Tuesday, February 15, 2011

သူမရဲ့ Valentine

ဘယ်လို Valentine’s Day ကြီးလဲကွယ်…

~~~~~~~~~~~~~~~~~~~~~~~~~

14 February 2011 (7:05 PM)

မိုးက တဝေါဝေါရွာနေသည်…
မှောင်မိုက်ညို့မှိုင်းလို့…

ကော်ဖီဆိုင်အပြင်ဘက်မှာ သွားနေတဲ့ ကားမီးရောင်တွေက မိုးစက်တွေကြားမှာ စူးလင်းတောက်ပလွန်းနေသည်။ သူမ ငေးရင်း အနွေးထည်ကို ခပ်တင်းတင်းဆွဲစေ့ပြီး ပင့်သက်အချ…

“ဖြေဦးလေ…”
“ဘာကိုလဲ…”
“စောစောက မေးခွန်း… တကယ်ပဲ ဒီနေ့ တနေကုန် ဘယ်မှ မသွားဘူးလား? မယုံနိုင်စရာပဲ”


သူနောက်သလိုပြောပြီး ပြုံးနေတာသိတော့ မကြည့်မိအောင် ကားမီးရောင်တွေကို သဲကြီးမဲကြီး စိုက်ကြည့်မိသည်။

“ဒီနေ့လား သွားပါတယ်။ ရုံးသွားတာပေါ့။”

သူသွားလေးတွေ ပေါ်အောင် ရယ်တော့ သူမ မိုးစက်တွေကို တမေ့တမော မော့ကြည့်ပစ်လိုက်မိသည်။ စိုလက်နေတဲ့ ကတ္တရာလမ်း တောက်တောက်ပေါ်က အကြည့်ကို မခွာဘဲ…

“အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူများလက်ထဲ အကာအကွယ်မပါဘဲ ထည့်ပေးလိုက်သလိုပဲ။ ယူတဲ့လူက သေချာမယူတာလေး တစ်ခုနဲ့တင် အောက်ပြုတ်ကျပြီး ပျက်စီးသွားနိုင်တယ်။ နာကျင် ရနိုင်တယ်။ ဘယ်လောက် အန္တရာယ်ကြီးလဲ…”

“မင်းက အဆိုးမြင်လွန်းပါတယ်”

“ကိုလင်းက အကောင်းမြင်လွန်းနေတာလဲ ဖြစ်နိုင်တာပဲ”

သူနောက်ဆုတ်ပြီး ဆိုဖာပေါ် ခပ်လျော့လျော့ ပြင်ထိုင်လိုက်သည်။ နောက်… ပြုံးပြီး သူမကို စိုက်ကြည့်နေပြန်သည်။ သူမ စထိုင်ကတည်းက တစ်ချက်မှ မပြုံးမိသေး။ ငိုချင်နေသည်။

သူပြုံးတာကို မကြည့်ရဲလောက်အောင် သူမ လှုပ်ခတ်နေသည်။

သူ့စကားသံတွေကို သတိအနေအထားနဲ့ နားထောင်ရလောက်အောင် သူမ စိတ်တွေ မတည်မငြိမ် ဖြစ်နေသည်။

ဝတ်ထားတဲ့ မိုးခိုးရောင် Jersey Jacket ရဲ့ ဇစ်ကို ဆွဲလိုက်ချလိုက်လုပ်နေတဲ့ သူ့လက်တွေဆီကို မျက်လုံးတွေ ရောက်သွားတိုင်း အဲဒီလက်တွေက သူမကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ချင်လာတာကိုလည်း ဘာသာ ခွင့်မလွှတ်နိုင် ဖြစ်နေသည်။

ကော်ဖီခွက် နွေးငွေ့ငွေ့ကို လှမ်းယူလိုက်တဲ့ သူလှုပ်ရှားမှုကလည်း သူမအတွက် အပြစ်ရှာလို့မရအောင် ကြည့်ကောင်းလွန်းနေသည်။

