Wednesday, March 30, 2011

နှလုံးသွင်း

အပင်မြင့်ရင် လေသင့်သလို
ပို… အတိုက်ခံရတတ်သတဲ့…
အခုတော့…
ဘာမဟုတ်တဲ့ မြက်ဖုတ်ခြောက်ချက်ကိုမှ
အတင်းခုန်တက် နင်းဖျက်ချင်ကြတာ
ဘာသဘောလဲကွယ်…

မေတ္တာဆိုတာ အသွားအပြန်ရှိသတဲ့…
မေတ္တာအစား အမုန်းတရားတချို့သာ
အလကားနေရင်း လက်သင့်ခံနေရတာ များများလာတော့
သွားတဲ့ ကိုယ့်မေတ္တာပဲ နည်းလေသလားရယ်လို့
ဘာသာ အပြစ်တင်မိပြန်တယ်…

ငါ ငါ ငါ ဆိုတာ
မပြုတ်သရွေ့
တပါးသူ အားယူ လာတွန်းတိုက်တဲ့
အစွန်းထက်ထက် အချွန်အတက် တွေနဲ့
(ကိုယ့်ကိုယ်ကို) သွေးစက်လက် ဖြစ်အောင်
တသက်တာလုံး နှိပ်စက်နေမိဦးမှာပဲ

ထားပါ…
တကယ်သာ နှလုံးသွင်းတတ်မယ်ဆို
ဒီဘဝ ဒီခန္ဓာတွေ အခါခါရဖို့
ဒီသံသရာမှာ အခါခါ နာကျင်ရဖို့…
ကိုယ်သာ…
ဆုတောင်းတွေ မှားခဲ့တာ…
အခါးတွေ များများလုပ်ခဲ့တာ…
တခြားသူ လာထိပါးဖို့ ဓားသွားတွေ ကိုယ်တိုင်သွေးခဲ့တာ…
ထင်ထင်ရှားရှား အထင်းသားပါပဲ…

ရွှေပြည်သူ
(9:01 AM ~ 30-March-2011)

(ဆက်ဖတ်ချင်ရင်...း)

Tuesday, March 29, 2011

“သက်”ပြောတဲ့ အချစ်အကြောင်း

တစ်ခါတုန်းက အချစ်နဲ့ပတ်သက်တဲ့ Quiz လေးတစ်ခု သက်ဖြေခဲ့ဖူးသည်။ ကျန်တာတွေ သေချာမမှတ်မိခဲ့ပေမယ့် အောက်ဆုံးစာကြောင်းမှာ “ဒီ Quiz ကို ဖြေနေတဲ့အချိန် တစ်စုံတစ်ယောက် သင့်စိတ်ထဲမှာ ပေါ်လာခဲ့ရင် အဲဒီလူဟာ သင်ချစ်နေတဲ့သူပဲ” လို့ ရေးထားတာလေး သေချာမှတ်မိလိုက်သည်။ အဲဒီ Quiz ဖြေနေချိန်မှာ ဘယ်သူကမှ သက်အာရုံမှာ ရှိမနေခဲ့ပေမယ့်… ခုချိန်မှာတော့ “သက်ရဲ့ အချစ်အကြောင်း” လို့ တစ်စုံတစ်ယောက်က ပြောလိုက်လေတိုင်း သူ့ပုံရိပ်က သက်အာရုံမှာ ထင်လာတတ်သည်။ ခေါင်းမာမာနဲ့ ခေါင်းကိုခါရမ်းပစ်မိလို့ ပျောက်သွားတတ်ပေမယ့် ခဏလောက်ကတော့ အမြဲ ထင်ယောင်မြဲ… ဒါဆို သူက သက်ရဲ့ “အချစ်” လားလို့ မေးစရာ ရှိပါလိမ့်မည်…

==================================================================

သူ့ကို ပုဇွန်ဆီရောင် ညနေခင်းတစ်ခုမှာ စတွေ့ခဲ့သည်။ ပုဇွန်ဆီရောင်ကို သက် မနှစ်သက်ပေမယ့် ပုဇွန်ဆီရောင်နေခြည်အောက်မှာ နူးညံ့နေတဲ့ သူ့မျက်လုံးများကိုတော့ မြင်မြင်ခြင်း နှစ်သက်သွားခဲ့သည်။ ယုံကြည်နှစ်လိုသွားခဲ့သည်။ သူက သက် သူငယ်ချင်းရဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်း။ ရယ်စရာကောင်းလောက်အောင် ဆွေမျိုးစပ်ရခက်ပေမယ့် သက်နဲ့သူ Project တစ်ခုကို Freelance အနေနဲ့ အတူတွဲလုပ်ဖို့ အကြောင်းဖန်လာခဲ့သည်။ နောက် ထင်မှတ်မထားပါဘဲ အချိန်တိုလေးအတွင်းမှာ ရင်းနှီးသွားခဲ့ကြသည်။ ပိုအံသြဖို့ကောင်းတာက သက် ဘယ်ယောက်ျားလေး အပေါ်မှာမှ မရှိခဲ့ဖူးတဲ့ ယုံကြည်နှစ်လိုခြင်းတွေ သူ့အပေါ်မှာ အလိုလိုဖွဲ့တည်လာမိခြင်း…။ အချစ်… ဟင့်အင်း… သက် သူ့ကို အဲဒီအချိန်မှာ မချစ်ခဲ့တာ သေချာသည်။

သူနဲ့သက် အခြေခံစရိုက်တွေ အကြိုက်တွေ တူခြင်းကိုက သက်တို့ကို ပိုမိုကျွမ်းဝင်စေခဲ့သည် ထင်သည်။ “Rules are made to be followed” (စည်းမျဉ်းစည်းကမ်းတွေဟာ လိုက်နာဖို့သက်သက် ဖြစ်ပေါ်လာတာ)လို့ ယုံကြည်တာချင်း၊ တစ်စုံတစ်ခု မဆုံးဖြတ်ခင် မှားမှာစိုးစိတ်နဲ့ အကြာကြီးစဉ်းစားတတ်တာချင်း၊ ကိစ္စတော်တော်များများကို ရှုမြင်တဲ့ ရှုထောင့် စတာတွေ အလွန်တူသည်။ ဒါကြောင့်လည်း Project အတွက် သိပ်မငြင်းခဲ့ရ။

Project တစ်ဝက်လောက်မှာ သက်နဲ့သူ Project နဲ့မဆိုင်ဘဲ အတူအချိန်ဖြုန်းတတ်လာသည် (သူက သက်နဲ့အတူ လျှောက်သွားတဲ့အချိန်တွေကို အချိန်“ဖြုန်း”သည်ဟု သုံးတတ်သည်) သက်တို့သွားဖြစ်တဲ့နေရာတွေက များသောအားဖြင့် ကလေးလေးတွေ ကျို့တို့ကျဲတဲရှိနေတတ်တဲ့ ပင်လယ်ကမ်းစပ်တွေ၊ မြစ်ကမ်းနားတွေ၊ ရေကန်နားတွေ ဖြစ်တတ်သည်။ သူရော သက်ပါ ရေကြိုက်ကြသည်လေ။ အဲဒီနေရာတွေမှာ ထိုင်ရင်း ကလေးတွေ စကိတ်စီးတာငေး၊ အစားအသောက်စား၊ စကားပြော အစရှိတဲ့(သူ့ရဲ့) အချိန်ဖြုန်းခြင်း အလုပ်တွေ လုပ်ရတာ သက်တကယ်ပဲ ပျော်မွေ့ခဲ့ပါသည်။ သူနဲ့စကားပြောတဲ့လူ မပျင်းရလောက်အောင် သူက နာရီပေါင်းများစွာ ရယ်စရာပြောတတ်သည်။ စကားတွေ ပြောလို့ပြီးတိုင်း သူပြောသမျှ ထိုင်ရယ်နေရတဲ့ သက်က သူ့အတွက် ပိုရယ်ဖို့ကောင်းသတဲ့။ ဒါကိုလည်း သက်ရယ်မိပြန်သည်။ ဟင့်အင်း… သက်ရင်ခုန်ကြည်နူးနေတာ မဟုတ်ခဲ့တာ အသေအချာ။ သက် ရိုးရိုးရှင်းရှင်း ပျော်နေခဲ့တာသာ ဖြစ်သည်။

