သဲတပွင့် ဖြစ်လိုပါလျှင်
Forward Email က ရခဲ့တဲ့ PowerPoint Slide လေးထဲကစာကို ပြန်ဝေမျှသင့်တယ်ထင်လို့ ဘာသာပြန်ပြီး ဝေမျှလိုက်ပါတယ်။ မူရင်းရေးသူကို ရှာကြည့်လိုက်တော့ သြစတေးလျမှာ အခြေချနေထိုင်နေတဲ့ ဖိလစ်ပီနိုလူမျိုး Dr. Arsenio Martin (An Igorot Journey) လို့ သိရပါတယ်။ ဒီစာကို သူ့အမိမြေ ဖိလစ်ပိုင်နိုင်ငံအတွက် ရည်ရွယ်ပြီး ရေးခဲ့တာပါ။ အင်္ဂလိပ်လိုရေးထားတဲ့ မူရင်း “Why our country is poor?” ကို ဒီမှာ ဖတ်နိုင်ပါတယ်ရှင်။
ဘာကြောင့်များလဲ
ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ ကွာခြားချက်က တိုင်းပြည်ရဲ့သက်တမ်း မဟုတ်ပါဘူး။ ဒါကို သက်သေပြရရင် အိန္ဒိယနဲ့ အီဂျစ် တို့လို နိုင်ငံတွေဟာ နှစ်ပေါင်း၂၀၀၀ ကျော်သက်တမ်းရှိပြီး အခုတိုင် ဆင်းရဲနေရှာဆဲဖြစ်ပေမယ့် ကနေဒါ၊ သြစတြေးလျ နဲ့ နယူးဇီလန် တို့လို နိုင်ငံတွေကတော့ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်တုန်းက အရိပ်အယောင်တောင် မရှိခဲ့ဘဲ အခုချိန်မှာ အင်မတန် တိုးတက်ချမ်းသာနေတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ ကွာခြားချက်က တိုင်းပြည်ရဲ့ သဘာဝသယံဇာတ အပေါ်မှာလည်း မူတည်မှု မရှိပါဘူး။ မြေပိုင်နက်ရဲ့ ၈၀% ကတောင်တွေသာ ဖြစ်နေတာကြောင့် စိုက်ပျိုးရေးနဲ့ တိရိစ္ဆာန်မွေးမြူရေး တွေအတွက် မြေနေရာ နည်းနည်းလေးပဲရှိတဲ့ ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ ဒုတိယ စီးပွားရေးအကောင်းဆုံးသော နိုင်ငံဖြစ်နေပါတယ်။ ကမ္ဘာတဝှမ်းက ကုန်ကြမ်းတွေကို တင်သွင်းပြီး ကမ္ဘာတဝမ်းကို ကုန်ချောတွေ ပြန်တင်ပို့နေတဲ့ ဂျပန်ဟာ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ဧရာမစက်ရုံကြီးနဲ့တောင် တူနေပါသေးတယ်။ နောက်ထပ် ဥပမာကတော့ ကိုကိုးပင် စိုက်ပျိုးခြင်း မရှိပေမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံး ချောကလက်တွေ ထုတ်လုပ်နေတဲ့ ဆွစ်ဇာလန်နိုင်ငံပါ။ သူတို့ရဲ့ မြေပိုင်နက် ကျဉ်းကျဉ်းလေးထဲမှာ တိရိစ္ဆာန်မွေးမြူရေး လုပ်ပါတယ်။ ဒါတင်မကဘဲ ကမ္ဘာပေါ်မှာ အကောင်းဆုံးသော နို့နဲ့နို့ထွက်ပစ္စည်းလည်း ထုတ်လုပ်ပါသေးတယ်။ ဒါ့အပြင် နိုင်ငံသေးသေးလေး ဖြစ်တဲ့ ဆွစ်ဇာလန်ဟာ လုံခြုံမှုရှိခြင်း၊ စည်းစနစ်ကျခြင်း၊ အားထုတ်လုပ်ကိုင်တတ်ခြင်း ပုံရိပ်တွေကို ဖော်ဆောင်နိုင်မှုကြောင့် ကမ္ဘာမှာ အခိုင်မာဆုံးနဲ့ စိတ်အချရဆုံး အာမခံသေတ္တာကြီးသဖွယ် (သူ့ရဲ့ နာမည်ရ ဘဏ်တွေကို ဆိုလိုဟန်ရှိပါတယ်) ဖြစ်နေတာပါပဲ။
