးပြည့်စုံတယ် ထင်တာ။ ခုနောက်ပိုင်း လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပက်ကြတဲ့ရေတွေမှာ ဘေးကင်းပါစေ ငြိမ်းချမ်းပါစေဆိုတဲ့ စိတ်ဆန္ဒတွေ မပါသလောက်ပဲလေ။ မူးရင်း ကဲရင်း ပက်တဲ့ရေတွေမှာ အဲလို ဆုတောင်းတွေ ပါပါ့မလား နင်ပဲ စဉ်းစားကြည့်။ အဲတော့ အဲဒီရေတွေက နှစ်ဟောင်းက အညစ်အကြေးတွေကိုလည်း စင်အောင် လုပ်နိုင်ပါ့မလား။ ငါကတော့ သင်္ကြန်မိုးကိုပဲ ယုံကြည်တယ်။ နွေရာသီကြီးမှာ အထူးရွာပေးတဲ့ မိုးဆိုတာ အဓိပ္ပါယ်ရှိတယ်ဟ။ ငါကတော့ သင်္ကြန်အတွက် အထူး ဖြန်းပေးတဲ့ မိုးရေကမှ တကယ့် ငြိမ်းအေးမှုတွေပါပြီး လူတွေကို နှစ်ဟောင်းက အညစ်အကြေးတွေ ဆေးကြောပေးနိုင်မယ် ထင်တာပဲ…”
ပြတင်းပေါက်က လေညှင်းအေးသိမ့်သိမ့် ဝင်ရောက်လာသည်။ ငယ်သွေး ပန်းအိုးထိုးထားတဲ့ ပိတောက်ပန်းတွေကို လေညှင်းက ကြီစယ်သွားလို့ ထင်သည်။ တခန်းလုံးမှာ ပိတောင်ရနံ့လေး ပိုသင်းသွားသလိုပင်…
“ဖြိုးရယ်… ငါ့ကို ခွင့်လွှတ်ပါ… ငါလေ နောက်ဆို နင့်စကားကို ပိုပြီး နားထောင်ပါ့မယ်။ အဝတ်အစားကိုလည်း သေချာ သတိထားပြီး ဝတ်ပါ့မယ်။ ထ ပါတော့နော် ဖြိုး… ”
ပြောရင်း ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို လက်နဲ့ဖိအသုတ်မှာ ပြတင်းပေါက်က လေညှင်းလေး ဝေ့ကနဲ ဝင်လာပြန်သည်။ အေးငြိမ်းငြိမ့် လေညှင်းထဲမှာ ငယ်သွေး ခံစားသိနဲ့ သိလိုက်ရတာက မိုးငွေ့… နောက် မိုးရနံ့… ဟုတ်တယ်… မိုးရွာတော့မည်။ သင်္ကြန်မိုး ရွာချခဲ့ရင် ငယ်သွေး မိုးရေထဲ ပြေးထွက်ပြီး အညစ်အကြေးတွေ အမှားတွေ နောင်တတွေ… အားလုံးကို နှစ်သစ်အမီ ဆေးကြောပစ်လိုက်ချင်သည်။ အဲဒီလိုဆိုရင် ဖြိုးလည်း ငယ်သွေးကို ခွင့်လွှတ်ပြီး ပြန်လည် နိုးထကောင်း နိုးထလာလိမ့်မည်…။ တောင်စဉ်ရေမရ အတွေးတွေနဲ့ ငယ်သွေး မျက်လုံးတွေကို မဖွင့်ဘဲ မိုးခြိမ်းသံကို နားစွင့်မိပြန်သည်။ ခေါင်းလေးကို မော့ရင်း လေထုထဲက မိုးငွေ့တွေကို ရှာဖွေမိသည်။ နောက် တိုးတိုး ဖွဖွ ရွတ်လိုက်မိသည်။
“ရွာချလိုက်ပါတော့ သင်္ကြန်မိုးရယ်”
Heart Monitor စက်ဆီက ပုံမှန်ထွက်နေတဲ့ သွန်းဖြိုးရဲ့ နှလုံးခုန်သံလေးက လွဲလို့ အရာရာ တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးထဲမှာ ပုံရိပ်အားလုံး တစုံတရာကို ငံ့လင့်နေတဲ့ ပန်းချီကားတစ်ချပ်လို အေးခဲလွန်းနေသည်… ငြိမ်သက်လွန်းနေသည်။ ဖြေးဖြေးဖွဖွလေး လှုပ်ရှားလာတဲ့ သွန်းဖြိုးရဲ့ လက်လေးတစ်ဖက်က လွဲလို့ပေါ့…
ရွှေပြည်သူ
(11:51 PM ~ 15-Apr-2012)
ဒီဇာတ်လမ်းလေးအတွက် Inspiration ကို ကျွန်မရဲ့ အကြိုက်ဆုံး သင်္ကြန်သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ (အရင်က မအေးချမ်းမေ ဆိုခဲ့ပြီး အခု) မမို့မို့ဆိုထားတဲ့ ရွာတော့မိုး သီချင်းလေးကနေ ရခဲ့ပါတယ်။ သီချင်းလေးကို အောက်မှာ နားထောင်နိုင်ပါတယ်း)


အရောက်လာဖတ်သွားပါတယ်။
ReplyDelete၀တ္ထုတိုလေးအတွက် ကျေးဇူး၊ တန်ဖိုးရှိတဲ့စာတစ်ပုဒ်လေးမို့။
အုံဖွ ချောလဲတယ်ဆိုလို့ နာကျင်တာတွေပျောက်ပါစေ။
မြန်မာနှစ်သစ်မှာလည်း ပိုလို့ပျော်ရွှင်ချမ်းမြေ့ပါစေ။
မ PhyoPhyo ရေ... အားတက်စေတဲ့ ကောမန့်လေးအတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တွေလက်တွေ တကယ်နာနေတုန်းမို့လို့ "အုံဖွ" ဆိုတဲ့စကားလေးက နာတာကျင်တာတွေကို တကယ်သက်သာသွားသလို စိတ်ထဲမှာ ခံစားလိုက်ရပါတယ်း) မ PhyoPhyo လည်း ပြီးပြည့်စုံတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေနော်...
