Thursday, June 30, 2011

အသိုက်ပြောင်းတဲ့အခါ

Blog နဲ့ အရမ်းကို အဆက်ပြတ်သွားပြန်ပါတယ်။ စင်္ကာပူစရောက်ကတည်းက နေခဲ့တဲ့ (နေသားအရမ်းကျနေခဲ့တဲ့) အသိုက်ကလေးကနေ ပြောင်းရတော့မှာမို့လို့ပါ။ ဒီနေရာလေးမှာ ၄ နှစ်ခွဲကျော်လောက် နေခဲ့တာကြောင့် ပြောင်းဖို့ ရွှေ့ဖို့ တော်တော်လေးကို ထုပ်ပိုးယူရပါတယ်။

အခု သုံးပုံနှစ်ပုံလောက် အပြီး ပစ္စည်းပုံကို ကြည့်လိုက်တဲ့အခါမှ ကိုယ့်လောဘကို အတုံးလိုက် အတစ်လိုက်ကြီး ပြန်မြင်လိုက်ရ သလိုပါပဲ။ အဲဒီထဲက ပစ္စည်း ၈၀% လောက်က မရှိမဖြစ်တွေ မဟုတ်တာ သေချာတွေ့လိုက်ရလို့ပါ။ ဥပမာ - ကော်ဖီသောက်ရင် ရင်တုန်တယ်ဆိုပြီး ကော်ဖီစက်တစ်လုံး အူကြောင်ကြောင်နဲ့ ဝယ်ထားမိတာမျိုးတွေ၊ ဘယ်တုန်းက ဝယ်ထားမိမှန်းမသိတဲ့ (မုန်လာဥ စကားး)) ခြုံထည်တွေ၊ လိုတာတွေ… မလိုတာတွေ… ရှုပ်ယှက်ခတ်ပြီး မြင်ရတာ စိတ်ထဲမှာ ရှုပ်ထွေးနေတော့တာပါပဲ။ မိဘပိုက်ဆံနဲ့တုန်းက ဒီလိုမသုံးဖြစ်ခဲ့ပေမယ့် ကိုယ့်ရှာတဲ့ပိုက်ဆံနဲ့ကျတော့ ဘာကိုမှ အားနာမနေတော့ဘဲ ကိုယ့်စိတ်အလိုကို တော်တော်လေး လိုက်ခဲ့မိတာပါ။ အဲဒီပစ္စည်းတွေ တစ်ခုချင်းဝယ်တုန်းကတော့ တကယ်ကို လိုချင်စိတ်ကြီးကြီး (လောဘစိတ်ကြီးကြီး) နဲ့ ဝယ်ခဲ့တာပါပဲ။ အခုလို အစုလိုက် မြင်လိုက်ရမှ “ငါဘာတွေ လုပ်ခဲ့ပါလိမ့်” လို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်သာ အပြစ်တင်နေမိပါတော့တယ်။

အခုတော့ ရွှေပြည်သူတစ်ယောက် နောင်ကျဉ်သွားပါပြီ။ နောက်ဆို ဘာဝယ်ဝယ် တကယ်လိုအပ်တာလား၊ မလိုအပ်ဘဲ သက်သက်မဲ့ လိုချင်နေတာလားဆိုတာ သေချာစဉ်းစားပြီးမှ ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ပါတော့မယ်။ တခါတခါ လောဘရဲ့ လှည့်စားမှုက သိမ်မွေ့နေတတ်ပြန်တယ်နော်။ ဝယ်ခဲ့တဲ့ ပစ္စည်းတွေက ဈေးကြီးတာတွေ မဟုတ်ပေမယ့် ဒီပေါပေါလေးတွေ အကုန်ပေါင်းရင်တော့လည်း မနည်းဘူးပဲ ဆိုတာမျိုးတွေ တွက်မိပြီး နှမြောစိတ်လည်း ဝင်လာပါတယ်။ ငွေအသုံးအစွဲကိုလည်း စာရင်းလေးနဲ့ သေချာမှတ်ပြီး အရင်ကထက် ချွေတာတတ်နေပါပြီ (အဲဒီအကြောင်းကိုလည်း ပို့စ်သတ်သတ် ရေးဖြစ်ဦးမယ် ထင်ပါတယ်း)

