သီကြိုးမဲ့ ပုလဲသွယ် (၁)
လေးလံလွန်းလိုက်တာ…။ ခေါင်းပေါ် လည်တိုင်ပေါ် လက်ကောက်ဝတ်တွေ… လက်ချောင်းတွေပေါ်က ဝိုင်းငေးနေတဲ့ မျက်လုံးအတွက် တဖြတ်ဖြတ်လက်ပေးနေတဲ့ ရတနာတွေဟာ သွယ့်အတွက်တော့ လေးလံမှုသက်သက်ကိုသာ ခံစားရစေသည်။ မျက်နှာပေါ်က မိတ်ကပ်တွေ နှုတ်ခမ်းနီတွေကရော… မြင်သမျှလူတွေကတော့ သွယ့်မျက်နှာလေး သိပ်လှသတဲ့။ သွယ်ကတော့ အသက်ရှုသာ ကျပ်နေမိသည်။
စင်ပေါ်မှာ အရုပ်တရုပ်လို တောင့်တောင့်လေး ထိုင်နေတဲ့ သွယ့်မျက်နှာတည့်တည့်ကို ခပ်စူးစူး ဖြာကျနေတဲ့ စလိုက်မီးရောင်တွေကလည်း သွယ့်မျက်လုံးတွေကို အနေရခက်စေသည်။
“သွယ်… နေကောင်းရဲ့လား။ စိတ်ကျဉ်းကျပ်နေပြီလား…”
နူးနူးညံ့ညံ့ထွက်လာတဲ့ အသံကြားမှ ဘေးမှာ ယှဉ်လျက်ထိုင်နေတဲ့ ကိုသူရကို သွယ်သတိရတော့သည်။ တညနေလုံး ကျင့်သားရနေတဲ့ အပြုံးတစ်ခုနဲ့ ကိုသူရကို ခပ်မြန်မြန် ပြန်ပြုံးလိုက်တော့ ကိုသူရက တစ်ရှူးစလေး တစ်ခုနဲ့ သွယ့်နဖူးဆံစပ်မှာ စို့နေတဲ့ ချွေးစလေးတွေကို ညင်ညင်သာသာ တို့သုတ်ပေးသည်။ သွယ့်ပါးပြင်တွေ ရဲကနဲ ဖြစ်သွားသည်။ အာရုံကတော့ သွယ်တို့ ထိုင်နေတဲ့ စင်ရဲ့ ညာဘက်ထောင့်က စားပွဲဝိုင်းဆီကို အပြေးရောက်သွားသည်။ သူကြည့်နေမှာလား… ။ အို သူကဘယ်တုန်းကများ သွယ့်ကို ဂရုစိုက်ခဲ့လို့လည်း။ အခုလို အချိန်မျိုးမှာ မတွေးသင့်တာတွေကို သွယ်တွေးမိနေပြန်ပြီလား။ သွယ် သူ့ကို စိတ်ထဲ နှလုံးသားထဲက မောင်းထုတ်ပစ်ရတော့မည်လို့ ကိုယ့်ကိုယ်ကို ခပ်တင်းတင်း သတိပေးမိကာမှ သွယ့်မျက်လုံးတွေ သူ့ဆီ ရောက်သွားပြန်သည်။
ခါတိုင်းနဲ့ မတူဘဲ လည်ကတုံး အင်္ကျီအဖြူဆွတ်ဆွတ်နဲ့ လူကြီးဆန်ဆန် ရှင်းသန့် တည်ကြည်နေသော သူက ဘေးမှာရှိတဲ့ အန်ကယ်ကြီးတစ်ယောက်နဲ့ စကားလက်ဆုံ ကျနေသည်။ သွယ့်အကြည့်ကို သတိတောင် မထားမိ။ အို သူ သွယ့်ကို အာရုံမရှိခဲ့တာ ဒါပထမဆုံးမှ မဟုတ်ဘဲကွယ်…
=============
သူ့ကို သွယ် စေတနာ့ဝန်ထမ်း Project တစ်ခုအတွက် ထွက်ရတဲ့ ခရီးတိုလေး တစ်ခုမှာ ပထမဆုံး စတွေ့ခဲ့ရသည်။
“အဲဒါ ငါတို့ အဖွဲ့ရဲ့ အသင်းခေါင်းဆောင်လေ…” ခိုင်လေး ခပ်တိုးတိုးပြောတော့ သူ့ကို လှမ်းကြည့်မိသည်။ နောက် ငေးမိသွားသည်။ ကျောပိုးအိတ်ခပ်ပျော့ပျော့လေးကို တင်းတင်းလွယ်ထားရင်း လက်ထဲမှာ စာရွက်တွေ တစ်ထပ်ကြီးနဲ့ အနားက လူ၃ယောက်ကို စီမံခန့်ခွဲနေတဲ့ သူက အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းနေသည်။
