နှလုံးသွေးဖြင့် စတေးသော
ရေကန်ကျယ်လွင့်လွင့်ကို ဖြတ်တိုက်လာတဲ့ လေနုအေးကလေးက ဟိုးတုန်ကလိုပဲ… လတ်ဆတ်ဆဲ… ရေကန်က လက်ဆောင်ပေးလိုက်တဲ့ ရနံ့တစ်ခုနဲ့ စွတ်စိုနူးညံ့ဆဲ…
ဒီနေရာကို မြတ် မရောက်ဖြစ်တာကြာခဲ့ပြီ… မြတ်“တို့” မရောက်ဖြစ်ခဲ့တာ ကြာပြီလို့ ပြောရင် ပိုမှန်ပါလိမ့်မည်... တချိန်တုန်းကတော့ ဒီနေရာလေးက ကိုမင်းသော်နဲ့မြတ်တို့ ဘဝရှေ့ရေးတွေ တိုင်ပင်ရာ၊ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး အိပ်မက်လှလှတွေ မက်ခဲ့ရာ အမှတ်ရတ နေရာလေးပေါ့… အင်းလေ အခုလည်း ဘဝရှေ့ရေးတိုင်ပင်ဖို့ပဲ ဒီနေရာကို ရောက်ဖြစ်ခဲ့ကြ ပြန်တာပါပဲ… ဒါပေမယ့် လေတိုးလို့ မျက်နှာပေါ် တဝက်တပျက် ကျလာတဲ့ မြတ်ဆံနွယ်တွေကို တချိန်ကလို ကိုမင်းသော် တယုတယ သပ်တင်မပေးတော့။ မြတ်ကလည်း သူ့လက်မောင်းကို အားကိုးတကြီး ဆုပ်ကိုင်မထားမိတော့။ သူတို့နှစ်ယောက် ကုလားထိုင်ကိုယ်စီမှာ ခပ်တောင့်တောင့် ထိုင်ရင်းသာ တစ်ယောက်ကို တစ်ယောက် ဗလာမျက်လုံးတွေနဲ့ စေ့စေ့ကြည့်လို့…
“အိမ်မှာ မပြောဘဲ ဒီမှာ ဘာလို့ချိန်းရတာလဲ မြတ်ရဲ့…”
ပါးစပ်ကပြောနေပေမယ့် သူ့မျက်လုံးတွေက ဖုန်းဆီကမခွာ…
“သားလေးကြားမှာ စိုးလို့ပါ… ကိုမင်း”
သူ ဆတ်ကနဲဖြစ်သွားပြီး မော့ကြည့်သည်။
“ဘာ… ဘာတွေများ အရေးကြီးလို့လည်း…” မြတ် သူ့ဖုန်းရှိရာ ဝေ့ကနဲကြည့်ပြီး…
“ကိုမင်း ဖုန်းထဲမှာ ဓာတ်ပုံတွေသိမ်းထားတဲ့ ကောင်မလေးနဲ့ ကိုမင်းကိစ္စကို မြတ်သိနေတယ်…”
သူ့လက်ထဲက ဖုန်းပြုတ်ကျမတတ် ဖြစ်သွားသည်။ ဒါပေမယ့် သူအချိန်မှီ ဖမ်းလိုက်သည်။ ပြီးတော့ တယုတယ ပြန်ဆုပ်ကိုင်ထားလိုက်သည်။
“မြတ်… ကိုယ်… ကိုယ်…”
စကားပြောကောင်းလွန်းတယ်လို့ နာမည်ကြီးတဲ့ ကိုမင်းသော်တစ်ယောက် စကားလုံးတွေ ပျောက်ဆုံးကုန်တာ မြတ်ပထမဆုံးအကြိမ် မြင်လိုက်ရသည်။ သူ တစ်စုံတစ်ခု ပြောနိုင်လာသည်အထိ မြတ်စိတ်ရှည်လက်ရှည် စောင့်ပါသည်။
“မြတ်… ဘယ်လိုလုပ်သိတာလဲဟင်…”