အခုရက်ပိုင်းက စင်္ကာပူမှာနေတဲ့ ကာလတစ်လျှောက်လုံးမှာ ကျွန်မအတွက် အပြောင်းအလဲ အများဆုံးသော ကာလပါပဲ။ အသိုက်ပြောင်းတာတင် မကဘဲ တခြား တခြားသော အပြောင်းအလဲပေါင်းများစွာ တပြိုင်ထဲနီးပါး ဖြစ်နေလို့ပါ။ ဒီလိုပဲ ဘာမှ မတည်မြဲတဲ့ လောကကြီးမှာ ဖြစ်ပြီးသားတွေ ပျက်သွားတဲ့ ပြောင်းသွားတဲ့အတိုင်း အလိုက်အထိုက်နေရင်း အကောင်းဘက်ကို ရောက်အောင် ကြိုးစားရမယ်လို့ပဲ အားတင်းနှလုံးသွင်းနေရပါတယ်။ အများကြီးပြင်ဆင် အများကြီး အားမွေးနေရပါတယ်။ ဒီရက်ပိုင်းမှာ Blog နဲ့ အဆက်မပြတ်အောင်လည်း ကြိုးစားသွားပါမယ်း) စာလာဖတ်ပေးသူတွေအပေါ်၊ Blogger မောင်နှမတွေအပေါ် ပျက်ကွက်မှုတွေ ရှိခဲ့ရင်လည်း နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော်း)

နောက်လထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြေဖို့ဖြစ်လာတဲ့ စာမေးပွဲတစ်ခုအတွက်လည်း စာဖတ်ရင်း၊ အိမ်ပြောင်းဖို့လည်း ထုပ်ပိုးရင်း အဆက်ပြတ်သွားတဲ့ Blog နဲ့ စာလာဖတ်ပေးသူတွေကို သတိရတဲ့စိတ်ကြောင့် ဒီပို့စ်တိုလေးကို Update သဘောမျိုးရော၊ ကိုယ်ရတဲ့ အသိလေးကို ဝေမျှတဲ့ သဘောနဲ့ ရေးလိုက်တာပါ။

အားလုံး ချမ်းမြေ့ငြိမ်းချမ်းကြပါစေရှင်…း)

ဖြည့်စွက်ချက်။ ။ ကော်ဖီစက်ယူမယ့်သူ ပေါ်သွားပါပြီး)))

(ဆက်ဖတ်ချင်ရင်...း)

Tuesday, June 21, 2011

မသိခြင်းတို့ ဆုံရာ

“ပျင်းစရာကြီး အမိ ရာ…”
“အေးလေ… စောင့်ရတဲ့အလုပ်များ တော်တော်စိတ်ညစ်ဖို့ ကောင်းတယ်”
“တကယ်တမ်းက သူတို့နောက်ကျတတ်မှန်း သိရဲ့သားနဲ့ စောစောကြိုရောက်နေတဲ့ ငါတို့အပြစ်”
“နေပါဦး နောင်လတ်။ အမြဲတမ်း နောက်ဆုံးမှ ကြွလာတတ်တဲ့ နင်က ဒီနေ့ကျမှ ဘာဖြစ်လို့များ အစောကြီးရောက်နေရတာတုန်း”
“အာ ငါလည်း အစောကြီး ဘယ်လာချင်ပါ့လဲ။ ကိစ္စလေးတစ်ခု… ကနေလာတာ…။ အိမ်ကို ပြန်ရင်လည်း ရောက်တာနဲ့ ဒီပြန်ထွက်လာရမှာမို့လို့ မထူးဘူးဆိုပြီး လာလိုက်တာ။ အမိ နင်ကတော့ မမစောဆိုတော့ မမေးတော့ဘူး…”
“ကိစ္စလေးတစ်ခု…”
“ဟင်”
“စောစောကပြောတယ်လေ ကိစ္စလေးတစ်ခု”
“သြော် အေး အင်း…”
“နေဦး တုန်း (Tone) က တစ်ခုခုကို ဖွက်ထားသလိုပဲ။ နင်ခါတိုင်းဆို ဘယ်နေရာဆိုပြီးပြောတာ အခုမှ ကိစ္စလေးတစ်ခုတဲ့”
“ဟ ဘလိုင်းကြီး… ဘာဖွက်ထားရမှာတုန်း”


စောစောက ပျင်းနေတဲ့ အမိ ပြုံးစိစိဖြစ်လာသည်။

“နင် အဲလိုကြီး တအားကာပစ်မှ ပိုသိသာလာပြီ။ ပြောဟာ…” အမိ နောင်လတ်ရှိရာကို မျက်နှာချင်းဆိုင် ပြင်ထိုင်လိုက်သည်။

“ကျွတ် အမိ နင်ဟာ ရှင်းရှင်းလေးကို ရှုပ်အောင် တွေးတဲ့ ပြောတဲ့နေရာမှာ စံပဲ”
“အေးပါ ဟုတ်ပါပြီ။ ငါ အဲဒီနေရာမှာ အင်မတန်တော်တယ် ထား။ မေးထားတာလည်း ဖြေဦး… ဘယ်သွားတာတုန်း”

