Christmas မေးခွန်းများ
ညီမလေး Rose က “ခရစ်စမတ် ပိတ်ရက်မှာ ဘာလုပ်မယ်” ဆိုပြီး မေးခွန်းလေးတွေနဲ့ Tag လာတော့ မေးခွန်းလေးတွေကို ကိုယ့်ဘာသာ အရင် ဖြေကြည့်လိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်ပီပီ ခရစ်စမတ်ကို တခါမှ တခုတ်တရ Celebrate မလုပ်ဖူးတဲ့ ကျွန်မရဲ့ အဖြေတွေက အင်မတန်ရိုးစင်းပြီး ဖတ်ရတဲ့ သူတွေအတွက် ပျင်းစရာ ဖြစ်နေမယ် ထင်တာကြောင့် အောက်က ဇာတ်လမ်းလေးကိုပဲ ရေးလိုက်ပါတယ်နော်။ ညီမလေး Rose လည်း ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် (New Year အတွက် မေးခွန်းလေးတွေကိုတော့ နောက်ထပ် ပို့စ်တစ်ခုခွဲပြီး ထပ်ရေးပေးမယ်နော် ညီမလေးး)
Christmas မေးခွန်းများ
ဒီဆောင်းကိုက အအေးပို နေလေသလား... ဖြူ့စိတ်ထဲမှာတော့ ခါတိုင်းတွေထက် ပိုအေးနေသလိုပင်... အအေးပိုရတဲ့အထဲ မိုးကလဲ တဖြောက်ဖြောက်။ သက်ပြင်းဖွဖွ မှုတ်ထုတ်ပြီး ဘယ်ဘက်လက်နဲ့ အနွေးထည်ကို တင်းနေအောင် ဆွဲစေ့ရင်း ရှေ့ Computer Screen ပေါ်က မေးခွန်းလေး တချို့ကို ပြန်ဖတ်ဖြစ်သည်။ Facebook ထဲမှာ မိတ်ဆွေသူငယ်ချင်းတွေ Profile ကို လိုက်ဖတ်ရင်းကနေ အမှတ်မထင် တွေ့လိုက်ရတဲ့ Notes တစ်ခုထဲက မေးခွန်းလေးတွေ။ အားလုံးက ခရစ်စမတ်နဲ့ ပတ်သက်တော့ စိတ်ဝင်တစား ဖတ်နေမိသည်။ နောက် ဘာသာ သတိမထားမိဘဲ ရင်ထဲက ဖြေနေမိသလိုပင်… ခရစ်စမတ်ကို ထူးထူးခြားခြား Celebrate လုပ်ဖို့ စိတ်အားထက်သန်မှု မရှိဖူးပေမယ့် ခရစ်စမတ်ပေါင်းများစွာကို ဖြူတစ်ယောက် ပတ်သက်ဖြတ်သန်းခဲ့ ဖူးသည်လေ။
==================================
“ဟိုး ဟိုး ဟိုး (Ho Ho Ho)… သမီးလေး ဖြူ အတွက် ဘိုးဘိုး စင်တာကလော့စ်ရဲ့ လက်ဆောင်။ ပုဝါလေး ရော့”
“အာ မလိုချင်ပါဘူး မျိုးမြတ်ရယ်… ငါ ကလေး မဟုတ်ဘူး။ ကလေးတွေလည်း လက်ဆောင်တွေ အကုန်ရပြီးပြီ။ နင်ထိုင်တော့။ နင့်အစား ငါရှက်လာပြီ”
မျိုးမြတ် မုတ်ဆိတ်မွေးတုဖြူဖြူကြားက ပါးချိုင့်လေး ပေါ်အောင်ပြုံးပြီး ပုဝါလေးကို ကမ်းပေးနေမြဲ။ မယူမချင်း ထိုင်မယ့်ပုံမပေါ်… နောက်ဆုံးတော့ ခါတိုင်းလိုပဲ ဖြူ အလျော့ပေးလိုက်ရသည်။
“ကဲ… ပေး… ပေး…” ဖြူခပ်ဆတ်ဆတ် ဆွဲယူပြီး လက်ပွေ့အိတ်ထဲ ဖြစ်သလို ထိုးထည့်ရင်း မကျေမနပ်ပြောသည်။
“တစ်နှစ်လောက်များ ခရစ်စမတ် ဘိုးဘိုး မလုပ်ရရင် ဘာဖြစ်သွားမလဲ မသိဘူး”
မျိုးမြတ် ပြုံးရင်း…
“ကလေးတွေကို လက်ဆောင်ပေးလိုက်တဲ့ အချိန် ပျော်သွားတဲ့ မျက်နှာလေးတွေကို နင်မြင်ရင် အဲဒီစကား ပြောတော့မှာ မဟုတ်ဘူး”
ဖြူ မျက်စောင်းထိုးကြည့်လိုက်တော့ တောက်ပသော မျိုးမြတ်မျက်လုံးတို့နဲ့ ဆုံသည်။ ချက်ချင်း လက်ပွေ့အိတ်ထဲက တပိုင်းတစ ထွက်နေတဲ့ ပုဝါဖြူလေးဆီ အကြည့်ကိုလွှဲရင်း ရင်တွေ တုန်စပြုလာသည်။ အဲဒီခဏမှာပဲ ခရစ်စမတ်တိုင်း မျိုးမြတ် ဘာလက်ဆောင် ပေးမလဲလို့ ကြိုတင်ရင်ခုန် တုန်လှုပ်တတ်လာတာ သုံးနှစ်ရှိပြီဆိုတဲ့အကြောင်း မျိုးမြတ် မရိပ်မိအောင် ကြိုးစားနေသွားဖို့ ဆုံးဖြတ်ချက် ချလိုက်မိသည်။ မျိုးမြတ်မှာ ချစ်သူရှိသည်။
♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ဖြူ - စိတ်လှုပ်ရှားပြီး ပျော်မိသလို တပြိုင်ထဲမှာပဲ တစုံတရာကို ဆုံးရှုံးရသလိုမျိုး ခံစားရပါတယ်...
