လွင်ပြင်အလွမ်း

မှတ်မှတ်ရရ အပေါ်ကပုံလေးကို လမ်းပျောက်နေတုန်း ရိုက်ခဲ့တာ...
ဒီ Blog ထဲက ပို့စ်အားလုံးဟာ ကျွန်မကိုယ်တိုင် ကြိုးစားပြီး ရေးသားထားတာ ဖြစ်ပါတယ်ရှင်။ ပို့စ်တွေထဲမှာ တစ်စုံတစ်ယောက်ရဲ့ Art Work ကို ကူးယူဖော်ပြရင်လည်း သိသာထင်ရှားစွာ ရေးသားဖော်ပြလေ့ ရှိပါတယ်။ ဒါကြောင့် ကျွန်မပို့စ်လေးတွေကိုလည်း ကူးယူဖော်ပြမယ်၊ ဝေမျှ Forward လုပ်မယ်ဆိုရင် ကျွန်မရဲ့ အားထုတ်ဖန်တီးမှုလေးကို အသိအမှတ်ပြုပေးတဲ့ အနေနဲ့ စာရေးသူနေရာမှာ ကျွန်မရဲ့အမည်လေးကိုပါ မမေ့မလျော့ ဖော်ပြပေး စေချင်ပါတယ်ရှင်။ ဖြစ်နိုင်မယ်ဆိုရင် တစ်ပုဒ်လုံးကို ကူးပို့မယ့်အစား Link လေးကိုပဲ ပြန်ဝေမျှစေချင်ပါတယ်။ နားလည်စာနာပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
Commercial Publication တွေဖြစ်တဲ့ Magazine /Journal တွေမှာဖြစ်ဖြစ်၊ Online Publication တွေမှာဖြစ်ဖြစ် ပြန်လည်ကူးယူ ဖော်ပြမယ် ဆိုရင်လည်း shwepyithu@gmail.com ကတဆင့် အသိလေးပေး ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ဒီတောင်းဆိုမှုလေးတွေအတွက် အားလုံး စာနာနားလည် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်း)
(Photo Credit: Farnes Clinic and Human Performance Awareness Institute)
အေးစက်စက် သံခုံတန်းတစ်ခုပေါ်မှာ ထိုင်ရင်း လူသူတစ်ယောက် ကင်းမဲ့နေတဲ့ Basketball ကွင်းတစ်ခုကို သူမ ငေးစိုက်ကြည့်နေမိတာ ဘယ်လောက်ကြာပြီလဲ မသိ။ မျက်လုံးတွေကို လက်ကနာရီဆီ ကြည့်ဖို့အတွက်တောင် ခဏလောက် မလွှဲလိုက်ချင်။ ပုံသေကားချပ်လို ငြိမ်သက်နေတဲ့ ကစားကွင်းကွက်လပ်က သူမ မျက်လုံးထဲမှာတော့ ပုံရိပ်ဟောင်းတချို့နဲ့ အသက်ဝင် လှုပ်ခတ်လို့… နောက် ဝီစီမှုတ်သံတချက် စူးကနဲ ကြားယောင်လိုက်သလိုလို…
===============================
သူ အမောတကော သူမဘေးခပ်လှမ်းလှမ်းက ခုံတန်းပေါ် ဝုန်းကနဲ ထိုင်ချသည်။ ချွေးတွေလဲ ရွှဲနစ်လို့…
“ဘာလို့ ဟိုဘက် အသင်းကိုပါ အားပေးနေရတာလည်း” သူ မောဟိုက်နေတဲ့ကြားက အသည်းယားစွာ မေးသည်။
“အိုး ကိုယ်က တစ်ဦးထဲသော ပရိသတ်လေ။ သူတို့ကို အားပေးမယ့်သူ မရှိတော့ မျှမျှတတ ဖြစ်အောင် အားပေးရတာ” သူမ ရယ်ချင်စိတ်နဲ့ ဖြေမိသည်။ (တကယ်တော့ တဖက်အသင်းကလည်း သူ့သူငယ်ချင်းတွေချည်းပင်)
“ဒါပေမယ့် ဒါ ကိုယ့်အတွက်တော့ မမျှတဘူး…”
“ဘာလို့…”
“ကိုယ့်ဘက်ကိုပဲ အားပေးသင့်တာပေါ့။ မင်းက ကိုယ့်ရဲ့ Date လေ…” ပြောပြီးပြီးချင်း သူ ဝုန်းကနဲ ခုန်ထပြီး ကစားကွင်းထဲ ပြန်ပြေးဝင်သွားသည်။
