ခေတ်ရဲ့ပြဇာတ်
သူက အလွန်စကားနည်းသည်။ မျက်နှာထားတည်သည်။
သူမက အလွန်ရှက်တတ်သည်။ မျက်နှာထားတည်သည်။
မနက် ၆း၄၅ က သူနဲ့ သူမတို့ ကိုယ်စီ အိမ်ကထွက်ချိန်ဖြစ်ပြီး အချိန်တိကျသော သူတို့နှစ်ယောက် မနက် ၇း၀၀ တိတိတိုင်း လမ်းချိုးလေးတစ်ခုမှာ တွေ့ကြစမြဲ ဖြစ်သည်။
ပထမဆုံးနေ့…
သူမက သူ့ကို အလွန်ချောမော ဆွဲဆောင်မှုရှိသူအဖြစ် (ထင်ခဲ့) သတိထားခဲ့မိပြီး သူက သူမရဲ့ ထူးဆန်းသော အကြည့်တမျိုးနဲ့ မျက်လုံးတွေကြောင့် သတိထားခဲ့မိသည်။
ဒုတိယနေ့…
သူက သူမကို “မနေ့က တွေ့တဲ့ ကောင်မလေးပဲ” ရယ်လို့ တချက်ကြည့်ပြီး သူမက သူ့ကို “မနေ့ကတွေ့တဲ့ လူချောချောပဲ” လို့ တချက်ခိုးကြည့်သည်။
တစ်ပတ်ကြာတဲ့နေ့…
သူ သူမကို ပြုံးပြချင်လာသည်။ သူမက သူ့ပြုံးယောင်ယောင် နှုတ်ခမ်းတွေကို ဖြတ်ကနဲကြည့်ပြီး ပျော်သလိုလို မောသလိုလို စိတ်နဲ့ ဆက်လျှောက်သွားသည်။
နှစ်ပတ်ကြာတဲ့နေ့…
သူ သူမကို ပြုံးပြသည်။ သူမ မယုံနိုင်သလိုလို ကြည့်ပြီး မျက်နှာလွှဲသည်။ နောက်မှ ဖြတ်ကနဲ ပြန်ကြည့်ပြီး ပြုံးပြနေဆဲ ဖြစ်သောသူ့ကို ခပ်သွက်သွက် ပြန်ပြုံးပြသည်။ အဲဒီညက နှစ်ယောက်စလုံး ပြုံးပြမိသော အဖြစ်ကို ကျေနပ်စွာတွေးရင် ကိုယ်စီအိပ်ယာဝင်ကြသည်။
အဲဒီနောက် နေ့တိုင်း… နေ့တိုင်း… လမ်းချိုးလေးမှာ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြဖြစ်ကြသည်။
တစ်လကြာတဲ့နေ့…
သူမ လမ်းချိုးလေးကို ရောက်မလာခဲ့။ သူ လေးကန်သော ခြေလှမ်းတွေနဲ့ ခရီးဆက်သွားသည်။
တစ်လခွဲကြာတဲ့နေ့…
သူမ လမ်းချိုးလေးကို ရောက်မလာသေး။ သူ့ခြေလှမ်းတွေ လေးကန်သထက် လေးကန်လာသည်။ လွန်ခဲ့သော တစ်လခွဲလုံး စကားနည်းခဲ့သော သူ့ကိုယ်သူ အပြစ်တင်စပြုလာသည်။
နှစ်လကြာတဲ့နေ့…
သူမ လမ်းချိုးလေးကို ပြန်ရောက်လာသည်။ ပုံမှန်အချိန်တွေမှာ မျက်နှာထားတည်လွန်းသော သူ ဟန်မဆောင်နိုင်လောက်အောင် လှိုက်လှဲရွှင်ပြစွာ ပြုံးပြသည်။ သူမ တုန့်ပြန်ပြုံးက မတောက်ပလှ။ စကားနည်းသော“သူ” သူမ ဘေးက ဖြတ်အလျှောက်မှာ အကြိမ်ပေါင်းများစွာ စိတ်ကူးထားတဲ့အတိုင်း ခပ်သွက်သွက် ပြောသည်။
“မတွေ့တာကြာပြီ”
