ကန့်သတ်ချက်မဲ့
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေ ရုံးအဆင်း ကျွန်မရဲ့ Movie Partner သူငယ်ချင်းလေးနဲ့ တွေ့ဖြစ်တော့ ရုပ်ရှင်မကြည့်ဖြစ်တာ ကြာပြီဆိုတဲ့အကြောင်း ပြောရင်းကနေ မထင်မှတ်ဘဲ ဒီ Limitless ဆိုတဲ့ ကားကို ကြည့်ဖြစ်သွားပါတယ်။ Action-thriller/Techno-thriller အမျိုးအစားကားတွေကို သိပ်မကြိုက်တတ်တဲ့ ကျွန်မတောင် အစကနေအဆုံး မျက်တောင်မခတ် စိတ်ဝင်စားသွားရတဲ့ ကားတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကတော့ စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ အက်ဒီမော်ရာ Eddie Morra (Bradley Cooper) ဟာ သူ စာချုပ်ချုပ်ထားတဲ့ စာအုပ်အသစ်အတွက် တစ်လုံးမှ ရေးမထွက် ဖြစ်နေချိန် (ဘဝမှာ အရှုံးကြီးရှုံးနေချိန်လို့ ပြောလို့ရလောက်အောင် ငွေလည်းမရှိ၊ အောင်မြင်မှုလည်း မရှိ၊ ချစ်သူရည်းစား လင်ဒီ Lindy (Abbie Cornish) နဲ့လည်း ပြတ်စဲပြီး ကာစအချိန်)မှာ သူရဲ့ ယောက်ဖဟောင်း (ဇနီးဟောင်းရဲ့မောင်) ဗာနွန် (Johnny Whitworth) နဲ့ မထင်မှတ်ဘဲ ပြန်တွေ့ခဲ့ပါတယ်။
တရားမဝင်ဆေးရောင်းသူအဖြစ် ကြီးပွားနေတဲ့ ယောက်ဖဟောင်း ဗာနွန်က ကိုယ်ရောစိတ်ပါ ညှိုးချုံးနေပုံရတဲ့သူ့ကို ကူညီမယ်ဆိုပြီး NZT-48 ဆိုတဲ့ ဆေးလေးတစ်လုံး အတင်းပေးခဲ့ပါတယ်။ သာမာန်လူတွေဟာ ဦးနှောက်ရဲ့ ၂၀% ကိုပဲ အသုံးချနိုင်ပေမယ့် ဒီဆေးကတော့ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ရာနှုန်းပြည့် အသုံးချစေနိုင်တယ်လို့ ပြောပါတယ်။ ဆေးကိုသောက်ကြည့်ဖို့ စိတ်အားထက်သန်မှု မရှိလှပေမယ့် အိမ်ပြန်ရောက်တဲ့အခါမှာတော့ သော့ဆွဲထုတ်ရင်းနဲ့ ပါလာတဲ့ ဆေးလုံးလေးကို “တစ်လုံးထဲနဲ့ ဘာမှ မဖြစ်လောက်ပါဘူးလေ”ဆိုတဲ့ စိတ်နဲ့ သူမြိုချပစ်လိုက်ပါတယ်။ ခဏလေးအတွင်းမှာပဲ ဆေးတန်ခိုးကြောင့် သူ့ဦးနှောက်တွေဟာ အင်မတန်ကြည်လင်လာပြီး သူ့တသက် မြင်ခဲ့ဖူးသမျှ မှတ်မိဖူးသမျှတွေဟာ လိုအပ်သလို အစီအရီ ပြန်ပေါ်လာသလို သူ့ရဲ့ အာရုံစူးစိုက်မှုဟာလည်း အင်မတန်အားကောင်း မြန်ဆန်လာတာ တွေ့ရပါတော့တယ်။ (ဒီဆေးဟာ ဦးနှောက်ထဲမှာ သိမ်းဆည်းပြီး ကာလကြာလို့ သာမာန်လူတွေ မေ့သွားတဲ့ (ပြန်ထုတ်ယူနိုင်စွမ်း မရှိတော့တဲ့) မှတ်သားထားသမျှတွေကို စနစ်တကျ ပြန်ထုတ်ယူနိုင်စွမ်း ရှိစေတာမျိုးဆိုတော့ ကွန်ပျူတာ Database ထဲမှာ Data ပေါင်းများစွာ စနစ်တကျသိမ်းပြီး လိုရင်လိုအပ်သလို ပြန်ထုတ်နိုင်တာနဲ့ အလားသဏ္ဍာန်တူတယ်လို့ ထင်မိပါတယ်)။ ဒီလို ဦးနှောက်စွမ်းရည်နဲ့ လူ့ဆင်ခြင်ဥာဏ်တွေ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ သူဟာ အချိန်ပိုင်းအတွင်းမှာ အင်မတန်ထက်မြက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ လူနောက်တစ်ယောက်လိုမျိုး အပြောင်းလဲကြီး ပြောင်းလဲသွားပါတော့တယ်။ အမြဲတမ်းရှုပ်ပွနေတဲ့ သူ့အိမ်ကို အရာရာ စနစ်တကျဖြစ်အောင် ဆက်တိုက်စီရီ ရှင်းလင်းလိုက်သလို သူရေးရမယ့် စာအုပ်အတွက်လည်း အတွေးတွေ အစီအရီရပြီး တညထဲနဲ့ စာမျက်နှာပေါင်းများစွာ ရေးထုတ်လိုက်ပါတယ်။ နောက်တနေ့ မနက်နိုးလာတဲ့ အခါမှာတော့ ဆေးရဲ့ အစွမ်ဟာ တစ်ရက်ပဲ ခံတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါပေမယ့် ဆေးကို အကြိုက်ကြီးကြိုက်တဲ့လောဘ သူ့မှာ ရှိနေခဲ့ပါပြီ။
ဆေးထပ်ရရေးအတွက် ဗာနွန်ဆီ ထပ်သွားတော့ ဗာနွန်ကို (ဘယ်သူ့လက်ချက်မှန်း မသိဘဲ) အသတ်ခံရတာနဲ့ ကြုံပါတယ်။ ဒါပေမယ့် ရဲတွေရောက်မလာခင်မှာဘဲ ဗာနွန်ဖွက်သိမ်းထားတဲ့ ဆေးအထုပ်လိုက်ကြီးကို သူရသွားပါတော့တယ်။ အဲဒီကစလို့ ဆေးတွေ ဆက်တိုက်သောက်ဖြစ်တဲ့ အက်ဒီတစ်ယောက် ဘဝအသစ်ကို စခဲ့ပါတော့တယ်။ စာအုပ်ကို ၄ ရက်နဲ့ အပြီးရေးပြီးတဲ့နောက် စာရေးခြင်းကို စွန့်လွှတ်ပြီး Stock Market နယ်ပယ်ထဲ ဝင်ရောက်တဲ့အခါ နေ့ချင်းညချင်း (Stock Market သမိုင်းမှာ မရှိခဲ့ဖူးတဲ့ နှုန်းနဲ့) ချမ်းသာလာသလို သူ့အပေါ် သံယောဇဉ်မကုန်သေးတဲ့ ချစ်သူဟောင်း လင်ဒီနဲ့လည်း ပြန်ဆက်မိသွားခဲ့ပါတယ်။ ထင်ပေါ်လို့ စင်တော်ကောက်ခံရတယ် ဆိုသလို စီးပွားရေးနယ်ပယ်မှာ သြဇာအာဏာကြီးတဲ့ လုပ်ငန်းရှင် ကားလ်ဗန်လွန်း Carl Van Loon (Robert DeNiro) ကလည်း သူ့ကို အနီးကပ်အကြံပေးဖို့ အလုပ်ခန့်ခဲ့ပါတယ်။
ဒီလိုအောင်မြင်တဲ့ဘဝသစ်ကို ရလာတဲ့ အက်ဒီအတွက် အရာရာဟာ ပန်းခင်းလမ်း မဟုတ်တာတော့ အသေအချာပါ။ NZT-48 ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ဗာနွန်ဆေးရောင်းခဲ့တဲ့ ဖောက်သည်ဟောင်းတွေ၊ ဆေးရဲ့အစွမ်းကိုသိပြီး လိုချင်သထက် လိုချင်လာသူတွေဟာ အက်ဒီ့ကို စပြီး ဒုက္ခပေးလာပါတော့တယ်။