“ဟဲ့ ငေးလှချည်လား။ ဘယ်လိုဖြစ်တာတုန်း…” ခိုင်လေးက ရယ်ပြီးပြောတော့…
“တော်တယ်နော်။ ငါတို့နဲ့ ရွယ်တူလောက်ပဲ ရှိဦးမယ်…”
“ညီမင်းတဲ့။ သူက ဒီလို အလုပ်တွေ မွေးကတည်းက လုပ်လာတာ။ သူ့မိဘတွေက ငယ်ငယ်လေးထဲက ပရဟိတစိတ် အပြည့် သွင်းပေးထားပုံရတယ်။ ဟိုးတလောက xxxx မြို့ဘက်မှာ ကလေးစာသင်ကျောင်းဆောက်တာ အပင်ပန်းအခံလွန်ပြီး ဆေးရုံတောင် တက်လိုက်ရတယ်တဲ့”
ခဏကြာတော့ သူက သွယ်တို့ကို ခရီးအတွက် Briefing သဘောမျိုး ပြောသည်။ ပြောနေတုန်း ဘယ်သူ့ကိုမှ သေချာမကြည့် စာရွက်တွေကိုသာ မျက်ခုံးထူထူတွေ တွန့်ချိုးပြီး ငုံ့ကြည့်နေသည်။ နဖူးမှာလည်း ချွေးစလေးတွေတောင် စို့လို့…
=============
ခရီးက ပျော်စရာကောင်းပေမယ့် နည်းနည်းတော့ ကြမ်းသည်။ ထမင်းစားချိန် တထောက်နားတော့ ဟင်းချေးများလွန်းတဲ့ သွယ် ကြွေးတဲ့ဟင်းနဲ့ မစားနိုင်။ အကြောင်းသိတဲ့ ခိုင်လေးလည်း သူ့ဟင်းက အတူတူဆိုတော့ ဘာမှ လုပ်မပေးနိုင် ဖြစ်နေသည်။ မစားနိုင်ဘူး ပြောရမှာ အားလည်းနာ ရှက်လည်းရှက်ဖြစ်နေတုန်း လူတစ်ယောက် အနားမှာ လာရပ်သည်။
“မျိုးကျော်”
မျိုးကျော်က သွယ့်အကြောင်း သိသူပီပီ မဲ့ရွဲ့ရင်း…
“ဒီဒဏ်တွေ မခံနိုင်လည်း နင်လိုက်လာဖို့ မကောင်းဘူး။ ရော့…”
ပြောပြောဆိုဆိုနဲ့ ဗူးတစ်ဗူး ထိုးပေးသည်။ ဖွင့်ကြည့်လိုက်တော့ သွယ့်အကြိုက် ကြက်သားကြော်တွေ…
“ဟယ် နင်ယူလာတာလား”
“ဘယ်ကလာ။ ကိုညီမင်း ပေးခိုင်းလိုက်တာ။ ဒါတော့ စားနိုင်မယ် ထင်တယ်တဲ့”
သွယ် ရင်တွေဖြတ်ကနဲခုန်သွားရင် သူရှိရာကို လှမ်းကြည့်တော့ သစ်ပင်တစ်ပင်အောက်မှာ ထမင်းထုပ်ကို ဖြေးဖြေးစားရင်း လယ်ကွင်းတွေဆီ ငေးနေသည်။
“သူကတော့ နင့်လိုမျိုးတွေနဲ့ သွားနေလာနေကျဆိုတော့ အထာသိနေပြီ နေမှာပေါ့။ နင့်တစ်ယောက်ထဲ အတွက် မဟုတ်ဘူး။ ခိုင်လေးကိုလည်း ကျွေးဦး။”
မျိုးကျော်ဘာပြောပြော သွယ် ကြက်သားကြော်တွေကိုသာ တယုတယ ငုံ့ကြည့်လိုက်သည်။ အဲဒီနေ့က သွယ် ထမင်းသိပ်မြိန်ပါသည်။
=============
သွားရတဲ့ မြို့လေးမှာ Project လုပ်ရတဲ့ ကာလတစ်လျှောက်မှာ လိုအပ်တဲ့ အလုပ်တွေ မှန်သမျှ ဟာကွက်မရှိ ထောင့်စေ့အောင် စီစဉ်ဦးဆောင်နိုင်ပြီး အတူသွားတဲ့ လူ ၇ ယောက်လုံး အတွက် နေရေးစားရေးတွေကိုပါ ဂရုတစိုက်ရှိလွန်းတဲ့ သူ့ကို သွယ်မလေးစားဘဲ မနေနိုင်။ ရွယ်တူပေမယ့် “ကိုညီမင်း” လို့သာ ခေါ်မိသည်။
