Wednesday, March 30, 2011

နှလုံးသွင်း

အပင်မြင့်ရင် လေသင့်သလို
ပို… အတိုက်ခံရတတ်သတဲ့…
အခုတော့…
ဘာမဟုတ်တဲ့ မြက်ဖုတ်ခြောက်ချက်ကိုမှ
အတင်းခုန်တက် နင်းဖျက်ချင်ကြတာ
ဘာသဘောလဲကွယ်…

မေတ္တာဆိုတာ အသွားအပြန်ရှိသတဲ့…
မေတ္တာအစား အမုန်းတရားတချို့သာ
အလကားနေရင်း လက်သင့်ခံနေရတာ များများလာတော့
သွားတဲ့ ကိုယ့်မေတ္တာပဲ နည်းလေသလားရယ်လို့
ဘာသာ အပြစ်တင်မိပြန်တယ်…

ငါ ငါ ငါ ဆိုတာ
မပြုတ်သရွေ့
တပါးသူ အားယူ လာတွန်းတိုက်တဲ့
အစွန်းထက်ထက် အချွန်အတက် တွေနဲ့
(ကိုယ့်ကိုယ်ကို) သွေးစက်လက် ဖြစ်အောင်
တသက်တာလုံး နှိပ်စက်နေမိဦးမှာပဲ

ထားပါ…
တကယ်သာ နှလုံးသွင်းတတ်မယ်ဆို
ဒီဘဝ ဒီခန္ဓာတွေ အခါခါရဖို့
ဒီသံသရာမှာ အခါခါ နာကျင်ရဖို့…
ကိုယ်သာ…
ဆုတောင်းတွေ မှားခဲ့တာ…
အခါးတွေ များများလုပ်ခဲ့တာ…
တခြားသူ လာထိပါးဖို့ ဓားသွားတွေ ကိုယ်တိုင်သွေးခဲ့တာ…
ထင်ထင်ရှားရှား အထင်းသားပါပဲ…

ရွှေပြည်သူ
(9:01 AM ~ 30-March-2011)

10 comments:

  1. မှန်လိုက်တာ ညီမရယ်။
    တကယ်တော့ ကိုယ်ကပဲ အဓိက မဟုတ်လား။
    စာလေး တစ်ခုတော့ ဖတ်ဖူးတယ်။
    ဖြစ်စဉ် ဖြစ်ရပ် တစ်ခုမှာ . .
    ဘယ်လို ဖြစ်ပျက်လာတယ် ဆိုတာထက် ဘယ်လို လက်ခံယူလိုက်တယ် ဆိုတာက ပို အရေးကြီးတယ် တဲ့။

    ReplyDelete
  2. အစ်ကို ကိုဇော် ◄ ဟုတ်တယ် အစ်ကို။ နောက်တစ်ခုက ဘယ်လိုဖြစ်ပျက်လာလဲ ဆိုတာမှာလဲ ကိုယ်လုပ်မိတဲ့ အကြောင်းအတွက် အကျိုးခံစားရတဲ့ သဘောပါပဲ။ ညီမတို့က အဲဒါကို အမြဲနှလုံးမသွင်းနိုင်တော့ ဒုက္ခတွေရောက်နေတား)

    ReplyDelete
  3. ငါ ငါ ငါ ဆိုတာ
    မပြုတ်သရွေ့
    တပါးသူ အားယူ တွန်းတိုက်လာတဲ့
    အစွန်းထက်ထက် အချွန်အတက်တွေနဲ့....

    ဟုတ်ပါတယ် ။ နှလုံးသွင်းမှားနေသရွေ့ကတော့ မောနေပြေးနေရဦးမှာပဲ
    ဒီကဗျာလေးက ဓမ္မရနံ့တွေ သင်းပျံ့နေတော့တယ် ။

    ReplyDelete
  4. ဆုတောင်းတွေမှားခဲ့တာ
    အခါးတွေများများလုပ်ခဲ့တာ
    တခြားသူလာထိပါးဖို့ဓါးသွားတွေ ကိုယ်တိုင်သွေးခဲ့တာ...

    အခုတစ်လော လူတွေနဲ့ ပတ်သတ်ပီးတော့ရော ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာ အားမရတာရော ပေါင်းပြီး စိတ်ခံစားမှုဖြစ်နေတာလေးနဲ့လဲတိုက်ဆိုင်နေတယ် မမရွှေပြည်ရေ ...

    နှင်းဟေမာ

    ReplyDelete
  5. မမရေ ကဗျာလေး ခံစားအားပေးသွားလျှက်
    ကောင်းသောနေ့လေးဖြစ်ပါစေ...

    ReplyDelete
  6. အမြဲနှလုံးမသွင်းနိုင်ဘူးဆိုတာ အမှန်ပဲ sis ရေ။
    ကဗျာလေးဖတ်ပြီး နှလုံးသွင်းဖို့ သတိကပ်မိပါတယ်။

    ReplyDelete
  7. ချော(အစိမ်းရောင်လွင်ပြင်)Mar 30, 2011 01:49 AM

    ကိုယ့်ရင်ကိုထိရှစေတဲ့ အဖြစ်အပျက်ကလေးတွေဟာ ဖြစ်ဖြစ်ချင်းမှာတော့ ထိထိခိုက်ခိုက် ခံစားရပေမဲ့ အချိန်ကာလ ကြာသွားတဲ့ခါ မှေးမှိန်ဖျော့တော့သွားမှာပါ။ ဒါကြောင့် ဘယ်အရာကိုမဆို သိပ်ပြီးတော့ ထိခိုက်မခံစားပါနဲ့လို့။
    သစ်ပင်နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်လေ လေပြင်းတိုက်ရင် ထိခိုက်တော့ ခံကြရတာကြီးပါဘဲ။
    ဥပက္ခာဆိုတဲ့ စကားလုံးလေးရှိတယ်လေ။ ဒီနေ့ နှလုံးမသွင်းနိုင်ရင်တောင် နောက်နေ့ဆို ကိုယ့်နှလုံးသားထဲ ၀င်ရောက်လာနိုင်မှာပါ။

    ပျော်ရွှင်ငြိမ်းချမ်းပါစေနော်

    ခင်မင်ခြင်းများစွာနဲ့

    ချော

    ReplyDelete
  8. တရားသဘောနဲ့ ဆင်ခြင်မိပါတယ်။

    ReplyDelete
  9. တမင်ခုန်တက်နင်းဖျက်ချင်သူတွေနဲ့ ထိပါးချင်သူတွေ၊ သူများကို စိတ်ညစ်အောင်လုပ်ချင်သူတွေလည်း ဘယ်လောက် စိတ်ပင်ပန်းလိုက်မလည်း.. သူတို့ရဲ့ ခွန်အားတွေ အချည်းနှီးကုန်နေတာ.. သူတို့ သိပါစကွယ်..

    ReplyDelete
  10. သတိသံဝေဂနဲ့ အဆုံးသတ်သွားတဲ့ စာပိုဒ်လေးကို အရမ်းကြိုက်မိတယ်။

    မဇွန်စာကြွေးတွေ လာရှင်းသွားတယ်နော်။း)

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)