အသိုက်ပြောင်းတဲ့အခါ
Blog နဲ့ အရမ်းကို အဆက်ပြတ်သွားပြန်ပါတယ်။ စင်္ကာပူစရောက်ကတည်းက နေခဲ့တဲ့ (နေသားအရမ်းကျနေခဲ့တဲ့) အသိုက်ကလေးကနေ ပြောင်းရတော့မှာမို့လို့ပါ။ ဒီနေရာလေးမှာ ၄ နှစ်ခွဲကျော်လောက် နေခဲ့တာကြောင့် ပြောင်းဖို့ ရွှေ့ဖို့ တော်တော်လေးကို ထုပ်ပိုးယူရပါတယ်။
အခု သုံးပုံနှစ်ပုံလောက် အပြီး ပစ္စည်းပုံကို ကြည့်လိုက်တဲ့အခါမှ ကိုယ့်လောဘကို အတုံးလိုက် အတစ်လိုက်ကြီး ပြန်မြင်လိုက်ရ သလိုပါပဲ။ အဲဒီထဲက ပစ္စည်း ၈၀% လောက်က မရှိမဖြစ်တွေ မဟုတ်တာ သေချာတွေ့လိုက်ရလို့ပါ။ ဥပမာ - ကော်ဖီသောက်ရင် ရင်တုန်တယ်ဆိုပြီး ကော်ဖီစက်တစ်လုံး အူကြောင်ကြောင်နဲ့ ဝယ်ထားမိတာမျိုးတွေ၊ ဘယ်တုန်းက ဝယ်ထားမိမှန်းမသိတဲ့ (မုန်လာဥ စကားး)) ခြုံထည်တွေ၊ လိုတာတွေ… မလိုတာတွေ… ရှုပ်ယှက်ခတ်ပြီး မြင်ရတာ စိတ်ထဲမှာ ရှုပ်ထွေးနေတော့တာပါပဲ။ မိဘပိုက်ဆံနဲ့တုန်းက ဒီလိုမသုံးဖြစ်ခဲ့ပေမယ့် ကိုယ့်ရှာတဲ့ပိုက်ဆံနဲ့ကျတော့ ဘာကိုမှ အားနာမနေတော့ဘဲ ကိုယ့်စိတ်အလိုကို တော်တော်လေး လိုက်ခဲ့မိတာပါ။ အဲဒီပစ္စည်းတွေ တစ်ခုချင်းဝယ်တုန်းကတော့ တကယ်ကို လိုချင်စိတ်ကြီးကြီး (လောဘစိတ်ကြီးကြီး) နဲ့ ဝယ်ခဲ့တာပါပဲ။ အခုလို အစုလိုက် မြင်လိုက်ရမှ “ငါဘာတွေ လုပ်ခဲ့ပါလိမ့်” လို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်သာ အပြစ်တင်နေမိပါတော့တယ်။
အခုတော့ ရွှေပြည်သူတစ်ယောက် နောင်ကျဉ်သွားပါပြီ။ နောက်ဆို ဘာဝယ်ဝယ် တကယ်လိုအပ်တာလား၊ မလိုအပ်ဘဲ သက်သက်မဲ့ လိုချင်နေတာလားဆိုတာ သေချာစဉ်းစားပြီးမှ ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ပါတော့မယ်။ တခါတခါ လောဘရဲ့ လှည့်စားမှုက သိမ်မွေ့နေတတ်ပြန်တယ်နော်။ ဝယ်ခဲ့တဲ့ ပစ္စည်းတွေက ဈေးကြီးတာတွေ မဟုတ်ပေမယ့် ဒီပေါပေါလေးတွေ အကုန်ပေါင်းရင်တော့လည်း မနည်းဘူးပဲ ဆိုတာမျိုးတွေ တွက်မိပြီး နှမြောစိတ်လည်း ဝင်လာပါတယ်။ ငွေအသုံးအစွဲကိုလည်း စာရင်းလေးနဲ့ သေချာမှတ်ပြီး အရင်ကထက် ချွေတာတတ်နေပါပြီ (အဲဒီအကြောင်းကိုလည်း ပို့စ်သတ်သတ် ရေးဖြစ်ဦးမယ် ထင်ပါတယ်း)