Dating ဆိုတဲ့ စကားလုံးနဲ့ ခပ်စိမ်းစိမ်း ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့သော သူမ ရုတ်တရက် နားမလည်စွာ ငြိမ်သက်နေပြီး ခဏကြာမှ ရှက်ရမှန်း နွေးကနဲ သဘောပေါက်သည်။ သူ အပျော်တမ်းကစားတဲ့ Basketball ပွဲကို လာကြည့်နိုင်မလားလို့ မေးတုန်းက သူ သူမကို ခင်ရှာသားပဲလို့ ခပ်ရိုးရိုးသာ တွေးမိခဲ့သည်။ သူမ စိတ်ကို သူလွှမ်းမိုးလွန်းနေတာ ဘာသာ သတိထားမိပေမယ့် အနေတည်လွန်းသော သူ့စိတ်ကို သူမ မခန့်မှန်းနိုင်ခဲ့။ သူမေးပုံကလည်း ခပ်တည်တည် ခပ်အေးအေးပင်။ သူ့သူငယ်ချင်း ကစ်တီတို့ လင်မယားပါ လာမယ်လို့ သူပြောတော့ သူမနဲ့ သိပ်ခင်တဲ့ ကစ်တီလာမှာက တစ်ကြောင်း၊ သူ့ဖိတ်ခေါ်မှုကို မငြင်းချင်တဲ့စိတ် (ခပ်များများ) ကတစ်ကြောင်းနဲ့ သူမ အလွယ်တကူ ခေါင်းငြိမ့်မိသည်။ နောက် ကစ်တီ့ တူလေး နေမကောင်းလို့ သူတို့ မလာဖြစ်တော့။ ဒီလိုနဲ့ သူမကသာ ကစားပွဲရဲ့ တစ်ဦးထဲသော ပရိတ်သတ်ဖြစ်သွားသည်။
ငေးနေတုန်းမှာပဲ တဖက်အသင်းက Free Throw တစ်ခု ခြင်းထဲကို တန်းတန်းမတ်မတ် ဝင်သွားတော့ သူမ လွှတ်ကနဲ အားပေးမိပြန်သည်။ ချက်ချင်းသတိရပြီး သူ့ကို လှမ်းကြည့်တော့… ဘောလုံးကို လက်တစ်ဖက်မှာ ကိုင်ထားရင်း လက်တွေကို ဘေးဆန့်တန်းပြီး ဘယ်လိုလုပ်ပြန်တာလဲ ဆိုတဲ့ အမူအယာနဲ့မေးသည်။
“ကိုယ် ပြောပြီးသားလေ… မျှမျှတတ ဖြစ်အောင် သူတို့ကိုပါ အားပေးရမယ်လို့” စနောက်ချင်စိတ်နဲ့ သူမ ခပ်ကျယ်ကျယ် လှမ်းအော်ပြောလိုက်တော့ ဇွတ်တည်ထားရတဲ့ မျက်နှာနဲ့ သူ စိုက်ကြည့်သည်။ အားလုံးလည်း ရယ်ကြသည်။
“နေသန် မင်း Date ကို ငါတော့ ခင်သွားပြီ” တဖက်အသင်းက တစ်ယောက်ယောက် ရယ်သံနဲ့ လှမ်းအော်လိုက်တော့ အမြဲတည်နေတတ်တဲ့ သူမျက်နှာ ခပ်ဖွဖွ နူးညံ့သွားပြီး သူမကို ပြုံးရင်းကြည့်သည်။ အဲဒီခဏမှာပဲ သူမဟာ သူ့ Date ပါလို့ ပိုင်စိုးပိုင်နင်းနိုင်လွန်းစွာ လျှောက်ပြောထားတဲ့အချက်ကို ခွင့်လွှတ်နိုင်စွမ်း ရှိလောက်အောင်၊ သူ့မျက်နှာကလွဲလို့ တခြားအရာတွေကို (ခဏလောက်) မမြင်နိုင်တော့လောက်အောင်၊ ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေ အမှားတွေ အမှန်တွေကို ဝေဖန်ပိုင်းခြားနိုင်စွမ်း (ခဏဖြစ်ဖြစ်) ကင်းမဲ့သွားလောက်အောင် သူ့ကို ငြိတွယ်သွားပြီမှန်း အသေအချာ သိလိုက်ရတော့သည်။
===============================
သူမ ဘဝရဲ့ အစိတ်အပိုင်းပေါင်းများစွာထဲက အလှပဆုံးသော ကာလများကို ဆွဲထုတ်ပြပါဆိုလျှင် သူနဲ့အတူ ရှိနေသော မိနစ် စက္ကန့်ပေါင်းများစွာ သေချာပေါက် ပါဝင်နေပါလိမ့်မည်။ သူမ နာကျင်ဝမ်းနည်းရသော အချိန်တွေကတောင် သူ့နှစ်သိမ့် နားလည်မှုတို့နဲ့ လှပသွားတတ်သည်။ သူမအပျော်တွေကို သူ့မျှဝေခံစားမှုကတော့ အတိုင်းအဆ မရှိခဲ့။
ကဗျာဆရာမ ဖြစ်ချင်လွန်းသော သူမကဗျာတွေကို အနုပညာနဲ့ အလှမ်းဝေးလွန်းသော သူက သူမ ရှင်းပြ ပြောပြသမျှလေးနဲ့ နားလည်နိုင်အောင် ကြိုးစားသည်။ အားကစားနဲ့ အလှမ်းဝေးလွန်းသော သူမကလည်း Basketball ကစားနည်း အကြောင်းတွေ နားလည်အောင် ကလေးတစ်ယောက်လို သူ့ဆီက ကြိုးစားသင်ယူသည်။ နှစ်ယောက်စလုံး အပြည့်အဝ နားမလည်ခဲ့၊ မသင်ယူနိုင်ခဲ့ပေမယ့် နားလည်ဖို့ သင်ယူဖို့ ကြိုးစားသော ကာလတွေသက်သက်ကပဲ အင်မတန် လှပခဲ့သည်။ ပျော်စရာ ကောင်းခဲ့သည်။