Limitless က စင်ကာပူမှာတော့ ရုံတင်ဆဲဖြစ်တာကြောင့် သွားကြည့်ဖို့ ပြင်နေဆဲသူတွေ အရသာမပျက်အောင် ဇာတ်လမ်းအဆုံးသတ်ကို ပိတ်ကားပေါ်မှာပဲ ဆက်ရှုစားပါလို့ ပြောပါရစေနော်း) ဒီဇာတ်ကားမှာ အက်ဒီအဖြစ် သရုပ်ဆောင်တဲ့ မင်းသား Bradley Cooper ရဲ့ သရုပ်ဆောင် အရည်အသွေးကိုလည်း တော်တော်သဘောကျမိပြီး ဒီကားက သူ့ကို ပိုခိုင်မာတဲ့နေရာတစ်ခု ရစေလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီးတော့ ကျွန်မရခဲ့တဲ့ Message တွေကတော့…
၁) ဇာတ်ဝင်ခန်းတစ်ခန်းထဲမှာ အက်ဒီရဲ့ချစ်သူ လင်ဒီဟာ သူ့နောက်ကို ဆေးလိုချင်လို့ ဓားတစ်ချောင်းနဲ့သတ်ဖို့ စိတ္တဇ ဆန်ဆန် လူတစ်ယောက်လိုက်လာတဲ့အခါ ကြောက်လန့်တုန်လှုပ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း အက်ဒီဖုန်းထဲကပြောသလို ဆေးကို သောက်လိုက်ပါတယ်။ အဲဒီအခါ ဦးနှောက်တွေ ကြည်လင်ရှင်းလင်းလာပြီး ဘယ်လမ်းကြောင်းကနေ ပြေးရမယ် ဆိုတာတွေ သိမြင်လာသလို၊ အဲဒီလမ်းကြောင်းအတိုင်း တခြားဘာမှ မတွေးဘဲ ရဲရဲရင့်ရင့် ခုန်ပျံကျော်လွှားပြီး ထွက်ပြေးခဲ့ပါတယ်။ ဒီနေရာမှာ နားလည်မိတာက ကျွန်မတို့တွေဟာ အခက်အခဲကြုံတဲ့အခါမှာ စိတ်ခံစားမှုတွေ၊ ကြောက်ရွံ့တုန်လှုပ်မှုတွေ ကြောင့် ပြဿနာရဲ့ အဖြေကို ဖြေရှင်းနိုင်စွမ်း မရှိကြဘူးဆိုတာပါ။ ကိုယ့်အကြောက်တရားတွေ ခံစားချက်တွေကြောင့် ရှိနေတဲ့ လမ်းတွေ၊ လုပ်နိုင်တဲ့ လုပ်သင့်တာတွေကို လုပ်ဖို့ မစဉ်းစားနိုင် ဖြစ်နေကြတယ်လို့ မြင်မိပါတယ်။ ဇာတ်လမ်းထဲမှာတော့ NZT-48 ကြောင့်ပေမယ့် လက်တွေ့မှာလည်း စိတ်ကို တည်ငြိမ်အောင်ထားနိုင်ရင် ပြဿနာတွေ၊ အကျပ်အတည်းတွေ တော်တော်များများကို ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကျော်လွှားနိုင်တဲ့ သဘောတရားကို မြင်မိပါတယ်။
၂) ဆေးသောက်ပြီး နောက်တရက် အိပ်ယာက နိုးလာတဲ့အခါ လင်ဒီက ဆေးကို ထပ်မသောက်ချင်ကြောင်းပြောပြီး ဆက်ပြောတဲ့ စကားလေးကလည်း မှတ်သားစရာပါ။ “ဒီဆေးသောက်ပြီးတဲ့အခါမှာ ငါဘယ်တုန်းကမှ လုပ်နိုင်မယ်လို့ မထင်ခဲ့တဲ့ အရာတွေအများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် (ဒါတွေဟာ) ငါမဟုတ်ဘူးလေ” တဲ့ (အတိအကျ အမှတ်မိလို့ မှတ်မိသလို ဘာသာပြန်ရေးလိုက်ပါတယ်)။ ဒီစကားလေးက တစုံတခုရဲ့ ပံ့ပိုးမှုကြောင့် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကိုယ့်ရဲ့ တကယ့်အစစ်အမှန်မဟုတ်ရင် ဘယ်အရာမှ အဓိပ္ပါယ်မရှိဘူးဆိုတာကို ပြသနေသလိုပါပဲ။ လင်ဒီဟာ တခြားသုံးစွဲဖူးသူတွေနဲ့ မတူဘဲ ဒီဆေးအပေါ်မှာ ဖြစ်လာနိုင်တဲ့ လောဘကို တည်တည်ငြိမ်ငြိမ် ချိုးနှိမ်နိုင်ခဲ့သူပါ။