ဒါပေမယ့် သူက သွယ်တို့ မိန်းကလေးတွေနဲ့ အရောတဝင် မရှိလှ။ လုပ်စရာတွေကလည်း သူ စာရွက်ထဲမှာ အသေးစိတ်ရေးပြီး ခရီးစကတည်းက အားလုံးကို ဝေထားပြီးသားမို့ သိပ်မေးမြန်းစရာ မလို။ တခြားလူတွေ မေးပေမယ့် သွယ်ကတော့ ဘာကို ရှက်မှန်းမသိဘဲ သူ့ကို စကားမပြောရဲ။ သူ့ ညွှန်ကြားချက်တွေအတိုင်း လုပ်စရာရှိတာတွေကိုတော့ သွယ် ကြိုးကြိုးစားစား လုပ်သည်။ သူကတော့ သွယ့်ကို ရှိတယ်လို့တောင် မသိသလိုပင်။ ဒီလိုနဲ့ မပြန်ခင်တရက် ရောက်တဲ့အထိ သူ့နဲ့သွယ် စကားမပြောဖူးခဲ့။
အဲဒီည အိပ်ချိန်ရောက်တော့ နောက်တရက် အချိန်တန်လို့ အိမ်ပြန်ကြရင် သူ့ကို မတွေ့နိုင်တော့ဆိုတဲ့ အသိနဲ့ သွယ် ဆွေးဆွေးမြေ့မြေ့ ဖြစ်လာသည်။ အဲဒီအခါကျမှ သွယ် သူ့ကို ငြိတွယ်နေပြီမှန်း ရှက်လန့်တကြား သတိထားမိတော့သည်။
ခိုင်လေးနဲ့ တခြားမိန်းကလေး အဖော် ၂ ယောက် အိပ်ပျော်သွားတော့ သွယ် အိပ်လို့မပျော်နိုင်သေး။ ပြတင်းပေါက်က ခပ်ငြိမ့်ငြိမ့်ဝင်လာတဲ့ ညလေညှင်းရဲ့ ဆွဲဆောင်မှုကြောင့် အိမ်ရှေ့ကပြင်လေးပေါ် ဓာတ်မီးအိမ်လေး ဘေးမှာချရင်း ခဏထိုင်မိသည်။ ထိုင်ထိုင်ချင်း မျက်လုံးထောင့်မှာ မီးချောင်းအလင်းရောင် တွေ့လိုက်ရသည်။ သူတို့တည်းတဲ့ မျက်စောင်းထိုးအိမ်က မီးရောင်။
အလင်းရောင်ရှိရာ ကြည့်မိတော့ သူ… ကိုညီမင်း။ သူလည်း အဲဒီအိမ်က အိမ်ရှေ့ကပြင်လေးပေါ်မှာ ခပ်လျော့လျော့ ထိုင်နေသည်။ သူ့ရှေ့ စားပွဲပုလေးပေါ်မှာတော့ စာရွက်တချို့ ပြန့်ကျဲနေသည်။ နည်းနည်းလှမ်းပေမယ့် သူ ကောင်းကင်ကို မော့ကြည့်နေတာ မြင်ရသည်။ သွယ် လိုက်ကြည့်မိတော့ ကောင်းကင်မှာ လကွေးရေးတေးတေးလေး။ ကြယ်တွေတော့ စုံလို့။ သွယ် အတွေးတစ်ခုရပြီး အနားက မီးအိမ်ကို တုန်ရင်နေတဲ့ လက်တစ်ဖက်နဲ့ ခပ်မြန်မြန် ပိတ်ပစ်လိုက်သည်။ နောက် ဒူးခေါင်းတွေပေါ်မှာ မေးတင်ရင်း အမှောင်ထဲကနေ သွယ် သူ့ကို ထိုင်ငေးနေမိတော့သည်။
ခဏနေတော့ သူ စာရွက်တွေကို ပြန်ငုံကြည့်နေပြန်သည်။ သွယ် ဒူးခေါင်းတွေပေါ် မေးလေးတင်ပြီး စာရွက်တွေနဲ့ အလုပ်ရှုပ်နေတဲ့ သူ့ကို စိတ်ရှိလက်ရှိ ထိုင်ကြည့်ရင်း တသိမ့်သိမ့် ကျေနပ်နေသည်။ မိနစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ တသိမ့်သိမ့် တိုက်နေတဲ့ လေညှင်းရယ်၊ ကြည်နူးစိတ်ရယ်၊ တနေကုန်ပင်ပန်းထားတဲ့ ကိုယ်ခန္ဓာရယ်ကြောင့် သွယ် မှေးကနဲ အိပ်ပျော်သွားသည်။
“ပုလဲသွယ်…”
နူးညံ့ပြတ်သားတဲ့ ခေါ်သံသဲ့သဲ့ကြောင့် သွယ် မျက်လုံးတွေဖွင့်ရင်း ဇတ်ကနဲ နိုးလာတော့… သွယ်ထိုင်နေတဲ့ ကပြင်နဲ့ ခပ်လှမ်းလှမ်းမှာ လက်ပိုက်ရင်း မတ်တပ်ရပ်နေတဲ့ သူ့ကို တွေ့လိုက်ရသည်။ သွယ့် ရင်တွေ တလှပ်လှပ် ဖြစ်သွားသည်။ သူ သွယ့်ကို မမြင်ဘူးလို့ ထင်နေခဲ့တာ။