အခုရက်ပိုင်းက စင်္ကာပူမှာနေတဲ့ ကာလတစ်လျှောက်လုံးမှာ ကျွန်မအတွက် အပြောင်းအလဲ အများဆုံးသော ကာလပါပဲ။ အသိုက်ပြောင်းတာတင် မကဘဲ တခြား တခြားသော အပြောင်းအလဲပေါင်းများစွာ တပြိုင်ထဲနီးပါး ဖြစ်နေလို့ပါ။ ဒီလိုပဲ ဘာမှ မတည်မြဲတဲ့ လောကကြီးမှာ ဖြစ်ပြီးသားတွေ ပျက်သွားတဲ့ ပြောင်းသွားတဲ့အတိုင်း အလိုက်အထိုက်နေရင်း အကောင်းဘက်ကို ရောက်အောင် ကြိုးစားရမယ်လို့ပဲ အားတင်းနှလုံးသွင်းနေရပါတယ်။ အများကြီးပြင်ဆင် အများကြီး အားမွေးနေရပါတယ်။ ဒီရက်ပိုင်းမှာ Blog နဲ့ အဆက်မပြတ်အောင်လည်း ကြိုးစားသွားပါမယ်း) စာလာဖတ်ပေးသူတွေအပေါ်၊ Blogger မောင်နှမတွေအပေါ် ပျက်ကွက်မှုတွေ ရှိခဲ့ရင်လည်း နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော်း)
နောက်လထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြေဖို့ဖြစ်လာတဲ့ စာမေးပွဲတစ်ခုအတွက်လည်း စာဖတ်ရင်း၊ အိမ်ပြောင်းဖို့လည်း ထုပ်ပိုးရင်း အဆက်ပြတ်သွားတဲ့ Blog နဲ့ စာလာဖတ်ပေးသူတွေကို သတိရတဲ့စိတ်ကြောင့် ဒီပို့စ်တိုလေးကို Update သဘောမျိုးရော၊ ကိုယ်ရတဲ့ အသိလေးကို ဝေမျှတဲ့ သဘောနဲ့ ရေးလိုက်တာပါ။
အားလုံး ချမ်းမြေ့ငြိမ်းချမ်းကြပါစေရှင်…း)
ဖြည့်စွက်ချက်။ ။ ကော်ဖီစက်ယူမယ့်သူ ပေါ်သွားပါပြီး)))


တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့ စကားပုံနဲ့အညီ ပြောင်းမယ်ပေါ့၊ အဆင်ပြေပါစေ ဗျာ ....
ReplyDeleteကိုအောင် (ပျူနိုင်ငံ) ◄ ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ ကိုအောင်ရေ။ တစ်ရွာမဟုတ်ဘဲ တစ်အိမ်ပြောင်းတာပေမယ့် သူကောင်းတော့ ဖြစ်ချင်တယ် အစ်ကိုရေး)
ReplyDeleteအပြောင်းအလဲတွေများနေတဲ့ကာလဆိုတော့ "အပြောင်းအလဲများ" ဆိုပြီး အက်ဆေးတစ်ပုဒ်လောက်ရေးလိုက်လေ... :)
ReplyDeleteကိုလင်းဒီပ ◄ ဟုတ်ပါ့... Idea အတွက် ကျေးဇူး အစ်ကိုရေ။ အပြောင်းအလဲတွေ အကြောင်းကတော့ ရေးရမှာတွေများပြီး ဘယ်ကစရမှန်း မသိဖြစ်နေတယ်း)
ReplyDeleteမမရေ အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေလို့..
ReplyDeleteဆန္ဒပြုရင်း..
