ဒဏ္ဍာရီထဲက သတို့သမီး (သို့) ကိတ်မစ်ဒယ်လ်တန်

Photo from: http://www.hindustantimes.com
မနက်ဖြန် (29-April-2011) မှာ တစ်ကမ္ဘာလုံးက ရပ်သပ်ရှုမောစောင့်ကြည့်ကြမယ့် ဒီဆယ်စုနှစ်ရဲ့ အကြီးကျယ်အခမ်းနားဆုံး မင်္ဂလာပွဲမှာ သတို့သမီးဖြစ်ခွင့်… မိခင်ဆီက ရုပ်ရည်ခန့်ညားမှုနဲ့ ကြင်နာတတ်မှုတွေကို အမွေရခဲ့တဲ့ နန်းညွှန့်နန်းလျာ တော်ဝင်မင်းသားတစ်ယောက်ရဲ့ ချစ်ခင်မြတ်နိုးမှုနဲ့ တန်ဖိုးထား ထိမ်းမြားလက်ထပ်ခြင်းတို့ကို ပိုင်ဆိုင်ခွင့်… အဲဒါတွေကို ကမ္ဘာတဝှမ်းက အမျိုးသမီးလေးပေါင်းများစွာ အိပ်မက်မက်ခဲ့ဖူးကြပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးလေးပေါင်းများစွာထဲက အိပ်မက်ကို လက်တွေ့မှာ တကယ် ပိုင်ဆိုင်ခွင့် ရခဲ့တဲ့သူကတော့ ကိတ်မစ်ဒယ်လ်တန် Kate Middleton ဆိုတဲ့ အင်္ဂလန်နိုင်ငံ ဘာ့က်ရှိုင်းယားနယ်က အရပ်သူမိန်းမချောလေး တစ်ယောက်ထဲပါပဲ…
နာမည်အပြည့်အစုံ ကက်သရင်း အယ်လစ်ဇဘသ် ကိတ် မစ်ဒယ်လ်တန် (Catherine Elizabeth "Kate" Middleton) လို့ ခေါ်တွင်တဲ့ ကိတ်ဟာ ဗြိတိန်လေကြောင်းလိုင်း (British Airways) မှာ လေယာဉ်မောင်မယ်တွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ မိဘနှစ်ပါးရဲ့ အကြီးဆုံးသမီး ဖြစ်ပါတယ်။ (ကောမန့်မှာ Anonymous ပြောပြပေးသွားတာကို ဖြည့်စွက်လိုက်ပါတယ် - "ကိတ်အမေ လေယာဉ်မယ်ဟောင်းက ပါတီပစ္စည်းတွေကို အင်တာနက်ကရောင်းတာ အရမ်းရောင်းကောင်းတော့ ကိတ်အဖေလည်း အလုပ်ထွက်ပြီး သူ့မိန်းမ စီးပွားရေးကို ကူညီလုပ်ဆောင်ပေးရင်း သန်းချီ ချမ်းသာလာကြတယ်။") ဘိုးစဉ်ဘောင်ဆက် သာမန်လူတန်းစားကနေ ဆင်းသက်လာတဲ့ ကိတ်ဟာ ဗြိတိန်နိုင်ငံထီးနန်းကို ဆက်ခံဖို့ ဒုတိယနေရာမှာ ရှိနေတဲ့ မင်းသားဝီလီယံ (Prince William) နဲ့ စကော့တလန်နိုင်ငံ စိန့်အင်ဒရူးတက္ကသိုလ် (University of St. Andrew) မှာ ပညာသင်ရင်း ရိုးရိုးစင်းစင်းပဲ စတွေ့ခဲ့ကြပါတယ်။ ကျောင်းမှာလုပ်တဲ့ ဖက်ရှင်ပြပွဲမှာ ကိတ်ကိုယ်ဟန်ပြနေုတုန်း ဝီလီယံက စတွေ့ပြီးသဘောကျခဲ့တယ်လို့ ဆိုကြပေမယ့် အဲဒီမတိုင်ခင်ကတည်းက Art