ချမ်းသာတဲ့နိုင်ငံတွေက စီမံခန့်ခွဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အရာရှိများဟာ ဆင်းရဲတဲ့နိုင်ငံများက သက်ဆိုင်ရာ အဆင့်တူသူများနဲ့ ကူးလူးဆက်သွယ်မှုလုပ်တဲ့ နေရာမှာ ဥာဏ်ရည်ဥာဏ်သွေး ကွာခြားမှု သိပ်မရှိကြတာ တွေ့ရပါတယ်။ ဒီလိုပဲ လူမျိုးတွေ၊ အသားအရောင်တွေဟာလည်း အရေးမကြီးပါဘူး။ မိခင်နိုင်ငံမှာတုန်းက “လူပျင်းတွေ” (ပျင်းတဲ့လူမျိုး) ရယ်လို့ တံဆိပ်ကပ် သတ်မှတ်ခံထားရတဲ့လူတွေဟာ ချမ်းသာကြွယ်ဝတဲ့ အနောက်နိုင်ငံတွေကို ပြောင်းရွှေ့နေထိုင်လာတဲ့ အခါမှာတော့ အင်မတန် အလုပ်လုပ်နိုင်တဲ့သူတွေ ဖြစ်လာကြတာ တွေ့ရလို့ပါ။
ဒါဆို ကွာခြားချက်က ဘာများပါလဲ?
ကွာခြားချက်ကတော့ နှစ်ကာလတွေ တလျှောက်မှာ ဘောင်တစ်ခုလို ဖြစ်နေခဲ့တဲ့ ဓလေ့ထုံးစံ နဲ့ ပညာသင်ကြားပုံ တွေကနေ ဖြစ်ပေါ်လာတဲ့ လူတွေရဲ့ စိတ်နေသဘောထားပါပဲ။
ချမ်းသာတိုးတက်နေတဲ့ နိုင်ငံကလူတွေရဲ့ အပြုအမူတွေကို လေ့လာကြည့်တဲ့အခါ လူအများစုဟာ အောက်ပါ ကိုယ်ကျင့်တရားတွေကို လိုက်နာကြတယ်ဆိုတာ တွေ့ရပါတယ်။
:: လူ့ကျင့်ဝတ်နီတိ (အခြေခံ ကိုယ်ကျင့်တရားအနေနဲ့ လိုက်နာပါတယ်)
:: သိက္ခာတည်ကြည်ခြင်း
:: တာဝန်သိတတ်/ယူတတ်ခြင်း
:: တရားဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ် လေးစားခြင်း
:: အခြားသော နိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားခြင်း
:: အလုပ်ကို ချစ်မြတ်နိုးခြင်း
:: ငွေကြေးစုဆောင်း ရင်းနှီးမြှပ်နှံဖို့ အားထုတ်ခြင်း
:: အားသွန်ခွန်စိုက် ကြိုးစားလိုစိတ်ရှိခြင်း
:: အချိန်တိကျခြင်း
ဆင်းရဲနေဆဲနိုင်ငံတွေမှာတော့ အထက်က ကိုယ်ကျင့်တရားတွေကို လူနည်းစုကသာ နေ့စဉ်ဘဝမှာ လိုက်နာကြတာကို တွေ့ရပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ ဆင်းရဲတာဟာ သဘာဝသယံဇာတ မရှိလို့လည်း မဟုတ်ပါဘူး။ သဘာဝဘေးအန္တရာယ်ကြောင့်လည်း မဟုတ်ပါဘူး။ အမှန်က စိတ်နေသဘောထားကြောင့်ပါ။ အပေါ်မှာ ပြောခဲ့တဲ့ ကိုယ်ကျင့်တရားတွေကို လိုက်နာလိုစိတ်၊ (မျိုးဆက်သစ်တွေကို) သင်ပေးလိုစိတ် မရှိလို့ပါ။
ရွှေပြည်သူ (ဘာသာပြန်ပါသည်)