Deleteမဖတ်ရတာကြာပြီဖြစ်တဲ့... အမရဲ့လက်ရာလေးကို ဖတ်သွားတယ်နော်...
ReplyDeleteဘယ်တော့ အသစ်တင်မလဲဆိုပြီး ခဏခဏ လာကြည့်ရတယ်...း)
သီကြိုးမဲ့ ပုလဲသွယ်ကိုလည်း စောင့်နေတယ်နော်...အမ....
take care & happy new year... sis...
ညီမလေး Mayvember ရေ... စာလာဖတ်သွားတာ ကျေးဇူးပါနော်း) စာမရေးနိုင်ဘဲ အကြာကြီးပျောက်သွားတာကို မေ့မသွားတဲ့အတွက် ဝမ်းသာမိပါတယ်။ သီကြိုးမဲ့ပုလဲသွယ်အတွက်လည်း စာလာဖတ်သူတွေကို အားနာလှပါပြီ။ စာမေးပွဲတွေပြီးတာနဲ့ အမြန်ဆုံး ဇာတ်သိမ်းပေးပါ့မယ်နော်း)
DeleteVisited and wish all the best!
ReplyDeleteThank you for the visit and best wishes. Wish you all the best for upcoming new year too!
DeleteDear Sis,
ReplyDeleteLong time no see, where have you been?
I always come and see when you upload new posts.
Thanks for your post it is giving messages how to wear clothes especially burmese teenager in current water festival.
I also want to write like you when I saw photos on internet news but I can't write it.
Please keeping and going on your precious writing such as novels, poems, article so on.
Hope to read soon your new posts.
Best wishes and wish you all the best for upcoming new year.
Regular Reader
Hello Bro/Sis Regular Reader :o)
DeleteThank you so much for dropping such a nice and long comment. I'm just fine and struggling for exam... that's why I can't write new posts as much as I want to. Now, I'm still in the middle of exam period, but I tried to come up with this post as I don't want to miss ThinGyan time. Thank you so much for your words, which give me strength to write more. I'll write more as soon as the exam is over.
Happy ThinGyan and Happy Burmese/Myanmar New Year!
ShwePyiThu
မွန်ရေးထားတာနဲ့တော့ ပိစိကွေးလေး ဆင်သလိုပဲ မ ရွှေပြည်သူရေ..
ReplyDeleteစာအသစ်လေးဖတ်ရလို့ကျေးဇူး..
မင်္ဂလာရှိသောနှစ်သစ်ပါမ..။
ခင်မင်တဲ့
မွန်
မြတ်မွန်လေးရေ စာလာဖတ်တာ ကျေးဇူးပါ။ ညီမလေးရေးထားတာနဲ့ ဆင်တယ်ဆိုတော့ အစ်မတို့ စိတ်ကူးတူသွားတယ် ထင်တယ်း) စာမေးပွဲ ဖြေနေလို့ တခြား ဘယ်သူ့စာမှ မဖတ်ဖြစ်ဘဲ လက်ရှိဖြစ်နေတဲ့ အကြောင်းအရာတွေကို စိတ်ကူးထဲပေါ်သလို ဇာတ်လမ်းဆင် ရေးလိုက်မိတာပါ။ အကြောင်းအရာ ဆင်သွားရင်လည်း နားလည်ခွင့်လွှတ်ပေးဖို့ ပြောချင်ပါတယ် ညီမလေးရေ။ ပျော်ရွှင်တဲ့ နှစ်သစ် ဖြစ်ပါစေနော်း)
Deleteသင်္ကြန်မှာဒီလိုပညာပေးပိုစ့်လေးတွေကို ရသနဲ့ေ၇ာရေးသွားတာ ကောင်းတယ်မမရေ
ReplyDeleteဒိုးကန်လဲရေးချင်ပေမယ့် စိတ်ထဲစုလို့မရဖြစ်နေလို့
ချစ်တဲ့
မဒိုးကန်ရေ... စာလာဖတ်တာ ကျေးဇူး ညီမလေးး) စိတ်ထဲက ရေးချင်နေတာတွေကို မြန်မြန်စုပြီး မြန်မြန်သာ ရေးချလိုက် ညီမလေးရေ...
