Wednesday, April 27, 2011

မြဘုရားဖူးခဲ့စဉ်

ဒီလဆန်းပိုင်းတုန်းက အမေ့ကျန်းမာရေး စစ်ဆေးဖို့အတွက် ထိုင်းနိုင်ငံကို ခဏရောက်ဖြစ်ခဲ့ချိန်မှာ ဘန်ကောက်မြို့ရဲ့ ကျက်သရေဆောင် မြဘုရားကို ဖူးခွင့်ရခဲ့ပါတယ်။ ဖူးခွင့်မကြုံသေးတဲ့ မောင်နှမတွေကို ပြန်ဝေမျှချင်လို့ ဒီပို့စ်လေး ရေးလိုက်တာပါး)

မြဘုရားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးအချက်က Emerald Buddha (မြဘုရား) လို့ လူတွေ ခေါ်ဝေါသမုတ်ကြတဲ့ ဆင်းတုတော်ဟာ မြသားနဲ့ ထုဆစ်ထားတာမဟုတ်ဘဲ ကြီးမားတဲ့ ကျောက်စိမ်းတုန်းကနေ ထုဆစ်ထားတဲ့ ကျောက်စိမ်းဆင်းတုတော် ဖြစ်တယ်ဆိုတာပါ။ မြဘုရားဆိုတဲ့ အခေါ်အဝေါ်ကတော့ ထိုင်းဘာသာစကားနဲ့ အစိမ်းရောင်ကို တင်စားပြောဆိုရာက အမည်တွင်သွားတယ်လို့ သိရပါတယ်။ ဆင်းတုတော်ကို ဘယ်အချိန်ကစပြီး ထုဆစ်ခဲ့တယ်ဆိုတာ သေချာမှတ်တမ်းမရှိပေမယ့် ဆင်းတုတော်ရဲ့ ပုံသဏ္ဍာန်နဲ့ အနေအထားကို ကြည့်ပြီး ၁၅ ရာစုထက် အများကြီးပိုမစောတဲ့ကာလတုန်းက ထိုင်းနိုင်ငံမြောက်ပိုင်းဒေသမှာ ထုဆစ်ခဲ့ပုံရတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့်လည်း ဆင်းတုတော်ရဲ့ တရားရှုမှတ်ပွားများနေတဲ့ ပုံသဏ္ဍာန်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ သီရိလင်္ကာနိုင်ငံ တို့ဆီက ဗုဒ္ဓဆင်းတုတော်တွေနဲ့ ဆင်တူပြီး တရားရှုမှတ်ပွားများနေပုံကလည်း ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဆင်းတုတော်တွေမှာ တွေ့ရလေ့မရှိတာကြောင့် အဲဒီနိုင်ငံ ၂ နိုင်ငံကလည်း ဖြစ်နိုင်တယ်လို့ ယူဆကြပြန်ပါတယ်။

(ထပ်မံဖြည့်စွက်ချက် - Wikipedia မှာဖေါ်ပြထားချက်အရ အိန္ဒိယနိုင်ငံမှာ ဘီစီ ၄၃ က ထုလုပ်ပူဇော်ခဲ့ပြီး နှစ်ပေါင်း၃၀၀ အကြာမှာ ပြည်တွင်းစစ်ကြောင့် သီရိလင်္ကာနိုင်ငံကို ရွှေ့ပြောင်းပင့်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အနော်ရထာမင်းက မြန်မာနိုင်ငံအတွင်းမှာ ဗုဒ္ဓသာသာပျံ့ပွားရေးအတွက် ဆင်းတုတော်ကို ပင့်ဆောင်ခွင့်ပြုဖို့ တောင်းဆိုတာကြောင့် ခွင့်ပြုခဲ့ပေမယ့် ပင့်ဆောင်လာတဲ့သင်္ဘော လမ်းမှာ လေမုန်တိုင်းမိတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံကို သွားဆိုက်ကပ်တယ်လို့ ဆိုပါတယ်။ (ကျွန်မတို့ မြန်မာတွေ ပင့်ဆောင်ကိုးကွယ်ဖို့ ကံမပါဘူးပဲ ပြောရမှာပါပဲ) အဲဒီကစလို့ ကမ္ဘောဒီးယားမှာ စံပယ်နေခဲ့ပြီး ၁၄၃၂ ခုနှစ် ထိုင်းလူမျိုးတို့ အန်ကောဝပ်ကျောင်းတော်ကို သိမ်းယူတဲ့အခါမှာ ဆင်းတုတော်ကို ပင့်ဆောင်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာပဲ အယုဒ္ဓယ၊ ကမ်ဖမ်းဖတ် (Kamphaeng Phet - အသံထွက်မှားရင် သည်းခံပါရှင်) အဲဒီနောက် လာအို နိုင်ငံတို့မှာ စံပယ်တော်မူခဲ့ပြီး နောက်ဆုံးမှာ ချင်းရိုင် (Chiang Rai) ကိုရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်)