History ကို အတူသင်ယူနေသူချင်းမို့ တစ်ယောက်နဲ့တစ်ယောက် သိနေခဲ့ပြီလို့ ဆိုပါတယ် (နောက်ပိုင်း ဝီလီယံက ပထဝီဝင် (Geography) ကိုအဓိကဘာသာရပ်အဖြစ် ပြောင်းလဲယူခဲ့ပါတယ်)။ ခင်မင်ပြီး တစ်နှစ်အကြာ ၂၀၀၂ စက်တင်ဘာမှာ တခြားသူငယ်ချင်းနှစ်ယောက်နဲ့အတူ အိမ်တလုံးထဲမှာ ပြောင်းပြီးငှားနေကြတဲ့ အချိန်အထိ သူတို့ဟာ သူငယ်ချင်းတွေပါပဲ။ ၂၀၀၃ ဒီဇင်ဘာမှာတော့ ကိတ်က လက်ရှိတွဲနေသူနဲ့ ပြတ်စဲခဲ့ပြီး ဝီလီယံနဲ့ စတွဲနေခဲ့ပြီလို့ ထင်ကြေးပေးခံလာရပါတယ်။
အဲဒီနောက် ဆွစ်ဇာလန်နိုင်ငံ မှာ ရေခဲစကိတ်အတူ စီးတာတွေ၊ ဝီလီယံသူငယ်ချင်းရဲ့ မင်္ဂလာပွဲကို အတူတွဲတက်တာတွေ ကြောင့် တရားဝင်မကြေညာသော်လည်း သူတို့နှစ်ယောက် သူငယ်ချင်းတွေသက်သက် မဟုတ်ကြတော့မှန်း လူတွေ ရိပ်မိလာကြပါတယ်။ အဲဒီလို အာရုံစူးစိုက်ခံလာရတဲ့ သူတို့ အချစ်ဇာတ်လမ်းဟာ အမြဲတမ်းတော့ မဖြောင့်ဖြူးခဲ့ပါဘူး။ ၂၀၀၇ ဧပြီလမှာတော့ သူတို့နှစ်ယောက် ပြတ်စဲလိုက်ပြီလို့ သတင်းမီဒီယာတွေကနေ အတိအလင်း ဖော်ပြခဲ့ပါတယ်။ ၂၀၀၇ ဂျွန်လမှာ ကျင်းပတဲ့ ဝီလီယံရဲ့ မိခင် ကွယ်လွန်သူ လေဒီဒိုင်ယာနာ (Diana) အတွက် ဝီလီယံနဲ့ ညီဖြစ်သူ ဟယ်ရီတို့ အမှတ်တရ လုပ်တဲ့ ဖျော်ဖြေပွဲမှာ ကိတ်ကိုပါ တွေ့ရပေမယ့် ဝီလီယံနဲ့ အတူမထိုင်ဘဲ ခုံတန်း၂တန်းခြားပြီး အနောက်မှာ ထိုင်နေတာကို တွေ့ကြရပါတယ်။ ဒါပေမယ့် မလိုလားသူတချို့ မျှော်လင့်ခဲ့သလို သူတို့အချစ်ဇာတ်လမ်းက အဲဒီမှာ တခန်းရပ်မသွားခဲ့ပါဘူး။ ၂၀၀၇ အောက်တိုဘာမှာ နှစ်ယောက်တွဲ ဓာတ်ပုံပြန်အရိုက်ခံခဲ့ပြီး ၂၀၀၈ ဧပြီမှာတော့ ကိတ်က (အခုချိန်မှာ Co-pilot အဖြစ် တာဝန်ထမ်းဆောင်နေတဲ့) ဝီလီယံရဲ့ တော်ဝင်လေတပ် သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တာတွေကြောင့် သူတို့၂ယောက် ပြန်တွဲနေကြပြီဆိုတာ လူတွေ သိလိုက်ရပါတယ်။ ချစ်သူအဖြစ်က ပြတ်စဲပြီး လတော်တော်ကြာမှ ပြန်ဆက်သွယ်ကြတာကို ကြည့်ရုံနဲ့ ဝီလီယံ ကိတ်အပေါ်မှာ ထားတဲ့ သံယောဇဉ်ကို လူတွေတအံ့တသြ ခန့်မှန်းမိခဲ့ကြသလို သူတို့ရဲ့ စေ့စပ်သတင်းကိုလည်း မကြာခင်ကြားရတော့မယ်လို့ ထင်ကြေးတွေ ပေးလာကြပါတယ်။