သူမ မျက်လွှာကို ပင့်ပြီး ဝင့်ကနဲ ကြည့်သည်။ သူ့အသံကို ပထမဆုံးကြားဖူးရလို့ ကျေနပ်စိတ်နဲ့ ရင်ထဲမှာ ရှိနေတဲ့ ဝမ်းနည်းစိတ် ရောထွေးရင်း တိုးတိုးပြောသည်။
“ဖျားနေလို့…”
သူဘာမှ မပြောခင် သူမ ဆက်ပြောသည်။
“ကြားပြီးပြီလား… ဒီလမ်းလေးကို မနက်ဖြန်ကစပြီး သူတို့ ဖျက်ပစ်ကြတော့မယ်…”
(လမ်းချိုးလေးမရှိရင် သူမ ရော၊ သူပါ မတူညီတဲ့ လမ်းတွေ အသုံးပြုကြရတော့မှာကို နှစ်ယောက်စလုံး ကောင်းကောင်းသိသည်။)
သူ ကျောက်ရုပ်လို ငြိမ်သက်သွားသည်။ သူမလည်း ကျောက်ရုပ်လို ငြိမ်သက်သွားသည်။
သူ စိတ်တွေထွေသွားသည်။ သူမရဲ့ နာမည်လေးတောင် သိခွင့်မရသေး။ သူ သိချင်တဲ့ သူမအကြောင်းတွေ ဘာတစ်ခုမှ မသိရသေး။ လမ်းချိုးလေးမရှိဘဲ ထပ်တွေ့ဖို့ကို လမ်းစရှာမရ။ သူမကလည်း သူ့လိုပဲ ထပ်တူတွေးနေသည်။
“သွားတော့မယ်နော်…”
သူမပြောတော့ သူ စကားနည်းနေဆဲ…
သူမ ခြေလှမ်းတွေ ဆက်လှမ်းသွားသည်။ တစ်လှမ်း နှစ်လှမ်း သုံးလှမ်း…
“ခဏ…”
သူ့အသံနဲ့ ထပ်တူ သူမခြေလှမ်းတွေ တုန့်ကနဲ…
“နာမည်လေးတော့ ပြောခဲ့ပါလား…”
“………..လင်း” အတန်ငယ်ရှည်သော နာမည်အပြည့်အစုံကို အသံတိုးတိုးနဲ့ သူမ စိတ်ရှည်လက်ရှည် ပြောပြလိုက်တော့ ထင်မှတ်မထားသော စကားတစ်ခွန်းကို သူပြောသည်။
“Facebook တော့ သုံးတယ်မဟုတ်လား”
ကျောခိုင်းထားတဲ့သူမ အောက်နှုတ်ခမ်းကို ဖိပြီး ကြိတ်ပြုံးလိုက်သည်။
“လင်းကို L.y.n.n နဲ့ပေါင်းတာ…”
ပြောပြီးပြီးချင်း သူမ ရှက်ကိုးရှက်ကန်းနဲ့ ခပ်သွက်သွက် ဆက်လျှောက်သွားသည်။
အဲဒီညနေ…
သူမ အိမ်ရောက်ရောက်ချင်း အိတ်ကို ချ၊ ကွန်ပျူတာဖွင့်၊ Facebook ထဲကို ခပ်မြန်မြန် Login ဝင်ပြီး အရင်ပေးထားတဲ့ Bunny Lynn ကနေ နာမည်အပြည့်အစုံကို ခပ်မြန်မြန် ပြောင်းလိုက်သည်။ Profile ပုံကိုလည်း အရင်တင်ထားတဲ့ ယုန်ပုံကနေ သူမတကယ့်ဓာတ်ပုံ ပြောင်းလိုက်သည်။
သူ အိမ်ရောက်ရောက်ချင်း ကျောပိုးအိတ်ကို ကုတင်ပေါ်ပစ်တင်ပြီး ကွန်ပျူတာဖွင့်၊ Facebook ထဲ ခပ်မြန်မြန် Login ဝင်ပြီး သူမနာမည်အပြည့်အစုံကို ရိုက်ပြီးရှာသည်။
သူမ နာမည်ပြောင်းပြီးတာနဲ့ သူ ရှာတာက မိနစ်ပိုင်းလောက်သာ ကွာသည်။