==================================
“ဝေါ”
“တောက်”
စက္ကူပုံးထဲကနေ အပြင်ကို တလဟော ထွက်ကျလာတဲ့ Ornament လေးတွေကို ကြည့်ရင်း မျိုးမြတ် တောက်ပြင်းပြင်းခေါက်သည်။ နောက် လက်ထဲက စက္ကူပုံးကို ကြမ်းပြင်ပေါ် ခပ်ပြင်းပြင်း ပစ်ချလိုက်သည်။ ခပ်လှမ်းလှမ်းက ဖြူမနေနိုင်တော့…
“ကဲပေး… ဘာတွေဘယ်လို လုပ်ရမှာလဲပြော။ ငါလုပ်ပေးမယ်”
“ရတယ်…” မျိုးမြတ် သံပြတ်နဲ့ ပြောသည်။ လူကတော့ မရွေ့။ အရာရာကို မကျေမနပ် အရှုံးပေးထားရသော မျက်နှာမျိုးနှင့်။ တနေ့ကပဲ ချစ်သူနဲ့ ပြတ်စဲခဲ့သတဲ့။
“ဒါ သက်သက်မဲ့ ဖြတ်ချင်လို့ အကြောင်းရှာတာ။ ငါနဲ့ ကေ့ကို စွပ်စွဲစရာလား။ ငါတို့က လုံးဝရိုးသားတယ်”
ဖြူတစ်ခွန်းမှ ပြန်မပြောမိ။ ကြမ်းပြင်ပေါ် ပြန့်ကျဲနေတဲ့ Ornamnet လေးတွေကို လိုက်ကောက်သိမ်းနေမိသည်။
“ဒါတွေကို တပ်ရတော့မလား…” ဖြူ လက်ထဲက Ornament လေးတွေကို ကိုင်ရင်းမေးတော့ ခေါင်းငြိမ့်ပြသည်။ အဲဒီနောက် ၂ ယောက်စလုံး Ornament လေးတွေကို သစ်ပင်ပေါ်မှာ တိတ်ဆိတ်စွာ ချိတ်နေမိကြသည်။ နောက်ဆုံး ထိပ်ဆုံးက ကြယ်လေးပဲ ကျန်တော့သည်။
“ရော့… ငါ မမီဘူး…” သူ ခေါင်းခါပြရင်း ရုတ်တရက် မထင်မှတ်စွာ ဖြူ့ကို ခါးကနေ ကိုင်မြှောက်ပြီး သစ်ပင်ထိပ်နားဆီ ပို့လိုက်သည်။ ဖြူ လေထဲ လွင့်သွားသလိုပင်…။ ကတုန်ကယင်လက်တွေနဲ့ ကြယ်လေးကို လှမ်းတပ်လိုက်ပြီး အလန့်တကြား ငုံ့ကြည့်တော့ သူပြုံးရင်း စကားတခွန်း လွှတ်ကနဲဆိုသည်… “နင်က ကေ့ထက် လေးတယ်”
ဖြူ့မျက်လုံးထဲက သံသယအရိပ်ကို မြင်မှ သူ့စကားမှားသွားမှန်း သတိထားမိသွားပုံရသည်။
“ငါ သူတို့အိမ်က Christmas Tree ကို Decorate လုပ်တုန်းက သွားကူရလို့ပါ။ အဲဒီတုန်းက ခုလိုပဲ လှေကားမရှိတော့…”
“ငါ့ကို အောက်ချပေးဦး” ဖြူ စကားကို ဖြတ်ပြောလိုက်တော့ သူခပ်ဖြေးဖြေး ချပေးသည်။ ဖြူ့အတွက်တော့ အဆုံးအစမရှိ ဟင်းလင်းပြင်တစ်ခုထဲ ပြုတ်ကျသွားသလိုပင်…
♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
ဖြူ - ခရစ်စမတ် သစ်ပင်တစ်ပင်ကို တစ်ခါတုန်းက အလှဆင်ပေးခဲ့ ဖူးပါတယ်။ နောက်တခါများရှိခဲ့ရင် သစ်ပင်ထိပ်က ကြယ်ကို တပ်ပေးဖို့ကိုတော့ ငြင်းဆန်မိမှာပါပဲ...