အားလုံးမျှော်လင့်ထားတဲ့အတိုင်း ရည်စားသက်တမ်း ၇နှစ်လောက်အကြာ အောက်တိုဘာ ၂၀၁၀ မှာ ဝီလီယံက ကိတ်ကို လက်ထပ်ခွင့် တောင်းခဲ့ပါတော့တယ်။ အာဖရိကအရှေ့ပိုင်း ကင်ညာနိုင်ငံကို အတူထွက်ခဲ့တဲ့ခရီးမှာ မိခင်ဖြစ်သူ ဒိုင်ယာနာရဲ့ စေ့စပ်လက်စွပ်ကို သုံးပတ်လောက် သွားလေရာသယ်ဆောင်ခဲ့ပြီး အသင့်တော်ဆုံးအချိန်ရောက်မှ ဝီလီယံတောင်းခဲ့တဲ့ လက်ထပ်ခွင့်ကို ကိတ်တစ်ယောက် ယောင်လို့တောင်မှ ငြင်းဆန်ဖို့ တွေးမိပါ့မလားနော်း) ၂၀၁၀ နိုဝင်ဘာမှာတော့ သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို တရားဝင်ကြေငြာခဲ့ပါတယ်။
ကြေညာပြီးတဲ့အခါမှာတော့ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကသဘာဝအတိုင်း ဝမ်းမြောက်ဝမ်းသာနဲ့ မင်္ဂလာပွဲကို စိတ်ဝင်တစား ကြိုဆိုကြတဲ့သူတွေ ရှိသလို၊ အရပ်သူဘဝကနေ ဗြိတိန်နိုင်ငံရဲ့ မိဖုရားအလောင်းအလျာဘဝကို ရောက်ရတော့မယ့် ကိတ်အပေါ်မှာ ဝေဖန်သံတွေလဲ (အထူးသဖြင့် အင်တာနက် စာမျက်နှာတွေပေါ်မှာ) မစဲအောင် ထွက်လာပါတော့တယ်။ YouTube မှာဆိုရင်လည်း ကိတ် ဓာတ်ပုံတွေနဲ့ သူ့အကြောင်း Video တွေကို အကောင်းတွေရော အဆိုးတွေပါ တွေ့နိုင်သလို ကိတ်ဟာ ဝီလီယံအတွက် သင့်တော်တဲ့ကြင်ယာတော် ဟုတ်မဟုတ် ငြင်းခုံမှုတွေလဲ သောသောညံနေတာပါပဲ။
အရပ်သူဘဝက လာသူတစ်ယောက်အနေနဲ့ ယောက္ခမ လေဒီဒိုင်ယာနာတစ်ယောက် တော်ဝင်မိသားစုထဲမှာ နေသားမကျခဲ့သလိုမျိုး အတွေ့အကြုံဆိုးတွေ ရင်ဆိုင်လာခဲ့ရရင် ကိတ် ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ စိတ်ဝင်စားစရာပါ။ သူ မကြာခဏနှိုင်းယှဉ်ခံရတဲ့ ယောက္ခမ လေဒီဒိုင်ယာနာထက် ပိုပြီး ကံကောင်းတဲ့အချက်တွေက လေဒီဒိုင်ယာနာဟာ မင်းသားကြီးချားလ်စ် (Charles) နဲ့ လက်ထပ်စဉ်တုန်းက ဘာမှမသိသေးတဲ့ နုနုနယ်နယ် ၁၉ နှစ်အရွယ်ပဲ ဖြစ်နေခဲ့ပြီး ကိတ်ကတော့ ရင့်ကျက်တည်ငြိမ်တဲ့ ၂၈ နှစ်အရွယ်မှာမှ လက်ထပ်မှာပါ။ ဝီလီယံနဲ့ ရည်းစားသက်တမ်း ကြာမြင့်ခဲ့သလို တော်ဝင်မိသားစုတွေနဲ့ အဆက်အဆံလည်း လုပ်ဖူးထားသူဆိုတော့ ကြုံတွေ့ရမှာတွေအတွက် ကြိုတင်ခန့်မှန်းပြင်ဆင်ပြီး ဖြစ်ဟန်တူပါတယ်။ နောက်တချက်က လေဒီဒိုင်ယာနာ နဲ့ ချားလ်စ်မင်းသားကြီး လက်ထပ်စဉ်ကတည်းက ချားလ်စ်ဟာ (လက်ရှိကြင်ယာတော်) ကမီးလား (Camilla) နဲ့ မရှင်းမလင်း ဖြစ်နေခဲ့ပြီး လေဒီဒိုင်ယာနာကို တော်ဝင်မိသားစုက သဘောကျတဲ့အတွက် အပြည့်အဝ မချစ်ဘဲ လက်ထပ်ခဲ့တယ်လို့ ဆိုကြပါတယ်။ ကိတ်ကိုတော့ ဝီလီယံဟာ တကယ်ကို မြတ်မြတ်နိုးနိုးရှိပုံရပြီး တော်ဝင်မိသားစုဝင်သစ်အဖြစ် တာဝန်တွေ ထမ်းဆောင်ရတော့မယ် ကိတ်ကို ကူညီဖေးမပေးမယ့်ဟန် အပြည့်ရှိတာကလည်း ကိတ်အတွက် ဝမ်းသာစရာပါ။ သာမန်အရပ်သူတစ်ယောက် ဖြစ်ခဲ့တဲ့ ကိတ်ဟာ သာမန်ပြည်သူတွေရဲ့ ဘဝတွေကို နားလည်ပေးနိုင်စွမ်းရှိတဲ့ မင်းသမီးတစ်ပါး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။
ကိတ် နဲ့ပတ်သက်ပြီး နောက်ထပ် ထင်ရှားတဲ့အချက်ကတော့ အဝတ်အစား ဝတ်တတ်ပုံပါ။ တောင်းမှာအကွပ် လူမှာအဝတ်ဆိုသလို ကိုယ်နေဟန်ထား ဝတ်ပုံစားပုံအင်မတန် အရေးကြီးတဲ့ သူတို့အသိုင်းအဝိုင်းမှာ ကိတ်ဟာ နေရာဒေသ အခမ်းအနားနဲ့ ကိုက်ညီအောင် အိနြေ္ဒရရ ကျက်သရေရှိရှိ ဝတ်တတ်စားတတ်သူလို့ အင်မတန် နာမည်ကြီးပါတယ်။ People မဂ္ဂဇင်းရဲ့ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ် အဝတ်အစား အဝတ်တတ်ဆုံးသူတွေ စာရင်းမှာ ပါခဲ့သလို ၂၀၀၈ ခုနှစ် ဂျူလိုင်လထုတ် Vanity Faire မဂ္ဂဇင်းရဲ့ နိုင်ငံတကာ အဝတ်အစား အဝတ်တတ်ဆုံးသူတွေ စာရင်းမှာလည်း ပါခဲ့ပါတယ်။ Jigsaw အမျိုးသမီး အဝတ်အထည်လုပ်ငန်းမှာ Accessory အဝယ်တော်အဖြစ် လုပ်ကိုင်ခဲ့ပြီး အခုလောလောဆယ် ကျွမ်းကျင်ဓာတ်ပုံပညာရှင် ဖြစ်ဖို့ ကြိုးစားနေတဲ့ ကိတ် လုပ်ငန်းခွင်မှာဝတ်တဲ့ အဝတ်အစားတွေဟာလည်း မိန်းကလေးပေါင်းများစွာ အတုယူရတဲ့ အဝတ်အစားဒီဇိုင်းတွေ ဖြစ်လာပါတယ်။
ချစ်စရာရုပ်ရည်လေး အပြင် နေတတ်ထိုင်တတ် ဝတ်တတ်စားတတ် ရှိလွန်းလှတဲ့ ကိတ်မှာ သူနဲ့ အမြဲနှိုင်းယှဉ်ခံရတဲ့ ယောက္ခမဖြစ်သူ လေဒီဒိုင်ယာနာလို အများအကျိုးသယ်ပိုးချင်တဲ့ နှလုံးသားလှလှတစ်စုံ ရှိခဲ့ရင်တော့ တကယ့်ကို အလှဆုံးမင်းသမီးတစ်ယောက် ဖြစ်လာမှာပါ။
