Thursday, April 28, 2011

ဒဏ္ဍာရီထဲက သတို့သမီး (သို့) ကိတ်မစ်ဒယ်လ်တန်


Photo from: http://www.hindustantimes.com

မနက်ဖြန် (29-April-2011) မှာ တစ်ကမ္ဘာလုံးက ရပ်သပ်ရှုမောစောင့်ကြည့်ကြမယ့် ဒီဆယ်စုနှစ်ရဲ့ အကြီးကျယ်အခမ်းနားဆုံး မင်္ဂလာပွဲမှာ သတို့သမီးဖြစ်ခွင့်… မိခင်ဆီက ရုပ်ရည်ခန့်ညားမှုနဲ့ ကြင်နာတတ်မှုတွေကို အမွေရခဲ့တဲ့ နန်းညွှန့်နန်းလျာ တော်ဝင်မင်းသားတစ်ယောက်ရဲ့ ချစ်ခင်မြတ်နိုးမှုနဲ့ တန်ဖိုးထား ထိမ်းမြားလက်ထပ်ခြင်းတို့ကို ပိုင်ဆိုင်ခွင့်… အဲဒါတွေကို ကမ္ဘာတဝှမ်းက အမျိုးသမီးလေးပေါင်းများစွာ အိပ်မက်မက်ခဲ့ဖူးကြပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးလေးပေါင်းများစွာထဲက အိပ်မက်ကို လက်တွေ့မှာ တကယ် ပိုင်ဆိုင်ခွင့် ရခဲ့တဲ့သူကတော့ ကိတ်မစ်ဒယ်လ်တန် Kate Middleton ဆိုတဲ့ အင်္ဂလန်နိုင်ငံ ဘာ့က်ရှိုင်းယားနယ်က အရပ်သူမိန်းမချောလေး တစ်ယောက်ထဲပါပဲ…

နာမည်အပြည့်အစုံ ကက်သရင်း အယ်လစ်ဇဘသ် ကိတ် မစ်ဒယ်လ်တန် (Catherine Elizabeth "Kate" Middleton) လို့ ခေါ်တွင်တဲ့ ကိတ်ဟာ ဗြိတိန်လေကြောင်းလိုင်း (British Airways) မှာ လေယာဉ်မောင်မယ်တွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ မိဘနှစ်ပါးရဲ့ အကြီးဆုံးသမီး ဖြစ်ပါတယ်။ (ကောမန့်မှာ Anonymous ပြောပြပေးသွားတာကို ဖြည့်စွက်လိုက်ပါတယ် - "ကိတ်အမေ လေယာဉ်မယ်ဟောင်းက ပါတီပစ္စည်းတွေကို အင်တာနက်ကရောင်းတာ အရမ်းရောင်းကောင်းတော့ ကိတ်အဖေလည်း အလုပ်ထွက်ပြီး သူ့မိန်းမ စီးပွားရေးကို ကူညီလုပ်ဆောင်ပေးရင်း သန်းချီ ချမ်းသာလာကြတယ်။") ဘိုးစဉ်ဘောင်ဆက် သာမန်လူတန်းစားကနေ ဆင်းသက်လာတဲ့ ကိတ်ဟာ ဗြိတိန်နိုင်ငံထီးနန်းကို ဆက်ခံဖို့ ဒုတိယနေရာမှာ ရှိနေတဲ့ မင်းသားဝီလီယံ (Prince William) နဲ့ စကော့တလန်နိုင်ငံ စိန့်အင်ဒရူးတက္ကသိုလ် (University of St. Andrew) မှာ ပညာသင်ရင်း ရိုးရိုးစင်းစင်းပဲ စတွေ့ခဲ့ကြပါတယ်။ ကျောင်းမှာလုပ်တဲ့ ဖက်ရှင်ပြပွဲမှာ ကိတ်ကိုယ်ဟန်ပြနေုတုန်း ဝီလီယံက စတွေ့ပြီးသဘောကျခဲ့တယ်လို့ ဆိုကြပေမယ့် အဲဒီမတိုင်ခင်ကတည်းက Art History ကို အတူသင်ယူနေသူချင်းမို့ တစ်ယောက်နဲ့တစ်ယောက် သိနေခဲ့ပြီလို့ ဆိုပါတယ် (နောက်ပိုင်း ဝီလီယံက ပထဝီဝင် (Geography) ကိုအဓိကဘာသာရပ်အဖြစ် ပြောင်းလဲယူခဲ့ပါတယ်)။ ခင်မင်ပြီး တစ်နှစ်အကြာ ၂၀၀၂ စက်တင်ဘာမှာ တခြားသူငယ်ချင်းနှစ်ယောက်နဲ့အတူ အိမ်တလုံးထဲမှာ ပြောင်းပြီးငှားနေကြတဲ့ အချိန်အထိ သူတို့ဟာ သူငယ်ချင်းတွေပါပဲ။ ၂၀၀၃ ဒီဇင်ဘာမှာတော့ ကိတ်က လက်ရှိတွဲနေသူနဲ့ ပြတ်စဲခဲ့ပြီး ဝီလီယံနဲ့ စတွဲနေခဲ့ပြီလို့ ထင်ကြေးပေးခံလာရပါတယ်။

အဲဒီနောက် ဆွစ်ဇာလန်နိုင်ငံ မှာ ရေခဲစကိတ်အတူ စီးတာတွေ၊ ဝီလီယံသူငယ်ချင်းရဲ့ မင်္ဂလာပွဲကို အတူတွဲတက်တာတွေ ကြောင့် တရားဝင်မကြေညာသော်လည်း သူတို့နှစ်ယောက် သူငယ်ချင်းတွေသက်သက် မဟုတ်ကြတော့မှန်း လူတွေ ရိပ်မိလာကြပါတယ်။ အဲဒီလို အာရုံစူးစိုက်ခံလာရတဲ့ သူတို့ အချစ်ဇာတ်လမ်းဟာ အမြဲတမ်းတော့ မဖြောင့်ဖြူးခဲ့ပါဘူး။ ၂၀၀၇ ဧပြီလမှာတော့ သူတို့နှစ်ယောက် ပြတ်စဲလိုက်ပြီလို့ သတင်းမီဒီယာတွေကနေ အတိအလင်း ဖော်ပြခဲ့ပါတယ်။ ၂၀၀၇ ဂျွန်လမှာ ကျင်းပတဲ့ ဝီလီယံရဲ့ မိခင် ကွယ်လွန်သူ လေဒီဒိုင်ယာနာ (Diana) အတွက် ဝီလီယံနဲ့ ညီဖြစ်သူ ဟယ်ရီတို့ အမှတ်တရ လုပ်တဲ့ ဖျော်ဖြေပွဲမှာ ကိတ်ကိုပါ တွေ့ရပေမယ့် ဝီလီယံနဲ့ အတူမထိုင်ဘဲ ခုံတန်း၂တန်းခြားပြီး အနောက်မှာ ထိုင်နေတာကို တွေ့ကြရပါတယ်။ ဒါပေမယ့် မလိုလားသူတချို့ မျှော်လင့်ခဲ့သလို သူတို့အချစ်ဇာတ်လမ်းက အဲဒီမှာ တခန်းရပ်မသွားခဲ့ပါဘူး။ ၂၀၀၇ အောက်တိုဘာမှာ နှစ်ယောက်တွဲ ဓာတ်ပုံပြန်အရိုက်ခံခဲ့ပြီး ၂၀၀၈ ဧပြီမှာတော့ ကိတ်က (အခုချိန်မှာ Co-pilot အဖြစ် တာဝန်ထမ်းဆောင်နေတဲ့) ဝီလီယံရဲ့ တော်ဝင်လေတပ် သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တာတွေကြောင့် သူတို့၂ယောက် ပြန်တွဲနေကြပြီဆိုတာ လူတွေ သိလိုက်ရပါတယ်။ ချစ်သူအဖြစ်က ပြတ်စဲပြီး လတော်တော်ကြာမှ ပြန်ဆက်သွယ်ကြတာကို ကြည့်ရုံနဲ့ ဝီလီယံ ကိတ်အပေါ်မှာ ထားတဲ့ သံယောဇဉ်ကို လူတွေတအံ့တသြ ခန့်မှန်းမိခဲ့ကြသလို သူတို့ရဲ့ စေ့စပ်သတင်းကိုလည်း မကြာခင်ကြားရတော့မယ်လို့ ထင်ကြေးတွေ ပေးလာကြပါတယ်။

အားလုံးမျှော်လင့်ထားတဲ့အတိုင်း ရည်စားသက်တမ်း ၇နှစ်လောက်အကြာ အောက်တိုဘာ ၂၀၁၀ မှာ ဝီလီယံက ကိတ်ကို လက်ထပ်ခွင့် တောင်းခဲ့ပါတော့တယ်။ အာဖရိကအရှေ့ပိုင်း ကင်ညာနိုင်ငံကို အတူထွက်ခဲ့တဲ့ခရီးမှာ မိခင်ဖြစ်သူ ဒိုင်ယာနာရဲ့ စေ့စပ်လက်စွပ်ကို သုံးပတ်လောက် သွားလေရာသယ်ဆောင်ခဲ့ပြီး အသင့်တော်ဆုံးအချိန်ရောက်မှ ဝီလီယံတောင်းခဲ့တဲ့ လက်ထပ်ခွင့်ကို ကိတ်တစ်ယောက် ယောင်လို့တောင်မှ ငြင်းဆန်ဖို့ တွေးမိပါ့မလားနော်း) ၂၀၁၀ နိုဝင်ဘာမှာတော့ သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို တရားဝင်ကြေငြာခဲ့ပါတယ်။

ကြေညာပြီးတဲ့အခါမှာတော့ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကသဘာဝအတိုင်း ဝမ်းမြောက်ဝမ်းသာနဲ့ မင်္ဂလာပွဲကို စိတ်ဝင်တစား ကြိုဆိုကြတဲ့သူတွေ ရှိသလို၊ အရပ်သူဘဝကနေ ဗြိတိန်နိုင်ငံရဲ့ မိဖုရားအလောင်းအလျာဘဝကို ရောက်ရတော့မယ့် ကိတ်အပေါ်မှာ ဝေဖန်သံတွေလဲ (အထူးသဖြင့် အင်တာနက် စာမျက်နှာတွေပေါ်မှာ) မစဲအောင် ထွက်လာပါတော့တယ်။ YouTube မှာဆိုရင်လည်း ကိတ် ဓာတ်ပုံတွေနဲ့ သူ့အကြောင်း Video တွေကို အကောင်းတွေရော အဆိုးတွေပါ တွေ့နိုင်သလို ကိတ်ဟာ ဝီလီယံအတွက် သင့်တော်တဲ့ကြင်ယာတော် ဟုတ်မဟုတ် ငြင်းခုံမှုတွေလဲ သောသောညံနေတာပါပဲ။