သူ့အိမ်ဘက်မှာ ဖွင့်ထားခဲ့တဲ့ မီးချောင်းရောင်နဲ့ သူ့မျက်နှာကို သွယ်ဝိုးတဝါး မြင်နေရသည်။ တည်ငြိမ်သော မျက်လုံးတွေနဲ့ သူ သွယ့်ကို စိုက်ကြည့်နေသည်။ နောက် ခပ်တိုးတိုး…
“မအိပ်သေးဘူးလား”
အစ်ကိုကြီးတစ်ယောက်က ညီမငယ်ကို သတိပေးသလို ပြောတဲ့ အသံမျိုး။
“အင်း… ခုပဲ … အိပ်တော့မလို့”
သွယ်ယောင်ယောင် အမှားမှားနဲ့ အနားက မီးအိမ်ကို ဖွင့်လိုက်သည်။ နောက် ပြန်ပိတ်မိပြန်သည်။ သူ့ကို ကြောင်အအ ထပ်လှည့်ကြည့်မိတော့ သူ သွယ့်ကို စိုက်ကြည့်နေဆဲ။ တခါမှ အကြည့်ချင်းတောင် မဆုံဘူးတဲ့သူက ခပ်တည်တည် စိုက်ကြည့်နေတော့ သွယ် ရင်တွေ ပိုခုန်လာသည်။ ဒီအခိုက်အတန့်ဟာ အကြာကြီးလား ခဏလေးလား ဆိုတာလည်း သွယ် မခွဲခြားနိုင်တော့။ သူ ဘာလို့ မသွားသေးပါလိမ့်။ အို သွယ်အိမ်ထဲ ဝင်သွားလည်း ရတာပါပဲ။ သူကလည်း မသွားသေး။ သွယ်ကလည်း မဝင်နိုင် ဖြစ်နေပြန်သည်။
“သိပ်အေးလာပြီ…”
သူ ထပ်ပြောတော့ သွယ် ခေါင်းခပ်မြန်မြန် ငြိမ့်ပြရင်း ဓာတ်မီးအိမ်ကို ပိုက်ပြီး အပြေးတပိုင်းနဲ့ အိမ်ထဲ ဝင်မိသည်။ တံခါးကို ဆွဲပိတ်မိတော့ သူ့အသံကို ကြားလိုက်ရသေးသည်။
“တံခါးကို သေချာပိတ်ဦးနော်”
အိပ်ယာလေးဆီ ပြန်ရောက်တော့ သွယ့်အာရုံမှာ သြရှနူးညံ့တဲ့ အသံနဲ့ စူးရှတည်ငြိမ်တဲ့ မျက်ဝန်းတွေကသာ တဝဲလည်လည်။ သွယ်အိပ်ပျော်ဖို့ ပိုခက်သွားတော့သည်…
=============
သွယ်တို့အားလုံး နေရပ်ပြန်ရောက်တော့ သူ့ကို မတွေ့ရတော့။ ဒါပေမယ့် သွယ်သူ့ကို နေ့တိုင်း သတိရလို့သာ နေတော့သည်။ သူ့ကို ပြန်တွေ့ရဖို့ တိတ်တိတ်ဆုတောင်းမိတာလည်း အကြိမ်ကြိမ်ပင်။
သွယ့် ဆုတောင်းတို့ ခိုင်လေးအိမ်က အလှူမှာ ပြည့်ခဲ့ပါသည်။ တမနက်လုံး ပန်းကန်တွေ ဆေးပေးပြီး ထမင်းစားချိန်လွန်လို့ လူတွေစဲမှ တွေ့တဲ့စားပွဲဝိုင်းမှာ ထိုင်ရင်း စားဖို့ပြင်နေတုန်း ဇတ်ကနဲ ဝင်ထိုင်လိုက်တဲ့ လူရိပ်ကြောင့် သွယ့်လက်ထဲက ပန်းကန်တောင် လွတ်ကျလုလု ဖြစ်သွားသည်။
“ကို… ညီမင်း”
သူ သွယ့်မျက်လုံးတွေကို ခဏစိုက်ကြည့်ပြီး ခပ်ဖွဖွ ပြုံးပြသည်။ သူ့မှာ ဖြူဖွေးညီညာတဲ့ သွားလေးတွေရှိတာ သွယ်ပထမဆုံးအကြိမ် မြင်ဖူးလိုက်ရသည်။
“စား… စားမှာလားဟင်” အုန်းနို့ခေါက်ဆွဲဖတ်တွေကို အယောင်ယောင် အမှားမှား ဆွဲပြရင်း မေးမိတော့ သူ ခပ်တိုးတိုးဖြေသည်။
“ဟုတ်ကဲ့”
