Tuesday, March 29, 2011

“သက်”ပြောတဲ့ အချစ်အကြောင်း

တစ်ခါတုန်းက အချစ်နဲ့ပတ်သက်တဲ့ Quiz လေးတစ်ခု သက်ဖြေခဲ့ဖူးသည်။ ကျန်တာတွေ သေချာမမှတ်မိခဲ့ပေမယ့် အောက်ဆုံးစာကြောင်းမှာ “ဒီ Quiz ကို ဖြေနေတဲ့အချိန် တစ်စုံတစ်ယောက် သင့်စိတ်ထဲမှာ ပေါ်လာခဲ့ရင် အဲဒီလူဟာ သင်ချစ်နေတဲ့သူပဲ” လို့ ရေးထားတာလေး သေချာမှတ်မိလိုက်သည်။ အဲဒီ Quiz ဖြေနေချိန်မှာ ဘယ်သူကမှ သက်အာရုံမှာ ရှိမနေခဲ့ပေမယ့်… ခုချိန်မှာတော့ “သက်ရဲ့ အချစ်အကြောင်း” လို့ တစ်စုံတစ်ယောက်က ပြောလိုက်လေတိုင်း သူ့ပုံရိပ်က သက်အာရုံမှာ ထင်လာတတ်သည်။ ခေါင်းမာမာနဲ့ ခေါင်းကိုခါရမ်းပစ်မိလို့ ပျောက်သွားတတ်ပေမယ့် ခဏလောက်ကတော့ အမြဲ ထင်ယောင်မြဲ… ဒါဆို သူက သက်ရဲ့ “အချစ်” လားလို့ မေးစရာ ရှိပါလိမ့်မည်…

==================================================================

သူ့ကို ပုဇွန်ဆီရောင် ညနေခင်းတစ်ခုမှာ စတွေ့ခဲ့သည်။ ပုဇွန်ဆီရောင်ကို သက် မနှစ်သက်ပေမယ့် ပုဇွန်ဆီရောင်နေခြည်အောက်မှာ နူးညံ့နေတဲ့ သူ့မျက်လုံးများကိုတော့ မြင်မြင်ခြင်း နှစ်သက်သွားခဲ့သည်။ ယုံကြည်နှစ်လိုသွားခဲ့သည်။ သူက သက် သူငယ်ချင်းရဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်း။ ရယ်စရာကောင်းလောက်အောင် ဆွေမျိုးစပ်ရခက်ပေမယ့် သက်နဲ့သူ Project တစ်ခုကို Freelance အနေနဲ့ အတူတွဲလုပ်ဖို့ အကြောင်းဖန်လာခဲ့သည်။ နောက် ထင်မှတ်မထားပါဘဲ အချိန်တိုလေးအတွင်းမှာ ရင်းနှီးသွားခဲ့ကြသည်။ ပိုအံသြဖို့ကောင်းတာက သက် ဘယ်ယောက်ျားလေး အပေါ်မှာမှ မရှိခဲ့ဖူးတဲ့ ယုံကြည်နှစ်လိုခြင်းတွေ သူ့အပေါ်မှာ အလိုလိုဖွဲ့တည်လာမိခြင်း…။ အချစ်… ဟင့်အင်း… သက် သူ့ကို အဲဒီအချိန်မှာ မချစ်ခဲ့တာ သေချာသည်။

သူနဲ့သက် အခြေခံစရိုက်တွေ အကြိုက်တွေ တူခြင်းကိုက သက်တို့ကို ပိုမိုကျွမ်းဝင်စေခဲ့သည် ထင်သည်။ “Rules are made to be followed” (စည်းမျဉ်းစည်းကမ်းတွေဟာ လိုက်နာဖို့သက်သက် ဖြစ်ပေါ်လာတာ)လို့ ယုံကြည်တာချင်း၊ တစ်စုံတစ်ခု မဆုံးဖြတ်ခင် မှားမှာစိုးစိတ်နဲ့ အကြာကြီးစဉ်းစားတတ်တာချင်း၊ ကိစ္စတော်တော်များများကို ရှုမြင်တဲ့ ရှုထောင့် စတာတွေ အလွန်တူသည်။ ဒါကြောင့်လည်း Project အတွက် သိပ်မငြင်းခဲ့ရ။

