Wednesday, May 4, 2011

လက်ဆင့်ကမ်း ရောင်စဉ်

“We can't help everyone, but everyone can help someone.”
Dr. Loretta Scott

“ကျွန်မတို့တွေ လူတိုင်းကို မကူညီနိုင်ပါဘူး။ ဒါပေမယ့် လူတိုင်းက တစုံတယောက်ကိုတော့ ကူညီနိုင်ပါတယ်”
ဒေါက်တာ လော်ရက်တာ စကော့တ်

ကျွန်မ စင်္ကာပူကို ရောက်ခါစက တက်ရမယ့်ကျောင်းကို (နောက်တော့ ဆက်မတက်ဖြစ်ခဲ့ပါ) ပထမဆုံးအကြိမ် ရောက်တဲ့အခါ တနေရာနဲ့တနေရာ ဘတ်စ်ကားနဲ့ သွားရလောက်အောင် ကျယ်တဲ့ ကျောင်းဝန်းကြီးထဲမှာ ကျွန်မသွားရမယ့်နေရာကို မရောက်ဘဲ တဝဲလည်လည် ဖြစ်နေခဲ့ပါတယ်။ မြေပုံတွေကြည့်ပြီး ကြိုးစားပေမယ့် သွားချင်တဲ့နေရာကို မရောက်နိုင်ဘဲ အချိန်တွေသာ ပိုကုန်လာတဲ့အခါ “ပါးစပ်ပါ ရွာရောက်” ဆိုသလို အနားမှာ တွေ့တဲ့ ကျောင်းသားလေး တစ်ယောက်ကိုပဲ မေးရပါတော့တယ်။ ကုသိုလ်ကံကောင်းစွာနဲ့ပဲ မေးမိတဲ့လူက အင်မတန်ကူညီတတ်သူ တစ်ယောက် ဖြစ်နေခဲ့ပါတယ်။ (သူ့ဦးတည်ရာ ဟုတ်ပုံမရတဲ့) ကျွန်မသွားရမယ့် နေရာကို ကျောင်းပတ်ဘတ်စ်ကားစီးပြီး ရောက်တဲ့အထိ လိုက်ပြခဲ့ပါတယ်။

သွားရမယ့်နေရာရောက်တဲ့အခါ ကျွန်မက အရမ်းကျေးဇူးတင်ကြောင်း ပြောတော့ မထင်မှတ်ဘဲ သူပြန်ပြောခဲ့တဲ့စကားလေးက တကယ်ကို မှတ်သားစရာပါ…

လူတွေက တစ်ယောက်နဲ့တစ်ယောက် ကူညီဖို့လိုတာကြောင့် (ကျေးဇူးတင်တဲ့အနေနဲ့) ကျွန်တော်က ခင်ဗျားကို အခုကူညီသလို တခြားလူတွေကိုလည်း ဆက်ပြီးကူညီပေးလိုက်ပါ” တဲ့... (နှစ်တွေကြာခဲ့ပြီမို့လို့ မှတ်မိသလိုပဲ အဓိပ္ပါယ်ပေါ်အောင် ရေးလိုက်ပါတယ်)

ကျွန်မ ဒီလိုစကားမျိုးဆန်ဆန်ကို စာတွေထဲမှာ ဖတ်ဖူးပေမယ့် တကယ်တမ်း လက်တွေ့ကြားလိုက်ရတဲ့အခါ စိတ်ထဲ မှတ်မှတ်ထင်ထင် ဖြစ်သွားခဲ့ပါတယ်။ ဘယ်လောက်များလှလိုက်တဲ့ စိတ်ကူးလဲနော်။ သိမ်မွေ့ကြည်လင်တဲ့ ရောင်စဉ်တန်းတစ်ခုကို မှန်ချပ်ပေါင်းများစွာက တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းသွားသလိုမျိုးလို့ ကျွန်မတော့ မြင်မိပါတယ်။ ဒီနေရာမှာ “ကူညီမှု” ဆိုတာ ငွေတွေ သိန်းချီပေးကမ်းမှရယ် မဟုတ်ဘဲ အသေးအဖွဲလေးပဲ ဖြစ်ဖြစ် ကိုယ့်စွမ်းဆောင်မှုကြောင့် တဖက်သား အနည်းနဲ့အများ အဆင်ပြေသွားစေတဲ့ အရာအားလုံးကို ဆိုလိုတယ်လို့ ကျွန်မနားလည်မိပါတယ်။ ကျွန်မတို့ သတိမထားမိလို့သာ… တကယ်တော့ ပေးသူတွေဟာ ဘယ်တုန်းကမှ ပေးသူတွေသက်သက် မဟုတ်ကြပါဘူး။ စေတနာမှန်သူတိုင်း တန်ဖိုးမဖြတ်နိုင်တဲ့ “ပီတိ” ကို အမြဲတမ်း ပြန်ရစမြဲမို့လို့ပါ။

