Wednesday, April 13, 2011

သင်္ကြန်တမ်းချင်း

သင်္ကြန်အကြိုနေ့…

ညနေတောင် စောင်းလုပြီ…။

မြ အိမ်ရှေ့က ပက်လက်ကုလားထိုင်လေးဘေးကို မှီရင်း ခပ်ကျုံ့ကျုံ့နွဲ့နွဲ့လေး ထိုင်နေသည်။ ဘေးနားက ဓာတ်ပြားစက်ကနေ ကိုနှင်းအောင်အကြိုက် တယောသံချိုအီအီလေး တလွင့်လွင့် ထွက်လို့။ ဆံပင်ထူထဲထဲကို ညာဘက်စောင်းသပ်ချရင်း အိမ်ရှေ့က လူသူမပြတ်လှတဲ့ လမ်းလေးကို ငေးရီရီကြည့်နေသည်။

မနက်က မြို့လယ်မဏ္ဍပ်ရဲ့ စတုဒီသာအတွက် ဒေါ်ဒေါ်အေးတို့နဲ့ ဝိုင်းကူညီခဲ့ရတာ တော်တော်ပန်းသွားသည်။ လက်မောင်းနှစ်ဖက်စလုံး နာလို့။ ဒီထက် ပိုနာရတာက မြ စိတ်နှလုံးရယ်ပါ။


“ဟိုက ပြန်လာမှာ မဟုတ်တာကိုများ ခုထိ တမျှော်မျှော်နဲ့အေ။ မြင်ရတာ စိတ်ကို မချမ်းသာဘူး…”

မကြားတကြားစကားသံ…။ အို… မြယောက်ျားကို မြမျှော်တာ သူတို့ စိတ်မချမ်းသာရလောက်အောင် ဘာများ ထိခိုက်နေလို့ပါလိမ့်ကွယ်။

“အင်း ဝဋ်ကြွေးတွေပေါ့…။ ဟိုက ပစ်သွားတာ ၄ နှစ်တောင် ပြည့်တော့မယ်လေ။ ငါက သနားလို့ ဦးချစ်ကြိုင်ကြီးနဲ့တောင် စပ်ပေးသေးတာ။ အမယ်လေး ငြင်းလိုက်တာများ ပစ်ပစ်ခါခါ။ အားကိုးမလိုဘူး သူ့ဟာသူ ရှာစားနိုင်သတဲ့။ ဟိုက သူ့စည်းစိမ်နဲ့ အပျိုလေးတွေ ပစ်ယူလို့ရတာကို သူမှသူ ဖြစ်နေတာ ကျေးဇူးတောင် တင်ရဦးမယ်”

“သူ့ယောက်ျားကလည်း တခြားမြို့မှာ မိန်းမရသွားသလိုလို ကြားတယ်။ သူ့ကိုတော့ ပြန်မပြောကြနဲ့ပေါ့အေ”

ကရုဏာ သကာဖုံးသလိုလိုနဲ့ မြ မရှိဘူး ထင်ပြီး အမနာပ အားပါးတရ ပြောနေကြတဲ့စကားတွေ။ ဝဲတက်လာတဲ့ မျက်ရည်စကို သုတ်ဖို့၊ နားကို ပိတ်ပစ်ဖို့တောင် လက်တွေက မအား။ နှုတ်ခမ်းပါးပါးကိုသာ ခပ်နာနာ ဖိကိုက်လိုက်ရသည်။

“ဟော မြ… ပေးပေး အလေးကြီးတွေ မ မနဲ့လေ။ ကျွန်တော် ကူသယ်ပေးမှာပေါ့။ သန်းမောင်ကို အားကိုးစမ်းပါ။ ဟဲဟဲ…”

အို ဒီလူ လာပြန်ပြီ။ မြ စိတ်ရှုပ်သွားသည်။

“ရပါတယ် ကိုသန်းမောင်။ မြ နိုင်ပါတယ်။ ဒါက ပေါ့ပေါ့လေးရယ်ပါ။” ပြောလည်းပြော ဝေးရာကိုလည်း လှမ်းအထွက်…