သူက သက်ဘယ်လောက် ရုပ်ဆိုးကြောင်း နောက်သလိုလို အတည်လိုလို မကြာခဏ ပြောတတ်သည်။ တချိန်ထဲမှာပဲ သက်ကို အင်မတန်တော်သော ထက်သော သူတစ်ယောက်လို ယုံကြည်မှုတွေ ရှိလာအောင် သူ မေတ္တာအပြည့်နဲ့ အားပေးခဲ့သည်။ သက်နှလုံးသားကို လုံခြုံနွေးထွေးမှုပေးသော မိတ်ဆွေအနည်းငယ်ထဲမှာ သူထိပ်ဆုံးက ပါခဲ့တဲ့ ကာလများပါပဲ။

သူက သက်ပြောဖူးသမျှသော အကြောင်းအရာတွေ အဖြစ်အပျက်တွေ အားလုံးကို ဂရုတစိုက်နားထောင်တတ်သလို လပေါင်းများစွာ ကြာတဲ့အထိ အသေးစိတ်လည်း မှတ်မိနေတတ်သည်။ တချို့ကိစ္စတွေဆို သူ့ကို ပြောပြဖူးတာတောင် မေ့ပြီး “ဟင် ရှင်က ဘယ်လိုလုပ်သိတာလဲ” လို့ ပြန်မေးမိလောက်အောင် သူက ဂရုတစိုက်ရှိတတ်သည်။ ဒါပေမယ့် သက် ဆယ်ကျော်သက်အရွယ်တုန်းက ရင်ခုန်ဖူးခဲ့တဲ့ ဇာတ်လမ်းလေးကိုတော့ နားထောင်ရင်း သူ စာအုပ်တွေပေါ်မှာ အိပ်ပျော်သွားတာတော့ မှတ်မှတ်ရရ။ သက်ကတော့ သူ ကန်ဇွန်းရွက်ကြော် အလွန်ကြိုက်ပြီး မျက်မှန်နဲ့ ကောင်မလေးတွေကို သဘောကျတတ်မှန်း ဘယ်တော့မှ မမေ့တတ်ခဲ့ပေမယ့် သူ့မှာ အစ်မတစ်ယောက် ညီတစ်ယောက် ရှိတာကိုကျတော့ မေ့နေတတ်ပြန်ပြီး “ရှင့်မှာ မောင်နှမ ဘယ်နှစ်ယောက် ရှိတာလဲဟင်” လို့ မကြာခဏ မေးမိတတ်သည်။ အဲလိုမေးမိတိုင်း သူမကြိုက်။ ဖြတ်ကနဲ မျက်နှာ တည်သွားတတ်သည်။ အဲဒီကာလတွေတုန်းက သက်အာရုံထဲမှာ သူဟာ လင်းလက်လိုက် မှုန်ဝါးလိုက်ပါပဲ။

သက်မိတ်ဆက်ပေးလို့ သူနဲ့ခင်သွားတဲ့ ခပ်ချောချော သူငယ်ချင်း ကောင်မလေး သူ့ကို ဟိုနားဒီနားလိုက်ပို့ဖို့ ခဏခဏ ပြောကြောင်း သက်ကြားတော့ မပျော်သလိုလို မကျေနပ်သလိုလို ဖြစ်သည်။ ဒါသည်လည်း အချစ်မဟုတ်မှန်း သက်သေချာသိခဲ့သည်။ သူ့ကို သက်နဲ့သာ ရှိစေချင်သော Possessive ဆန်ဆန်စိတ်တမျိုးမှန်း အလန့်တကြား သတိထားမိလာတော့ သူ့အပေါ် တွယ်တာမှုအရှိန်ကို ကိုယ့်ဘာသာ လျော့ချခဲ့ရသည်။ သက် စိတ်ရှုပ်လာချိန်မှာပဲ သူက Project Deadline ကို Extend လုပ်လိုက်ပြန်သည်။ ဆက်ပြီး တာရှည်နေဦးမယ့် ဘာမှန်းမသိတဲ့ တွယ်ငြိမှုအတွက် သက် စိတ်ညစ်သွားခဲ့တာ အမှန်ဖြစ်သည်။

သက်မျက်လုံးထဲမှာ သူက တစတစ ပြီးပြည့်စုံလာသည်။ တောက်ပသလောက် အေးမြလှိုက်လှဲတဲ့ သူ့မျက်လုံးတွေက တခြားဘယ်သူ့ဆီမှာမှ မရှိနိုင်လို့ သက်ယုံကြည်ခဲ့သည်။ တခြားသောသူတွေ သူနဲ့ ပညာအရည်အချင်းမှာ ယှဉ်နိုင်သည့်တိုင်အောင် သူ့လောက်တော့ ဘယ်သူမှ စိတ်ကောင်းမရှိနိုင်လို့ မကြာခဏတွေးမိတတ်သည်။ သူကြိုက်သော ရုပ်ရှင်များကို သက်ကြိုက်တတ်လာသည်။ သူကြိုက်သော သီချင်းများကို သက် ကြိုက်သယောင်ယောင်နဲ့ တစ်ယောက်ထဲ လိုက်နားထောင်တတ်လာသည်။ သူပြောသမျှ အယူအဆတွေကို ဘက်လိုက်မှုများစွာနဲ့ ထောက်ခံတတ်လာသည်။ သက် သူ့လွှမ်းမိုးမှုတွေ ခံနေရပြီဆိုတာ သတိထားမိချိန်မှာပဲ သူကပြောသည် “ကျွန်တော် ခင်ဗျား လွှမ်းမိုးတာကို တော်တော်ခံရတယ်” တဲ့။ သက် သူ့မျက်လုံးတွေကို အံ့သြတကြီး ငေးစိုက်လို့သာ ကြည့်နေခဲ့မိသည်။

သက် စိတ်တို့ ပိုရှုပ်ထွေးလာချိန်မှာပဲ Project ပြီးသွားခဲ့သည်။ Project ကို Close လုပ်ပြီးတဲ့ ညနေမှာပဲ သူက သက်ကို ထာဝရ နှုတ်ဆက်တော့သည်။ ထင်မှတ်မထားတာကြောင့် သက် ကျောက်ရုပ်လို အေးစက်မင်သက်သွားသည်။ “လူတိုင်း တနေ့ခွဲရမှာပဲ သက်ရယ်။ စိတ်မကောင်း မဖြစ်ပါနဲ့” လို့ သူပြုံးပြီး အေးအေးဆေးဆေး ပြောချိန်မှာ “မဟုတ်ဘူး… အံ့သြနေတာ” လို့ သက် ခဏမဆိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောဖြစ်ခဲ့သည်။ အဲဒီညနေခင်းကို သက် အသေးစိတ် မမှတ်မိတော့။ သက် သူ့ကို အပြုံးနဲ့နှုတ်ဆက်ခဲ့တာ မှတ်မိသည်။ နောက်ယိုင်နဲ့တဲ့ ခြေလှမ်းတွေနဲ့ အိမ်ပြန်ရောက်လာသည်။ သက် ကိုယ့်ဘာသာ ဘာဖြစ်နေမှန်းမသိ။ ကုတင်ဘေးက ကြမ်းပြင်မှာ ကုတ်ကုတ်ကွေးကွေး ထိုင်ချလိုက်ချိန်မှာ တစ်စုံတစ်ခု လစ်ဟာနေသလို ခံစားရသည်။ ဘာလဲ… ဘာလစ်ဟာနေတာလဲ။ ကိုယ့်ဘာသာ မေးရင်း ရီဝေဝေမျက်လုံးတို့ တစ်ချက်အလက်မှာ သက် တစုံတခုကို သဘောပေါက်စွာနဲ့ လွှတ်ကနဲ ရေရွတ်မိသည်…

