Tuesday, June 21, 2011

မသိခြင်းတို့ ဆုံရာ

“ပျင်းစရာကြီး အမိ ရာ…”
“အေးလေ… စောင့်ရတဲ့အလုပ်များ တော်တော်စိတ်ညစ်ဖို့ ကောင်းတယ်”
“တကယ်တမ်းက သူတို့နောက်ကျတတ်မှန်း သိရဲ့သားနဲ့ စောစောကြိုရောက်နေတဲ့ ငါတို့အပြစ်”
“နေပါဦး နောင်လတ်။ အမြဲတမ်း နောက်ဆုံးမှ ကြွလာတတ်တဲ့ နင်က ဒီနေ့ကျမှ ဘာဖြစ်လို့များ အစောကြီးရောက်နေရတာတုန်း”
“အာ ငါလည်း အစောကြီး ဘယ်လာချင်ပါ့လဲ။ ကိစ္စလေးတစ်ခု… ကနေလာတာ…။ အိမ်ကို ပြန်ရင်လည်း ရောက်တာနဲ့ ဒီပြန်ထွက်လာရမှာမို့လို့ မထူးဘူးဆိုပြီး လာလိုက်တာ။ အမိ နင်ကတော့ မမစောဆိုတော့ မမေးတော့ဘူး…”
“ကိစ္စလေးတစ်ခု…”
“ဟင်”
“စောစောကပြောတယ်လေ ကိစ္စလေးတစ်ခု”
“သြော် အေး အင်း…”
“နေဦး တုန်း (Tone) က တစ်ခုခုကို ဖွက်ထားသလိုပဲ။ နင်ခါတိုင်းဆို ဘယ်နေရာဆိုပြီးပြောတာ အခုမှ ကိစ္စလေးတစ်ခုတဲ့”
“ဟ ဘလိုင်းကြီး… ဘာဖွက်ထားရမှာတုန်း”


စောစောက ပျင်းနေတဲ့ အမိ ပြုံးစိစိဖြစ်လာသည်။

“နင် အဲလိုကြီး တအားကာပစ်မှ ပိုသိသာလာပြီ။ ပြောဟာ…” အမိ နောင်လတ်ရှိရာကို မျက်နှာချင်းဆိုင် ပြင်ထိုင်လိုက်သည်။

“ကျွတ် အမိ နင်ဟာ ရှင်းရှင်းလေးကို ရှုပ်အောင် တွေးတဲ့ ပြောတဲ့နေရာမှာ စံပဲ”
“အေးပါ ဟုတ်ပါပြီ။ ငါ အဲဒီနေရာမှာ အင်မတန်တော်တယ် ထား။ မေးထားတာလည်း ဖြေဦး… ဘယ်သွားတာတုန်း”

နောင်လတ် စိတ်ရှုပ်လာပုံနဲ့…

“ခင်လေးသိလား…”
“အေးလေ… နင့်ဟို ပြင်သစ်စာသင်တန်းက သူငယ်ချင်း…”
“အင်း သူတို့ကို သွားကူတာဟာ…”
“သူတို့…?” အမိ ရယ်ချင်နေသည်။
“နင့်ဟာက မေးတာ မပြီးတော့ဘူးဟာ… သူ့ညီမလေး Computer ထဲကို Virus ဝင်တာ… အဲဒါသွားလုပ်ပေးတာ”
“အဲတော့…”
“အဲတော့ Virus ကို အသေသတ် အမှုန့်ကြိတ်ပြီး ပြန်လာတာပေါ့။ အခုထိ အမှုန့်ကြိတ်ချင်စိတ် မကုန်သေးဘူးနော်…”

နောင်လတ် မျက်မှောင်တွေ တအားကြုံ့လာသည်။

“ဟားဟားဟား… စတာပါ နောင်လတ်ရာ…။ နင်က ဘာဖြစ်ရတာတုန်း” အမိ အနားက သစ်ပင် ပင်စည်ကို ခြေပစ်လက်ပစ်မှီလိုက်ရင်း သဘောတကျပြောသည်။

နောင်လတ် သက်ပြင်းကို ရှူးကနဲမှုတ်ထုတ်လိုက်ပြီး မြက်ခင်း ပျံ့ပျံ့ပေါ်လှဲချလိုက်သည်။