၃) နောက်တခုက NZT-48 ကို သုံးတဲ့သူဟာ အက်ဒီတစ်ယောက်ထဲ မဟုတ်ဘဲ ဗာနွန်ရဲ့ တခြားဖောက်သည်တွေလဲ ရှိသေးတယ်လို့ ဇာတ်လမ်းထဲမှာ ပါပါတယ်။ အဲဒီထဲမှာမှ အက်ဒီဟာ သမ္မတလောင်းအရွေးခံဖို့အထိ ခရီးပေါက်ခဲ့ပြီး အအောင်မြင်ဆုံးဖြစ်တယ်လို့ တွေ့ရပါတယ်။ ဒီဆေးကိုပဲ အတူတူသောက်တဲ့နေရာမှာ အက်ဒီကဘာလို့ ပိုထူးချွန်ရတာလဲလို့ ပြန်တွေးကြည့်ရင် သူဟာ ဆေးစွမ်းပြနေချိန်မှာ ဆေးစွမ်းကို မှီခိုနေရုံတင်မကဘဲ ကိုယ်တိုင် မပြတ် ဖတ်မှတ်လေ့လာ နေခဲ့ပါတယ် (ဥပမာ - ဘာသာစကားအသစ်တွေ လေ့လာပြီး ရက်ပိုင်းနဲ့ တတ်သွားတာမျိုး၊ လုပ်ရမယ့် ကိစ္စတွေအတွက် လိုအပ်တာတွေ မပြတ်ဖတ်ရင်း လေ့လာနေတာမျိုး)။ ပြီးတော့ အက်ဒီဟာ ဒီဆေးအစွမ်းကိုသုံးပြီး တိုးတက်ကြီးပွားကြောင်းကို မှန်ကန်သော သမ္မာအာဇီဝနည်းနဲ့သာ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ဒီပစ္စည်းတစ်ခုထဲကပဲ မှန်ကန်စွာ အသုံးချတတ်တဲ့လက်ထဲ ရောက်သွားရင် ပိုပြီး အစွမ်းထက်နိုင်တယ်ဆိုတာ တွေ့ရသလို၊ ဘယ်နေရာမှာမဆို တကယ်တမ်း အောင်မြင်ဖို့အတွက် ဘေးကပံ့ပိုးမှုအပြင် ကိုယ့်အစွမ်းအစလည်း မရှိမဖြစ် လိုအပ်တယ်ဆိုတာ မြင်သာပါတယ်။ သူ့လောဘအတွက် ဒုက္ခရောက်ရတာတွေလည်း ရှိပေမယ့် အသုံးချတတ်တဲ့ အက်ဒီအတွက်တော့ သူပြောသွားတဲ့ “A tablet a day and I was limitless” ဆိုသလို တကယ်ကို Limitless ဖြစ်ခဲ့ပါတယ်။
၎) နောက်ဆုံးတချက်တော့ NZT-48 ရဲ့ ကြောက်စရာ ဘေးထွက်ဆိုးကျိုးပါ။ ဒါကလည်း ဘယ်လောက်ပဲ အစွမ်းထက်တဲ့ ပစ္စည်းဖြစ်နေပါစေ ပုံမှန်သဘာဝထက် လွန်ကဲလာရင် သူနဲ့အတူ အန္တရာယ်လည်း ကပ်ပါလာနိုင်တယ်ဆိုတဲ့ သင်ခန်းစာလေးပါ။
ဒါရိုက်တာ Neil Burger ရဲ့လက်ရာ Limitless ဟာ ယုတ္တိသိပ်မတန်တဲ့ တချို့အချက်ကလေးတွေ (ဥပမာ - ဆေးသောက်ပြီး စက္ကန့်ပိုင်း အတွင်းမှာပဲ လျင်လျင်မြန်မြန် ဆေးစွမ်းပြလာတာမျိုး) ကလွဲရင် တော်တော်လေး စိတ်ဝင်စားစရာကောင်းပြီး ရုပ်ရှင်ကြိုက်သူများ ကြည့်သင့်တဲ့ ကားကောင်းတစ်ကားလို့ပဲ ဆိုချင်ပါတယ်။
ရုပ်ရှင်ရဲ့ Trailer ကို အောက်မှာကြည့်နိုင်ပါတယ်း) စင်္ကာပူမှာတော့ NC-16 အဆင့်သတ်မှတ်ထားပါတယ်။
References & Image Taken From:
http://en.wikipedia.org/wiki/Limitless
http://www.imdb.com/title/tt1219289


စိတ်ဝင်စားစရာနော်၊