“မြတို့များဗျာ… ကြာလေ လှလေပဲ။ ဘာဆေးတွေများ စားသလဲ မသိဘူး”

မြ အနောက်တည့်တည့်ကနေ ထွက်လာတဲ့ ကိုသန်းမောင် အသံနဲ့အတူ စောစောက မြအကြောင်း ပြောနေကြတဲ့ မဟာကရုဏာရှင်အဖွဲ့ရဲ့ အကြည့်စူးစူးတွေက မြရှိရာကို စုပြုံကျရောက်လာသည်။ မြ အခိုးအငွေ့အဖြစ် ပျံ့လွင့်ပြီး ကိုနှင်းအောင်ရှိရာကိုသာ လွင့်ပါးသွားလိုက်ချင်တော့သည်။

“ဘယ်များ ရောက်နေသလဲ ကိုနှင်းအောင်ရယ်…”

တကယ်တော့ မြကို ကိုနှင်းအောင် မပစ်တာ မြယုံသည်။ သုံးတန်ခူးမြောက်ရင် သင်္ကြန်အမီဆက်ဆက် ပြန်ခဲ့မယ်လို့ သေချာကတိပေးခဲ့တာ မြရင်ထဲမှာ အမြဲရှိသည်။ သုံးနှစ်ကျော်လို့ ၄ နှစ်ပြည့်လုလုအထိ အဆက်အသွယ်တွေ ဆိတ်သုန်းခဲ့ပေမယ့် ဒီနေ့အထိသူပြန်လာမှာကို မြက အကြွင်းမဲ့ ယုံကြည်နေဆဲ။ တနယ်တကျေး အဝေးထွက်ပြီး ဒီလောက်တောင် စီးပွားရှာဖို့ လိုသလားရယ်လို့ ငြိုငြင်စိတ်ကလေး ဝင်မိပေမယ့် ကိုနှင်းအောင်အပေါ် မြတစ်ရက်ကလေးမှ မေတ္တာမပျက်ခဲ့။ လေးနှစ်လေးမိုးအတွင်း အလွမ်းစိတ်နဲ့ တိုးလို့တောင် ချစ်မိသေးသည် ထင်သည်။ ဒါပေမယ့်လည်း ကျောက်ဆိုင်ကျောက်သားများတောင် နှဲ့ပါများရင် ယိုင်တတ်သလို မြ ယုံကြည်မှုတို့လည်း တခါတလေ ဘေးစကားတွေကြောင့် ယိုင်နဲ့ရင်း စိတ်နှလုံးတို့လည်း နာကျင်လှပါပြီ…

“မျှော်ရတာ အမောဆို့လုပြီ ကိုနှင်းအောင်ရယ်။ မြန်မြန် ပြန်လာပါတော့…”

“ဝေး…”

အိမ်ရှေ့က ဖြတ်ပြေးသွားတဲ့ ကလေးလေးတွေ အသံကြောင့် မြစိတ်တို့ ပစ္စုပ္ပန်ကို ပြန်ရောက်လာပြန်သည်။ အိမ်ရှေ့လမ်းကလေးမှာ ကိုနှင်းအောင်ရဲ့ အရိပ်အယောင်လေးကိုသော်မှ မမြင်ရ။ တခါတလေ ကိုယ့်စိတ်ကိုယ် လှည့်စားပြီး မြင်ယောင်ချင်စိတ်ကလေးများတောင် ပေါ်မိသည်။ အမှောင်ထုကတစတစ ကြီးစိုးလာခဲ့ပြီ။ မီးခွက်ကလေး ထွန်းဖို့ မြအသာအယာထတော့ ဓာတ်ပြားစက်ကလေးက ဘာသံမှ မထွက်တော့ဘဲ တရှဲရှဲမြည်နေဆဲ။ မြ ဝမ်းနည်းစိတ်နဲ့ အိပ်ခန်းမှောင်မှောင်လေးထဲကိုသာ တရွေ့ရွေ့ဝင်သွားမိသည်။

==================================================================

သင်္ကြန်ရက်တွေ တစ်ရက်ပြီး တစ်ရက်ကို ဓာတ်ပြားစက် အဟောင်းလေး အဖော်ပြုရင်း မြတိတ်ဆိတ်စွာ ဖြတ်သန်းခဲ့သည်။

==================================================================

သင်္ကြန် အတက်နေ့...