အပေါ်မှာ ပြောခဲ့သလို ဒီဆယ်စုနှစ်ရဲ့ အခမ်းနားဆုံးသော မင်္ဂလာပွဲလို့ လူတွေသတ်မှတ်ထားကြတဲ့ သူတို့မင်္ဂလာပွဲကို နိုင်ငံပေါင်းများစွာမှာ တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပြီး စောင့်ကြည့်ဖို့ စိတ်အားထက်သန်နေကြတဲ့ လူပေါင်းကလည်း မနည်းပါဘူး။ မနက်ဖြန်ဟာ ဗြိတိန်နိုင်ငံမှာ တရားဝင်ရုံးပိတ်ရက် ဖြစ်သွားပေမယ့် တခြားသောနိုင်ငံတွေက စိတ်ဝင်စားသူတွေဆိုရင် ရုံးမသွားဘဲ အိမ်ကနေ အလုပ်လုပ်ပြီး ကြည့်ဖို့တောင် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို လန်ဒန်အချိန် မနက် ၁၀ နာရီ (ရန်ကုန်အချိန် ညနေ ၃နာရီခွဲ၊ စင်္ကာပူအချိန် ညနေ ၅နာရီ) မှာ စတင်မှာ ဖြစ်ပြီး TV Channel တွေမှာသာမက ထူးထူးခြားခြား YouTube မှာလည်း တိုက်ရိုက်လွှင့်မယ်လို့ သိရပါတယ်။ စိတ်ဝင်စားသူတွေ အောက်က YouTube ရဲ့ The Royal Channel မှာ တိုက်ရိုက် သွားကြည့်နိုင်ပါတယ်တဲ့။
The Royal Channel – The Official Channel of the British Monarchy
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်္ဂလာပွဲမတိုင်ခင် နောက်ဆုံးအကြိမ်အဖြစ် လူထုမြင်ကွင်းကို ထွက်လာတဲ့အခါ သိသိသာသာ ကိုယ်အလေးချိန်ကျသွားတဲ့ ကိတ်ကို လူတွေတအံ့တသြ ဖြစ်ကြပါတယ်။ နှစ်ဖက်ဆွေမျိုးတွေသာ အာရုံစိုက်ခံရတဲ့ မင်္ဂလာပွဲတွေ စီစဉ်တဲ့နေရာမှာတောင် သတို့သမီးတွေဟာ အင်မတန်ပင်ပန်းကြရှာတော့ အခုလို တစ်ကမ္ဘာလုံးက အာရုံစိုက်ခံရတဲ့ မင်္ဂလာပွဲရဲ့သတို့သမီး ကိတ် ဒီလောက်ပိန်သွားတာ ဘာများအံ့သြစရာ ရှိသလဲနော်။ ဘယ်သူတွေဘာပဲပြောပြော မနက်ဖြန်မှာတော့ ကိတ်ဟာ ဒဏ္ဍာရီထဲကသတို့သမီးလေးအဖြစ် တစ်ကမ္ဘာလုံးရှေ့မှောက်မှာ မင်္ဂလာပွဲကို ဆင်နွှဲပါလိမ့်ဦးမယ်။ နတ်သမီးပုံပြင်တွေထဲမှာတော့ မင်းသားလေးနဲ့ မင်းသမီးလေး ထာဝရပျော်ရွှင်စွာ ပေါင်းကြလေသတည်းမှာ အဆုံးသတ်သွားပေမယ့် ကိတ်အတွက်တော့ ဒါဟာ အစပဲ ဖြစ်မှာပါ။ ကြီးမားလေးနက်တဲ့ တာဝန်တွေ ရှေ့လျှောက်ထမ်းဆောင်ရဦးမယ့် မင်းသမီးလေး လေဒီကိတ်အတွက် အောင်မြင်ငြိမ်းချမ်းသော ဘဝတစ်ခုရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Good Luck, Kate!
