သိင်္ဂါရရေစင်
“မဏ္ဍပ်ပြီးခါနီးပြီလား…”
“အင်း…”
“ငါ ဘာကူလုပ်ပေးရဦးမလဲ…”
“ဟာ ရတယ် နေပါ… ခက်တို့လည်း ကူနေတာပဲ…”
“သြော်…”
“မျက်နှာက ဘာဖြစ်သွားတာလဲ…”
“ဘာဖြစ်လို့လည်း… ဒါပေမယ့် ငါနှစ်တိုင်း ကူလုပ်ပေးနေကျပဲ…”
“အင်းပါ... ဒါပေမယ့်…”
“အိမ်ပြန်တော့မယ်…”
“ဟင်… အခုလား…”
“အင်း….”
“ဟာ နေဦးလေ…”
“…………………..”
“အာ…”
==================================================================
သင်္ကြန်မှာ လူတစ်ယောက်နဲ့ တစ်ယောက် ရေလောင်းကြတာ ဘာများဆန်းသလဲနော်…
ဒီလိုပဲ သူမ သူ့ကို ရေလောင်းတာလည်း ဘာမှဆန်းမှာမဟုတ်…
“ဟုတ်တယ်”
စိတ်ထဲမှာ တိုးတိုးရွတ်ပြီး ကိုယ့်ဘာသာအားပေးရင်း လက်ထဲက ဖလားလေးကို ပိုပင့်လိုက်မိတော့ သူမလက်တွေ တုန်နေပြန်သည်။ သူမ တသက်ကြုံခဲ့ဖူးသမျှ သင်္ကြန်တိုင်း သူ့ကို ရေပက်ခဲ့ဖူးသည်ချည်းသာ။ ဘာဆိုဘာမှ မဆန်း။ ဒီနှစ်ကျမှ သူမ ဘာတွေ စိတ်လှုပ်ရှားနေရတာလဲ။ ဒီနေ့အတက်နေ့… ဒီနေ့မှ မပက်ဖြစ်ရင် ဒီနှစ်သူ့ကို ရေပက်လိုက်ရမှာ မဟုတ်တော့...
သူတို့ မဏ္ဍပ်က သူမတို့အိမ်ရှေ့တည့်တည့်မှာ။ သူတို့ရပ်ကွက်ထက် အကွက်အကွင်းပိုကောင်းတဲ့ သူမတို့ရပ်ကွက်မှာ အိမ်ရှေ့အိမ်နဲ့ ညှိယူပြီး သူတို့နှစ်တိုင်း မဏ္ဍပ်လာဆောက်တတ်သည်။ ဒီနှစ်လည်း ခါတိုင်းလိုပဲ သူတို့ မဏ္ဍပ်လုပ်ဖြစ်ပေမယ့် သူမကတော့ ခါတိုင်းနှစ်တွေလို အကြိုနေ့ကနေ အတက်နေ့ မဏ္ဍပ်ဖျက်တဲ့အထိ မဏ္ဍပ်က တဖဝါးမှ မခွာသူ မလုပ်ဖြစ်တော့။ သီချင်းသံတွေ လူသံတွေ ဘယ်လောက်ကြားကြား မသွားဘဲ နေနိုင်တာကိုပဲ ကိုယ့်ကိုယ်ကို အံ့သြနေမိသည်။ ဘာကြောင့် မသွားချင်လဲဆိုတာလဲ နားမလည်။ သင်္ကြန်မတိုင်ခင် ဟိုတညနေ ကြောင့်များလား… သူမ စိတ်ကောက်နေမိတာလား။ မဟုတ်သေးပါဘူး… သူမ စိတ်ကောက်တတ်သူလည်း မဟုတ်ပြန်ပါ။