“နင့်ကို စရတာလည်း ပျင်းစရာကြီးဟာ…” အမိ တစ်ယောက်ထဲ ညည်းသလို ခပ်တိုးတိုးပြောသည်။ နောင်လတ် မျက်လုံးတွေ မှိတ်လိုက်သည်။

တကယ့် ပျင်းစရာ့ ညနေ။ လေကလေးကတော့ အေးအေးဖြူးဖြူး ရှိသားပင်…

“ကောင်းလိုက်တာ မိုးကလေးအုံ့နေတော့…” အမိ မျက်နှာကို အသာလေးမော့ပြီး လေအေးအေးရဲ့ အထိအတွေ့ကို ခံယူရင်းပြောသည်။

“အမိ နင် လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်ဖူးလား” နောင်လတ်က ကိုယ်ကို ဆတ်ကနဲလှည့် မြက်ခင်းကို တံတောင်နဲ့ထောက်ရင်း ခပ်မြန်မြန်မေးသည်။ ရုတ်တရက်ဆိုတော့ အမိမျက်နှာကို ဖြတ်တိုက်နေတဲ့ လေအေးတောင် ရပ်တန့်သွားသလိုလို…

“ဘာကိစ္စ အဲဒါကြီးကို ထမေးရတာလဲ… နင်တော့ တစ်ခုခုပဲ…”
“တန်ပြန်မေးခွန်းတွေနဲ့ လူလည်မလုပ်နဲ့ အမိ။ ငါမေးတာ ဖြေစမ်းပါ...”
“မသိဘူးဟာ…”
“အာ…”
နည်နည်းကြာမှ အမိက ခပ်တိုးတိုး…
“ဒီအရွယ်ပဲရောက်နေပြီ…”
“ဟမ်… သြော် ဟဲဟဲ… မိမိသက် တို့လည်း ဒါမျိုးတွေ ရှိသကိုး…” ဒီတစ်ခါ ပြုံးစိစိ ဖြစ်သူက နောင်လတ်…
“ဘယ်သူများလဲလို့ ငါ မှန်းကြည့်စမ်းမယ်…”
“တော်တော်… နင်ဘာကိစ္စမေးတာလည်း ပြော”
“စိတ်ထဲမှာ ဘယ်လို ခံစားရလဲ သိချင်လို့ပါဟ။ ငါက ဒီကိစ္စမှာ အပျံသင်စလေးဆိုတော့…”
“အမယ်လေး တော်ပါ နားခါးလိုက်တာ…”

ဒီတစ်ခါ တဟားဟားအော်ရယ်ရသူက နောင်လတ်…။ ဘိုသီဘတ်သီ ရှပ်အင်္ကျီအကွက်နဲ့ ဂျင်းဘောင်းဘီဝတ်ပြီး မျက်နှာမှာ ဘာမှလိမ်းချယ်မထားသော ယောက်ျားဆန်ဆန် အမိက နောင်လတ်ကို မိန်းမဆန်စွာ မျက်စောင်းထိုးသည်။

“ငါသိပါတယ်… ဘယ်သူလဲဆိုတာ” နောင်လတ် အူလှိုက်သည်းလှိုက် မျက်နှာနဲ့ ပြောသည်။ အမိစိတ်တိုနေပြီ။
“မင်းလွင်”
“ဘာ… မဆီမဆိုင်” အမိ မျက်နှာတပြင်လုံး ရဲတက်သွားသည်။
“ငါ့ကို ငတုံးထင်နေလား။ မင်းလွင် နင့်ဆီ ခဏခဏ ဖုန်းဆက်တာ လူတိုင်းသိတယ်”
“ဟာ အဲဒါ ကိစ္စရှိလို့ဟ။ စွတ်မပြောနဲ့…”
“ကိစ္စမရှိဘဲ ဖုန်းဆက်ပြီး အသံတိတ်ကြီး နေလို့မှမရတာ။ ဒီလိုပဲ ကိစ္စတွေ ဖန်တီးယူမှာပေါ့”
“တော်တော့ဟာ နောင်လတ်…” အမိ ခပ်ဝေးဝေးက ဝင်ပေါက်ကို မလုံသလို လှမ်းကြည့်ရင်းပြောသည်။ ဒီနေ့ မင်းလွင်တို့လည်း လာလိမ့်မည်။
“မဟုတ်ဘူးပေါ့…”
“မဟုတ်ဘူး…” အမိသံပြတ်နဲ့ ဖြေတော့…
“ဒါဆို ကောင်းဆက်”
“အာာာာာာာ”