ရှာရှာချင်းထွက်လာတဲ့ သူမ Account ကို သူ Add လုပ်လိုက်တာနဲ့ သူမ Accept လုပ်လိုက်တဲ့ Notification လေး သူ့ Screen ထောင့်စွန်းမှာ ပေါ်လာတာက စက္ကန့်ပိုင်းလောက်သာ ကွာသည်။
Friend List ထဲပေါ်လာတဲ့ တစ်ယောက် Profile ကို တစ်ယောက်ဖွင့်လိုက်တာ… Relationship Status ဘေးက Single ဆိုတဲ့ စာလုံးကို တစိမ့်စိမ့်ကြည့်ရင်း ရှားပါးစွာ ကိုယ်စီပြုံးလိုက်ကြတာတွေက တပြိုင်ထဲဖြစ်သည်။
အဲဒီညက သူရော သူမပါ Facebook ကြီးစိုးသော ခေတ်တခေတ်တွင် ရှိနေရခြင်းအတွက် ကျေနပ်ကြည်နူးစိတ်နဲ့ အိပ်ပျော်သွားခဲ့ကြသည်။
ရွှေပြည်သူ
(1:55 AM ~ 10-Jul-2011)
စကားချပ်။ ။ ရေးပြီးမှ ဒီဇာတ်လမ်းကို နည်းနည်း Lame ဖြစ်တယ်လို့ ထင်မိကြောင်း ဝန်ခံပါတယ်း)


အတိုဆုံးနဲ့ အကောင်းဆုံးပဲ၊ ဘာသာရေး မိသားစုဘ၀ မွန်းကြပ်မှု ဆာလောင်မှုတွေ လုံးဝမပါတဲ့ လူငယ်ကြိုက်ပဲ၊ ဖတ်လို့ တကယ်ကောင်းတယ်၊ ဒီလို ဇာတ်လမ်းမျိုးကို လူငယ်တွေတင် မဟုတ်ပါဘူး၊ ကျနော်တို့လည်း ကြိုက်ပါတယ်။
ReplyDeleteအားပေးလျက် ...
မမရေ ..ကောင်းလိုက်တာနော်...
ReplyDeleteခံစားအားပေးသွားလျှက်...
ကောင်းသောနေ့လေး ဖြစ်ပါစေလို့..
အမြဲဖတ်လို့ကောင်းတယ်၊
ReplyDeleteနူးညံ့တဲ့ ခံစားမူလေးပေးလို့။
ညီမ ရွှေပြည်သူ..ကိုအောင် ( ပျူနိုင်ငံ ) + အပြုံးပန်း = It's my comment :))
ReplyDeleteLike Like Like
ReplyDeletema ma :)
Naunt
ချစ်သူလမ်းကြားလေးမှာ တွေ့ခဲ့ကြတာလေးပေါ့ .... :))
ReplyDeleteဇာတ်လမ်းလေးက ချစ်စရာလေး... အထွေအထူး တန်ဆာဆင်ထားမျိုးမရှိဘဲ ရိုးရိုးလေးနဲ့ ရေးသွားတာ ဖတ်ရင်းနဲ့ လူကမျောသွားတယ် ကောင်းလိုက်တာ..
ReplyDeleteချစ်စရာကောင်းတဲ့..ဇာတ်လမ်းလေးပါ..
ReplyDeleteဖတ်ရင်းကြည်နူးရတယ်
ကိုအောင် (ပျူနိုင်ငံ) ◄ ရေးတဲ့သူမှာ ခုတလော လက်တွေ့ဘဝထဲက မွမ်းကျပ်မှုတွေ များနေလို့ ပေါ့ပေါ့ပါးပါးလေး ရေးချလိုက်မိတာ။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကို။
ReplyDeleteAngelhlaing ◄ ကျေးဇူးပါ ညီမလေးရေ...