References:
http://en.wikipedia.org/wiki/Kate_Middleton
http://en.wikipedia.org/wiki/Prince_William_of_Wales
http://globalnation.inquirer.net/news/breakingnews/view/20101117-303728/Timeline-of-Prince-Williams-romance-with-Kate-Middleton
http://www.thesun.co.uk/sol/homepage/news/royalwedding/3522024/Royal-bride-Kate-Middleton-wows-crowd.html
http://www.nytimes.com/2010/11/21/weekinreview/21lyall.html
http://www.entertainment.becomegorgeous.com/celebrity_gossip/royal_wedding_live_on_youtube-4352.html
http://www.gmanews.tv/story/218834/world/william-and-kate-represent-very-much-the-21st-century-leslie-stokes-obe
http://www.youtube.com/theroyalchannel
http://www.hindustantimes.com


အရေးအသား ကောင်းကောင်းနဲ့ စိတ်ဝင်စားဖွယ် ရေးထားတာ ဖတ်ပြီးသား အကြောင်းအရာလေးကိုပဲ ထပ်ဖတ်ချင်အောင် ဆွဲဆောင်နိုင်တယ်။ ကျေးဇူးပါ အစ်မရေ။ သေချာ ဖတ်သွားတယ်။
ReplyDelete၀ီလျံနဲ့ ကိတ် ချစ်သူနှစ်ဦး ရာသက်ပန် လက်တွဲမြဲနိုင်ပါစေလို့။
ReplyDeleteပြည့်ပြည့်စုံစုံဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ
ခရီးထွက်တာနဲ့ အလုပ်များနေတာနဲ့ သူတို့မင်္ဂလာပွဲ မနက်ဖန်ဆိုတာ မေ့လို့နေတယ်
ခုလို သိလိုက်ရတော့ စိတ်ဝင်တစား စောင့်ကြည့်ပါဦးမယ်း)
ခမ်းနားကြီးကျယ်လှပတဲ့ မင်္ဂလာပွဲတစ်ခု ကြုံရဦးမှာပေါ့နော်
rose ◄ သိပြီးဖတ်ပြီးသား အကြောင်းအရာတွေကိုပဲ အချိန်ပေးပြီး သေချာထပ်ဖတ်ပေးသွားလို့ ကျေးဇူးပါ ညီမလေးး)
ReplyDeleteချော (အစိမ်းရောင်လွင်ပြင်) ◄ အတူတူပဲ ကျွန်မလည်း ကိတ်အဝတ်အစားတွေကို ချီးကျူးထားတဲ့ စာတစ်ပုဒ် ဖတ်မိတော့မှ သတိရတား) ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲဆင်နွှဲခွင့်ရမယ့် သူတို့၂ယောက်လုံးအတွက် ဝမ်းသာမိပါတယ်
2008 မှာ ၀ီ က ကိတ်ကို လက်မထပ် နိုင်ဘူး ပြောလို့  ပြတ်သွားသေးတယ်။ ၀ီသူငယ်ချင်းတွေက ကိတ်အမေကို ပြောဆို ဟားကြတယ် သတင်းစာတွေ ကလည်း လှောင်ကြတယ်။ ကိတ်အမေ လေယာဉ်မယ်ဟောင်း က ပါတီပစည်းတွေ ကို အင်တာနက်က ရောင်းတာ အရမ်း ရောင်းကောင်းတော့ ကိတ်အဖေ လည်း အလုပ်ထွက်ပြီး သူ့ မိန်းမ စီးပွားရေး ကို ကူညီလုပ်ဆောင်ပေး ရင် သန်းချီ ချမ်းသာ လာကြတယ်။
ReplyDeleteကိတ် က ၀ီနဲ့ တော်ဝင်မိသားစု အကြောင်း ဘာမှ သတင်းမပျံဘဲ ပါးစပ်ပိတ်ပြီး ညီမ နဲ့ အတူ နိုက်ကလပ်တွေ တက်တယ်။ သူငယ်ချင်း ကောင်လေးတွေ ၅-၆ ယောက်နဲ့ တွဲက တာတွေ ကလပ်က ပြန်တာတွေ သတင်းစာ ထဲပါပြီး နောက်ပိုင်း ၀ီလည်း အသည်းဓါးမွှန်းခံရသလို ဖြစ်ပြီး ကိတ်ကို ပြန်ကပ်တယ် ကိတ်က သူ့ အမေကို မလှောင်ရဘူး။ ဒီတခါ ကိတ်ကို လက်ထပ်ရမယ် ဆိုတဲ့ ဂတိတောင်းပြီး မှ ၀ီကို ပြန်လက်ခံတယ်။
ဘုရင်မက ကိတ်ကို သဘောကျတာ ဒိုင်ယာနာလို သတင်းစာရှင်းလင်းပွဲ လုပ်ပြီး တော်ဝင်မိသားစုအကြောင်း လူသိရှင်ကြား မလုပ်ခဲ့လို့ ဘဲ လို့ ယူဆတယ်။ ၀ီ ကိတ်ကို ပြန်ကပ်တာ ဘုရင်မကြီးရဲ့ အကြံလည်း ပါနိုင်တယ် လို့ ယူဆရတယ်။
Anonymous ◄ အခုလို အသေးစိတ်ဖြည့်စွက် ပြောပြပေးသွားတာ အရမ်းကျေးဇူးတင်ပါတယ်နော်။ တော်ဝင်မိသားစုနဲ့ ပတ်သက်ပြီး ကိတ်နှုတ်လုံတာကို ဝီလီယံနဲ့ မိသားစုဝင်တွေက သဘောကျတယ်ဆိုတာတော့ ဖတ်ဖူးခဲ့ပေမယ့် အခုမှပဲ အဆက်အစပ်နဲ့ နားလည်သွားတော့တယ်။ ဒီမင်္ဂလာကိစ္စမှာ ဝီလီယံက ကိတ်ကို သံယောဇဉ်ရှိတဲ့အပြင် ဘုရင်မကြီးရဲ့ လွှမ်းမိုးမှုလည်း သေချာပေါက်တော့ပါမှာပါပဲ...