“သွားပြီ…”

တိုက်တိုက်ဆိုင်ဆိုင် အဲဒီညနေလည်း ပုဇွန်ဆီရောင် ညနေပဲ ဖြစ်နေပြန်သည်။

==================================================================

“သက်ရဲ့ အချစ်အကြောင်း” လို့ တစ်စုံတစ်ယောက်က ပြောလိုက်လေတိုင်း သူ့ပုံရိပ်က သက်အာရုံမှာ ထင်လာတတ်သည်။ ခေါင်းမာမာနဲ့ ခေါင်းကိုခါရမ်းပစ်မိလို့ ပျောက်သွားတတ်ပေမယ့် ခဏလောက်ကတော့ အမြဲ ထင်ယောင်မြဲ… ဒါဆို သူက သက်ရဲ့ “အချစ်” လားလို့ မေးစရာ ရှိပါလိမ့်မည်…

အဲဒီမေးခွန်းကိုတော့ သက် ဘယ်သောအခါမှ ဖြေလိမ့်မည် မဟုတ်ပါ…

ရွှေပြည်သူ
(11:14 PM ~ 29-Mar-2011)

သက်က ကျွန်မ မဟုတ်ပါဘူးရှင်း) အစ်မသက်ဝေ Tag တဲ့ “အချစ်အကြောင်း ပြောရအောင်”ကို ကြိုးစားပြီး ရေးထားတာပါ။ (ဘာရေးရမှန်းမသိလို့ နောက်ကျသွားတဲ့အတွက် အစ်မသက်ဝေကို တခါထဲ တောင်းပန်ပါတယ်နော် အစ်မး)

(ဆက်ဖတ်ချင်ရင်...း)

Monday, March 21, 2011

နေညိုရောင်တောက်ချိန်

“အိုသွေး… ဘယ်သူ့မှာ အိုသွေးရှိလဲ မသိဘူး…”

ညာလက်သုံးခု ယောင်ယမ်းပြီး ပြိုင်တူထောင်သည်။ တစ်ခုက သူရိန့်လက် ဝဝတုတ်တုတ်… ခိုင်မာပြတ်သားမှုအပြည့်နဲ့။ တစ်ခုက ပိုးဥလက် ဖြူဖြူသွယ်သွယ်လေး… ဇဝေဇဝါနဲ့။ တစ်ခုက သူမလက်… ကတုန်ကယင်နဲ့။

“လူနာအတွက် အရေးပေါ်လိုလို့ လှူနိုင်မလား”

လက်ဝဝတုတ်တုတ်က နေရာကမရွေ့။ လက်ဖြူဖြူသွယ်သွယ်လေးက အောက်နည်းနည်းဆင်းသွားသည်။

“ကျွန်မလှူမယ်…”

အသံတုန်တုန်အဆုံးမှာ လက်တုန်တုန်က အပေါ်ကို ပိုမြင့်သွားသည်။ “ဟဲ့” အာမေဋိတ်သံတိုးတိုးနဲ့ မျက်လုံးကြီးပြူးပြီး လှည့်ကြည့်တဲ့ သူ့ရိန်ကို ပြန်ကြည့်လိုက်ချိန် သူမနှုတ်ခမ်းတို့လည်း တုန်ရင်နေခဲ့ပြီ…


♦ ♦ ♦
♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦

“နင် ရူးနေလား… နင်ပဲ သွေးဆို ကြောက်လှချည်ရဲ့ဆို”

ဆေးရုံကုတင်ပေါ်မှာ ပိုက်တန်းလန်းနဲ့ ပက်လက်ကလေး မျက်စိပျက်မျက်နှာပျက်ဖြစ်နေတဲ့ သူမကို သူရိန်ဘေးနားက ကြည့်ပြီး ပွစိပွစိပြောသည်။ သူမ ပိုက်ရှိရာဘက်ကို ကြိုးကြိုးစားစား မျက်နှာလွှဲထားရင်း…

“ဟဲ့ အရေးပေါ်လိုနေတာဆိုတော့…” ခါတိုင်းလို အားရှိပါးရှိတောင် ပြန်ရန်မတွေ့နိုင်။ သူမ အသံက ကြောက်စိတ်ကြောင့် တုန်ရင် ဖျော့တော့နေသည်။

“ငါလှူမှာပေါ့ဟ…”
“အိုး... နင်တို့ တခါပြောနေတာ ကြားဖူးတယ်။ နင့်သွေးမှာ ဘာရောဂါပိုးဆိုလည်း ရှိတယ်ဆို? တော်ကြာ မတော်တဆများ… ”
“အာ… အဲဒါ စောလှိုင်တို့ ပေါက်တတ်ကရ နောက်နေတာတွေကို နင့်ဘာသာ နားစွန်နားဖျားကြားတာ။ တကယ်ရှိမှတော့ ဆရာဝန်တွေ နပ်စ်တွေကရော ငါ့သွေးကို ပေးသွင်းမှာ မို့လို့လား။ ဒီလောက်တောင် အဖြစ်သဲနေတာ နင့်ထိုက်နဲ့ နင့်ကံပဲ။ လာကြောက်မပြနဲ့။ မသနားဘူး ဟေ့။”

သူရိန် ခပ်ပြတ်ပြတ်ပြောရင်း လက်ထဲက ပန်းသီးကို ခွပ်ကနဲ ကိုက်စားပစ်သည်။ ပန်းသီးက နီရဲစိုလက်လို့။ သူမ မျက်လုံးကို ယောင်ယမ်းပိတ်လိုက်သည်။ ခုချိန်မှာ သူမ အနီရောင်ဆိုလို့ ဘာကိုမှ မမြင်ရဲ…

♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦

သူရိန်အခန်းတံခါးကို ခပ်ဖွဖွပိတ်လိုက်ချိန်မှာ သူ့မျက်လုံးတို့ ခပ်လေးလေးပွင့်လာသည်။ ပိုးဥကို ရီဝေစွာ ကြည့်သည်။ နောက် သူရိန့်ကို လှမ်းကြည့်သည်။ နောက်တော့ သူမရှိရာ မျက်လုံးတွေ ရောက်လာပြီး…

“ကျေးဇူး ထိုက်…”

ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတို့ကနေ ခပ်တိုးတိုးပြောတော့ သူမ ရင်ထဲမှာ လေးလံထိခိုက်ရသည်။ သူမ ခေါင်းငြိမ့် ပြလိုက်သည်။ သူမနဲ့ သူရိန်က ခုံတန်းရှည်ပေါ် ထိုင်ချလိုက်တော့ ပိုးဥက သူ့ဘေးမှာထိုင်ရင်း လက်တစ်ဖက်ကို ခပ်ဖွဖွ ဆုပ်ကိုင်သည်။ နောက် ပေါ့ပေါ့ပါးပါးလေး ပြုံးပြသည်။ ပိုးဥက သူ့ရည်းစားအသစ်စက်စက်လေး။ သူတို့ ကြိုက်တာ ရက်ပိုင်းလောက်ပဲ ရှိဦးမည်။ သူ့ကောင်မလေးတွေ အားလုံးက တပုံစံထဲလေးတွေပါပဲ။ မျက်လုံးဝိုင်းဝိုင်း ဖြူဖြူသွယ်သွယ်နဲ့ မျက်နှာပေါက် မျက်နှာကျ ကလေးတွေ တူသလို အရာရာကို ပေါ့ပေါ့လေး ရှုမြင်တတ်ကြပုံခြင်းလည်း တူသည်။ အင်းလေ… ဘဝရဲ့ တခြားအရာတွေကိုတော့ မသိ… သူနဲ့ရည်းစားဘဝကိုတော့ ပေါ့ပေါ့လေးတွေသာ သဘောထားကြပုံ ရသည်။ ပြတ်သွားတိုင်း ဟန်မပျက်။ သူနဲ့ အခေါ်အပြောလည်း မပျက်။

“နင် အဲလိုပုံစံဆင်တူလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေမယ့်အစား တစ်ယောက်ထဲကိုပဲ တည်တည်ငြိမ်ငြိမ် တွဲပါလား…” လို့ သူမ တစ်ခါပြောတုန်းက သူ အလေးမထားသလို ရယ်လို့သာနေခဲ့သည်။

ပိုးဥပြောသမျှ ချစ်စရာစကားလေးတွေကို ပြုံးပြီးနားထောင်နေတဲ့ သူ့မျက်လုံးတွေက နွမ်းလျလွန်းနေသည်။ သူ့ကို ဒီလိုပုံစံနဲ့ တခါမှ မမြင်ဖူးခဲ့။ သူသည် အခါခပ်သိမ်း တက်ကြွဖြတ်လတ်လွန်းသူ ဖြစ်သည်။ ကျောင်းတုန်းကလည်း စာမညံ့သလို Basketball မှာလည်း ထူးချွန်လိုက်သေးသည်။ ဒါပေမယ့် သူတို့ အုပ်စုထဲမှာ ဆေးလိပ်စသောက်တတ်တာလည်း သူပဲဖြစ်နေပြန်သည်။ အရက်အကြောင်း သူစပြောပြတုန်းကလည်း သူရိန်တို့မှာ ပါးစပ်အဟောင်းသားနဲ့ နားထောင်ခဲ့ရသတဲ့။ အဲဒီလိုပါပဲ… သူတို့ အုပ်စုထဲမှာ မကောင်းမှု ဟူသမျှ အရင်ဆုံး လက်တည့်စမ်းဖူးသူမှာ သူသာ ဖြစ်ခဲ့သည်။ အဆိုးဆုံးက သူဟာ မကောင်းမှုတွေထဲမှာ နစ်မြုပ်မသွားအောင် သူ့ကိုယ်သူ ထိန်းနိုင်တယ်လို့ ယုံကြည်မှုလွန်ကဲနေခြင်း။ ဒီလိုနဲ့ သူသည် လူတော်ဖြစ်လာတော့ မယောင်ယောင်နဲ့ လူဆိုးဆန်ဆန် ကြီးပြင်းလာခဲ့သည်။

“နင့်ပြဿနာက ကိုယ့်ဘာသာ ယုံကြည်မှုလွန်ကဲနေတာ” သူမ တခါတုန်းက သူ့ကို ဝေဖန်ဖူးသည်။
“အဲဒါ ဘယ်သူ့ကို ထိခိုက်နေလို့လဲ…” ခပ်ဆတ်ဆတ်ပြန်ဖြေတဲ့ သူ့အဖြေကို “နင်နဲ့ဘာဆိုင်လို့လဲ” ရယ်လို့ တိုက်ရိုက်ဘာသာပြန်ရင်း သူမဆွံ့အဝမ်းနည်းစွာ ထိုနေ့က အိမ်ပြန်ခဲ့သည်။ တကယ်တော့ သူမ ပြန်ပြောခဲ့ဖို့ကောင်းသည်… “နင့်ကို…” လို့။

သူ သူမကို အခါခါ နာကျင်အောင် လုပ်ဖူးပါသည်။ ဒါပေမယ့် သူမ စိတ်ကသာနာသည်။ နှလုံးသားက နာရကောင်းမှန်းပင် မသိခဲ့။

အတွေးထဲနစ်မြောနေတုန်း ပိုးဥပြန်ဖို့ ပြင်နေတာ မြင်လိုက်ရသည်။ သူရိန်က နယ်ကလာတဲ့ သူ့မိဘတွေမရောက်ခင်အထိ ညအိပ်စောင့်ပေးမယ်လို့ ပိုးဥကို လှမ်းပြောနေသည်။ ပိုးဥ သူမကို တချက်ပြုံးပြပြီး ထွက်သွားတော့ သူမလည်း ပြန်ဖို့ သတိရသည်။ သူ့ကို ငဲ့ကြည့်တော့ အိပ်ယာပေါ်ကနေ သူမကို ငေးကြည့်နေသည်။

“ငါပြန်တော့မယ်…” သူခေါင်းငြိမ့်ပြသည်။
“သူရိန် ငါ့ကို ဘတ်စ်ကားဂိတ်ရှိတဲ့ဘက် ပြန်လိုက်ပို့ပေးပါလားဟာ။ ငါအလာတုန်းက လမ်းမှတ်မထားလိုက်မိလို့”
“အေးပါ ပို့မှာ။ နင်မမှတ်မိမှာ ငါသိတယ်။ မှတ်မိရင်လည်း အံ့ဘွယ်ဖြစ်မှာ။ အလာတုန်းက ဒီလောက် ပျာယာခတ်နေတာ…”

သူမ ရှက်သလိုဖြစ်သွားပြီး လက်က တိတ်ပြားနဲ့ကပ်ထားတဲ့ အပ်ရာကို ယောင်ယမ်းဆုပ်ကိုင်မိတော့ နာကျင်မှုကြောင့် တွန့်ကနဲ ဖြစ်သွားသည်။ မျက်လုံးထောင့်မှာ သူလှမ်းငေးနေတာကို မြင်နေရသည်။

“ခဏ… ငါ အိမ်သာ ဝင်လိုက်ဦးမယ်”

သူရိန် အခန်းနဲ့တွဲထားတဲ့ အိမ်သာထဲ ဝင်သွားတော့ သူမ နဲ့ သူ အခန်းထဲမှာ တိတ်ဆိတ်မှုနဲ့ အတူကျန်ခဲ့သည်။ သူ့ကို ငဲ့ကြည့်တော့ သူမကို ငေးနေဆဲ။ စကားလည်း မပြော။ သူ နေရထိုင်ရတာ သက်မှ သက်သာရဲ့လား။ တိတ်ဆိတ်လွန်းတာကြောင့် သူမ နေရခက်လာတော့ စကားစမိသည်…

“နေရတာ သက်သာလား…”

သူ ခေါင်းငြိမ့်ပြသည်။ သူမစိတ်ထဲမှာ သူရိန် အိမ်သာဝင်တာ ကြာလွန်းလှသည်။

“နင် သွေးကြောက်တတ်တယ် မဟုတ်လား…”
“အင်း… ဟင်… နင်ဘယ်လိုလုပ်သိလဲ…”
“သိတာပေါ့…”