အစ်မ အပြုံးပန်း ◄ အမြဲတမ်း စာတွေဖတ်ပေးပြီး အားပေးလို့ ကျေးဇူးတင်ပါတယ် အစ်မး)
အစ်ကို/အစ်မ Anonymous ◄ ညီမရဲ့ Reply = ကိုအောင့်ကို ပြန်ပြောတဲ့စကား + အစ်မ အပြုံးပန်းကို ပြန်ပြောတဲ့စကား (နောက်တာနော်း) ကျေးဇူးအများကြီး တင်ပါတယ်။
Naunt ◄ Thank You. Thank You. Thank You. Naunt Lay :o)
ကိုလင်းဒီပ ◄ ဒါပေါ့ ဒါပေါ့း))
မအိမ်သူ ◄ စာလာဖတ်ပြီး အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်း)
မ Aye Aye ◄ ကြည်နူးမှုရသလေး ရတယ်ဆိုလို့ ဝမ်းသာမိပါတယ်။ စာလာဖတ်တာ ကျေးဇူးပါနော်း)
'ခေတ်ရဲ့ပြဇာတ်' သရုပ်ဖော်တာလေးဖတ်သွားတယ်။
ReplyDeleteကွန်မန့်လေးတွေ မချန်ဖြစ်ခဲ့ပေမယ့် အမြဲအားပေးနေတယ်နော်။
မရွှေပြည်သူရဲ့ မှန်နီကုန်းကျေးရွာကျောင်း(ကိုတောသားလေး) ကျောက်ပြားခင်းရန်အတွက် လှူတန်းတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ မူရင်း အန်တီတင့်လက်ထဲရောက်နေပြီနော်။ သာဓု သာဓု သာဓုပါကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သြော..ဒါမျိုးလေးတွေကိုလည်း ကြိုက်ပါသေးသည်..။ ♫ချစ်သူလမ်းကြားလေးမှာ တွေ့နိုး♪ ဆိုတဲ့ ကိုထီး သီချင်းလေးညည်းမိပြီ..း))
ReplyDeleteချစ်တဲ့
©disturbing person
အန်တီတင့် (mstint) ◄ အမြဲတမ်းအားပေးနေတဲ့ အတွက်ရော ကျောက်ပြားအလှူအတွက် ဂုဏ်ပြုမှတ်တမ်းလွှာလေးကို သိမ်းထားပေးတဲ့အတွက်ရော အရမ်းကို ကျေးဇူးတင်ပါတယ် အန်တီး)
ReplyDeleteမမပန်းချီ ◄ တခါတခါ အဲဒီလို အဖြစ်အပျက်လေးတွေက ဘာရယ်မဟုတ်ဘဲ အရမ်းလှတယ်လို့ တွေးမိလို့ ရေးချလိုက်တာ မမပန်းချီး)
ကိုယ်တွေ့ထဲက ရာခိုင်နှုန်း အနည်းငယ်ဖြစ်ဖြစ် ပါလိမ့်မယ်လို့ မဇွန် သံသယရှိနေတယ်ကွယ်။ ;)
ReplyDeleteIt's lovely anyway....!
အစ်မဇွန် ◄ ဇာတ်လမ်းထဲကလို လမ်းမှာ ဘေးကဖြတ်သွားတဲ့လူက တစ်ခါမတော်တဆ ကြည့်ပြီးရင် နှစ်ခါပြန်ကြည့်ချင်စရာ မကောင်းတဲ့ ရုပ်ရည်ပိုင်ရှင်မို့လို့ ကိုယ်တွေ့ဆိုရင် မြင်ဖူးတဲ့သူတွေ ရယ်ကြလိမ့်မယ် အစ်မဇွန်ရေး)) ဇာတ်လမ်းလေးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်နော်...
ReplyDeleteSo lovely...
ReplyDeletePls keep going on, Ma Ma. I always come and read even I m too busy to write something new.
ချစ်စရာ ဇာတ်လမ်းလေးပါ.. စိတ်ကူးယဉ်တော့ ဆန်တာပေါ့လေ..။
ReplyDeleteအစ်မသူသူ... အချိန်လေး ရှိတုန်း ၀တ္ထုလေး လာဖတ်သွားတယ်။ အစ်မရဲ့ ရေးဟန်လေး အတိုင်း နူးညံ့ပြီး ချစ်ဖို့ ကောင်းတယ်။ အပေါ်က ကွန်မန့်က စာလုံးပေါင်း မှားလို့ ဖျက်လိုက်တာ ဟိး)
ReplyDeleteလွမ်းသုရင် ◄ Thank you very much indeed for your support and encouragement during these years sis lay :)
ReplyDeleteအစ်မ သိင်္ဂါကျော် ◄ ခံစားဖတ်ရှုပေးတာ ကျေးဇူးပါ အစ်မ သိင်္ဂါကျော်...
rose ◄ ညီမလေးရေ... အချိန်လေးရှိတုန်း အစ်မစာကို အချိန်ပေးပြီး လာဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်နော်။ ဖတ်သူစိတ်ထဲမှာ စာက နူးညံ့တယ်ဆိုတာ ဖတ်သူရဲ့ စိတ်အခံနူးညံ့တာကြောင့်လည်း အများကြီးပါပါတယ် ညီမလေးရေး)
ဖေ့ဘုတ်မှာပဲ မြင်ရတယ်။ ဘလောဂ်မှာ မမြင်ရတော့ပါလား အမ
ReplyDeleteAnonymous ◄ အလုပ်များပြီး တအားရုန်းကန်နေရလို့ ပျောက်နေတာပါ Anonymous ရေ။ သတိတရ လာလည်တာ ကျေးဇူးတင်ပါတယ်နော်း)
ReplyDeleteဇာတ်လမ်းလေးက အရမ်း နူးညံ့တာပဲ အစ်မရေ...
ReplyDelete