အကျနေ့ညနေတုန်းက သူမအိမ်ထဲကို သူ အိမ်ရှေ့ပလက်ဖောင်းပေါ်ကနေ လှမ်းကဲကြည့်နေတာ ခန်းဆီးနောက်က မြင်လိုက်ရသည်။ မျက်ခုံးထူတန်းတန်းတွေ အောက်က သူ့မျက်လုံးတွေကို သေချာသရုပ်မခွဲတတ်ပေမယ့် စိတ်ထဲမှာ ဘာမှန်းမသိတဲ့ အရာတစ်ခု ဖြတ်ပြေးသွားသလိုပင်…။ အဲဒီနေ့ကစလို့ သူမ သူ့ကို ရေလောင်းချင်နေခဲ့မိသည်။
အဲဒီနောက်ပိုင်းရက်တွေ သူ့အရိပ်ကို မတွေ့ရတော့။ မဏ္ဍပ်မှာ တကယ်ပဲ အလုပ်ရှုပ်နေလို့လား။ မူးပဲ မူးနေလား။ ခက်နဲ့ပဲ ပျော်နေလေသလား… အတွေးပေါင်းစုံက သူမကို နှိပ်စက်သထက် နှိပ်စက်လာတုန်း… သတိထားမိတော့ သူမ အိမ်ရှေ့ပလက်ဖောင်းပေါ်တောင် ရောက်နေခဲ့ပြီ။ ကားလမ်းတဖက် မဏ္ဍပ်က ထွက်နေတဲ့ ရေတန်းမှုန်ဝါးဝါးတွေကြားမှာ သူ့ကို ရှာမိသည်။ မတွေ့။ ကားလမ်းဖြတ်ပြီး မဏ္ဍပ်ဘေးရောက်တော့ ရေပက်နေသူတွေ ကြားမှာ… သီချင်းနဲ့ ခုန်ပေါက်နေသူတွေကြားမှာ… သူမ ခေါင်းတွေခြာခြာလည်ရင်း သူ့ကို ရှာမိသည်။ သူမ ခေါင်းတွေ မူးလုလု ဖြစ်လာသည်အထိ မတွေ့တော့ ဖလားလေးပိုက် မတ်တပ်ရပ်ရင်း အားငယ်လာသည်။
“နွေ…”
နောက်နားဆီကလိုလို ခေါ်သံကြားလို့ ကြည့်လိုက်တော့… သူ။ မျိုးပိုင်တို့နဲ့ စကားရပ်ပြောနေပုံရသည်။ လက်ကလေးပိုက်ရင်း သူမကို အံ့အားသင့်သလို ကြည့်နေသည်။ သူမ မျှော်လင့်ထားသလောက်လဲ သူရေတွေ စိုမနေပါ။ သူမ ကြောင်ကြည့်နေတုန်း သူ ခပ်သွက်သွက် လျှောက်လာသည်။
“နေကောင်းရဲ့လား…” နွေးထွေးတဲ့ သူ့အသံအကြားမှာ ဘာကိုမှန်းမသိ သူမ ဝမ်းနည်းလာသည်။ သူမ ခေါင်းကို ငြိမ့်ပြလိုက်သည်။
“ပျောက်နေလို့ နေများမကောင်းဘူးလားလို့”
သူက တချက်ပြုံးကြည့်ပြီး ပိုက်တွေဘက် မေးထိုးပြရင်း…
“ပက်မလား…”
“မပက်ဘူး… ဟို… ပက်မယ်…” ပြောလည်းပြော ဖလားကိုလည်း မြှောက်ပြလိုက်တော့ သူနားမလည်သလို ကြည့်သည်။
“ဖလားနဲ့ ပက်မလို့? ကားတွေကို? နင် တကယ်နေကောင်းရဲ့လား…”
သူပြောပြောဆိုဆို ထင်မှတ်မထားဘဲ သူမနဖူးကို ဖြတ်ကနဲ လှမ်းစမ်းသည်။ သူမ မရှောင်မိ။ ကတုန်ကယင်နဲ့ ပါးစပ်ထဲ တွေ့ကရာသာ ပြောချမိသည်။
“ငါက နင်မူးနေပြီထင်တာ…”