Project တစ်ဝက်လောက်မှာ သက်နဲ့သူ Project နဲ့မဆိုင်ဘဲ အတူအချိန်ဖြုန်းတတ်လာသည် (သူက သက်နဲ့အတူ လျှောက်သွားတဲ့အချိန်တွေကို အချိန်“ဖြုန်း”သည်ဟု သုံးတတ်သည်) သက်တို့သွားဖြစ်တဲ့နေရာတွေက များသောအားဖြင့် ကလေးလေးတွေ ကျို့တို့ကျဲတဲရှိနေတတ်တဲ့ ပင်လယ်ကမ်းစပ်တွေ၊ မြစ်ကမ်းနားတွေ၊ ရေကန်နားတွေ ဖြစ်တတ်သည်။ သူရော သက်ပါ ရေကြိုက်ကြသည်လေ။ အဲဒီနေရာတွေမှာ ထိုင်ရင်း ကလေးတွေ စကိတ်စီးတာငေး၊ အစားအသောက်စား၊ စကားပြော အစရှိတဲ့(သူ့ရဲ့) အချိန်ဖြုန်းခြင်း အလုပ်တွေ လုပ်ရတာ သက်တကယ်ပဲ ပျော်မွေ့ခဲ့ပါသည်။ သူနဲ့စကားပြောတဲ့လူ မပျင်းရလောက်အောင် သူက နာရီပေါင်းများစွာ ရယ်စရာပြောတတ်သည်။ စကားတွေ ပြောလို့ပြီးတိုင်း သူပြောသမျှ ထိုင်ရယ်နေရတဲ့ သက်က သူ့အတွက် ပိုရယ်ဖို့ကောင်းသတဲ့။ ဒါကိုလည်း သက်ရယ်မိပြန်သည်။ ဟင့်အင်း… သက်ရင်ခုန်ကြည်နူးနေတာ မဟုတ်ခဲ့တာ အသေအချာ။ သက် ရိုးရိုးရှင်းရှင်း ပျော်နေခဲ့တာသာ ဖြစ်သည်။

သူက သက်ဘယ်လောက် ရုပ်ဆိုးကြောင်း နောက်သလိုလို အတည်လိုလို မကြာခဏ ပြောတတ်သည်။ တချိန်ထဲမှာပဲ သက်ကို အင်မတန်တော်သော ထက်သော သူတစ်ယောက်လို ယုံကြည်မှုတွေ ရှိလာအောင် သူ မေတ္တာအပြည့်နဲ့ အားပေးခဲ့သည်။ သက်နှလုံးသားကို လုံခြုံနွေးထွေးမှုပေးသော မိတ်ဆွေအနည်းငယ်ထဲမှာ သူထိပ်ဆုံးက ပါခဲ့တဲ့ ကာလများပါပဲ။

