Saturday, December 17, 2011

Busi-ness Trip

နိုဝင်ဘာလဆန်းလောက် ကနေ ဒီနေ့အထိ စိတ်ရောလူပါ မရပ်မနား ဆက်တိုက်ပင်ပန်းနေလို့ ကိုယ့် Blog လေးကိုယ် တချက်တချက် ဝင်ငေးရုံကလွဲပြီး စာမရေးနိုင်ခဲ့တာ ကြာသွားပြန်ပါတယ်။ အကုန်လုံးကို အတိုချုံးပြီး ပြောရရင်တော့ စာမေးပွဲဖြေဖို့ စာကျက်နေတုန်းမှာ မထင်မှတ်ဘဲ အသိုက်ပြောင်းဖို့ ဖြစ်လာတော့ ရုတ်တရက် အိမ်အသစ် ထရှာရပါတယ်။ ဒီကြားထဲမှာပဲ မမျှော်လင့်ဘဲ ရလာတဲ့ အခွင့်အရေးတစ်ခုကြောင့် ၃ နှစ်ကျော်ကြာ သံယောဇဉ်ကြီးစွာနဲ့ လုပ်ခဲ့တဲ့အလုပ်ကနေ ထွက်ဖို့ဖြစ်လာပြန်ပါတယ်။ ဒီလိုနဲ့ ရက်ပိုင်းလေးတွေပဲ ခြားပြီး စာမေးပွဲဖြေ၊ အသိုက်ပြောင်း၊ အလုပ်ဟောင်းက အလုပ်တွေ Handover လုပ်၊ အလုပ်သစ်က စနေပြီဖြစ်တဲ့ Project နောက်ကို အမောတကောလိုက် စသည်ဖြင့် ဆက်တိုက်ဖြစ်သွားတော့ Blog ဆီကို စိတ်ပဲ ရောက်နိုင်ပါတော့တယ်။

ဒီနေ့ နည်းနည်းလေး အသက်ရှုချောင်စပြုလာတာနဲ့ အလုပ်အသစ် ဝင်ဝင်ချင်းမှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားခဲ့ရတဲ့ ကျွန်မရဲ့ Busi-ness Trip လေးအကြောင်းကို ပြန်ချရေးမိပါတယ်။ Business ဆိုတာ Busy ရဲ့ Noun လို့ လူတွေ ရယ်စရာပြောကြသလို တကယ်ကို ပင်ပန်းခဲ့ရတဲ့ ခရီးမို့လို့ Busi-ness လို့ တမင်ခွဲရေးလိုက်တာပါး) အပျော်ခရီး မဟုတ်ဘဲ အလုပ်နဲ့ ပတ်သက်တဲ့ခရီးကို ပြည်တွင်းမှာ သွားခဲ့ဖူးပေမယ့် နိုင်ငံရပ်ခြားခရီးကိုတော့ အခုမှ ပထမဆုံးသွားဖူးတာဖြစ်သလို၊ အလုပ်ကလည်း အခုမှ ဝင်ခါစ ဖြစ်တာကြောင့် မသွားခင်ကတည်းက (စိတ်ပူတာရော၊ စိတ်ဝင်စားတာရော ရောထွေးပြီး) တော်တော်လေး စိတ်လှုပ်ရှားခဲ့ပါတယ်။