သူ့အတွက် ပြင်ပေးနေတဲ့ သွယ့်လက်တွေ တုန်ယင်လွန်းနေတာ သိပေမယ့် ထိန်းမရ။ သူက သွယ့်လက်တွေကို လိုက်ကြည့်နေမှန်းသိတော့ ပိုပြီး ကတုန်ကယင် ဖြစ်ရသည်။
သူ့ရှေ့ကို ပန်းကန်ချပေးပေးချင်း ခေါင်းငုံ့ပြီး စားနေတဲ့ သူ့ဘေးက ထွက်သွားရမလား ထိုင်နေရမလား မဝေခွဲတတ်။ စိုးရိမ်တကြီး မေးမိသေးသည်။
“အုန်းနို့ခေါက်ဆွဲ ကောင်းရဲ့လားဟင်” တကယ်ချက်တဲ့ အန်တီအိ သာသိရင် သွယ့်ကို ရိုက်ချင်လိမ့်မည်။ သူ ဖြတ်ကနဲ မော့ကြည့်ပြီး
“ကောင်းတာပေါ့…” သူ့စကားလေး သုံးလုံးကို သွယ့်မှာ ဘာသာပြန်လို့ မဆုံးတော့။
သူစားပြီးပြီးချင်း ပန်းကန်ကို ကိုင်ရင်းထတော့…
“သွယ့်ကို ပေးလေ ကိုညီမင်း”
သူ ပန်းကန်ကို နောက်ဘက်အသာဆွဲရင်း…
“မဟုတ်တာ ကျွန်တော်ကိုယ့်ဘာသာ ဆေးပါ့မယ်။ ပုလဲသွယ် စားဦးလေ။ စားမှ မစားရသေးတာ။”
အို ဟုတ်ပါရဲ့။ စားပွဲမှာ စထိုင်လိုက်တာက သွယ်စားဖို့ဆိုတာ ကိုယ့်ဘာသာတောင် မေ့နေမိတဲ့အဖြစ်။ ဒါကို သူသတိထားမိတယ် ဆိုတာကို ကျေနပ်စိတ်နဲ့ သူ့ကို ကျေးဇူးတင်နေတုန်း သူ နောက်ဖေးဘက်ကို ခပ်မြန်မြန်ဝင်သွားသည်။ ခိုင်လေးက အနားရောက်လာရင်း…
“နင်ငါ့ကို ကုသိုလ်ရေးမှာ လာကူညီလို့ ချက်ချင်း အကျိုးပေးတာ”
“ဘာလဲဟ… ခိုင်လေးနော်”
“သြော် မဟုတ်ပါဘူး။ အုန်းနို့ခေါက်ဆွဲက နင်စားလိုက်ရင် ပိုပြီး အရသာရှိနေမှာကို ပြောတာပါ ဟဲဟဲ။ ကဲ စားလိုက်ဦး။ ဒီတစ်ခါ ထပ်မေ့ရင် ငါမသနားဘူးနော်”
ခိုင်လေး ပြောင်စပ်စပ်နဲ့ ပြောတော့ ပန်းကန်ထိုင်ဆေးနေတဲ့ သူ့ကျောပြင်ကို ခိုးကြည့်ရင်း သက်ပြင်းမောချရသည်။
“သြော် ဘယ်တော့များမှ နောက်တစ်ခါ ပြန်တွေ့ရပါ့မလဲ ကိုညီမင်းရယ်”
သွယ်သည် သူနဲ့ ပတ်သက်လာလျှင် အစအန အပိုင်းအစလေးများကို တစစီကောက်ရင်း တိတ်တခိုး ကြိတ်ပျော်ရသူသာ ဖြစ်သည်လေ။
=============
အဲဒီနေ့အပြီး လပေါင်းများစွာ ကြာတဲ့အခါကျမှ သူ့ကို သွယ်ပြန်တွေ့ရသည်။ ဒီတစ်ခါ ပြန်တွေ့ရတဲ့ အခါမှာတော့…
“ကိုညီမင်း ကိုညီမင်း… လာလာ ကျွန်တော်တို့နဲ့ထိုင်”
ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ သွယ်တို့ အုပ်စုလိုက် ထိုင်နေတုန်း မျိုးကျော်ခေါ်သံနဲ့အတူ သူ သွယ့်ဘေးက ခုံလွတ်မှာ ဝင်ထိုင်လိုက်တာ မရှေးမနှောင်း။ သွယ် မျက်ရည်ဝဲသော မျက်လုံးတွေနဲ့ မော့ကြည့်မိတော့… အို သူက ထူးထူးခြားခြား သွက်လက် ပြုံးရွှင်လို့ပါလား။ နောက်မှ သူ သွယ့်မျက်လုံးတွေကို မြင်ပြီး တအံ့တသြ ဖြစ်သွားသည်။ သူဝင်လာမှ စကားသံတွေ နည်းနည်း ဆဲသွားတာကိုလည်း သတိထားမိပုံပေါ်သည်။