ဒဏ်ရာကြောင့်လား မသိ။ သူ့မျက်နှာမှာ ခံစားချက်တို့ ကင်းမဲ့နေသလိုလို…

“နောက်ကို ဆိုင်ကယ်မစီးပါနဲ့တော့လားဟာ…” သူက ကြားဟန်မတူ…
“ငါလေ… ဒဏ်ရာကြောင့်လားတော့ မသိဘူး။ စိတ်ထဲမှာ တမျိုးကြီး ဖြစ်နေတယ်… အေးနေသလိုလို လေးနေသလိုလို။ ကြည့်ရတာ နင့်သွေးတွေ ငါ့ကိုယ်ထဲမှာ စီးနေလို့လားမသိဘူး။”

သူ ယဲ့ယဲ့ပြုံးရင်းပြောတော့ သူမ ရင်တလှိုက်လှိုက်ခုန်လာသည်။ တညနေလုံး သူခုမှ စကားတွေ အများကြီး စပြောသည်။ သက်သာလာပြီ ထင်ပါရဲ့။ သူ့မျက်လုံးတွေကို ကြည့်လိုက်တော့ အပြင်ဘက်က လိမ္မော်ရောင် ကျနေကြောင့် အညိုရောင်ကနေ ပျားရည်ရောင်လိုလို ရွှေအိုရောင်လိုလိုလေး ဖြစ်နေသည်။ သူမ သတိလက်လွတ် ငေးနေမိတုန်း သူဆက်ပြောသည်…

“နင့်ကိုလည်း ရုတ်တရက်ကြီး ပိုနားလည်လာသလိုပဲ”

အို ဘာကိုများ နားလည်သွားတာလဲ။ သူမ မျက်နှာပူကနဲ ဖြစ်သွားချိန်မှာပဲ သူရိန်ထွက်လာသည်။

“ကဲ သွားကြမယ်…။ လူနာရေ… ငါ မင်းကျေးဇူးရှင်ကို ဘတ်စ်ကားဂိတ် ခဏ လိုက်ပို့လိုက်ဦးမယ်။” ပြောင်ချော်ချော်ပြောရင်း သူရိန် ရှေ့ကနေ အခန်းပြင်ကို တလိမ့်လိမ့် ထွက်သွားသည်။ သူမ သူ့ကို ပြုံးပြလိုက်တော့ သူ နူးညံ့သော မျက်လုံးတွေနဲ့ သူမကို ငေးကြည့်နေဆဲ။

“ငါ့မှာ အရှင်လတ်လတ် ကိုရီးယားကားထဲများ ရောက်သွားသလားလို့”

တံခါးအပြင်ဘက်ရောက်တော့ သူရိန်က ရွဲ့ပြောပြောသည်။

“ဘာလဲဟ…”
“ငါ အထဲကနေ အကုန်ကြားတယ်…”
“အာ… ဘာကြားတာလဲ။ ငါတို့ ဘာမှ ထူးထူးခြားခြား မပြောဘူး…” ပြောသာ ပြောလိုက်ရပေမယ့် သူမ မျက်နှာတွေ ပူလာပြန်သည်။ သူရိန်က ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး…

“ဟုတ်ပါပြီ ဟုတ်ပါပြီ…”

နောက်ဘာမှ ဆက်မပြောတော့ဖြစ်ဘဲ အသံတိတ် လျှောက်လာမိကြသည်။ ဘတ်စ်ကားဂိတ်ကို လှမ်းမြင်ရတဲ့ နေရာရောက်လာတော့ သူရိန် ရုတ်တရက် လမ်းလျှောက်တာ ရပ်လိုက်သည်။

“ကဲ… ထိုက်… ငါအတည်ပြောမယ်။ နင်ရှေ့ဆက်တိုးမယ်ဆိုရင်တော့ အများကြီး ပြင်ဆင်ထားရလိမ့်မယ်။”

မော့ကြည့်လိုက်တော့ သူရိန့်မျက်နှာက မြင်ရခဲတဲ့ တကယ်ကို အတည်ပြောနေတဲ့ပုံ။

“ဘာလဲ… ဘာကိုလဲ…”
“အမယ် နင်က ငါ့ကို ငတုံးထင်လို့လား…။ ငါမြင်သားပဲ ဟိုကောင်နင့်ကို ကြည့်တဲ့ မျက်လုံးက ကာလာတွေ ပြောင်းနေတာ။”

သူမ ရင်တွေ ကျင်ကနဲဖြစ်သွားသည်။ သူမ ခေါင်းကို တချက်ခါပြီး အားယူပြောလိုက်သည်…

“သူရိန်ရယ်… သူ့မျက်လုံး ကာလာတွေ ပြောင်းတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး…။ နင်စောစောက ပြောတဲ့စကားကို ဘယ်တုန်းကမှ မပြောဖူးဘူးလို့ပဲ ထားလိုက်ရအောင်ဟာ…နော်…”

သူရိန် သူမကို ကြည့်ရင်း တခုခုကို နားလည်သွားသလို ခေါင်းငြိမ့်သည်…

“ကဲ ကဲ… သွားတော့။ နင်လည်း ပင်ပန်းနေပြီ။ ဟိုးမှာလာနေတာ နင်စီးမယ့် ကားထင်တယ်။”

သူမ သူရိန်ကို ကျောခိုင်းထွက်လာတော့ ရင်ထဲက တင်းကျပ်မှု ပိုဆိုးလာသည်။ သူမကို ကြည့်တဲ့ သူ့မျက်လုံးအရောင်ဟာ သူ ရည်းစားလေးတွေနဲ့ ပြတ်လေတိုင်း အခုလို ပြောင်းလဲလေ့ရှိစမြဲ။ ဒီလိုနဲ့ အသစ်တွေ့သွားလေတိုင်း ဖျတ်ကနဲ ပျောက်သွားတတ်ပြန်တာလဲ အကြိမ်ကြိမ်ပါပဲ။ သူမ အကြိမ်ကြိမ် ကြည်နူးခဲ့ဖူးပါသည်။ အဲဒီ ကြည်နူးမှုကြောင့်ပဲ သူ့ထက် အဆပေါင်းများစွာ ပိုကဲတဲ့ နာကျင်မှုတွေလည်း အကြိမ်ကြိမ် ခံစားခဲ့ရဖူးပါပြီလေ...

သူရိန်တို့ ရိပ်မိသလိုပဲ သူမ သူ့ကို ချစ်ပါသည်။ ဒါပေမယ့် အပြင်ပန်းမှာ မာကျောခိုင်မာသယောင်နဲ့ အတွယ်အတာ လွယ်လွန်းတဲ့၊ အလွယ်တကူ ပြောင်းလဲလွယ်လွန်းတဲ့ သူ့ရဲ့စိတ် အကြောင်း… နောက် တခြားတခြားသော သူ့အကြောင်းတွေကို သူများတွေထက်ပိုပြီး သူမ မသိခဲ့ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။ အခုတော့…

သူရိန်ပြောတဲ့ ဘတ်စ်ကားက မှားနေသည်။ သူမ စီးမည့်ကားက မလာသေး။ လည်ကိုဆန့်ပြီး ဇတ်ကနဲ မျှော်အကြည့်မှာ သွေးထုတ်ယူထားတဲ့ဒဏ်ကြောင့် သူမ မျက်လုံးတွေပြာပြီး မိုက်ကနဲ တချက်ဖြစ်သွားသည်။ နီးရာခုံပေါ် ထိုင်ချလိုက်ရင်း မျက်လုံးတွေကို ဖြေးဖြေး ဖွင့်မိတော့ လိမ္မော်ရောင် ညနေခင်းနေရောင်ထဲမှာ သူ့ရွှေအိုရောင် မျက်လုံးလေးတွေကို မြင်ယောင်သည်။ “နင့်ကိုလည်း ရုတ်တရက်ကြီး ပိုနားလည်လာသလိုပဲ” ဆိုတဲ့ သူ့စကားကို ကြားယောင်သည်။ သူမ ယောင်ယမ်းလို့တောင် ပြုံးပြလိုက်မိသေးသည် ထင်ပါရဲ့…