သူက သက်ပြောဖူးသမျှသော အကြောင်းအရာတွေ အဖြစ်အပျက်တွေ အားလုံးကို ဂရုတစိုက်နားထောင်တတ်သလို လပေါင်းများစွာ ကြာတဲ့အထိ အသေးစိတ်လည်း မှတ်မိနေတတ်သည်။ တချို့ကိစ္စတွေဆို သူ့ကို ပြောပြဖူးတာတောင် မေ့ပြီး “ဟင် ရှင်က ဘယ်လိုလုပ်သိတာလဲ” လို့ ပြန်မေးမိလောက်အောင် သူက ဂရုတစိုက်ရှိတတ်သည်။ ဒါပေမယ့် သက် ဆယ်ကျော်သက်အရွယ်တုန်းက ရင်ခုန်ဖူးခဲ့တဲ့ ဇာတ်လမ်းလေးကိုတော့ နားထောင်ရင်း သူ စာအုပ်တွေပေါ်မှာ အိပ်ပျော်သွားတာတော့ မှတ်မှတ်ရရ။ သက်ကတော့ သူ ကန်ဇွန်းရွက်ကြော် အလွန်ကြိုက်ပြီး မျက်မှန်နဲ့ ကောင်မလေးတွေကို သဘောကျတတ်မှန်း ဘယ်တော့မှ မမေ့တတ်ခဲ့ပေမယ့် သူ့မှာ အစ်မတစ်ယောက် ညီတစ်ယောက် ရှိတာကိုကျတော့ မေ့နေတတ်ပြန်ပြီး “ရှင့်မှာ မောင်နှမ ဘယ်နှစ်ယောက် ရှိတာလဲဟင်” လို့ မကြာခဏ မေးမိတတ်သည်။ အဲလိုမေးမိတိုင်း သူမကြိုက်။ ဖြတ်ကနဲ မျက်နှာ တည်သွားတတ်သည်။ အဲဒီကာလတွေတုန်းက သက်အာရုံထဲမှာ သူဟာ လင်းလက်လိုက် မှုန်ဝါးလိုက်ပါပဲ။

သက်မိတ်ဆက်ပေးလို့ သူနဲ့ခင်သွားတဲ့ ခပ်ချောချော သူငယ်ချင်း ကောင်မလေး သူ့ကို ဟိုနားဒီနားလိုက်ပို့ဖို့ ခဏခဏ ပြောကြောင်း သက်ကြားတော့ မပျော်သလိုလို မကျေနပ်သလိုလို ဖြစ်သည်။ ဒါသည်လည်း အချစ်မဟုတ်မှန်း သက်သေချာသိခဲ့သည်။ သူ့ကို သက်နဲ့သာ ရှိစေချင်သော Possessive ဆန်ဆန်စိတ်တမျိုးမှန်း အလန့်တကြား သတိထားမိလာတော့ သူ့အပေါ် တွယ်တာမှုအရှိန်ကို ကိုယ့်ဘာသာ လျော့ချခဲ့ရသည်။ သက် စိတ်ရှုပ်လာချိန်မှာပဲ သူက Project Deadline ကို Extend လုပ်လိုက်ပြန်သည်။ ဆက်ပြီး တာရှည်နေဦးမယ့် ဘာမှန်းမသိတဲ့ တွယ်ငြိမှုအတွက် သက် စိတ်ညစ်သွားခဲ့တာ အမှန်ဖြစ်သည်။

သက်မျက်လုံးထဲမှာ သူက တစတစ ပြီးပြည့်စုံလာသည်။ တောက်ပသလောက် အေးမြလှိုက်လှဲတဲ့ သူ့မျက်လုံးတွေက တခြားဘယ်သူ့ဆီမှာမှ မရှိနိုင်လို့ သက်ယုံကြည်ခဲ့သည်။ တခြားသောသူတွေ သူနဲ့ ပညာအရည်အချင်းမှာ ယှဉ်နိုင်သည့်တိုင်အောင် သူ့လောက်တော့ ဘယ်သူမှ စိတ်ကောင်းမရှိနိုင်လို့ မကြာခဏတွေးမိတတ်သည်။ သူကြိုက်သော ရုပ်ရှင်များကို သက်ကြိုက်တတ်လာသည်။ သူကြိုက်သော သီချင်းများကို သက် ကြိုက်သယောင်ယောင်နဲ့ တစ်ယောက်ထဲ လိုက်နားထောင်တတ်လာသည်။ သူပြောသမျှ အယူအဆတွေကို ဘက်လိုက်မှုများစွာနဲ့ ထောက်ခံတတ်လာသည်။ သက် သူ့လွှမ်းမိုးမှုတွေ ခံနေရပြီဆိုတာ သတိထားမိချိန်မှာပဲ သူကပြောသည် “ကျွန်တော် ခင်ဗျား လွှမ်းမိုးတာကို တော်တော်ခံရတယ်” တဲ့။ သက် သူ့မျက်လုံးတွေကို အံ့သြတကြီး ငေးစိုက်လို့သာ ကြည့်နေခဲ့မိသည်။