အပေါ်ကစာကို ဖတ်အပြီးမှာ နေ့လည်က အစ်မတစ်ယောက်နဲ့ စကားလက်ဆုံကျခဲ့တာကို သတိရမိပါတယ်။ သူနဲ့ပြောဖြစ်တာကို အနှစ်ချုပ်လိုက်ရင်တော့ ကိုယ့်တိုင်းပြည်အကျိုး သယ်ပိုးဖို့ဆိုရင် ကိုယ့်ကိုယ်ကို အကောင်းဆုံးလူတစ်ယောက် ဖြစ်အောင် နေခြင်းဆိုတဲ့ သဲတပွင့်ကနေ စရမယ် ဆိုတာလေး တွေးမိသွားပါတယ်။ ဒီနေရာမှာ ကျွန်မက ပေါ်လီယာနာ လက်သစ် ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဘယ်အရာမဆို အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာကိုလည်း နားလည်မိပါရဲ့။ ဒါပေမယ့် ဘယ်နိုင်ငံမှာမဆို လူတိုင်းလူတိုင်း အပေါ်က အခြေခံ ကိုယ်ကျင့်တရားလေးတွေ တတ်နိုင်သမျှ ပျိုးထောင်သွားကြမယ်၊ မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းပေးကြမယ်ဆိုရင် ပိုကောင်းတဲ့ အနာဂတ်က မလွဲမသွေ ရောက်လာမယ်လို့တော့ ယုံကြည်နေမိတာပါပဲ... အားလုံး (အနည်းဆုံးတော့) တောက်ပကြည်စင်တဲ့ သဲပွင့်လေးတွေ ဖြစ်နိုင်ကြပါစေရှင်...


ကျေးဇူးပါ...ဒီပို့စ်အတွက်...ဒီလိုမျိုး စာတွေဖတ်ရတော့ ကိုယ်တို့ ဘာတွေလိုအပ်နေတယ်ဆိုတာ သိလာရတာပေါ့....အားပေးပါတယ်..နောင်လည်း ဒီလိုလေးတွေ မျှဝေပေးနိုင်ပါစေ.....
ReplyDeleteတန်ဖိုးရှိတဲ့ ပို့စ်လေး ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါမမ။
ReplyDeleteကောင်းသောနေ့ လေးဖြစ်ပါစေ။
win ◄ ဟုတ်ကဲ့ အားလုံး အတူတူ ပြုပြင်ရမယ့်အချက်တွေပါ win ရေ။ နောင်လည်း ထပ်မျှဝေပေးသွားဖို့ ကြိုးစားပါ့မယ်နော်။
ReplyDeleteညီမလေး Angelhlaing ◄ The pleasure was all mine ပါ။ ကောင်းသောနေ့လေး ဖြစ်ပါစေ ညီမလေးရေး)
ပေါ်လီယာနာလက်သစ်ကလေး သူသူရေ..း)
ReplyDeleteဘာသာပြန်ကောင်းလွန်းချက်..။ မူရင်းစာရေးသူရဲ့ လိုက်နာရမယ့်ကိုယ်ကျင့်တရားတွေကိုဖတ်ရတာ လောကနီတိထဲကများ ကောက်နှုတ်ထားသလားမှတ်ရတယ်..။ အသားအရောင်ကွဲပြားမှု၊ လူမျိုး၊ နိုင်ငံ ဆိုတာတွေဟာ အရေးမကြီးဘူးဆိုတာ သွေးထွက်အောင်မှန်တဲ့စကားနော်..။ မျိုးဆက်သစ်တွေအတွက်တန်ဖိုးရှိတဲ့ ဘာသာပြန်စာစုလေးအတွက်ကျေးဇူးအများကြီးတင်ပါတယ် သူသူ..။
ကိုယ်လည်းသဲတစ်ပွင့်ဖြစ်ချင်ပါတယ်..း)