မြ ဝမ်းနည်းအားငယ်စိတ်နဲ့ အိပ်ယာနိုးလာသည်။ ဒီတစ်ရက်ပြီးရင်ဆိုတဲ့ အတွေးကို မြမတွေးရဲ။ နောက်တစ်နှစ်ကို မြဘယ်လို အင်အားနဲ့ ဖြတ်သန်းရမလဲဆိုတာ မမှန်းဆရဲ…။ ကိုနှင်းအောင်ကိုလည်း ဒီနေ့မှ ပိုလို့ လွမ်းမိသည်။ မြနဲ့သူ စဆုံတွေ့ခဲ့တာလည်း ဒီလို သင်္ကြန်အတက်နေ့။ အဲဒီနောက် တစ်နှစ်အကြာ ကိုနှင်းအောင်မေတ္တာကို မြလက်ခံခဲ့တာလည်း ဒီလို သင်္ကြန်အတက်နေ့။ မြ မျှော်လင့်ချက်ကလေး ရေးရေးတော့ ထားချင်ပါသေးသည်။

ကြောက်လန့်အားငယ်စွာနဲ့ ဖြတ်သန်းခဲ့တဲ့ အတက်နေ့လည်း ညနေစောင်းခဲ့ပြီ။ မှုန်ပြပြသာ ကျန်တဲ့ အလင်းအောက်မှာ မီးခွက်လေးထွန်းဖို့တောင် မြမှာ အင်အားမရှိတော့။ ဓာတ်ပြားစက်ကလေးကို ပိတ်ပြီး တံခါးကို ပိတ်ဖို့ပြန်အလှည့်...

“မြ…”

ပက်လက်ကုလားထိုင်နားမှာ မားမားရပ်နေတဲ့ အရိပ်တစ်ခု။ မြ အမြဲတမ်းတ မျှော်လင့်ခဲ့ရတဲ့ သဏ္ဍာန်၊ နောက် အသံ။

“ကိုနှင်းအောင်…”

မြ ကတုန်ကယင် လွှတ်ကနဲခေါ်လိုက်မိသည်ထင်သည်။ နောက် မြ မျက်လုံးတွေ ပြာဝေရာက မှောင်အတိ ကျသွားသလား ဆိုတာတောင် မရေရာတော့…

“မြရယ်… အကြာကြီး ဖြစ်သွားတာ ကိုနှင်းအောင်ကို ခွင့်လွှတ်ပါ…။ တို့ရှေ့ရေးအတွက်…”

မြ ရီဝေဝေအသိထဲမှာ ကိုနှင်းအောင် အသံကို မသဲမကွဲ ကြားနေရသည်။ အိပ်ယာဘေးမှာ မီးခွက်ကလေးလည်း ခပ်ပြပြလင်းလို့။ တကယ်လား… မြ အကြိမ်ကြိမ် မက်ခဲ့တဲ့ အိပ်မက်ကိုပဲ ထပ်မက်နေတာလားကွယ်…။ နောက် မြ အိပ်ပျော်သွားသည် ထင်သည်။

သုတ်သုတ်ဖြူးဖြူး လေးညှင်းလေး မျက်နှာပေါ် ခပ်ဖွဖွလာအထိမှာ မြ ဖျတ်ကနဲ နိုးလာသည်။ နေခြည်တောင် နုနုလေး ရှိသေးသည်။