ဆင်းတုတော်ကို ထိုင်းလူမျိုးတို့ ပြန်လည်တွေ့ရှိခဲ့တဲ့ သမိုင်းမှတ်တမ်း အကျဉ်းကတော့ အေဒီ ၁၄၃၄ မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် (Chiang Rai) ဒေသက စေတီတော်တစ်ဆူ မိုးကြိုးထိမှန်ပြီး ပြိုကျတဲ့အခါ အင်္ဂတေနုနဲ့ ပြုလုပ်ထားတဲ့ ဆင်းတုတော်တစ်ဆူကို စေတီထဲက တွေ့ခဲ့ပါတယ်။ စေတီတည်ရှိရာ ကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဟာ ဆင်းတုနှာခေါင်းတော်ပေါ်မှာ အင်္ဂတေကွာနေပြီး အထဲမှာ အစိမ်းရောင်ဖြစ်နေတာကို သတိထားမိတာနဲ့ ခွာချလိုက်တဲ့အခါ (ကျောက်စိမ်းနဲ့ ထုလုပ်ထားတဲ့) မြဘုရားဆင်းတုတော်ကို စတင်ဖူးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆင်းတုတော်စံပယ်ရာ Wat Phra Kaew (ကျောင်းတော်) ပရဝုဏ်ထဲမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ ရိုးရိုး Snapshot Camera လေးပဲ ယူသွားတာမို့လို့ အုန်းသီးနဲ့ရိုက်တဲ့ Quality လို မကောင်းတာကိုတော့ ခွင့်လွှတ်ပေးကြပါနော်း)


မြဘုရားသို့ အဝင်

အဝင်လက်မှတ်

မြင့်မြတ်တဲ့နေရာကို လေးစားတဲ့အနေနဲ့ မဝတ်ဆင်သင့်တဲ့ အဝတ်အစားတွေပုံကို ဆိုင်းဘုတ်လေးနဲ့ ပြထားတာ တွေ့ရပေမယ့် ဟိုးအရင်ကလောက် မတင်းကျပ်တော့တာ သတိထားမိပါတယ်။ ဖိနပ်ဆိုလည်း အရင်က နောက်ပိတ်မပါရင် လဲခိုင်းပေမယ့် ဒီတစ်ခါတော့ ညှပ်ဖိနပ်တွေနဲ့ သွားလာနေတဲ့ လူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ နိုင်ငံခြားသား (အထူးသဖြင့် အနောက်နိုင်ငံက) ဧည့်သည်တွေ ပိုပိုများလာတော့ စည်းကမ်းလုပ်ရတာ ပိုခက်ခဲလာလို့ ထင်ပါတယ်။

ဆင်းတုတော် (အထဲမှာ ဓာတ်ပုံပေးမရိုက်ပါဘူး။ ဒီဓာတ်ပုံလေးက လိုက်ပို့ပေးတဲ့အစ်မ အပြင်ကနေ လှမ်းရိုက်ပေးထားလို့ ရခဲ့တာပါ)