သူ့လက်တွေ ရုတ်သွားပြီး…
“မမူးပါဘူးဟာ။ သင်္ကြန်ကို မူးရူးပြီး ဖြတ်ကျော်တဲ့သူတွေကို အထင်သေးတဲ့သူ ရှိလို့…” သူပြုံးစစနဲ့ပြောတော့…
“ဘယ်သူ… အို…” သူမ မေးမယ်ပြင်ပြီးမှ ပြီးခဲ့တဲ့နှစ် သူမူးနေတုန်း သူမဘေးက ပွစိပွစိထိုင်ပြောခဲ့တာကို အမှတ်ရပြီး ရှက်သလိုလိုစိတ်နဲ့ ခေါင်းငုံ့လိုက်မိပြန်သည်။
“မဏ္ဍပ်ကိုလည်း ကိုကြီးဖြိုး မရှိတော့ ငါပဲ ကြည့်နေရတာ။ ရေတောင် မဆော့ဖြစ်ဘူး။ ဟိုအပေါ်ကို တက်ကိုမတက်ဖြစ်တာ။ စင်ဘက်ကို မင်းနောင်ကို တာဝန်ပေးထားတယ်”
သူမေးထိုးပြရာ လိုက်ကြည့်တော့ ရေပက်တဲ့စင်ပေါ်မှာ ခက်နဲ့ ပိုက်တစ်ချောင်းထဲ အတူပက်နေတဲ့ မင်းနောင်ဆိုသူကို တွေ့လိုက်ရသည်။
“ဟင်… အဲဒီမင်းနောင်ဆိုတဲ့တစ်ယောက်က ခက်နဲ့…”
“အင်းလေ… အခုမှ ဘာတွေ တရေးနိုးနေတာလဲ။ လူတိုင်းသိတဲ့ ကိစ္စကို…” သူ ရယ်ဟဟလေးပြောတော့ သူမ ရင်ထဲကို အပျော်တွေစီးဝင်သွားလိုက်ပုံများ ကိုယ့်ဘာသာတောင် ရှက်မိသွားသည်။ သူက ပြုံးစိစိမျက်နှာပေးနဲ့ အသံနှိမ့်ရင်း…
“သိတဲ့အတိုင်း ခက်က ငပျင်းလေး။ မင်းနောင် မျက်နှာကြောင့် ဒီနှစ် မဏ္ဍပ်ကိစ္စတွေ ကူလုပ်ပေးနေတာ။”
သူမ အသံထွက်ရယ်ရင်း ခေါင်းငြိမ့်တာကို ပြုံးကြည့်ရင်း သူဆက်ပြောသည်…
“နင့်ကို မကူခိုင်းတာ အန်တီမွန်က နင်ဖျားသေးတယ်လို့ ပြောနေတာ ကြားမိလို့ပါ။ မဏ္ဍပ်ဆောက်တာ ကူရင်း နင် ပင်ပန်းလို့ ထပ်ဖျားရင် တကယ့်သင်္ကြန်မှာ ရေမဆော့နိုင်တော့မှာ စိုးလို့…။ အဲဒီနေ့က စိတ်ဆိုးသွားတာလား”
သူ့အသံက တိုးလျပြီးနူးညံ့လွန်းနေသည်။ သူ စကားကို အဲဒီလို နူးနူးညံ့ညံ့ ပြောတတ်မှန်းတောင် သူမ မသိခဲ့။ သူမ ခေါင်းကိုသာ ခါပြမိသည်။ ရင်ထဲမှာလည်း တုန်ရင်နေသည်။
“ငါ… နင့်ကို ရေပက်မလို့လာတာ…” သူမ ခပ်တိုးတိုးပြောတော့ သူက လက်ထဲကဖလားကို ဆွဲယူရင်း…
“သင်္ကြန်ရေဆိုတာ ကျန်းမာရေးအတွက် ကောင်းတယ်တဲ့။ နင်က ပိုလိုအပ်တယ်။ ငါပဲ နင့်ကို ပက်မယ်… ဖြစ်လား...”