ReplyDeleteအစ်မ အပြုံးပန်း ◄ ဟုတ်တယ် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်ပါ အစ်မရေ...း)
ReplyDeleteကောင်းတယ်ဗျာ.....ကျေးဇူး
ReplyDeletewin ◄ စာလာဖတ်တာလည်း ကျေးဇူးပါး)
ReplyDeleteဟော..သူသူတို့ကလုပ်ပြီ..တို့လို့တန်းလန်းဖြစ်အောင်..(you leave me hanging nyalay haha-haha)
ReplyDeletescream4 ကြည့်မလားလို့စဉ်းစားနေတာ ကြေညာအားကောင်းလို့ Limitless ပြောင်းကြည့်ဖြစ်မလားပဲ..ရုပ်ရှင်ရီဗျူးအတွက်ကျေးဇူးနော် ညလေး :))
ချစ်တဲ့
ပန်းချီ
မမပန်းချီ ◄ အကုန်ရေးရင် တကယ်သွားကြည့်တဲ့အခါ အရသာတွေ ပေါ့သွားမှာစိုးလို့ မရဲ့... ဟုတ်တယ် Limitless ပဲကြည့်နော်... Scream 4 ကြီးက ကြောက်စရာ ;) (ထပ်မံကြောငြာသည်း))
ReplyDeleteမမရေ ကျေးဇူးပါနော်....
ReplyDeleteကောင်းသောနေ့လေးဖြစ်ပါစေ...ရှင်။
ညီမလေး Angelhlaing ◄ ကောင်းသောနေ့လေး ဖြစ်ပါစေး)
ReplyDeleteအဲဒီဆေး၃လုံးလောက်ရရင်ကောင်းမယ်ဗျ။
ReplyDelete၃ ရက်အတွင်း ထမင်းမစားဘဲ စာ အပုဒ် ၈၀ လောက် ထိုင်ရေးပစ်လိုက်ချင်လို့း)
ကိုမြစ်ကျိုးအင်း ◄ ကိုမြစ်ကျိုးအင်းအတွက် အဲဒီလို ဆေးလိုလို့လားး) ဆေးမသောက်ထားလည်း စာကောင်းတွေ အများကြီးရေးထွက်မှာ သေချာပါတယ်...
ReplyDeleteမရွှေပြည်သူ
ReplyDeleteခရီးထွက်နေလို့ ရုပ်ရှင်ရီဗျူး အခုမှလာဖတ်ရတယ် ။ အဲဒီဆေးမျိုး ၂ လစာ လောက်လိုချင်လိုက်တာ။ မေလ နဲ့ ဇွန်လ အတွက်လေ ။ ဘာလို့လဲဆို တော့ ဇွန်လမှာ စာမေးပွဲ ၊ အလုပ်က တစ်ဖက် နဲ့ဆို တော့ Energy တွေပြည့်ပြီး စာကျက်ချင်စိတ် အပြည့် ၊ အလုပ်လုပ်ချင်တဲ့ စိတ်အပြည့် ဖြစ်နေအောင်လို့း))
အဝေးတစ်နေရာက Anonymous
အဝေးတနေရာက Anonymous ◄ အလုပ်တဖက်နဲ့ ကျောင်းတက်ရတာတောင် မလွယ်ပါဘူးး) အဲဒါကို လုပ်နိုင်တဲ့သူဆိုတော့ ဒါမျိုးဆေးမလိုဘဲ ကိုယ့်ဘာသာ အားလုံးကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်း) စာမေးပွဲကို အကောင်းဆုံး ဖြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်...
ReplyDeleteကောင်းလိုက်တဲ့ Movie Review...ဘူနဲ့တွားကြည့်တာတုန်းကွ....ဟေ....:P
ReplyDeleteတကားလုံးမှာအကြိုက်ဆုံးက လင်ဒီပြောတဲ့ "ဒါတွေဟာ ငါမဟုတ်ဘူးလေ" ဆိုတဲ့ စကားလေး...
သိပ်တော့မဆိုင်ပေမယ့် Bruno Mars ရဲ့ Just the way you are ဆိုတဲ့သီချင်းလေးညည်းပြီး comment လေးရေးသွားပါတယ်....