“ကျွန်တော် ထိုင်တာ အနှောင့်အယှက်များ ဖြစ်သွားလား မသိဘူး။ ဟို… သူငယ်ချင်းတွေကြားမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပြောနေတာ ဆိုရင် ကျွန်တော်…”
“အို ရတယ် ကိုညီမင်း ထိုင်ပါ။ သွယ့်… မင်္ဂလာ ကိစ္စ ပြောနေတာပါ”
သွယ် ပြတ်ပြတ်သားသားပဲ ဖြတ်ပြောလိုက်သည်။ ဘယ်လိုပဲ အသံကို ထိန်းပြောပေမယ့် အဖျားခတ်မှာ အသံတွေ ထိန်းမရအောင် တုန်သွားသည်။ အခုချိန်မှာ သွယ့်အနားမှာ သူ့ကို ရှိနေစေချင်တဲ့ စိတ်က တားမရ။
သူ ရုတ်တရက် အသက်ရှုရပ်သွားသူလို အံ့သြတကြီး သွယ့်ကို စိုက်ကြည့်သည်။ စက္ကန့်ပေါင်းများစွာ… တခြား ဘယ်သူကမှလည်း စကားမပြော။ တလောကလုံး တိတ်ဆိတ်လွန်းလှသည်။ ခဏကြာမှ…
“Congratulations နော် သွယ်” သူ အသံမှန်မှန်နဲ့ ပြောသည်။ ကျေးဇူးတင်ကြောင်း ပြောဖို့ သွယ့်နှုတ်ခမ်းတွေ ဟလိုက်တော့ မဆီမဆိုင် စကားတချို့သာ ပုံမကျ ပန်းမကျ ထွက်ကျလာသည်။
“ကျေးဇူးကြွေးတွေက ဆပ်ရ အခက်ဆုံးပဲနော် ကိုညီမင်း…”
(အပိုင်း (၂) (သို့) ဇာတ်သိမ်းကို ဒီတစ်ပတ်အတွင်း ပြီးအောင် ဆက်ရေးပါမယ်နော်)
ရွှေပြည်သူ
(07-Aug-2011 ~ 11:28 PM)
ရေးရင်း ရှည်သွားလို့ နောက်တပိုင်း ခွဲရေးရဖို့ ဖြစ်လာပါတယ်။ တဝက်တပျက်ဆိုတော့ ဇာတ်ရည်မလည်သေးပေမယ့် စာဖတ်သူတွေ သူတို့ နှစ်ယောက် ဆုံစေချင်သလားဆိုတာ ဖြစ်နိုင်ရင် ကောမန့်မှာ ပြောပြခဲ့စေချင်ပါတယ်။ တကယ် သိချင်လို့ပါ။ ၂ ပိုင်း ဖြစ်သွားတဲ့အတွက် ဖတ်ရတာ အဆင်မပြေ ဖြစ်သွားရင် တောင်းပန်ပါတယ်နော်း)


ှလုံးဝ လုံးဝ လုံးဝကို ဆုံစေချင်ပါသည်။ အလွမ်းဇာတ်များဖြစ်နေလေမလားလို့ ရင်တထိတ်ထိတ်နဲ့ဖတ်လာတာ။ အပိုင်း (၁) ဆိုကတည်းက (၂) တော့ မျှော်ရတော့မယ်လို့။
ReplyDelete...သူ့စကားလေးသုံးလုံးကို သွယ့်မှာ ဘာသာပြန်လို့မဆုံးတော့... အော် ငါတယောက်ထဲမဟုတ်ပါလားနော်။
JJ
အော... မမရေ ...ခိုင်လေးကိုလည်း ကြွေးဦး... မှာ အစားကျွေးတာဆိုရင်က ရပင့်များလားလို့။
ReplyDelete၀တ္ထုလေးက အပိုင်းတစ်မှာကတည်းက အရမ်းဆွဲဆောင်နေပြီ။ ဖတ်လို့ကောင်းလိုက်တာ။ ဒါနဲ့ စာဖတ်သူတွေက သူတို့၂ယောက်ဆုံစေချင်တယ်ဆိုရင် ပေးဆုံမယ်ပေါ့..း)။ အမဆန္ဒကတော့ ညီမစိတ်ထဲမှာရေးဖို့ရည်ရွယ်ထားတဲ့ သူ့နဂိုမူရင်းဇာတ်လမ်းအတိုင်းပဲ ရှိပါစေ။ ဆုံတာမဆုံတာ အရေးမကြီးဘူးလို့ထင်ပါတယ်။
ReplyDeleteစိတ်ဝင်းစားနေပြီ...မမရေ :) ဇတ်သိမ်းလှ မလှဆိုတာ ..စာရေးသူ စိတ်ကြိုက်ဆိုတော့ မျှော်လင့်နေတယ် မမရေ...