သက် စိတ်တို့ ပိုရှုပ်ထွေးလာချိန်မှာပဲ Project ပြီးသွားခဲ့သည်။ Project ကို Close လုပ်ပြီးတဲ့ ညနေမှာပဲ သူက သက်ကို ထာဝရ နှုတ်ဆက်တော့သည်။ ထင်မှတ်မထားတာကြောင့် သက် ကျောက်ရုပ်လို အေးစက်မင်သက်သွားသည်။ “လူတိုင်း တနေ့ခွဲရမှာပဲ သက်ရယ်။ စိတ်မကောင်း မဖြစ်ပါနဲ့” လို့ သူပြုံးပြီး အေးအေးဆေးဆေး ပြောချိန်မှာ “မဟုတ်ဘူး… အံ့သြနေတာ” လို့ သက် ခဏမဆိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောဖြစ်ခဲ့သည်။ အဲဒီညနေခင်းကို သက် အသေးစိတ် မမှတ်မိတော့။ သက် သူ့ကို အပြုံးနဲ့နှုတ်ဆက်ခဲ့တာ မှတ်မိသည်။ နောက်ယိုင်နဲ့တဲ့ ခြေလှမ်းတွေနဲ့ အိမ်ပြန်ရောက်လာသည်။ သက် ကိုယ့်ဘာသာ ဘာဖြစ်နေမှန်းမသိ။ ကုတင်ဘေးက ကြမ်းပြင်မှာ ကုတ်ကုတ်ကွေးကွေး ထိုင်ချလိုက်ချိန်မှာ တစ်စုံတစ်ခု လစ်ဟာနေသလို ခံစားရသည်။ ဘာလဲ… ဘာလစ်ဟာနေတာလဲ။ ကိုယ့်ဘာသာ မေးရင်း ရီဝေဝေမျက်လုံးတို့ တစ်ချက်အလက်မှာ သက် တစုံတခုကို သဘောပေါက်စွာနဲ့ လွှတ်ကနဲ ရေရွတ်မိသည်…

“သွားပြီ…”

တိုက်တိုက်ဆိုင်ဆိုင် အဲဒီညနေလည်း ပုဇွန်ဆီရောင် ညနေပဲ ဖြစ်နေပြန်သည်။

==================================================================

“သက်ရဲ့ အချစ်အကြောင်း” လို့ တစ်စုံတစ်ယောက်က ပြောလိုက်လေတိုင်း သူ့ပုံရိပ်က သက်အာရုံမှာ ထင်လာတတ်သည်။ ခေါင်းမာမာနဲ့ ခေါင်းကိုခါရမ်းပစ်မိလို့ ပျောက်သွားတတ်ပေမယ့် ခဏလောက်ကတော့ အမြဲ ထင်ယောင်မြဲ… ဒါဆို သူက သက်ရဲ့ “အချစ်” လားလို့ မေးစရာ ရှိပါလိမ့်မည်…

အဲဒီမေးခွန်းကိုတော့ သက် ဘယ်သောအခါမှ ဖြေလိမ့်မည် မဟုတ်ပါ…

ရွှေပြည်သူ
(11:14 PM ~ 29-Mar-2011)

