အားလုံးပဲ မင်္ဂလာနှစ်သစ်ပါရှင်း)
စက္ကန့်တံလေး တချက်အကူးမှာပဲ ၂၀၁၀ ကတော့ ဖြတ်ကနဲ ကျန်ခဲ့ပြန်ပါပြီ။
တစ်နှစ်ဆိုတာ ဘာမှ မကြာလိုက်သလိုနဲ့ လည်ပြန်ကြည့်မိတော့လည်း ဖြစ်ခဲ့တာတွေ ပျက်ခဲ့တာတွေ များမှများပါလား…။ လူ့ဘဝရဲ့ ထုံးစံအတိုင်း ပျော်စရာတွေထက် နာကျင်စရာ တွေကတော့ ပိုများတာပေါ့လေ။ ၂၀၁၀ အတွက် ကိုယ့်ဘာသာ ယေဘုယျအားဖြင့် ပြန်ဆန်းစစ်ကြည့်တဲ့အခါ…
ကျန်းမာရေး ~ အထောက်အကူဖြစ်မလားလို့ Gym သွားကစားခါမှ ဆော့ရင်း ရင်ဘတ်အောင့်လို့ ဆေးခန်းပြေးလိုက်ရတာ ခုပြန်တွေးတော့ ရယ်စရာပါ။ တစ်နှစ်ပတ်လုံး တစ်ခါမှ ဘုံးဘုံးမလဲပေမယ့် ဟိုနားကဖောက် ဒီနားကဖောက်နဲ့ တစ်နှစ်အတွင်း Department တစ်ခုလုံးမှာ MC အယူရဆုံး စံချိန်တင်ခဲ့ပါတယ် (ဒီအတွက် တစ်ခါမှ မငြိုငြင်ခဲ့တဲ့ Boss နဲ့ လုပ်ဖော်ကိုင်ဘက်တွေကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်)။ အရင်ဘဝတွေက သီလနည်းခဲ့လို့ ထင်ပါရဲ့… “ခန္ဓာရှိရင် ဝေဒနာရှိမယ်” ဆိုတဲ့စကားကို မကြာခဏ ရေရွတ်ခဲ့ရတဲ့ ၂၀၁၀ ပါ။
ပညာရေး ~ နှစ်ဆန်းပိုင်းမှာ Certificate လေးတစ်ခု ရခဲ့တာကလွဲလို့ အသစ်သင်ယူလေ့လာတာ အင်မတန် နည်းခဲ့ပါတယ်။ တနေ့တနေ့ အလုပ်က ပုံမှန် Routine တွေနဲ့ပဲ ပြီးနေပြီး ဘာမှမသိတော့ပါလားလို့ စိတ်ဓာတ်ကျ ခံစားရတဲ့အထိပါ။ ၂၀၁၁ အတွက် Resolution မှာတော့ အများကြီး သင်ယူလေ့လာရမယ်လို့ ကိုယ့်ဘာသာ သတိပေးထားပါတယ်။
လူမှုရေး ~ ညီအစ်ကို မောင်နှမလို ခင်စရာကောင်းတဲ့ အဖိုးတန်မိတ်ဆွေကောင်းတွေ တိုးခဲ့လို့ ဝမ်းသာရသလို သူတို့ဘဝထဲကနေ ကျွန်မကို အသာလေးတွန်းထုတ်လိုက်တဲ့ သူငယ်ချင်းတွေကြောင့်လဲ ဝမ်းနည်းခဲ့ရပါရဲ့။ ဘာပဲဖြစ်ဖြစ် ခုနေမှာ အရာရာကို ကျေနပ်ပါတယ်။ ကိစ္စတိုင်းဟာ ကိုယ်ပြုခဲ့သမျှ အတိတ်ကံရဲ့ စီမံရာအတိုင်း မဟုတ်လားနော်။
Blog အရေး ~ ၂၀၁၀ မှာ စိတ်မကောင်းဖြစ်ရတဲ့ နောက်တစ်ခုကတော့ နှစ်နဲ့ချီပြီး ဖတ်တွယ်ထားခဲ့တဲ့ Blog နဲ့ အဆက်အသွယ် ပြတ်သလောက် မကြာခဏ ဖြစ်နေခဲ့တာပါ။ ဘဝအမော တချို့အတွက် နဲ့ ကိုယ့် တိုးတက်ရေးအတွက် လေ့လာသင်ယူဖို့ အချိန်တွေ နည်းနည်းဖဲ့ပေးလိုက်ရတဲ့အခါမှာ Blogနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ရပါတယ်။ ဘာမှမမြဲတဲ့ ဒီလောကကြီးမှာ ကျွန်မ Blog လေးလည်း Internet ရဲ့ ထောင့်လေးတစ်ထောင့်မှာ ခုလိုမျိုး ဘယ်အချိန်ထိ ရှိနေဦးမလဲဆိုတာ ကျွန်မကိုယ်တိုင်တောင် မမှန်းတတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဘဝမှာ အလုပ်ချင်ဆုံးအလုပ်က စာရေးခြင်းဖြစ်လို့ ၂၀၁၁ မှာလဲ ကျွန်မစာလေးတွေ ဆက်ရေးနေချင်ပါသေးတယ်။ ကျွန်မ ဘလော့လေး ဒီနေ့အထိ ရှင်သန်နေအောင် မေတ္တာစိတ်၊ အားပေးစိတ် နဲ့ စာလာလာဖတ်ပေးနေကြတဲ့၊ စာရေးဖို့ အမြဲအားပေးကြတဲ့ ညီအစ်ကို မောင်နှမတွေအတွက် လာဖတ်တဲ့ခဏမှာ ကုန်သွားရတဲ့အချိန်ကို အကျိုးမဲ့မဖြစ်ရအောင် (ကျွန်မ ဥာဏ်မီသလောက်လေးနဲ့) တတ်နိုင်သမျှ ကြိုးစားပြီး ဆက်ရေးနေချင်ပါသေးတယ်။
၂၀၁၁ မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေကတော့ ကျန်းမာချင်တာရယ်၊ ပညာထပ်ပြီး လေ့လာဆည်းပူးချင်တာရယ်၊ စာဆက်ရေးချင်တာရယ် ပါပဲး) ကိုယ်ဘာမှ သိပ်လုပ်လို့မရတဲ့ ကျန်းမာရေးကလွဲလို့ ကျန်တဲ့နှစ်ခုအတွက် ကြိုးစားသွားမယ်လို့ အားတင်းထားပါတယ်။
တဆက်ထဲ ဒီနေ့ (၁.၁.၁၁) မနက်ပိုင်းမှာ ဆရာတော်များကို လှူဖွယ်ပစ္စည်းလေးတွေ ကပ်လှူခဲ့ရတဲ့ ကုသိုလ်ကိုလည်း သာဓုခေါ်ချင်သူ ညီအစ်ကို မောင်နှမတွေအတွက် အမျှသုံးကြိမ်ဝေပါတယ်ရှင်။
အခုလို နှစ်ဦးကာလမှာ ဒီစာလေးကို ဖတ်မိကြတဲ့ ကျွန်မကို ချစ်သောသူ၊ မုန်းသောသူ၊ မချစ်မမုန်းသောသူ တွေအားလုံး ၂၀၁၁ ခုနှစ် တစ်လျှောက်လုံးကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ကျွန်မ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်ရှင်…
အားလုံးပဲ Happy New Year ပါး)
ဆုမွန်ကောင်းများစွာဖြင့်
ရွှေပြည်သူ
(ဆက်ဖတ်ချင်ရင်...း)
(ပြန်ပိတ်ပေးပါဦးး)