“အဲဒါ အရေးကြီးသေးလို့လား ကိုမင်း… မြတ် သိတာ ၆ လလောက်ရှိပါပြီ…။ ကိုမင်း အရိပ်အကဲကို နှစ်ပေါင်းများစွာ မှန်လိုရှုလာတာပဲလေ။ ကိုမင်း ခြေလှမ်းပျက်တော့လဲ မြတ်အတွက် ချက်ချင်းသိဖို့က သိပ်မခက်ခဲ့ပါဘူး။ ဖုန်းထဲက ဓာတ်ပုံတွေကတော့ ဟိုတရက် အိမ်က လိုင်းဖုန်းပျက်နေလို့ မေမေရင့်ဆီ အရေးတကြီးဆက်စရာရှိတာနဲ့ ခဏယူသုံးရင်း တွေ့တာ… အဲဒီကျမှ မြင်ဖူးတယ်လေ…”
ကိုမင်းသော် မျက်နှာက ဆိုးဆိုးဝါးဝါးကို ပျက်ယွင်းနေခဲ့ပြီ။ ၆ လလုံးလုံး မျက်နှာတချက်မပျက် ဝတ္တရားတချက်မပျက်ဘဲ ရေငုံနှုတ်ပိတ် ရှိနေနိုင်ခဲ့သလို ခုလည်း တည်တည်ငြိမ်ငြိမ် ရှိလွန်းလှတဲ့ မြတ်ကို အံ့သြနေပုံရသည်။
“ဒါ… ဒါဆို အခုမှ မြတ်က ဘာလို့ပြောတာလဲ…”
“အမှန်အတိုင်းပြောရရင် ဒီလောက် အလေးအနက် ဖြစ်လာလိမ့်မယ်လည်း မထင်မိတော့ မြတ်ဒီစကားကို ပြောထွက်ဖို့ ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် ကြိုးစားနေခဲ့တာကနေ ကြာသွားခဲ့တာ။ မြ သွေးပူနေတုန်း ပြောမိရင် စကားတွေများ စကားတွေမှားနဲ့ အိမ်ထောင်အလွယ်တကူ ပြိုကွဲမှာစိုးတယ်လေ။ အခုတော့ ကိုမင်းက တော်တော်လေး စွဲလမ်းနေပုံရလာတော့ မြတ် မပြောဘဲနေလို့ မဖြစ်တော့ဘူး ထင်လို့ပါ…”
“ကိုယ်… သူ့ကို သနားတာပါ။ အဲဒီကနေ သံယောဇဉ် ဖြစ်…” သူပြောရင်း မြတ်မျက်နှာကို ခိုးကြည့်သည်။ ရက်စက်လှချည်ရဲ့လို့ ထပ်ပြောဖို့တောင် မြတ်မှာ အင်အားမရှိတော့။ ပြောစရာ ရှိတာသာ အားတင်းပြီး ဆက်ပြောရသည်။
“ကိုမင်း အိမ်ထောင်၂ခုကို တပြိုင်ထဲ လိုချင်လို့တော့ မရဘူးလို့ ပြောရင် မြတ်အများကြီး တောင်းဆိုရာ မရောက်ဘူးလို့ ထင်တာပဲ။ အဓိကက… သား အတွက်ပါ…။ မြတ်မေတ္တာတွေ သားတစ်ယောက်ထဲကိုပဲ ပုံအောပေးချင်လို့ နောက်ထပ်သားသမီး မယူဘဲနေခဲ့တာ။ မြတ် အတ္တကြီးတယ်ပဲ ဆိုဆို သားဘဝမှာ အဖေရဲ့မေတ္တာကို မျှပေးရမယ့် တစိမ်းအမျိုးသမီးတစ်ယောက်ရဲ့ သွေးတွေ ရှိမလာစေချင်ဘူး…။ အားလုံးက သားအတွက်ပဲ ဖြစ်စေရမယ်။”
ကိုမင်းသော် အသက်မရှုဘဲ မြတ်ကို စိုက်ကြည့်နေသည်။
“အဲဒီတော့ မြတ် တစ်ခုပဲ တောင်းဆိုချင်တာက ကိုမင်း အဲဒီကောင်မလေးနဲ့ အိမ်ထောင်တစ်ခု ထပ်ထူထောင် ဖြစ်ခဲ့ရင်တောင် သားသမီးလုံးဝမယူဘူးဆိုတဲ့ ကတိပါပဲ…”
ကိုမင်းသော် ကျောက်ရုပ်တရုပ်လို ဖြစ်သွားသည်။ နောက်မှ တဖြည်းဖြည်း လှုပ်ရှားလာပြီး…
“မြတ်… ကိုယ့်ကို ကွာရှင်းဖို့ပြောမယ် ထင်နေတာ”
