Sunday, June 5, 2011

တိတ်တဆိတ် မိုး

အဆန်းတော့ မဟုတ်ပါဘူး…
ဟိုး ကောင်းကင်ဦးမှာ
မိုးတွေ… ရွာနေ… ပြန်ပြီ…

မိုးအုံ့အုံ့ကောင်းကင်ကို ဘယ်တော့မှ အရောင်မပြောင်းစေချင်တဲ့အကြောင်း…
တိမ်တွေကို ကြိုးလိုသီ… ရီ(ရယ်)လို့ ပျော်လို့ ပြေးဆော့ချင်တဲ့အကြောင်း…
မိုးစက်ကိုမုန်းတဲ့ တရုန်းရုန်း လူထူထူထဲ ကိုယ်အသက်ရှုတွေ ကျပ်တဲ့အကြောင်း…
မိုးသက်လေကို အဟုန်စီးပြီး ဟိုးအမြင့်ကြီးက ကြယ်စကြယ်နတွေ ရလာတဲ့အကြောင်း…
မိုးနဲ့ပတ်သက်သမျှ ကိုယ့်အိပ်မက်မှုန်ပြပြတွေ အားလုံး… အားလုံး အကြောင်း
မဟောင်းတဲ့အပြုံးနဲ့ နားထောင်မယ့် မင်းကို…
ခြေကလေးဆင်းထိုင်ရင်း…
ခပ်အေးအေး ပြော… ပြ… ချင်… သေး… တယ်…

ဒီထက်မပိုပါဘူး…
တကယ် တကယ်
ဒီ့ထက်ကို မပိုပါဘူးကွယ်…

ခုတော့ဖြင့်… ကိုယ့်မှာ
မသိမသာ လွမ်းတာလေးကိုတောင်
အခါခါ ရပ်ပစ်နေရသေးရဲ့…

လူတွေ ပြောကြတယ်လေ…
တစ်ယောက်က တမ်းတပြင်းပြ သတိရရင်…
နောက်တစ်ယောက်မှာ ထိရှခံစား သိသွားနိုင်သတဲ့…

မဖြစ်ဘူးနဲ့ တူပါတယ်…
ကိုယ့်အတွက်တော့… အလွမ်းဆိုတာ…
ကမ္ဘာနဲ့ချီပြီး သိမ်းဆည်းသွားရမယ့် အရာသက်သက်မို့…
သိမ်း…ဆည်း…သွား…မှာ… မို့… ပါ… ကွယ်…

ရွှေပြည်သူ
(7:11 PM ~ 05-June-2011)

သြော် အလွမ်းကဗျာတွေ ရေးမိပြန်ပါရောလားး))

26 comments:

  1. nicely composed & presented writing, ma ma..

    Got the same feeling/suffering as that time when i first read your poem "star-lover"...

    ဒီပို့စ်ထဲက ကိုယ့်ဘာကိုယ် ရွတ်မိတဲ့စာသားလေးက..

    "မသိမသာ လွမ်းတာလေးကိုတောင်
    အခါခါ ရပ်ပစ်နေရသေးရဲ့..." .....

    ReplyDelete
  2. ngenge ◄ Thank you for reading this poem with your heart, sis. A surprising thing is I also wrote "star-lover" with the same feeling I have while writing this one... I do wish you all the happiness and peace, sis...

    ReplyDelete
  3. ရေးတတ်လိုက်တာ :(

    ReplyDelete
  4. အစ်မ khin oo may ◄ ကျေးဇူးတင်ပါတယ်း)

    ReplyDelete
  5. မိုး ဆိုလို့ ကိုယ့်အကြောင်းများရေးသလား အပြေးအလွှားလာဖတ်တာ သူသူရေး))
    ဘယ်သူ့ကိုများလွမ်းသတုန်း ပြောပါဦး..ကွဲ့..။(ချစ်လို့ကြည်စယ်တား)) အလွမ်းဆိုတာ ကမ္ဘာနဲ့ချီပြီး သိမ်ဆည်းသွားရမယ့်အရာဆိုလို့ ပိုလွမ်းသွားမိပြီ..။

    ReplyDelete
  6. မမပန်းချီ ◄ မမမိုးပန်းချီအကြောင်း ရေးလို့ကတော့ “တိတ်တဆိတ် မိုး” မဟုတ်ဘဲ “ချစ်စရာ မိုး” ပဲ ဖြစ်နေမှာပေါ့း) “ဘယ်သူ့ကို လွမ်းသတုန်း” ဟုတ်လား (ဒီမေးခွန်းကိုတော့ လူမမြင်ခင် မသိမသာ ကျော်ချသွားပါတယ်း)) အလွမ်းကဗျာလေး ဖတ်ပေးစေချင်ပေမယ့် မလွမ်းစေချင်ပါဘူး မမပန်းချီရယ်...