အရပ်သူဘဝက လာသူတစ်ယောက်အနေနဲ့ ယောက္ခမ လေဒီဒိုင်ယာနာတစ်ယောက် တော်ဝင်မိသားစုထဲမှာ နေသားမကျခဲ့သလိုမျိုး အတွေ့အကြုံဆိုးတွေ ရင်ဆိုင်လာခဲ့ရရင် ကိတ် ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ စိတ်ဝင်စားစရာပါ။ သူ မကြာခဏနှိုင်းယှဉ်ခံရတဲ့ ယောက္ခမ လေဒီဒိုင်ယာနာထက် ပိုပြီး ကံကောင်းတဲ့အချက်တွေက လေဒီဒိုင်ယာနာဟာ မင်းသားကြီးချားလ်စ် (Charles) နဲ့ လက်ထပ်စဉ်တုန်းက ဘာမှမသိသေးတဲ့ နုနုနယ်နယ် ၁၉ နှစ်အရွယ်ပဲ ဖြစ်နေခဲ့ပြီး ကိတ်ကတော့ ရင့်ကျက်တည်ငြိမ်တဲ့ ၂၈ နှစ်အရွယ်မှာမှ လက်ထပ်မှာပါ။ ဝီလီယံနဲ့ ရည်းစားသက်တမ်း ကြာမြင့်ခဲ့သလို တော်ဝင်မိသားစုတွေနဲ့ အဆက်အဆံလည်း လုပ်ဖူးထားသူဆိုတော့ ကြုံတွေ့ရမှာတွေအတွက် ကြိုတင်ခန့်မှန်းပြင်ဆင်ပြီး ဖြစ်ဟန်တူပါတယ်။ နောက်တချက်က လေဒီဒိုင်ယာနာ နဲ့ ချားလ်စ်မင်းသားကြီး လက်ထပ်စဉ်ကတည်းက ချားလ်စ်ဟာ (လက်ရှိကြင်ယာတော်) ကမီးလား (Camilla) နဲ့ မရှင်းမလင်း ဖြစ်နေခဲ့ပြီး လေဒီဒိုင်ယာနာကို တော်ဝင်မိသားစုက သဘောကျတဲ့အတွက် အပြည့်အဝ မချစ်ဘဲ လက်ထပ်ခဲ့တယ်လို့ ဆိုကြပါတယ်။ ကိတ်ကိုတော့ ဝီလီယံဟာ တကယ်ကို မြတ်မြတ်နိုးနိုးရှိပုံရပြီး တော်ဝင်မိသားစုဝင်သစ်အဖြစ် တာဝန်တွေ ထမ်းဆောင်ရတော့မယ် ကိတ်ကို ကူညီဖေးမပေးမယ့်ဟန် အပြည့်ရှိတာကလည်း ကိတ်အတွက် ဝမ်းသာစရာပါ။ သာမန်အရပ်သူတစ်ယောက် ဖြစ်ခဲ့တဲ့ ကိတ်ဟာ သာမန်ပြည်သူတွေရဲ့ ဘဝတွေကို နားလည်ပေးနိုင်စွမ်းရှိတဲ့ မင်းသမီးတစ်ပါး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။

ကိတ် နဲ့ပတ်သက်ပြီး နောက်ထပ် ထင်ရှားတဲ့အချက်ကတော့ အဝတ်အစား ဝတ်တတ်ပုံပါ။ တောင်းမှာအကွပ် လူမှာအဝတ်ဆိုသလို ကိုယ်နေဟန်ထား ဝတ်ပုံစားပုံအင်မတန် အရေးကြီးတဲ့ သူတို့အသိုင်းအဝိုင်းမှာ ကိတ်ဟာ နေရာဒေသ အခမ်းအနားနဲ့ ကိုက်ညီအောင် အိနြေ္ဒရရ ကျက်သရေရှိရှိ ဝတ်တတ်စားတတ်သူလို့ အင်မတန် နာမည်ကြီးပါတယ်။ People မဂ္ဂဇင်းရဲ့ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ် အဝတ်အစား အဝတ်တတ်ဆုံးသူတွေ စာရင်းမှာ ပါခဲ့သလို ၂၀၀၈ ခုနှစ် ဂျူလိုင်လထုတ် Vanity Faire မဂ္ဂဇင်းရဲ့ နိုင်ငံတကာ အဝတ်အစား အဝတ်တတ်ဆုံးသူတွေ စာရင်းမှာလည်း ပါခဲ့ပါတယ်။ Jigsaw အမျိုးသမီး အဝတ်အထည်လုပ်ငန်းမှာ Accessory အဝယ်တော်အဖြစ် လုပ်ကိုင်ခဲ့ပြီး အခုလောလောဆယ် ကျွမ်းကျင်ဓာတ်ပုံပညာရှင် ဖြစ်ဖို့ ကြိုးစားနေတဲ့ ကိတ် လုပ်ငန်းခွင်မှာဝတ်တဲ့ အဝတ်အစားတွေဟာလည်း မိန်းကလေးပေါင်းများစွာ အတုယူရတဲ့ အဝတ်အစားဒီဇိုင်းတွေ ဖြစ်လာပါတယ်။

ချစ်စရာရုပ်ရည်လေး အပြင် နေတတ်ထိုင်တတ် ဝတ်တတ်စားတတ် ရှိလွန်းလှတဲ့ ကိတ်မှာ သူနဲ့ အမြဲနှိုင်းယှဉ်ခံရတဲ့ ယောက္ခမဖြစ်သူ လေဒီဒိုင်ယာနာလို အများအကျိုးသယ်ပိုးချင်တဲ့ နှလုံးသားလှလှတစ်စုံ ရှိခဲ့ရင်တော့ တကယ့်ကို အလှဆုံးမင်းသမီးတစ်ယောက် ဖြစ်လာမှာပါ။

အပေါ်မှာ ပြောခဲ့သလို ဒီဆယ်စုနှစ်ရဲ့ အခမ်းနားဆုံးသော မင်္ဂလာပွဲလို့ လူတွေသတ်မှတ်ထားကြတဲ့ သူတို့မင်္ဂလာပွဲကို နိုင်ငံပေါင်းများစွာမှာ တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပြီး စောင့်ကြည့်ဖို့ စိတ်အားထက်သန်နေကြတဲ့ လူပေါင်းကလည်း မနည်းပါဘူး။ မနက်ဖြန်ဟာ ဗြိတိန်နိုင်ငံမှာ တရားဝင်ရုံးပိတ်ရက် ဖြစ်သွားပေမယ့် တခြားသောနိုင်ငံတွေက စိတ်ဝင်စားသူတွေဆိုရင် ရုံးမသွားဘဲ အိမ်ကနေ အလုပ်လုပ်ပြီး ကြည့်ဖို့တောင် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို လန်ဒန်အချိန် မနက် ၁၀ နာရီ (ရန်ကုန်အချိန် ညနေ ၃နာရီခွဲ၊ စင်္ကာပူအချိန် ညနေ ၅နာရီ) မှာ စတင်မှာ ဖြစ်ပြီး TV Channel တွေမှာသာမက ထူးထူးခြားခြား YouTube မှာလည်း တိုက်ရိုက်လွှင့်မယ်လို့ သိရပါတယ်။ စိတ်ဝင်စားသူတွေ အောက်က YouTube ရဲ့ The Royal Channel မှာ တိုက်ရိုက် သွားကြည့်နိုင်ပါတယ်တဲ့။

The Royal Channel – The Official Channel of the British Monarchy

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်္ဂလာပွဲမတိုင်ခင် နောက်ဆုံးအကြိမ်အဖြစ် လူထုမြင်ကွင်းကို ထွက်လာတဲ့အခါ သိသိသာသာ ကိုယ်အလေးချိန်ကျသွားတဲ့ ကိတ်ကို လူတွေတအံ့တသြ ဖြစ်ကြပါတယ်။ နှစ်ဖက်ဆွေမျိုးတွေသာ အာရုံစိုက်ခံရတဲ့ မင်္ဂလာပွဲတွေ စီစဉ်တဲ့နေရာမှာတောင် သတို့သမီးတွေဟာ အင်မတန်ပင်ပန်းကြရှာတော့ အခုလို တစ်ကမ္ဘာလုံးက အာရုံစိုက်ခံရတဲ့ မင်္ဂလာပွဲရဲ့သတို့သမီး ကိတ် ဒီလောက်ပိန်သွားတာ ဘာများအံ့သြစရာ ရှိသလဲနော်။ ဘယ်သူတွေဘာပဲပြောပြော မနက်ဖြန်မှာတော့ ကိတ်ဟာ ဒဏ္ဍာရီထဲကသတို့သမီးလေးအဖြစ် တစ်ကမ္ဘာလုံးရှေ့မှောက်မှာ မင်္ဂလာပွဲကို ဆင်နွှဲပါလိမ့်ဦးမယ်။ နတ်သမီးပုံပြင်တွေထဲမှာတော့ မင်းသားလေးနဲ့ မင်းသမီးလေး ထာဝရပျော်ရွှင်စွာ ပေါင်းကြလေသတည်းမှာ အဆုံးသတ်သွားပေမယ့် ကိတ်အတွက်တော့ ဒါဟာ အစပဲ ဖြစ်မှာပါ။ ကြီးမားလေးနက်တဲ့ တာဝန်တွေ ရှေ့လျှောက်ထမ်းဆောင်ရဦးမယ့် မင်းသမီးလေး လေဒီကိတ်အတွက် အောင်မြင်ငြိမ်းချမ်းသော ဘဝတစ်ခုရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Good Luck, Kate!