လက်ထပ်တဲ့ နေ့ကတည်းက “နောက်တစ်ယောက်များ ပေါ်လာရင် ချက်ချင်းကွာရှင်းမှာနော်” လို့ ပြတ်ပြတ်သားသား ပြောခဲ့ဖူးတဲ့မြတ် ဘယ်လောက်စိတ်ကြီးကြောင်း သူကောင်းကောင်း သိသည်လေ။
“ဟင့်အင်း… သားလေးမွေးကထဲက မြတ်ဘက်ကစပြီး အိမ်ထောင်ပြိုကွဲမယ့် ကိစ္စတွေ စကားတွေ လုံးဝမပြောဘူး မလုပ်ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ။ မိမစုံ ဖမစုံ ကြီးပြင်းရတဲ့ ကလေးတစ်ယောက်ရဲ့ ဒုက္ခကို ကိုမင်း တခါမှ စဉ်းစားမကြည့်မိဖူးဘူး မဟုတ်လားဟင်…။ မြတ်ကတော့ သားလေး မွေးကထဲက အကုန်လေ့လာတယ်။ စဉ်းစားထားတယ်”
“ကိုယ်လည်း သားကို မချစ်ဘဲ နေပါ့မလားကွာ…”
“ကိုမင်း သားကို သိပ်ချစ်တာ သိပါတယ်။ ဟိုကလေးမလေးနဲ့ ကိစ္စဖြစ်နေတဲ့ အချိန်မှာတောင် သားအတွက် အချိန်ပေးတာကို မလျှော့ခဲ့လို့ မြတ်က ကျေးဇူးတင်နေတာ။”
ခနဲ့ပြော ပြောတဲ့ စကားများလားဆိုပြီး မော့ကြည့်တော့ တည်ငြိမ်ကြည်လင်နေတဲ့ မြတ်မျက်နှာကြောင့် ကိုမင်းသော် သက်ပြင်းဖွဖွချသည်။
“ဒါပေမယ့် သားကို အကြောင်းပြပြီး ပြန်ချည်နှောင်ဖို့ ကြိုးစားတယ်လို့ မထင်စေချင်ဘူး… မြတ်အနေနဲ့ သားနဲ့ အနီးဆုံးမှာ ကိုမင်းရှိနေနိုင်သမျှ ရှိနေအောင် ဆွဲဆန့်ချင်တာမျိုးပါပဲ။ ကိုမင်း ဟိုကလေးမနဲ့ ဘဝသစ်စချင်လို့ အပြတ်ထားခဲ့မယ် ဆိုရင်လည်း အေးအေးဆေးဆေး လမ်းခွဲပေးမှာပါ။ မြတ်တို့ သားအမိကံပေါ့…”
ချစ်သူဘဝကထဲက သူ့လက်မောင်းကို ခိုတွဲပြီး ထာဝစဉ်အားကိုးခဲ့တဲ့ မြတ်နှုတ်ခမ်းက ဒီလိုစကားတွေ ကြားရတာ ကိုမင်းသော်အတွက် အိပ်မက်လိုလိုတောင် ဖြစ်နေသည်။
“ကိုယ် မြတ်တို့သားအမိနဲ့ ဘယ်လိုလုပ်ပြီး ခွဲနိုင်ပါ့မလဲကွာ…”
အဲဒီစကားနောက်မှာ “ဟိုကလေးမလေးနဲ့ ကင်းကင်းရှင်းရှင်း နေပါတော့မယ်”ဆိုတဲ့ စကားမျိုးကိုတော့ မြတ်အရူးတစ်ယောက်လို မျှော်လင့်မနေချင်တော့ပါ။
“နောက်တစ်ခုက ကိုမင်း… မြတ် ပြန်အလုပ်လုပ်တော့မယ်။ သားလေး ကိုယ်ဝန်ရကတည်း ကိုမင်း စိတ်တိုင်းကျ မြတ်အလုပ်ထွက်ပေးထားတာ။ အခု ပြန်လုပ်ဖို့ လိုပြီလေ…။ သားလေးလည်း ကျောင်းမှာပျော်ပြီး သူ့ဘာသာ သွားတတ်လာတတ် လုပ်တတ်ကိုင်တတ် ရှိနေပြီ”