“ကိုနှင်းအောင်”

မျက်လုံးတောင်သေချာ မဖွင့်နိုင်သေးခင် ကယောင်ကတမ်းခေါ်ရင်း အတင်းကုန်းအထ နူးညံ့တဲ့ လက်ဖဝါးတစ်ခုက မြနဖူးပြင်ကို ဖွဖွစမ်းသည်။

“မြ… နိုးပြီးလားဟင်”

အို ကိုနှင်းအောင်မှ ကိုနှင်းအောင်အစစ်…။ မြ စကားတလုံးမှ မဆိုမိ။ ကိုနှင်းအောင် မျက်နှာကို စေ့စေ့ကြည့်ရင်း မျက်ရည်တို့ တတွေတွေကျလာသည်။

“မြ ဒီနှစ်တွေမှာ သိပ်ပင်ပန်းခဲ့မှာပဲကွယ်…”

မြ ကိုနှင်းအောင်လက်တွေကို လှမ်းဆုပ်လိုက်သည်။ နောက် ခေါင်းကို ခါသည်။ ပြီးတော့ တိုးတိုးပြောသည်။

“နောက်ကို ဘယ်မှ မသွားပါနဲ့တော့ ကိုနှင်းအောင်ရယ်…နော်”

မြ ဆံပင်ထူထဲထဲလေးတွေကို သပ်ပေးရင် ကိုနှင်းအောင် ကြင်နာသော အပြုံးနဲ့ပြောသည်…

“အစ်ကို ကတိပေးပါတယ် မြရယ်။ ကဲထ… ဘုရားစင်ကို သန့်ရှင်းရေးလုပ်ရအောင်။ မင်္ဂလာရှိတဲ့ နှစ်သစ်ရောက်ပြီလေ။”

မြ မျက်ရည်တွေကြားကပြုံးရင်း ခုတင်ပေါ်က ထသည်။ ဒါပေမယ့် ကိုနှင်းအောင်လက်တွေကို မလွှတ်။ ဘယ်တော့မှလည်း မလွှတ်ချင်တော့…။ မြတို့ လက်တွေတွဲရင်း တကယ်မင်္ဂလာရှိတဲ့ နှစ်သစ်ပေါင်းများစွာကို ဖြတ်ကျော်ရဦးမည်လေ…

ရွှေပြည်သူ
(12:25 AM ~ 13-Apr-2011)

မြန်မာလူမျိုးများ တစ်ဦးအပေါ်တစ်ဦး မေတ္တာသစ္စာ အင်မတန်ခိုင်မြဲခဲ့သော၊ နူးညံ့ယဉ်ကျေးတဲ့ သင်္ကြန်အလေ့အထများ ထုံးမွှမ်းခဲ့သော၊ မူးယစ်မှု အကြမ်းဖက်မှုတွေ အင်မတန်နည်းပါးခဲ့သော သင်္ကြန်ကာလတွေရှိရာ ခေတ်တခေတ်ကို စိတ်ကူးပြီး ရေးဖွဲ့ပါသည်။

အားလုံးပျော်ရွှင်ငြိမ်းချမ်းသော သင်္ကြန်ကာလနဲ့ မြန်မာနှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေရှင်း)

27 comments:

  1. ကြည်နူးစရာ သင်္ကြန်ဇာတ်လမ်းလေးကို အားပေးသွားပါတယ်..
    နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေရှင်..။

    ReplyDelete
  2. အဖြူရောင်နတ်သမီး ◄ စာလာဖတ်ပေးသွားတာ ကျေးဇူးတင်ပါတယ်နော်း)

    ReplyDelete
  3. သင်္ကြန်ဇာတ်လမ်းလေးလာဖတ်သွားတယ်နော်မရွှေပြည်သူ။ ကိုယ်လည်း မပြန်ဖြစ်တာ ၆ နှစ်ရှိခဲ့ပြီ ။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ။