နောင်လတ် စိတ်ရှုပ်လာပုံနဲ့…

“ခင်လေးသိလား…”
“အေးလေ… နင့်ဟို ပြင်သစ်စာသင်တန်းက သူငယ်ချင်း…”
“အင်း သူတို့ကို သွားကူတာဟာ…”
“သူတို့…?” အမိ ရယ်ချင်နေသည်။
“နင့်ဟာက မေးတာ မပြီးတော့ဘူးဟာ… သူ့ညီမလေး Computer ထဲကို Virus ဝင်တာ… အဲဒါသွားလုပ်ပေးတာ”
“အဲတော့…”
“အဲတော့ Virus ကို အသေသတ် အမှုန့်ကြိတ်ပြီး ပြန်လာတာပေါ့။ အခုထိ အမှုန့်ကြိတ်ချင်စိတ် မကုန်သေးဘူးနော်…”

နောင်လတ် မျက်မှောင်တွေ တအားကြုံ့လာသည်။

“ဟားဟားဟား… စတာပါ နောင်လတ်ရာ…။ နင်က ဘာဖြစ်ရတာတုန်း” အမိ အနားက သစ်ပင် ပင်စည်ကို ခြေပစ်လက်ပစ်မှီလိုက်ရင်း သဘောတကျပြောသည်။

နောင်လတ် သက်ပြင်းကို ရှူးကနဲမှုတ်ထုတ်လိုက်ပြီး မြက်ခင်း ပျံ့ပျံ့ပေါ်လှဲချလိုက်သည်။

“နင့်ကို စရတာလည်း ပျင်းစရာကြီးဟာ…” အမိ တစ်ယောက်ထဲ ညည်းသလို ခပ်တိုးတိုးပြောသည်။ နောင်လတ် မျက်လုံးတွေ မှိတ်လိုက်သည်။

တကယ့် ပျင်းစရာ့ ညနေ။ လေကလေးကတော့ အေးအေးဖြူးဖြူး ရှိသားပင်…

“ကောင်းလိုက်တာ မိုးကလေးအုံ့နေတော့…” အမိ မျက်နှာကို အသာလေးမော့ပြီး လေအေးအေးရဲ့ အထိအတွေ့ကို ခံယူရင်းပြောသည်။

“အမိ နင် လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်ဖူးလား” နောင်လတ်က ကိုယ်ကို ဆတ်ကနဲလှည့် မြက်ခင်းကို တံတောင်နဲ့ထောက်ရင်း ခပ်မြန်မြန်မေးသည်။ ရုတ်တရက်ဆိုတော့ အမိမျက်နှာကို ဖြတ်တိုက်နေတဲ့ လေအေးတောင် ရပ်တန့်သွားသလိုလို…

“ဘာကိစ္စ အဲဒါကြီးကို ထမေးရတာလဲ… နင်တော့ တစ်ခုခုပဲ…”
“တန်ပြန်မေးခွန်းတွေနဲ့ လူလည်မလုပ်နဲ့ အမိ။ ငါမေးတာ ဖြေစမ်းပါ...”
“မသိဘူးဟာ…”
“အာ…”
နည်နည်းကြာမှ အမိက ခပ်တိုးတိုး…
“ဒီအရွယ်ပဲရောက်နေပြီ…”
“ဟမ်… သြော် ဟဲဟဲ… မိမိသက် တို့လည်း ဒါမျိုးတွေ ရှိသကိုး…” ဒီတစ်ခါ ပြုံးစိစိ ဖြစ်သူက နောင်လတ်…
“ဘယ်သူများလဲလို့ ငါ မှန်းကြည့်စမ်းမယ်…”
“တော်တော်… နင်ဘာကိစ္စမေးတာလည်း ပြော”
“စိတ်ထဲမှာ ဘယ်လို ခံစားရလဲ သိချင်လို့ပါဟ။ ငါက ဒီကိစ္စမှာ အပျံသင်စလေးဆိုတော့…”
“အမယ်လေး တော်ပါ နားခါးလိုက်တာ…”

ဒီတစ်ခါ တဟားဟားအော်ရယ်ရသူက နောင်လတ်…။ ဘိုသီဘတ်သီ ရှပ်အင်္ကျီအကွက်နဲ့ ဂျင်းဘောင်းဘီဝတ်ပြီး မျက်နှာမှာ ဘာမှလိမ်းချယ်မထားသော ယောက်ျားဆန်ဆန် အမိက နောင်လတ်ကို မိန်းမဆန်စွာ မျက်စောင်းထိုးသည်။

