Monday, March 21, 2011

နေညိုရောင်တောက်ချိန်

“အိုသွေး… ဘယ်သူ့မှာ အိုသွေးရှိလဲ မသိဘူး…”

ညာလက်သုံးခု ယောင်ယမ်းပြီး ပြိုင်တူထောင်သည်။ တစ်ခုက သူရိန့်လက် ဝဝတုတ်တုတ်… ခိုင်မာပြတ်သားမှုအပြည့်နဲ့။ တစ်ခုက ပိုးဥလက် ဖြူဖြူသွယ်သွယ်လေး… ဇဝေဇဝါနဲ့။ တစ်ခုက သူမလက်… ကတုန်ကယင်နဲ့။

“လူနာအတွက် အရေးပေါ်လိုလို့ လှူနိုင်မလား”

လက်ဝဝတုတ်တုတ်က နေရာကမရွေ့။ လက်ဖြူဖြူသွယ်သွယ်လေးက အောက်နည်းနည်းဆင်းသွားသည်။

“ကျွန်မလှူမယ်…”

အသံတုန်တုန်အဆုံးမှာ လက်တုန်တုန်က အပေါ်ကို ပိုမြင့်သွားသည်။ “ဟဲ့” အာမေဋိတ်သံတိုးတိုးနဲ့ မျက်လုံးကြီးပြူးပြီး လှည့်ကြည့်တဲ့ သူ့ရိန်ကို ပြန်ကြည့်လိုက်ချိန် သူမနှုတ်ခမ်းတို့လည်း တုန်ရင်နေခဲ့ပြီ…


♦ ♦ ♦
♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦

“နင် ရူးနေလား… နင်ပဲ သွေးဆို ကြောက်လှချည်ရဲ့ဆို”

ဆေးရုံကုတင်ပေါ်မှာ ပိုက်တန်းလန်းနဲ့ ပက်လက်ကလေး မျက်စိပျက်မျက်နှာပျက်ဖြစ်နေတဲ့ သူမကို သူရိန်ဘေးနားက ကြည့်ပြီး ပွစိပွစိပြောသည်။ သူမ ပိုက်ရှိရာဘက်ကို ကြိုးကြိုးစားစား မျက်နှာလွှဲထားရင်း…

“ဟဲ့ အရေးပေါ်လိုနေတာဆိုတော့…” ခါတိုင်းလို အားရှိပါးရှိတောင် ပြန်ရန်မတွေ့နိုင်။ သူမ အသံက ကြောက်စိတ်ကြောင့် တုန်ရင် ဖျော့တော့နေသည်။

“ငါလှူမှာပေါ့ဟ…”
“အိုး... နင်တို့ တခါပြောနေတာ ကြားဖူးတယ်။ နင့်သွေးမှာ ဘာရောဂါပိုးဆိုလည်း ရှိတယ်ဆို? တော်ကြာ မတော်တဆများ… ”
“အာ… အဲဒါ စောလှိုင်တို့ ပေါက်တတ်ကရ နောက်နေတာတွေကို နင့်ဘာသာ နားစွန်နားဖျားကြားတာ။ တကယ်ရှိမှတော့ ဆရာဝန်တွေ နပ်စ်တွေကရော ငါ့သွေးကို ပေးသွင်းမှာ မို့လို့လား။ ဒီလောက်တောင် အဖြစ်သဲနေတာ နင့်ထိုက်နဲ့ နင့်ကံပဲ။ လာကြောက်မပြနဲ့။ မသနားဘူး ဟေ့။”

သူရိန် ခပ်ပြတ်ပြတ်ပြောရင်း လက်ထဲက ပန်းသီးကို ခွပ်ကနဲ ကိုက်စားပစ်သည်။ ပန်းသီးက နီရဲစိုလက်လို့။ သူမ မျက်လုံးကို ယောင်ယမ်းပိတ်လိုက်သည်။ ခုချိန်မှာ သူမ အနီရောင်ဆိုလို့ ဘာကိုမှ မမြင်ရဲ…

♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦

သူရိန်အခန်းတံခါးကို ခပ်ဖွဖွပိတ်လိုက်ချိန်မှာ သူ့မျက်လုံးတို့ ခပ်လေးလေးပွင့်လာသည်။ ပိုးဥကို ရီဝေစွာ ကြည့်သည်။ နောက် သူရိန့်ကို လှမ်းကြည့်သည်။ နောက်တော့ သူမရှိရာ မျက်လုံးတွေ ရောက်လာပြီး…

“ကျေးဇူး ထိုက်…”

ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတို့ကနေ ခပ်တိုးတိုးပြောတော့ သူမ ရင်ထဲမှာ လေးလံထိခိုက်ရသည်။ သူမ ခေါင်းငြိမ့် ပြလိုက်သည်။ သူမနဲ့ သူရိန်က ခုံတန်းရှည်ပေါ် ထိုင်ချလိုက်တော့ ပိုးဥက သူ့ဘေးမှာထိုင်ရင်း လက်တစ်ဖက်ကို ခပ်ဖွဖွ ဆုပ်ကိုင်သည်။ နောက် ပေါ့ပေါ့ပါးပါးလေး ပြုံးပြသည်။ ပိုးဥက သူ့ရည်းစားအသစ်စက်စက်လေး။ သူတို့ ကြိုက်တာ ရက်ပိုင်းလောက်ပဲ ရှိဦးမည်။ သူ့ကောင်မလေးတွေ အားလုံးက တပုံစံထဲလေးတွေပါပဲ။ မျက်လုံးဝိုင်းဝိုင်း ဖြူဖြူသွယ်သွယ်နဲ့ မျက်နှာပေါက် မျက်နှာကျ ကလေးတွေ တူသလို အရာရာကို ပေါ့ပေါ့လေး ရှုမြင်တတ်ကြပုံခြင်းလည်း တူသည်။ အင်းလေ… ဘဝရဲ့ တခြားအရာတွေကိုတော့ မသိ… သူနဲ့ရည်းစားဘဝကိုတော့ ပေါ့ပေါ့လေးတွေသာ သဘောထားကြပုံ ရသည်။ ပြတ်သွားတိုင်း ဟန်မပျက်။ သူနဲ့ အခေါ်အပြောလည်း မပျက်။

“နင် အဲလိုပုံစံဆင်တူလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေမယ့်အစား တစ်ယောက်ထဲကိုပဲ တည်တည်ငြိမ်ငြိမ် တွဲပါလား…” လို့ သူမ တစ်ခါပြောတုန်းက သူ အလေးမထားသလို ရယ်လို့သာနေခဲ့သည်။

ပိုးဥပြောသမျှ ချစ်စရာစကားလေးတွေကို ပြုံးပြီးနားထောင်နေတဲ့ သူ့မျက်လုံးတွေက နွမ်းလျလွန်းနေသည်။ သူ့ကို ဒီလိုပုံစံနဲ့ တခါမှ မမြင်ဖူးခဲ့။ သူသည် အခါခပ်သိမ်း တက်ကြွဖြတ်လတ်လွန်းသူ ဖြစ်သည်။ ကျောင်းတုန်းကလည်း စာမညံ့သလို Basketball မှာလည်း ထူးချွန်လိုက်သေးသည်။ ဒါပေမယ့် သူတို့ အုပ်စုထဲမှာ ဆေးလိပ်စသောက်တတ်တာလည်း သူပဲဖြစ်နေပြန်သည်။ အရက်အကြောင်း သူစပြောပြတုန်းကလည်း သူရိန်တို့မှာ ပါးစပ်အဟောင်းသားနဲ့ နားထောင်ခဲ့ရသတဲ့။ အဲဒီလိုပါပဲ… သူတို့ အုပ်စုထဲမှာ မကောင်းမှု ဟူသမျှ အရင်ဆုံး လက်တည့်စမ်းဖူးသူမှာ သူသာ ဖြစ်ခဲ့သည်။ အဆိုးဆုံးက သူဟာ မကောင်းမှုတွေထဲမှာ နစ်မြုပ်မသွားအောင် သူ့ကိုယ်သူ ထိန်းနိုင်တယ်လို့ ယုံကြည်မှုလွန်ကဲနေခြင်း။ ဒီလိုနဲ့ သူသည် လူတော်ဖြစ်လာတော့ မယောင်ယောင်နဲ့ လူဆိုးဆန်ဆန် ကြီးပြင်းလာခဲ့သည်။

“နင့်ပြဿနာက ကိုယ့်ဘာသာ ယုံကြည်မှုလွန်ကဲနေတာ” သူမ တခါတုန်းက သူ့ကို ဝေဖန်ဖူးသည်။
“အဲဒါ ဘယ်သူ့ကို ထိခိုက်နေလို့လဲ…” ခပ်ဆတ်ဆတ်ပြန်ဖြေတဲ့ သူ့အဖြေကို “နင်နဲ့ဘာဆိုင်လို့လဲ” ရယ်လို့ တိုက်ရိုက်ဘာသာပြန်ရင်း သူမဆွံ့အဝမ်းနည်းစွာ ထိုနေ့က အိမ်ပြန်ခဲ့သည်။ တကယ်တော့ သူမ ပြန်ပြောခဲ့ဖို့ကောင်းသည်… “နင့်ကို…” လို့။

သူ သူမကို အခါခါ နာကျင်အောင် လုပ်ဖူးပါသည်။ ဒါပေမယ့် သူမ စိတ်ကသာနာသည်။ နှလုံးသားက နာရကောင်းမှန်းပင် မသိခဲ့။