References:
http://en.wikipedia.org/wiki/Kate_Middleton
http://en.wikipedia.org/wiki/Prince_William_of_Wales
http://globalnation.inquirer.net/news/breakingnews/view/20101117-303728/Timeline-of-Prince-Williams-romance-with-Kate-Middleton
http://www.thesun.co.uk/sol/homepage/news/royalwedding/3522024/Royal-bride-Kate-Middleton-wows-crowd.html
http://www.nytimes.com/2010/11/21/weekinreview/21lyall.html
http://www.entertainment.becomegorgeous.com/celebrity_gossip/royal_wedding_live_on_youtube-4352.html
http://www.gmanews.tv/story/218834/world/william-and-kate-represent-very-much-the-21st-century-leslie-stokes-obe
http://www.youtube.com/theroyalchannel
http://www.hindustantimes.com

(ဆက်ဖတ်ချင်ရင်...း)

Wednesday, April 27, 2011

မြဘုရားဖူးခဲ့စဉ်

ဒီလဆန်းပိုင်းတုန်းက အမေ့ကျန်းမာရေး စစ်ဆေးဖို့အတွက် ထိုင်းနိုင်ငံကို ခဏရောက်ဖြစ်ခဲ့ချိန်မှာ ဘန်ကောက်မြို့ရဲ့ ကျက်သရေဆောင် မြဘုရားကို ဖူးခွင့်ရခဲ့ပါတယ်။ ဖူးခွင့်မကြုံသေးတဲ့ မောင်နှမတွေကို ပြန်ဝေမျှချင်လို့ ဒီပို့စ်လေး ရေးလိုက်တာပါး)

မြဘုရားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးအချက်က Emerald Buddha (မြဘုရား) လို့ လူတွေ ခေါ်ဝေါသမုတ်ကြတဲ့ ဆင်းတုတော်ဟာ မြသားနဲ့ ထုဆစ်ထားတာမဟုတ်ဘဲ ကြီးမားတဲ့ ကျောက်စိမ်းတုန်းကနေ ထုဆစ်ထားတဲ့ ကျောက်စိမ်းဆင်းတုတော် ဖြစ်တယ်ဆိုတာပါ။ မြဘုရားဆိုတဲ့ အခေါ်အဝေါ်ကတော့ ထိုင်းဘာသာစကားနဲ့ အစိမ်းရောင်ကို တင်စားပြောဆိုရာက အမည်တွင်သွားတယ်လို့ သိရပါတယ်။ ဆင်းတုတော်ကို ဘယ်အချိန်ကစပြီး ထုဆစ်ခဲ့တယ်ဆိုတာ သေချာမှတ်တမ်းမရှိပေမယ့် ဆင်းတုတော်ရဲ့ ပုံသဏ္ဍာန်နဲ့ အနေအထားကို ကြည့်ပြီး ၁၅ ရာစုထက် အများကြီးပိုမစောတဲ့ကာလတုန်းက ထိုင်းနိုင်ငံမြောက်ပိုင်းဒေသမှာ ထုဆစ်ခဲ့ပုံရတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့်လည်း ဆင်းတုတော်ရဲ့ တရားရှုမှတ်ပွားများနေတဲ့ ပုံသဏ္ဍာန်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ သီရိလင်္ကာနိုင်ငံ တို့ဆီက ဗုဒ္ဓဆင်းတုတော်တွေနဲ့ ဆင်တူပြီး တရားရှုမှတ်ပွားများနေပုံကလည်း ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဆင်းတုတော်တွေမှာ တွေ့ရလေ့မရှိတာကြောင့် အဲဒီနိုင်ငံ ၂ နိုင်ငံကလည်း ဖြစ်နိုင်တယ်လို့ ယူဆကြပြန်ပါတယ်။

(ထပ်မံဖြည့်စွက်ချက် - Wikipedia မှာဖေါ်ပြထားချက်အရ အိန္ဒိယနိုင်ငံမှာ ဘီစီ ၄၃ က ထုလုပ်ပူဇော်ခဲ့ပြီး နှစ်ပေါင်း၃၀၀ အကြာမှာ ပြည်တွင်းစစ်ကြောင့် သီရိလင်္ကာနိုင်ငံကို ရွှေ့ပြောင်းပင့်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အနော်ရထာမင်းက မြန်မာနိုင်ငံအတွင်းမှာ ဗုဒ္ဓသာသာပျံ့ပွားရေးအတွက် ဆင်းတုတော်ကို ပင့်ဆောင်ခွင့်ပြုဖို့ တောင်းဆိုတာကြောင့် ခွင့်ပြုခဲ့ပေမယ့် ပင့်ဆောင်လာတဲ့သင်္ဘော လမ်းမှာ လေမုန်တိုင်းမိတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံကို သွားဆိုက်ကပ်တယ်လို့ ဆိုပါတယ်။ (ကျွန်မတို့ မြန်မာတွေ ပင့်ဆောင်ကိုးကွယ်ဖို့ ကံမပါဘူးပဲ ပြောရမှာပါပဲ) အဲဒီကစလို့ ကမ္ဘောဒီးယားမှာ စံပယ်နေခဲ့ပြီး ၁၄၃၂ ခုနှစ် ထိုင်းလူမျိုးတို့ အန်ကောဝပ်ကျောင်းတော်ကို သိမ်းယူတဲ့အခါမှာ ဆင်းတုတော်ကို ပင့်ဆောင်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာပဲ အယုဒ္ဓယ၊ ကမ်ဖမ်းဖတ် (Kamphaeng Phet - အသံထွက်မှားရင် သည်းခံပါရှင်) အဲဒီနောက် လာအို နိုင်ငံတို့မှာ စံပယ်တော်မူခဲ့ပြီး နောက်ဆုံးမှာ ချင်းရိုင် (Chiang Rai) ကိုရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်)

ဆင်းတုတော်ကို ထိုင်းလူမျိုးတို့ ပြန်လည်တွေ့ရှိခဲ့တဲ့ သမိုင်းမှတ်တမ်း အကျဉ်းကတော့ အေဒီ ၁၄၃၄ မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် (Chiang Rai) ဒေသက စေတီတော်တစ်ဆူ မိုးကြိုးထိမှန်ပြီး ပြိုကျတဲ့အခါ အင်္ဂတေနုနဲ့ ပြုလုပ်ထားတဲ့ ဆင်းတုတော်တစ်ဆူကို စေတီထဲက တွေ့ခဲ့ပါတယ်။ စေတီတည်ရှိရာ ကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဟာ ဆင်းတုနှာခေါင်းတော်ပေါ်မှာ အင်္ဂတေကွာနေပြီး အထဲမှာ အစိမ်းရောင်ဖြစ်နေတာကို သတိထားမိတာနဲ့ ခွာချလိုက်တဲ့အခါ (ကျောက်စိမ်းနဲ့ ထုလုပ်ထားတဲ့) မြဘုရားဆင်းတုတော်ကို စတင်ဖူးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆင်းတုတော်စံပယ်ရာ Wat Phra Kaew (ကျောင်းတော်) ပရဝုဏ်ထဲမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ ရိုးရိုး Snapshot Camera လေးပဲ ယူသွားတာမို့လို့ အုန်းသီးနဲ့ရိုက်တဲ့ Quality လို မကောင်းတာကိုတော့ ခွင့်လွှတ်ပေးကြပါနော်း)


မြဘုရားသို့ အဝင်

အဝင်လက်မှတ်

မြင့်မြတ်တဲ့နေရာကို လေးစားတဲ့အနေနဲ့ မဝတ်ဆင်သင့်တဲ့ အဝတ်အစားတွေပုံကို ဆိုင်းဘုတ်လေးနဲ့ ပြထားတာ တွေ့ရပေမယ့် ဟိုးအရင်ကလောက် မတင်းကျပ်တော့တာ သတိထားမိပါတယ်။ ဖိနပ်ဆိုလည်း အရင်က နောက်ပိတ်မပါရင် လဲခိုင်းပေမယ့် ဒီတစ်ခါတော့ ညှပ်ဖိနပ်တွေနဲ့ သွားလာနေတဲ့ လူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ နိုင်ငံခြားသား (အထူးသဖြင့် အနောက်နိုင်ငံက) ဧည့်သည်တွေ ပိုပိုများလာတော့ စည်းကမ်းလုပ်ရတာ ပိုခက်ခဲလာလို့ ထင်ပါတယ်။

ဆင်းတုတော် (အထဲမှာ ဓာတ်ပုံပေးမရိုက်ပါဘူး။ ဒီဓာတ်ပုံလေးက လိုက်ပို့ပေးတဲ့အစ်မ အပြင်ကနေ လှမ်းရိုက်ပေးထားလို့ ရခဲ့တာပါ)

ဆင်းတုတော်ကို နွေ၊ မိုး၊ ဆောင်း သုံးရာသီအတွက် ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ သင်္ကန်းသုံးစုံကို အလှည့်ကျလဲလှယ် ပူဇော်လေ့ရှိတယ်လို့ သိရပါတယ်။ ထိုင်းဘုရင်မင်းမြတ် ကိုယ်တော်တိုင်လည်း လဲလှယ်ပူဇော်လေ့ရှိပါတယ်တဲ့ (ကျန်းမာစဉ်တုန်းက ဖြစ်မယ်ထင်ပါတယ်)။ အပေါ်ပုံထဲမှာ ကျွန်မဖူးခဲ့ရတာက နွေရာသီ သင်္ကန်းပါ။

ဆင်းတုတော်ရဲ့ မျက်နှာသစ်တော်ရေ (ကံကောင်းအောင်ဆိုပြီး ခေါင်းပေါ်မှာ ပက်ဖြန်းကြပါတယ်)

စေတီတော်များ

ရွှေတွေဝင်းနေပေမယ့် ကျွန်မတို့မြန်မာပြည်မှာလို ရွှေအစစ်နဲ့ ပူဇော်လေ့မရှိတာကို တွေ့ရပါတယ်။

ဘုရားပရဝုဏ်တစ်နေရာ

အန်ကောဝပ်ဘုရားကျောင်းပုံစံငယ်

နံရံဆေးရေးပန်းချီတွေဆီသွားတဲ့ ဝင်ပေါက်

အလုအယက် ဓာတ်ပုံရိုက်နေကြတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ

ပရဝုဏ်ထဲက နောက်တစ်နေရာ

တဝန်းထဲမှာရှိတဲ့ တော်ဝင်နန်းတော်ဟောင်း

နန်းတော်ဟောင်းထဲကို ဝင်ကြည့်လို့ရပေမယ့် အမေမောမှာစိုးတာရော၊ ခြေထောက်ခွဲစိတ်ထားတဲ့ အဖေပင်ပန်းမှာ စိုးတာကြောင့်ပါ အပြင်ကပဲ လှမ်းကြည့်ဖြစ်ခဲ့ပါတယ်။

ထွက်ပေါက်နားက အစောင့်စစ်သား

ထွက်ပေါက် (အပြင်ကနေ အထဲဘက်ကို ပြန်လှည့်ရိုက်ထားတာပါ)