“ငါသိပါတယ်… ဘယ်သူလဲဆိုတာ” နောင်လတ် အူလှိုက်သည်းလှိုက် မျက်နှာနဲ့ ပြောသည်။ အမိစိတ်တိုနေပြီ။
“မင်းလွင်”
“ဘာ… မဆီမဆိုင်” အမိ မျက်နှာတပြင်လုံး ရဲတက်သွားသည်။
“ငါ့ကို ငတုံးထင်နေလား။ မင်းလွင် နင့်ဆီ ခဏခဏ ဖုန်းဆက်တာ လူတိုင်းသိတယ်”
“ဟာ အဲဒါ ကိစ္စရှိလို့ဟ။ စွတ်မပြောနဲ့…”
“ကိစ္စမရှိဘဲ ဖုန်းဆက်ပြီး အသံတိတ်ကြီး နေလို့မှမရတာ။ ဒီလိုပဲ ကိစ္စတွေ ဖန်တီးယူမှာပေါ့”
“တော်တော့ဟာ နောင်လတ်…” အမိ ခပ်ဝေးဝေးက ဝင်ပေါက်ကို မလုံသလို လှမ်းကြည့်ရင်းပြောသည်။ ဒီနေ့ မင်းလွင်တို့လည်း လာလိမ့်မည်။
“မဟုတ်ဘူးပေါ့…”
“မဟုတ်ဘူး…” အမိသံပြတ်နဲ့ ဖြေတော့…
“ဒါဆို ကောင်းဆက်”
“အာာာာာာာ”

အမိ နီးရာတစ်ခုခုနဲ့ ကောက်ပေါက်လိုက်သည်။ ပေါက်ပြီးတော့မှ ကတ္တရာလမ်းပေါ်ကနေ ကောက်လာတဲ့ ပန်းတွေ ဖြစ်မှန်းသိရတော့ အားမလိုအားမရ ဖြစ်ရပြန်သည်။

“ဟာ ပန်းတွေ မကြဲနဲ့ဦးလေ။ မင်္ဂလာအချိန် မရောက်သေးဘူး”
“နောင်လတ်… စိတ်တိုလာပြီနော်” တကယ်တော့ အမိ ဘာကိုမှန်းမသိ ရှက်သထက် ရှက်လာခြင်း။
“ကောင်းဆက်က စွံတယ်လေဟာ”
“သူစွံတိုင်း ငါက ကြိုက်ရရောလား”
“သိ…ဘူး…လေ…ဟာ။ နင်ပဲ ကိုရီးယားမင်းသားနဲ့ တူတယ်ဆိုလား”
“ဟ အဲဒါ သူအိုက်တင်များလွန်းလို့ ငါရွဲ့ပြောတာ…”

နောင်လတ် ညစ်ကျယ်ကျယ်ပြုံးလို့ မဆုံးတော့…

“စတာပါဟာ… ငါ တကယ့်အမှန်ကို သိပါတယ်” နောင်လတ် မျက်နှာပိုးကို သတ်လိုက်သည်။ အမိကတော့ ခပ်စူစူ မျက်နှာထားနဲ့ ဘာမဟုတ်တာတွေ ပြောဦးမလဲလို့ မျက်နှာလွှဲရင်း နားစွင့်နေသည်။

“ကိုနေမျိုး…”

အမိ ငြိမ်သွားသည်။ နောင်လတ်မျက်နှာလည်း အပြုံးရိပ်နည်းနည်း ကျန်တာကလွဲလို့ အတည်ပေါက်ဖြစ်သွားသည်။

“ဘာလို့ ကိုနေမျိုး ဖြစ်ရပြန်တာတုန်း…” အမိ ခပ်ဆိုင်းဆိုင်းမေးသည်။
“အမိ ငါနင့်ကို မနေ့တနေ့ကမှ သိတာမဟုတ်ဘူး။ ဟိုတရက် ချစ်ချစ်တို့နဲ့ မုန့်သွားစားတုန်းက နင့်စကားထဲမှာ ကိုနေမျိုးကို ထည့်ပြောတာ ၅ ခါ”
“ဘုရားရေ နင်က လက်ချိုးရေထားတာလား”
“ဘာကိစ္စ ရေရမှာလည်း… အသိသာကြီး… လူတစ်ယောက်ကို စွဲလမ်းနေပြီဆိုရင် စကားထဲ မပါပါအောင် ထည့်ပြောတတ်ကြတယ်”
“အမယ် နောင်လတ် နင်ဘယ်တုန်းက အဲလောက် အသေးစိတ်တွေ သိသွားတာတုန်း။ အပျံသင်စလေးဆို…”