စကတည်းက ယဉ်သကို ဆိုသလိုပါပဲ။ စသွားကတည်းက Last Minute မှ ရောက်လာတဲ့ Information တချို့ကြောင့် လေယာဉ်ပေါ်တက်ဖို့ စောင့်နေတဲ့အချိန်မှာရော၊ လေယာဉ်ပေါ်မှာပါ ခေါင်းမဖော်တမ်း အလုပ်လုပ်သွားရပါတယ်။ တည်းမယ့် ဟိုတယ်လ်ကို ရောက်တော့ သူတို့ရဲ့ Business Centre မှာ အင်တာနက်အတွက် သွားပြော (သူတို့က တနေ့စာ သုံးဖို့ User Name နဲ့ Password ပါတဲ့ ကတ်လေးတွေထုတ်ပေးပြီး တကတ်အတွက် ဘတ် ၄၅၀ Charge လုပ်ပါတယ်)၊ Air-con လျော့ပေးဖို့ပြော၊ သိဖို့လိုတာလေးတွေ ဟိုမေးဒီမေးနဲ့ ယာယီနေရမယ့် နေရာလေးမှာ အထိုင်ကျအောင် အရင်လုပ်ရပါတယ်။ ပြီးတာနဲ့ အလုပ်ထဲ ခေါင်းပြန်မြုပ်သွားလိုက်တာ မနက် ၁ နာရီလည်း မပြီး၊ ၂ နာရီလည်း မပြီးနဲ့ နောက်ဆုံး ကျွန်မရော၊ လုပ်ဖော်ကိုင်ဘက်ရော၊ ကျွန်မတို့ Lady Boss ပါ မနက် ၃ နာရီခွဲ ၄ နာရီသာသာလောက်မှ အိပ်ယာဝင်နိုင်ကြပါတော့တယ်။ မနက် ၂ နာရီခွဲ လောက်မှာ ကျွန်မဦးနှောက်က တကယ်ကို Shut Down လုပ်စပြုနေပါပြီ။ ဘာမှ မတွေးနိုင်လောက်အောင် ပင်ပန်းနေတဲ့ကြားက နောက်တနေ့ အစည်းအဝေးအတွက် မဖြစ်မနေ ပြီးရမယ့်အလုပ်ဖြစ်နေတော့ မနည်းကြီး အားတင်းပြီး လုပ်ခဲ့ရပါတယ်။ နောက်တနေ့ မနက် အစည်းအဝေးခန်းကို ရောက်ရမယ့် အချိန်က ၇း၄၅ ပါ။


ကျောက်ချခဲ့ရတဲ့ နေရာလေး


နောက်တရက် နိုးတာနဲ့ အစည်းအဝေးခန်းကို အပြေးသွားပြီး ကြိုပြင်ဆင်ရမှာတွေ ပြင်ရပြန်ပါတယ်။ ဒီလိုနဲ့ အစည်းအဝေးခန်းထဲမှာ (ထမင်းစားချိန် နဲ့ Tea-break တွေကလွဲလို့) တနေကုန်ပြန်ပါတယ်။ အစည်းအဝေးပြီးတော့ ညစာမစားခင် အချိန်လေးမှာ ခပ်လှမ်းလှမ်းက အခန်းကျယ်တစ်ခုရှေ့မှာ လူတွေ ရုံးစုရုံးစု ဖြစ်နေပြီး Costume ဆန်ဆန်တွေ ဝတ်စားထားကြတာတွေ့ရတော့ တနေကုန် စိတ်ပင်ပန်းထားပုံရတဲ့ လုပ်ဖော်ကိုင်ဘက်တွေက သွားကြည့်ဖို့ ခေါ်ပါတယ်။ ဒီလိုနဲ့ အဲဒီအနား ယောင်လည်လည်နဲ့ ခဏရောက်သွားကြတော့ အသင်းအဖွဲ့တစ်ခုကလုပ်တဲ့ Party လို့ ဟိုတယ်လ်ဝန်ထမ်းတစ်ယောက်က ပြောပြပါတယ်။

ခန်းမထဲ ဝင်ကြည့်တော့ အောက်ကပုံတွေထဲက အတိုင်းလူတွေ အများကြီးတွေ့ရပါတယ်။ ပြောနေတဲ့ စကားတွေလည်း နားမလည်တော့ ဘာတွေလုပ်နေကြသလဲတော့ သေချာမသဲကွဲခဲ့ပါဘူး။


Game တခုခု ကစားနေတဲ့ ပုံစံမျိုးပါ


လူပရိတ်သတ်တွေ...