ဆင်းတုတော်ကို နွေ၊ မိုး၊ ဆောင်း သုံးရာသီအတွက် ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ သင်္ကန်းသုံးစုံကို အလှည့်ကျလဲလှယ် ပူဇော်လေ့ရှိတယ်လို့ သိရပါတယ်။ ထိုင်းဘုရင်မင်းမြတ် ကိုယ်တော်တိုင်လည်း လဲလှယ်ပူဇော်လေ့ရှိပါတယ်တဲ့ (ကျန်းမာစဉ်တုန်းက ဖြစ်မယ်ထင်ပါတယ်)။ အပေါ်ပုံထဲမှာ ကျွန်မဖူးခဲ့ရတာက နွေရာသီ သင်္ကန်းပါ။

ဆင်းတုတော်ရဲ့ မျက်နှာသစ်တော်ရေ (ကံကောင်းအောင်ဆိုပြီး ခေါင်းပေါ်မှာ ပက်ဖြန်းကြပါတယ်)

စေတီတော်များ

ရွှေတွေဝင်းနေပေမယ့် ကျွန်မတို့မြန်မာပြည်မှာလို ရွှေအစစ်နဲ့ ပူဇော်လေ့မရှိတာကို တွေ့ရပါတယ်။

ဘုရားပရဝုဏ်တစ်နေရာ

အန်ကောဝပ်ဘုရားကျောင်းပုံစံငယ်

နံရံဆေးရေးပန်းချီတွေဆီသွားတဲ့ ဝင်ပေါက်

အလုအယက် ဓာတ်ပုံရိုက်နေကြတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ

ပရဝုဏ်ထဲက နောက်တစ်နေရာ

တဝန်းထဲမှာရှိတဲ့ တော်ဝင်နန်းတော်ဟောင်း

နန်းတော်ဟောင်းထဲကို ဝင်ကြည့်လို့ရပေမယ့် အမေမောမှာစိုးတာရော၊ ခြေထောက်ခွဲစိတ်ထားတဲ့ အဖေပင်ပန်းမှာ စိုးတာကြောင့်ပါ အပြင်ကပဲ လှမ်းကြည့်ဖြစ်ခဲ့ပါတယ်။

ထွက်ပေါက်နားက အစောင့်စစ်သား

ထွက်ပေါက် (အပြင်ကနေ အထဲဘက်ကို ပြန်လှည့်ရိုက်ထားတာပါ)

အဝင်ဝမှာ Guide မငှားဖြစ်ခဲ့လို့ အချက်အလက် အရမ်းပြည့်ပြည့်စုံစုံ မသိခဲ့ရသလို သိပ်လည်း မနှံ့ခဲ့ပေမယ့် ကျွန်မရောက်ခဲ့သမျှလေးကိုပဲ ပြန်ဝေမျှလိုက်ပါတယ်။ ဘုရားဖူးခဲ့တဲ့ ကုသိုလ်ကိုလည်း သာဓုခေါ်လိုသူအားလုံးကို အမျှပေးဝေပါတယ်နော်။ အားလုံး စိတ်ငြိမ်းချမ်းကြပါစေရှင်...း)

References:
http://en.wikipedia.org/wiki/Emerald_Buddha
http://www.bangkokmag.infothai.com/emeraldhistory.htm
http://www.hotelthailand.com/thailand-activities/bangkok-activity/grand-palace-emerald-buddha-and-wat-arun-tour-bangkok-thailand.html

28 comments:

  1. ကိုဇော်Apr 26, 2011 03:07 PM

    သာဓု . . သာဓု . . သာဓု . .