အတွေးထဲနစ်မြောနေတုန်း ပိုးဥပြန်ဖို့ ပြင်နေတာ မြင်လိုက်ရသည်။ သူရိန်က နယ်ကလာတဲ့ သူ့မိဘတွေမရောက်ခင်အထိ ညအိပ်စောင့်ပေးမယ်လို့ ပိုးဥကို လှမ်းပြောနေသည်။ ပိုးဥ သူမကို တချက်ပြုံးပြပြီး ထွက်သွားတော့ သူမလည်း ပြန်ဖို့ သတိရသည်။ သူ့ကို ငဲ့ကြည့်တော့ အိပ်ယာပေါ်ကနေ သူမကို ငေးကြည့်နေသည်။

“ငါပြန်တော့မယ်…” သူခေါင်းငြိမ့်ပြသည်။
“သူရိန် ငါ့ကို ဘတ်စ်ကားဂိတ်ရှိတဲ့ဘက် ပြန်လိုက်ပို့ပေးပါလားဟာ။ ငါအလာတုန်းက လမ်းမှတ်မထားလိုက်မိလို့”
“အေးပါ ပို့မှာ။ နင်မမှတ်မိမှာ ငါသိတယ်။ မှတ်မိရင်လည်း အံ့ဘွယ်ဖြစ်မှာ။ အလာတုန်းက ဒီလောက် ပျာယာခတ်နေတာ…”

သူမ ရှက်သလိုဖြစ်သွားပြီး လက်က တိတ်ပြားနဲ့ကပ်ထားတဲ့ အပ်ရာကို ယောင်ယမ်းဆုပ်ကိုင်မိတော့ နာကျင်မှုကြောင့် တွန့်ကနဲ ဖြစ်သွားသည်။ မျက်လုံးထောင့်မှာ သူလှမ်းငေးနေတာကို မြင်နေရသည်။

“ခဏ… ငါ အိမ်သာ ဝင်လိုက်ဦးမယ်”

သူရိန် အခန်းနဲ့တွဲထားတဲ့ အိမ်သာထဲ ဝင်သွားတော့ သူမ နဲ့ သူ အခန်းထဲမှာ တိတ်ဆိတ်မှုနဲ့ အတူကျန်ခဲ့သည်။ သူ့ကို ငဲ့ကြည့်တော့ သူမကို ငေးနေဆဲ။ စကားလည်း မပြော။ သူ နေရထိုင်ရတာ သက်မှ သက်သာရဲ့လား။ တိတ်ဆိတ်လွန်းတာကြောင့် သူမ နေရခက်လာတော့ စကားစမိသည်…

“နေရတာ သက်သာလား…”

သူ ခေါင်းငြိမ့်ပြသည်။ သူမစိတ်ထဲမှာ သူရိန် အိမ်သာဝင်တာ ကြာလွန်းလှသည်။

“နင် သွေးကြောက်တတ်တယ် မဟုတ်လား…”
“အင်း… ဟင်… နင်ဘယ်လိုလုပ်သိလဲ…”
“သိတာပေါ့…”

ဒဏ်ရာကြောင့်လား မသိ။ သူ့မျက်နှာမှာ ခံစားချက်တို့ ကင်းမဲ့နေသလိုလို…

“နောက်ကို ဆိုင်ကယ်မစီးပါနဲ့တော့လားဟာ…” သူက ကြားဟန်မတူ…
“ငါလေ… ဒဏ်ရာကြောင့်လားတော့ မသိဘူး။ စိတ်ထဲမှာ တမျိုးကြီး ဖြစ်နေတယ်… အေးနေသလိုလို လေးနေသလိုလို။ ကြည့်ရတာ နင့်သွေးတွေ ငါ့ကိုယ်ထဲမှာ စီးနေလို့လားမသိဘူး။”

သူ ယဲ့ယဲ့ပြုံးရင်းပြောတော့ သူမ ရင်တလှိုက်လှိုက်ခုန်လာသည်။ တညနေလုံး သူခုမှ စကားတွေ အများကြီး စပြောသည်။ သက်သာလာပြီ ထင်ပါရဲ့။ သူ့မျက်လုံးတွေကို ကြည့်လိုက်တော့ အပြင်ဘက်က လိမ္မော်ရောင် ကျနေကြောင့် အညိုရောင်ကနေ ပျားရည်ရောင်လိုလို ရွှေအိုရောင်လိုလိုလေး ဖြစ်နေသည်။ သူမ သတိလက်လွတ် ငေးနေမိတုန်း သူဆက်ပြောသည်…

“နင့်ကိုလည်း ရုတ်တရက်ကြီး ပိုနားလည်လာသလိုပဲ”

အို ဘာကိုများ နားလည်သွားတာလဲ။ သူမ မျက်နှာပူကနဲ ဖြစ်သွားချိန်မှာပဲ သူရိန်ထွက်လာသည်။