သက်က ကျွန်မ မဟုတ်ပါဘူးရှင်း) အစ်မသက်ဝေ Tag တဲ့ “အချစ်အကြောင်း ပြောရအောင်”ကို ကြိုးစားပြီး ရေးထားတာပါ။ (ဘာရေးရမှန်းမသိလို့ နောက်ကျသွားတဲ့အတွက် အစ်မသက်ဝေကို တခါထဲ တောင်းပန်ပါတယ်နော် အစ်မး)

19 comments:

  1. ဒါဆို ကျွန်မက သက်လားလို့ ပြောင်းမေးကြည့်မယ်
    စာရေးသူက ညနေတွေကို သိပ်ညွှန်းတတ်သလားပဲ
    မြင်ဖူးပါတယ် :P

    ReplyDelete
  2. Anonymous ◄ ပြောင်းမေးကြည့်လဲ အဖြေက တူတူပါပဲး)ဟုတ်တယ် ညနေတွေကို သဘောကျလို့ ခဏခဏ ညွှန်းမိတာ ထပ်နေပြီထင်တယ်။ “မြင်ဖူးပါတယ်”ဆိုတော့ သူငယ်ချင်းထဲက တစ်ယောက်ယောက် နောက်နေတာပဲ ဖြစ်မယ်း)

    ReplyDelete
  3. အချစ်ဆိုတာ ပူတယ် လို့ ပြောရင် အေးချမ်းနေသူတွေကို မနာလိုသလို ဖြစ်မယ်။ အချစ်ဆိုတာ အေးချမ်းတယ် လို့ ပြောရင် ပူလောင်နေရသူတွေကို လျစ်လျူရှု့သလို ဖြစ်မယ်။
    တကယ်တော့ အချစ်ဆိုတာ တွက်မရတဲ့ ပုစ္ဆာတော့ မဟုတ်ဘူး ၊ တွက်ရခက်တဲ့ ပုစ္ဆာပါ။ ဘယ်လို ပုစ္ဆာလဲ မေးရင်တော့ ပိုဖြေရခက်မှာပါ။

    ReplyDelete
  4. သေချာပါတယ်။ အဲဒါ အချစ်စစ်စစ် ။ ဒါကြောင့် အခုချိန်ထိ တစ်ကိုယ်တည်း ။ စင်္ကာပူမှာနေခဲ့တုန်း ညနေခင်းတစ်ခုမှာ အဲဒီတစ်ယောက်နဲ့စာရေးသူကို မြင်ဖူးသလိုလိုး) ၊ မျက်မှန်တပ်တယ်ဟုတ်။

    ReplyDelete
  5. ဟုတ်တာပေါ့ ပုဇွန်ဆီရောင်ညနေခင်းတွေကို လူကိုသိပ်ဖမ်းစားနိုင်တာလေ။
    တမော့တမော ငေးမောမဆုံး ဖြစ်စေတဲ့အလှပေါ့။
    ဒီလိုအချိန်မှာ အချစ်အကြောင်းခံစားမယ်ဆိုရင်လည်း ညွှတ်နူးဖို့အကောင်းဆုံးအခ်ျိန်ဘဲ မဟုတ်လားနော်။
    ဘယ်လိုဘဲဖြစ်ဖြစ် သက် ဆိုတဲ့ မိန်းခလေးရဲ့ရင်ထဲမှာ အချစ်ဆိုတဲ့အရာလေး လှပစွာဖြစ်တည်သွားတာ သိလိုက်ရတယ်။
    ဒါပေမဲ့ ပုဇွန်ဆီရောင်ညနေမှာဘဲ အချစ်က နှုတ်ဆက်သွားပြီ
    စိတ်မကောင်ဘူး..