ထူးထူးဆန်းဆန်း ဝတ်စားထားတဲ့ ချစ်စရာ ကောင်မလေးတွေ

ခန်းမအပြင်ဘက်မှာလည်း Fun-Fair လိုမျိုး သေနတ်နဲ့ အရုပ်ကိုပစ်တာ၊ ပူဖောင်းကို မြှားနဲ့ပစ်တာမျိုးတွေကို ရုံလေးတွေနဲ့ လုပ်ထားပါသေးတယ်။

ပစ်ချင်ရင် ပစ်ဖို့း)


Phone လေးနဲ့ ဓာတ်ပုံဟိုရိုက်ဒီရိုက်လုပ်နေတဲ့ ကျွန်မကို အနားက ဟိုတယ်ဝန်ထမ်းက ပစ်ချင်ရင် ပစ်နိုင်ပါတယ်ဆိုလို့ မြှားနဲ့ ပူဖောင်းကို ပစ်ခဲ့ပါသေးတယ် (ငယ်သေးတော့း)) မြှားသုံးစင်းနဲ့ ပစ်တာ နှစ်လုံးပဲ ပေါက်ပါတယ် (အနားကို ကပ်နိုင်သမျှ ကပ်ပြီး ပစ်တာတောင်မှး))

မြှားနဲ့ပစ်ခဲ့တဲ့ ဘောလုံးလေးတွေ။ ဘောလုံးပေါက်လို့ ချောကလက်လေးတစ်တုံး ပေးပါတယ်း))


ဒုတိယနေ့အစည်းအဝေးက ပိုအာရုံစိုက်ရပြီး ပိုပြီး စိတ်ဖိစီးမှုများပါတယ်။ မျှော်လင့်ထားတဲ့အချိန်ထက် နောက်ကျမှ ပြီးပေမယ့် အစည်းအဝေး အစကနေအဆုံး ၂ ရက်လုံး ချောချောမွေ့မွေ့ဖြစ်ခဲ့တာ တကယ်ကို ဝမ်းသာစရာပါ။ ပြီးသွားပြီဆိုတော့ နားရပြီပေါ့လို့ ထင်ရပေမယ့် အဲဒီကျမှ လူကြီးတွေချလိုက်တဲ့ Decision တွေအတွက် အလုပ်သစ်တွေ စပြီးပိတော့တာပါ။ အဲဒါတွေ ထိုင်လုပ်ဖို့ ကြံစည်နေတုန်း Lady Boss က ဒီညတော့ နားပါဆိုပြီး အနီးအနားက ဈေးတန်းလေးဆီကို လမ်းလျှောက်ဖို့ ခေါ်ထုတ်သွားပါတယ်။ အဲဒီကျမှပဲ ဘန်ကောက်မြို့ထဲကို ခြေချခွင့် စရပါတော့တယ်။ လွန်ခဲ့တဲ့ လတွေတုန်းက တော်တော်လေး ဆိုးခဲ့တဲ့ ထိုင်းလူမျိုးတွေရဲ့ ရေဘေးဒုက္ခကတော့ တော်တော်တည်ငြိမ်သွားပြီဆိုတာ တွေ့ရပါတယ်။

အောက်မှာ ရသမျှလေး ရိုက်လာတဲ့ ပုံလေးတွေပါ။


ဘန်ကောက်ရဲ့ ညဦး


ပိုးကောင်လေးတွေ ကြော်ပြီးရောင်းနေတာပါ...

ခရီးစဉ်တစ်ခုလုံးကို ခြုံကြည့်မိတော့ “ပင်ပန်းပေမယ့် ပျော်ပါတယ်” ဆိုတဲ့ အဖြေထွက်ပါတယ်။ အပေါ်မှာ ရေးခဲ့သလို ခေါင်းတွေ ပူထူလာတဲ့အထိ အလုပ်လုပ် ရပေမယ့် လေးစားစရာ ပညာရှင်ကြီးတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့သလို သူတို့ဆီက အားကျစရာ သင်ယူစရာတွေလည်း မြင်ခွင့်ရခဲ့တာကြောင့် ပင်ပန်းရတာ တကယ်ကို တန်ခဲ့ပါတယ်။ ကျွန်မလိုပဲ Busi-ness Trip ထွက်ဖို့ ရှိသူတွေကို ကျွန်မ သိလာရသမျှလေးတွေ ဝေမျှချင်ပါတယ်… သေးသေးမွှားမွှား လူပြိန်းသိလေးတွေဖြစ်သလို၊ လူတိုင်းသိပြီးသားတွေ ဖြစ်နိုင်ပေမယ့် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