MK
MK ◄ ဟိုခပ်ချောချော ကောင်မလေးနဲ့ သွားကြည့်တာလေး)) သူနဲ့သွားကြည့်လို့ Movie Review က ပိုကောင်းတာ ဖြစ်မှာ... “ဒါတွေဟာ ငါမဟုတ်ဘူးလေ” ဆိုတဲ့စကားက သူပြောလို့ သတိထားမိသွားတဲ့ Message လေးပေါ့း)
ReplyDelete♫♪ Cause you're amazing... Just the way you are... ♫♪ ;)
ညီမရေ...မဇွန်က စောစောကပဲ Source Code ကြည့်ပြီး ပြန်လာတာ။ အရမ်းကောင်းတာပဲ။ ကားအစအဆုံး ဇာတ်ကားထဲမှာပဲ အာရုံနစ်ဝင်သွားတာ။ ညီမမကြည့်ရသေးရင် ကြည့်ဖို့ တိုက်တွန်းတယ်။ ကြည့်ပြီးသွားတာတောင်မှ စိတ်ထဲမှာ အတွေးတွေနဲ့ ကျန်နေရစ်ခဲ့တာ။
ReplyDeleteLimitless တော့ မကြည့်ရသေးဘူး။
အစ်မဇွန် (ဇွန်မိုးစက်) ◄ Source Code ကို သူငယ်ချင်းကလည်း ကြည့်ချင်တယ်လို့ ပြောနေတယ်။ အစ်မဇွန်ညွှန်းတော့ သွားကြည့်ဖြစ်အောင် ကြည့်ရဦးမယ်း)
ReplyDelete"ဒါပေမဲ့ ( ဒါတွေဟာ ) ငါမဟုတ်ဘူးလေ" ဆိုတဲ့စကားကို ကျနော်လည်း ကြိုက်ပါတယ်။ အင်း.. ဒီမှာလည်း အကြွေးတွေ ပတ်ချာလည်ဝိုင်းနေလို့ NZT-48 သောက်ပြီး ဖြေရှင်းကြည့်ချင်လိုက်တာ။
ReplyDeleteAnonymous ◄ မလုပ်လိုက်ပါနဲ့ Anonymous ရေး) NZT-48 က ရုပ်ရှင်ထဲမှာသာ ကြည့်လို့ကောင်းတာပါ... တကယ်သာ အပြင်မှာရှိခဲ့ရင် သူ့ Side Effect ကြောက်စရာကောင်းတာနဲ့ပဲ ဘယ်သူမှ မသောက်သင့်တဲ့ဆေး ဖြစ်လာမှာပါး)
ReplyDeleteအဲဒီဆေးလုံးလေးပဲ သဘောကျတယ်ဗျာ စမ်းသောက်ကြည့်ချင်လိုက်တာ ကျနော့ဦးဏှောက်ဘယ်လောက် စွမ်းရည်တွေတက်လာလိုက်မလဲလို့ တခါတစ်လေစိတ်ဓာတ်တွေကျနေတဲ့အချိန်ဆိုအခန်းတံခါးပိတ်အိပ်နေချင်တော့တာပဲ လူတွေနဲ့အထူးသဖြင့်သူငယ်ချင်းတွေနဲ့အဲဒီချိန်တွေမှာတွေ့ရမှာကြောက်တယ်အမှားယွင်းတွေလုပ်မိ အခင်မင်တွေပျက်ကုန်နားလည်မှုတွေလွဲကုန်မှာကြောက်လို့လေ
ReplyDeleteကို laminmaung ◄ တကယ်တော့ ဒီလို သဘာဝလွန်ဆေးတွေက (တကယ်ရှိခဲ့ရင်လည်း) အပေါ်မှာ ကျွန်မရေးခဲ့သလို ဘေးထွက်ဆိုးကျိုးတွေက ကြီးမားပြင်းထန်လွန်းပါတယ်။ စိတ်ဓာတ်ကျတဲ့ အချိန်တွေအတွက် ဓမ္မဆေး ဘာဝနာဆေးသာ အကောင်းဆုံးဆိုတာ ဘာသာရေးအဆုံးအမနဲ့ နေတဲ့ ကို laminmaung က ပိုသိမှာပါ။ စိတ်ချမ်းမြေ့ပါစေ။
ReplyDelete