==================================
ဖုန်းကနဲ မျက်နှာကို လာမှန်တဲ့ နှင်းခဲတွေကြောင့် ဖြူဒေါပွသွားသည်။
“မျိုးမြတ် တော်တော့လို့ ပြောနေတယ်နော်။ ကလေးကလားတွေ…”
“ပျော်လို့ပါ ဖြူရာ။ ငါ ခရစ်စမတ်ကို နှင်းကျတဲ့နေရာမှာ ကြုံဖူးတာ ဒါပထမဆုံးလေ…”
“ပျော်ရင် ကိုယ့်ဘာသာ ပျော်… ငါ့ကို လာမထိခိုက်နဲ့…”
“မကျေနပ်ရင် ငါ့ကို ပြန်ပေါက်လေ…”
“လက်အိတ်မပါလို့ နှင်းတွေ ကိုင်လို့မရပါဘူးဆို….” ဖြူလက်အိတ် မေ့ကျန်ခဲ့သည်။ သူ့ရယ်သံက တိုးတိုးဖွဖွ။ ဖြူ ရှေ့တူရှုက ရေခဲဖုံးနေတဲ့ တောင်ဖြူဖြူကြီးတွေကို ငေးရင်း လေအေးကို ဖွဖွရှုမိသည်။
“ဘယ်နှယ့်လဲ မလှဘူးလား…” အနားမှာ လာရပ်ရင်း မျိုးမြတ်မေးသည်။
“အင်း…”
“ဒါနဲ့များ ဒီခရီးကို မလိုက်လိုက်အောင် မနည်းခေါ်ရတယ်”
“ငါမှ ခရီးထွက်ရတာ မကြိုက်တာ… ဒါပေမယ့် ဒီခရီးကတော့…” စကားပြောရင်း ပိုအေးခဲလာတဲ့ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်မိတော့ မျိုးမြတ် ရုတ်တရက် ဖြူ့လက်တွေကို အသာအယာဆွဲယူရင်း လေအေးအေးနဲ့ ပြောသည်။
“ဒီခရီးကတော့ လာရတာ တန်တယ် မဟုတ်လား။ နင် ဒီရှုခင်းတွေ ကြိုက်မှာ ငါသိတယ်…”
ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကို တလှည့် သူ့မျက်နှာကို တလှည့် အလန့်တကြား ကြည့်မိတော့…
“ငါ လက်အိတ်ဝတ်ထားပါတယ်။ လက်ချင်း မထိပါဘူး” သူက ခပ်တည်တည် ခပ်အေးအေးပြောသည်။ ဖြူ ရုန်းဖယ်ဖို့ မေ့လျော့ရင်း…
“နင်လေ တော်တော် လက်ရဲဇက်ရဲ နိုင်တယ်နော်။ အဲဒါကြောင့်လည်း ရည်းစားတွေ…”
“အာ ဘာရည်းစား ‘တွေ’ လည်း… ၁ ယောက်ခွဲပဲ ရှိတာကိုများ” သူ ရယ်ကျဲကျဲပြောသည်။
“တစ်ယောက်ခွဲ? တစ်ယောက်ကတော့ နင့်အရင် ကောင်မလေး။ ခွဲ ဆိုတဲ့ နောက်တဝက်က ဘာကို ပြောတာလည်း။”
ခပ်လှမ်းလှမ်းမှာ ဇော်ဦးတို့နဲ့ နှင်းခဲတွေ အပြန်အလှန် ပေါက်ပြီး ဆော့နေတဲ့ ကေ့ဆီကို မျက်လုံးဝေ့ကြည့်ရင်း မေးတော့ ဖြူ့ မျက်လုံးဦးတည်ရာက ကေ့ကို လိုက်ကြည့်ရင်း မျိုးမြတ် လှိုက်ကနဲပြုံးသည်။ ဖြူ ခုမှ သတိရလာသလို လက်နှစ်ဖက်ကို ဆတ်ကနဲ ရုန်းထွက်ရင်း ခပ်ကြိတ်ကြိတ်ပြောလိုက်သည်။
“နင် ဒီခရီးမှာ ငါ့ကို မပါပါအောင် ခေါ်တာ ကေ့အိမ်က မိန်းကလေး အဖော်ပါမှ သွားခွင့်ပြုမယ်ပြောလို့ ဆိုတာ ငါမသိဘူး ထင်လို့လား”
မျိုးမြတ် စူးကနဲ ဖြူ့ကို ကြည့်သည်။ သူ့မျက်လုံးထဲက အရိပ်တွေကို သေချာစိုက်ကြည့်မိသည်။ ဘယ်လိုကြည့်ကြည့် ဖြူ မဖတ်တတ်…။ နောက် မျိုးမြတ်ချာကနဲ ကေတို့ဆီကို ထွက်သွားသည်။
နှင်းထုထဲမှာ ကျန်ခဲ့တဲ့ သူ့ခြေရာတွေကို ခေါင်းငိုက်စိုက်နဲ့ငေးရင်း ဖြူကျန်ရစ်သည်။ လေးငါးလှမ်း လှမ်းလို့ အပြီး ဖြူ သူကြားရုံလောက် လှမ်းပြောလိုက်သည်။
“လူတွေက နင့်အရင်ကောင်မလေးနဲ့ ကွဲတာ နင်ကေနဲ့ရှုပ်လို့ လို့ ပြောနေကြတယ်။ ငါ နင့်ကို လေးစားချင်တယ် မျိုးမြတ်”
သူ့ခြေသံခဏ ရပ်တန့်သွားသည်။ နောက် ဆက်လျှောက်သွားတဲ့ ခြေသံက တဖြည်းဖြည်းဝေးသွားတော့သည်။
♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
ဖြူ - ကိုယ်ချစ်သောသူနဲ့ နာကျင်မှုကင်းစွာ ရှိနေမယ်ဆိုရင် နှင်းဖြူဖြူတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဲဒီခရစ်စမတ်ကို နှစ်သက်မိမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ နှင်းဖြူဖြူတွေကရော၊ နှင်းဖုံးနေတဲ့ တောင်တန်းဖြူဖြူတွေကပါ ဖြူ့ရဲ့ ခရစ်စမတ်ကို နှစ်သက်စရာဖြစ်အောင် ကူညီနိုင်မယ် မထင်ပါဘူး...