မဟုတ်သေးဘူး… မဟုတ်သေးပါဘူး။ တကယ်တော့ သူ ဒီလောက်ကြည့်မကောင်းပါဘူး။ သူဟာ သူမ သိတဲ့ တခြားတခြားသော ယောက်ျားလေးတွေလို… သူမရဲ့ သူငယ်ချင်း ယောက်ျားလေးတွေလို သာမာန်လူတစ်ယောက်ပါပဲ။ အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို သတိပေးနေရင်းကနေ ကောင်မလေးတစ်ယောက်ယောက်ရဲ့ SMS ကို ပြန်နေပုံရတဲ့ သူ့လက်ထဲက BlackBerry ကို အကြီးအကျယ် မုန်းမိသွားပြန်သည်။

“ဒီနေ့ Wish ဘယ်နှစ်ခုရလဲ သိလား”

သူ ပြုံးစစ မေးသည်။

“Officially ကတော့ ၃ ခုလောက်နေမှာပေါ့။ Unofficially ကတော့ ဘယ်သိမလဲ…”

“ဟားဟား ၃ခု? ကိုယ့်ကို အထင်သေးလှချည်လား”

“သူ့ကို မုန်းလိုက်စမ်း မုန်းလိုက်စမ်း”လို့ စိတ်ထဲက ကြိတ်ရေရွတ်နေချိန်မှာပဲ သူမကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေကို သာယာမိနေပြန်သည်။ သူ့မှာ ဘာကြောင့်များ ဒီလောက်ကြည်လင်တဲ့ မျက်လုံးတွေ ရှိနေရတာလဲကွယ်။ သူ့မှာသာ လူရှုပ်လူပွေတစ်ယောက်ရဲ့ မျက်လုံးမျိုးရှိခဲ့ရင်… တွေးရင်း “လူရှုပ်လူပွေ” ဆိုတဲ့ စကားလုံးအတွက် ကြိတ်အားနာမိပြန်သည်။

“ကိုလင်း အရမ်းစွံမှန်း သိပါတယ်…။ မှန်းတာ နည်းသွားရင် ဆောရီး”

သူမ ငေါ့တော့တော့ ပြောမိသလား… ဇဝေဇဝါ…။ ပြောရင်း ရုတ်တရက်ကြီး ဝမ်းနည်းလာပြန်သည်။ သူမစိတ်တို့သည် သူနဲ့ အတူရှိနေတိုင်း အနိမ့်အမြင့်အတက်အကျ များလွန်းမြန်လွန်းလှသည်။ ဒါကိုလည်း သူမ နည်းနည်းမှ မကြိုက်။

“မင်း ကြည့်ရတာ စိတ်ကျဉ်းကျပ်နေပုံရတယ်။ ကိုယ် ဒီကော်ဖီတစ်ခွက် ကုန်တာနဲ့ ပြန်တော့မှာပါ”

သူ ရည်မွန်သော မျက်လုံးတွေနဲ့ ပြောတော့ သူမ လှိုက်ကနဲ ဖြစ်သွားသည်။ တားချင်တာလား… သူမ မသိချင်…။

“မင်းလဲ ချိန်းထားတဲ့လူရှိချင် ရှိမှာပေါ့…”
“မရှိပါဘူး။ ရှိရင် ခုနေ ရောက်နေလောက်ရောပေါ့။ ကိုလင်း သွားစရာ ရှိရင်တော့ သွားပါ…”
“ဟုတ်လို့လား… ဒီအချိန်ကြီး ဒီနေရာကို ဘာကိစ္စမှ မရှိဘဲနဲ့တော့ ရောက်မနေလောက်ပါဘူး…”

သူ ကလေးတစ်ယောက်ကို စသလိုမျိုး ပြောသည်။

“မဟုတ်ပါဘူးဆို။ Project လုပ်ရင်း ခေါင်းပူလို့ ထွက်လာတာ ကိုလင်းနဲ့ မထင်မှတ်ဘဲတွေ့တာ။ ဒီနေရာက အိမ်နဲ့ ဘတ်စ်ကား ၂မှတ်တိုင်ပဲ ဝေးတာကို။ ဒီမှာ စာဖတ်ရင်း ကော်ဖီသောက်နေကျ…”