    ReplyDelete
  2. ကိုဇော် ◄ ပြုခဲ့သမျှ ကုသိုလ်တွေ အမျှပေးပါတယ် အစ်ကို။

    ReplyDelete
  3. မြဘုရားကို ပုံတော်ထဲမှာ ဖူးမျှော်သွားပါတယ်
    သွားရောက်နိုင်ပါစေလို့လဲ ဆုတောင်းခဲ့တယ် ...။ မမကတော့ ကုသိုလ်တွေရလိုက်တာ မိဘကို ဆေးကုပေးရင်း တန်ခိုးကြီးဘုရားလဲ ပို့ခွင့်ရ ၊ ကိုယ်တိုင်လဲ မိဘနဲ့ သွားခွင့်ရတယ် ...။ သာဓု အကြိမ် ကြိမ် ခေါ်မိပါတယ်။
    ညီမလေး နှင်းဟေမာ

    ReplyDelete
  4. ညီမလေးနှင်း (နှင်းဟေမာ) ◄ အစ်မပြုခဲ့သမျှသော ကုသိုလ်တွေအတွက် အမျှပေးဝေပါတယ်နော်း) ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှု သဒ္ဓါတရားထက်သန်တဲ့ ညီမလေးလည်း တနေ့သေချာပေါက် ဖူးမြော်ခွင့်ရမှာပါ။

    ReplyDelete
  5. မြဘုရားပုံတော်တွေ မျှဝေပေးတဲ့ညီမလေးသူသူကိုကျေးဇူးတင်ပါတယ်..
    ခုထိဖူးမျှော်ကြည်ညိုခွင့်မကြုံသေးဘူး..။
    ပြုသမျှကုသိုလ်တွေအတွက် သာဓု သာဓု သာဓု..ပါ.

    ချစ်တဲ့
    ပန်းချီ

    ReplyDelete
  6. မမပန်းချီ ◄ ကြည်ညိုတတ်သူတွေကို မျှဝေရတာလည်း တကယ်ဝမ်းသာပါတယ် မး) ပြုသမျှကုသိုလ်တွေကို အမျှပေးပါတယ်နော်း)

    ReplyDelete
  7. sis ရေ .. ဘုရားရိပ် တရားရိပ်က တကယ်အေးချမ်းတယ်နော်။
    ဘယ်ဘုရားပဲဖြစ်ဖြစ်။
    ဓါတ်ပုံတွေလဲ ကြည့် .. သာဓု လဲခေါ်ပါတယ်။
    sis အဖေနဲ့ အမေနဲ့ တမိသားစုလုံး ကျန်းမာရွှင်လန်းကြပါစေ။

    ReplyDelete
  8. မမ Jr ◄ သိပ်မှန်တာပဲ မရေ... ဘုရားရိပ်တရားရိပ်ဟာ တကယ်ကို အေးချမ်းပါတယ်... ဆုတောင်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်... ဆုနဲ့ပြည့်ရပါစေး)

    ReplyDelete
  9. တစ်ကယ့်ကို ကြည်နူးစရာပါပဲ... တစ်ယောက်ထဲ ဘုရားဝန်းထဲမှာ ဟိုငေး ဒီငေးနဲ့ အချိန်တွေ တော်တော်ကြာ ခဲ့တာကို မြင်ယောင်ရင်း :):)
    ကျေးဇူးပါနော်...
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  10. Angelhlaing ◄ ဘုရားဖူးရသလို အဖေတို့ အမေတို့လည်းပါတော့ သူတို့နဲ့ အတူသွားခွင့်ရတာလည်း ပျော်ရပါတယ် ညီမလေးရေ။ ညီမလေးအတွက်လည်း ကောင်းသောနေ့လေး ဖြစ်ပါစေ။ ကျေးဇူးပါနော်း)

    ReplyDelete
  11. မြဘုရားကို အသေချာမလေ့လာရသေးလို့  မပြောတတ်ပါဘူး။ ဖတ်ဖူးတာက ကမ္ဘောဒီးယားကဘုရားဆို မဟုတ်ဘူးလား။
    ထိုင်းတွေ နယ်ချဲ့ ရင်းနဲ့ မြဘုရားကို ထိုင်းဖက် ကို ပင့်သွားတာတဲ့။ မြဘုရား ရဲ့ စံကျောင်းတော်ကို ဓါတ်ပုံရိုက် ပြထား သေးတယ်။