==================================
“Happy Christmas Eve ဖြူ”
ပြဿနာထင်ထင်ရှားရှား မရှိခဲ့ပါဘဲနဲ့ ခရီးက ပြန်လာကတည်းက (အထူးသဖြင့် ဖြူ့ဘက်က) ခပ်စိမ်းစိမ်းလို ဖြစ်နေခဲ့တာ ကြာပြီဖြစ်တဲ့ မျိုးမြတ်အသံကို မထင်မှတ်တဲ့ Christmas Eve မနက်ခင်းမှာ ဖုန်းထဲက ကြားလိုက်ရခြင်းက ဖြူ့ကို ကုတင်ပေါ်မှာ ငေါက်ကနဲ ထထိုင်လိုက်မိစေသည်။
“မျိုး… မျိုးမြတ်… Same to you…”
“ဘယ်မှ မသွားဘူးလား”
“ခုမှ မနက် ၆ နာရီခွဲလေဟာ…”
“မဟုတ်ဘူးလေ ဒီနေ့ တနေ့လုံးကို မေးတာ”
“မသွားဘူးလေ… ကြီးကြီးကလယ်ရာ အိမ်မှာတော့ ညနေ ခဏသွားကူရမယ်။ မနက်ဖြန် Christmas အတွက်။ နင်လည်း မနက်ဖြန် လာမယ် မဟုတ်လား…”
“အင်း…”
နှစ်ယောက်စလုံး ခဏတိတ်ဆိတ်သွားပြီးမှ…
“ဖြူ… နင်တော်တော် နေနိုင်တယ်နော်…”
“ငါက နေနိုင်ရင်တောင် နင်က ခေါ်ပါတော့လား” ဖြူ ပြုံးနေတဲ့ နှုတ်ခမ်းတွေကို ဖိကိုက်ရင်း ခပ်စွာစွာလေးပြောမိတော့ သူ့ရယ်သံကို ကြားရသည်။
“ခုလည်း ငါကပဲ ခေါ်တာပဲလေ။ ငါက တချိန်လုံး ကေနဲ့ လျှောက်သွားနေတော့ အားမှ မအားတာ”
မျိုးမြတ် ရယ်သံစွက်ပြီးပြောတော့ ဖြူ့မျက်နှာပေါ်က အပြုံးရိပ်ပျောက်သွားသည်။
“နေစမ်းပါဦး ငါတို့ ဘာကိစ္စနဲ့ မခေါ်ဖြစ်ကြတာလဲ…”
မျိုးမြတ်မေးခွန်းကို ဖြူဘာကို မယ်မယ်ရရ ပြန်ဖြေရမှန်းမသိ ဖြစ်နေတုန်း သူ စကားစကို ဖြတ်လိုက်သည်။
“ထားပါတော့… ငါတို့ ခုပြန်ခေါ်ပြီပဲ။ မနက်ဖြန်တွေ့မယ်နော် ဖြူ…”
သူဖုန်းချသွားတော့ ဖြူမျက်ရည်တွေနဲ့ ဖုန်းလေးကိုရင်မှာအပ်ထားတာ အကြာကြီးမှ အကြာကြီး…
♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ဖြူ - တစ်စုံတစ်ယောက်သောသူနဲ့ ဖုန်းအကြာကြီးပြောပြီး ဖြတ်သန်းချင်ပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပါ...