တစုံတယောက်ရဲ့ အချိန်ပြည့်အာရုံစိုက်ခံရခြင်းကို မနှစ်မြို့တတ်သောသူမ သူ့ရဲ့ ၂၄ နာရီနီးပါး ဂရုစိုက်မှုတွေကိုတော့ တန်ဖိုးထား ခံယူတတ်လာသည်။ ဘယ်သူ့ကိုမှ စိတ်မရှည်ဟု သူ့ကိုယ်သူ ပြောတတ်သောသူသည် သူမအတွက်ဆိုလျင် အရာရာကို အဆုံးစွန်ထိ စိတ်ရှည်သည်းခံတတ်လာသည်။
မြစ်ကမ်းတစ်ခုရဲ့ဘေးလေတဖြူးဖြူးမှာ စိတ်ဝင်စားရာ စာအုပ်ကိုယ်စီနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ အတူရှိနေရတတ်တဲ့ အချိန်တွေကတော့ သူမအတွက် အလှပဆုံး အချိန်တွေ ဖြစ်သည်။
“မင်းနဲ့ အတူရှိနေတဲ့ စက္ကန့်တိုင်းက ပြီးပြည့်စုံလွန်းတယ်” ရယ်လို့ တစ်ခုသော မနက် ၂ နာရီမှာ သူပို့လာတဲ့ အဲဒီ SMS စာသားလေးလို သူမနှစ်ယောက်တို့ရဲ့ စက္ကန့်တိုင်းက သာယာလွန်းခဲ့သည်။
ဒါပေမယ့် ဘယ်အရာမှ တည်မြဲလေ့မရှိသော လောကသဘာဝအတိုင်း သူမတို့ မေ့ထားသော (မေ့ချင်ယောင်ဆောင်ထားသော) အရာများ သူမတို့ရဲ့ စက္ကန့်တွေကို ပိုင်စိုးမယ့် ကာလတစ်ခုကလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါသည်။
===============================
သူ အိမ်ပြန်ရတော့မည်။
အဲဒီနေ့က သူ့ရုပ်သွင်ကို သူမ ဘယ်တော့မှ မေ့မည်မထင်။ မနက်ခင်း နေရောင်ခြည်နုနုအောက်မှာ သူမျက်နှာက ခါတိုင်းလိုပဲ ရှင်းသန့်နေခဲ့သည်။ အနောက်လှန်ဖီးထားလေ့ ရှိတဲ့ အညိုဘက် အင်မတန်လုသော ခပ်ရှည်ရှည် ဆံနွယ်လေးတွေက သူ့ဂုတ်သားပေါ်မှာ ခါတိုင်းလိုပဲ ခွေဝဲလို့။ အပြာရင့်ရင့် Jersey Jacket အိတ်ထဲ သူ့လက်တစ်ဖက်ကို ထိုးထည့်ထားရင်း နောက်လက်တစ်ဖက်နဲ့ StarBucks ကော်ဖီတစ်ခွက်ကို ခပ်ဖြေးဖြေးသောက်နေသည်။ နောက် ဘာမှ မဖြစ်သလို လေသံနဲ့ သူမ ဝတ်လာတဲ့ ကာဒီဂန် (Cardigan) ဆွယ်တာလေးက ပါးလွန်းတော့ ချမ်းနေတော့မှာပဲလို့ ပြောသည်။ သူမကတော့ ငိုချင်နေခဲ့သည်။
မပြောမဖြစ် ပြောရတော့မယ် စကားတချို့ ပြောအပြီးမှာပဲ သူနဲ့သူမ သာမာန်စကားပြောခြင်းကနေ (မျှော်လင့်ထားခဲ့သလို) ငြင်းခုန်ခြင်း အသွင်စဆောင်လာတော့သည်။
“မင်း ဒီလောက် ပြတ်သားလိမ့်မယ် မထင်ခဲ့ဘူး…” သူ စိတ်ရှုပ်ထွေးစွာ ခပ်ညည်းညည်း ပြောသည်။
“ဟင့်အင်း တချိန်လုံး မပြတ်သားနိုင်ခဲ့လို့ ခက်နေတာပါ…” သူ လှောင်ရယ်မလို ဟန်ပြင်ပြီးမှ ချာကနဲ ခပ်ဝေးဝေးဆီ အကြည့်ကို လွှဲပစ်သည်။
“ဒါဆို အစကတည်းက ဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို ကြိုသိနေခဲ့တာပေါ့ ဟုတ်လား”
သူမ ရုတ်တရက် ဘာပြန်ပြောရမလဲ မသိဖြစ်နေတုန်း သူ ဖြတ်ကနဲ ရှေ့တည့်တည့်က လာရပ်ပြီး…
“ဒါနဲ့များ ကိုယ့်ကို ၆ လလောက် အပျော်သဘောတွဲခဲ့တာပေါ့” သူမ မျက်နှာကို ဖြတ်ရိုက်ခံရတာကမှ ဒီထက် နာကျင်ရတာ သက်သာဦးမည်။
“အို ဘယ်လိုပြောလိုက်တာလဲ။ ကိုယ် အဲလိုလုပ်တတ်တဲ့ မိန်းမဟုတ်မဟုတ် မင်း သိဖို့ကောင်းတယ်။ ယောက်ျားလေးတစ်ယောက်ကို အပျော်တွဲရလောက်အောင် ကိုယ်သိက္ခာမရှိတဲ့သူ မဟုတ်ဘူး။ ကိုယ်… ကိုယ်… မင်းနဲ့ ရှိနေတဲ့အချိန်တွေမှာ မဖြစ်နိုင်တဲ့အကြောင်းကို မစဉ်းစားနိုင်လောက်အောင် ပျော်နေခဲ့မိလို့….. ခွင့်လွှတ်…ပါ…”