အဝင်ဝမှာ Guide မငှားဖြစ်ခဲ့လို့ အချက်အလက် အရမ်းပြည့်ပြည့်စုံစုံ မသိခဲ့ရသလို သိပ်လည်း မနှံ့ခဲ့ပေမယ့် ကျွန်မရောက်ခဲ့သမျှလေးကိုပဲ ပြန်ဝေမျှလိုက်ပါတယ်။ ဘုရားဖူးခဲ့တဲ့ ကုသိုလ်ကိုလည်း သာဓုခေါ်လိုသူအားလုံးကို အမျှပေးဝေပါတယ်နော်။ အားလုံး စိတ်ငြိမ်းချမ်းကြပါစေရှင်...း)

References:
http://en.wikipedia.org/wiki/Emerald_Buddha
http://www.bangkokmag.infothai.com/emeraldhistory.htm
http://www.hotelthailand.com/thailand-activities/bangkok-activity/grand-palace-emerald-buddha-and-wat-arun-tour-bangkok-thailand.html

(ဆက်ဖတ်ချင်ရင်...း)

Friday, April 22, 2011

ကန့်သတ်ချက်မဲ့

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေ ရုံးအဆင်း ကျွန်မရဲ့ Movie Partner သူငယ်ချင်းလေးနဲ့ တွေ့ဖြစ်တော့ ရုပ်ရှင်မကြည့်ဖြစ်တာ ကြာပြီဆိုတဲ့အကြောင်း ပြောရင်းကနေ မထင်မှတ်ဘဲ ဒီ Limitless ဆိုတဲ့ ကားကို ကြည့်ဖြစ်သွားပါတယ်။ Action-thriller/Techno-thriller အမျိုးအစားကားတွေကို သိပ်မကြိုက်တတ်တဲ့ ကျွန်မတောင် အစကနေအဆုံး မျက်တောင်မခတ် စိတ်ဝင်စားသွားရတဲ့ ကားတစ်ကားပါ။

ဇာတ်လမ်းအကျဉ်းကတော့ စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ အက်ဒီမော်ရာ Eddie Morra (Bradley Cooper) ဟာ သူ စာချုပ်ချုပ်ထားတဲ့ စာအုပ်အသစ်အတွက် တစ်လုံးမှ ရေးမထွက် ဖြစ်နေချိန် (ဘဝမှာ အရှုံးကြီးရှုံးနေချိန်လို့ ပြောလို့ရလောက်အောင် ငွေလည်းမရှိ၊ အောင်မြင်မှုလည်း မရှိ၊ ချစ်သူရည်းစား လင်ဒီ Lindy (Abbie Cornish) နဲ့လည်း ပြတ်စဲပြီး ကာစအချိန်)မှာ သူရဲ့ ယောက်ဖဟောင်း (ဇနီးဟောင်းရဲ့မောင်) ဗာနွန် (Johnny Whitworth) နဲ့ မထင်မှတ်ဘဲ ပြန်တွေ့ခဲ့ပါတယ်။


တရားမဝင်ဆေးရောင်းသူအဖြစ် ကြီးပွားနေတဲ့ ယောက်ဖဟောင်း ဗာနွန်က ကိုယ်ရောစိတ်ပါ ညှိုးချုံးနေပုံရတဲ့သူ့ကို ကူညီမယ်ဆိုပြီး NZT-48 ဆိုတဲ့ ဆေးလေးတစ်လုံး အတင်းပေးခဲ့ပါတယ်။ သာမာန်လူတွေဟာ ဦးနှောက်ရဲ့ ၂၀% ကိုပဲ အသုံးချနိုင်ပေမယ့် ဒီဆေးကတော့ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ရာနှုန်းပြည့် အသုံးချစေနိုင်တယ်လို့ ပြောပါတယ်။ ဆေးကိုသောက်ကြည့်ဖို့ စိတ်အားထက်သန်မှု မရှိလှပေမယ့် အိမ်ပြန်ရောက်တဲ့အခါမှာတော့ သော့ဆွဲထုတ်ရင်းနဲ့ ပါလာတဲ့ ဆေးလုံးလေးကို “တစ်လုံးထဲနဲ့ ဘာမှ မဖြစ်လောက်ပါဘူးလေ”ဆိုတဲ့ စိတ်နဲ့ သူမြိုချပစ်လိုက်ပါတယ်။ ခဏလေးအတွင်းမှာပဲ ဆေးတန်ခိုးကြောင့် သူ့ဦးနှောက်တွေဟာ အင်မတန်ကြည်လင်လာပြီး သူ့တသက် မြင်ခဲ့ဖူးသမျှ မှတ်မိဖူးသမျှတွေဟာ လိုအပ်သလို အစီအရီ ပြန်ပေါ်လာသလို သူ့ရဲ့ အာရုံစူးစိုက်မှုဟာလည်း အင်မတန်အားကောင်း မြန်ဆန်လာတာ တွေ့ရပါတော့တယ်။ (ဒီဆေးဟာ ဦးနှောက်ထဲမှာ သိမ်းဆည်းပြီး ကာလကြာလို့ သာမာန်လူတွေ မေ့သွားတဲ့ (ပြန်ထုတ်ယူနိုင်စွမ်း မရှိတော့တဲ့) မှတ်သားထားသမျှတွေကို စနစ်တကျ ပြန်ထုတ်ယူနိုင်စွမ်း ရှိစေတာမျိုးဆိုတော့ ကွန်ပျူတာ Database ထဲမှာ Data ပေါင်းများစွာ စနစ်တကျသိမ်းပြီး လိုရင်လိုအပ်သလို ပြန်ထုတ်နိုင်တာနဲ့ အလားသဏ္ဍာန်တူတယ်လို့ ထင်မိပါတယ်)။ ဒီလို ဦးနှောက်စွမ်းရည်နဲ့ လူ့ဆင်ခြင်ဥာဏ်တွေ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ သူဟာ အချိန်ပိုင်းအတွင်းမှာ အင်မတန်ထက်မြက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ လူနောက်တစ်ယောက်လိုမျိုး အပြောင်းလဲကြီး ပြောင်းလဲသွားပါတော့တယ်။ အမြဲတမ်းရှုပ်ပွနေတဲ့ သူ့အိမ်ကို အရာရာ စနစ်တကျဖြစ်အောင် ဆက်တိုက်စီရီ ရှင်းလင်းလိုက်သလို သူရေးရမယ့် စာအုပ်အတွက်လည်း အတွေးတွေ အစီအရီရပြီး တညထဲနဲ့ စာမျက်နှာပေါင်းများစွာ ရေးထုတ်လိုက်ပါတယ်။ နောက်တနေ့ မနက်နိုးလာတဲ့ အခါမှာတော့ ဆေးရဲ့ အစွမ်ဟာ တစ်ရက်ပဲ ခံတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါပေမယ့် ဆေးကို အကြိုက်ကြီးကြိုက်တဲ့လောဘ သူ့မှာ ရှိနေခဲ့ပါပြီ။

ဆေးထပ်ရရေးအတွက် ဗာနွန်ဆီ ထပ်သွားတော့ ဗာနွန်ကို (ဘယ်သူ့လက်ချက်မှန်း မသိဘဲ) အသတ်ခံရတာနဲ့ ကြုံပါတယ်။ ဒါပေမယ့် ရဲတွေရောက်မလာခင်မှာဘဲ ဗာနွန်ဖွက်သိမ်းထားတဲ့ ဆေးအထုပ်လိုက်ကြီးကို သူရသွားပါတော့တယ်။ အဲဒီကစလို့ ဆေးတွေ ဆက်တိုက်သောက်ဖြစ်တဲ့ အက်ဒီတစ်ယောက် ဘဝအသစ်ကို စခဲ့ပါတော့တယ်။ စာအုပ်ကို ၄ ရက်နဲ့ အပြီးရေးပြီးတဲ့နောက် စာရေးခြင်းကို စွန့်လွှတ်ပြီး Stock Market နယ်ပယ်ထဲ ဝင်ရောက်တဲ့အခါ နေ့ချင်းညချင်း (Stock Market သမိုင်းမှာ မရှိခဲ့ဖူးတဲ့ နှုန်းနဲ့) ချမ်းသာလာသလို သူ့အပေါ် သံယောဇဉ်မကုန်သေးတဲ့ ချစ်သူဟောင်း လင်ဒီနဲ့လည်း ပြန်ဆက်မိသွားခဲ့ပါတယ်။ ထင်ပေါ်လို့ စင်တော်ကောက်ခံရတယ် ဆိုသလို စီးပွားရေးနယ်ပယ်မှာ သြဇာအာဏာကြီးတဲ့ လုပ်ငန်းရှင် ကားလ်ဗန်လွန်း Carl Van Loon (Robert DeNiro) ကလည်း သူ့ကို အနီးကပ်အကြံပေးဖို့ အလုပ်ခန့်ခဲ့ပါတယ်။

ဒီလိုအောင်မြင်တဲ့ဘဝသစ်ကို ရလာတဲ့ အက်ဒီအတွက် အရာရာဟာ ပန်းခင်းလမ်း မဟုတ်တာတော့ အသေအချာပါ။ NZT-48 ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ဗာနွန်ဆေးရောင်းခဲ့တဲ့ ဖောက်သည်ဟောင်းတွေ၊ ဆေးရဲ့အစွမ်းကိုသိပြီး လိုချင်သထက် လိုချင်လာသူတွေဟာ အက်ဒီ့ကို စပြီး ဒုက္ခပေးလာပါတော့တယ်။

Limitless က စင်ကာပူမှာတော့ ရုံတင်ဆဲဖြစ်တာကြောင့် သွားကြည့်ဖို့ ပြင်နေဆဲသူတွေ အရသာမပျက်အောင် ဇာတ်လမ်းအဆုံးသတ်ကို ပိတ်ကားပေါ်မှာပဲ ဆက်ရှုစားပါလို့ ပြောပါရစေနော်း) ဒီဇာတ်ကားမှာ အက်ဒီအဖြစ် သရုပ်ဆောင်တဲ့ မင်းသား Bradley Cooper ရဲ့ သရုပ်ဆောင် အရည်အသွေးကိုလည်း တော်တော်သဘောကျမိပြီး ဒီကားက သူ့ကို ပိုခိုင်မာတဲ့နေရာတစ်ခု ရစေလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီးတော့ ကျွန်မရခဲ့တဲ့ Message တွေကတော့…