“မဟုတ်ဘူးလေ… မြတ် အလုပ်မလုပ်တာ ကြာပြီဆိုတော့ အဆင်ပြေပါ့မလား…”
“မြတ် ပြင်ဆင်ပြီးပါပြိ။ မြတ်အလုပ်ဟောင်းက ဆရာကပဲ မြတ်ကို ပြန်ခေါ်တယ်။ အလုပ်အတွက် လိုအပ်တဲ့ စာမေးပွဲတစ်ခုတော့ ပြန်ဖြေဖို့ လိုတယ်ဆိုလို့ မြတ်ဖြေပြီးပြီ။ ပြီးခဲ့တဲ့ တပတ်က အောင်လည်း အောင်သွားပြီ။ ကိုမင်းကို ဒါတွေ ပြောမပြဘဲနေခဲ့တာ မဟုတ်ပါဘူး။ မြတ်ပြောဖို့ ကြိုးစားတိုင်း ကိုမင်းက အလုပ်ရှုပ်နေလို့…”
“အလုပ်ရှုပ်နေလို့” ဆိုတဲ့စကားအရောက်မှာ ကိုမင်းသော် အားတုံ့အားနာနဲ့ မြတ်မျက်လုံးတွေဆီကနေ အကြည့်ကို လွှဲလိုက်သည်။
“မဟုတ်ပါဘူး မြတ်ရယ်။ မြတ်ပင်ပန်းပါတယ်။ ကိုယ် မြတ်တို့နဲ့ ဘယ်တော့မှ မခွဲပါဘူး…။ နောက်သူ့ကိုလည်း ကိုယ် ဘယ်တော့မှ လက်ထပ်ယူမှာ မဟုတ်ပါဘူး”
“အဲလိုပြောတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုမင်း။ ဒါပေမယ့် မြတ်ပြင်ဆင်ပါရစေ။ သားပညာရေးအတွက် ကမောက်ကမ ဖြစ်သွားစေနိုင်တဲ့ Risk မျိုး မြတ် မယူနိုင်လို့ပါ။ ဟိုကလေးမလေးဟာ အင်မတန် ချစ်စရာ မြတ်နိုးစရာ ကောင်းနေလို့သာ မြတ်တို့ရှိနေရက်နဲ့ ကိုမင်း စိတ်ပြောင်းသွားခဲ့တာပဲ။ နောင်တချိန် စိတ်နောက်တမျိုးမပြောင်းနိုင်ဘူးလို့ ဘယ်သူကမှ အာမ မခံနိုင်ဘူးလေ…။ အဲဒီအခါကျရင် မြတ်မှာ ကိုယ့်ဘဝကိုယ် မောင်းနှင်နိုင်မယ့် အခြေအနေမျိုး ရှိနေချင်တယ်…”
သူ နည်းနည်း စိတ်တိုသွားပုံရသည်။
“မင်းကိုယ့်ကို မယုံဘူးပေါ့…” ဟိုးတုန်းကဆိုရင် သူပြောလိုက်တိုင်း မြတ် ပျာပျာသလဲချော့ရတဲ့ စကား။ အခုတော့ မြတ်က “ယုံရမယ် ဟုတ်လား” ဆိုတဲ့ အကြည့်နဲ့ တချက်အကြည့်မှာပဲ သူခေါင်းငိုက်စိုက် ကျသွားသည်။
“မြတ်ကိုတော့ အားနာမနေပါနဲ့တော့… မြတ် သိပ်မထက်မြက်ချင်သာ နေမယ် ကိုမင်းနဲ့ အိမ်ထောင်သက်တလျှောက်မှာ ကိုမင်းထင်နေခဲ့သလောက် မြတ်မညံ့ပါဘူး။ ကိုမင်းကို ချစ်လို့သာ အားကိုးနေခဲ့တာပါ။ မြတ်ဘာသာ အဆင်ပြေသွားပါလိမ့်မယ်။ တစ်ခုပါပဲ… ဘာပဲလုပ်လုပ် သား စိတ်ဒဏ်ရာ မရဖို့ ပျော်ရွှင်ဖို့ကိုပဲ ဦးစားပေး စဉ်းစားပေးပါလို့ မြတ်ထပ်ပြောချင်ပါတယ်…”
သူ တိတ်ဆိတ်သွားပြီး ခဏကြာမှ…
“မြတ်… ကိုယ့်ကို… ချစ်ရော… ချစ်သေးရဲ့လား…”