ကျွန်မတို့ မြန်မာလူမျိုးတွေအတွက် အချင်းချင်းရိုင်းပင်း ကူညီရမယ်ဆိုတဲ့ အသိက DNA ထဲမှာ မွေးရာပါ ပါခဲ့သလိုမျိုးဆိုတော့ အထူးပြောစရာ မလိုပေမယ့် တကယ်တမ်း ဘဝခရီးလမ်းတလျှောက်က တောင်အမြင့်ကြီးတွေကို လက်မအားနိုင်အောင် ကျားကုတ်ကျားခဲ ရုန်းကန်ကြိုးစား ကုတ်တွယ်တက်နေရတဲ့ အချိန်တွေမှာ သူများကို လက်ကမ်းပေးဖို့ မေ့သွားတတ်ကြတာပါပဲ။ လက်အားတဲ့အချိန်တွေမှာလည်း လက်ပမ်းကျနေတာကြောင့် လက်မလှမ်းမိတာတွေ ရှိမှာပါပဲ။ ဒီလိုအချိန်တွေမှာ ဒီစကားလေးကို သတိရဖို့ ကိုယ့်ကိုယ်ကို သတိပေးရင်း အားလုံးကိုလည်း ပြန်ဝေမျှလိုက်ပါတယ်။

မှတ်ချက်။ ။ နှစ်ပေါင်းများစွာ မေ့နေခဲ့တဲ့ ဒီစကားလေးကို ပြန်သတိရစေတဲ့ စာကြည့်တိုက်မှာ ကျွန်မကို ကူညီခဲ့သူ လူစိမ်းတစ်ယောက်ကိုလည်း အထူးကျေးဇူးတင်မိကြောင်း အမှတ်တရလေး ထည့်ရေးချင်ပါတယ်။

17 comments:

  1. ရင်ထဲထိသွားတယ်ဗျ.. မရွှေပြည်သူရေ..

    ကျေးဇူးပါ....

    ပေတူး

    ReplyDelete
  2. ပေတူး ◄ စာလာဖတ်ပေးတာလည်း ကျေးဇူးပါမောင်လေးရေ...

    ReplyDelete
  3. အမှန်တကယ် တော်တော် ကောင်းတဲ့ စကားလေး...ကျွန်တော် စင်ကာပူရောက် စက အခန်းက အွန်လိုင်းကနေ NTU ကျောင်းထဲ မှာ ငှားပြီးလာ တော့ လေဆိပ်မှာ ကြိုသူ မရှိ ကျောင်းကို တက္ကစီ နဲ့ သွား အခန်းသော့ ယူ ပြီး မြန်မာ နှစ်ယောက် နဲ့  တွေ့ တော့ လမ်းပြ ဖို့ တောင် အကူအညီ မပေးနိုင်ဘူး...

    ReplyDelete
  4. ကိုငဝန်နဒီ ◄ ရောက်ခါစမှာ ကမောက်ကမ နိုင်မှာကို ကိုယ်ချင်းစာမိပါတယ်... လမ်းမပြပေးခဲ့တဲ့ မြန်မာနှစ်ယောက်က လက်မအားကြဘူးလို့ပဲ ယူဆလိုက်ပါတော့မယ်။ မြန်မာအချင်းချင်း သေးသေးမွှားမွှားလေးတောင် ကူညီမပေးတာတွေ မြင်ရတိုင်း စိတ်မကောင်းဖြစ်မိတယ်...

    ReplyDelete
  5. အမှန်အတိုင်းပြောရရင်တော့ ကိုယ့်အတွက်အရေးတကြီးဖြစ်တဲ့ အချိန်တွေမှာ အကူအညီလိုတာတွေကိုတွေ့ဘူးပေမယ့် ဥပက္ခာပြုခဲ့တာတွေရှိဘူးတယ်။
    နောင်တမဟုတ်ပေမယ့် အဲလိုမျိုးတွေကို တတ်နိုင်သမျှလျော့သွားအောင် ကြိုးစားနေပါတယ်။
ိပို့စ်လေးကြောင့်လည်း သတိရှိရှိ ဖြစ်ရလို့ ကျေးဇူးပဲ ရွှေပြည်သူရေ။

    ReplyDelete
  6. အစ်မ ကောင်းမွန်ဝင်း ◄ ညီမမှာလည်း အဲဒီလို အချိန်တွေရှိခဲ့ဖူးတာပါပဲ အစ်မရေ... စိတ်ရှိပေမယ့် ကိုယ်က မလိုက်နိုင်တာတွေလည်း အခါခါပါပဲ။ ဒီလိုပဲ သတိထားပြီး ကြိုးစားကြရမှာပေါ့နော်...

    ReplyDelete
  7. အဲဒီ စကားလေး တကယ်ကြိုက်တယ်..