ReplyDeleteညီမလိုပဲ မင်းသမီးလေး Kate အတွက် Royal Family ထဲမှာ လှပ သာယာတဲ့ ဘဝသစ်တခု ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းမိတယ်...း))
ReplyDeleteအချက်အလက် အကိုးအကား စုံစုံလင်လင်နဲ့ အရေးအသားညက်ညက်ညောညောပေါင်းလိုက်တော့ အတော်စိတ်ဝင်စားကောင်းတဲ့ သတင်းကောင်းလေးတစ်ပုဒ်ပါလား ညီမလေးသူသူရေ..ကျေးဇူးပါနော်..။
ReplyDeleteလေဒီကိတ် နဲ့ မင်းသားဝီလျံ တို့ ရွှေလက်တွဲမြဲမြံနိုင်ကြပါစေလို့လည်းဆုတောင်းလိုက်ပါတယ်။
ချစ်တဲ့
အစ်မသက်ဝေ ◄ ဟုတ်တယ် အစ်မ... လေဒီဒိုင်ယာနာတုန်းက အဖြစ်တွေ မြင်ထားကြားထားရတော့ သူ့ကို ဆုတောင်းပေးမိတယ်။ ခေတ်တွေပြောင်းခဲ့ပြီဆိုတော့ သူ့အတွက် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ReplyDeleteမမပန်းချီ ◄ သူတို့က တကယ့် ဒဏ္ဍာရီထဲက မင်္ဂလာပွဲလိုပဲနော် မ...း)
မိန်းခလေးတိုင်းမျှော်လင့်မိတဲ့ ဘဝဆိုတော့ အားကျစရာပဲနော်..
ReplyDeleteအရေးသားကောင်းကောင်းနဲ့တင်ပြပုံလေးကြောင့် ပိုပြိးအသက်ဝင်
ခဲ့တာနေမှာ..တစ်ကယ်ပဲယုံကြည်မိပါတယ် အသက်အရွယ်တည်ငြိမ်
ရင့်ကျက်ချိန်မှ တည်ထောင်တဲ့ လက်ထပ်ပွဲမို့..အစစအရာရာ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံနေမယ်လို့ မျှော်လင့်ပါတယ်။ မမဆုတောင်း ပေးသလိုပါပဲ ကံကောင်းပါစေ မင်းသမီးလေးရေ....။
Angelhlaing ◄ ဟုတ်တယ် ညီမလေးရေ။ တကယ်ရင့်ကျက် တည်ငြိမ်တဲ့အချိန်ကျမှ အိမ်ထောင်ပြုတာဟာ အိမ်ထောင်ကို ထိန်းသိမ်းတဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်တယ်လို့ အစ်မလည်းထင်ပါတယ်...
ReplyDeleteညီမရွှေပြည်သူရေ...အမလည်း ကိတ်နဲ့ ဝီလီယမ်တို့ ရွှေလက်မြဲမြဲ တွဲနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အားလုံး စိတ်ဝင်စားတဲ့ အဖြစ်လေးကို အချက်အလက်စုံစုံလေးနဲ့ ဖတ်ရတာမို့ ကျေးဇူးပါ ညီမ...:)
ReplyDeleteမရေ.......သတင်းကောင်းတပုဒ်ပဲနော်........အားကျဖို့ကောင်းတဲ့စုံတွဲလေးပါ ငယ်ငယ်တုန်းကတော့ဝီလီယံကိုစိတ်ကူးယဉ်ခဲ့ဖူးသေးတယ်.........
ReplyDeleteဟိ.....အသက်ရွယ်တူဆိုတော့လေ........ခုတော့လည်းမေ့တေ့တေ့တောင်ဖြစ်လို့ပါ......
မရေးတော့မှပဲသတိပြန်ရတော့တယ်........မသူကသတင်းရေးတာလည်း
ကောင်းတာပဲနော်.....အားပေးလျှက်ပါ...........