    အဝေးတစ်နေရာကခင်မင်တဲ့ Anonymous

    ReplyDelete
  4. ဖတ်လို့ကောင်းပါတယ်။ တော်သေးတာပေါ့ ဇာတ်လမ်းအဆုံးသတ်ကောင်းလို့ တသက်လုံး ပေးလွမ်းထားမယ် ထင်နေတာ။

    သင်္ကြန်ကာလကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

    ReplyDelete
  5. ပေါင်းစည်းပေးတဲ့အတွက် အမကိုကျေးဇူးတင်ပါတယ်။ မြ အတွက်လည်း အရမ်းဝမ်းသာသွားတယ်။ သင်းကြန်ဆို အလွမ်းဇာတ်ကများနေလို့လေ။ ကိုနှင်းအောင်ကိုလည်း ရောက်အောင်ပြန်လာပေးတဲ့အတွက် မြ အစားကျေးဇူးတင်လိုက်တာ။ ပထမတော့ မြအိပ်မက် မက်နေတယ်အောက်မေ့လို့။

    ReplyDelete
  6. လာအားပေးသွားပါတယ်........ကြည်နူးစရာဇာတ်လမ်းလေးအတွက်ကျေးဇူး

    ReplyDelete
  7. Happy Myanmar New Year!
    Nice post...

    ReplyDelete
  8. happy ending လေးနဲ့အနားသတ်ထားတဲ့ မင်္ဂလာသိပ်ရှိသော သင်္ကြန်ပါညီမလေး သူသူ..ကျေးဇူးလည်းတင်ပါတယ် (ဒီတစ်ခါ မြ ကိုမခွဲပေးတော့လို့ :))

    နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမလေးရေ:)
    ရေအေးအေးမွှေးမွှေးလေးနဲ့ လည်းလောင်းသွားတယ်နော်..:P

    ReplyDelete
  9. အဝေးတနေရာက ခင်မင်တဲ့ Anonymous ◄ မပြန်ဖြစ်တာ ၆ နှစ်တောင် ရှိပြီဆိုတော့ လွမ်းလှရောပေါ့နော်။ နှစ်သစ်ကိုရော နှစ်တစ်နှစ်လုံးကိုပါ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ပါစေနော်...

    အစ်မ Nge Naing ◄ ဟုတ်ကဲ့ အစ်မ... သင်္ကြန်ဆိုတော့ အပျော်လေးပဲ ဖြစ်စေချင်လို့း) အစ်မလည်း ချစ်တဲ့မိသားစုနဲ့အတူ သင်္ကြန်ကာလနဲ့ နှစ်သစ်တနှစ်လုံးကို ငြိမ်းအေးချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ...

    ညီမလေး ခရမ်းနွယ် ◄ ဟုတ်တယ် ညီမလေးရေ... သင်္ကြန်ဆိုတော့ အပျော်လေးနဲ့ပဲ အဆုံးသတ်ချင်လို့း) စာလာဖတ်ပေးတာ ကျေးဇူးပါနော်

    မလွင်မ ◄ စာလာဖတ်ပြီး အားပေးတာ ကျေးဇူးပါနော်။ ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ် ဖြစ်ပါစေ

    Anonymous ◄ Happy Myanmar New Year, too! Thank you for visiting.

    ReplyDelete
  10. မမပန်းချီ ◄ အမြဲတမ်းစာလာဖတ်ပြီး အားပေးတာ ကျေးဂျူးကမ္ဘာပါ မမရေ...း) နှစ်သစ်တစ်နှစ်လုံးကို ချစ်သော မိသားစုနဲ့အတူ ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပါစေမရေ...