သူမ အသံတိမ်ဝင်သွားသည်။ သူက ပင့်သက်ချရင်း…
“ကိုယ်တို့ နှစ်ယောက်ရဲ့ အတူရှိနေရတဲ့ အချိန်တွေက အမြဲတမ်းအတွက် မဟုတ်ဘူးဆိုတာ ဟိုးအစကတည်းက မင်းမျက်လုံးတွေထဲမှာ တွေ့နေရသားပဲ။ ဒါပေမယ့် ကြိုးစားကြည့်မယ်ဆိုတဲ့စိတ်နဲ့ ကိုယ်ရှေ့တိုးခဲ့တယ်။ အခုတော့ မင်းကပါ လက်လျော့ချင်ပြီဆိုတော့…။ မဟုတ်သေးပါဘူး… မင်းက အစကတည်းက လက်လျော့ဖို့ ပြင်ထားခဲ့တဲ့ သူ…”
“မဟုတ်ဘူး… ကိုယ်လွယ်လွယ်နဲ့ လက်လျော့တတ်တဲ့သူ မဟုတ်ဘူးဆိုတာ မင်းသိပါတယ်…။ အခုက ဘယ်လိုမှ မဖြစ်နိုင်လို့…”
“နေပါဦး ကိုယ်လည်း ရှေးရိုးစွဲကြီးတဲ့ မိသားစုကနေ လာတာပါပဲ။ မင်းမိဘတွေ သဘောထား တင်းမာနိုင်သလို ကိုယ့်မိဘတွေလည်း သဘောထား တင်းမာနိုင်တာ ကိုယ်ကောင်းကောင်းသိထားတာပဲ။ ဒါပေမယ့် ကိုယ် ကြိုးစားကြည့်ချင်တယ်…။ မင်းနဲ့ နီးရဖို့ ကိုယ့်မှာ နောက်ဆုံး မျှော်လင့်ချက်လေး ကျန်တဲ့အထိ ကြိုးစားကြည့်ချင်စိတ် ရှိသေးတယ်။ မင်းမှာ ဘာလို့ အဲဒီလို စိတ်မရှိတာလဲ… ဟင်… “မေ” မင်းကိုယ့်ကို တကယ်ရော ချစ်ရဲ့လား…”
တစတစ အားပျော့လာတဲ့ သူ့အသံကို သူမကြားနိုင်စွမ်းမရှိတော့။ မျက်ရည်တွေကြားက အားတင်း နားထောင်နေရသည်။ အစဉ် အေးဆေးတည်ငြိမ်နေတတ်တဲ့သူ သူမကြောင့် အခုလို လှုပ်ခတ်နာကျင်နေရတာကို မြင်ရတာနဲ့တင် သူမ အဆပေါင်းများစွာ ပိုနာကျင်ရပါသည်။ သူ ဆတ်ကနဲ သူမ ပုခုံးတွေကို တင်းတင်းဆွဲကိုင်ရင်း…
“ပြောလေ မေ… သူတို့ လက်မခံနိုင်ရလောက်အောင် ကိုယ့်မှာ ဘာချို့ယွင်းချက်တွေ ရှိလို့လည်း… ပြောပါ…”
“နေသန်ရယ်…”
သူမ သူ့လက်တွေထဲမှာ ပျော့ခွေပြီး ဘာမှ ဆက်မပြောနိုင်တော့။ မျက်ရည်တွေသာ မရပ်မနား ကျလာရင်း ခေါင်းကိုသာ တွင်တွင် ခါရမ်းမိသည်။
သူ စကားတွေ တတွတ်တွတ်ပြောသည်။ သူမ မရပ်မနား ငိုသည်။ မိနစ်ပေါင်းများစွာ အကြာမှာ သူမပုခုံးကို တင်းတင်းကျပ်ကျပ် ကိုင်ထားတဲ့ သူ့လက်တွေ တဖြေးဖြေး ပြေကျသွားသည်။ သူနောက်ကို ၂လှမ်းလောက် ဆုတ်ပြီး အနားက အုတ်တံတိုင်းပုလေးပေါ် ထိုင်ချလိုက်သည်။ ခေါင်းကတော့ ငိုက်စိုက်…
သူ တကိုယ်တည်း ညည်းသလို တိုးတိုးပြောသည်…
“မေ ကိုယ့်ကို မချစ်ဘူး”
“မဟုတ်ဘူး… မဟုတ်ဘူး… ကျေးဇူးပြုပြီး အဲလို မပြောပါနဲ့ နေသန်ရယ်”
သူဖြတ်ကနဲ ခေါင်းကိုမော့သည်။ မျက်လုံးမှာ နာကျင်ရိပ်တွေ အပြည့်…
“ဆောရီး ကိုယ့်စကားကို Rephrase ပြန်လုပ်ရမယ်။ ဟုတ်တယ် မင်းကိုယ့်ကို ချစ်တယ်။ ဒါပေမယ့် မင်းတန်ဖိုးထားတဲ့ တခြားသော အရာတွေကို ကိုယ့်ထက် ပိုချစ်တယ်…။ ကိုယ်ဟာ မင်းအတွက် နံပါတ် ၁ မဟုတ်ဘူး။ တကယ်တော့ ကိုယ်တို့အတွက် အဟန့်အတားဟာ မင်းမိဘတွေ မဟုတ်ဘူး။ မင်းတန်ဖိုးထားတဲ့ အရာတချို့… အဲဒါတွေကို ကိုယ်နဲ့ လဲနိုင်တယ်… ဟုတ်တယ် မဟုတ်လား မေ”