၁) ဇာတ်ဝင်ခန်းတစ်ခန်းထဲမှာ အက်ဒီရဲ့ချစ်သူ လင်ဒီဟာ သူ့နောက်ကို ဆေးလိုချင်လို့ ဓားတစ်ချောင်းနဲ့သတ်ဖို့ စိတ္တဇ ဆန်ဆန် လူတစ်ယောက်လိုက်လာတဲ့အခါ ကြောက်လန့်တုန်လှုပ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း အက်ဒီဖုန်းထဲကပြောသလို ဆေးကို သောက်လိုက်ပါတယ်။ အဲဒီအခါ ဦးနှောက်တွေ ကြည်လင်ရှင်းလင်းလာပြီး ဘယ်လမ်းကြောင်းကနေ ပြေးရမယ် ဆိုတာတွေ သိမြင်လာသလို၊ အဲဒီလမ်းကြောင်းအတိုင်း တခြားဘာမှ မတွေးဘဲ ရဲရဲရင့်ရင့် ခုန်ပျံကျော်လွှားပြီး ထွက်ပြေးခဲ့ပါတယ်။ ဒီနေရာမှာ နားလည်မိတာက ကျွန်မတို့တွေဟာ အခက်အခဲကြုံတဲ့အခါမှာ စိတ်ခံစားမှုတွေ၊ ကြောက်ရွံ့တုန်လှုပ်မှုတွေ ကြောင့် ပြဿနာရဲ့ အဖြေကို ဖြေရှင်းနိုင်စွမ်း မရှိကြဘူးဆိုတာပါ။ ကိုယ့်အကြောက်တရားတွေ ခံစားချက်တွေကြောင့် ရှိနေတဲ့ လမ်းတွေ၊ လုပ်နိုင်တဲ့ လုပ်သင့်တာတွေကို လုပ်ဖို့ မစဉ်းစားနိုင် ဖြစ်နေကြတယ်လို့ မြင်မိပါတယ်။ ဇာတ်လမ်းထဲမှာတော့ NZT-48 ကြောင့်ပေမယ့် လက်တွေ့မှာလည်း စိတ်ကို တည်ငြိမ်အောင်ထားနိုင်ရင် ပြဿနာတွေ၊ အကျပ်အတည်းတွေ တော်တော်များများကို ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကျော်လွှားနိုင်တဲ့ သဘောတရားကို မြင်မိပါတယ်။

၂) ဆေးသောက်ပြီး နောက်တရက် အိပ်ယာက နိုးလာတဲ့အခါ လင်ဒီက ဆေးကို ထပ်မသောက်ချင်ကြောင်းပြောပြီး ဆက်ပြောတဲ့ စကားလေးကလည်း မှတ်သားစရာပါ။ “ဒီဆေးသောက်ပြီးတဲ့အခါမှာ ငါဘယ်တုန်းကမှ လုပ်နိုင်မယ်လို့ မထင်ခဲ့တဲ့ အရာတွေအများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် (ဒါတွေဟာ) ငါမဟုတ်ဘူးလေ” တဲ့ (အတိအကျ အမှတ်မိလို့ မှတ်မိသလို ဘာသာပြန်ရေးလိုက်ပါတယ်)။ ဒီစကားလေးက တစုံတခုရဲ့ ပံ့ပိုးမှုကြောင့် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကိုယ့်ရဲ့ တကယ့်အစစ်အမှန်မဟုတ်ရင် ဘယ်အရာမှ အဓိပ္ပါယ်မရှိဘူးဆိုတာကို ပြသနေသလိုပါပဲ။ လင်ဒီဟာ တခြားသုံးစွဲဖူးသူတွေနဲ့ မတူဘဲ ဒီဆေးအပေါ်မှာ ဖြစ်လာနိုင်တဲ့ လောဘကို တည်တည်ငြိမ်ငြိမ် ချိုးနှိမ်နိုင်ခဲ့သူပါ။

၃) နောက်တခုက NZT-48 ကို သုံးတဲ့သူဟာ အက်ဒီတစ်ယောက်ထဲ မဟုတ်ဘဲ ဗာနွန်ရဲ့ တခြားဖောက်သည်တွေလဲ ရှိသေးတယ်လို့ ဇာတ်လမ်းထဲမှာ ပါပါတယ်။ အဲဒီထဲမှာမှ အက်ဒီဟာ သမ္မတလောင်းအရွေးခံဖို့အထိ ခရီးပေါက်ခဲ့ပြီး အအောင်မြင်ဆုံးဖြစ်တယ်လို့ တွေ့ရပါတယ်။ ဒီဆေးကိုပဲ အတူတူသောက်တဲ့နေရာမှာ အက်ဒီကဘာလို့ ပိုထူးချွန်ရတာလဲလို့ ပြန်တွေးကြည့်ရင် သူဟာ ဆေးစွမ်းပြနေချိန်မှာ ဆေးစွမ်းကို မှီခိုနေရုံတင်မကဘဲ ကိုယ်တိုင် မပြတ် ဖတ်မှတ်လေ့လာ နေခဲ့ပါတယ် (ဥပမာ - ဘာသာစကားအသစ်တွေ လေ့လာပြီး ရက်ပိုင်းနဲ့ တတ်သွားတာမျိုး၊ လုပ်ရမယ့် ကိစ္စတွေအတွက် လိုအပ်တာတွေ မပြတ်ဖတ်ရင်း လေ့လာနေတာမျိုး)။ ပြီးတော့ အက်ဒီဟာ ဒီဆေးအစွမ်းကိုသုံးပြီး တိုးတက်ကြီးပွားကြောင်းကို မှန်ကန်သော သမ္မာအာဇီဝနည်းနဲ့သာ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ဒီပစ္စည်းတစ်ခုထဲကပဲ မှန်ကန်စွာ အသုံးချတတ်တဲ့လက်ထဲ ရောက်သွားရင် ပိုပြီး အစွမ်းထက်နိုင်တယ်ဆိုတာ တွေ့ရသလို၊ ဘယ်နေရာမှာမဆို တကယ်တမ်း အောင်မြင်ဖို့အတွက် ဘေးကပံ့ပိုးမှုအပြင် ကိုယ့်အစွမ်းအစလည်း မရှိမဖြစ် လိုအပ်တယ်ဆိုတာ မြင်သာပါတယ်။ သူ့လောဘအတွက် ဒုက္ခရောက်ရတာတွေလည်း ရှိပေမယ့် အသုံးချတတ်တဲ့ အက်ဒီအတွက်တော့ သူပြောသွားတဲ့ “A tablet a day and I was limitless” ဆိုသလို တကယ်ကို Limitless ဖြစ်ခဲ့ပါတယ်။

၎) နောက်ဆုံးတချက်တော့ NZT-48 ရဲ့ ကြောက်စရာ ဘေးထွက်ဆိုးကျိုးပါ။ ဒါကလည်း ဘယ်လောက်ပဲ အစွမ်းထက်တဲ့ ပစ္စည်းဖြစ်နေပါစေ ပုံမှန်သဘာဝထက် လွန်ကဲလာရင် သူနဲ့အတူ အန္တရာယ်လည်း ကပ်ပါလာနိုင်တယ်ဆိုတဲ့ သင်ခန်းစာလေးပါ။

ဒါရိုက်တာ Neil Burger ရဲ့လက်ရာ Limitless ဟာ ယုတ္တိသိပ်မတန်တဲ့ တချို့အချက်ကလေးတွေ (ဥပမာ - ဆေးသောက်ပြီး စက္ကန့်ပိုင်း အတွင်းမှာပဲ လျင်လျင်မြန်မြန် ဆေးစွမ်းပြလာတာမျိုး) ကလွဲရင် တော်တော်လေး စိတ်ဝင်စားစရာကောင်းပြီး ရုပ်ရှင်ကြိုက်သူများ ကြည့်သင့်တဲ့ ကားကောင်းတစ်ကားလို့ပဲ ဆိုချင်ပါတယ်။

ရုပ်ရှင်ရဲ့ Trailer ကို အောက်မှာကြည့်နိုင်ပါတယ်း) စင်္ကာပူမှာတော့ NC-16 အဆင့်သတ်မှတ်ထားပါတယ်။



References & Image Taken From:
http://en.wikipedia.org/wiki/Limitless
http://www.imdb.com/title/tt1219289

(ဆက်ဖတ်ချင်ရင်...း)

Thursday, April 21, 2011

Uncertain

ကျွန်မတသက် စိတ်ထဲမှာ ပထမဆုံး စွဲထင်အလွတ်ရခဲ့တဲ့ ကဗျာလေးပါ။ ဖတ်ခဲ့တုန်းက တော်တော်လေး ငယ်သေးတာကြောင့် ဘယ်နေရာမှာ ဖတ်မိပြီး ဘယ်သူရေးတယ်ဆိုတာ အတိအကျ မမှတ်မိနိုင်တော့တာ စိတ်မကောင်း ဖြစ်ရပါတယ်။ “မိုးသောက်ပန်း” လိုမျိုး ဂျာနယ်တစ်ခုမှာ ဖတ်မိပြီး ရေးသူက မြန်မာကျောင်းသားတစ်ယောက်လို့ပဲ မရေမရာ မှတ်မိပါတော့တယ် (ရေးသူနာမည်မှာ “ကျော်” ပါသလိုပေမယ့် ဝေဝေဝါးဝါးပါပဲ... ကျွန်မမှတ်မိသမျှတွေ အကုန်မှားနေတာလည်း ဖြစ်နိုင်ပါတယ်) ရေးသူကို သိတဲ့သူများရှိခဲ့ရင် ပြောပြပေးကြပါဦးနော်း)

Uncertain

Today
We can walk
We can talk

Tomorrow
Can we walk?
Can we talk?