==================================
ကြီးကြီးကလယ်ရာတို့ ဧည့်ခန်းထဲမှာ ခြေထောက်ကလေး ချိတ်ထိုင်ရင်း ကြီးကြီးနဲ့ စကားလက်ဆုံကျနေတဲ့ ကေ့ကို ငေးရင်း ဖြူသိမ်ငယ်စိတ်တွေ ဝင်မိသည်။ အနီရင့်ရင့် အင်္ကျီလေးနဲ့ ကေက ခါတိုင်းလိုပဲ အင်မတန် Smart ကျပြီး လှလွန်းနေသည်။ ကေ့မျက်နှာက ဘဝမှာ လိုချင်တာမှန်သမျှ ရအောင် လုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အရောင်တွေနဲ့ အမြဲတောက်ပ နေတတ်သည်။ မျိုးမြတ်ကို ကေ စတွေ့ဖူးတုန်းက “အဲဒါငါ့ရဲ့ Next Boyfriend” လို့ သူငယ်ချင်းတွေကို နောက်သလိုလို အတည်လိုလို ပြောခဲ့သတဲ့။ သူပြောခဲ့သလို တကယ်ပဲ မျိုးမြတ်ကို သူပိုင်ဆိုင်ရတာပါပဲလေ။
ကြီးကြီးကလယ်ရာရဲ့ ခွေးကလေး ဘော်ဘီကို သူတို့အနားမှာ လိုက်ဖမ်းရင်း ကေ့စကားတွေကို တစွန်းတစ ကြားရသည်။
“ခုထိ Honeymoon အတွက် သူနဲ့ ညှိလို့ကို မရဘူး။ သူက နှင်းတွေရှိတဲ့ နေရာမှတဲ့။ ကေက Beach တစ်ခုခု ပဲ သွားချင်တာ။ အမြဲတမ်း အဲဒီလို သူ့စိတ်နဲ့ ကေ့စိတ်က အဖြူနဲ့အမည်း ကြီးကြီးရဲ့…။ ကြီးကြီးတွေ့မှ ပြောပေးပါဦး…”
ဖြူ့တကိုယ်လုံး အေးခဲသွားမတတ်။ မျှော်လင့်ထားခဲ့ပေမယ့် ဒီလောက် မြန်ဆန်လိမ့်မယ် ထင်မထားခဲ့။ ဖြူ ငေးငိုင်နေတုန်း လိုက်ဖမ်းတုန်းက မမိခဲ့တဲ့ ဘော်ဘီ အနားလာပြီး ရစ်သီရစ်သီလုပ်နေတော့ အလိုက်သင့် ပွေ့လိုက်ရင်း ခပ်ဖြေးဖြေး အထ…
“ဟိုး ဟိုး ဟိုး (Ho Ho Ho) သမီးလေး ဖြူအတွက် ဖိုးဖိုး စန်တာကလော့စ်ရဲ့ လက်ဆောင်”
မျက်လုံးရှေ့မှာ ဘွားကနဲပေါ်လာတဲ့ မျိုးမြတ်ဆီက ဘူးလေးကို လွတ်နေတဲ့လက်တဖက်နဲ့ ကမူးရှုးထိုး လှမ်းယူရင်း စကားတခွန်းမှ မဆိုမိဘဲ သူ့နားက ကတုန်ကယင် ပြေးထွက်လာမိသည်။
အိမ်ရဲ့ ဘေးဝင်ပေါက်လေးအရောက် ခြေပစ်လက်ပစ်ထိုင်ချရင်း ရင်ခွင်ထဲက ဘော်ဘီကို တင်းကျပ်နေအောင် ဖက်ထားမိသည်။ ဘော်ဘီကလည်း ဖြူ့ နာကျင်မှုကို နားလည်တဲ့အလား ငြိမ်ငြိမ်လေး နေပေးနေသည်။ လက်ထဲက ဘူးလေးကို ဘော်ဘီကိုက်ဆွဲဖို့ ကြိုးစားမှ သတိရပြီး သေချာကြည့်မိတော့ သံဘူးလေး။ အဖုံးလေးကို ဖွင့်လိုက်တော့ ဖြူကမ္ဘာ့အပြင်ဘက်ကို လွင့်စင်သွားသလိုပင်။ ဘူးထဲက နှင်းပုံစံ ဖော့လေးတွေထဲမှာ Crystal နဲ့ လုပ်ထားတဲ့ အနီရောင် အသည်းလေး။
“ဘာလို့ ထွက်ပြေးနေရတာလဲ…”
နောက်က ထွက်လာတဲ့ မျိုးမြတ်အသံကြောင့် ဖြူဘူးလေးကို ယောင်ယမ်း ပိတ်လိုက်မိသည်။ သူက ဘေးမှာ ဝင်ထိုင်ရင်း…