နောင်လတ် တစ်ခုခုပြန်ပြောမယ် ပြင်ပြီးမှ ကောင်းကင်ကို မော့ကြည့်သည်…

“ဟော မိုးဖွဲတွေ…” အမိ စိတ်လှုပ်ရှားစွာ ပြောသည်။

“လာ ဟိုအမိုးအောက် ပြောင်းထိုင်ရအောင်”

အမိတို့ လမ်းလျှောက်သွားတုန်းပဲ ဝင်ပေါက်ကနေ မင်းလွင်တို့ ချစ်ချစ်တို့ ဝင်လာတာတွေ့ရသည်။ သူတို့နောက်မှာ ချစ်ချစ် အစ်ကိုဝမ်းကွဲ ကိုနေမျိုး… အမိကို လက်လှမ်းပြသည်။ နောင်လတ် ပြုံးစိစိနဲ့ စွေကြည့်တော့ အမိက…

“တစ်ခုခု သောက်ချင်လိုက်တာ နောင်လတ်ရာ”
“ဟာဟ ဒီလိုပဲ စိတ်လှုပ်ရှားရင် ရေငတ်တတ်တယ် ကလေးမရဲ့… နေပါ နေပါ… ကျွန်တော်မျိုးကြီး ဟောဟိုက အအေးတော်များ ဆောင်ယူဆက်သပါ့မယ်”

နောင်လတ် အမိုးအောက်က ခပ်သွက်သွက် ပြေးထွက်သွားတော့ အမိ ခေါင်းကို ငုံ့ပြီး ရှပ်အင်္ကျီစွန်းကို ဘာရယ်မဟုတ် ဆွဲဆန့်ရင်း ရှက်သလိုလို ကျေနပ်သလိုလို ပြုံးသည်။ နောက် ခေါင်းကို ပြန်မော့ပြီး မျက်ဝန်းမှာ စောစောက တချိန်လုံး မရှိခဲ့သော အရိပ်အငွေ့တချို့နဲ့ နေရာတစ်ခုကို လှမ်းကြည့်သည်။

Vending Machine ရှေ့မှာ ဘောင်းဘီအိတ်ထဲက အကြွေစေ့တချို့ ထုတ်ရေနေတဲ့ နောင်လတ်ကျောပြင်က မိုးဖွဲတွေကြားမှာ ဝိုးတဝါး…

“အမိ ငါနင့်ကို မနေ့တနေ့ကမှ သိတာမဟုတ်ဘူး…” စောစောက နောင်လတ်စကားကို အမိ စိတ်ထဲမှာ ခပ်တိုးတိုး ပြန်ရွတ်ရင်း ရယ်ချင်စိတ်နဲ့ သွားကလေးတွေ လက်ကနဲပေါ်အောင် ပြုံးလိုက်မိချိန်… ချစ်ချစ်တို့တောင် အမိုးအောက်ကို ရောက်လာခဲ့ကြပြီ…

ရွှေပြည်သူ
(11:42 PM ~ 21-Jun-2011)

(ဆက်ဖတ်ချင်ရင်...း)

Sunday, June 19, 2011

နှစ်သက်မိသော အဆိုအမိန့်များ (၂) - Father's Day

Father’s Day ကျရောက်ရာ ဒီလအတွက် ကျွန်မတို့အားလုံးရဲ့ ကျေးဇူးရှင် ဖခင်တွေနဲ့ ပတ်သတ်တဲ့ အဆိုအမိန့်လေးတွေကို နှစ်သက်မိတဲ့ အဆိုအမိန့်တွေအဖြစ် ပြန်မျှဝေလိုက်ပါတယ်။ စာလာဖတ်သူတွေထဲမှာ သားသမီးနေရာမှာပဲ ရှိနေသေးသူတွေ ရှိသလို၊ ဖခင်နေရာရောက်နေပြီ ဖြစ်တဲ့သူတွေလည်း ပါနိုင်တာမို့ ၂ပိုင်းခွဲပြီး ဖော်ပြလိုက်ပါတယ်နော်း)

အဖေ့သား၊ အဖေ့သမီးတို့အတွက်

“He didn't tell me how to live; he lived, and let me watch him do it.” ~ Clarence Budington Kellan
“သူ ကျွန်တော့်ကို (ဘဝမှာ) ဘယ်လို နေထိုင်ရပ်တည်
ရှင်သန် ရမလဲဆိုတာ ပြောမပြခဲ့ပါဘူး။ သူကိုယ်တိုင် နေထိုင်ပြပြီး ကျွန်တော့်ကို ကြည့်ရှု(သင်ယူ)စေခဲ့ပါတယ်” ~ ကလဲရင့်စ် ဘတ်ဒင်တန် ကယ်လန်