    ReplyDelete
  12. ကျေးဇူးတင်တယ်၊ ကိုယ်တိုင် မသွားဘူးသေလို့ လေ။

    ReplyDelete
  13. Anonymous ◄ ကောမန့်အတွက် ကျေးဇူးအထူးတင်ပါတယ်ရှင်။ Anonymous ပြောသွားတဲ့အချက်က မှန်ကန်ပါတယ်။ Anonymous ရဲ့ ကောမန့်ကို ဖတ်အပြီးမှာ ထပ်ရှာဖတ်ပြီး အခုလို ပို့စ်မှာ ဖြည့်စွက်ထားပါတယ်။ “Wikipedia မှာဖေါ်ပြထားချက်အရ အိန္ဒိယနိုင်ငံမှာ ဘီစီ ၄၃ မှာ ထုလုပ်ပူဇော်ခဲ့ပြီး နှစ်၃၀၀ အကြာမှာ ပြည်တွင်းစစ်ကြောင့် သီရိလင်္ကာနိုင်ငံကို ရွှေ့ပြောင်းပင့်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အနော်ရထာမင်းက မြန်မာနိုင်ငံအတွင်းမှာ ဗုဒ္ဓသာသာပျံ့ပွားရေးအတွက် ဆင်းတုတော်ကို ပင့်ဆောင်ခွင့်ပြုဖို့ တောင်းဆိုတာကြောင့် ခွင့်ပြုခဲ့ပေမယ့် ပင့်ဆောင်လာတဲ့သင်္ဘော လမ်းမှာ လေမုန်တိုင်းမိတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံကို သွားဆိုက်တယ်လို့ ဆိုပါတယ်။ (ကျွန်မတို့ မြန်မာတွေ ပင့်ဆောင်ကိုးကွယ်ဖို့ ကံမပါဘူးပဲ ပြောရမှာပါပဲ) အဲဒီကစလို့ ကမ္ဘောဒီးယားမှာ စံပယ်နေခဲ့ပြီး ၁၄၃၂ ခုနှစ် ထိုင်းလူမျိုးတို့က အန်ကောဝပ်ကျောင်းတော်ကို သိမ်းယူတဲ့အခါမှာ ဆင်းတုတော်ကို ပင့်ဆောင်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာပဲ အယုဒ္ဓယ၊ ကမ်ဖမ်းဖတ် (အသံထွက်မှားရင် သည်းခံပါ) အဲဒီနောက် လာအို နိုင်ငံတို့မှာ စံပယ်တော်မူခဲ့ပြီး နောက်ဆုံးမှာ ချင်းရိုင် (Chiang Rai) ကိုရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်”

    စော (အဝါရောင်နယ်မြေ) ◄ ကျွန်မလည်း ဝေမျှခွင့်ရလို့ ကျေးဇူးတင်ပါတယ်ရှင်း)

    ReplyDelete
  14. မြဘုရားလေး ဖူးပြီး သမိုင်းကြောင်းလေး မှတ်သွားတယ်။
    ကုသိုလ်ကောင်းမှုတို့ကို မျှဝေတဲ့အတွက် ကျေးဇူးပါနော်

    ReplyDelete
  15. ချော (အစိမ်းရောင်လွင်ပြင်) ◄ ဝေမျှခွင့်ရတာကိုလည်း ဝမ်းသာပါတယ် ချောရေး)

    ReplyDelete
  16. ထိုင်းကို တစ်ခါမှ မရောက်ဖူးသေးဘူး...ညီမ။ မြဘုရားကို ဖူးချင်တယ်။ ခုလို ဘုရားသမိုင်းကြောင်းနဲ့ ဓာတ်ပုံလေးတွေ ဝေမျှပေးတာ ကျေးဇူး။ ညီမပြုခဲ့တဲ့ ကုသိုလ်အစုစုကို သာဓုခေါ်လိုက်တယ်နော်။

    စကားမစပ်...ညီမ အခုလာမယ့် ၃၀ရက်နေ့ စာပေဟောပြောပွဲတက်ဖြစ်လား?