ReplyDeleteHave read the short novel... As usual, your writing capture my interest and want to read part-2. For me, I don't want Thwe and Ko Nyi Min to be together, hehe :)
ReplyDeleteJJ ◄ အစ်မလည်း ရေးရင်းနဲ့ ဆုံစေချင်လာမိတာ အမှန်ပါ။ (၂) ကို အမြန်ဆုံးပြီးအောင် ရေးပါ့မယ်နော်။
ReplyDeleteAnonymous ◄ ညီမလေးရေ စာလုံးပေါင်းပြင်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်နော်။ ပြင်လိုက်ပါပြီး)
မအိမ်သူ ◄ အမြဲတမ်း စာလာဖတ်ပြီး အားပေးနေတာ ကျေးဇူးအများကြီးတင်ပါတယ် မအိမ်သူ... ဒီတစ်ခါ ရေးတဲ့သူကိုယ်တိုင် တွေဝေနေမိတယ်း))
Angelhlaing ◄ စာလာဖတ်ပေးတာ ကျေးဇူးတင်ပါတယ် ညီမလေးရေး)
rose ◄ Thank you so much for reading and comment, sis :o) Haha... so you're having different perspective, right?
ဟင် သွယ့်မင်္ဂလာ ကိစ္စလားဆိုတာ စောင့်မျှော်လျှက်နော်..မမရွှေပြည်သူ..။
ReplyDeleteခုတလော အချစ်ဝတ္တု လှလှလေးတွေ ရေးနေပါလား...
ReplyDeleteတို့က ဝတ္တုထဲမှာတော့ happy ending ပဲ ကြိုက်တယ် ဆိုပေမယ့်... အချစ်ဇာတ်လမ်း တွေက ကိုယ်ဖြစ်စေချင်သလို ဖြစ်ချင်မှ ဖြစ်တာပဲနော်..
စိတ်ဝင်စားစွာနဲ့ဖတ်လိုက်ပါတယ်....
ReplyDeleteဒုတိယပိုင်း(သို့)ဇာတ်သိမ်းလေး
စောင့်နေပါတယ်။
ဘာဘဲပြောပြော
ReplyDeleteချစ်စရာ နူးညံ့တဲ့ ဇာတ်လမ်းလေးမို့ Happy Ending လေး မျှော်လင့်မိတယ်
ရုတ်တရက် မင်္ဂလာကိစ္စလို့ ဆိုလိုက်တော့ အံ့သြမိတယ်
အချိုးအကွေ့လေး ဖြစ်လာပါစေလို့
ဇာတ်အိမ်ဖွဲ့တာလေး ကောင်းတယ်
ReplyDeleteဇာတ်ကောင်တွေ ပေါင်းတာ မပေါင်းတာကတော့
စာရေး ဆရာမ အပိုင်းပေါ့နော်
ကိုယ်ရည်ရွယ် ထားတဲ့အတိုင်းရေးပါ
နောက်တစ်ပိုင်းကို စောင့်နေပါ့မယ်။
ဆရာမသဘောပါ ။ ကျွန်တော်တို့က စာဖတ်သူပါ ။ စာထဲမှာ မျောပြီးပဲ လိုက်ချင်ပါတယ် :))
ReplyDeleteအာ..ဖတ်ရတာတို့လို့တန်းလန်းကြီး
ReplyDeleteမြန်မြန်ရေးပါမမရေ...
စောင့်နေပါတယ်..း)
ကိုလင်းဒီပပြောသလိုပဲ ညီမလေးရေ... ညီမလေးဇာတ်လမ်းတွေနဲ့ နေသားကျ နှစ်သက်နေမိတဲ့ အစ်မက ဘယ်လိုဇာတ်သိမ်းပါလို့တောင်းဆိုရတာ သဘာဝမကျဘူးလို့ခံစားမိတယ်...စာဖတ်ရင်းတွေ့ နေ မြင်နေ ခံစားနေရတဲ့အပေါ်ပဲလိုက်သွားချင်တော့တယ်...အမှန်အတိုင်းပြောရရင် ခုချိန်က Roller Ghoster စီးရင်းထိပ်ဆုံးရောက်သွားတဲ့အထိပဲရှိသေးတယ် ပြန်ဆင်းရမဲ့အသည်းတနွေးနွေးခန်းမရောက်သေးဘူး..း)
ReplyDeleteချစ်သော
နေကြည်
ပေါင်းရတဲ့ ဇာတ်လမ်းမျိုးထက် .. အလွမ်းလေးတွေဖတ်ရတာ ပိုသဘောကျလို့  .. မဆုံစေချင်ဘူး .. မရေ ...
ReplyDeleteဒါပေမဲ့ .. မ စဉ်းစားထားသလို ရေးပါနော် .. April က April ကြိုက်တဲ့ဇာတ်သိမ်းကိုပြောတာ .. အဟီးးး
ဆုံစေချင်ပါတယ် မမ။ ဒါပေမယ့် ဇတ်လမ်းကအစမှာ မင်္ဂလာဆောင်နေပြီမလား..ဘယ်လို ပြန်ဆုံပေးမှာလဲဟင်...မြန်မြန်လေး ဆက်ပါနော်။
ReplyDeleteနောင့်
စာရေးဆရာမ သူသူ ရဲ့ ခံစားချက်ဖလိုးအတိုင်းသာရေးပါ..း) ဒီကပရိသတ်က အားပေးလျှက်နော်း))
ReplyDeleteမမသူသူရေ...