Author Unknown (Yet)

ငယ်ငယ်က တရားသဘောတွေ ဘာမှ နားမလည်ခင်မှာတောင် ဒီကဗျာလေးရဲ့ တိုတိုရှင်းရှင်း စကားလုံးနည်းနည်းနဲ့ အဓိပ္ပါယ် အပြည့်အဝ ဖော်ကျူးနိုင်ပုံကို တအား သဘောကျပြီး အလွတ်ရခဲ့ပါတယ်။ အခုလို တွေးတောဆင်ခြင်နိုင်တဲ့ အသက်အရွယ်မှာ စိတ်ထဲမှာ ရွတ်မိတိုင်း ပိုပြီးကြိုက်မိလာလို့ အားလုံးကို ပြန်ဝေမျှလိုက်ပါတယ်။ ဖတ်သူ တွေးနိုင်သလောက် အတွေးပေါက်နိုင်တဲ့ ကဗျာလေးပါ။ ခေါင်းထဲမှာ မှတ်မိသလိုလေး ပြန်ရိုက်ထားတာမို့ စာကြောင်းနေရာ ထားပုံတွေလည်း မှားနိုင်ကြောင်း ကြိုတင်ဝန်ခံပါရစေရှင်း)

(ဆက်ဖတ်ချင်ရင်...း)

Tuesday, April 19, 2011

Chat History


အဲဒီထဲကပဲ
ကဗျာတွေ ကြွေကျတာက
ခဏ… ခဏ…

ရှိနေခြင်းသက်သက်ကပဲ ကိုယ့်ကို...
ပိုများ နှိပ်စက်နေလေသလား…

စွန့်ပစ်ဖို့ အတွေးဝါးဝါးကိုက
(ကိုယ့်အတွက်) ခါးသက်နေပြန်တော့
အခက်ကြီးခက်ပေါ့ကွယ်…

အအိုအဟောင်းတွေကို
ဘယ်တုန်းကများ
ကိုယ်… အကောင်းလုပ်ပြီး
သိမ်းဆည်းတတ်သွားပါလိမ့်…

ပြတ်သားမှုကို
ရုပ်ဝတ္ထုတစ်ခုခုလို ဝယ်လို့များရရင်
ပိုက်ဆံကလေးစု
အခုပဲ ပြေးဝယ်လိုက်ချင်ရဲ့…

အဲဒီစကားတွေ
လှဖူးပေမယ့်
မ…လှ…တော့…ဘူး…လေ…ကွယ်…
ရယ်… လို့…
ကိုယ့်ကိုယ်ကို
အကြိမ်ကြိမ်ဆုံးမ
အကြိမ်ကြိမ် တရားချပေမယ့်…

Delete ကို လက်ကရွယ်တိုင်း
ရင်တွေ အရိုင်းဆန်ဆန်
ကပြောင်းကပြန်နိုင်နေလိုက်ပုံများ
နှစ်တွေဘယ်လောက်ခြားသည်အထိ
ကိုယ်ငြိတွယ်နေဦးမှာတဲ့လဲ…
ဒါသည်လည်း မသဲကွဲ…

အဲဒီထဲကပဲ
ကဗျာတွေကတော့
ခဏ ခဏ
မစဲဘဲ…
တသဲသဲ…
ကြွေ…ကျ… ဆဲ…

ရွှေပြည်သူ
(10:16 PM ~ 19-April-2010)

(ဆက်ဖတ်ချင်ရင်...း)

Saturday, April 16, 2011

သိင်္ဂါရရေစင်

“မဏ္ဍပ်ပြီးခါနီးပြီလား…”
“အင်း…”
“ငါ ဘာကူလုပ်ပေးရဦးမလဲ…”
“ဟာ ရတယ် နေပါ… ခက်တို့လည်း ကူနေတာပဲ…”
“သြော်…”
“မျက်နှာက ဘာဖြစ်သွားတာလဲ…”
“ဘာဖြစ်လို့လည်း… ဒါပေမယ့် ငါနှစ်တိုင်း ကူလုပ်ပေးနေကျပဲ…”
“အင်းပါ... ဒါပေမယ့်…”
“အိမ်ပြန်တော့မယ်…”
“ဟင်… အခုလား…”
“အင်း….”
“ဟာ နေဦးလေ…”
“…………………..”
“အာ…”

==================================================================

သင်္ကြန်မှာ လူတစ်ယောက်နဲ့ တစ်ယောက် ရေလောင်းကြတာ ဘာများဆန်းသလဲနော်…
ဒီလိုပဲ သူမ သူ့ကို ရေလောင်းတာလည်း ဘာမှဆန်းမှာမဟုတ်…


“ဟုတ်တယ်”

စိတ်ထဲမှာ တိုးတိုးရွတ်ပြီး ကိုယ့်ဘာသာအားပေးရင်း လက်ထဲက ဖလားလေးကို ပိုပင့်လိုက်မိတော့ သူမလက်တွေ တုန်နေပြန်သည်။ သူမ တသက်ကြုံခဲ့ဖူးသမျှ သင်္ကြန်တိုင်း သူ့ကို ရေပက်ခဲ့ဖူးသည်ချည်းသာ။ ဘာဆိုဘာမှ မဆန်း။ ဒီနှစ်ကျမှ သူမ ဘာတွေ စိတ်လှုပ်ရှားနေရတာလဲ။ ဒီနေ့အတက်နေ့… ဒီနေ့မှ မပက်ဖြစ်ရင် ဒီနှစ်သူ့ကို ရေပက်လိုက်ရမှာ မဟုတ်တော့...

သူတို့ မဏ္ဍပ်က သူမတို့အိမ်ရှေ့တည့်တည့်မှာ။ သူတို့ရပ်ကွက်ထက် အကွက်အကွင်းပိုကောင်းတဲ့ သူမတို့ရပ်ကွက်မှာ အိမ်ရှေ့အိမ်နဲ့ ညှိယူပြီး သူတို့နှစ်တိုင်း မဏ္ဍပ်လာဆောက်တတ်သည်။ ဒီနှစ်လည်း ခါတိုင်းလိုပဲ သူတို့ မဏ္ဍပ်လုပ်ဖြစ်ပေမယ့် သူမကတော့ ခါတိုင်းနှစ်တွေလို အကြိုနေ့ကနေ အတက်နေ့ မဏ္ဍပ်ဖျက်တဲ့အထိ မဏ္ဍပ်က တဖဝါးမှ မခွာသူ မလုပ်ဖြစ်တော့။ သီချင်းသံတွေ လူသံတွေ ဘယ်လောက်ကြားကြား မသွားဘဲ နေနိုင်တာကိုပဲ ကိုယ့်ကိုယ်ကို အံ့သြနေမိသည်။ ဘာကြောင့် မသွားချင်လဲဆိုတာလဲ နားမလည်။ သင်္ကြန်မတိုင်ခင် ဟိုတညနေ ကြောင့်များလား… သူမ စိတ်ကောက်နေမိတာလား။ မဟုတ်သေးပါဘူး… သူမ စိတ်ကောက်တတ်သူလည်း မဟုတ်ပြန်ပါ။

အကျနေ့ညနေတုန်းက သူမအိမ်ထဲကို သူ အိမ်ရှေ့ပလက်ဖောင်းပေါ်ကနေ လှမ်းကဲကြည့်နေတာ ခန်းဆီးနောက်က မြင်လိုက်ရသည်။ မျက်ခုံးထူတန်းတန်းတွေ အောက်က သူ့မျက်လုံးတွေကို သေချာသရုပ်မခွဲတတ်ပေမယ့် စိတ်ထဲမှာ ဘာမှန်းမသိတဲ့ အရာတစ်ခု ဖြတ်ပြေးသွားသလိုပင်…။ အဲဒီနေ့ကစလို့ သူမ သူ့ကို ရေလောင်းချင်နေခဲ့မိသည်။

အဲဒီနောက်ပိုင်းရက်တွေ သူ့အရိပ်ကို မတွေ့ရတော့။ မဏ္ဍပ်မှာ တကယ်ပဲ အလုပ်ရှုပ်နေလို့လား။ မူးပဲ မူးနေလား။ ခက်နဲ့ပဲ ပျော်နေလေသလား… အတွေးပေါင်းစုံက သူမကို နှိပ်စက်သထက် နှိပ်စက်လာတုန်း… သတိထားမိတော့ သူမ အိမ်ရှေ့ပလက်ဖောင်းပေါ်တောင် ရောက်နေခဲ့ပြီ။ ကားလမ်းတဖက် မဏ္ဍပ်က ထွက်နေတဲ့ ရေတန်းမှုန်ဝါးဝါးတွေကြားမှာ သူ့ကို ရှာမိသည်။ မတွေ့။ ကားလမ်းဖြတ်ပြီး မဏ္ဍပ်ဘေးရောက်တော့ ရေပက်နေသူတွေ ကြားမှာ… သီချင်းနဲ့ ခုန်ပေါက်နေသူတွေကြားမှာ… သူမ ခေါင်းတွေခြာခြာလည်ရင်း သူ့ကို ရှာမိသည်။ သူမ ခေါင်းတွေ မူးလုလု ဖြစ်လာသည်အထိ မတွေ့တော့ ဖလားလေးပိုက် မတ်တပ်ရပ်ရင်း အားငယ်လာသည်။

“နွေ…”

နောက်နားဆီကလိုလို ခေါ်သံကြားလို့ ကြည့်လိုက်တော့… သူ။ မျိုးပိုင်တို့နဲ့ စကားရပ်ပြောနေပုံရသည်။ လက်ကလေးပိုက်ရင်း သူမကို အံ့အားသင့်သလို ကြည့်နေသည်။ သူမ မျှော်လင့်ထားသလောက်လဲ သူရေတွေ စိုမနေပါ။ သူမ ကြောင်ကြည့်နေတုန်း သူ ခပ်သွက်သွက် လျှောက်လာသည်။

“နေကောင်းရဲ့လား…” နွေးထွေးတဲ့ သူ့အသံအကြားမှာ ဘာကိုမှန်းမသိ သူမ ဝမ်းနည်းလာသည်။ သူမ ခေါင်းကို ငြိမ့်ပြလိုက်သည်။
“ပျောက်နေလို့ နေများမကောင်းဘူးလားလို့”
သူက တချက်ပြုံးကြည့်ပြီး ပိုက်တွေဘက် မေးထိုးပြရင်း…
“ပက်မလား…”
“မပက်ဘူး… ဟို… ပက်မယ်…” ပြောလည်းပြော ဖလားကိုလည်း မြှောက်ပြလိုက်တော့ သူနားမလည်သလို ကြည့်သည်။
“ဖလားနဲ့ ပက်မလို့? ကားတွေကို? နင် တကယ်နေကောင်းရဲ့လား…”
သူပြောပြောဆိုဆို ထင်မှတ်မထားဘဲ သူမနဖူးကို ဖြတ်ကနဲ လှမ်းစမ်းသည်။ သူမ မရှောင်မိ။ ကတုန်ကယင်နဲ့ ပါးစပ်ထဲ တွေ့ကရာသာ ပြောချမိသည်။
“ငါက နင်မူးနေပြီထင်တာ…”
သူ့လက်တွေ ရုတ်သွားပြီး…
“မမူးပါဘူးဟာ။ သင်္ကြန်ကို မူးရူးပြီး ဖြတ်ကျော်တဲ့သူတွေကို အထင်သေးတဲ့သူ ရှိလို့…” သူပြုံးစစနဲ့ပြောတော့…
“ဘယ်သူ… အို…” သူမ မေးမယ်ပြင်ပြီးမှ ပြီးခဲ့တဲ့နှစ် သူမူးနေတုန်း သူမဘေးက ပွစိပွစိထိုင်ပြောခဲ့တာကို အမှတ်ရပြီး ရှက်သလိုလိုစိတ်နဲ့ ခေါင်းငုံ့လိုက်မိပြန်သည်။
“မဏ္ဍပ်ကိုလည်း ကိုကြီးဖြိုး မရှိတော့ ငါပဲ ကြည့်နေရတာ။ ရေတောင် မဆော့ဖြစ်ဘူး။ ဟိုအပေါ်ကို တက်ကိုမတက်ဖြစ်တာ။ စင်ဘက်ကို မင်းနောင်ကို တာဝန်ပေးထားတယ်”