အမိ နီးရာတစ်ခုခုနဲ့ ကောက်ပေါက်လိုက်သည်။ ပေါက်ပြီးတော့မှ ကတ္တရာလမ်းပေါ်ကနေ ကောက်လာတဲ့ ပန်းတွေ ဖြစ်မှန်းသိရတော့ အားမလိုအားမရ ဖြစ်ရပြန်သည်။

“ဟာ ပန်းတွေ မကြဲနဲ့ဦးလေ။ မင်္ဂလာအချိန် မရောက်သေးဘူး”
“နောင်လတ်… စိတ်တိုလာပြီနော်” တကယ်တော့ အမိ ဘာကိုမှန်းမသိ ရှက်သထက် ရှက်လာခြင်း။
“ကောင်းဆက်က စွံတယ်လေဟာ”
“သူစွံတိုင်း ငါက ကြိုက်ရရောလား”
“သိ…ဘူး…လေ…ဟာ။ နင်ပဲ ကိုရီးယားမင်းသားနဲ့ တူတယ်ဆိုလား”
“ဟ အဲဒါ သူအိုက်တင်များလွန်းလို့ ငါရွဲ့ပြောတာ…”

နောင်လတ် ညစ်ကျယ်ကျယ်ပြုံးလို့ မဆုံးတော့…

“စတာပါဟာ… ငါ တကယ့်အမှန်ကို သိပါတယ်” နောင်လတ် မျက်နှာပိုးကို သတ်လိုက်သည်။ အမိကတော့ ခပ်စူစူ မျက်နှာထားနဲ့ ဘာမဟုတ်တာတွေ ပြောဦးမလဲလို့ မျက်နှာလွှဲရင်း နားစွင့်နေသည်။

“ကိုနေမျိုး…”

အမိ ငြိမ်သွားသည်။ နောင်လတ်မျက်နှာလည်း အပြုံးရိပ်နည်းနည်း ကျန်တာကလွဲလို့ အတည်ပေါက်ဖြစ်သွားသည်။

“ဘာလို့ ကိုနေမျိုး ဖြစ်ရပြန်တာတုန်း…” အမိ ခပ်ဆိုင်းဆိုင်းမေးသည်။
“အမိ ငါနင့်ကို မနေ့တနေ့ကမှ သိတာမဟုတ်ဘူး။ ဟိုတရက် ချစ်ချစ်တို့နဲ့ မုန့်သွားစားတုန်းက နင့်စကားထဲမှာ ကိုနေမျိုးကို ထည့်ပြောတာ ၅ ခါ”
“ဘုရားရေ နင်က လက်ချိုးရေထားတာလား”
“ဘာကိစ္စ ရေရမှာလည်း… အသိသာကြီး… လူတစ်ယောက်ကို စွဲလမ်းနေပြီဆိုရင် စကားထဲ မပါပါအောင် ထည့်ပြောတတ်ကြတယ်”
“အမယ် နောင်လတ် နင်ဘယ်တုန်းက အဲလောက် အသေးစိတ်တွေ သိသွားတာတုန်း။ အပျံသင်စလေးဆို…”

နောင်လတ် တစ်ခုခုပြန်ပြောမယ် ပြင်ပြီးမှ ကောင်းကင်ကို မော့ကြည့်သည်…

“ဟော မိုးဖွဲတွေ…” အမိ စိတ်လှုပ်ရှားစွာ ပြောသည်။

“လာ ဟိုအမိုးအောက် ပြောင်းထိုင်ရအောင်”

အမိတို့ လမ်းလျှောက်သွားတုန်းပဲ ဝင်ပေါက်ကနေ မင်းလွင်တို့ ချစ်ချစ်တို့ ဝင်လာတာတွေ့ရသည်။ သူတို့နောက်မှာ ချစ်ချစ် အစ်ကိုဝမ်းကွဲ ကိုနေမျိုး… အမိကို လက်လှမ်းပြသည်။ နောင်လတ် ပြုံးစိစိနဲ့ စွေကြည့်တော့ အမိက…