သူ့ကို ပက်ချင်နေတဲ့သူမ... ရုတ်တရက် ဘာဖြေရမှန်းမသိဘဲ ကြောင်အမ်းအမ်းနဲ့ မော့ကြည့်တော့ သူ သူမ မျက်လုံးတွေကို ချိုမြစွာ စိုက်ကြည့်ရင်း…
“နောက်နှစ်တွေ ပုန်းမနေနဲ့တော့နော်…” သူ့စကားအဆုံးမှာပဲ ပုခုံးပေါ်ကနေ တငြိမ့်ငြိမ့်နဲ့ အေးမြမြလေး စီးကျလာတဲ့ သင်္ကြန်ရေရဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။ ကြည်နူးမှုတို့နဲ့ သူမမျက်လုံးတွေ ခဏမိတ်လိုက်မိသည်။
အို ပိတ်ထားတဲ့ သူမ မျက်လုံးထဲမှာတောင် ကောင်းကင်ကြီးကလည်း ပိုပြာလို့၊ ပိတောက်တွေကလည်း ပိုဝါလို့… သင်္ကြန်ဟာ အတောက်ပဆုံးအရောင်အဆင်းနဲ့ ဝင်းဝင်းပပ အလှကြီးလှနေလိုက်တာကွယ်…
ရွှေပြည်သူ
(12:18 AM ~ 16-Apr-2010)
သင်္ကြန် Mood ဝင်နေလို့ သင်္ကြန်ဇာတ်လမ်းလေး နောက်တစ်ပုဒ် ရေးချဖြစ်သွားပါတယ်း) ဇာတ်လမ်းက ရိုးစင်းပြီး ဖတ်ရတာ ပျင်းစရာဖြစ်နေရင် ခွင့်လွှတ်ပေးကြပါနော်။ ကြိုးစားပြီး ရေးထားတာဖြစ်ပေမယ့် ဒီဇာတ်လမ်းရေးတဲ့အချိန်မှာ ခေါင်းက မကြည်မလင်ဖြစ်နေလို့ပါ (ကိုယ့်ဘာသာ ညံ့ရင်ညံ့တယ် မပြောဘဲ လျှောက်ပြီး အယူခံတွေဝင်နေတား))
၂၀၀၉ ခုနှစ်သင်္ကြန်တုန်းက ရေးခဲ့တဲ့ “ပိတောက်ပွင့်ချိန်” ဆိုတဲ့ သင်္ကြန်ဇာတ်လမ်းလေးကိုလည်း ဒီမှာ သွားရောက်ဖတ်ကြည့်နိုင်ပါတယ်း)


ဒီသင်္ကြန်ဇာတ်လမ်းလေးတော့ ဖတ်ရတာ ကြည်နူးဖို့ကောင်းတယ် ။ လွမ်းစရာသင်္ကြန်ဇာတ်လမ်းမရှိပေမဲ့ ဘာကိုလွမ်းရမှန်းမသိဖြစ်သွားတယ်။
ReplyDeleteရွှေပြည်ဝေးသင်္ကြန်မှာ သင်္ကြန်ဇာတ်လမ်းလေးတွေရေးပေးတဲ့ မရွှေပြည်သူ ကိုကျေးဇူးအရမ်းတင်ပါတယ် ။
အဝေးတစ်နေရာက Anonymous
မရိုးပါဘူး၊
ReplyDeleteချစ်စရာ့ ရသကို
ရွှေပြည်သူရဲ့ ဇာတ်ကောင်တွေဆီမှာ အမြဲတွေ့ရတယ်၊
ကိုယ် ငယ်ငယ်တုန်းက စိတ်ကူးယဉ်ဖူးတဲ့ ဇာတ်ကောင်တွေကို ဖော်ကျူးပြလိုက်သလို ခံစားရတယ်၊
အဝေးတနေရာက Anonymous ◄ အမြဲတမ်းစာတွေဖတ်ပြီး အားပေးတဲ့အတွက်လည်း ကျွန်မက ကျေးဇူးတင်ပါတယ်နော်း)
ReplyDeleteအစ်မ အပြုံးပန်း ◄ အစ်မက မရိုးဘူးဆိုလို့ ပျော်သွားတယ်။ ဝတ္ထုလေးကို ဖတ်ရှုခံစားပေးတာ ကျေးဇူးတင်ပါတယ် မရေး)
အစ်မရေ သင်္ကြန်ဇာတ်လမ်းလေး ဖတ်ရင်းနဲ့ မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွင် ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