အိုး… လောဘကြီးလိုက်တဲ့ ကိုမင်း…။ မြတ်စိတ်ထဲမှာ မျက်ကနဲ ဖြစ်သွားသည်။ ဒီအချိန်မှာ မေးဖို့ ဘယ်လောက်များ မသင့်တော်တဲ့ မေးခွန်းလဲကွယ်။
“အဲဒီအကြောင်းကို မြတ်မစဉ်းစားမိတာ ကြာပြီ ကိုမင်း…။ ကဲ ပြန်ကြရအောင်ပါ… သားလေးလည်း မျှော်နေတော့မယ်”
မြတ် ပြောပြောဆိုဆို ထိုင်ရာကထ သူ့ကို ကျောခိုင်းပြီး ကားရှိရာဘက်ကို ဦးတည်လိုက်သည်။ အနောက်ဘက်က ထွက်လာတဲ့ သူ့အသံက တိုးညှင်းလှိုက်ခတ်နေသည်…
“မြတ်ကို ကိုယ်အဆုံးရှုံးမခံနိုင်ဘူး…” မြတ်လှည့်မကြည့်ဘဲ ငေးရီရီ ပြောမိသည်…
“စိတ်မပူပါနဲ့ ကိုမင်း… ကိုမင်းအပေါ်မှာ မြတ် အမြဲတမ်း ဝတ္တရားကျေနေမှာပါ။ ကြင်လည်း ကြင်နာမှာပါ။ မေတ္တာလည်း တကယ် ထားမှာပါ…။ ကိုမင်း မြတ်တို့နဲ့ အတူရှိနေဖို့ မြတ်ဘာမဆို လိုက်လျောဖို့ အဆင်သင့်ပါ… သားလေးအတွက်လေ…”
ပြောပြီးပြီးချင်း ခပ်သွက်သွက်လှမ်းလာတော့ ကိုမင်းသော် အနောက်မှာ မတ်တပ်ရပ်ရင်း ကျန်ခဲ့သည်။ လျှောက်လာရင်းကနေ တခုခုကို တွေးမိသလိုနဲ့ ခပ်အေးအေးပြုံးရင်း ဖြတ်ကနဲ နောက်လှည့်ပြောသည်…
“ကိုမင်းအပေါ် မြတ်ထားတဲ့ မေတ္တာက အမေတစ်ယောက်က သားသမီးကို ထားတဲ့ မေတ္တာမျိုးလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဖြစ်တယ်မဟုတ်လား ကိုမင်း…”
ပြောပြီးပြီးချင်း ချာကနဲလှည့်ပြီး ရှေ့ဆက်လှမ်းတော့ ကိုမင်းသော် အနောက်ကနေ မြတ်ကို တကြော်ကြော်ခေါ်ရင်း ပြေးလိုက်လာသည်။ မီလုမီခင်မှာပဲ မြတ်လက်မောင်းကို ဖွဖွလှမ်းဆုပ်သည်။ အဲဒီအချိန်မှာပဲ မျက်နှာပေါ် ဖြတ်တိုက်ပြန်တဲ့လေကြောင့် တဝက်တပျက် ဝဲကျလာတဲ့ ဆံနွယ်တွေကို မြတ် ကိုယ့်ဖာသာပဲ ခပ်တင်းတင်း သပ်တင် ဆွဲဖိလိုက်သည်။
ဘေးနားရောက်လာတဲ့ ကိုမင်းသော် မြတ်မျက်နှာကို စူးစမ်းသလို ကြည့်တော့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေကို တွေ့ရသည်။ မြတ်ကတော့ သူ့ကိုယ်သူ ပြုံးနေသည်ဟု ထင်နေလေသည်။
ရွှေပြည်သူ
(12:38 PM ~ 08-May-2011)
ရင်သွေးအတွက် နှလုံးသားတွေ၊ ခံစားချက်တွေ၊ ဘဝတွေ စတေးပေးခဲ့သော၊ စတေးထားရဆဲဖြစ်သော မိခင်များအားလုံးအတွက်… (အားလုံး ပျော်ရွှင်သော Mother’s Day ဖြစ်ပါစေရှင်)


ဒီတခါတော့ တစ်ရပြီ အမရေ...