“တစ်ခုခု သောက်ချင်လိုက်တာ နောင်လတ်ရာ”
“ဟာဟ ဒီလိုပဲ စိတ်လှုပ်ရှားရင် ရေငတ်တတ်တယ် ကလေးမရဲ့… နေပါ နေပါ… ကျွန်တော်မျိုးကြီး ဟောဟိုက အအေးတော်များ ဆောင်ယူဆက်သပါ့မယ်”

နောင်လတ် အမိုးအောက်က ခပ်သွက်သွက် ပြေးထွက်သွားတော့ အမိ ခေါင်းကို ငုံ့ပြီး ရှပ်အင်္ကျီစွန်းကို ဘာရယ်မဟုတ် ဆွဲဆန့်ရင်း ရှက်သလိုလို ကျေနပ်သလိုလို ပြုံးသည်။ နောက် ခေါင်းကို ပြန်မော့ပြီး မျက်ဝန်းမှာ စောစောက တချိန်လုံး မရှိခဲ့သော အရိပ်အငွေ့တချို့နဲ့ နေရာတစ်ခုကို လှမ်းကြည့်သည်။

Vending Machine ရှေ့မှာ ဘောင်းဘီအိတ်ထဲက အကြွေစေ့တချို့ ထုတ်ရေနေတဲ့ နောင်လတ်ကျောပြင်က မိုးဖွဲတွေကြားမှာ ဝိုးတဝါး…

“အမိ ငါနင့်ကို မနေ့တနေ့ကမှ သိတာမဟုတ်ဘူး…” စောစောက နောင်လတ်စကားကို အမိ စိတ်ထဲမှာ ခပ်တိုးတိုး ပြန်ရွတ်ရင်း ရယ်ချင်စိတ်နဲ့ သွားကလေးတွေ လက်ကနဲပေါ်အောင် ပြုံးလိုက်မိချိန်… ချစ်ချစ်တို့တောင် အမိုးအောက်ကို ရောက်လာခဲ့ကြပြီ…

ရွှေပြည်သူ
(11:42 PM ~ 21-Jun-2011)

26 comments:

  1. Then I guess Ko Nay Myo should be the lucky guy. rt? ..:))A beautiful writing about woman psychology in love.

    ReplyDelete
  2. ဘယ်သူကိုကြိုက်နေတာလဲ။ ဖတ်ရင်းနဲ့မသိတော့ဘူး။ ဟိ

    ReplyDelete
  3. Anonymous ◄ Thank you.

    လရိပ်အိမ် ◄ ရေးတဲ့သူညံ့လို့ မရှင်းမလင်းဖြစ်သွားတာကို သေချာဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်း)

    ReplyDelete
  4. နောက်တခေါက်ပြန် ဖတ်ကြည့်တယ်။ အော်.. ဟုတ်ပေသားပဲ၊ နောင်လတ်ပဲ ထင်တယ်း))

    ReplyDelete
  5. ဟာဗျာ ဇာတ်အိမ်ဖွက်သွားတယ်း)) အမ ရွှေပြည်သူ တကယ် ဗဟေဌိ လုပ်သွားတယ် . . ဦးဏှောက်ကို အလုပ်ပေးလိုက်ရတယ်း)))

    ReplyDelete
  6. ချော (အစိမ်းရောင်လွင်ပြင်) ◄ တော်ပါသေးရဲ့ ကိုယ်ရေးတာကို နားလည်တဲ့သူ ရှိသေးလို့။ ကျေးဇူးပါ ချောရေး)

    ကိုလင်းခေတ်ဒီနို ◄ တအားကြီးဖွက်ဖို့ မရည်ရွယ်ပါဘူး။ ရေးတာ ညံ့တော့ ရှုပ်သွားတာဖြစ်မှာ ကိုလင်းခေတ်ရေး) အဆုံးကျတော့ သိတယ်မဟုတ်လား...