    ReplyDelete
  7. ခံစားချက်လေး ထိတယ် မရေ

    ReplyDelete
  8. မkom ပြောသလိုပဲ၊
    ရွှေပြည်သူရယ်
    ရေးတတ်လိုက်တာ။

    ReplyDelete
  9. အတွဲအစပ်လေးတွေ လှတယ်..။ မရွှေပြည်သူက အေးအေးလေး ခြေဆင်းထိုင်ပြီး ပြောပြနေသလို ပြောပြတတ်တယ်..။

    ReplyDelete
  10. "တယောက်က တမ်းတ ပြင်းပြ သတိရရင်
    နောက်တယောက်မှ ထိရှခံစား သိသွားနိုင်သတဲ့..."

    အဲဒါ တကယ်ဆိုရင်တော့ သိပ်ကောင်းမှာပဲနော်။ ညီမက မဖြစ်နိုင်ပါဘူး ဆိုတော့ နည်းနည်း အားငယ်သွားတယ်...း((

    ReplyDelete
  11. ခပ်အေးအေးလေး ပြောပြချင်တဲ့ အသံ ကို နားထောင်ချင်သေးတယ်။


    နောင့်

    ReplyDelete
  12. လရိပ်အိမ် ◄ ခံစားပြီး ဖတ်ပေးတာကျေးဇူးပါး)

    အစ်မ ကောင်းမွန်ဝင်း ◄ ကျေးဇူးတင်ပါတယ် အစ်မရေ...း)

    Anonymous ◄ သေချာခံစားပြီး ဖတ်ပေးလို့ ကျေးဇူးပါး)

    အစ်မ သက်ဝေ ◄ ညီမလည်း အဲလိုဖြစ်တတ်တယ်လို့ တခါတခါ ယုံနေတာအစ်မ။ “မဖြစ်ဘူး ထင်ပါတယ်” လို့ ရေးလိုက်တာ အဲလို သိသွားလို့ မဖြစ်ဘူးလို့ ဆိုလိုချင်တား)) ရေးတဲ့သူတော်ချက်ကတော့ အောက်မှာ ထပ်စာတမ်းတောင် ထိုးရပြီး))

    နောင့်လေး ◄ အစ်မကလည်း နောင့်ကိုဆိုရင်တော့ ပြောပြချင်ပါတယ်း)

    ReplyDelete
  13. sis ရေ.. ခု ရာသီနဲ့ ဒီကဗျာလေးနဲ့ တွဲပြီး ဖတ်လိုက်ရတာ .. ပဲပြုတ်နဲ့ ကောက်ညှင်းပေါင်းလေးနယ်၊ နောက် ကော်ဖီကလေး သောက်လိုက်ရသလိုပါပဲ။

    အမကကျတော့ အဖွင့်လေးကြိုက်တယ်။
    အဆန်းတော့ မဟုတ်ဘူး .. ဟိုးကောင်ကင်ဦးမှာ .. မိုးတွေ .. ရွာနေ .. ပြန်ပြီ ...

    ReplyDelete
  14. ချော(အစိမ်းရောင်လွင်ပြင်)Jun 5, 2011 09:12 PM

    မိုးရွာလို့ အလွမ်းပိုနေတယ်ထင်တယ်
    ရင်ထဲကအလွမ်းတွေ ကဗျာလေးအဖြစ်များ ထွက်ကျလာလေသလားး)

    ReplyDelete
  15. မမ jr ◄ အဲဒီလို ခံစားရတယ်ဆိုရင် တကယ်ပျော်တယ် မရေး) ခုရက်ပိုင်း မိုးတွေအုံ့နေတာ တအားကြိုက်တာပဲ...