    ချော(အစိမ်းရောင်လွင်ပြင်)

    ReplyDelete
  6. အစ်ကို ကိုဇော် ◄ ဟုတ်တယ် အချစ်ဆိုတာ တွက်ရခက်တဲ့ပုစ္ဆာပါပဲလေ... တစ်ယောက်ကို အဖြေတမျိုးစီနဲ့

    Anonymous ◄ အဲ... ဒါကျွန်မအကြောင်းလို့ မပြောမိပါလားး) အတင်းကြီးကို စွပ်စွဲနေတော့တာပဲနော်။ တစ်ယောက်ထဲနေတာ ကျွန်မရဲ့ရွေးချယ်မှုပါ။ ဘယ်သူ့ကြောင့်ရယ်မှ မဟုတ်ပါဘူး။ “အဲဒီတစ်ယောက်နဲ့ စာရေးသူကို မြင်ဖူးသလိုလို” ဆိုရင်တော့ အလွဲကြီးလွဲပါပြီ။ တကယ်မဟုတ်တဲ့ ဇာတ်လမ်းမှာ Anonymous က ဘာကိုများ သွားမြင်ပါလိမ့်။ နောက်ပြီး ကျွန်မကို Personally သိတဲ့လူတစ်ယောက်ဆိုရင် အခုလို Anonymous သုံးပြီး မဟုတ်တာတွေ ဇွတ်ကြီး အတည်ပြုလျှောက်ရေးနေတာ နည်းနည်းများ Unfair ဖြစ်နေသလားလို့း)

    ချော (အစိမ်းရောင်လွင်ပြင်) ◄ ဟုတ်တယ် ချောရေ... ဒီလိုပဲ အချစ်တွေက လှလှပပ ဖြစ်တည်လောက် ပျောက်ဆုံးသွားလိုက်နဲ့ ဘဝတွေက တရွေ့ရွေ့ပါပဲ...

    ReplyDelete
  7. အချစ်က တစ်ကယ်ပဲ နူညံ့သိမ်မွေ့သလောက် ထိခိုက်ကြေကွဲစရာလဲကောင်းနေပြန်တယ်
    သက်ပြောတဲ့အချစ်အကြောင်းလေးနားထောင်ပြီးချိန်မှာတော့
    ရင်ထဲမှာ ထိခိုက်သွားမိတာ အမှန်ပဲ မမရွှေပြည်ရေ ....
းးးးးးးးးးးးးးးးးးးးးးး
    ညီမလေး နှင်းဟေမာ

    ReplyDelete
  8. ညီမလေး နှင်းဟေမာ ◄ ဟုတ်တယ် ညီမလေးရေ... အချစ်က အထိအခိုက်မခံဆုံး အရာတွေထဲမှာပါတယ်နော်...

    ReplyDelete
  9. ပုဇွန်ဆီရောင်ညနေခင်းမှာ ခဏ လာထိုင်ပါတယ်။
း))

    ReplyDelete
  10. မမ Jr ◄ ညနေခင်းလေးကို မျှဝေခံစား လာထိုင်ပေးသွားတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် မရေး))

    ReplyDelete
  11. မရွှေပြည်သူ

    နောက်တာလွန်သွားလားမသိ ။ ကျောင်းမသွားခင် ကဗျာလေးလာဖတ်ရင်း ကွန်မန့်ပြန်ထားတာလေးတွေ့လို့ ၊ စင်္ကာပူနေခဲ့ကတည်းကစာရေးသူရဲ့ စာတွေနဲ့ ရင်းနှီးခဲ့သူမို့ စိတ်ထဲက Personally ခင်မင်ပြီး နောက်မိတာခွင့်လွှတ်ပါ။

    အဝေးတစ်နေရာက ခင်မင်တဲ့ anonymous

    ReplyDelete
  12. Anonymous ◄ Anonymous ရေ အရမ်းအားနာမိပါတယ်။ ကျွန်မပြန်ထားတဲ့ ကောမန့်မှာလည်း အမှားပါသွားရင် ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေနော်။