သူမ မျက်ရည်ဝိုင်းသော မျက်ဝန်းတွေနဲ့ ပါးစပ်ကလေးဟလို့သာ သူ့ကို ငေးနေနိုင်တော့သည်။ သူမ ရင်ထဲက အရာအားလုံးကို ဆွဲထုတ်ယူငင်ပြီး ပြောလိုက်သလို သူ့စကားတွေက သူမကို ထိရှလွန်းသည်။
သူ သူမကို စိုက်ကြည့်သည်။ သူမဆီက တုန့်ပြန်စကားကို စောင့်နေသလိုမျိုး…
တော်တော်လေးကြာတော့ သက်ပြင်းတချက်ချ ခေါင်းကိုငိုက်ရင်း ချာကနဲ လှည့်ထွက်သွားတော့သည်။ သူ လမ်းလျှောက်ပုံ မြန်လွန်းတော့ ခဏလေးအတွင်းမှာပဲ သူ သူမနဲ့ အတော်ဝေးဝေးကို ရောက်သွားသည်။
“နေသန်…………………………………………….”
သူမ အကျယ်ကြီး အော်ခေါ်လိုက်မိသည်။ နှုတ်ဖျားကတော့ မဟုတ်။ ထိန်းချုပ်မှု တံတိုင်းထူထူခတ်ထားတဲ့ ရင်ဘတ်ထဲကသာ…
===============================
သူမ ထိုင်နေတဲ့ သံခုံတန်း အိကျသွားသလို ခံစားချက်ကြောင့် ဘေးကို ဖြတ်ကနဲ လှည့်ကြည့်မိသည်။
“နေ… နေသန်…”
သူမ နှလုံးသားတွေ အပျော်နဲ့ တဖြတ်ဖြတ်ခုန်သွားသည်။ သူ… ဟုတ်ရော ဟုတ်ရဲ့လား။ သူမ မြင်ယောင်နေတာများလား။
သူက ကစားကွင်းထဲမှာ စိတ်ဝင်းစားစရာ တစ်ခုခု ရှိနေသလိုမျိုး ရှေ့တူရှုကိုသာ ငေးမောနေသည်။
“မင်း… လေယာဉ်ထွက်သွားပြီ ထင်နေတာ…” သူမ လှုပ်ခတ်စွာပြောတော့…
“ညနေ Flight ကို ပြောင်းထားတယ်…” သူ ခပ်ပြတ်ပြတ် ပြန်ပြောသည်။
နာရီပိုင်းဆိုသော အချိန်လေးအတွက် သူမ တသက်မှာ ဒီတစ်ခါလောက် လှိုက်လှဲပျော်ရွှင်မှုမျိုး မခံစားခဲ့ဖူးပါ။
သူ ဖြတ်ကနဲ လက်ကို မြှောက်လိုက်တော့ လက်ထဲမှာ အထုပ်လေးတစ်ထုပ်။ သူမဆီကို မရယ်မပြုံး ထိုးပေးသည်။ ယူပြီး ဖွင့်ကြည့်မိတော့ ထူထူထဲထဲ Cardigan အနွေးထည်လေး တစ်ထည်။ သူမ အကြိုက်ဆုံး ခိုပြာရောင်နုနုလေး။ သစ်သား ကြယ်သီးလေးတွေနဲ့။ မျက်ရည်ဝဲစွာ သူ့ကို မော့ကြည့်တော့…
“ဘာလို့ ကာဒီဂန် ပါးပါးလေးတွေ အမြဲဝယ်တာလည်း…” သူ ခါတိုင်းလို ခပ်တိုးတိုးပြောတော့ သူမ စိတ်တွေ ဝမ်းနည်းညွတ်နူးလာသည်။ သူနဲ့စတွေ့တဲ့ ကာလတွေဆီ ချက်ချင်းပဲ ပြန်ပြေးသွားချင်မိသည်။ ဒါဆိုရင် သူမတို့ နောက်ထပ် ၆ လလောက် ရနိုင်ဦးမည်… အို သူမဟာ အချိန်အတိုင်းအတာ တိုတိုလေးတွေကို အကြိမ်ကြိမ် မိုက်မိုက်မဲမဲ ဖက်တွယ်တတ်သူပါလား။
“ဒီနိုင်ငံကို ပြန်လာဦးမှာလား…”
သူ ခေါင်းလည်း မငြိမ့်။ ခေါင်းလည်းမခါ။
“ကိုယ်လည်း ကိုယ့်မိဘကို ပေးခဲ့တဲ့ ကတိရှိတယ်။ ဒီကို ပညာသင်ဖို့ပဲ လာတာ။ တချိန်ကတော့ ဒီနိုင်ငံလေးမှာပဲ အသက်ထက်ဆုံး နေတော့မယ်လို့တောင် စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ရယ်စရာပဲ…” ရယ်စရာလို့ ပြောနေပေမယ့် သူ့မျက်လုံးမှာ နာကျင်ရိပ်တွေသာ အတိဖုံးနေသည်။ အဲဒါကို မြင်ရတဲ့ သူမက ပိုလို့ နာကျင်ရပါသည်။
“အလည်အပတ် သဘောမျိုးရော…”
မေးပြီးမှ သူမဘာသာ ဘာကြောင့် မေးမိမှန်းမသိ အံ့သြမိရပြန်သည်။ သူ ဆတ်ကနဲ လှည့်ကြည့်ရင်း…
“အလည်အပတ် ဟုတ်လား။ အလည်အပတ်လာ… မင်းနဲ့ ပြန်တွေ့… ပြန်ချစ်… အခု ခံစားနေရတာတွေ တစ်ခါ ပြန်ခံစား။ နောက် ကိုယ့်အိမ်ကိုယ် ပြန်သွား အဲဒီလိုလား။ မေ… တွေးရက်လိုက်တာကွာ…”