“ဟုတ်ပါပြီ… ဒါဆို ကော်ဖီကုန်ရင် Cheese Cake လေး စားဦးမယ်နော်”

သူမ နှုတ်ခမ်းတို့ ပြုံးချင်ချင် ဖြစ်သွားတာကို အတင်းဖိတားလိုက်မိသည်။ သူ ဒီလိုနေ့မျိုး ဒီအချိန်မှာ ဒီနေရာကို ဘာလို့ တစ်ယောက်ထဲ ရောက်နေသလဲ။ အတွေးနဲ့အတူ သူမ ရင်တွေတုန်လာပြန်သည်…

Cheese Cake ပန်းကန်နဲ့ ခုံမှာ ပြန်လာထိုင်ထိုင်ချင်း သူ့ဖုန်းက ထမြည်သည်။

“အင်း စိမ့် ရောက်ပြီလား… ဟာ မဟုတ်ဘူးလေ။ အခုဟာက xxxxxxx နားက Branch… နေရာမှားနေပြီ။ ဒါကြောင့် ရှာမတွေ့တာကိုး…”

သူမ စိတ်တွေ တဆတ်ဆတ်ခါသွားသည်။ သူမ ဇတ်ကနဲ ထရမလို ဆက်ပဲထိုင်ရမလို။ သူမ စိတ်ထဲမှာ စိမ့်ဆိုတဲ့ ကောင်မလေး ချက်ချင်းပဲ ရောက်လာတော့မလို… အပြင်ပန်းမှာ ငြိမ်ငြိမ်လေးထိုင်နေဆဲ ဖြစ်ပေမယ့် သူမရင်ထဲမှာတော့ ယောက်ယက်ခတ်လွန်းနေပြီ…

သူဖုန်းချလိုက်တော့…

“ပြန်တော့မယ်… ကိုလင်း ကောင်မလေးလည်း လာတော့မှာဆိုတော့…”

သူ အလန့်တကြားမော့ကြည့်ရင်း…

“ဟင်… ကော်ဖီတွေတောင် မကုန်သေးဘူး…”

အဲဒါ ကိုယ့်ကောင်မလေး မဟုတ်ဘူးလို့ ပြောလိုက်ပါလားကွယ်… သူမ မဖြစ်နိုင်တာကို အရူးတစ်ယောက်လို တောင့်တဖြစ်အောင် တောင့်တမိသေးသည်။

“ရ… ရတယ်။ မသောက်နိုင်တော့လို့… ခွက်က အကြီးကြီး…”

သူမ ဘာတွေ ပြောမိမှန်းမသိတော့…

“သူက ဒီကို လာမှာ မဟုတ်ဘူး။ မင်းလှိုင်တို့နဲ့ ဒီဘေးက Shopping Mall ထဲမှာ ချိန်းထားတဲ့ နေရာကို မသိလို့ ဖုန်းဆက်ပြီး မေးတာ…။ ဒီကို ဘယ်သူမှ မလာပါဘူးကွာ…”

သူလည်း ဘာကြောင့်မှန်းမသိ ရုတ်တရက်ကြီး အမောတကော နိုင်လာသည်။ သူမ ချက်ချင်းပြန်မှာကို အတင်းတားတော့မယ်ပုံ…

မဟုတ်ဘူး… မဟုတ်ဘူး… သူမ ကြားချင်တာ အဲဒီစိမ့်ဟာ သူ့ကောင်မလေး မဟုတ်ဘူး ဆိုတဲ့ စကား…။ ဘာမှ မထူးခြားမယ့် စကားတစ်ခွန်းကို ဘာကြောင့်အဲလောက် ကြားချင်နေလဲဆိုတာ သူမဘာသာလဲ နားမလည်တော့။

“ကိုယ်မင်း ဒီကို လာနေကျဆိုတာ သိပါတယ်…”
“ကိုယ်တနေကုန် ဘယ်သူနဲ့မှ မသွားပါဘူး… ရုံးကနေ ဒီကို တန်းလာတာ…”

သူပြောသမျှစကားတွေ သူမနားထဲမှာ လျှံနေသည်။ ဘာတစ်ခုကိုမှ မကြားနိုင်တော့…။ စိမ့်ဆိုတဲ့ နာမည်ကသာ သူမ ရင်ထဲမှာ အရှိန်ပြင်းပြင်း လှည့်ပတ်စီးဆင်းနေသည်…