“A father is always making his baby into a little woman. And when she is a woman he turns her back again.” ~ Enid Bagnold
“ဖခင်ဟာ သမီးငယ်လေးကို အမျိုးသမီးလေးဖြစ်အောင် ပျိုးထောင်ခဲ့ပြီး၊ အမျိုးသမီးလေးဖြစ်လာတဲ့ အခါမှာလည်း (အဖေ့)သမီးငယ်လေး အဖြစ်ခံစားရအောင် တဖန်ပြန်ပြောင်းလဲ တတ်သူပါပဲ” ~ အီးနစ်ဒ် ဘက်ဂ်နိုးလ်

“By the time a man realizes that maybe his father was right, he usually has a son who thinks he's wrong.” ~ Charles Wadsworth
“လူတစ်ယောက်က သူ့အဖေ မှန်ကောင်းမှန်ခဲ့လိမ့်မယ်လို့ သိနားလည်လာတဲ့အချိန်မှာတော့ ပုံမှန်အားဖြင့် သူ့မှာလည်း သူမှားတယ်လို့ ထင်တဲ့ သားတစ်ယောက်လည်း ရှိနေခဲ့ပါပြီ” ~ ချားလ်စ် ဝဒ်စ်ဝေါ့သ်

“I've had a hard life, but my hardships are nothing against the hardships that my father went through in order to get me to where I started.” ~ Bartrand Hubbard
“ကျွန်တော် ခက်ခဲပင်ပန်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ဘဝကို စတင်ဖို့ အဖေဖြတ်သန်းခဲ့ရတဲ့ ခက်ခဲပင်ပန်းမှုတွေနဲ့စာရင် ဘာမှမပြောပလောက်ပါဘူး” ~ ဘာထရန် ဟပ်ဘာ့ဒ်

“That is the thankless position of the father in the family-the provider for all, and the enemy of all.”
~ August Strindberg
“မိသားစုမှာ ကျေးဇူးအတင်မခံရတဲ့ နေရာက ဖခင်နေရာပါပဲ။ မိသားစုကို (အဓိက)ထောက်ပံ့သူဖြစ်ပေမယ့် အားလုံးရဲ့ ရန်သူလည်း ဖြစ်နေရရှာသူပါ” ~ သြဂတ်စ် စတွင်းန်ဘတ်က်
(ဒီ စကားကတော့ မိသားစုတစ်စုလုံးအတွက် ဖခင်ကချည်းပဲ စီးပွားရှာရတဲ့ ခေတ်ကို ညွှန်းဆိုဟန်ရှိပြီး “ရန်သူ” ဆိုတဲ့ နေရာမှာလည်း စည်းကမ်းတွေ တင်းကျပ်ရလွန်းလို့ သားသမီးတွေရဲ့ အမြင်မကြည်လင်မှု ခံရတာမျိုးကို ဆိုလိုတာလို့ နားလည်မိပါတယ်)

ဖခင်များအတွက်

“Any man can be a father, but it takes a special person to be a dad” ~ Proverb
“အမျိုးသားတိုင်း ကလေးအဖေ ဖြစ်နိုင်ပေမယ့် တကယ့်ဖခင်(ကောင်း) ဖြစ်ဖို့ကတော့ ထူးခြားတဲ့လူတစ်ယောက် (ဖြစ်ဖို့) လိုအပ်ပါတယ်” ~ စကားပုံ

“The most important thing a father can do for his children is to love their mother.” ~ Theodore Hesburgh
“ဖခင်တစ်ယောက် သားသမီးတွေအတွက် လုပ်ပေးနိုင်တဲ့ အရေးအကြီးဆုံးအရာကတော့ သူတို့ရဲ့ မိခင်ကို ချစ်မြတ်နိုးခြင်းပါပဲ” ~ သီအဒေါ ဟပ်စ်ဘာ့ဂ်

“Every father should remember that one day his son will follow his example instead of his advice” ~ Anonymous
“ဖခင်တိုင်း စွဲစွဲမြဲမြဲ မှတ်ထားရမှာကတော့ တနေ့မှာ သားဖြစ်သူက ကိုယ်ပေးတဲ့ အကြံဥာဏ်တွေထက် ကိုယ်ကိုယ်တိုင် ဥပမာပြ နေထိုင်ခဲ့တဲ့အတိုင်းပဲ အတုယူ လိုက်နာမယ် ဆိုတာပါပဲ” ~ ရေးသူအမည်မသိ