သူ့အသံတွေတစတစ ကျယ်လာတာကို မျက်ရည်အဝိုင်းသားနဲ့ ငေးကြည့်နေတဲ့ သူမကို မြင်တော့ သူ စိတ်လျော့လိုက်ပြန်သည်။ နောက်… သူမ မျက်နှာကို ခပ်ဖွဖွ လက်နဲ့ကိုင်ပြီး… “မေ…..” လို့ မချိတင်ကဲ ရေရွတ်သည်။ သူမ တဆတ်ဆတ်တုန်လာတော့ သူက ကလေးတစ်ယောက်ကို အာရုံပြောင်းတဲ့ ပုံစံမျိုးနဲ့ ကစားကွင်းဘက်လှည့်ရင်း…
“ကိုယ့် Free Throw ကြည့်မလား” သူ နှုတ်ခမ်းကို တချက်ဖိကိုက်ရင်း “နောက်ဆုံး အကြိမ်ပေါ့…”
သူမ အသံတိတ် ခေါင်းကို အသာရမ်းတော့ သူ သူမ ခေါင်းလေးကို ဖွဖွကိုင်ရင်း ပြောသည်။
“လူတစ်ယောက်ကို ချစ်ရတာ ကိုယ့်နှလုံးသားကို Basketball ဘောလုံးလို အသာလေး မြှောက်ပြီး ဟောဟိုက ခြင်းထက် အများကြီးဝေးတဲ့၊ အများကြီးဝင်ဖို့ ခက်တဲ့ ခြင်းတစ်ခုထဲကို Free Throw ပစ်ထည့် ရသလိုပါပဲ။ ကစားသမားရဲ့ လက်ဆနဲ့လည်း အများကြီး ဆိုင်သလို Luck ရှိဖို့လည်း လိုမယ်။ ကိုယ့်ဘဝမှာ မင်းလောက် ဘယ်သူ့ကိုမှ သံယောဇဉ် မဖြစ်ဖူးခဲ့ဖူးဘူး။ ကိုယ်က မကျွမ်းကျင်တဲ့ ကစားသမားပါ။ Luck လည်း သိပ်နည်းခဲ့တယ်။ မင်းကတော့ ခြင်းကလေးလိုပါပဲ။ မင်းနေရာမှာပဲ အမြဲရပ်နေခဲ့တာ။ အဲဒီအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်မိ ပါစေနဲ့” သူမ တကိုယ်လုံး အေးစက်သွားသည်။ နောက် တစတစ ပူနွေးလာသည်။ သူ သူမကို ခွင့်လွှတ်တယ်လို့ ပြောနေတာလား...
“မေ” သူ တိုးဖွဖွခေါ်တော့ သူမ မော့ကြည့်မိသည် “ရှေ့လျှောက် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ…” သူ့စကားဆုံးဆုံးချင်း သူမ ခိုပြာရောင် အနွေးထည်လေးကို တင်းကျပ်နေအောင် ပိုက်ရင်း စိတ်လွတ်လက်လွတ် ငိုချလိုက်တော့သည်။
===============================
သူနဲ့ သူမတို့ လမ်းခွဲအတွက် သူမကသာ တစ်ဦးထဲသော တရားခံလို့ အသေအချာ မှတ်ယူပါသည်။ သူပြောခဲ့သော သူမတန်ဖိုးထားရာ အရာတချို့နဲ့ သူ့ကို လဲလှယ်ရခြင်းအတွက်တော့ သူမ ဘယ်တော့မှ နောင်တရလိမ့်မည် မဟုတ်ပါ။ သို့သော်… သူ့ကို နာကျင်စေခဲ့ခြင်း အတွက်ကိုတော့ သူမ နောင်တရမိသလို အဲဒီနောင်တကိုလည်း ဝင်သက်ထွက်သက်နဲ့အတူ ထာဝရပိုက်ထွေးသွားပါမည်။
သူမကိုယ် သူမလည်း ဘယ်သောအခါမှ ခွင့်လွှတ်လိမ့်မည် မဟုတ်ပါ…
ရွှေပြည်သူ
(10:49 PM ~ 25-July-2011)
မှတ်ချက်။ ။ ဆရာမဂျူးရဲ့ “ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ”ထဲက နေသန်ဆိုတဲ့ ဇာတ်ကောင်ရဲ့ လွှမ်းမိုးမှုကြောင့် နေသန် (Nathan) ဆိုတဲ့ နာမည်ကိုပဲ သုံးဖြစ်လိုက်ပါတယ်း)
(Wikipedia: Nathaniel (alternate spelling: Nathanael) is a male name and surname. It comes from the Hebrew name נְתַנְאֵל/Nethan'el meaning "God has given" (from the Hebrew words nathan "has given" + el "God"). Nathaniel is commonly shortened to Nate, Nat, Natan, or Nathan.)