ReplyDeleteလောဘကြီးတတ်တဲ့ ယောက်ျားတွေရဲ့ စိတ်နေစိတ်ထားလေးကို တွေ့လိုက်ရတယ်
ReplyDeleteလှေနံကို တစ်ဖက်ကလည်း နင်းချင်တယ် နောက်တစ်ဖက်ကလည်း မလွတ်ချင်ဘူး။
ဘယ်သူကမှတော့ လှေနံနှစ်ဖက်နင်းတာ ကြိုက်မယ် မထင်ဘူး။
မြတ်ရဲ့ စိတ်ထားလေးတော့ သဘောကျတယ်။ မိခင်တွေရဲ့ အတ္တကို မြင်နိုင်တယ်။ လေးစားမိပါတယ်
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေတာထက် ဘယ်အရာကမှ မလုံခြုံနိုင်ဘူး
မောင်ငယ်လေးတစ်ယောက် ◄ စာလာဖတ်တာ ကျေးဇူးပါ မောင်လေးရေ...း)
ReplyDeleteချော (အစိမ်းရောင်လွင်ပြင်) ◄ ဟုတ်တယ် ချောရေ... ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်ခင်လေးမှာပဲ အသိုက်ပျက်သွားရတဲ့ အမျိုးသမီးတွေအကြောင်းကို တွေးမိတိုင်း စိတ်မကောင်း ဖြစ်ရပါတယ်...
ညီမရေ... သားသမီးတွေအတွက် နှလုံးသားတွေ ဘဝတွေ ခံစားချက်တွေ စတေးနေကြရတဲ့ မြတ်လို အဖြစ်မျိုးတွေ အပြင်လောကမှာ သိပ်များနေတာ တွေ့ရတယ်
ReplyDeleteလက်တွေ့ဘဝကို ထင်ဟပ်စေတဲ့ ဝတ္ထုတိုလေး တပုဒ်... စာကားလုံးတွေ သေသပ် ကျစ်လစ်ပြီး ဖတ်လို့ သိပ်ကောင်းပါတယ်...
အစ်မသက်ဝေ ◄ ဖတ်ရှုခံစားပေးသွားတာ ကျေးဇူးတင်ပါတယ် အစ်မး)
ReplyDeleteမသူရေ.........အရမ်းသဘောကျတယ်.....အဲဒီလိုသတ္တိမျိုးကအမေတွေမှာပဲ
ReplyDeleteရှိနေတတ်တာတော့အံ့သြစရာနော်.......
ညီမလေး လွင်မ ◄ ဟုတ်တယ် ညီမလေးရေ... နောက်ပြီးတော့ လက်တွေ့ဘဝမှာ ဒီလိုအခြေအနေမျိုး တကယ်ကြုံနေရတဲ့ အမေတိုင်းကို ဒီလိုပြင်ဆင်မှုမျိုးတွေ အရည်အချင်းတွေ ရှိစေချင်တယ်...
ReplyDeleteစောစောစီးစီး ပြေးပြေးလွှားလွှားလေးလာဖတ်သွားတယ်..ချစ်သူရေ.း))
ReplyDeleteလက်တွေ့ဘဝတွေမှာ သားသမီး နဲ့ ကိုယ့်ပုဂ္ဂလိက ခံစားချက်တွေ၊ အခွင့်အရေးတွေနဲ့ လဲလှယ်ထားရတဲ့ အမေတွေ ရာခိုင်နှုန်းများနေပါပြီကွယ်..