သူမ သူ့ကို ချစ်ပါသည်။ ဒါပေမယ့် ကြိုက်တော့ မကြိုက်ခဲ့။ အဲဒီနှစ်ချက်မှာ ဘယ်တစ်ခုကိုများ သူ… နားလည်ခဲ့ပါလိမ့်ကွယ်…

ရွှေပြည်သူ
(11:20 PM ~ 21-Mar-2011)

(ဆက်ဖတ်ချင်ရင်...း)

Friday, March 18, 2011

မင်းပေးတဲ့ရာသီ

ရာသီမရှိတဲ့ဒီမြို့မှာ
ရာသီတွေသိအောင်
မင်းပဲ ကြိုးညှိပေးခဲ့တာ…

မင်းရှိတဲ့ဆောင်းက နွေးလွန်လွန်းလို့ နောက်တရာသီ မပြောင်းပါစေနဲ့လို့တောင် ဆုတောင်းခဲ့ဖူးတယ်…
မင်းရှိတဲ့မိုးကလည်း မရိုးနိုင်တဲ့ တိမ်ရိပ်တွေအောက်၊ မစိုစေတဲ့ မိုးစက်တွေနဲ့ ခပ်တိတ်တိတ် စွေခဲ့ဖူးရဲ့…
မင်းရှိခဲ့တဲ့နွေကလည်း လေပြေညှင်းလေး ခပ်ဖွဖွနဲ့ အေးမြသာယာခဲ့လိုက်တာကွယ်…

မင်းပေးတဲ့ရာသီလွန်ချိန်မှ…
ဆောင်းဆိုတာ မပြောင်းမလဲ အေးခဲတတ်မှန်း
မိုးဆိုတာ ထစ်ခြုန်းလျှပ်ရောင်နဲ့ ခပ်မှောင်မှောင် ရွာတတ်မှန်း
နွေဆိုတာ ဥသြကလွဲလို့ ပူလောင်ဆင်းရဲခြင်းတွေသာ ရှိတတ်မှန်း
ကိုယ် တပင်တပန်း နားလည်ခဲ့ရပြီ…

ထာဝရမပေးနိုင်တဲ့ ရာသီတွေကို
(ဘာလို့များ) ခဏယာယီ လာပေးခဲ့ရတာလည်းကွယ်…

အခုတော့
ရာသီမရှိတဲ့ဒီမြို့မှာ
ကိုယ်…
ရာသီတွေ အပြိုင်းအရိုင်းနဲ့
ခပ်ထိုင်းထိုင်း တုန်ခိုက်ရင်း
မိုးတဖြိုက်ဖြိုက်အောက် လမ်းတွေလျှောက်လို့…
ဥသြသံတွေလည်းကြား... နားတွေလည်းခါးလို့…

ရွှေပြည်သူ
(11:45 PM ~ 18-Mar-2011)

(ဆက်ဖတ်ချင်ရင်...း)

Thursday, March 17, 2011

ဧည့်မှတ်တမ်း (Guestbook)

ဒီ Blog မှာ “ဧည့်မှတ်တမ်း”လေးတစ်ခု ထားချင်လို့ ဒီပို့စ်လေး တင်လိုက်တာပါ။

အစ်ကို ကိုAndy (WeSheMe) ရဲ့ “ဧည့်သည်တော်မှတ်တမ်း” ကို သဘောကျလို့ ခွင့်တောင်းပြီး အတုခိုး လိုက်လုပ်လိုက်တာပါး)

ဒီ “ဧည့်မှတ်တမ်း” လေးကို Top Menu မှာလည်း အမြဲထားဖြစ်မှာပါ။ Blog ကို လာလည်စာဖတ်ပေးကြသူတွေရဲ့ အမှတ်တရ စကားတွေ၊ အမြင်တွေ၊ (အပြုသဘော) ဝေဖန်အကြံပြုချက်တွေ (Blog တစ်ခုလုံးကို ခြုံပြီး ဝေဖန်အကြံပြုသွားတာမျိုးတွေ အပါအဝင်) ကို သိချင်မိသလို တနေရာထဲမှာလဲ အမှတ်တရ သိမ်းထားချင်လို့ပါ။ စာလာဖတ်ပေးတဲ့သူတွေထဲမှာ ဘာမှ မပြောဘဲ တိတ်တိတ်လေး ရောက်ဖြစ်ကြတဲ့သူတွေရဲ့ စကားတွေကိုလည်း အဆင်ပြေရင် သိချင်ကြားချင်ပါတယ်း)

ကျွန်မ Blog လေး ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၁ ရက် က စပြီး Online ပေါ် ရောက်ကတည်းက ဒီနေ့အထိ စာဖတ်ချင်စိတ်နဲ့ အချိန်ပေးပြီး လာရောက် လည်ပတ်သူ အားလုံးကိုလည်း ကျေးဇူးအထူးတင်တဲ့ အကြောင်းလဲ တဆက်ထဲ ထပ်ပြောချင်ပါတယ်။

ဒီမှာ ချန်ခဲ့တဲ့စကားတွေဟာ ကောင်းသောချီးမွမ်းစကားဆိုရင်လည်း ကျွန်မစာဆက်ရေးဖို့ အားရှိစေမှာ ဖြစ်သလို၊ စာအရေးအသား၊ အချက်အလက် အမှန်အမှား အစရှိတာတွေ၊ အပြုသဘော ထောက်ပြဝေဖန်မှုတွေ ရေးပေးမယ်ဆိုရင်လည်း အရမ်းကျေးဇူးတင်မိမှာပါရှင်…

အားလုံးပဲ စိတ်နှလုံးငြိမ်းချမ်းကြပါစေ…

မေတ္တာထားလေးစားလျက်
ရွှေပြည်သူ

(ဆက်ဖတ်ချင်ရင်...း)

Tuesday, March 15, 2011

Nuclear HOAX SMS

မနေ့ကစပြီး SMS တစ်စောင် ကျွန်မသူငယ်ချင်းတွေဆီက အကြိမ်ကြိမ် ရနေခဲ့ပါတယ်။ ဂျပန်နိုင်ငံ ဖူကူရှီးမားက နျူးကလီးယားစွမ်းအင် စက်ရုံပေါက်ကွဲပြီး အဲဒီကနေ ထွက်လာတဲ့ ရေဒီယိုသတ္တိရောင်ခြည် (Radiation) တွေ စင်္ကာပူမှာ ရွာတဲ့မိုးထဲလာပြီး ပါဝင်နိုင်တယ်လို့ ဆိုထားပါတယ်။ Video တွေ သတင်းတွေထဲမှာ မြင်နေရတာကလည်း အပြင်းအထန် ဖြစ်နေတာဆိုတော့ ရုတ်တရက် စဉ်းစားလိုက်ရင် သံသယဝင်ပြီး တွေးကြောက်စရာပါ။

အဲဒီအတွက် The Straits Times သတင်းစာက ဒီ SMS ဟာ လုပ်ကြံဖန်တီးပြောဆိုတဲ့ Hoax သာဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံက အဏုမြူဓာတ်ပေါင်းဖိုတွေဟာ စင်္ကာပူနိုင်ငံနဲ့ 5000lm အကွာအဝေးမှာ ရှိနေတာဖြစ်တဲ့အပြင် တကယ်တမ်း အဏုမြူရောင်ခြည်တွေပါဝင်တဲ့ မိုးရွာချဖို့က ဂျပန်နိုင်ငံမှာ ရှိနေတဲ့ ဓာတ်ပေါင်းဖိုတွေအားလုံး ပျော်ကျမှပဲ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။

ပျံ့နှံ့နေတဲ့ SMS Message ကတော့ -

"A nuclear power plant in Fukushima/Fukumi, Japan exploded at 4:30 AM today. If it rains tomorrow or later, don't go outside. If you are outside, be sure that you have rain protectors. It's acid rain. Don't let it touch you. You may burn your skin, lose your hair or have cancer. Please pass, stay safe and remind everyone you know."

(ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့က နျူးကလီးယားစွမ်းအင်စက်ရုံဟာ ဒီနေ့မနက် ၄း၃၀မှာ ပေါက်ကွဲခဲ့ပါတယ်။ တကယ်လို့ မနက်ဖြန် (သို့မဟုတ်) နောက်ရက်တွေမှာ မိုးရွာခဲ့ရင် အပြင်ကို မထွက်ပါနဲ့။ အပြင်ထွက်ခဲ့ရင် မိုးကို အကာအကွယ်ပေးမယ့် အရာတွေ ပါသွားပါစေ။ ဒါဟာ အက်ဆစ်မိုးပါ။ ကိုယ့်ကို မထိပါစေနဲ့။ အသားလောင်တာတို့၊ ဆံပင်ကျွတ်တာတို့၊ ကင်ဆာရောဂါတို့ ဖြစ်နိုင်ပါတယ်။ (ဒီစာကို) ဆက်ဖြန့်ဝေပေးပါ၊ ဘေးကင်းအောင်နေပါ၊ ကိုယ်သိတဲ့သူ အားလုံးကို သတိပေးလိုက်ပါ။)

ဒီ လုပ်ကြံသတင်းနဲ့ Hoax SMS ဟာ ဖိလစ်ပိုင်နိုင်ငံက စတင်ခဲ့တာဖြစ်ပြီး စင်္ကာပူကို တဆင့်တဆင့် ဝေမျှရာက ရောက်လာခဲ့တာလို့ The Straits Times ကဆိုပါတယ်။ ဖတ်မိတဲ့သူ တော်တော်များများကလည်း ဇဝေဇဝါနဲ့ “သတိထားတာ မမှားပါဘူးလေ” ဆိုပြီး ခင်သူမင်သူတွေဆီ စေတနာနဲ့ တဆင့်ထပ်ပို့ရင်းကနေ ပျံ့သွားတာ ဖြစ်ပါလိမ့်မယ်။

ဒုက္ခများနေရှာတဲ့ ဂျပန်နိုင်ငံကသူတွေအတွက် စိတ်မကောင်းဖြစ်နေကြတုန်းမှာ လူတွေ အထိတ်ထိတ်အလန့်လန့် ဖြစ်ရအောင် ဒီလို သတင်းအမှားတွေ စဖြန့်ဝေခဲ့တဲ့သူကိုလည်း သြချမိပါတယ်။ သူကိုယ်တိုင် သေချာမသိဘဲ မှန်းခြေနဲ့ ပို့ချလိုက်တာလည်း ဖြစ်နိုင်တာပါပဲ။

ကျွန်မလည်း မြင်ခါစက “ဟုတ်များ ဟုတ်မလား” လို့ သံသယဝင်ခဲ့တဲ့သူတွေထဲမှာ ပါခဲ့တာမို့ ကျွန်မလိုပဲ တွေးနေမိကြတဲ့သူတွေ The Straits Times ကို မဖတ်ဖြစ်ကြသေးရင် ရှင်းရှင်းလင်းလင်း သိရအောင် ပြန်ဝေမျှတာ ပါရှင်။

ကျွန်မတော့ မပူရမှာကို ပူမနေတော့ဘဲ တကယ်အခက်အခဲကြုံနေတဲ့ ဂျပန်နိုင်ငံကလူတွေ အားလုံးကိုသာ ဘေးကင်းပြီး ဘဝတွေ အမြန်ဆုံး ပုံမှန်ပြန်လည်ပတ်နိုင်ကြပါစေလို့ပဲ မေတ္တာပို့ ဆုတောင်းပေးနေမိပါတယ်။

Reference: http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_645335.html

(ဆက်ဖတ်ချင်ရင်...း)

Saturday, March 12, 2011

ဘာအတွက်များလဲ

အားလုံး သိပြီးသားဖြစ်တဲ့အတိုင်း မနေ့က ဂျပန်ပြည်မြောက်ပိုင်း တိုကျိုမှာ ၈.၉ မဂ်ဂနီကျုအထိ ပြင်းထန်တဲ့ ငလျင်လှုပ်ပြီး ၃၃ ပေလောက်အထိ အမြင့်ရှိတဲ့ ဆူနာမီလှိုင်းလုံးတွေဒဏ်ကို အပြင်းအထန် ခံလိုက်ရပါတယ်။ ဒီသဘာဝ ဘေးအန္တရာယ်ဆိုးကြီးကြောင့် သေဆုံးသူပေါင်း ထောင်နဲ့ချီနိုင်တယ်လို့ ခန့်မှန်းကြသလို နောက်ဆက်တွဲ အနေနဲ့ ငလျင်လှုပ်ခဲ့တဲ့ နယ်မြေထဲက Nuclear Plant ၂ခုကနေ ရေဒီယိုသတ္တိရောင်ခြည် ယိုစိမ့်မှု အတွက်လည်း စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။ ကျွန်မတို့ရဲ့ နေ့စဉ် ပတ်ဝန်းကျင်မြင်ကွင်းမှာ ကြီးမားခိုင်ခံ့တယ်လို့ ထင်မြင်ရလေ့ရှိတဲ့ အိမ်တွေကို အလွယ်တကူ ရေဖုံးသွားပုံတွေ၊ ကားတွေ သင်္ဘောတွေ ကလေးကစားစရာလေးတွေလို ရေထဲမှာ အစုလိုက်အပြုံလိုက် မျောပါသွားပုံတွေကို မြင်ရတာဟာ တကယ်ကို အမြဲမရှိခြင်းဆိုတဲ့ အနတ္တ သံဝေဂတရား ရစရာပါ။

ကျွန်မသတင်းစကြားတာ အခန်းဖော်လေးဆီကပါ။ သူက တိုကျိုမှာရှိတဲ့ သူငယ်ချင်းတွေအတွက် စိတ်ပူနေပြီး အဆက်အသွယ် လုပ်ဖို့ကြိုးစားနေပါတယ်။ ငလျင်လှုပ်အပြီးမှာ ဖုန်းလိုင်းတွေ မရတော့ပေမယ့် တချို့တွေက Online ဝင်လို့ရနေဆဲ ဖြစ်တာကြောင့် သူနဲ့ Gtalk မှာ ပြောနေနိုင်ဆဲပါပဲ။ ရုံးချိန်ဖြစ်လို့ ရုံးမှာပဲရှိနေကြပြီး အိမ်လည်းပြန်လို့မရဘဲ ငလျင်နှိုးဆော်ချက် (Alert) လာတိုင်း နေရာကနေ ထပြေးနေရတယ်လို့ သိရပါတယ်။ စုရပ်လိုမျိုးမှာ သွားနေရတယ်လို့ ထင်ပါတယ်။ ကျွန်မအတွက်တော့ ဘေးကင်းတယ်လို့ သိရတဲ့ သူငယ်ချင်း မိသားစုတစ်စုကလွဲလို့ ဂျပန်မှာ အသိအကျွမ်းသိပ်မရှိတော့ စိတ်သိပ်မပူရပေမယ့် ဂျပန်မှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ တခြားသောသူတွေအတွက် သူတို့မိသားစုတွေ ဘယ်လောက်များ ပူပန်နေမလဲလို့ ကိုယ်ချင်းစာမိပါတယ်။ (ဘလော့ကနေခင်ရတဲ့ အစ်မမြတ်နိုးနဲ့ အစ်မကောင်းမွန်ဝင်း တို့ကိုလည်း သတိရမိပါတယ်။ သူတို့ဘယ်မြို့မှာ နေလဲသေချာမသိပေမယ့် ဘေးကင်းကြမယ်လို့လည်း မျှော်လင့်ပါတယ်။)