မမ ချစ်ကြည်အေး ◄ ဟုတ်ကဲ့ မမ။ ညီမလည်း မင်္ဂလာမောင်နှံအတွက် ဆုမွန်ကောင်းတောင်းပေးမိပါတယ်း)
ReplyDeleteညီမလေး လွင်မ ◄ ဟုတ်တယ် လိုက်ဖက်ညီတဲ့ စုံတွဲလေးပါပဲ။ ဝီလီယံက တည်ကြည်တဲ့မျက်နှာလေးနဲ့ Decent ဖြစ်တော့ အသက်မတိမ်းမယိမ်း မိန်းကလေးတွေအတွက် တကယ်ကို စိတ်ကူးယဉ်စရာ မင်းသားလေးပဲပေါ့း) စာလာဖတ်ပြီး အားပေးတာလည်း ကျေးဇူးတင်ပါတယ် ညီမလေးရေ...
ရွှေပြည်သူရေ
ReplyDeleteမြန်မာလိုရေးထားတာ ကို အခုလို ဖတ်ရတာ သိပ်ကောင်းတာပဲ။
ဒီမှာတော့ မင်္ဂလာပွဲကို တိုက်ရိုက်ထုတ်လွှင့်ပေးတယ်။
ကျွန်မလည်း စိတ်ဝင်စားလို့ အဲဒီနေ့ကကြည့်ခဲ့ပါတယ်။
ဒီပို့စ်ကိုခုမှဖတ်တာပေမယ့် မရိုးသွားတဲ့ အကြောင်းအရာပါ။
သေချာရေးပေးတာ ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။
ညီမရေ... ခုမှ ဒီပို့စ်ကို ဖတ်မိတာ။ မဇွန်က ကိတ်ရဲ့ တည်ငြိမ်ထက်မြက်ပြီး မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ မျက်လုံးကို သိပ်သဘောကျတယ်။ သူနှုတ်လုံတတ်တာလည်း အရည်အချင်းတစ်ရပ်ပဲနော်။ မင်္ဂလာဝတ်စုံကိုတောင် မီဒီယာတွေဆီလုံးဝ မပေါက်ကြားအောင် ထိန်းထားနိုင်တာ။ အဲဒီ့နေ့က သူတို့နှစ်ယောက်လုံးအတွက် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးခဲ့တယ်။ ကိတ်ဟာ Duchess of Cambridge ဘ၀မှာ လှပလိုက်လျောညီစွာ နေသားတကျဖြစ်မယ့်သူလို့ မဇွန်ယုံကြည်နေတယ်။း)
ReplyDeleteအစ်မ ကောင်းမွန်ဝင်း ◄ ညီမလည်း ရုံးဆင်းချိန်လေး YouTube မှာ မီသလောက် ငေးဖြစ်လိုက်သေးတယ်း) ညီမရေးရကျိုးနပ်အောင် လာဖတ်ပေးတာလည်း ကျေးဇူးတင်ပါတယ် အစ်မး)
ReplyDeleteအစ်မဇွန် (ဇွန်မိုးစက်) ◄ ဟုတ်တယ်နော် အစ်မ။ ဒီလိုနေရာကို ရောက်ဖို့ဆိုတာ ရုပ်ရည်ချောမောတာ တစ်ခုထဲနဲ့တော့ မဖြစ်နိုင်တာ သေချာပါတယ်။ အရည်အချင်းနဲ့ သူ့ရဲ့ရှေးကုသိုလ်ကံလေးလည်း ပါတယ် ပြောရမှာပေါ့နော်...
ဖတ်လို့ကောင်းလိုက်တာ....မင်္ဂလာပွဲ ကို မကြည့်မိလိုက်ဘူး။
ReplyDeleteအမ ရေးထားမှ... ပြန်ကြည့်ချင်စိတ်ပေါက်လာတယ်။
နောက်ပြီး...တကယ့် ဇတ်လမ်းလေးကို အမ ရေးထားတော့ ၀တ္တုဇတ်လမ်းလေး တစ်ပုဒ်လိုလိုမြင်ပြီး ချစ်စရာကောင်းသွားတယ်။
နောင့်
ညီမလေး နောင့် ◄ နောင့်လေး... မကြည့်လိုက်ရဘူးဆိုရင် The Royal Channel မှာပဲ "Wedding Highlights" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြန်ကြည့်လို့ရတယ် ညီမလေး...
ReplyDelete