“ကဲ သွားကြမယ်…။ လူနာရေ… ငါ မင်းကျေးဇူးရှင်ကို ဘတ်စ်ကားဂိတ် ခဏ လိုက်ပို့လိုက်ဦးမယ်။” ပြောင်ချော်ချော်ပြောရင်း သူရိန် ရှေ့ကနေ အခန်းပြင်ကို တလိမ့်လိမ့် ထွက်သွားသည်။ သူမ သူ့ကို ပြုံးပြလိုက်တော့ သူ နူးညံ့သော မျက်လုံးတွေနဲ့ သူမကို ငေးကြည့်နေဆဲ။

“ငါ့မှာ အရှင်လတ်လတ် ကိုရီးယားကားထဲများ ရောက်သွားသလားလို့”

တံခါးအပြင်ဘက်ရောက်တော့ သူရိန်က ရွဲ့ပြောပြောသည်။

“ဘာလဲဟ…”
“ငါ အထဲကနေ အကုန်ကြားတယ်…”
“အာ… ဘာကြားတာလဲ။ ငါတို့ ဘာမှ ထူးထူးခြားခြား မပြောဘူး…” ပြောသာ ပြောလိုက်ရပေမယ့် သူမ မျက်နှာတွေ ပူလာပြန်သည်။ သူရိန်က ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး…

“ဟုတ်ပါပြီ ဟုတ်ပါပြီ…”

နောက်ဘာမှ ဆက်မပြောတော့ဖြစ်ဘဲ အသံတိတ် လျှောက်လာမိကြသည်။ ဘတ်စ်ကားဂိတ်ကို လှမ်းမြင်ရတဲ့ နေရာရောက်လာတော့ သူရိန် ရုတ်တရက် လမ်းလျှောက်တာ ရပ်လိုက်သည်။

“ကဲ… ထိုက်… ငါအတည်ပြောမယ်။ နင်ရှေ့ဆက်တိုးမယ်ဆိုရင်တော့ အများကြီး ပြင်ဆင်ထားရလိမ့်မယ်။”

မော့ကြည့်လိုက်တော့ သူရိန့်မျက်နှာက မြင်ရခဲတဲ့ တကယ်ကို အတည်ပြောနေတဲ့ပုံ။

“ဘာလဲ… ဘာကိုလဲ…”
“အမယ် နင်က ငါ့ကို ငတုံးထင်လို့လား…။ ငါမြင်သားပဲ ဟိုကောင်နင့်ကို ကြည့်တဲ့ မျက်လုံးက ကာလာတွေ ပြောင်းနေတာ။”

သူမ ရင်တွေ ကျင်ကနဲဖြစ်သွားသည်။ သူမ ခေါင်းကို တချက်ခါပြီး အားယူပြောလိုက်သည်…

“သူရိန်ရယ်… သူ့မျက်လုံး ကာလာတွေ ပြောင်းတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး…။ နင်စောစောက ပြောတဲ့စကားကို ဘယ်တုန်းကမှ မပြောဖူးဘူးလို့ပဲ ထားလိုက်ရအောင်ဟာ…နော်…”

သူရိန် သူမကို ကြည့်ရင်း တခုခုကို နားလည်သွားသလို ခေါင်းငြိမ့်သည်…

“ကဲ ကဲ… သွားတော့။ နင်လည်း ပင်ပန်းနေပြီ။ ဟိုးမှာလာနေတာ နင်စီးမယ့် ကားထင်တယ်။”

သူမ သူရိန်ကို ကျောခိုင်းထွက်လာတော့ ရင်ထဲက တင်းကျပ်မှု ပိုဆိုးလာသည်။ သူမကို ကြည့်တဲ့ သူ့မျက်လုံးအရောင်ဟာ သူ ရည်းစားလေးတွေနဲ့ ပြတ်လေတိုင်း အခုလို ပြောင်းလဲလေ့ရှိစမြဲ။ ဒီလိုနဲ့ အသစ်တွေ့သွားလေတိုင်း ဖျတ်ကနဲ ပျောက်သွားတတ်ပြန်တာလဲ အကြိမ်ကြိမ်ပါပဲ။ သူမ အကြိမ်ကြိမ် ကြည်နူးခဲ့ဖူးပါသည်။ အဲဒီ ကြည်နူးမှုကြောင့်ပဲ သူ့ထက် အဆပေါင်းများစွာ ပိုကဲတဲ့ နာကျင်မှုတွေလည်း အကြိမ်ကြိမ် ခံစားခဲ့ရဖူးပါပြီလေ...