“It is a wise father that knows his own child.” ~ William Shakespeare
“ကိုယ့်ကလေးအကြောင်းကို ကောင်းကောင်းသိမှ ဥာဏ်အမြော်အမြင်ရှိတဲ့ ဖခင်ပါ” ~ ဝီလီယံ ရှိတ်စပီးယား

"Being a dad is more important than football" ~ David Beckham
“ဖခင်တစ်ယောက်ဖြစ်ရတာဟာ ဘောလုံးထက် ပိုအရေးကြီးပါတယ်” ဒေးဗစ် ဘက်ဟမ်း

အားလုံးပဲ အဖေဂုဏ်ယူရတဲ့ သားသမီးတွေအဖြစ် Father’s Day ကို ပျော်ရွှင်ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပါစေ...း)

(ဆက်ဖတ်ချင်ရင်...း)

Tuesday, June 14, 2011

အမော

ပြန်ပြောရမှာတောင် မောမိပါရဲ့…

တပ်မက်မှုတကြောကို
ခပ်လောလောလိုက်ရင်း
ကောင်းကင်ကို မမီ့တမီမျှော်ကြည့်
ခလုတ်ထိတာတွေလည်း
နည်းမှမနည်းတော့ဘဲ…

လိုချင်မှုခပ်များများက…
မြေပြင်တလွှား ရှိရှိသမျှသောတောင်တွေ ထမ်းမ ထားရသလိုမျိုး…
စေးပြစ်ပြစ် နွံနက်ထဲ နစ်သထက်နစ်ကာ တိုးဝင်သွားရသလိုမျိုး…
သိမ်မွေ့သောကြိုးတစ်ပိုင်းနဲ့ မလူးသာမလွန့်သာ အခါခါ ရစ်ဆိုင်းထားသလိုမျိုး…
ကိုယ့်ကို… တိုးလို့တိုးလို့ လေးလံထိုင်းမှိုင်းစေတယ်…

ဟယ် “ဟန်ကိုယ့်ဖို့”တဲ့…

လောဘ မောဟ ဒေါသ သိုက်နောက်ကို
အမောတကော လိုက်လျှောက်ရင်းကပဲ
“မောပါဘူး မောပါဘူးဟယ်” ရယ်လို့…
ကသောကမျော
ခပ်သောသောလေး
ရယ်မောပစ်လိုက်တယ်…

ဟက်ဟက်ပက်ပက်ပါပဲ…
ဒါပေမယ့်လည်း…
ထွက်ကျလာတဲ့အသံက…
ခပ်ကွဲကွဲ ခက်အက်အက်ရယ်…

ရွှေပြည်သူ
(11:15 PM ~
14-June-2011 )

ဘဝမှာ (ခုချိန်ထိ) အပြောင်းအလဲအများဆုံးသော ကာလကို ဖြတ်သန်းရင်းကနေ ခပ်မောမောနဲ့ပဲ ဒီကဗျာလေးကို ဘတ်စ်ကားပေါ်မှာ စာစစီပြီး အိမ်ရောက်တော့ ချရေးလိုက်ပါတယ်း)

(ဆက်ဖတ်ချင်ရင်...း)

Wednesday, June 8, 2011

Present Like Steve Jobs

ပြီးခဲ့တဲ့ စနေတုန်းက Certification တစ်ခုအတွက် တနေကုန်ကြာတဲ့ သင်တန်းတစ်ခု တက်ဖြစ်ခဲ့ပါတယ်။ ဘာသာရပ်က စကားတွေချည်းပဲ ဆက်တိုက်ပြောရတာများတဲ့ Dry ခပ်ဖြစ်ဖြစ် ဘာသာရပ်မျိုးဆိုတော့ ဆရာက (တပည့်တွေ ပျင်းနေမှာစိုးလို့ ထင်ပါတယ်) ဆက်စပ်မှုရှိတဲ့ စိတ်ဝင်စားစရာ YouTube Video လေးတွေ ဖွင့်ဖွင့်ပြပါတယ်။ အဲဒီထဲက စိတ်ဝင်စားစရာ အကောင်းဆုံးမို့ ကျွန်မပြန် မျှဝေချင်တဲ့ Video လေးက အများသိကြတဲ့ Apple Inc ရဲ့ CEO ဖြစ်သူ Steven Jobs (Steven Paul Jobs) ရဲ့ Presentation လုပ်တဲ့နေရာမှာ သူများထက်ပိုထူးခြားတဲ့ အချက်လေးတွေကို ကောက်နုတ်ပြထားတာပါ။