“ကြိုက်လား…” သူမေးတော့ ဖြူ ဘူးလေးကို တုန်ယင်တဲ့ လက်တွေနဲ့ တင်းတင်း ဆုပ်ထားရင်း…
“နင် နဲ့ ကေ လက်ထပ်တော့မယ် မဟုတ်လား…”
“အမ်… ဘာရယ်…”
“ကေ က အခုပဲ ကြီးကြီးကို Honeymoon အကြောင်းပြောနေတာလေ…”
“အာ အဲဒါနဲ့ပဲ သူနဲ့ ယူမယ့်သူက ငါဖြစ်ရောလား”
“နင် ပဲရှိတာပဲ…”
“ဟောဗျာ စွပ်စွပ်စွဲစွဲ။ ကေ အဲဒီလူနဲ့ တွဲနေတာ တစ်နှစ်နီးပါး ရှိပြီ။ တလောကလုံး သိတယ်။ နင်ပဲ ဘယ်ကမ္ဘာမှာ သွားအိပ်ပျော်နေလို့ မသိတာလည်း။ Facebook မှာလည်း In a relationship with xxxxx လို့ ရေးထားတာ ကြာလှပြီ။”
“ငါ့ Friend List ထဲမှာ ကေမှ မရှိဘဲ…” သူ အော်ရယ်သည်။ ဖြူကတော့ မျက်မှောင်တွေ ကြုံ့နေမိဆဲ…
“ကဲပါ… မေးတာ ဖြေဦး… ဒီနှစ် ခရစ်စမတ်လက်ဆောင် ကြိုက်လား…”
ဖြူမဖြေမိ… ခုထိ အာရုံတွေ ရှုပ်ထွေးနေဆဲ။
“ဒါဆို နင့်ပထမကောင်မလေးနဲ့ ဘာလို့ ပြတ်သွားတာလဲ…။ ကေ့ကြောင့် မဟုတ်ဘူးလား…”
“အဲဒီတုန်းက နှစ်ယောက်စလုံး ငယ်သေးတယ်လေ။ နောက် တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ကာကာ မရှိမှန်း တဖြည်းဖြည်း သိလာတယ်။ ဒီကြားထဲ သူက ငါ့ကို ကေနဲ့စွပ်စွဲရာက ပြဿနာပိုကြီးပြီး လမ်းခွဲလိုက်ကြတာ” သူက အသံနှိမ့်ရင်း… “အဲဒီအချိန် ကေတို့အဖွဲ့နဲ့ ငါက တအားတွဲဖြစ်တော့ အတင်းတွေက သတင်းဖြစ်ပြီး ရှုပ်ကုန်တာ”
ဖြူသူ့ကို မယုံနိုင်စွာ သူ့ကို မော့ကြည့်တော့ ခါတိုင်းမြင်နေကျ စူးလက်သော မျိုးမြတ်မျက်လုံးတို့နှင့် ဆုံသည်။ ဒီတခါတော့ သူ့အကြည့်ကို ဖြူဖတ်တတ်သွားသလိုပင်။
“ကဲ တတိယအကြိမ်မြောက်မေးမယ်… လက်ဆောင်ကြိုက်လား”
ဖြူမဖြေမိ။ ရင်ခွင်ထဲက ဘော်ဘီ ခုန်ထွက်သွားတော့ ဘော်ဘီ ပြေးထွက်သွားရာဆီ အကြည့်ကို လွှဲနေလိုက်သည်။ မျက်လုံးထောင့်မှာ သူပြုံးလိုက်တာ ဖြူမြင်ရသည်။ နောက် လက်ပေါ်မှာ သူ့လက်ဖဝါးနွေးနွေးရဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။
ဒီတခါတော့ သူ လက်အိတ် ဝတ်မထားပါ။ ဒါပေမယ့် ဖြူမရုန်းမိတော့…
♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ဖြူ - ချစ်တဲ့ခင်တဲ့ သူတွေကို ခရစ်စမတ်မှာ ဖြူအပေးချင်ဆုံးက အဖိုးတန်ဆုံးသော ချစ်ခြင်းမေတ္တာပါ။ အမှန်က ခရစ်စမတ်မှာမှ ချစ်ခြင်းမေတ္တာကို ပေးသင့်တာ မဟုတ်ပါဘူး။ ဒါဟာ နေ့စဉ်နေ့တိုင်း ဖြစ်သင့်တယ် မဟုတ်လားနော်...