သူရိန်တို့ ရိပ်မိသလိုပဲ သူမ သူ့ကို ချစ်ပါသည်။ ဒါပေမယ့် အပြင်ပန်းမှာ မာကျောခိုင်မာသယောင်နဲ့ အတွယ်အတာ လွယ်လွန်းတဲ့၊ အလွယ်တကူ ပြောင်းလဲလွယ်လွန်းတဲ့ သူ့ရဲ့စိတ် အကြောင်း… နောက် တခြားတခြားသော သူ့အကြောင်းတွေကို သူများတွေထက်ပိုပြီး သူမ မသိခဲ့ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။ အခုတော့…

သူရိန်ပြောတဲ့ ဘတ်စ်ကားက မှားနေသည်။ သူမ စီးမည့်ကားက မလာသေး။ လည်ကိုဆန့်ပြီး ဇတ်ကနဲ မျှော်အကြည့်မှာ သွေးထုတ်ယူထားတဲ့ဒဏ်ကြောင့် သူမ မျက်လုံးတွေပြာပြီး မိုက်ကနဲ တချက်ဖြစ်သွားသည်။ နီးရာခုံပေါ် ထိုင်ချလိုက်ရင်း မျက်လုံးတွေကို ဖြေးဖြေး ဖွင့်မိတော့ လိမ္မော်ရောင် ညနေခင်းနေရောင်ထဲမှာ သူ့ရွှေအိုရောင် မျက်လုံးလေးတွေကို မြင်ယောင်သည်။ “နင့်ကိုလည်း ရုတ်တရက်ကြီး ပိုနားလည်လာသလိုပဲ” ဆိုတဲ့ သူ့စကားကို ကြားယောင်သည်။ သူမ ယောင်ယမ်းလို့တောင် ပြုံးပြလိုက်မိသေးသည် ထင်ပါရဲ့…

သူမ သူ့ကို ချစ်ပါသည်။ ဒါပေမယ့် ကြိုက်တော့ မကြိုက်ခဲ့။ အဲဒီနှစ်ချက်မှာ ဘယ်တစ်ခုကိုများ သူ… နားလည်ခဲ့ပါလိမ့်ကွယ်…

ရွှေပြည်သူ
(11:20 PM ~ 21-Mar-2011)

30 comments:

  1. ချစ်တာနဲ့ ကြိုက်တာ တူတော့မတူဘူး ။ ကြိုက်လို့ မရတဲ့အတွက် ချစ်တဲ့အချစ်တွေကို ဒီအတိုင်းလေး သိမ်းထားလိုက်ရတာ အချစ်ရဲ့ဂုဏ်သတ္တိ မလျော့တော့ဘူး ။
    အချစ်နောက် စိတ်အလိုက်လိုက်ခဲ့ပြီး အကြိုက်မတူ/ကြိုက်မရလို့ အချစ်တွေ ပျက်စီးသွား/ပျက်ပြယ်သွားရင်သာ နှမျောစရာ ။

    ဝတ္တုလေးက ထုံးစံအတိုင်း ချိုအေးမွှေးလေး :)))

    ReplyDelete
  2. အစ်ကို လင်းဒီပ ◄ ဟုတ်တယ်... ညီမလည်း အဲဒီအတိုင်းပဲ ထင်မိတယ် (ရေသာခိုတာ မဟုတ်ပါဘူး... ကိုယ်ပြောချင်တာနဲ့ တထပ်ထဲ ဖြစ်နေလို့း)) ဝတ္ထုလေးကို ဖတ်ရှုခံစားပေးလို့ ကျေးဇူးပါ အစ်ကိုရေ...

    ReplyDelete
  3. ဘာပြောရမှန်းမသိဖြစ်သွားတယ်။ တကယ် ဇတ်လမ်းကိုလည်း 4 ခေါက်လောက် ဖတ်သွားတယ်။ တစ်ခုခုတော့ ရင်ထဲဖြစ်သွားတယ်။ ဘာလည်းတော့ မပြောတက်ဖူးဖြစ်နေတယ်။ ကောင်းတဲ့ ဇတ်လမ်းတစ်ပုဒ်လို့ပဲ မျက်ချက်ပေးချင်တော့တယ်ဗျာ။

    ReplyDelete
  4. ကိုခနွဲ ◄ ဝတ္ထုလေးကို အကြိမ်ကြိမ် ဖတ်ရှုခံစားပေးသွားတယ်ဆိုလို့ ကျေးဇူးအရမ်းတင်ပါတယ်း)

    ReplyDelete
  5. လောကမှာ ချစ်တာယူ လို့ မရှိဘူး။ ကြိုက်တယ် ယူပဲ ရှိတယ်။
    ချစ်ခြင်းမှာ ရွေးခြယ်မှု မပါဘူး ဆိုတဲ့ သဘောပေါ့လေ။
    အချစ်မှာ အချစ်စစ်စစ် တစ်ခုပဲ ရှိတယ်။ ကျန်တာတွေ ပါလာရင်တော့ ရွေးခြယ်တာ ဖြစ်ပြီပေါ့။ ဒါဆို ကြိုက်တာပဲ ယူပါစေတော့လေ။
    ငယ်ငယ်ကတော့ အတော် ပြောခဲ့ဖူးတဲ့ အကြောင်းအရာလေးပေါ့။