သူ့စကားဘယ်မှာ အဆုံးသတ်သွားလဲ မသိ။ သူမ သူ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်နိုင်လာသည်။ ကြည်လင်တောက်ပနေတဲ့ သူ့မျက်လုံးတွေကို စိုက်ကနဲ ငေးလိုက်ချိန်မှာပဲ…

“စိမ့်က ကိုယ့်ကောင်မလေး မဟုတ်ပါဘူး… ဒါပေမယ့်…”

သူမ သူဆက်ပြောမယ့် စကားတွေကို တောင့်တောင့်တတ နားထောင်မိသည်။ ဒါပေမယ့် သူဘာမှ ဆက်မပြောတော့… နောက်... တံတွေးတချက်ကို ခပ်ဖွဖွမြိုချသည်…

အဲဒီအချိန်ကစလို့ တညနေလုံး သူနဲ့ သူမ ဘာစကားမှ ဆက်မပြောဖြစ်ကြတော့။

သူ့ Cheese Cake နဲ့ သူမ ကော်ဖီကုန်ချိန်မှာ တိတ်ဆိတ်စွာနဲ့ပဲ လမ်းခွဲ အိမ်ပြန်ခဲ့ကြသည်။

အပြန်လမ်း မိုးသည်းထဲက ထီးအုပ်အုပ်အောက်မှာ သူမ စကားတစ်ခွန်းကိုသာ တိုးလျစွာ ရေရွတ်မိသည်…

“ဘယ်လို Valentine’s Day ကြီးလဲကွယ်…”

ရွှေပြည်သူ
(9:05 PM – 15 Feb 2011)

Valentine's Day အတွက် စာတစ်ပုဒ်ရေးလို့ ထွက်တာကိုပဲ ကိုယ့်ဘာသာ အံ့သြနေမိပါတယ်...း)

(ဆက်ဖတ်ချင်ရင်...း)

Thursday, February 10, 2011

များထွေသာဓု ခေါ်စေသောဝ်

ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးပိတ်ရက်ဟာ ကျွန်မအတွက် တန်ဖိုးရှိစွာ ငြိမ်းအေးချမ်းမြေ့ခဲ့တဲ့ ကာလပါပဲ။ ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ မလေးရှားနိုင်ငံ ဂျဟိုးပြည်နယ်က ကိုတာတင်ဂီမြို့မှာ ပြုလုပ်ခဲ့တဲ့ ကျေးဇူးတော်ရှင် မြစိမ်းတောင်ဆရာတော်ဘုရားကြီးရဲ့ (၉) ရက် ဝိပဿနာတရားစခန်းကို ဝင်ဖြစ်ခဲ့လို့ပါ။

မြစိမ်းတောင်ဆရာတော်ဘုရားကြီးကို ကျွန်မအင်မတန်ကြည်ညိုတာကြောင့် ရုံးမှာ အချိန်ပိုလုပ်ဖြစ်လို့ တစ်ယောက်ထဲ ဖြစ်နေတဲ့အခါတွေမှာတောင် ဆရာတော်ကြီးရဲ့ တရားတွေကို ဖွင့်ထားရင်း အလုပ်လုပ်လေ့ရှိတာပါ။ ဒီဝိပဿနာတရားစခန်းကိုလည်း ဆရာတော်ကြီးကိုယ်တိုင် ကြွလာမယ်ဆိုတော့ သတင်းစပြီး ရရခြင်းကတည်းက စိတ်အားထက်သန်စွာနဲ့ ခွင့်တင်တာ၊ Visa လျှောက်တာတွေ စလုပ်ခဲ့ပါတယ် (ခွင့်စုစုပေါင်းက အနှုတ်လက္ခဏာ ပြနေပေမယ့် မငြိုမငြင် ခွင့်ပေးလိုက်တဲ့ Boss ကိုလည်း တကယ် ကျေးဇူးတင်ရပါတယ်။)