==================================
“ဖြူ ကြည့်ပေးပါဦး… ပုံစံကျရဲ့လားဆိုတာ…”
ဖြူ မေးခွန်းလေးတွေကို တစ်ခုချင်း ဖြေကြည့်မိနေတုန်း နောက်ကထွက်လာတဲ့ မျိုးမြတ်အသံကြောင့် အသာထပြီး သူ့ရှေ့မှာ သွားရပ်ရင်း စင်တာကလော့စ် အဝတ်အစားနဲ့ မုတ်ဆိတ်မွေး အတုတွေကို နေရာကျအောင် လုပ်ပေးမိသည်။
“အား… သိသားပဲ။ စင်တာကလော့စ်က ဖေကြီးဆိုတာ။ သားတို့ကို စင်တာကလော့စ် တကယ်ရှိတယ်ဆိုပြီး ညာတယ်။ ”
အခန်းဝက အသံကုန်ခြစ်ပြီး အော်လိုက်တဲ့ သားလေးအသံကြောင့် ဖြူရော မျိုးမြတ်ပါ တယောက်မျက်နှာ တယောက်ကြည့်ရင်း အသံထွက် ရယ်လိုက်မိသည်။
“ကဲ အဲတော့ စင်တာကလော့စ်ကြီးဆီက လက်ဆောင်တွေ သားက မယူချင်တော့ဘူးလား”
အဲဒီတော့မှ သားလေးက မျက်နှာချိုလေးသွေးသည်။
“ဟာ အဲဒါတော့ ဟီးဟီး”
“လူလည်လေး… ကဲသွား… ညီမလေးကို ခေါ်လိုက်တော့။ ဘွားဘွားကလယ်ရာတို့အိမ် သွားကြစို့”
ဖြူ လောဆော်လိုက်တော့ မျိုးမြတ်က သူ့သမီးကို စိတ်မချစွာနဲ့ ချီခေါ်ဖို့ ထွက်ရင်း အခန်းဝကနေ လှမ်းအော်သွားသေးသည်။
“ဖြူလည်း ထတော့လေ… ပိတ် ပိတ် ကွန်ပျူတာလည်း ပိတ်တော့”
ကွန်ပျူတာ မပိတ်ခင် ဖြူနောက်ဆုံးမေးခွန်းလေးကို လှမ်းကြည့်လိုက်မိသည်။
♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
ဖြူ အသာအယာပြုံးရင်း ကွန်ပျူတာကို ပိတ်လိုက်မိတော့သည်။
ရွှေပြည်သူ
(24-Dec-2011 ~ 11:13 PM)
ဒီဝတ္ထုတိုလေးကို S Club 7 ရဲ့ Perfect Christmas သီချင်းလေးကို နားထောင်ရင်း ရေးခဲ့ပါတယ်...း)
ဘယ် ဘာသာအယူဝါဒကိုမှ အစွဲမထားဘဲ ခရစ်စမတ် အချိန်နဲ့ ကိုက်ညီအောင် ခံစားရေးဖွဲ့ထားတာပါရှင်။ ဒီစာလေး ရေးဖြစ်အောင် Tag ခဲ့တဲ့ ညီမလေး Rose၊ လာဖတ်ပေးသူအားလုံး နဲ့ ကျွန်မရဲ့ VIP မလေးတစ်ယောက် ပျော်စေချင်လို့ အပျော်လေးနဲ့ အဆုံးသတ်ပေးထားပါတယ်။ အားလုံးပဲ Happy Christmas ပါနော်း)


နှစ်သက်တဲ့ ပုံစံလေးနဲ့ လွတ်လွတ်လပ်လပ် ရေးပေးပါလို့ ရို့စ်က တက်ဂ်ထားတော့ အခုလို အစ်မရွှေပြည်သူရဲ့ ရေးဟန်လေးအတိုင်း ဆွတ်ပျံ့ဖွယ် ခရစ်စမတ် ၀တ္ထုတိုလေးကို ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်ရှင်။ ရို့စ် ရေးထားတဲ့ မေးခွန်းလေးတွေကိုလည်း ၀တ္ထုထဲမှာ အံဝင်ခွင်ကျ ထည့်ထားတာ သိပ်တော်တာပဲ။ ဖြူနဲ့ မျိုးမြတ်တို့ရဲ့ သာယာဖွယ် ဇာတ်သိမ်းလေးက ဒီဇင်ဘာကို ပိုချိုမြိန် လှပေစေတာ အမှန်ပါပဲ။ အရမ်းချစ်ဖို့ကောင်းတဲ့ မမ...။ မမရွှေပြည်သူလည်း ပျော်ရွှင်သာယာသော နှစ်သစ် ၂၀၁၂ ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းခဲ့ပါရစေ။
ReplyDeleteပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း Happy New Year ပါမမရေ......:)
ReplyDeleteအမရဲ့ အိုင်ဒီယာလေးက လှလိုက်တာ။ ဘယ်လိုများ စဉ်းစားမိပါလိမ့်။ တကယ်မိုက်တယ်။ ကေက ကြီးကြီးကို စိတ်ခြင်းအဖြူနဲ့အမဲပဲပြောနေချိန်ထိ မရိပ်မိသေးဘူး။ ခွဲတော့မလားဆိုပီး ဆက်ဖတ်နေရတာ။ တော်တော်ဆိုးတဲ့ အမ။ ခရစ်စမတ်မှာ ပျော်ရွှင်ခြင်းတွေနဲ့အတူ အဲဒီအပျော်တွေအားလုံးကို နောက်နှစ် နောက်နှစ်များအထိ ယူဆောင်သွားနိုင်ပါစေ။
ReplyDeleteသိပ်ဖတ်လို့ကောင်းသလို သိပ်လည်း ကြည်နူးဖို့ကောင်းတဲ့ ဇာတ်လမ်းလေးပါပဲး)) ကျနော် အမှန်ပြောတာပါ ဒီပို့စ်လေးကို ဖတ်ပြီးတဲ့ အချိန် ကျနော်ရင်မှာ ပျော်ရွှင်ခြင်းတွေနဲ့ ပြုံးနေမိတာ အမှန်ပါပဲ . . . perfect christmas သီချင်းလေးကလည်း အရမ်းနားထောင်ကောင်းလွန်းတယ် . .
ReplyDeleteပျော်ရွှင်ခဲ့ရတဲ့အတွက်
ကျေးဇူး အစ်မ ရွှေပြည်သူး)
ခင်မင်တဲ့
ဗညားရှိန်
ရေးထားပုံလေးက အများနဲ့မတူ တမူထူးခြားပြီး စိတ်ဝင်စားဖို့လည်းကောင်းတယ်.. ဖတ်လို့လည်း ကောင်းတယ်.