    ReplyDelete
  11. ၀တ္ထုတိုလေးက သင်္ကြန်အငွေ့အသက်လေးနဲ့ ရောပြီးလွမ်းစရာကောင်းနေသလို ကြည်နူးချမ်းမြေ့စရာလေးနဲ့ အဆုံးသတ်ထားတာ အရမ်းဖတ်လို့ကောင်းတယ်..။နဲနဲလေးတိုသွားလို့ထင်တယ် ဖတ်ရတာ အားမရလိုက်ဘူး ။

    ပျော်ရွှင်စရာနှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ တောင်းဆုပြုပါတယ် မမရွှေပြည်သူရေ .....
    ချစ်ခင်လေးစားစွာဖြင့်
    ညီမလေး နှင်းဟေမာ

    ReplyDelete
  12. ညီမလေး နှင်းဟေမာ ◄ ဖတ်ရတာအားမရဘူးဆိုလို့ နောက်ကို ရှည်ရှည်ရေးနိုင်အောင် ကြိုးစားမယ်နော်း)

    ညီမလေးလည်း နှစ်သစ်မှာ ပျော်ရွှင်အောင်မြင်ခြင်းအသစ်တွေ ပိုင်ဆိုင်ပြီး ကုသိုလ်အသစ်တွေလည်း ပြုနိုင်ပါစေ...

    ReplyDelete
  13. ma yay.... e di lo khit myo so a yann kyite tal...a yann kaung tal par...Happy Myanmar New Year naw ma :D

    ReplyDelete
  14. မျက်မှန်လေး ◄ အတူတူပဲ အစ်မလည်း အဲဒီလို အရင်ခေတ်ကို Crazyး) ဒါကြောင့်ရေးဖြစ်သွားတာ...

    Happy Myanmar New Year ပါ ညီမလေးရေ...

    ReplyDelete
  15. ရုပ်ရှင်လေးလိုပဲ။
    ဟိုတုန်းကစကားပြောလိုရေးထားတာလေးတွေကို သတိထားဖတ်ဖြစ်တယ်။
    ရွှေပြည်သူရေ
    အမြဲတမ်းသတင်းမေးအားပေးနှုတ်ဆက်တာ ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  16. အစ်မ ကောင်းမွန်ဝင်း ◄ အစ်မရေ... စာတွေကို အမြဲအားပေးနေတာ ကျေးဇူးတင်ပါတယ်။ အစ်မကို Online မှာ Active တွေ့ရတာ ဝမ်းသာနေတာ။ ချမ်းမြေ့ပျော်ရွှင်သော သင်္ကြန်နဲ့ နှစ်သစ် ဖြစ်ပါစေ အစ်မ။

    Anonymous ◄ Thank you so much.

    ReplyDelete
  17. ချစ်ကြည်အေးApr 13, 2011 03:00 AM

    ခေတ်ဟောင်း ရုပ်ရှင်လေးတကားကို ကြည့်နေရသလိုပဲ ညီမ ရွှေပြည်သူရေ....ကြည်နူးစရာ ဝတ္ထုလေး....
    နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ ညီမရေ....:))

    ReplyDelete
  18. မမချစ်ကြည်အေး ◄ ဝတ္ထုလေးကို ဖတ်ရှုခံစားပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ မမချစ်ကြည် အတွက်လည်း ငြိမ်းအေးပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေ။

    ReplyDelete
  19. ဒီပိုစ့်လေးထက် ဟိုတခါ ၂၀၀၉ သင်္ကြန်မှာ တင်ဖူးတဲ့ ဖက်တီးလေးနဲ့ အင်္ကြန်အကြောင်းရေးထားတဲ့ “ပိတောက်ပွင့်ချိန်”ဆိုတာလေး ပိုကြိုက်တယ် ။

    ဒါလေးက နည်းနည်းအေးတယ် ။

    ReplyDelete
  20. ဇာတ်လမ်းအဆုံးမှာ မမရွှေပြည်သူက လှည့်ကွက်တစ်ခုများ ရေးမလားဆိုပြီး ကိုနှင်းအောင်မှ ဟုတ်ပါ့မလားလို့ စိတ်ပူနေမိသေးတယ်..မြက အိမ်မက်ထင်ပြီးမှာ တစ်ခုခုများ ဖြစ်လေမလားလို့..အဟဲ
    တော်သေးတယ်..