Deleteမမ...ဇတ်လမ်းလေးကို ကြိုက်တယ်။ ငယ်သွေး ကို 1နှစ်လောက်ပဲနာကျင်စေပြီး...အဆုံးသတ်မှာ သွန်းဖြိုးရဲ့ လက်လေး လှုပ်ရှားလာတယ်လို့
ReplyDeleteအဆုံးသတ်ပေးလို့လဲ ကျေးဇူးတင်ပါတယ်း)
နောင့်
နောင့်လေး ရေ ဟုတ်တယ် သင်္ကြန်ဆိုတော့ အလွမ်းနဲ့ချည်း အဆုံးမသတ်ချင်လို့... ဇာတ်လမ်းလေးကြိုက်တယ်ဆိုလို့ ဝမ်းသာတယ် ညီမလေးရေး)
Deleteစိတ်ထဲမှာ တော်တော်ခိုးလုခုလုဖြစ်နေတဲ့ အကြောင်းအရာတစ်ခုကို ငါ့အစ်မကတော့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖန်တီးလိုက်ပြီ။
ReplyDeleteချော်လဲတဲ့အနာတွေလည်း မြန်မြန်ပျောက်ပါစေနော် မမ :)
ညီမလေး လွမ်းသုရင် ရေ... ဟုတ်တယ် အခုမြင်နေရတာတွေကို စိတ်မကောင်းလို့ ရေးကြည့်လိုက်တာ...
Deleteချော်လဲတာ ဒီနေ့သက်သာလာပါပြီ။ ဂရုတစိုက် ဆုတောင်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ညီမလေးရေး)
မမအိမ့်စာလာဖတ်သွားတယ် ညီမ..
ReplyDeleteမင်္ဂလာနှစ်သစ်ဖြစ်ပါစေ..
ဟိုနေ့ကလည်း အင်တာဗျူးကြည့်သွားသေးတယ်..
နှစ်သက်မိပါတယ်..
မမအိမ့်
မမအိမ့်ရေ စာလာဖတ်သွားလို့ ကျေးဇူးအများကြီးတင်ပါတယ်း))ကျက်သရေ မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ မ...
Deleteမဖတ်ရတာကြာပြီ... ဒီလိုစာလေးတွေ...။
ReplyDeleteအခုခေတ်ကာလ ဖြစ်ပျက်နေတာတွေနဲ့ အတိအကျပါပဲ...။
ငယ်သူတွေ ဖတ်မိပြီး စဉ်းစားဆင်ခြင်နိုင်ပါစေလို့သာ...။
စာလာဖတ်ပြီး အားပေးတာ ကျေးဇူးပါ အစ်ကိုလင်းဒီပရေ...း)
Deleteပျောက်ချက်သား ကောင်းရာကနေ တဖန်ပြန်ပေါ်လို့လာ။ :)
ReplyDeleteဇာတ်လမ်းကြောင်းက ခါတိုင်းရေးနေကျ ၀တ္ထုတိုလေးတွေထက် ပေါ့ပေါ့ပါးပါး ရှိတော့ ဖတ်ရတာ သွက်နေတာပဲ အစ်မ။ စာပိုဒ် အသိမ်း၊ အချ လေးတွေလဲ လှတယ်။ သဘောကျတယ်။
စာတွေကို အမြဲလာဖတ်ပြီး သေချာဝေဖန်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ညီမလေး mirror ရေး)
Deleteအစ်မရေ
ReplyDeleteမအားမလပ်တဲ့ ကြားက ရတဲ့အချိန်လေးမှာ လာဖတ်သွားပါတယ်။
သင်္ကြန်တုန်းက အိမ်မှာပဲ အချိန်ကုန်ဖြစ်တယ်။
ပုဂံဘက်လည်း ရောက်ဖြစ်ခဲ့သေးတယ်။
အမြဲကျန်းမာပါစေနော် အစ်မ။
အောင်ဦး
အောင်ဦးရေ မအားတဲ့ကြားရ သတိတရ လာလည်သွားလို့ ကျေးဇူးမောင်လေးရေး) မတွေ့ရတာ ကြာတော့ ဒီမှာ မြင်ရတာ ဝမ်းသာတယ်။ ပုဂံဘက်ရောက်တာ အားကျတယ်။ ကျန်းမာရေးအတွက် ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ မောင်လေးရေး)
Deleteဝတ္တုလေးကို ဖတ်သွားခဲ့ပါတယ် ရှင်။
ReplyDeleteဝတ္တုကောင်းလေး တစ်ပုဒ်ပါပဲ။
လေးစားစွာဖြင့်
မြတ်ပန်းနွယ်
စာလာဖတ်သွားတာ ကျေးဇူးတင်ပါတယ်ရှင်...
Delete