မမပန်းချီ ◄ ကိုယ့်ကိုယ်ကို ပေါ်လီယာနာ လက်သစ်လို့ပြောတာ လိုတာထက်ပိုပြီး အကောင်းမြင်လွန်းတယ်လို့ လူတွေထင်ကြမှာ တွေးမိလို့ပါး)) ဟုတ်တယ် မ... မူရင်းရေးသူ ရေးသွားတာ အရမ်းကို ကောင်းပါတယ်။ မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင် မမပန်းချီလည်း သဲတစ်ပွင့် သေချာပေါက် ဖြစ်မှာပါး)
ReplyDeleteတစ်ခုလည်း ရှိသေးတယ်... ကိုယ် လုပ်နေတဲ့ အလုပ်က ဘယ်လောက်ပဲ ပင်ပန်းကြီးစွာ ကြိုးစား ကြိုးစား ဘာမှ အကျိုးအမြတ် ရှိမလာတာတွေကို သိနေတဲ့ အခါမှာလည်း စိတ်ဓါတ်တွေ ပျက်စီးသွားတတ်ပါသေးတယ်။
ReplyDeleteအစ်မ သိင်္ဂါကျော် ◄ အဲဒါလည်း သိပ်မှန်ပါတယ် အစ်မသိင်္ဂါကျော်... တခါတခါမှာ တော်ရုံတန်ရုံ စိတ်ဓာတ်ကြံ့ခိုင်ဖို့မလွယ်တဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။
ReplyDeleteမူရင်း ရေးသားသူက သူ့အမိမြေ ဖိလစ်ပိုင်နိုင်ငံအကြောင်းရေးတယ်ဆိုပေမဲ့လို့ နိုင်ငံတိုင်းအတွက် မှတ်ထားသင့်စရာလေးတွေပါဘဲ
ReplyDeleteပြီးတော့ သယံဇာတတွေ ပေါများပါရက်နဲ့ ဆင်းရဲတွင်းနက်နေတဲ့ ကိုယ်တွေရဲ့နိုင်ငံနဲ့ဆို ပိုပြီးသက်ဆိုင်နေသလိုပါဘဲ။
ရှိတဲ့သယံဇာတတွေ၊ အရင်းအမြစ်တွေဟာ လူတစ်စုအတွက်သာ ဖြစ်နေမယ်ဆိုရင်တော့....
ကိုယ်တိုင်လည်း သဲတစ်ပွင့်ဖြစ်နိုင်ဖို့ ကြိုးစားပါဦးမယ်
ချော(အစိမ်းရောင်လွင်ပြင်)
ချော(အစိမ်းရောင်လွင်ပြင်) ◄ ဟုတ်တယ် သယံဇာတတွေ ကုန်ပြီလားလို့ တွေးမိတိုင်း ကျသွားတတ်တဲ့ စိတ်ဓာတ်ကို ဒီစာလေးက ပြန်ဆွဲတင်ပေးလို့ သိပ်သဘောကျမိတာပါ။ အကောင်းမြင်လွန်းတယ် ပြောပြော အားလုံးပြုပြင်ကြမယ်ဆိုရင် ပိုကောင်းလာမယ်လို့ မျှော်လင့်နေမိတုန်းပါပဲ။
ReplyDeleteငယ်ငယ်တုန်းကဆိုဘူးတဲ့သီချင်းလေးသတိရမိတယ်။
ReplyDelete“မိမိကိုယ်ကိုကောင်းအောင်ကျိုးစားမည်။
မိမိအတန်းကို...မိမိကျောင်းကို.....မိမိတိုင်းပြည်အတွက်...”
အခုအဲလိုသီိချင်းတွေဆိုသေးလားမသိဘူးနော်။
ကျွန်မတို့အတွက်ကတော့ ပြင်ဆင်စရာ နည်းယူစရာ တွေအများကြီးပဲ။
နိဂုံးချုပ်ရရင်ဒီပို့စ်လေးထဲကအတိုင်း ကိုယ်ကျင့်တရားနဲ့ စိတ်ဓါတ်ပါ။
ဒီပို့စ်နဲ့ အတူ ကော်မန့်တွေကို ဖတ်ရတာ အားရှိတယ်။
အစ်မကောင်းမွန်ဝင်း ◄ ဟုတ်တယ်နော် အစ်မ။ အဲဒီ ငယ်ငယ်တုန်းက ဆိုခဲ့တဲ့သီချင်းလေးက သိပ်အဓိပ္ပါယ်ရှိတာ အသက်ကြီးမှ ပိုပို နားလည်လာရတယ်။ ညီမလည်း အတူတူပဲ... ကိုယ်ကျင့်တရားတွေ ပြုပြင်နိုင်သေးသ၍ မျှော်လင့်ချက်ရောင်ခြည်ရှိတယ်ဆိုတော့ အားတက်မိပါတယ်...