    မမရွှေပြည်သူရေ..မင်္ဂလာရှိသော နှစ်သစ်ပါနော်..
    ပျော်ရွှင်ချမ်းမြေ့ပါစေ..
    သပြေခက်လေးနဲ့ရေပက်သွားတယ် မရေ..။

    ReplyDelete
  21. မြအတွက်တော့ နှစ်သစ်မှာ ခွန်အားအပြည့်နဲ့ ပါတ်ဝန်းကျင်ကို ရင်ဆိုင်နိင်ခွင့်ရပြီပေါ့။ အမျိုးသမီးတစ်ယောက်ရဲ့ မပျက်သောသစ္စာကို သင်္ကြန်အငွေ့နဲ့ ရောယှက်ထားတာ ကျေနပ်ဖွယ်ရာပါပဲ။

    ရွှေပြည်သူ အတွက် မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေမယ့် နှစ်သစ်ဖြစ်ပါစေ။

    ReplyDelete
  22. အစ်ကို လင်းဒီပ ◄ ဟုတ်တယ် ညီမလည်း "ပိတောက်ပွင့်ချိန်"ကိုတော့ ပိုကြိုက်မိတယ်။ အစ်ကိုပြောမှ သတိရပြီး ဒီပို့စ်ကနေ Link ထားလိုက်ပြီး)

    ညီမလေး မြတ်(မြတ်မွန်) ◄ ဟုတ်တယ်... သင်္ကြန်ဇာတ်လမ်းလေးဆိုတော့ အလွမ်းမရေးရက်တော့လို့ အပျော်လေး တမင်ရေးလိုက်တာ ညီမလေးရေး) မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ မြတ်ရေ...

    ကိုမြစ်ကျိုးအင်း ◄ ခံစားဖတ်ရှုပေးသွားတာ အရမ်းကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ငြိမ်းချမ်းတဲ့ သင်္ကြန်အခါသမယနဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေနော်း)

    ReplyDelete
  23. ဒါလေးဖတ်ပြီး သင်္ကြန်မိုးခေတ်ကို မျက်စိထဲ ပြန်မြင်ယောင်လာတယ်။ ဒီလိုသစ္စာတရားနဲ့ သင်္ကြန်တမ်းချင်းကို အတိတ်မှာပဲ ထားရစ်ခဲ့ကြပြီ ထင်တယ်နော်။ အန္တရာယ်ကင်းကင်းနဲ့ ယဉ်ကျေးစွာနွှဲပျော်ခဲ့တဲ့ ဟိုအရင်က မြန်မာ့ရိုးရာသင်္ကြန်ကို ပြန်မရနိုင်တော့ဘူးထင်ပါရဲ့လို့တွေးရင်း လွမ်းသွားတယ် ညီမရေ။

    ReplyDelete
  24. အစ်မဇွန် (ဇွန်မိုးစက်) ◄ ဟုတ်တယ် အစ်မဇွန်ရေ... ဒီနှစ်သင်္ကြန်ပုံရိပ်တွေ မြင်ရတာ စိတ်ချမ်းသာစရာ တော်တော်နည်းပါတယ်...း(

    ReplyDelete
  25. လှပ၊ နုညံ့၊ အေးချမ်း၊ ချစ်စရာ ကောင်းလိုက်တဲ့ ဝတ္ထုလေးပဲ။ ဖတ်ရတာ တော်တော် စိတ်ချမ်းသာတယ်။

    ReplyDelete
  26. Anonymous ◄ ကျွန်မရေးတဲ့အချိန်မှာလဲ အဲဒီလို အရိပ်အငွေ့လေးတွေ ပါစေချင်တဲ့ စိတ်နဲ့ ရေးခဲ့တာဆိုတော့ အခုလို မြင်တယ်ဆိုတာ တကယ်ဝမ်းသာပါတယ်။

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)