သူ့ရဲ့ Presentation နည်းစနစ်တွေဖြစ်တဲ့ - စစခြင်းမှာပဲ ပြောမယ့် ပင်မအကြောင်းအရာကို စိတ်ဝင်စားစရာလည်း ကောင်း၊ မှတ်မိလည်း လွယ်တဲ့ စကားတိုတို ရှင်းရှင်းနဲ့ ပြောတတ်တာ၊ ပြောမယ့်အကြောင်းအရာကို ပရိတ်သတ်ကို အကြမ်းဖျင်း ခြုံပြီး အရင်သိစေတာ၊ ပြောသွားတဲ့ အပိုင်းတစ်ပိုင်းစီကို နားထောင်သူတွေ အလွယ်တကူ နားလည်နိုင်အောင် စကားနဲ့ ရှင်းရှင်းလင်းလင်း ဖွင့်ပြီး အဆုံးမှာ သပ်သပ်ရပ်ရပ် ပြန်ပိတ်တတ်တာ၊ အမူအရာနဲ့ရော အားပါတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ထက်သန်တက်ကြွမှုကို ပြပြီး ပရိတ်သတ်ကိုပါ လိုက်ပါတက်ကြွလာအောင် ဆွဲခေါ်သွားနိုင်တာ… အစရှိတာတွေကို Video ထဲမှာ တွေ့ရမှာပါ။

ကျောင်းသားတွေ အတွက်ရော၊ လုပ်ငန်းခွင်ထဲကလူတွေ အတွက်ပါ (အချက်တိုင်းဟာ ကိုယ်လက်တွေ့လုပ်ရမယ့် Presentation နဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာ ဖြစ်ပေမယ့်) အတုယူစရာလေးတွေတော့ တွေ့ရမှာပါ။

ကျွန်မရေးပြနေတာထက် ပိုစိတ်ဝင်စားစရာ ကောင်းတဲ့ "Present Like Steve Jobs" YouTube Video ကို အောက်မှာ ကြည့်လိုက်ပါနော်း) Video ရဲ့ မူပိုင် YouTube Channel ကတော့ BNETvideo ဖြစ်ပါတယ်။

(ဆက်ဖတ်ချင်ရင်...း)

Sunday, June 5, 2011

တိတ်တဆိတ် မိုး

အဆန်းတော့ မဟုတ်ပါဘူး…
ဟိုး ကောင်းကင်ဦးမှာ
မိုးတွေ… ရွာနေ… ပြန်ပြီ…

မိုးအုံ့အုံ့ကောင်းကင်ကို ဘယ်တော့မှ အရောင်မပြောင်းစေချင်တဲ့အကြောင်း…
တိမ်တွေကို ကြိုးလိုသီ… ရီ(ရယ်)လို့ ပျော်လို့ ပြေးဆော့ချင်တဲ့အကြောင်း…
မိုးစက်ကိုမုန်းတဲ့ တရုန်းရုန်း လူထူထူထဲ ကိုယ်အသက်ရှုတွေ ကျပ်တဲ့အကြောင်း…
မိုးသက်လေကို အဟုန်စီးပြီး ဟိုးအမြင့်ကြီးက ကြယ်စကြယ်နတွေ ရလာတဲ့အကြောင်း…
မိုးနဲ့ပတ်သက်သမျှ ကိုယ့်အိပ်မက်မှုန်ပြပြတွေ အားလုံး… အားလုံး အကြောင်း
မဟောင်းတဲ့အပြုံးနဲ့ နားထောင်မယ့် မင်းကို…
ခြေကလေးဆင်းထိုင်ရင်း…
ခပ်အေးအေး ပြော… ပြ… ချင်… သေး… တယ်…

ဒီထက်မပိုပါဘူး…
တကယ် တကယ်
ဒီ့ထက်ကို မပိုပါဘူးကွယ်…

ခုတော့ဖြင့်… ကိုယ့်မှာ
မသိမသာ လွမ်းတာလေးကိုတောင်
အခါခါ ရပ်ပစ်နေရသေးရဲ့…

လူတွေ ပြောကြတယ်လေ…
တစ်ယောက်က တမ်းတပြင်းပြ သတိရရင်…
နောက်တစ်ယောက်မှာ ထိရှခံစား သိသွားနိုင်သတဲ့…

မဖြစ်ဘူးနဲ့ တူပါတယ်…
ကိုယ့်အတွက်တော့… အလွမ်းဆိုတာ…
ကမ္ဘာနဲ့ချီပြီး သိမ်းဆည်းသွားရမယ့် အရာသက်သက်မို့…
သိမ်း…ဆည်း…သွား…မှာ… မို့… ပါ… ကွယ်…

ရွှေပြည်သူ
(7:11 PM ~ 05-June-2011)

သြော် အလွမ်းကဗျာတွေ ရေးမိပြန်ပါရောလားး))

(ဆက်ဖတ်ချင်ရင်...း)