သူမေးထိုးပြရာ လိုက်ကြည့်တော့ ရေပက်တဲ့စင်ပေါ်မှာ ခက်နဲ့ ပိုက်တစ်ချောင်းထဲ အတူပက်နေတဲ့ မင်းနောင်ဆိုသူကို တွေ့လိုက်ရသည်။

“ဟင်… အဲဒီမင်းနောင်ဆိုတဲ့တစ်ယောက်က ခက်နဲ့…”
“အင်းလေ… အခုမှ ဘာတွေ တရေးနိုးနေတာလဲ။ လူတိုင်းသိတဲ့ ကိစ္စကို…” သူ ရယ်ဟဟလေးပြောတော့ သူမ ရင်ထဲကို အပျော်တွေစီးဝင်သွားလိုက်ပုံများ ကိုယ့်ဘာသာတောင် ရှက်မိသွားသည်။ သူက ပြုံးစိစိမျက်နှာပေးနဲ့ အသံနှိမ့်ရင်း…

“သိတဲ့အတိုင်း ခက်က ငပျင်းလေး။ မင်းနောင် မျက်နှာကြောင့် ဒီနှစ် မဏ္ဍပ်ကိစ္စတွေ ကူလုပ်ပေးနေတာ။”

သူမ အသံထွက်ရယ်ရင်း ခေါင်းငြိမ့်တာကို ပြုံးကြည့်ရင်း သူဆက်ပြောသည်…

“နင့်ကို မကူခိုင်းတာ အန်တီမွန်က နင်ဖျားသေးတယ်လို့ ပြောနေတာ ကြားမိလို့ပါ။ မဏ္ဍပ်ဆောက်တာ ကူရင်း နင် ပင်ပန်းလို့ ထပ်ဖျားရင် တကယ့်သင်္ကြန်မှာ ရေမဆော့နိုင်တော့မှာ စိုးလို့…။ အဲဒီနေ့က စိတ်ဆိုးသွားတာလား”

သူ့အသံက တိုးလျပြီးနူးညံ့လွန်းနေသည်။ သူ စကားကို အဲဒီလို နူးနူးညံ့ညံ့ ပြောတတ်မှန်းတောင် သူမ မသိခဲ့။ သူမ ခေါင်းကိုသာ ခါပြမိသည်။ ရင်ထဲမှာလည်း တုန်ရင်နေသည်။

“ငါ… နင့်ကို ရေပက်မလို့လာတာ…” သူမ ခပ်တိုးတိုးပြောတော့ သူက လက်ထဲကဖလားကို ဆွဲယူရင်း…
“သင်္ကြန်ရေဆိုတာ ကျန်းမာရေးအတွက် ကောင်းတယ်တဲ့။ နင်က ပိုလိုအပ်တယ်။ ငါပဲ နင့်ကို ပက်မယ်… ဖြစ်လား...”

သူ့ကို ပက်ချင်နေတဲ့သူမ... ရုတ်တရက် ဘာဖြေရမှန်းမသိဘဲ ကြောင်အမ်းအမ်းနဲ့ မော့ကြည့်တော့ သူ သူမ မျက်လုံးတွေကို ချိုမြစွာ စိုက်ကြည့်ရင်း…

“နောက်နှစ်တွေ ပုန်းမနေနဲ့တော့နော်…” သူ့စကားအဆုံးမှာပဲ ပုခုံးပေါ်ကနေ တငြိမ့်ငြိမ့်နဲ့ အေးမြမြလေး စီးကျလာတဲ့ သင်္ကြန်ရေရဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။ ကြည်နူးမှုတို့နဲ့ သူမမျက်လုံးတွေ ခဏမိတ်လိုက်မိသည်။

အို ပိတ်ထားတဲ့ သူမ မျက်လုံးထဲမှာတောင် ကောင်းကင်ကြီးကလည်း ပိုပြာလို့၊ ပိတောက်တွေကလည်း ပိုဝါလို့… သင်္ကြန်ဟာ အတောက်ပဆုံးအရောင်အဆင်းနဲ့ ဝင်းဝင်းပပ အလှကြီးလှနေလိုက်တာကွယ်…

ရွှေပြည်သူ
(12:18 AM ~ 16-Apr-2010)

သင်္ကြန် Mood ဝင်နေလို့ သင်္ကြန်ဇာတ်လမ်းလေး နောက်တစ်ပုဒ် ရေးချဖြစ်သွားပါတယ်း) ဇာတ်လမ်းက ရိုးစင်းပြီး ဖတ်ရတာ ပျင်းစရာဖြစ်နေရင် ခွင့်လွှတ်ပေးကြပါနော်။ ကြိုးစားပြီး ရေးထားတာဖြစ်ပေမယ့် ဒီဇာတ်လမ်းရေးတဲ့အချိန်မှာ ခေါင်းက မကြည်မလင်ဖြစ်နေလို့ပါ (ကိုယ့်ဘာသာ ညံ့ရင်ညံ့တယ် မပြောဘဲ လျှောက်ပြီး အယူခံတွေဝင်နေတား))

၂၀၀၉ ခုနှစ်သင်္ကြန်တုန်းက ရေးခဲ့တဲ့ “ပိတောက်ပွင့်ချိန်” ဆိုတဲ့ သင်္ကြန်ဇာတ်လမ်းလေးကိုလည်း ဒီမှာ သွားရောက်ဖတ်ကြည့်နိုင်ပါတယ်း)

(ဆက်ဖတ်ချင်ရင်...း)

Wednesday, April 13, 2011

သင်္ကြန်တမ်းချင်း

သင်္ကြန်အကြိုနေ့…

ညနေတောင် စောင်းလုပြီ…။

မြ အိမ်ရှေ့က ပက်လက်ကုလားထိုင်လေးဘေးကို မှီရင်း ခပ်ကျုံ့ကျုံ့နွဲ့နွဲ့လေး ထိုင်နေသည်။ ဘေးနားက ဓာတ်ပြားစက်ကနေ ကိုနှင်းအောင်အကြိုက် တယောသံချိုအီအီလေး တလွင့်လွင့် ထွက်လို့။ ဆံပင်ထူထဲထဲကို ညာဘက်စောင်းသပ်ချရင်း အိမ်ရှေ့က လူသူမပြတ်လှတဲ့ လမ်းလေးကို ငေးရီရီကြည့်နေသည်။

မနက်က မြို့လယ်မဏ္ဍပ်ရဲ့ စတုဒီသာအတွက် ဒေါ်ဒေါ်အေးတို့နဲ့ ဝိုင်းကူညီခဲ့ရတာ တော်တော်ပန်းသွားသည်။ လက်မောင်းနှစ်ဖက်စလုံး နာလို့။ ဒီထက် ပိုနာရတာက မြ စိတ်နှလုံးရယ်ပါ။


“ဟိုက ပြန်လာမှာ မဟုတ်တာကိုများ ခုထိ တမျှော်မျှော်နဲ့အေ။ မြင်ရတာ စိတ်ကို မချမ်းသာဘူး…”

မကြားတကြားစကားသံ…။ အို… မြယောက်ျားကို မြမျှော်တာ သူတို့ စိတ်မချမ်းသာရလောက်အောင် ဘာများ ထိခိုက်နေလို့ပါလိမ့်ကွယ်။

“အင်း ဝဋ်ကြွေးတွေပေါ့…။ ဟိုက ပစ်သွားတာ ၄ နှစ်တောင် ပြည့်တော့မယ်လေ။ ငါက သနားလို့ ဦးချစ်ကြိုင်ကြီးနဲ့တောင် စပ်ပေးသေးတာ။ အမယ်လေး ငြင်းလိုက်တာများ ပစ်ပစ်ခါခါ။ အားကိုးမလိုဘူး သူ့ဟာသူ ရှာစားနိုင်သတဲ့။ ဟိုက သူ့စည်းစိမ်နဲ့ အပျိုလေးတွေ ပစ်ယူလို့ရတာကို သူမှသူ ဖြစ်နေတာ ကျေးဇူးတောင် တင်ရဦးမယ်”

“သူ့ယောက်ျားကလည်း တခြားမြို့မှာ မိန်းမရသွားသလိုလို ကြားတယ်။ သူ့ကိုတော့ ပြန်မပြောကြနဲ့ပေါ့အေ”

ကရုဏာ သကာဖုံးသလိုလိုနဲ့ မြ မရှိဘူး ထင်ပြီး အမနာပ အားပါးတရ ပြောနေကြတဲ့စကားတွေ။ ဝဲတက်လာတဲ့ မျက်ရည်စကို သုတ်ဖို့၊ နားကို ပိတ်ပစ်ဖို့တောင် လက်တွေက မအား။ နှုတ်ခမ်းပါးပါးကိုသာ ခပ်နာနာ ဖိကိုက်လိုက်ရသည်။

“ဟော မြ… ပေးပေး အလေးကြီးတွေ မ မနဲ့လေ။ ကျွန်တော် ကူသယ်ပေးမှာပေါ့။ သန်းမောင်ကို အားကိုးစမ်းပါ။ ဟဲဟဲ…”

အို ဒီလူ လာပြန်ပြီ။ မြ စိတ်ရှုပ်သွားသည်။

“ရပါတယ် ကိုသန်းမောင်။ မြ နိုင်ပါတယ်။ ဒါက ပေါ့ပေါ့လေးရယ်ပါ။” ပြောလည်းပြော ဝေးရာကိုလည်း လှမ်းအထွက်…

“မြတို့များဗျာ… ကြာလေ လှလေပဲ။ ဘာဆေးတွေများ စားသလဲ မသိဘူး”