အဲဒီအချိန် ဂျပန် ငလျင်နဲ့ဆူနာမီသတင်းကို အဆက်မပြတ်ဖတ်ပြီး သတင်းပေးရင်းကနေ ကျွန်မအခန်းဖော်လေး ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်မကို တွေးစရာတွေ အများကြီးရစေပါတယ်။ သူက “ဒီလိုတွေ ကြားရတိုင်း လူတွေအားလုံးနဲ့ ချစ်ချစ်ခင်ခင်ပဲ နေချင်တော့တယ်” တဲ့။ နောက် သူဆက်ပြောတာက “ငလျင်မလှုပ်ခင်အထိ သူတို့တွေ ပုံမှန်လုပ်နေကျ ရုံးအလုပ် အိမ်အလုပ်တွေပဲ လုပ်နေကြမှာပဲနော်”တဲ့။ သိပ်ဟုတ်တာပါပဲ။ ဒီလိုဖြစ်မယ်လို့ မသိခင်မှာ လူ့သဘာဝအတိုင်း တခြားသော အရေးမကြီးလှတဲ့ ကိစ္စလေးတွေကိုပဲ ကိုယ့်အတွက်ကြီးကျယ်တယ် အရေးကြီးတယ်လို့ တွေးနေခဲ့ကြမှာ၊ လုပ်နေခဲ့ကြမှာပါပဲ။ ဥပမာ - ကိုယ်လုပ်နေတဲ့ Report တစ်စောင်ပြီးဖို့ဟာသာ အဲဒီအချိန်မှာ အရေးအကြီးဆုံးလို့ တွေးနေမိတာမျိုးပေါ့။ ကိုယ့်အသက်ရှင်ရေး နဲ့ ဒီဘဝမှာ ခဏပိုင်ဆိုင်သမျှ အရာလေးတွေ တည်မြဲရေးအတွက်တောင်ဘာမှ မသေချာတဲ့ ဒီလောကကြီးမှာ ကျွန်မတို့တွေ ဘာကြောင့်များ မလိုအပ်တာတော်တော်များများကို လိုတာထက်ပို တန်ဖိုးထားပြီး၊ ရန်တွေလည်း ဘာကြောင့်များ လိုတာထက်ပို ဖြစ်နေမိကြပါလိမ့်နော်။

အခု ကပ်ဘေးမှာ သေဆုံးသွားသူတွေဆိုရင် လူတွေ ကြိုစိုးရိမ်ပြီး သတင်းကြီးနေတဲ့ ကမ္ဘာပျက်မယ်ဆိုတဲ့ ၂၀၁၂ အထိတောင် မရှိလိုက်ကြရှာပါဘူး။ ၂၀၁၂ ဟာ တကယ်ကမ္ဘာပျက်မယ့် အချိန်ဟုတ်တယ်ပဲ ထားဦးတော့ ကျွန်မတို့အားလုံးရဲ့ အသက်တွေ၊ ပိုင်ဆိုင်မှုတွေဟာ ၂၀၁၂ မပြောနဲ့ မနက်ဖြန်အထိတောင် ဘယ်သူကများ အားမခံပေးထားနိုင်လို့လည်းနော်။ ဒီလို ရှိခြင်းနဲ့ မရှိခြင်းကြားမှာ အလွှာပါးပါးလေးပဲ ခြားနေတာကိုတောင် ကျွန်မတို့ လူတွေဟာ ရှိနေတဲ့ ဘဝအချိန်တိုလေးအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်ကြ၊ မုန်းတီးကြ၊ မနာလိုကြ၊ ဖျက်ဆီးကြနဲ့ အချိန်တွေကို ဖြတ်သန်းနေလိုက်ကြပုံက တကယ်တွေးကြည့်ရင် အံ့သြစရာတောင် ကောင်းပါတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာ တရားတော်အရဆိုရင် အဝိဇ္ဇာနဲ့ တဏှာတွေကြောင့်လို့ ပြောရမယ် ထင်ပါတယ်။

မြစိမ်းတောင် ဆရာတော်ဘုရားကြီး တစ်ခါက ဟောကြားဖူးတာကို ကျွန်မမှတ်မိသလို ပြန်ရေးပြရရင်… လူတွေဟာ စားသောက်ဆိုင်တွေမှာ လှောင်ထားတဲ့ ကြက်တွေ ဘဲတွေနဲ့ တူပါတယ်တဲ့။ ကိုယ့်ရှေ့မှာတင် တစ်ကောင်ပြီးတစ်ကောင် ထုတ်ယူသွားပြီး အသတ်ခံရ (သေကြေနေကြရ) တာကိုမြင်နေရက်နဲ့တောင် လှောင်အိမ်ထဲမှာ ပျော်လိုက်ကြ ပါးလိုက်ကြ၊ တစ်ကောင်နဲ့တစ်ကောင် ခွပ်လိုက်ကြနဲ့ မေ့မေ့လျော့လျော့ နေနေကြလို့ပါတဲ့။ ဒါကြောင့် အဟိတ်တိရိစ္ဆာန်ထက် အသိဥာဏ်အများကြီး မြင့်တဲ့ ကျွန်မတို့တွေဟာ ဘဝတိုတိုလေးထဲမှာ ညီညွတ်ချစ်ခင်သင့်တယ် ထင်တာပါပဲ။ ဘာအတွက်များ တစ်ယောက်အကျိုးမဲ့ကြောင်းကို တစ်ယောက်က လုပ်နေကြသလဲလို့ သေချာပြန် စဉ်းစားကြည့်ကြဖို့ ကောင်းပါတယ်။

ခုရေးသွားသမျှဟာ ကျွန်မသိလို့တတ်လို့ ဆရာလုပ်တဲ့အနေနဲ့ ရေးတာ မဟုတ်ပါဘူးရှင်။ ကျွန်မစိတ်ထဲမှာ ခံစားရသမျှ စဉ်းစားမိသမျှကို မိတ်ဆွေသူငယ်ချင်းတွေကို ပြန်ဝေမျှပြောပြတဲ့ သဘောသက်သက်ပါ။ ဘာပဲပြောပြော မနေ့ကနေ ခုချိန်ထိ… ကျွန်မ အခန်းဖော်ပြောတဲ့ “အားလုံးနဲ့ ချစ်ချစ်ခင်ခင် နေချင်တယ်” ဆိုတဲ့ စကားလုံးဟာ ကျွန်မစိတ်ထဲမှာ စွဲနေတော့တာပါပဲ…

မှတ်ချက်။ ။ ဒီပို့စ်အတွက် ကျွန်မရဲ့ အခန်းဖော်လေးကို ကျေးဇူးအထူးတင်ပါတယ်။

(ဆက်ဖတ်ချင်ရင်...း)