ReplyDeleteခင်မင်လျှက်
တောသားလေး
မောင်လေး တောသားလေး ◄ စာလာဖတ်တာ ကျေးဇူးပါ။ မောင်လေးလည်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံအောင်မြင်တဲ့ နှစ်သစ်ကို ရရှိပိုင်ဆိုင်နိုင်ပါစေနော်။
ReplyDeleteသင်္ကြန်ကို အဲသလိုလေး ခွက်ကလေးနဲ့ အေးအေးဆေးဆေးလောင်းရင်း မုန့်တွေစားရင်း မဏ္ဍပ်ကလေးမှာ ပျော်ရတဲ့အရသာမျိုး ပြန်ခံစားချင်သေးတယ် ။
ReplyDeleteနှစ်သစ်မင်္ဂလာကို ရွှင်ကြည်ချမ်းမြစွာနဲ့ ဖြတ်သန်းနိုင်ပါစေ ညီမရေ... :)))
ကိုလင်းဒီပ ◄ ခံစားပြီး ဖတ်ပေးသွားတာ ကျေးဇူးပါး) ပျော်ရွှင်ငြိမ်းချမ်းအောင်မြင်သော နှစ်သစ်ဖြစ်ပါစေ အစ်ကိုရေ...
ReplyDeleteဒီပို့စ်လေးဖတ်ပြီးတဲ့အချိန်မှာ ပိုပြာတဲ့ကောင်းကင် နဲ့ ပိုဝါတဲ့ပိတောက်ကို မြင်ခွင့်မရှိပေမယ့် မြင်ယောင်လာခွင့်ပေးတဲ့ ပျော်စရာ သင်္ကြန်ဇာတ်လမ်းလေးပါ သူသူရေ..
ReplyDeleteနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..
ချစ်တဲ့.. :)
ပန်းချီ
မမပန်းချီ ◄ အမြဲခံစားပြီး ဖတ်ပေးတာ ကျေးဇူးပါ။ နှစ်သစ်တနှစ်လုံးကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ပါစေး)
ReplyDeleteညီမရေ...အလုပ်တွေများနေလို့ ခုမှရောက်ဖြစ်တယ်။
ReplyDeleteမညံ့ပါဘူးကွယ်၊ အရေးအဖွဲ့က ဒီလောက်ချစ်စရာကောင်းတာ။ ဒီတစ်ခါတော့ ဟက်ပီးအန်းဒင်းပေါ့နော်။း)
ပျော်ရွှင်ကျန်းမာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကွယ်။
ချင်ခင်စွာ
မဇွန်
အစ်မဇွန် (ဇွန်မိုးစက်) ◄ အစ်မရေ အမြဲတမ်း ချစ်သောမျက်စိနဲ့ စာတွေကို ဖတ်ရှုခံစားပေးတာ ကျေးဇူးတင်ပါတယ်။ သင်္ကြန်ဆိုတော့ ဟက်ပီးအန်းဒင်းလေးပဲ ဖြစ်စေချင်လို့ တမင်ကြီးကို အပျော်နေရာလေးမှာ ဘရိတ်အုပ်လိုက်တား)) အစ်မအတွက်လည်း မင်္ဂလာရှိသော ငြိမ်းချမ်းသော နှစ်သစ်ဖြစ်ပါစေနော်...
ReplyDeleteလွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သင်္ကြန်တစ်ခုကိုတောင် ပြန်သတိရမိတယ် အစ်မရေ.. အင်း.. အဲလိုပါပဲ.. :)
ReplyDeleteSunny ◄ ဘာပဲဖြစ်ဖြစ် ချစ်စရာသင်္ကြန်အချိန်လေး ရဖူးတယ်ဆိုတော့ ကံကောင်းတာပေါ့း)
ReplyDelete