  • ကိုယ်သွားမယ့် နိုင်ငံမှာ 2 Pin Plug အဓိကသုံးသလား၊ 3 Pin Plug အဓိက သုံးသလားဆိုတာ (သူငယ်ချင်းရှိခဲ့ရင်) ကြိုလေ့လာထားပြီး ကိုယ့်နိုင်ငံနဲ့ မတူခဲ့ရင် Adapter လေး ကြိုဆောင်သွားသင့်ပါတယ်။ (ဥပမာ - စင်္ကာပူမှာက 3 Pin Plug ကိုသုံးပေမယ့် ထိုင်းနိုင်ငံမှာကျတော့ 2 Pin Plug ပဲ သုံးပါတယ်။) အခုလို Electronic ပစ္စည်းတွေ မရှိမဖြစ် ဖြစ်နေတဲ့ ခေတ်ကြီးမှာ ဒါဟာလည်း မထင်မှတ်ဘဲ တခါတခါ အရေးကြီးနေတတ်ပါတယ်။ Hotel တွေမှာ အလွယ်တကူ ငှားယူလို့ ရပေမယ့် ကိုယ့်ဘာသာ ဆောင်သွားခြင်းအားဖြင့် ဝန်ထမ်းတွေကို ဖုန်းဆက်ပြီး တောင်းရမယ့် အချိန်ရယ်၊ အင်အားရယ်၊ (Charge လုပ်ခဲ့ရင်) ငှားခအတွက် ကုမ္ပဏီက ပေးရမယ့် ပိုက်ဆံရယ်ကို ခြွေတာပြီးသားဖြစ်ပါတယ်။
  • သွားမယ့် နိုင်ငံရဲ့ ဘာသာစကားကို (အချိန်ရခဲ့ရင်) ထမင်းစားရေသောက်လေးလောက် ဖြစ်ဖြစ် လေ့လာထားသင့်ပါတယ်။ အထူးသဖြင့် သွားမယ့်နိုင်ငံက အင်္ဂလိပ်စကားကို တွင်တွင်ကျယ်ကျယ် မသုံးခဲ့ရင်ပေါ့နော်။
  • ခရီးစဉ်တလျှောက်မှာ လုပ်ရမယ့် အရေးကြီးကိစ္စတွေကို စာရင်းနဲ့ ချရေးထားသင့်ပါတယ်။ (တခြားလူတွေအတွက် လိုမလို မသိပေမယ့် မှတ်ဥာဏ်မကောင်းတဲ့ ကျွန်မအတွက်ကတော့ မရှိမဖြစ်ပါ။ ခရီးက ပြန်လာရင် လုပ်ရမယ့်ကိစ္စတွေကိုပါ ကြိုပြီး ချရေးထားပါတယ်)
  • ခရီးစဉ်တလျှောက်မှာ လိုအပ်မယ့် စာရွက်စာတမ်းတွေကို တစုတစည်းထဲ သိမ်းထားသင့်သလို၊ Computer File တွေကိုလည်း သေသေသပ်သပ် စုစည်းထားသင့်ပါတယ်။ Computer ထဲက File တွေကိုဆိုရင် Thumbdrive နဲ့ပါ Copy တစ်ခု သိမ်းထားသင့်ပါတယ်။
  • ကုမ္ပဏီက ကိုယ့်အတွက် စားရိတ်စက အကုန်ကျခံသည့်တိုင်အောင် အိတ်ဆောင်အနေနဲ့ သွားမယ့်နိုင်ငံက ငွေကြေးကို နည်းနည်းလောက် ဖြစ်ဖြစ် လဲယူသွားသင့်ပါတယ်။
  • နောက်ဆုံးအချက်ကတော့ ခရီးစဉ်မတိုင်ခင်ရော၊ ခရီးစဉ် တလျှောက်လုံးပါ ကျန်းမာရေးကို ဂရုစိုက်ဖို့ပါ။ ရေများများသောက်၊ အစားကိုလည်း အားဖြစ်အောင် ဝင်အောင်စားပြီး Multivitamin အားဆေးတွေကိုလည်း သောက်ထားသင့်ပါတယ်။ လိုအပ်နိုင်တဲ့ ဆေးဝါးလေးတွေကိုလည်း ဆောင်သွားသင့်ပါတယ်။ (ကျွန်မဆိုရင် Migraine ဖြစ်တတ်တော့ ခေါင်းကိုက်ပျောက်ဆေးက အမြဲ မပါမဖြစ်ပါ)။ ဆေးခန်းတွေ ဆရာဝန်တွေ ရှိပေမယ့် တော်ရုံတန်ရုံ ဝေဒနာကိုတော့ ကိုယ့်အခန်းထဲမှာပဲ ကိုယ့်ဆေးကိုယ့်ဝါးလေးနဲ့ ပျောက်သွားရင် ပိုအဆင်ပြေတယ်လို့ ထင်မိလို့ပါ။
ကျွန်မ ဝေမျှချင်တာလေးတွေကတော့ ဒီလောက်ပါပဲ။ အောက်က ဓာတ်ပုံကတော့ အပြန် လေယာဉ်ကွင်းထဲက စာအုပ်ဆိုင်ရဲ့ “Asian Interest” Section အောက်က New Arrival စင်ပေါ်မှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးတွေ့ရလို့ အမှတ်တရ ရိုက်ယူလာတာပါ။