ReplyDeleteညီမ ရွှေပြည်သူ ရဲ့ ပို့ စ်လေး ကိုဖတ်ယင်း ကိုယ့်ဗမာပြည် အကြောင်းပြန်တွေးမိတယ်။
ReplyDeleteခေါင်ကနေ မိုးမလုံတော့ နပန်း က ပိုယိုနေတော့တာပေါ့။
ကိုယ်ကျင့်တရားတွေကို ရည်ရွယ်ချက်ရှိရှိ နဲ့ အနှစ် ၆၀ လောက်ဖျက်ဆီးပစ်ခဲ့ ပြီ ဆိုတော့ လေ နောက်နှစ်ပေါင်း ၁၂၀ ပြန်ပြင်ယူကြရလိမ့်မယ်။
ညီမရဲ့  စေတနာ ကိုလည်းလေးစားမိပါရဲ့  ကြိုးစားကြည့်ပေါ့ညီမရေ
အစ်ကို မောင်မောင် ◄ သေချာဖတ်ပေးသွားလို့ ကျေးဇူးပါ အစ်ကိုရေ။ ဒီပို့စ်မှာ ညီမဆိုလိုချင်တာက တစ်ခုထဲပါ။ ပန်းခြံထဲမှာ ပန်းပင်တစ်ပင် စိုက်လိုက်ရင် ပန်းခြံတစ်ခုလုံး လှမသွားနိုင်ပေမယ့် တစ်ယောက်တစ်ပင် စိုက်လိုက်ရင်တော့ ပန်းခြံအပြည့် ပန်းပင်တွေ ဖြစ်လာမှာပါပဲ။ တလောကလုံးမှာ အလှဆုံး ပန်းခြံဖြစ်ချင်မှ ဖြစ်လာမှာပေမယ့် ပန်းပင်နည်းခဲ့တဲ့ အရင်ပန်းခြံဘဝထက်တော့ အများကြီးပိုလှလာမှာပါပဲ။ ဒီနေရာမှာ ပန်းတစ်ပင်စိုက်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် စည်းကမ်းရှိတဲ့ ရိုးသားကြိုးစားတဲ့ ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်းဖြစ်အောင် ကြိုးစားဖို့လေးကို တင်စားချင်ပြောချင်တာ သက်သက်ပါပဲ။
ReplyDeleteဥရောပမှာ မူကြိုအရွယ်ကစလို့ ကိုယ်ကျင့်တရားကို လေးစားလိုက်နာတတ် အောင် ဆရာ ၊ ဆရာမနဲ့မိဘတွေက သေချာလေ့ကျင့် သင်ကြားပေးနေကြတယ်။ ဒီက ခလေးတွေကအစ အံ့သြစရာကောင်း လောက်အောင် စိတ်ထားတွေ မြင့်မြတ်ကောင်းမွန်ကြတယ်။ ဒီလိုပညာရေးစနစ်မျိုးကို မြန်မာနိုင်ငံမှာအခြေခံကစလို့ပြောင်းလဲပစ် ရမယ်။ အဲဒီလိုပြောင်းလဲဖို့အခွင့်အရေးရတဲ့အခါ သဲတစ်ပွင့်အဖြစ်ပါဝင်ပါ့မယ် ။ ကျန်တဲ့ အချက်တွေ အားလုံးကို လိုက်နာပြီး နေထိုင်ခဲ့ပေမယ့် ငွေကြေးစုဆောင်းဖို့ခက်တယ် ။ မြန်မာပြည်က အဆင်မပြေတဲ့ သူငယ်ချင်းတွေ ဆွေမျိုးတွေကို give away လုပ်ပစ်တာများတယ်။ သဲတစ်ပွင့်ဖြစ်ဖို့ အားအင်တွေဖြစ်စေတဲ့ ဘာသာပြန်လေးဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် စာရေးသူ။
ReplyDeleteအဝေးတစ်နေရာက Anonymous
အဝေးတနေရာက Anonymous ◄ ငွေကြေးစုဆောင်းမယ့်အစား “မြန်မာပြည်က အဆင်မပြေတဲ့ သူငယ်ချင်းတွေ ဆွေမျိုးတွေကို Give Away လုပ်ပစ်တာ” ဟာ လက်ရှိမှာ အလုပ်သင့်ဆုံး အလုပ်ပါ။ အဲဒီအတွက် သာဓုလည်း ခေါ်မိပါတယ်။ ဖတ်ပြီးတဲ့နောက် စိတ်ထဲမှာ အားရှိစေတဲ့ ကောမန့်အတွက်လည်း လေးလေးစားစား ကျေးဇူးတင်ပါတယ်။