ဝတ္ထုလေးကိုကြိုက်လိုက်တာ..း)
မမပန်းချီ ◄ စောစောစီးစီး ပြေးပြေးလွှားလွှားလာဖတ်ပြီး အလုပ်များနေတဲ့ကြားက ကောမန့်လေးပါ ချန်ထားခဲ့လို့ ကျေးဇူးပါ မမပန်းချီရေး)
ReplyDeleteချစ် သူ ;)
သဘောကျမိတယ်။ အမျိုးသမီးတိုင်း ထားသင့်တဲ့မာနတွေ ရှိစေချင်တယ်။ သားသမီးအတွက် ပထမအဖြစ် မြတ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်....:))
ReplyDeleteမမ ချစ်ကြည်အေး ◄ ဟုတ်တယ်နော် မမ။ “ထားသင့်တဲ့ မာန” လို့ သုံးလိုက်တာကို ကြိုက်မိတယ်း)
ReplyDeleteကြောက်တယ်။း(
ReplyDeleteနောင့်
နောင့် ◄ ဟုတ်တယ် ညီမလေး။ ကြောက်စရာ ;)
ReplyDeleteမှတ်သားလိုက်နာစရာ..ပို့စ်ကောင်းလေး အတွက်..ကျေးဇူးပါမမ..
ReplyDeleteညီမလေး Angelhlaing ◄ ခံစားပြီး ဖတ်ပေးသွားတာလည်း ကျေးဇူးပါ ညီမလေးရေး)
ReplyDeleteညီမရေ... အမသက်ဝေပြောသွားသလိုပဲ လက်တွေ့အပြင်လောကမှာ ကြုံတွေ့နေကြရတဲ့ အဖြစ်ပျက်လေးတစ်ခုထဲက မိခင်တစ်ယောက်ရဲ့ မေတ္တာကို အရေးအသား ညက်ညက်လေးနဲ့ ဖော်ပြသွားတဲ့ စာကောင်းလေးတစ်ပုဒ်ပါ။
ReplyDeleteတကယ်ပဲ သားသမီးမျက်နှာထောက်ထားလို့ ယောက်ျားနဲ့ ကွဲချင်ရက်နဲ့ မကွဲခဲ့တဲ့ အမေကို မဇွန်ကိုယ်တိုင် အပြင်မှာ မြင်ခဲ့ဖူးတယ်ကွယ်။
အစ်မဇွန် (ဇွန်မိုးစက်) ◄ ဟုတ်တယ်နော် အစ်မဇွန် မိခင်တွေ သားသမီးတွေအတွက် စတေးရတာတွေကတော့ အဆုံးအစမရှိပါပဲ...
ReplyDeleteတကယ်တော့ အခုနောက်ပိုင်း တော်တော် များများ အဲလိုဖြစ်လာကြတယ်။
ReplyDeleteမိသားစု ဘဝကို တန်ဖိုး မထားတတ်သူတွေ မှာပေါ့။ ခဏတာအပျော်အပါး ကနေ ဖြစ်ဖြစ်သွားကြတာပါ။ သားသမီးတွေ ကတော့ တကယ်ကို သနားစရာပါ။ အပျော် အပါးကို အပျော်အပါးမှန်းသိပြီး အိမ်မသယ်လာ ကြဖို့ ကောင်းတယ်...အဲလိုဖြစ်တဲ့ သူတွေ က ငယ်ငယ်က ဘဝ အဆင်မပြေ၊ မလွတ်မလပ် ကြီးပြင်းလာသူတွေ ပါ...