    ReplyDelete
  17. အစ်မဇွန် (ဇွန်မိုးစက်) ◄ ထိုင်းမှာ လူတွေကလည်း ယဉ်ယဉ်ကျေးကျေးနဲ့ အလည်အပတ်သွားလို့ ကောင်းပါတယ် အစ်မ။ အစ်မဇွန် အားလပ်အဆင်ပြေတဲ့အချိန်ကျရင် အလည်သွားပြီး ဘုရားဖူးဖို့ တိုက်တွန်းချင်ပါတယ်း) ပြုခဲ့တဲ့ ကုသိုလ်တွေအားလုံးကိုလည်း အမျှဝေပါတယ် အစ်မ။

    ReplyDelete
  18. ထွက်ပေါက်နားက အစောင့်စစ်သားက သူ့မျက်နှာကိုလည်း ဖျက်ပေးပါ ။ မဟုတ်ရင် သူ မတ်တပ်ကြီး အိပ်ငိုက်နေတာ ဘုရင်ကြီးသိသွားမှာ စိုးလို့ပါတဲ့ ... :P

    ReplyDelete
  19. အစ်ကို လင်းဒီပ ◄ မဟုတ်ဘူး အစ်ကိုလင်းဒီပရ... အဲဒါသူ ရှက်လို့ မျက်လွှာချနေတာ။ အဲဒီပုံ ညီမရိုက်လိုက်တုန်းက သူ့ဘယ်ဘက်မှာ ကောင်မလေးလှလှလေးက သူနဲ့တွဲရိုက်နေတာ (ညီမက ကောင်မလေးမပါအောင် ကွက်ရိုက်ထားလို့း))

    ReplyDelete
  20. ထိုင်းမှာနေခဲ့ဖူးပေမယ့် အကြောင်းကြောင်းနဲ့ မရောက်ဖြစ်ခဲ့ဘူး။
    ပုံတွေတကူးတကရှာကြည့်ဖို့လည်း သတိမရသမျှ အခုလို အခွင့်သင့်ပြီး ကြည့်ခွင့်ရလိုက်တာ ကျေးဇူးတင်စရာပါပဲ။

    ReplyDelete
  21. အားလုံးကို ငေးသွားတယ် မမ ရွှေပြည်သူရေ..။
    မျက်နှာလေးတွေကို ဖျတ်ပေးထားတဲ့ အိုင်ဒီယာလေး မိုက်တယ်။

    ReplyDelete
  22. ကိုမြစ်ကျိုးအင်း ◄ မဖူးဖြစ်မကြည့်ဖြစ်သေးတဲ့ စိတ်ဝင်စားတဲ့သူတွေအတွက် အကျိုးရှိတယ်ဆိုလို့ တကယ်ကို ဝမ်းသာမိပါတယ်။

    မြတ်မွန် ◄ ဟုတ်တယ် ညီမလေးမြတ်ရေ... သူတို့ပုံကို Internet စာမျက်နှာပေါ်မှာ သူတို့မသိဘဲတင်လိုက်ရတာကို နည်းလမ်းမကျသလိုလို အားနာသလိုလို ခံစားရလို့ပါ (လူတွေဓာတ်ပုံ အတူတွဲရိုက်ခွင့်ပြုထားတဲ့ အစောင့်စစ်သားလေးက လွဲလို့ပေါ့နော်း)

    ReplyDelete
  23. ရွှေပြည်သူရေ
    ဓါတ်ပုံလေးတွေကော တင်ပြထားတာတွေကော ကြည့်ရတာ တကယ်ကောင်းတယ်။ ပြန်မြင်ယောင်လာတယ်။
    တစ်ခေါက်ပဲရောက်ဖူးပါတယ်။
    အခုလို ဖတ်ရတော့ အမှတ်တရရှိလာတယ်။

    ReplyDelete
  24. အစ်မကောင်းမွန်ဝင်း ◄ ကြည့်ရတာ ကောင်းတယ်ဆိုရင် တကယ်ဝမ်းသာပါတယ် မး)