ကောင်းသောနေ့ရက်များ ပိုင်ဆိုင် နိုင်ပါစေ မမ..:)
Angelhlaing ◄ ကျေးဇူးပါ ညီမလေးရေး)
ReplyDeleteအသိုက်ပြောင်းတယ်ဆို ဘာပဲ ဖြစ်ဖြစ် အလုပ်တော့ ရှုပ်တာပဲနော်..
ReplyDeleteသိင်္ဂါကျော် ◄ ဟုတ်တယ်နော် အစ်မ... စိတ်ရောလူပါ တကယ်မောပါတယ်...
ReplyDeleteမရေ..လျှောက်လည်ရင်းနဲ့ရောက်လာတော့..ဖတ်မိပြီးပြုံးသွားပါတယ်..
ReplyDeleteအဖြစ်ချင်းတူနေလို့ပါ...း)
နောက်တခါဆိုများများမ၀ယ်လေနှင့်ပေါ့..း)
ခင်မင်လျှက်
ချစ်ခြင်းအလကာင်္
ချစ်ခြင်းအလင်္ကာ ◄ လာလည်သွားတာ ကျေးဇူးပါညီမလေးရေ... ဟုတ်တယ် နောင်တတွေကတော့ တလှေကြီးပါပဲ။ နောင်ဆို ဆင်ခြင်ရတော့မယ်း)
ReplyDeleteဒီမှာ အိမ်၂ခါပြောင်းတယ် ညီမလေး။ အခု မမအိမ့်ရဲ့ လိုအပ်မယ်ထင်တာကလွဲလို့ ဘာအပိုပစ္စည်းတစ်ခုမှ အိမ်မှာ မထားတော့ဘူး ညီမလေးရယ်။ လူလည်း စိတ်အရမ်းရှင်းတာပဲ။
ReplyDeleteမမအိမ့် ◄ ဟုတ်တယ် သိပ်စိတ်ရှင်းမှာပဲနော်။ ညီမလည်း အခု အဲလိုလုပ်ဖို့ ဆုံးဖြတ်ထားတယ်။ သံယောဇဉ်တွေ ခပ်တင်းတင်း ဖြတ်နေရတယ် မမအိမ့်ရယ်း)
ReplyDeleteအိမ်ပြောင်းရတာတော့ မောတယ် ညီမရေ... မလိုတာတွေ ဝယ်ထားမိလို့ စိတ်ရှုပ်ရတာချင်းလည်း တူပါ့... အရေးထဲ ဘေးကလူက လွှင့်ပစ်မယ် တကဲကဲလုပ်နေလို့ ဥစ္စာခြောက်ပြီး မျက်ခြေမပြတ် လိုက်ကြည့်နေရတာက ပိုတောင် မောသေး...း))
ReplyDeleteနေရာသစ်မှာ နေသားတကျ အစစ အဆင်ပြေပါစေ...
(ဒါနဲ့ အဝေးကြီးကို ပြောင်းသွားမှာလားဟင်...)