သူက အလွန်စကားနည်းသည်။ မျက်နှာထားတည်သည်။
သူမက အလွန်ရှက်တတ်သည်။ မျက်နှာထားတည်သည်။
မနက် ၆း၄၅ က သူနဲ့ သူမတို့ ကိုယ်စီ အိမ်ကထွက်ချိန်ဖြစ်ပြီး အချိန်တိကျသော သူတို့နှစ်ယောက် မနက် ၇း၀၀ တိတိတိုင်း လမ်းချိုးလေးတစ်ခုမှာ တွေ့ကြစမြဲ ဖြစ်သည်။
ပထမဆုံးနေ့…
သူမက သူ့ကို အလွန်ချောမော ဆွဲဆောင်မှုရှိသူအဖြစ် (ထင်ခဲ့) သတိထားခဲ့မိပြီး သူက သူမရဲ့ ထူးဆန်းသော အကြည့်တမျိုးနဲ့ မျက်လုံးတွေကြောင့် သတိထားခဲ့မိသည်။
ဒုတိယနေ့…
သူက သူမကို “မနေ့က တွေ့တဲ့ ကောင်မလေးပဲ” ရယ်လို့ တချက်ကြည့်ပြီး သူမက သူ့ကို “မနေ့ကတွေ့တဲ့ လူချောချောပဲ” လို့ တချက်ခိုးကြည့်သည်။
တစ်ပတ်ကြာတဲ့နေ့…
သူ သူမကို ပြုံးပြချင်လာသည်။ သူမက သူ့ပြုံးယောင်ယောင် နှုတ်ခမ်းတွေကို ဖြတ်ကနဲကြည့်ပြီး ပျော်သလိုလို မောသလိုလို စိတ်နဲ့ ဆက်လျှောက်သွားသည်။
နှစ်ပတ်ကြာတဲ့နေ့…
သူ သူမကို ပြုံးပြသည်။ သူမ မယုံနိုင်သလိုလို ကြည့်ပြီး မျက်နှာလွှဲသည်။ နောက်မှ ဖြတ်ကနဲ ပြန်ကြည့်ပြီး ပြုံးပြနေဆဲ ဖြစ်သောသူ့ကို ခပ်သွက်သွက် ပြန်ပြုံးပြသည်။ အဲဒီညက နှစ်ယောက်စလုံး ပြုံးပြမိသော အဖြစ်ကို ကျေနပ်စွာတွေးရင် ကိုယ်စီအိပ်ယာဝင်ကြသည်။
အဲဒီနောက် နေ့တိုင်း… နေ့တိုင်း… လမ်းချိုးလေးမှာ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြဖြစ်ကြသည်။
တစ်လကြာတဲ့နေ့…
သူမ လမ်းချိုးလေးကို ရောက်မလာခဲ့။ သူ လေးကန်သော ခြေလှမ်းတွေနဲ့ ခရီးဆက်သွားသည်။
တစ်လခွဲကြာတဲ့နေ့…
သူမ လမ်းချိုးလေးကို ရောက်မလာသေး။ သူ့ခြေလှမ်းတွေ လေးကန်သထက် လေးကန်လာသည်။ လွန်ခဲ့သော တစ်လခွဲလုံး စကားနည်းခဲ့သော သူ့ကိုယ်သူ အပြစ်တင်စပြုလာသည်။
နှစ်လကြာတဲ့နေ့…
သူမ လမ်းချိုးလေးကို ပြန်ရောက်လာသည်။ ပုံမှန်အချိန်တွေမှာ မျက်နှာထားတည်လွန်းသော သူ ဟန်မဆောင်နိုင်လောက်အောင် လှိုက်လှဲရွှင်ပြစွာ ပြုံးပြသည်။ သူမ တုန့်ပြန်ပြုံးက မတောက်ပလှ။ စကားနည်းသော“သူ” သူမ ဘေးက ဖြတ်အလျှောက်မှာ အကြိမ်ပေါင်းများစွာ စိတ်ကူးထားတဲ့အတိုင်း ခပ်သွက်သွက် ပြောသည်။
“မတွေ့တာကြာပြီ”
သူမ မျက်လွှာကို ပင့်ပြီး ဝင့်ကနဲ ကြည့်သည်။ သူ့အသံကို ပထမဆုံးကြားဖူးရလို့ ကျေနပ်စိတ်နဲ့ ရင်ထဲမှာ ရှိနေတဲ့ ဝမ်းနည်းစိတ် ရောထွေးရင်း တိုးတိုးပြောသည်။
“ဖျားနေလို့…”
သူဘာမှ မပြောခင် သူမ ဆက်ပြောသည်။
“ကြားပြီးပြီလား… ဒီလမ်းလေးကို မနက်ဖြန်ကစပြီး သူတို့ ဖျက်ပစ်ကြတော့မယ်…”