    ReplyDelete
  7. ပန်းချီJun 21, 2011 05:59 PM

    ပြောရမလား?....ကျောပြင်ဝိုးတဝါးလေးး)... နူးနူးညံ့ညံ့ရှိတဲ့ ဇာတ်လမ်းလေးတွေကို သူသူ့လို မရေးတတ်ဘူးကွယ်...။ မိန်းကလေးတစ်ယောက်ရဲ့ အတွင်းစိတ်နဲ့ အမူအရာလေးတွေကို ပေါ်အောင်ပုံဖော်နိုင်လိုက်တာ ညလေးရယ်..ကြိုက်တယ်..။

    ReplyDelete
  8. အဲဒါတကယ်ပဲအချစ်လား.......နှစ်ရှည်လများပိုင်ဆိုင်ချင်ချင်းရယူချင်ခြင်းမရှိပဲ ဒီလိုလေးပဲကျေနပ်နေခဲ.တာအချစ်တဲ.လား...
    သူငယ်ချင်းတယောက်ရဲ.ကဗျာလေးအပိုင်းစလေးကို share ချင်ပါတယ်..
    " မပိုင်ဆိုင်ချင်ပေမယ်.စွန်.လွှတ်ဖို.ခက်တယ်
    မရယူချင်ပေမယ်.ပေးဆပ်ဖို.ခက်တယ်
    လမ်းခွဲနှတ်ဆက်မင်းထွက်သွားတော.
    ခေါင်းမော.ကြေကွဲမျက်ရည်ရွှဲခဲ.တာ
    ပိုင်ဆိုင်ချင်လို.လည်းမဟုတ်
    ရယူချင်လို.လည်းမဟုတ်
    မင်းလုပ်ရပ်အတွက် ၀မ်းနည်းရုံသက်သက်ပါ "
    ဆိုင်မဆိုင်တော.မသိပါဘူး...ဒီဝတ္ထုကိုရှင်းပြစရာမလိုအောင်နားလည်နေပါတယ်။း)

    ReplyDelete
  9. မမပန်းချီ ◄ အဓိက ပြောချင်တဲ့အရာလေးတွေကို အမြဲတမ်းမြင်အောင် ဖတ်ပေးလို့ ကျေးဇူးပါ မမပန်းချီ ♥

    Anonymous ◄ Share သွားတဲ့ ကဗျာလေးထဲက စာသားတိုင်းကို ကြိုက်မိပါတယ်။ ကိုယ်ရေးလိုက်တာ ရှင်းမှ ရှင်းရဲ့လားလို့ စိတ်ပူနေတုန်း ဒီဝတ္ထုကို "ရှင်းပြစရာမလိုအောင် နားလည်"တယ်ဆိုတဲ့လူရှိလို့ တကယ်ဝမ်းသာမိပါတယ်။ ကျေးဇူးပါး)

    ReplyDelete
  10. မမြင်ရတဲ့ ချည်နှောင်ထားတဲ့ ကြိုးတွေနဲ့
    မပြောလဲ သိကြတဲ့ အကြောင်းတွေ ..
    ချစ်စရာဝတ္ထုတိုလေး ..း)

    ReplyDelete
  11. jr ◄ မမြင်ရဘဲ ချည်နှောင်ထားတဲ့ ကြိုးက ပိုတင်းပြီး ဖြတ်ရခက်တယ်... မပြောဘဲသိနေတာတွေကလည်း ရှင်းပြရခက်ပြန်တယ်... နော် မမ Jr...

    ReplyDelete
  12. မသိချင်ယောင်ဆောင်နေကြတာထင်ရဲ့.. နောင်လတ်ကို အသဲယားတယ်.. သိနေရက်နဲ့များ.. မိန်းကလေးကစစေချင်တာများလားမသိ..

    ReplyDelete
  13. မြူးမြူး ◄ နောင်လတ် မသိတာလည်း ဖြစ်နိုင်တာပါပဲ...း) ခံစားပြီး ဖတ်ပေးတာ ကျေးဇူးပါ ညီမလေးရေ...

    ReplyDelete
  14. ဒီဝတ္တုက စကားပြောတွေ အသားပေးထားတော့ စာသွက်သွားပြီး အဖွဲ့အနွဲ့တော့ အားနည်းသွားတယ် ။ ရွှေပြည်သူ့ဟန် အဖွဲ့အနွဲ့ အနုလေးတွေကိုတော့ အပြီးသတ်ခါနီးမှာပဲ တွေ့ရတယ် ။ ခွဲထွက်သွားတယ်လို့ ခံစားမိတယ် ။ ဖတ်လို့တော့ ကောင်းတယ် ။