ReplyDeleteဒီဇာတ်လမ်းထဲက သွယ်နဲ့ မင်းညီလို ဇာတ်လမ်းမျိုး အပြင်မှာ တကယ်ရှိတယ်မမရဲ့...အပြင်မှာတော့ သူတို့နှစ်ယောက် မဆုံကြရှာဘူး...လူတိုင်းကတော့ "Happy Ending" ပဲလိုချင်ကြမှာပေါ့နော်...:) အပိုင်း ၂ ကိုစောင့်မျှော်လျက်...
ယမင်း
မဆုံပေးနဲ့ အမ။ (ပြတ်ပြတ်သားသားပဲ ပြောလိုက်တော့မယ်။) :D
ReplyDeleteမဆုံပေးမှ.. တသသနဲ့ အမှတ်ရနေမလားပဲ လို့ထင်လို့လေ။
စာလာဖတ်တယ် ဗျို့ ...
ReplyDeleteအစ်မသူသူ မအားဘူး ထင်တယ်နော်။ အချိန်ရှိရင် ရို့စ်ဆီ အလည်လာဦးနော်။ ပြီးတော့ ၀တ္ထုလေးလည်း ဆက်ပါဦး။ အဆုံးသတ်ကို သိချင်နေပြီး)
ReplyDeleteညီမရေ... အဘိဓမ္မာ ၁၈ရက်ဆက်တိုက် တက်ဖြစ်သွားလို့ ဘလော့ဂ်ထဲ မ၀င်ဖြစ်ဘူး။ ခုမှပဲ ၀င်ဖတ်မိတယ်။
ReplyDeleteမဇွန်ဆန္ဒက သူတို့နှစ်ယောက်ကို ဆုံစေချင်ပေမဲ့... စာရေးဆရာ အလိုကျဇာတ်သိမ်းက ဖတ်လို့ပိုကောင်းမယ် ထင်တာပဲကွယ်။
စာတွေ လာဖတ်သွားပါတယ်။ နောက်လည်း အားပေးနေမယ်နော်။ပျှော်ရွှင်ပါစေ။
ReplyDeleteမရေ ဇာတ်သိမ်းဗျို. .....း)
ReplyDeleteမသူရေ......လာသွားတယ်နော်......ညီမကတော့ မလွမ်းစေချင်ဘူးသိလား........အချစ်တွေစစ်မှန်နေရင်ပေါ့
ReplyDeleteရွှေပြည်သူရေးရင်အလွမ်းဇာတ်သိမ်းဘဲလို့ထင်ထားပေမဲ့
ReplyDeleteစာဖတ်သူတွေကိုသူတို့နှစ်ယောက်ဆုံစေချင်လားလို့မေးထားလို့
ဖြစ်စေချင်တဲ့ဇာတ်သိမ်းလေးပြောကြည့်မယ်နော်
တကယ်ချစ်နေတာသေချာရင် .....ဘာကြောင့်တခြားတယောက်နဲ့လက်ထပ်ဦးမှာလဲ.....
လုံးဝမဖြစ်သင့်တာ.....
သီကြိုးမဲ. ပုလဲသွယ် အပိုင်း(၂)
ReplyDeleteမတွေ.လို. link လေးပေးပါ
ဖတ်ရတာတန်းလန်းကြီးမို.
အားပေးလျက်
သီကြိုးမဲ့ ပုလဲသွယ် အပိုင်း (၂) ကို link ရှိရင် ပေးပေးပါအုံးနော် ....အမြဲတမ်းအားပေးနေပါတယ်
ReplyDeleteAnonymous နဲ့ Thae ရေ... အပိုင်း(၂)က မရေးရသေးတာ အရမ်းအားနာမိပါတယ်။ ရေးပြီးတာနဲ့ ဒီပို့စ်မှာလည်း Link လာလုပ်ပေးပါမယ်နော်။
ReplyDeleteနောက်ထပ်ကိုရေးပါဦး
ReplyDeleteစောင့်ရလို.လဲလည်ပင်းညောင်းနေပြီ
ဟုတ်ကဲ့ အမြန်ဆုံးရေးနိုင်အောင် ကြိုးစားနေပါတယ် Anonymous ရေး)
Deleteသူတို့ အမဆီကို ပြန်လည်စီးဆင်းလာကြဦးမှာပါ။ အဲ့ဒီအချိန်ထိ အမရော.. ဘလော့ပရိတ်သတ်တွေပါ အတူတူစောင့်ကြတာပေါ့။း)
ReplyDeleteအစ်မလည်း မျှော်လင့်နေမိပါတယ် ညီမလေး mirrorရေ...း)
DeleteMa Ma, please continue. :)
ReplyDeleteYes sis... I'm trying really hard to continue and end this :o)
Delete