Asian Interest - New Arrival

Blog ကနေ အကြာကြီးပျောက်နေတဲ့ အချိန်တွေမှာတောင် အမြဲသတိတရရှိပြီး စာဆက်ရေးဖို့ အားပေးခဲ့ကြတဲ့ မောင်နှမတွေရော၊ စာမရေးတချက် ရေးတချက် ကျွန်မကို ခွင့်လွှတ်နားလည်ပြီး ဒီပို့စ်လေး လာဖတ်ပေးကြသူ အားလုံးပါ Khop Khun Kha ပါနော်း)

16 comments:

  1. Thanks for the new post!! Premium in quality as usual..:)
    Shady

    ReplyDelete
  2. sis Shady ◄ Thank you very much indeed! I got a lot of strength to write more after seeing your message in FB :o)

    ReplyDelete
  3. အမ... ခုနည်းနည်းတော့ အသက်ရှူချောင်သွားဘီပေါ့နော်။ ဆောင်ရန်လေးတွေက တကယ်ကိုအသေးအဖွဲလိုလိုနဲ့ အရေးပါတဲ့အရာတွေပါပဲ။ လွမ်းနေတာ။

    ReplyDelete
  4. သြော်... အဲ့ဒါ့ကြောင့် အစ်မရွှေပြည်သူ ပျောက်နေတာကိုး။ ပုံလေးတွေက လှတယ်။ အသုံးဝင်မယ့် အချက်အလက်လေးတွေ ဝေမျှလို့ ကျေးဇူးပါနော်။

    ReplyDelete
  5. PURPLE VINE ◄ ဟုတ်တယ် ညီမလေးရေ... အလုပ်တွေကတော့ ရှိတုန်းပေါ့။ ဒါပေမယ့် နည်းနည်းလေး အသက်ရှုလို့ရလာပြီး) သတိတရရှိပေးတာ ကျေးဇူးပါနော်

    rose ◄ ပုံလေးတွေ လှတယ်ဆိုလို့ ကျေးဇူးပါ ညီမလေးရေ။ အချက်အလက်လေးတွေ အသုံးဝင်မယ်ဆိုလို့ ဝမ်းသာပါတယ်း)

    ReplyDelete
  6. ညီမရေ.... မတွေ့တာကြာလို့ လာနှုတ်ဆက်တယ်။ မဇွန်လည်း အခုရေးနေတဲ့ခရီးသွားပို့စ်လေး ပြတ်ချင်လို့သာ အတင်းဖိရေးနေတာ ဘလော့ဂ်တွေဆီ မလည်ဖြစ်သေးဘူး။ စာကြွေးတွေရှင်းဖို့လည်း အများကြီး ကျန်နေသေးတာ။
    အစ်မလည်း တစ်နှစ် ၂ခေါက်လောက် ခရီးသွားဖြစ်တော့ electronic plug in တွေလည်း ဂရုစိုက်ပြီး သယ်သွားဖြစ်တယ်။ အပ်နဲ့အပ်ချည်လိုမျိုးတောင် ဆောင်သွားတတ်တယ်။ :D
    အလုပ်အသစ်တွက်ရော၊ အစည်းအဝေးအောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက်ရော Congrats ပါ ညီမရေ။ ညီမရွှေပြည်သူ အလုပ်သစ်မှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ခုထက် ပိုပြီးအောင်မြင်ပါစေလို့ မဇွန် ဆန္ဒပြုပါတယ်။း)