ဒီလိုနဲ့ ၂၉ရက်နေ့ မနက်စောစောမှာ တက်ကြွဝမ်းသာစွာနဲ့ အိမ်ကထွက်ခဲ့ပါတယ်။ စီစဉ်သူ ကုသိုလ်ရှင် အစ်ကိုအစ်မတွေက အသွားအပြန်ခရီးကို ခါတိုင်းလိုပဲ အခမဲ့ စီစဉ်ပေးပါတယ်။ လမ်းခရီးတလျှောက် သူတို့ရဲ့ ဦးဆောင်မှုအတိုင်း အနောက်ကလိုက်ရင်း နောက်ဆုံး တောရိပ်တောင်ရိပ်ကြားမှာ အေးချမ်းငြိမ်သက်စွာ တည်ရှိနေတဲ့ ကိုတာတင်ဂီမြို့က သန္တိသုခရာမရိပ်သာကို ချောချောမောမော ရောက်ခဲ့ပါတယ်။ ရောက်တဲ့နေ့ နေ့လည်ကစလို့ ၉ရက်တာ (နောက်ဆုံးပြန်တဲ့ရက်ကို ထည့်မတွက်ရင် ၈ရက်ပေါ့လေ) တရားအားထုတ်ခွင့် ရခဲ့ပါတယ်။

ရိပ်သာကို မလာခင် သေချာတရားအားထုတ်မှု မရှိခဲ့တဲ့ ကျွန်မအတွက် အခက်အခဲပေါင်းများစွာ ရှိခဲ့ပါတယ်။ တရားထိုင်တဲ့ အချိန်မှာ အခက်အခဲ အမျိုးမျိုးကြုံတိုင်း စိတ်ဓာတ်ကျလိုက် အားငယ်လိုက်နဲ့ အမှန်ကတော့ လောဘစိတ်တွေ ဖြစ်နေခဲ့တာပါ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နာရီပေါင်းများစွာထိုင်နိုင်တဲ့ တခြားသော ယောဂီတွေကိုလည်း လေးစားအားကျစိတ်နဲ့ ငေးမိတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့် တရားလျှောက်တိုင်း ကရုဏာကြီးစွာ အားပေးတတ်သလို၊ ယောဂီတွေ မေးလျှောက်သမျှကို စိတ်ရှည်မှုကြီးစွာ ဟောပြောညွှန်ပြပေးတဲ့ ဆရာတော်ဘုရားကြီးရဲ့ မေတ္တာရိပ်အောက်မှာ စိတ်မလျော့ဘဲ နေ့တိုင်း အစွမ်းရှိသလောက် ကြိုးစားအားထုတ်ခဲ့ပါတယ်။ အရင်က အသံအဖြစ်၊ Video အဖြစ်သာ နာယူခဲ့ရတဲ့ ဆရာတော်ဘုရားကြီးရဲ့ တရားတွေကိုလည်း တစ်နေ့ ၂ ကြိမ်လောက် နာခွင့်ရတာ ဝမ်းသာမဆုံး ဖြစ်ရပါတယ်။ ဆရာတော်ကြီးရဲ့ ဒီစခန်းမှာ ဟောသမျှတရားတွေ CD ခွေ ပြန်ထွက်မယ်လို့ သိရတာကြောင့် ထွက်လာခဲ့ရင်လည်း အားလုံးကို သတင်းပေးပါဦးမယ်။ အင်မတန် အဖိုးတန်တဲ့ တရားတွေဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမတွေ အားလုံးကို တကယ်နာစေချင်မိပါတယ်။

နေရေးထိုင်ရေးကတော့ အမျိုးသမီးယောဂီဆောင်ထဲမှာ ယောဂီအယောက် ၇၀ ကျော် အတူ စုပေါင်းနေရပါတယ်။ တစိမ်းပြင်ပြင်တွေ ဖြစ်ကြပေမယ့် အများနဲ့မျှဝေနေထိုင်ရတဲ့ အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စကားများများ မပြောသော်လည်း အချင်းချင်း နားလည်ဖေးမဦးစားပေးမှုတွေနဲ့ မေတ္တာထား နေထိုင်ခဲ့ကြတဲ့ ယောဂီအားလုံးရဲ့ စိတ်နှလုံးကို လေးစားရပါတယ်။