    အခုတော့ “ လူအ အိပ်မက် ” ပါပဲလေ။

    ReplyDelete
  6. အစ်ကို ကိုဇော် ◄ ဟုတ်တယ် အစ်ကိုရေ... ချစ်ခြင်းမှာ ရွေးချယ်မှု မပါတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ချစ်ရုံနဲ့ကလည်း မပြီးပြန်တော့ ကြိုက်ခြင်း မကြိုက်ခြင်းကလဲ အမြဲကပ်ပါနေပြန်ရော...

    ReplyDelete
  7. တောင်းဆိုပြီး မကြာဘူး စာသားညက်ညက် ဇာတ်ကောင်တွေရဲ့စရိုက်ကို ထင်းကနဲ မြင်သာအောင် ပုံဖော်ထားတဲ့ ရင်ခုန်ကြည်နူးဖွယ်ဝတ္ထုတို အသစ်လေးကို အားပေးသွားတယ်နော် မရွှေပြည်သူ ။

    ဧည့်မှတ်တမ်းမှာ အမည်မသိလက်မှတ်ထိုးခဲ့သူ

    ReplyDelete
  8. Anonymous ◄ကျွန်မအရင်က ပြောခဲ့ဖူးသလိုပဲ ဒီဘလော့လေးက စာရေးချင်စိတ်နဲ့ စခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ စာရေးချင်စိတ်အပြင် စာလာဖတ်ပေးသူတွေ ပေးတဲ့အားနဲ့ပါပေါင်းပြီး လည်ပတ်နေခဲ့တာပါ။ အားပေးမှုကို အမြဲတမ်းတန်ဖိုးထားပြီး ကျေးဇူးတင်သလို လာဖတ်ပေးသူတွေအတွက် ဖတ်လို့ အဆင်ပြေတာမျိုးလေးတွေထပ် ရေးနိုင်ဖို့ မျှော်လင့်ပါတယ်း)

    ReplyDelete
  9. ချော(အစိမ်းရောင်လွင်ပြင်)Mar 21, 2011 12:12 PM

    သူ့ကိုချစ်ပါသည် ကြိုက်တော့မကြိုက်ခဲ့....
    ဟုတ်တယ် လူတစ်ယောက်ကို မကြိုက်တဲ့အချက်တွေ အများကြီးရှိပေမဲ့ ချစ်မိသွားတာမျိုးလည်း ဖြစ်နိုင်တယ်နော်..
    သိပ်မှန်တာဘဲ
    ချစ်တာနဲ့ ကြိုက်တာ တစ်ထပ်တည်း ကျဖို့လည်း ခဲယဉ်းသလိုဘဲ...
    မကြိုက်ပေမဲ့ ချစ်နေမိတာ ခက်သားလားနော်

    ReplyDelete
  10. ချော (အစိမ်းရောင်လွင်ပြင်) ◄ ဟုတ်တယ် ချောရေ... တထပ်ထဲကျဖို့က တော်တော်ခဲ့ယဉ်းတတ်တယ်နော်။ ဖတ်ရှုခံစားပေးတာ ကျေးဇူးပါး)

    ReplyDelete
  11. ရေးလိုက်တဲ့ ၀တ္ထုတိုင်းက ရင်ထဲကို ထိထိသွားတယ်.. နောက်ထပ် အများကြီး ရေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

    ReplyDelete
  12. ဟူးးး ရေး... နူးညံ့ညင်သာ၊ဖြည်းဖြည်းသက်သာ... ပြီးတော့ တနင့်တပိုးနဲ့..
    ဖတ်လို့ကောင်းလိုက်တာ။ ဒီအမ ကိုတော့မနိုင်တော့ဘူး။း))

    ReplyDelete
  13. Anonymous ◄ စာလာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်နော်။ ပေးတဲ့ဆုနဲ့လည်း ပြည့်ရပါစေး)

    mirror ◄ ညီမလေးရေ... စာလာဖတ်ပြီး အားပေးတာ ကျေးဇူးပါး) မနိုင်တော့ဘူးဆိုတာ အစ်မက တအားဝနေလို့ပဲ ဖြစ်ရမယ် ;)))

    ReplyDelete
  14. မရေ ဖတ်သွားပါတယ် ဆြာမကြီးပဲနော်...။

    ReplyDelete
  15. မြတ်မွန် ◄ စာလာဖတ်ပေးတာ ကျေးဇူးပါ ညီမလေးရေ။ ဆြာမကြီး မဟုတ်ပါဘူးကွယ်း)