    ReplyDelete
  25. ဘဝတကွေ့မှာ ထိုင်းမှာ လေးနှစ်လောက် နေခဲ့ရဖူးပါတယ်။ ချင်းမိုင်တော့ လအတန်ကြာနေဖူးပြီး ဘန်ကောက်မှာ မနေဖူးလို့ ဒီ မြဘုရားကို မဖူးခဲ့ ရပါ။ ထိုင်းတွေရဲ့ အနုစိတ်ပြီး သပ်ရပ်ခန့်ညားတဲ့ ဘုရားကျောင်းကန် တွေကို သတိရသွားပါတယ်။

    ReplyDelete
  26. Anonymous ◄ ဟုတ်ကဲ့ ကျွန်မလည်း ထိုင်းတွေရဲ့ သန့်ရှင်းသပ်ရပ်တဲ့ ဘုရားကျောင်းကန်တွေအပြင် သပ်ရပ်လှပတဲ့ နိဗ္ဗာန်ကုန် ပစ္စည်းတွေကို မြင်ရတိုင်း အားကျမိပါတယ်။

    ReplyDelete
  27. ဒီပို့စ်လေးကိုစိတ်ဝင်တစားဖတ်နေလိုက်တာ ကျနော်တောင် အမနဲ့ဘုရားအတူလိုက်ဖူးနေရသလိုပဲ တကယ့်ကိုစိတ်အေးချမ်းသာမယ့်ဘာသာရေးပရ၀ုဏ်လေးပဲလို့ထင်မိတယ် အမရဲ့ဒီခရီးစဉ်လေးကတော့ဘ၀မှာမမေ့အပ်တဲ့အမှတ်တရခရီးစဉ်းလေးတစ်ခုဖြစ်သွားမှာလည်းအသေအချာပါပဲ (ဒါပေမယ့်ဟိုပုံလေးတစ်ပုံ ဘုရားမှာရောက်နေကြတဲ့လူတွေတဲ့မျက်နှာတွေကိုဆင်ဆာဖြတ်ထားတာတော့သိပ်ကြည့်လို့မကောင်းဘူးအမရဲ့ ဘာသာရေးအတွက်ကောင်းတဲ့နေရာရောက်နေတဲ့သူတွေပဲ သူတို့မျက်နှာပြလို့ စိတ်ဆိုးမှာမဟုတ်ဘူးလို့မြင်မိလို့လေ ပုံတွေအားလုံးထဲမှာအဲဒီပုံလေးမကောင်းဘူး ORIGINALပုံလေးတင်ပေးထားရင်ကောင်းမယ် )
    ခင်မင်စွာဖြင့်
    လမင်း

    ReplyDelete
  28. ကို laminmaung ◄ စာလာဖတ်သွားတာ ကျေးဇူးပါ ကို laminmaung ရေ။ ကို laminmaung ပြောသွားသလို ကောင်းတဲ့နေရာမှာရောက်နေလို့ မျက်နှာပြတာ စိတ်မဆိုးလောက်ဘူးဆိုပေမယ့် လူတွေရဲ့ ဆန္ဒဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် သူတို့ဘယ်လို ဖြစ်ချင်တယ်ဆိုတာ ကျွန်မတို့က ကိုယ့်ဘာသာ ကောက်ချက်ချလို့ မရပါဘူး။ မဖော်ပြလို့လည်း သူတို့အတွက် ဘာမှအကျိုးယုတ်သွားတာ မရှိတာကြောင့် ကာယကံရှင်တွေကို လေးစားတဲ့အနေနဲ့ သူတို့ကို ခွင့်မတောင်းဘဲ မျက်နှာတွေကို ကျွန်မ ဖော်ပြဖြစ်မယ် မထင်ပါဘူး။ ဒါက ကျွန်မရဲ့ ယုံကြည်မှုလေးပါ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်တော့ ကွဲလွဲနိုင်တာပေါ့နော်။

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)