    ချော (အစိမ်းရောင်လွင်ပြင်) ◄ ဒီကဗျာကို ပူပူအိုက်အိုက် ညနေဘက်ကြီးမှာ ချွေးစို့ပြီး စရေးတယ်ဆိုရင် ယုံကြပါ့မလား မသိဘူး ... ကဗျာ အဆုံးသတ်တဲ့ နေ့ရောက်ခါနီးမှ မိုးကရွာတော့တာ ချောရေး)

    ReplyDelete
  16. အလွမ်းကဗျာတွေရေးမိပြန်တဲ့ ကောင်မလေးက ပြုံးလို့ပါလားး)

    ReplyDelete
  17. အစ်မဇွန် (ဇွန်မိုးစက်) ◄ ဟုတ်တယ် အစ်မဇွန်ရေ... ဘာဖြစ်ဖြစ် ကြိုးစားပြုံးနေရတာ အကျင့်ပါလာတော့ အလွမ်းကဗျာရေးတာတောင် ပြုံးစိစိဖြစ်လို့း)

    ReplyDelete
  18. ရွှေပြည်သူရေ စာသားလေးတွေ အရမ်းလှတဲ့ကဗျာလေး.. အဲဒီလို နုနုနွဲ့နွဲ့လေး အရမ်းရေးတတ်ချင်ပါတယ်။ ကိုယ့်ဟာကိုယ်ရေးလိုက်ရင် အဲဒီလို မနုရွတော့ဘူး။ ထောင့် တောင့်တောင့်နဲ့ ထောင့်မကျိုးသလိုခံစားရတယ်။ မအိမ်သူ ကိုယ်တိုင်ကိုက သိပ် နုနုရွရွမရှိလှတဲ့ မိန်းမမို့လို့လားတော့မသိဘူး။ :))

    ReplyDelete
  19. မအိမ်သူ ◄ ကျေးဇူးပါ မအိမ်သူရေ...း) မအိမ်သူရေးတာလည်း ကောင်းမှာပါပဲ... တစ်ယောက်နဲ့တစ်ယောက် ရေးဟန်မတူတာ ဖြစ်မှာပါ...း)

    ReplyDelete
  20. မိုးနဲ့ရောပြီး ဘယ်သူတွေများ သတိရခြင်းတွေ ရွာသွန်းကြတယ် မသိဘူး ။ မနေ့က တချို့နေရာက လမ်းတွေ ရေလျှံကုန်တယ် ။ :))

    ReplyDelete
  21. ဒီလို အေးအေးဆေးဆေး ကဗျာမျိုးတွေ သဘောကျတယ်။

    ReplyDelete
  22. ကိုလင်းဒီပ ◄ ဟုတ်ပါ့ ကိုလင်းဒီပရယ်... ဘယ်သူတွေလဲ မသိ... လမ်းတွေရေလျှံတာ သူတို့ကြောင့်မှန်းခုမှ သိတယ်း) တော်တော်ဆိုးတဲ့လူတွေး))

    ကိုမြစ်ကျိုးအင်း ◄ ခံစားဖတ်ရှုပေးတာ ကျေးဇူးပါ ကိုမြစ်ကျိုးအင်းရေ...း)

    ReplyDelete
  23. ငယ်ငယ်တုန်းက
    အဲဒီလိုလေး လွမ်းဖူးတယ်၊
    ဒီလို စကားလုံးတွေနဲ့ ချမရေးဖြစ်ခဲ့တော့
    ရင်ထဲမှာ အပြည့် သိမ်းဆည်းခဲ့မိလျှက်သားကွယ်။

    ရွှေပြည်သူရဲ့ စကားလုံးတွေက ကိုယ့်ကို ထိရှစေတာအမှန်၊
    ဒါပေမယ့် အဲဒီလိုမျိုးလေးကိုပဲ နှစ်သက်တာလည်း အမှန်။

    အပြုံးပန်း

    ReplyDelete
  24. အစ်မ အပြုံးပန်း ◄ တခါတခါကျ စကားလုံးနဲ့ ချမရေးခဲ့တာလေးတွေက ပိုတောင်လှပါတယ် အစ်မရယ်... ကဗျာလေး ခံစားပေးလို့ ကျေးဇူးပါနော်း)

    ReplyDelete
  25. ထိရှတဲ့ စာသားတွေကိုအသေအချာဖတ်သွားပါတယ်။

    ReplyDelete
  26. သံယော်ဇဉ် ◄ သေချာခံစားပြီး ဖတ်သွားပေးလို့ ကျေးဇူးပါနော်း)

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)