    ReplyDelete
  16. အစ်မရွှေပြည်သူ ရေးတဲ့ ၀တ္ထုတိုလေး မနေ့ကတည်းက ဖတ်ဖြစ်ပြီး comment မရေး ဖြစ်တာ။ အရေးအသားလေးတွေ နူးညံ့ သိမ်မွေ့ပြီး ပြေပြစ် လှလို့ နှစ်သက်မိတယ်။ အင်းလေ... ဒီလောက်တောင် မိန်းကလေးတွေ ထည်လဲတွဲပြီး ရှုပ်နေတဲ့ ယောက်ျားလေး တစ်ယောက်ရဲ့ စိတ်ဓာတ်ကို ဇာတ်လမ်းထဲက "ထိုက်" မပြောနဲ့ ဘယ်မိန်းကလေးမှ ကြိုက်မှာ မပာုတ်ဘူး။ တစ်ခုလေးပဲ အကြံပေးချင်တယ် အစ်မရွှေပြည်သူ (စိတ်မရှိပါနဲ့နော်) အဓိက ဇာတ်ဆောင်ကို နာမည်လေးနဲ့ ရေးရင် ကောင်းမယ်။ ရို့စ်ပဲ တုံးလို့လား မသိ။ စစ ဖတ်ချင်း သိပ် နားမလည် လိုက်တော့ ၂ ခေါက်လောက် ထပ်ဖတ်လိုက်တယ်။ သူရိန် ဆိုတာ ထိုက် ချစ်တဲ့ ယောက်ျားလေး မပာုတ်ဘူးနော်။ နောက်မှ သိတယ်။ နာမည် မပါတဲ့ တစ်ယောက်ကမှ ထိုက် ချစ်တာနော်။

    ReplyDelete
  17. rose ◄ ညီမလေးရေ စာဖတ်ပေးတဲ့အတွက်ရော အကြံပေးသွားတဲ့အတွက်ပါ အရမ်းကျေးဇူးတင်ပါတယ်နော်။ ညီမလေး သူရိန်နဲ့သူ့ကို မကွဲဘူးဖြစ်သွားတာ အစ်မရေးတာ မရှင်းလို့ပဲ ဖြစ်မှာပါး) နောက်ဆိုရင် ဇာတ်ကောင်နာမည်လေးတွေ ထည့်ရေးဖြစ်အောင် ကြိုးစားပါဦးမယ်။ အစ်မက “သူ နဲ့ သူမ”လို့ ရေးရတာကို သဘောကျနေမိလို့ပါ။ ဘာပဲပြောပြော နားလည်တဲ့အထိ ဖတ်ပေးသွားတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်နော်း)

    ReplyDelete
  18. အစ်မရေ ... ၀တ္ထုတိုလေးလာရောက်အားပေးသွားပါတယ်
    နှင်းဟေမာ

    ReplyDelete
  19. ညီမလေးနှင်း ◄ စာလာဖတ်ပေးသွားတာ ကျေးဇူးနော်း)

    ReplyDelete
  20. အစ်မရေ.. ချစ်တာနဲ့ ကြိုက်တာ မတူတာကို သေချာဖွဲ့ပြသွားတာ သိပ်ကောင်းတာပဲ.. ချစ်ပေမယ့် မကြိုက်တာတွေလည်း ရှိမှာပဲလေ.. ချစ်ပေမယ့် မကြိုက်တာတွေ သိပ်များနေရင်တော့လည်း လက်တွဲဖို့ ဘယ်အဆင်ပြေမလဲနော်..
    အစ်မရဲ့ ဝတ္ထုလေးတွေထဲမှာ ချစ်စရာကောင်းတဲ့ အရိပ်အငွေ့လေးတွေ အမြဲတွေ့ရတယ်.. ဘယ်လိုပြောရမလဲတော့ မသိဘူး.. ကိုလင်းဒီပ ပြောသလိုပဲ ချိုအေးမွှေးလေးပေါ့..

    ReplyDelete
  21. ချစ်ခြင်းမေတ္တာရဲ့သန့်စင်မှု တည်တံ့ခိုင်မြဲဖို့ တစ်ယောက်ကိုတစ်ယောက် ကြိုက်နှစ်သက်မှုရှိဖို့ လိုအပ်ပါတယ် မကြိုက်ဘဲချစ်တဲ့ အချစ်နဲ့၊ မချစ်ဘဲကြိုက်တဲ့ အကြိုက် ဘယ်အရာက ပိုပြီးခိုင်မြဲမယ်ဆိုတာတော့ လက်တွေ့ကျကျ သုတေသနလုပ်ကြည့်မှပဲ တိတိကျကျသိရမယ်ထင်တယ်...ချစ်လည်းချစ် ကြိုက်လည်းကြိုက်ဖို့ဆိုတာတော့ ပြောသလောက်လွယ်မယ်မထင်ဘူးလေ