ဆရာတော်ဘုရားကြီး၊ လက်ထောက် တရားပြ ဆရာတော် ၂ ပါးနဲ့ ယောဂီတွေရဲ့ ဆွမ်းအတွက် ပြည့်ပြည့်စုံစုံ ဖြစ်အောင် တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ဝေယျာဝစ္စအဖွဲ့က အစ်ကိုအစ်မတွေရဲ့ စေတနာနဲ့ လုပ်အားအတွက်လည်း သာဓုအကြိမ်ကြိမ် ခေါ်မိသလို ရင်ထဲကလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စွာ မေတ္တာပို့ရပါတယ်။

တရားစခန်းသိမ်းလို့ အိမ်ပြန်တဲ့အခါမှာတော့ မဂ်ဖိုလ်နိဗ္ဗာန်ရည်သန်တဲ့လမ်းကို လျှောက်ဖို့အတွက် ကျွန်မဟာ လမ်းလျှောက်ဖို့ မပြောနဲ့ မတ်တပ်ရပ်ဖို့ကိုတောင် မနည်းသင်ယူနေရဆဲ ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သဘောပေါက်ခဲ့ပါတယ်။ တဆက်ထဲ အများကြီး ကြိုးစားရမယ်လို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် သတိပေးမိပါတယ်။ ဒီအသိနဲ့ ဆရာတော်ဘုရားကြီးရဲ့ တရားရေအေးတွေ တဝကြီးနာခွင့်ရတာကပဲ ကျွန်မအတွက် အဖိုးတန်လှပါပြီ။

ဖြတ်သန်းခဲ့တဲ့ ၈/၉ ရက်ကြာ ငြိမ်းချမ်းအေးမြတဲ့ ဒီကာလလေးမှာ ကျွန်မ ပြုခဲ့တဲ့ ဒါနကုသိုလ်၊ ဆောက်တည်ခဲ့တဲ့ သီလကုသိုလ် နဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ ဘာဝနာကုသိုလ်တွေကို စာလာဖတ်ပေးကြတဲ့ ညီအစ်ကို မောင်နှမတွေထဲက သာဓု ခေါ်လိုသူ မောင်နှမတွေအားလုံးကို အမျှ ပေးဝေပါတယ်။ ကျွန်မနဲ့ ထပ်တူထပ်မျှ ကောင်းကျိုးရရှိကြပါစေရှင်…

မြစိမ်းတောင် ဆရာတော်ဘုရားကြီးရဲ့ Website က www.MyaSeinTaung.net ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးရဲ့ ကျောင်းအတွက် ဆွမ်းကွမ်းအလှူ၊ ယောဂီဆောင် အလှူများလည်း သဒ္ဓါတရားဖြစ်ပေါ်ကြရင် လှူဒါန်းကြဖို့ နှိုးဆော်ပါရစေရှင်...

မှတ်ချက်။ ။ တရားစခန်းဖြစ်မြောက်ရေးအတွက် စီစဉ်ဦးဆောင်ခဲ့ကြတဲ့ ကိုဇော်မိုးစံ၊ မသန်းသန်းဌေး၊ မကျော့ကျော့ခိုင်၊ မခင်သီတာစိုး စတဲ့ အစ်ကိုအစ်မတွေနဲ့ အတူ တရားစခန်းဝင်စဉ် တလျှောက်လုံး ကျွန်မကို ကူညီစောင့်ရှောက်ခဲ့ကြတဲ့ ချစ်သူငယ်ချင်း Purple၊ Ma Ma H၊ YY နဲ့ တရားစခန်းမှာ တွေ့ကြုံ ရေစက်ဆုံခွင့်ရခဲ့တဲ့ ယောဂီညီအစ်မတွေ အားလုံးကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ဒီပို့စ်လေးကနေ ထပ်ပြီး ပြောပါရစေရှင်။

(ဆက်ဖတ်ချင်ရင်...း)