အစ်မရွှေပြည်သူရေ... အိမ်ပြောင်းတာရော၊ စာမေးပွဲရော အားလုံး အဆင်ပြေပါစေရှင်။ ရို့စ်လည်း အိမ် မကြာခဏ ပြောင်းဖြစ်တယ်။ မြို့ပါ ပြောင်းတာ ခိခိး) ဒါပေမယ့် အိမ် သံယောဇဉ်၊ မြို့ သံယောဇဉ် ကြီးတဲ့ ရို့စ်က နောက် အိမ်ထပ်မပြောင်းတော့ဘူးလို့ ဆုံးဖြတ်ထားမိတယ်း)
ReplyDeleteဘယ်နေရာဘယ်ဒေသကိုဘဲေ၇ာက်ေ၇ာက်
ReplyDeleteဘယ်လမ်းဘယ်အခန်းမှာနေနေေ၇ာက်လေရာ
နေရာမှာေ၇ွှပြည်သူတစ်ယောက် ကိုယ်ေ၇ာစိတ်ပါ
ကျန်းမာချမ်းသာပြီး..အစစ အဆင်ပြေပါစေ
စိတ်တူကိုယ်တူရှိပြီးသဘောဖြူတဲ့ အခန်းဖေါ်တွေနဲ့
လည်းဆုံတွေ့နိုင်ပါစေ....။
အိမ်သစ်နေရာသစ်မှာ အစစအဆင်ပြေပါစေ ရွှေပြည်သူရေ.. စာတွေလည်း အဆက်မပြတ် စိတ်ချမ်းသာစွာ ရေးနိုင်ပါစေလို့...။
ReplyDeleteခင်မင်စွာ
မချော
စာဖတ် စာရေး ဝါသနာထုံသူ တစ်ယောက်အနေနဲ့ အဆင်ပြေတဲ့အခါ ပို့စ်လေးတွေ ဆက်တင်နိုင်ပါစေကွယ်။
ReplyDeleteမေတ္တာဖြင့်
အန်တီတင့်
sis ရေ .. ခရုခွံအသစ်လေးမှာ အစစ အဆင်ပြေပါစေ။
ReplyDeleteအိမ်ပြောင်းတာ ကြိုပြောရင် လုပ်အားလာပေးပါတယ်၊
ReplyDeleteနေရာအသစ်မှာ အဆင်ပြေပါစေ
ပို.စ်အသစ်တွေမျှော်နေပါ့မယ်၊
ခင်တဲ့
ZZZ
ညီမရေ... ညီမက အရာရာကို တရားသဘောနဲ့ ရှုမြင်သုံးသပ်ပြီး ပြန်ဆင်ခြင်သွားတာ သိပ်သဘောကျမိတယ်။ အစ်မတို့လည်း ဒီနှစ်မကုန်ခင် အိမ်ပြောင်းဖြစ်မယ်ထင်တယ်။ အခု နေနေကျနေရာလေးကို သိပ်သဘောကျ နှစ်သက်နေမိတော့ အိမ်လခတိုးတာတောင် မပြောင်းဖြစ်ဘဲ ဆက်နေမိအောင် အစွဲအလန်းတွေ ကြီးနေမိတယ်ကွယ်။ မဇွန်လည်း လောဘစိတ်နဲ့ဝယ်မိတဲ့ wants တွေအတွက် နှမြောတသ ဖြစ်ခဲ့ဖူးတယ်။
ReplyDeleteညီမရွှေပြည်သူ... စာမေးပွဲကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ပါစေလို့ မဇွန်ဆန္ဒပြုသွားတယ်နော်။
ဘဝတူတွေပဲ ညီမလေးသူသူ..။ ဒီမှာလဲပြောင်းပြီးသွားလို့ လုံးပါးပါးနေပြီး( အဲဒီအကြောင်းတောင် စာလေးနည်းနည်းတို့ထားသေးတယ်..။ ခုထိတော့အားသေးဘူးရယ်..။ pack လုပ်ပြီးတော့ unpack ပေါ့လေ။
ReplyDeleteအစစအရာရာအဆင်ပြေအောင်မြင်ပါစေ ညီမလေးရေ..။
အတူတူပါပဲ... ဝယ်တုန်းကတော့ ဝယ်ဝယ်ထားတာပဲ။ တခုစီ ပြန်ကြည့်မှ အများကြီးဖြစ်နေတော့တာ။ ဒါနဲ့ပဲ အိမ်ပြောင်းဖို့တောင် မစဉ်းစားဖြစ်တော့ဘူး။
ReplyDeleteနေရာသစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ။
အခုမှစပြီးဖတ်ဘူးတာပါ...စာအရေးအသားကိုနှစ်သက်မိတယ်..........
ReplyDeletemamathidar ◄ ကျေးဇူးတင်ပါတယ် အစ်မး)
ReplyDelete