မြ အနောက်တည့်တည့်ကနေ ထွက်လာတဲ့ ကိုသန်းမောင် အသံနဲ့အတူ စောစောက မြအကြောင်း ပြောနေကြတဲ့ မဟာကရုဏာရှင်အဖွဲ့ရဲ့ အကြည့်စူးစူးတွေက မြရှိရာကို စုပြုံကျရောက်လာသည်။ မြ အခိုးအငွေ့အဖြစ် ပျံ့လွင့်ပြီး ကိုနှင်းအောင်ရှိရာကိုသာ လွင့်ပါးသွားလိုက်ချင်တော့သည်။

“ဘယ်များ ရောက်နေသလဲ ကိုနှင်းအောင်ရယ်…”

တကယ်တော့ မြကို ကိုနှင်းအောင် မပစ်တာ မြယုံသည်။ သုံးတန်ခူးမြောက်ရင် သင်္ကြန်အမီဆက်ဆက် ပြန်ခဲ့မယ်လို့ သေချာကတိပေးခဲ့တာ မြရင်ထဲမှာ အမြဲရှိသည်။ သုံးနှစ်ကျော်လို့ ၄ နှစ်ပြည့်လုလုအထိ အဆက်အသွယ်တွေ ဆိတ်သုန်းခဲ့ပေမယ့် ဒီနေ့အထိသူပြန်လာမှာကို မြက အကြွင်းမဲ့ ယုံကြည်နေဆဲ။ တနယ်တကျေး အဝေးထွက်ပြီး ဒီလောက်တောင် စီးပွားရှာဖို့ လိုသလားရယ်လို့ ငြိုငြင်စိတ်ကလေး ဝင်မိပေမယ့် ကိုနှင်းအောင်အပေါ် မြတစ်ရက်ကလေးမှ မေတ္တာမပျက်ခဲ့။ လေးနှစ်လေးမိုးအတွင်း အလွမ်းစိတ်နဲ့ တိုးလို့တောင် ချစ်မိသေးသည် ထင်သည်။ ဒါပေမယ့်လည်း ကျောက်ဆိုင်ကျောက်သားများတောင် နှဲ့ပါများရင် ယိုင်တတ်သလို မြ ယုံကြည်မှုတို့လည်း တခါတလေ ဘေးစကားတွေကြောင့် ယိုင်နဲ့ရင်း စိတ်နှလုံးတို့လည်း နာကျင်လှပါပြီ…

“မျှော်ရတာ အမောဆို့လုပြီ ကိုနှင်းအောင်ရယ်။ မြန်မြန် ပြန်လာပါတော့…”

“ဝေး…”

အိမ်ရှေ့က ဖြတ်ပြေးသွားတဲ့ ကလေးလေးတွေ အသံကြောင့် မြစိတ်တို့ ပစ္စုပ္ပန်ကို ပြန်ရောက်လာပြန်သည်။ အိမ်ရှေ့လမ်းကလေးမှာ ကိုနှင်းအောင်ရဲ့ အရိပ်အယောင်လေးကိုသော်မှ မမြင်ရ။ တခါတလေ ကိုယ့်စိတ်ကိုယ် လှည့်စားပြီး မြင်ယောင်ချင်စိတ်ကလေးများတောင် ပေါ်မိသည်။ အမှောင်ထုကတစတစ ကြီးစိုးလာခဲ့ပြီ။ မီးခွက်ကလေး ထွန်းဖို့ မြအသာအယာထတော့ ဓာတ်ပြားစက်ကလေးက ဘာသံမှ မထွက်တော့ဘဲ တရှဲရှဲမြည်နေဆဲ။ မြ ဝမ်းနည်းစိတ်နဲ့ အိပ်ခန်းမှောင်မှောင်လေးထဲကိုသာ တရွေ့ရွေ့ဝင်သွားမိသည်။

==================================================================

သင်္ကြန်ရက်တွေ တစ်ရက်ပြီး တစ်ရက်ကို ဓာတ်ပြားစက် အဟောင်းလေး အဖော်ပြုရင်း မြတိတ်ဆိတ်စွာ ဖြတ်သန်းခဲ့သည်။

==================================================================

သင်္ကြန် အတက်နေ့...

မြ ဝမ်းနည်းအားငယ်စိတ်နဲ့ အိပ်ယာနိုးလာသည်။ ဒီတစ်ရက်ပြီးရင်ဆိုတဲ့ အတွေးကို မြမတွေးရဲ။ နောက်တစ်နှစ်ကို မြဘယ်လို အင်အားနဲ့ ဖြတ်သန်းရမလဲဆိုတာ မမှန်းဆရဲ…။ ကိုနှင်းအောင်ကိုလည်း ဒီနေ့မှ ပိုလို့ လွမ်းမိသည်။ မြနဲ့သူ စဆုံတွေ့ခဲ့တာလည်း ဒီလို သင်္ကြန်အတက်နေ့။ အဲဒီနောက် တစ်နှစ်အကြာ ကိုနှင်းအောင်မေတ္တာကို မြလက်ခံခဲ့တာလည်း ဒီလို သင်္ကြန်အတက်နေ့။ မြ မျှော်လင့်ချက်ကလေး ရေးရေးတော့ ထားချင်ပါသေးသည်။

ကြောက်လန့်အားငယ်စွာနဲ့ ဖြတ်သန်းခဲ့တဲ့ အတက်နေ့လည်း ညနေစောင်းခဲ့ပြီ။ မှုန်ပြပြသာ ကျန်တဲ့ အလင်းအောက်မှာ မီးခွက်လေးထွန်းဖို့တောင် မြမှာ အင်အားမရှိတော့။ ဓာတ်ပြားစက်ကလေးကို ပိတ်ပြီး တံခါးကို ပိတ်ဖို့ပြန်အလှည့်...

“မြ…”

ပက်လက်ကုလားထိုင်နားမှာ မားမားရပ်နေတဲ့ အရိပ်တစ်ခု။ မြ အမြဲတမ်းတ မျှော်လင့်ခဲ့ရတဲ့ သဏ္ဍာန်၊ နောက် အသံ။

“ကိုနှင်းအောင်…”

မြ ကတုန်ကယင် လွှတ်ကနဲခေါ်လိုက်မိသည်ထင်သည်။ နောက် မြ မျက်လုံးတွေ ပြာဝေရာက မှောင်အတိ ကျသွားသလား ဆိုတာတောင် မရေရာတော့…

“မြရယ်… အကြာကြီး ဖြစ်သွားတာ ကိုနှင်းအောင်ကို ခွင့်လွှတ်ပါ…။ တို့ရှေ့ရေးအတွက်…”

မြ ရီဝေဝေအသိထဲမှာ ကိုနှင်းအောင် အသံကို မသဲမကွဲ ကြားနေရသည်။ အိပ်ယာဘေးမှာ မီးခွက်ကလေးလည်း ခပ်ပြပြလင်းလို့။ တကယ်လား… မြ အကြိမ်ကြိမ် မက်ခဲ့တဲ့ အိပ်မက်ကိုပဲ ထပ်မက်နေတာလားကွယ်…။ နောက် မြ အိပ်ပျော်သွားသည် ထင်သည်။

သုတ်သုတ်ဖြူးဖြူး လေးညှင်းလေး မျက်နှာပေါ် ခပ်ဖွဖွလာအထိမှာ မြ ဖျတ်ကနဲ နိုးလာသည်။ နေခြည်တောင် နုနုလေး ရှိသေးသည်။

“ကိုနှင်းအောင်”

မျက်လုံးတောင်သေချာ မဖွင့်နိုင်သေးခင် ကယောင်ကတမ်းခေါ်ရင်း အတင်းကုန်းအထ နူးညံ့တဲ့ လက်ဖဝါးတစ်ခုက မြနဖူးပြင်ကို ဖွဖွစမ်းသည်။

“မြ… နိုးပြီးလားဟင်”

အို ကိုနှင်းအောင်မှ ကိုနှင်းအောင်အစစ်…။ မြ စကားတလုံးမှ မဆိုမိ။ ကိုနှင်းအောင် မျက်နှာကို စေ့စေ့ကြည့်ရင်း မျက်ရည်တို့ တတွေတွေကျလာသည်။

“မြ ဒီနှစ်တွေမှာ သိပ်ပင်ပန်းခဲ့မှာပဲကွယ်…”

မြ ကိုနှင်းအောင်လက်တွေကို လှမ်းဆုပ်လိုက်သည်။ နောက် ခေါင်းကို ခါသည်။ ပြီးတော့ တိုးတိုးပြောသည်။

“နောက်ကို ဘယ်မှ မသွားပါနဲ့တော့ ကိုနှင်းအောင်ရယ်…နော်”

မြ ဆံပင်ထူထဲထဲလေးတွေကို သပ်ပေးရင် ကိုနှင်းအောင် ကြင်နာသော အပြုံးနဲ့ပြောသည်…

“အစ်ကို ကတိပေးပါတယ် မြရယ်။ ကဲထ… ဘုရားစင်ကို သန့်ရှင်းရေးလုပ်ရအောင်။ မင်္ဂလာရှိတဲ့ နှစ်သစ်ရောက်ပြီလေ။”

မြ မျက်ရည်တွေကြားကပြုံးရင်း ခုတင်ပေါ်က ထသည်။ ဒါပေမယ့် ကိုနှင်းအောင်လက်တွေကို မလွှတ်။ ဘယ်တော့မှလည်း မလွှတ်ချင်တော့…။ မြတို့ လက်တွေတွဲရင်း တကယ်မင်္ဂလာရှိတဲ့ နှစ်သစ်ပေါင်းများစွာကို ဖြတ်ကျော်ရဦးမည်လေ…

ရွှေပြည်သူ
(12:25 AM ~ 13-Apr-2011)

မြန်မာလူမျိုးများ တစ်ဦးအပေါ်တစ်ဦး မေတ္တာသစ္စာ အင်မတန်ခိုင်မြဲခဲ့သော၊ နူးညံ့ယဉ်ကျေးတဲ့ သင်္ကြန်အလေ့အထများ ထုံးမွှမ်းခဲ့သော၊ မူးယစ်မှု အကြမ်းဖက်မှုတွေ အင်မတန်နည်းပါးခဲ့သော သင်္ကြန်ကာလတွေရှိရာ ခေတ်တခေတ်ကို စိတ်ကူးပြီး ရေးဖွဲ့ပါသည်။

အားလုံးပျော်ရွှင်ငြိမ်းချမ်းသော သင်္ကြန်ကာလနဲ့ မြန်မာနှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေရှင်း)

(ဆက်ဖတ်ချင်ရင်...း)