    ReplyDelete
  22. Sunny ◄ ညီမလေးရေ... ဝတ္ထုလေးကို ခံစားပေးလို့ ကျေးဇူးနော်း) စာထဲမှာ ချစ်စရာကောင်းတဲ့ အရိပ်အငွေ့လေးတွေရတာ ဖတ်တဲ့သူရဲ့ နူးညံ့တဲ့စိတ်အခံကြောင့်ဖြစ်မှာ ညီမလေးရဲ့း)

    ကို Han Kyi ◄ လာလည်စာဖတ်တာ ကျေးဇူးတင်ပါတယ် အစ်ကို။ အစ်ကိုပြောသလိုပါပဲ အဲဒီနှစ်ခုကို သုတေသန လုပ်ကြည့်မှပဲ သိမှာပါပဲ။ နောက်တစ်ခုက ကံတရားရယ် တခြားသော အချက်အလက်ပေါင်း များစွာရယ်လဲ ပါဦးမှာပါ။ ချစ်လည်းချစ် ကြိုက်လည်းကြိုက်ဖို့က ပြောသလောက်မလွယ်တာ မှန်ပါတယ်။ ချစ်တဲ့သူမှာ မကြိုက်တဲ့အချက်တွေ ရှိလာတဲ့အခါမှာတော့ (အဲဒီအချက်တွေဟာလည်း လက်မခံနိုင်လောက်အောင် ကိုယ်တန်ဖိုးထားရာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေရင်တော့) ချစ်တာပဲဆိုပြီး စိတ်ခံစားမှုနောက် မလိုက်ဘဲ လုပ်သင့်တာကို လုပ်နိုင်တာကလည်း ရဲရင့်ခြင်းတမျိုးလို့ ညီမထင်ပါတယ် (ညီမရဲ့ Personally ယူဆချက်ပါ)။ ဝတ္ထုထဲက ထိုက်ကို အဲလိုပုံဖော်ခဲ့တာပါ။

    ReplyDelete
  23. မမ ရဲ့ စာတွေထဲမှာ ၀တ္တု တိုလေးတွေကို အကြိုက်ဆုံးပဲ...ဘယ်လိုလေးမှန်းမသိပဲ ရင်ထဲ ကို ထိထိ သွားတယ်...များသောအားဖြင့်တော့ ...ပေါင်းပေးတာ နဲ တယ်နော်... ဘယ်လိုဖြစ်ဖြစ် မမ စာတွေ မြင်နေရရင် ပျော်တယ်


    နောင့်

    ReplyDelete
  24. နောင့် ◄ ညီမလေးရေ... ဝတ္ထုတိုလေးတွေ ဆက်ရေးဖြစ်အောင် ကြိုးစားမယ်နော်း) ဟုတ်တယ် ညီမလေးရေ... ပေါင်းမပေးမိတာ များနေမှန်း ကိုယ့်ဘာသာလဲ သတိထားမိလာတယ်း)) အမြဲတမ်း ချစ်စရာစကားလေးတွေနဲ့ အားပေးနေလို့ ကျေးဇူးပါနော်။

    ReplyDelete
  25. အင်း....ညီမလေးစာဖတ်လိုက်တိုင်း တစ်မျိုးကြီးခံစားရတယ်..ထိပြန်ပြီ..း))
    စာအရေး ပြန်စိပ်လာတာ အားအရဆုံးးးးးးးD

    ချစ်တဲ့..

    ReplyDelete
  26. မမပန်းချီ ◄ အမြဲတမ်း အားပေးနေတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် မမပန်းချီရေ...

    ချစ်တဲ့
    ရွှေပြည်သူ

    ReplyDelete
  27. မမအိမ့် လာဖတ်သွားတယ် ညီမလေး။

    ReplyDelete
  28. မမအိမ့် (အိမ့်ချမ်းမြေ့) ◄ မမအိမ့်ရေ စာလာဖတ်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်း)

    ReplyDelete
  29. ၀တ္ထုကောင်းလေးတစ်ပုဒ်ပါပဲ ညီမရေ။ ပျော်ရွှင်စရာ အဆုံးသတ်လေးနဲ့ တစ်ပုဒ်လောက် ရေးဖွဲ့ပါဦးကွယ်။

    ReplyDelete
  30. မြန်မာမိန်းကလေးတွေ က ကိုယ့်ကိုချစ် တဲ့လူထဲက ကိုယ်ပြန်ကြိုက် နိုင်လောက် မယ့်သူကို ဘဝအတွက် ပြန်ချစ်နိုင်အောင် ကြိုးစား ကြရတာ များ ပါတယ်။...စိတ်ထင်မြင်ချက်ပါ ...ချွင်းချက်ရှိနိုင်ပါသည်..။ဟိဟိ... :)

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)