ReplyDeleteကျနော်နဲ့အတွေးတူပါတယ်။ ကိုယ်တိုင်က စလုပ်တာ အသင့်တော်ဆုံးပဲလို့ အမြဲတွေးဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်စလုပ်သလို လူတိုင်း လူတိုင်းလည်း ကိုယ်တိုင် စလုပ်ချင်စိတ်ရှိလာအောင် လှုံ့ဆော်ပေးမယ့် ယုံကြည်ကိုးစားရတဲ့ လူထုခေါင်းဆောင်ကောင်းလည်း လိုအပ်မယ်ထင်ပါတယ်။
ReplyDeleteကိုမြစ်ကျိုးအင်း ◄ အတွေးတူတဲ့သူတွေရှိလို့ ဝမ်းသာမိပါတယ်။
ReplyDeleteကျနော် ကျောင်းတခုအတွက် ထောက်ခံစာလိုချင်လို့ ဒီမှာ (US မှာ) မွေးတဲ့ အသိ မိန်းကလေး တယောက်ကို ထောက်ခံခိုင်းတာ သူက မထောက်ခံဘူးဗျ။ သူက ဒီလိုပြောတယ်..။ "ကျမ ရှင့်ကို ခင်ပါတယ်တဲ့။ but I don't know you fully, so I can't recommend you." တဲ့။ ကောင်းရော့။ သူတို့ အဲဒီလိုတော့ ရိုးသားကြတယ်။
ReplyDeleteAnonymous ◄ ကောမန့်က ပို့စ်နဲ့ ဘယ်လိုသက်ဆိုင်လည်း ဆိုတာ ဆက်စပ်လို့ မရပေမယ့် “အဲဒီမိန်းကလေး သိပ်မှန်တယ်”လို့တော့ ပြောချင်ပါတယ်။
ReplyDeleteညီမရေ... အိမ်ပြန်ရောက်မှ ဒီပို့စ်ကို သေသေချာချာ ဖတ်လိုက်တာ။ ဟုတ်တယ်... ညီမရေ... သူပြောသွားတဲ့ အချက်တွေကို အပြည့်အ၀ ထောက်ခံတယ်။ ဖတ်နေရင်းနဲ့ မျက်စိထဲမှာ ကိုယ့်တိုင်းပြည်ကိုပဲ မြင်ယောင်နေမိတယ်။
ReplyDeleteမဇွန်လည်း သဲတစ်ပွင့်အနေနဲ့ ကိုယ်တတ်နိုင်သလောက် ကြိုးစားနေတယ်။ မြန်မာပြည်အတွက် လစဉ်အလှူငွေလေးတွေ ထည့်တယ်။ နာဂစ်ကြောင့် ပညာဆက်သင်ဖို့ အခက်အခဲဖြစ်သွားတဲ့ ကလေးနှစ်ယောက်ကို ကျောင်းထောက်ပံ့ပေးတယ်။ ဒီမှာတော့ ကလေးတွေကို မြန်မာစာ သင်ပေးတယ်။ ကိုယ်တစ်ယောက်တည်းနဲ့ မဖြစ်နိုင်ပါဘူး၊ မလုပ်နိုင်ပါဘူးဆိုရင် ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်နိုင်တာလေးတွေ အရင်စလုပ်ထားတယ်။ တစ်ချိန်ချိန်မှာ ကိုယ့်တိုင်းပြည်ရဲ့ လိုအပ်ချက်အတွက် သဲတစ်ပွင့်နေရာကနေ ပါဝင်နိုင်အောင် အတတ်နိုင်ဆုံး ပြင်ဆင်ထားဖို့ လိုတယ်လေ။
တန်ဖိုးရှိတဲ့ ပို့စ်ကောင်းအတွက် ကျေးဇူးပါ ညီမရေ။း)
အစ်မဇွန် (ဇွန်မိုးစက်) ◄ ဟုတ်တယ် အစ်မရေ... မူရင်းရေးသူ ရေးပြသွားတာလေးက သိပ်ကောင်းလို့ ပြန်မျှဝေဖြစ်သွားတာပါ။ အစ်မဇွန်ပြုနေတဲ့ ကောင်းမှုတွေအတွက်လည်း သာဓုခေါ်ပါတယ်။
ReplyDeleteResponsibility.
ReplyDeleteRespect to the laws & rules.
Will of super action.
I've fully applied above two items at all times.
BINO