ReplyDeleteဖတ်ပြီးတော့ ကြည်နူးစိတ်လေးဖြစ်မိတယ်. သိင်္ဂါရ ရသတွေပေးနိုင်စွမ်းတဲ့ ခရစ္စမတ်ပိုစ့်လေးပါလားနော်..
Merry Christmas ပါနော်...
ရောက်လာတော့မဲ့ နှစ်သစ်ဟာလည်း ရွှေပြည်သူဆိုတဲ့ မိန်းခလေးတစ်ယောက်အတွက် အလွန်ကံကောင်းသောနှစ်ဖြစ်ပါစေလို့.....
ချစ်ခင်စွာ
ချော
အတွေးတွေ သိပ်လှတာပါပဲ။ ဟက်ပီး ခရစ်စမတ်နော် :))
ReplyDeleteစိတ်ကြည်နူးမှုလေးတွေနဲ့အတူထူးခြားတဲ့ တဂ်ပို့စ်လေးကို
ReplyDeleteဖတ်သွားပါတယ် မရွှေပြည်သူရေ။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သီချင်းလေးလည်း ကောင်းတယ်..
ReplyDeleteဇာတ်လမ်းလေးလည်း ကောင်းတယ်... :)
Amazing! I would say heartily, without flattery, that this is the most beautifully, cleverly and creatively plotted short story among those I have ever read during the whole 2011 year, Miss!
ReplyDeleteWish you Happy Holidays and a New Year that would bring peace of mind, happiness, joys, health and prosperity!
ွှTag Postတွေထဲမှာ တင်ပြပုံထူးထူးခြားခြားလေးနဲ့ ရေးထားလို့ ဖတ်လိုက်တာ ဘယ်လို ဆုံးသွားမှန်းတောင် မသိလိုက်မိဘူး...။ သိမ့်မွေ့တဲ့ အရေးအဖွဲ့လေးနဲ့ ထုံးစံအတိုင်း ရေးထားတာမို့ ဖတ်ပြီး နှစ်သက်မိရတယ်။ အတွေးတွေ သိပ်လှတယ်။ ခရစ်စမတ်ရက် အွန်လိုင်းမတက်နိုင်တာမို့ အခုမှ အပြေးလေးလာရတာပါရှင်...။
ReplyDeleteအမလေး အမရယ် ရင်တစ်ထိတ်ထိတ်နဲ့ ဖတ်လိုက်ရတာ တော်သေးတာပေါ့ Happy Ending !!!
ReplyDeleteအားလပ်ရက်မှာ ပျော်ရွှင်ပါစေ ..
ReplyDeleteမမရွှေပြည်သူရဲ့ ဒီဇင်ဘာစိတ်ကူးလေးက အင်မတန်လှပပါပေတယ်
ReplyDeleteပျော်ရွှင်ဖွယ် ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေရှင်
ချစ်တဲ့
မဒိုးကန်
အမရဲ့ စာတွေကို ကြိုက်ပြီးသားမို့.......း)
ReplyDeleteကြည်နူးစရာကောင်းတဲ့..ဇာတ်လမ်းလေး....အရမ်းကြိုက်ပါတယ်.....
late merry X mas & happy new year ပါအမ......
စကားမစပ်.....သီကြိုးမဲ့ပုလဲသွယ်ကိုလည်း စောင့်မျှော်လျှက်ပါ...(hope to b a happy ending ..)
;P
ပျော်စရာကောင်းတဲ့ အချိန်လေးမှာ ပျော်ရွှင်ခြင်းနဲ့ အဆုံးသတ်ပေးလို့ ကျေးဇူးတင်ပါတယ် မမ။
ReplyDeleteမမ ရွှေပြည်သူအတွက်လည်း ပျော်ရွှင်ခြင်းတွေ ရပါစေ...
ိsis ရေ..
ReplyDeleteစာတွေ အမြဲလာဖတ်ပါတယ်။ ရေးထားတဲ့ ပုံစံလေးကို သိပ်ကြိုက်တာပဲ။
ဆန်းဆန်းပြားပြားလေး..
Merry X-Mas (a bit belated :D) & Happy New Year sis!
jr.
ညီမလေးရေ...ခုမှလာဖတ်ဖြစ်တော့တယ်... အရမ်းကိုချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါ.... နောက်ပြီး သီကြိုးမဲ့ပုလဲသွယ် ကိုလဲ အဆုံးသတ်ပေးပါဦးနော်... စောင့်နေရတာ ကြာလှပေါ့..း)
ReplyDeleteချစ်သော
နေကြည်
Happy New Year ညီမ ရွှေပြည်သူ
ReplyDelete2012 မှာကံကောင်းခြင်းပျော်ရွှင်ခြင်းတွေပိုင်ဆိုင်ရရှိနိုင်ပါစေမမရေ
ReplyDeleteခင်မင်လျှက်
မဒိုးကန်