    ReplyDelete
  7. အစ်မ ဇွန်မိုးစက် ◄ ညီမလည်း Blog နဲ့ အဆက်ပြတ်သွားတာနဲ့ ဘယ်သူ့ဆီမှကို မလည်နိုင်အောင် ဖြစ်နေတာ အစ်မရေ။ အစ်မရဲ့ ခရီးသွားပို့စ်ကိုလည်း လာဖတ်ရဦးမယ်။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါနော်။

    ReplyDelete
  8. ကိုအောင်(ပျူနိုင်ငံ)Dec 17, 2011 06:53 AM

    ပျောက်နေတာ အတော်ကြာ ... ခုမှပဲ စာပြန်ဖတ်ရတော့တယ် ...

    ReplyDelete
  9. ကိုအောင် (ပျူနိုင်ငံ) ◄ ဟုတ်တယ် အစ်ကိုရေ... အပေါ်မှာ ပြောထားသလို လုံးလည်လိုက်နေတာနဲ့ အခုမှ အသက်ရှုလေးနည်းနည်း ချောင်လာလို့ စပြန်ရေးရတာ။ စာလာဖတ်တာ ကျေးဇူးပါး)

    ReplyDelete
  10. စာအသစ်လေးဖတ်ရတာ ပျော်လိုက်တာ ညီမလေးရေ။ အလုပ်သစ်စစချင်း ခုလိုပျော်မောခရီးလေးထွက်ရတာလည်း ပျော်စရာ..။ ညီမလေးအတွက် ဝမ်းသာဂုဏ်ယူပါတယ်..း)

    ချစ်တဲ့

    ReplyDelete
  11. ဒါကြောင့် ပျောက်နေတာကိုး..
    အလုပ်နဲ့ ပဲ ဖြစ်ဖြစ် ခရီးထွက်ရရင်တော့ ပျော်စရာကောင်းတာပါပဲ..
    အလုပ်သစ်မှာ အစစ အရာအရာ အဆင်ပြေပါစေနော်..

    ReplyDelete
  12. မရွှေပြည်သူ ပြန်ရေးနေတာ တွေ့လို့..ကိုယ့်ကို သက်ပြင်းချမိတယ်...
    ဟူးးးးး
    ပျော်ရွှင်ဖွယ် ခရီး တစ်ခုပါပဲ..

    ReplyDelete
  13. မမရေ...မင်္ဂလာပါလို့...:)
    ဗဟုသုတလေးတွေနဲ့ လေ့လာမှတ်သားစရာလေးတွေ အတွက် ကျေးဇူးပါမမ...။

    ReplyDelete
  14. ချော(အစိမ်းရောင်လွင်ပြင်)Dec 18, 2011 07:10 PM

    စာပြန်ရေးလို့ ဝမ်းသာပါတယ်.
    ခရီးထွက်ရတာ ပျော်စရာပေမဲ့ အလုပ်တွေနဲ့ ခေါင်းစိုက်နေရတော့ သိပ်ပြီး စိတ်ကျေနပ်စရာ မကောင်းလှဘူးနော်
    ခရီးသွားရင် လိုအပ်တာတွေ ဆောင်ရမှာတွေအကြံပေးထားတာ ကျေးဇူးပါ။ အားလုံးအတွက် အသုံးဝင်တဲ့ အကြောင်းအရာတွေပါ။

    ReplyDelete
  15. စာတွေမဖတ်ရတာကြာနေပြီ...။
    ပို့စ်အသစ်တွေ့လို့ ၀မ်းသာအားရလာခဲ့ပါတယ်..။
    Blogနဲ့ဝေးနေချိန်မှာ တွေ့ကြုံရတာတွေက စာရေးဖို့ ကုန်ကြမ်းတွေပဲပေါ့..။ ခရီးသွားအတွေ့အကြုံပို့စ်တွေ နှစ်သက်တယ်။ ဆောင်ရန် ရှောင်ရန်တွေပါ သိထားတော့ ခရီးသွားတဲ့အခါ ကိုယ်တိုင် အသုံးဝင်တာပေါ့...။

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)