    အပျံသင်စဆိုတဲ့စကားလေးကို ထည့်သုံးထားတာလေး သဘောကျတယ် ။ အပြင်မှာစကားပြောရင်းတောင် စနောက်ရင်း ယူသုံးမိတော့မယ် ။ :)

    ReplyDelete
  15. ကိုလင်းဒီပ ◄ အမြဲတမ်းသေချာဖတ်ပြီး သေချာဝေဖန်ပေးလို့ ကောမန့်တွေကို တန်ဖိုးထား ဖတ်ရပါတယ် အစ်ကိုရေ...။ အပျံသင်စကို ယူသုံးတော့မယ်ဆိုတော့ အင်း ဟုတ်တော့ ဟုတ်နေပါပြီ... (နောက်တာ နောက်တာ...း)

    ReplyDelete
  16. ကြိုက်တယ်ဗျို့ ။။ ပေးတွေးထားတာကို ကြိုက်တယ်။။။ အောင်မြင်ပါစေ။။။

    ReplyDelete
  17. Anonymous ◄ သေချာဖတ်ပေးတဲ့အတွက်ရော ဆုတောင်းပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်း)

    ReplyDelete
  18. မိုးဖွဲတွေကြားမှာမှ ဝိုးတဝါးတွေ့လိုက်ရတယ်

    ReplyDelete
  19. ရို့စ်လည်း ၀တ္ထုတိုလေးကို သဘောကျ နှစ်သက်မိတယ်။ မိမိသက် ချစ်နေတာ နောင်လတ်ကိုး။ ဇာတ်လမ်းလေးက ဆက်ရင် ရသေးသလိုပဲနော် အစ်မ...။ ဖတ်ရတာ မ၀လို့ ထပ်ဖတ်ချင်လို့ ပူဆာတာ ခိခိး)

    ReplyDelete
  20. ကိုမြစ်ကျိုးအင်း ◄ မိုးဖွဲတွေကြားက ဝိုးတဝါးကို တွေ့တဲ့အထိ ဖတ်သွားပေးလို့ ကျေးဇူးတင်ပါတယ်း)

    rose ◄ ဝတ္ထုလေးကို သေချာခံစားပြီး ဖတ်ပေးလို့ ကျေးဇူးပါ ညီမလေးရေ...။ ဒီဇာတ်လမ်းကို ဆက်ရေးရင် ထုံးစံအတိုင်း အလွမ်းဘက်တွေ ပါကုန်မှာစိုးလို့ ရပ်လိုက်ရတာ...း))

    ReplyDelete
  21. အဲဒီလို ပြီးသလို မပြီးသလိုလေးနဲ့ ခံစားချက်လေးတစ်ခုခု တွေးစရာလေးတစ်ခုခု ချန်ပြီး အဆုံးသတ်လိုက်တဲ့ စတိုင်လေးကို အရမ်းကြိုက်တယ် ညီမရေ။ မအိမ်သူက ၀တ္ထုရှည်တွေထက် ၀တ္ထုတိုတွေကို ဖတ်ရတာ ပိုနှစ်သက်တယ်။ ဒီဝတ္ထုလေးဖတ်ရတာ စကားပြောခန်းလေးတွေကနေ ကိုယ်ပါလိုက်တွေး အဖြေရှာနေရင်းနဲ့ နောက်ဆုံးမှာ ဖတ်နေရင်း ကိုယ့်ဟာကိုယ် အဖြေရှာလို့တွေ့လိုက်ရတဲ့ ခံစားချက်ကို အရမ်းကြိုက်မိတယ်။

    ReplyDelete
  22. မအိမ်သူ ◄ သေချာခံစားပြီး ဖတ်ရှုပေးသွားတာ ကျေးဇူးတင်ပါတယ်း)

    ReplyDelete
  23. မမ ရေးတာလေးတွေကိုကြိုက်တယ် အမြဲတမ်း စာဖတ်သူကို အဆုံးမှာ ခံစားချက်လေးတစ်ခုတော့ အမြဲပေးတယ်....

    ReplyDelete
  24. ယမင်း ◄ ဖတ်ရတာ အဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ် ညီမလေး။ ကျေးဇူးပါနော်း)

    ReplyDelete
  25. ယမင်း ◄ စာလာဖတ်ပေးတာ ကျေးဇူးတင်ပါတယ် ညီမလေးး)

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)