အစ်မရွှေပြည်သူရဲ့ ရေးဟန်လေး အတိုင်း ကျစ်လစ် သေသပ်ပြီး ထိမိတဲ့ ၀တ္ထုတိုကောင်း တစ်ပုဒ် ပါပဲ။ ဖတ်ပြီး ရင်ထဲမှာ တစ်ခုခု ကျန်ရစ်ခဲ့စေတယ်။ ဒီတစ်ခါတော့ နာမည်တွေ သေချာ ပါတော့ မမှားတော့ဘူး အစ်မရေ... ဟိဟိး))
ReplyDeleteငဝန်နဒီ ◄ ဟုတ်တယ်နော်... မိသားစုဘဝကို တန်ဖိုးထားတဲ့ စိတ်အခံလေးရှိရင် ဒီလိုတွေ တော်တော်လေး အဖြစ်နည်းသွားကြမှာပါ... ဒါပေမယ့်လည်း ပုထုဇဉ်ပီပီ မိုက်ဖို့ပဲအမြဲဦးတည်ဖြစ်နေတော့ ခက်တာပေါ့။ တချို့ကျတော့လဲ ကိုငဝန်နဒီပြောသလို ငယ်ဘဝက စိတ်ခံစားချက်တွေနဲ့လည်း အဆက်အစပ်ရှိမှာပါ။
ReplyDeleterose ◄ ညီမလေးရေ... သေချာဖတ်ပြီး ခံစားပေးသွားတာ ကျေးဇူးပါနော်း)
မိန်းမတစ်ယောက်ရဲ့မာန နဲ့ မိခင်တစ်ယောက်ရဲ့သတ္တိကို တွေ့လိုက်ရတယ် ။
ReplyDeleteကိုငဝန်နဒီ ◄ ဟုတ်တယ်နော်... မိသားစုဘဝကို တန်ဖိုးထားတဲ့ စိတ်အခံလေးရှိရင် ဒီလိုတွေ တော်တော်လေး အဖြစ်နည်းသွားကြမှာပါ... ဒါပေမယ့်လည်း ပုထုဇဉ်ပီပီ မိုက်ဖို့ပဲအမြဲဦးတည်ဖြစ်နေတော့ ခက်တာပေါ့။ တချို့ကျတော့လဲ ကိုငဝန်နဒီပြောသလို ငယ်ဘဝက စိတ်ခံစားချက်တွေနဲ့လည်း အဆက်အစပ်ရှိမှာပါ။
ReplyDeleteညီမလေး rose ရေးပေးသွားတဲ့ ကောမန့်လေးပျောက်သွားလို့ Email Notification ကနေကူးပြီး ပြန်တင်လိုက်ပါတယ်။
ReplyDeleterose - အစ်မရွှေပြည်သူရဲ့ ရေးဟန်လေး အတိုင်း ကျစ်လစ် သေသပ်ပြီး ထိမိတဲ့ ၀တ္ထုတိုကောင်း တစ်ပုဒ် ပါပဲ။ ဖတ်ပြီး ရင်ထဲမှာ တစ်ခုခု ကျန်ရစ်ခဲ့စေတယ်။ ဒီတစ်ခါတော့ နာမည်တွေ သေချာ ပါတော့ မမှားတော့ဘူး အစ်မရေ... ဟိဟိး))
rose ◄ ညီမလေးရေ... သေချာဖတ်ပြီး ခံစားပေးသွားတာ ကျေးဇူးပါနော်း)
အိမ်ထောင်သည်တွေဘဝမှာ ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်အပျက်မျိုးပါပဲ။
ReplyDeleteသားသမီးအပေါ်ထားတဲ့ မေတ္တာကို ရှေ့တန်းတင်လိုက်တော့ အရင်ကလို ဆူညံပေါက်ကွဲ တုန့်ပြန်တာတွေ မဖြစ်တော့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သားသမီး အတွက် အဓိက ထားလိုက်နိင်တာကို မြင်သာစေတဲ့ ဝတ္ထုလေးပါပဲ။
ကိုလင်းဒီပ ◄ ဒါတွေဟာ ရှိကို ရှိသင့်တဲ့ သတ္တိနဲ့ မာနတွေ မဟုတ်လားနော်...
ReplyDeleteကိုမြစ်ကျိုးအင်း ◄ သေချာဖတ်ရှုခံစားပေးသွားလို့ ကျေးဇူးတင်ပါတယ်။
ကိုယ်တိုင်ကြုံနေတဲ့အဖြစ်နဲ.ထပ်တူနီးပါးဖြစ်နေလို.ဘာလုပ်သင့်တယ်ဆိုတဲ့ Idea လေးရလိုက်တဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ် မိန်းကလေးတယောက်အတွက် ကိုယ်တိုင်လှော်ခတ်နိုင်တဲ့တက်တချောင်းရှိနေဖို.တကယ်လိုအပ်ပါတယ်
ReplyDeleteAnonymous ◄ ထပ်တူနီးပါးအဖြစ်နဲ့ ကြုံနေရတယ်ဆိုလို့ တကယ်ကို စိတ်မကောင်း ဖြစ်ရသလို... ဒီစာလေးက Idea လေးတစ်ခုခု ရစေခဲ့တယ်ဆိုလို့လည်း အရမ်းကို ဝမ်းသာရပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ စိတ်ကို ထိခိုက်စေတဲ့ အဖြစ်တွေက အမြန်ဆုံး ကင်းဝေးပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်နော်...
ReplyDelete