(လမ်းချိုးလေးမရှိရင် သူမ ရော၊ သူပါ မတူညီတဲ့ လမ်းတွေ အသုံးပြုကြရတော့မှာကို နှစ်ယောက်စလုံး ကောင်းကောင်းသိသည်။)
သူ ကျောက်ရုပ်လို ငြိမ်သက်သွားသည်။ သူမလည်း ကျောက်ရုပ်လို ငြိမ်သက်သွားသည်။
သူ စိတ်တွေထွေသွားသည်။ သူမရဲ့ နာမည်လေးတောင် သိခွင့်မရသေး။ သူ သိချင်တဲ့ သူမအကြောင်းတွေ ဘာတစ်ခုမှ မသိရသေး။ လမ်းချိုးလေးမရှိဘဲ ထပ်တွေ့ဖို့ကို လမ်းစရှာမရ။ သူမကလည်း သူ့လိုပဲ ထပ်တူတွေးနေသည်။
“သွားတော့မယ်နော်…”
သူမပြောတော့ သူ စကားနည်းနေဆဲ…
သူမ ခြေလှမ်းတွေ ဆက်လှမ်းသွားသည်။ တစ်လှမ်း နှစ်လှမ်း သုံးလှမ်း…
“ခဏ…”
သူ့အသံနဲ့ ထပ်တူ သူမခြေလှမ်းတွေ တုန့်ကနဲ…
“နာမည်လေးတော့ ပြောခဲ့ပါလား…”
“………..လင်း” အတန်ငယ်ရှည်သော နာမည်အပြည့်အစုံကို အသံတိုးတိုးနဲ့ သူမ စိတ်ရှည်လက်ရှည် ပြောပြလိုက်တော့ ထင်မှတ်မထားသော စကားတစ်ခွန်းကို သူပြောသည်။
“Facebook တော့ သုံးတယ်မဟုတ်လား”
ကျောခိုင်းထားတဲ့သူမ အောက်နှုတ်ခမ်းကို ဖိပြီး ကြိတ်ပြုံးလိုက်သည်။
“လင်းကို L.y.n.n နဲ့ပေါင်းတာ…”
ပြောပြီးပြီးချင်း သူမ ရှက်ကိုးရှက်ကန်းနဲ့ ခပ်သွက်သွက် ဆက်လျှောက်သွားသည်။
အဲဒီညနေ…
သူမ အိမ်ရောက်ရောက်ချင်း အိတ်ကို ချ၊ ကွန်ပျူတာဖွင့်၊ Facebook ထဲကို ခပ်မြန်မြန် Login ဝင်ပြီး အရင်ပေးထားတဲ့ Bunny Lynn ကနေ နာမည်အပြည့်အစုံကို ခပ်မြန်မြန် ပြောင်းလိုက်သည်။ Profile ပုံကိုလည်း အရင်တင်ထားတဲ့ ယုန်ပုံကနေ သူမတကယ့်ဓာတ်ပုံ ပြောင်းလိုက်သည်။
သူ အိမ်ရောက်ရောက်ချင်း ကျောပိုးအိတ်ကို ကုတင်ပေါ်ပစ်တင်ပြီး ကွန်ပျူတာဖွင့်၊ Facebook ထဲ ခပ်မြန်မြန် Login ဝင်ပြီး သူမနာမည်အပြည့်အစုံကို ရိုက်ပြီးရှာသည်။
သူမ နာမည်ပြောင်းပြီးတာနဲ့ သူ ရှာတာက မိနစ်ပိုင်းလောက်သာ ကွာသည်။
ရှာရှာချင်းထွက်လာတဲ့ သူမ Account ကို သူ Add လုပ်လိုက်တာနဲ့ သူမ Accept လုပ်လိုက်တဲ့ Notification လေး သူ့ Screen ထောင့်စွန်းမှာ ပေါ်လာတာက စက္ကန့်ပိုင်းလောက်သာ ကွာသည်။
Friend List ထဲပေါ်လာတဲ့ တစ်ယောက် Profile ကို တစ်ယောက်ဖွင့်လိုက်တာ… Relationship Status ဘေးက Single ဆိုတဲ့ စာလုံးကို တစိမ့်စိမ့်ကြည့်ရင်း ရှားပါးစွာ ကိုယ်စီပြုံးလိုက်ကြတာတွေက တပြိုင်ထဲဖြစ်သည်။
အဲဒီညက သူရော သူမပါ Facebook ကြီးစိုးသော ခေတ်တခေတ်တွင် ရှိနေရခြင်းအတွက် ကျေနပ်ကြည်နူးစိတ်နဲ့ အိပ်ပျော်သွားခဲ့ကြသည်။
ရွှေပြည်သူ
(1:55 AM ~ 10-Jul-2011)
စကားချပ်။ ။ ရေးပြီးမှ ဒီဇာတ်လမ်းကို နည်းနည်း Lame ဖြစ်တယ်လို့ ထင်မိကြောင်း ဝန်ခံပါတယ်း)