    ReplyDelete
  8. အစ်မ သိင်္ဂါကျော် ◄ ဟုတ်ကဲ့... ညီမလည်း ကြားကြားချင်းကို စိတ်ထဲစွဲသွားခဲ့တား)

    ReplyDelete
  9. တကယ်ကို လက်ဆင့်ကမ်းသင့်တဲ့ စကားလေးဖြစ်သလို လက်ဆင့်ကမ်းသင့်တဲ့ ကူညီမှုလေးတွေပါဘဲ
    လူတိုင်းကိုကူညီနိုင်အောင်ကြိုးစားပါဦးမယ်

    ReplyDelete
  10. တန်ဖိုးရှိတဲ့စကားလေးပါပဲ ။

    လမ်းနဲ့ပတ်သက်တာလေး ပြောချင်ပါသေးတယ် ။
    လမ်းလာမေးတဲ့ လူတိုင်းကိုလည်း ကူညီလေ့ရှိပါတယ် ။
    ဒါပေမယ့် လမ်းတွေ မှားမှားပြမိလွန်းလို့ ကူညီရာ မရောက်ဘဲ ချောတွန်းသလို ဖြစ်သွားတာ ခဏခဏပါပဲ ။ လမ်းမှာများတွေ့လို့ရှိရင် လမ်းမမေးမိပါစေနဲ့ :P

    ReplyDelete
  11. ချော (အစိမ်းရောင်လွင်ပြင်) ◄ ချောရေ အမှန်ပါပဲ... သိပြီးတဲ့နောက် မေ့မေ့သွားတတ်ကြတဲ့ အချက်လေးမို့ ကိုယ့်ဘာသာလည်း လက်ဆင့်ကမ်းနိုင်ဖို့ အမြဲသတိပေးနေရပါတယ်...

    ကိုလင်းဒီပ ◄ စေတနာသာ အဓိကပါ အစ်ကိုရဲ့... ညွှန်တဲ့လူက စေတနာနဲ့ ညွှန်ပေမယ့် မှားရောက်သွားတာက သူ့ကံပါပဲလေ... စကားမစပ် လမ်းလေးတချက် ညွှန်ပေးပါဦး (မှားတယ်ဆိုတာ မယုံလို့ လက်တွေ့ညွှန်ပြပါး))

    ReplyDelete
  12. တန်ဖိုးရှိလိုက်တဲ့ စကားလေး မှတ်သားသွားပါတယ်..သူသူ :) စိတ်ရှိတိုင်းလည်း ကူညီနိုင်အောင် ကြိုးစားနေဆဲပါပဲ..

    ချစ်တဲ့
    ပန်းချီ

    ReplyDelete
  13. မမပန်းချီ ◄ အတူတူပါပဲ။ ဒီမှာလဲ ကြိုးစား“ဆဲ”...း))

    ReplyDelete
  14. ကြီးတယ် သေးတယ် မဟုတ်ဘဲ ကူညီနိင်သလောက် ကူညီခြင်းတွေသာ ဆင့်ပွားသွားမယ်ဆိုရင် လူ့ဘောင်မှာ ပီတိလှိုင်းတွေ ပျံ့နှံ့နေမှာ အသေအချာပါပဲ။ လူအများညီတာကို စောင့်ဖို့ထက် ကိုယ်စီကိုယ်စီ စတင်လိုက်နိင်ဖို့ အရေးကြီးတယ် မဟုတ်လား။

    ReplyDelete
  15. ကိုမြစ်ကျိုးအင်း ◄ အမှန်ပါပဲ... ကိုယ်စီကိုယ်စီ နိုင်သလောက်နဲ့ စကြရမှာပါ ကိုမြစ်ကျိုးအင်းရေ...

    ReplyDelete
  16. "လူတွေက တယောက်နဲ့တယောက် ကူညီဖို့လိုတာကြောင့် (ကျေးဇူးတင် တဲ့အနေနဲ့) ကျွန်တော်က ခင်ဗျားကို အခုကူညီသလို တခြားလူတွေကို လည်း ဆက်ပြီးကူညီပေးလိုက်ပါ"
    တန်ဖိုးရှိလိုက်တဲ့ စကားလေး၊ပိုစ်လေးပဲ။ ကျနော်တို့ ကောင်းမှုကို လက်ဆင့်ကမ်း ဖြန့်ဝေဖို့လိုတယ်လို့ အသိရလိုက်မိပါတယ်။

    ReplyDelete
  17. Anonymous ◄ ဟုတ်ပါတယ်... လူတိုင်းမှာ အဲဒီလို အသိလေး ဝင်သွားရင် လောကကြီး နည်းနည်းလောက်တော့ ပိုလှလာမှာ။ ဒါပေမယ့် လူ့သဘာဝအရ ကျွန်မတို့ရဲ့ အချိန် တော်တော်များများမှာ လောဘ ဒေါသ မောဟတွေ အပြင်းအထန်ဖုံးနေတာက များတော့ အမြဲတမ်းစိတ်ထဲမှာ ထားဖို့ ခက်သလိုဖြစ်နေတာပါ။

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)