    ကျွန်မနဲ့ အပြင်မှာ လူချင်းသိတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေထဲက တစ်ယောက်ယောက် အရမ်းလာနောက်နေတယ် ထင်ပြီး (စိတ်ထဲမှာလဲ သေချာတယ်လို့ တွေးမိလိုက်လို့) အဲလို ပြန်ရေးလိုက်တာပါ (သူတို့နဲ့က ငြင်းခုံနေကျဆိုတော့ လူချင်းသိရက်နဲ့ မဟုတ်တာတွေ ပြောတယ်ဆိုပြီး ပြောမနာဆိုမနာ သူတို့ကို ပြောချင်စိတ်များသွားလို့ပါ)

    Anonymous က ခင်တဲ့စိတ်နဲ့နောက်တာကို ကျွန်မပြန်တဲ့ ကောမန့်အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားရင် ထပ်ပြီး တောင်းပန်ပါတယ်နော်။

    ခင်မင်လေးစားလျက်
    ရွှေပြည်သူ

    ReplyDelete
  13. မလေး အဲ့ QUIZ လေး ပြန်လိုချင်လိုက်တာ..

    အလွှမ်းမိုး ခံလိုက်ရပြီ ဆိုတာ သိလိုက်တဲ့ အချိန်မှာ.. သိပ်နောက်ကျသွားတတ်တာမျိုးကိုလည်း နားလည်ခံစားပေးတတ်ပြီ။

    ReplyDelete
  14. မမအိမ့် ◄ ဟုတ်တယ်နော်... အဖြစ်အပျက်ကို မမအိမ့်ပုံဖော် ပြောလိုက်မှ ပိုတောင် လှသွားသေးတယ်...း)

    ReplyDelete
  15. ဘယ်တော့မှမဖြေတော့မယ့် အဖြေတွေက ခံစားချက်ကိုပိုလေးနက်စေတယ်နော် ညီမလေး.. မမေးတော့ပါဘူးလေ..

    ချစ်လို့ကြည်စယ်သွားပါ၏ :))

    စကားမစပ်...ပန်းပိတောက်ကိုချစ်တယ်..သူသူကိုလည်းချစ်ပါတယ်..
    (header အသစ်ကလေး ကြိုက်လွန်းလို့ မနေနိုင် မထိုင်နိုင် သီချင်းဆိုသွားသေး၏ :D)

    ReplyDelete
  16. မမပန်းချီ ◄ ဟုတ်တယ် မမပန်းချီ... တခါတလေ ပြောချလိုက်ရင် လေးနက်မှုက လျော့သွားတတ်ပြန်တယ်နော်...း)

    ♫♪ မမပန်းချီကိုလည်း ချစ်ပါတယ်... ♫♪ (သီချင်းဆက်ဆိုတာ... Banner အသစ်လေး ကြိုက်တယ်ဆိုလို့ ကျေးဇူးပါ မ...း)

    ReplyDelete
  17. သက်ပြောတဲ့အချစ်အကြောင်းလေး ဖတ်သွားတယ်။ မဇွန်တောင် တဂ်ပို့စ်နှစ်ပုဒ် အကြွေးတင်နေတာ ခုထိ မဆပ်နိုင်သေးဘူး။ စာထက်ညီမပြန်ဖြေတဲ့ မန့်ချက်ထဲက တစ်ခုကို သဘောကျသွားတယ်။ “တစ်ယောက်တည်းနေတာ ကျွန်မရဲ့ရွေးချယ်မှုပါ” ဆိုတာကို။း)

    ReplyDelete
  18. မရွှေပြည်သူ
    ဆက်ေ၇းပါ။
    ကျွန်တော်အမြဲတမ်းဖတ်တယ်။

    ReplyDelete
  19. အစ်မဇွန် (ဇွန်မိုးစက်) ◄ စာတင်မက ကောမန့်လေးပါ ဖတ်ပေးလို့ ကျေးဇူးပါမရယ်း)

    Thet ◄ ကျွန်မကို စာဆက်ရေးဖို့ အားဖြစ်စေတဲ့စကားတွေအတွက် ကျေးဇူးအထူးတင်ပါတယ်နော်...

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)