ဘာအတွက်များလဲ
အားလုံး သိပြီးသားဖြစ်တဲ့အတိုင်း မနေ့က ဂျပန်ပြည်မြောက်ပိုင်း တိုကျိုမှာ ၈.၉ မဂ်ဂနီကျုအထိ ပြင်းထန်တဲ့ ငလျင်လှုပ်ပြီး ၃၃ ပေလောက်အထိ အမြင့်ရှိတဲ့ ဆူနာမီလှိုင်းလုံးတွေဒဏ်ကို အပြင်းအထန် ခံလိုက်ရပါတယ်။ ဒီသဘာဝ ဘေးအန္တရာယ်ဆိုးကြီးကြောင့် သေဆုံးသူပေါင်း ထောင်နဲ့ချီနိုင်တယ်လို့ ခန့်မှန်းကြသလို နောက်ဆက်တွဲ အနေနဲ့ ငလျင်လှုပ်ခဲ့တဲ့ နယ်မြေထဲက Nuclear Plant ၂ခုကနေ ရေဒီယိုသတ္တိရောင်ခြည် ယိုစိမ့်မှု အတွက်လည်း စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။ ကျွန်မတို့ရဲ့ နေ့စဉ် ပတ်ဝန်းကျင်မြင်ကွင်းမှာ ကြီးမားခိုင်ခံ့တယ်လို့ ထင်မြင်ရလေ့ရှိတဲ့ အိမ်တွေကို အလွယ်တကူ ရေဖုံးသွားပုံတွေ၊ ကားတွေ သင်္ဘောတွေ ကလေးကစားစရာလေးတွေလို ရေထဲမှာ အစုလိုက်အပြုံလိုက် မျောပါသွားပုံတွေကို မြင်ရတာဟာ တကယ်ကို အမြဲမရှိခြင်းဆိုတဲ့ အနတ္တ သံဝေဂတရား ရစရာပါ။
ကျွန်မသတင်းစကြားတာ အခန်းဖော်လေးဆီကပါ။ သူက တိုကျိုမှာရှိတဲ့ သူငယ်ချင်းတွေအတွက် စိတ်ပူနေပြီး အဆက်အသွယ် လုပ်ဖို့ကြိုးစားနေပါတယ်။ ငလျင်လှုပ်အပြီးမှာ ဖုန်းလိုင်းတွေ မရတော့ပေမယ့် တချို့တွေက Online ဝင်လို့ရနေဆဲ ဖြစ်တာကြောင့် သူနဲ့ Gtalk မှာ ပြောနေနိုင်ဆဲပါပဲ။ ရုံးချိန်ဖြစ်လို့ ရုံးမှာပဲရှိနေကြပြီး အိမ်လည်းပြန်လို့မရဘဲ ငလျင်နှိုးဆော်ချက် (Alert) လာတိုင်း နေရာကနေ ထပြေးနေရတယ်လို့ သိရပါတယ်။ စုရပ်လိုမျိုးမှာ သွားနေရတယ်လို့ ထင်ပါတယ်။ ကျွန်မအတွက်တော့ ဘေးကင်းတယ်လို့ သိရတဲ့ သူငယ်ချင်း မိသားစုတစ်စုကလွဲလို့ ဂျပန်မှာ အသိအကျွမ်းသိပ်မရှိတော့ စိတ်သိပ်မပူရပေမယ့် ဂျပန်မှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ တခြားသောသူတွေအတွက် သူတို့မိသားစုတွေ ဘယ်လောက်များ ပူပန်နေမလဲလို့ ကိုယ်ချင်းစာမိပါတယ်။ (ဘလော့ကနေခင်ရတဲ့ အစ်မမြတ်နိုးနဲ့ အစ်မကောင်းမွန်ဝင်း တို့ကိုလည်း သတိရမိပါတယ်။ သူတို့ဘယ်မြို့မှာ နေလဲသေချာမသိပေမယ့် ဘေးကင်းကြမယ်လို့လည်း မျှော်လင့်ပါတယ်။)
အဲဒီအချိန် ဂျပန် ငလျင်နဲ့ဆူနာမီသတင်းကို အဆက်မပြတ်ဖတ်ပြီး သတင်းပေးရင်းကနေ ကျွန်မအခန်းဖော်လေး ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်မကို တွေးစရာတွေ အများကြီးရစေပါတယ်။ သူက “ဒီလိုတွေ ကြားရတိုင်း လူတွေအားလုံးနဲ့ ချစ်ချစ်ခင်ခင်ပဲ နေချင်တော့တယ်” တဲ့။ နောက် သူဆက်ပြောတာက “ငလျင်မလှုပ်ခင်အထိ သူတို့တွေ ပုံမှန်လုပ်နေကျ ရုံးအလုပ် အိမ်အလုပ်တွေပဲ လုပ်နေကြမှာပဲနော်”တဲ့။ သိပ်ဟုတ်တာပါပဲ။ ဒီလိုဖြစ်မယ်လို့ မသိခင်မှာ လူ့သဘာဝအတိုင်း တခြားသော အရေးမကြီးလှတဲ့ ကိစ္စလေးတွေကိုပဲ ကိုယ့်အတွက်ကြီးကျယ်တယ် အရေးကြီးတယ်လို့ တွေးနေခဲ့ကြမှာ၊ လုပ်နေခဲ့ကြမှာပါပဲ။ ဥပမာ - ကိုယ်လုပ်နေတဲ့ Report တစ်စောင်ပြီးဖို့ဟာသာ အဲဒီအချိန်မှာ အရေးအကြီးဆုံးလို့ တွေးနေမိတာမျိုးပေါ့။ ကိုယ့်အသက်ရှင်ရေး နဲ့ ဒီဘဝမှာ ခဏပိုင်ဆိုင်သမျှ အရာလေးတွေ တည်မြဲရေးအတွက်တောင်ဘာမှ မသေချာတဲ့ ဒီလောကကြီးမှာ ကျွန်မတို့တွေ ဘာကြောင့်များ မလိုအပ်တာတော်တော်များများကို လိုတာထက်ပို တန်ဖိုးထားပြီး၊ ရန်တွေလည်း ဘာကြောင့်များ လိုတာထက်ပို ဖြစ်နေမိကြပါလိမ့်နော်။
အခု ကပ်ဘေးမှာ သေဆုံးသွားသူတွေဆိုရင် လူတွေ ကြိုစိုးရိမ်ပြီး သတင်းကြီးနေတဲ့ ကမ္ဘာပျက်မယ်ဆိုတဲ့ ၂၀၁၂ အထိတောင် မရှိလိုက်ကြရှာပါဘူး။ ၂၀၁၂ ဟာ တကယ်ကမ္ဘာပျက်မယ့် အချိန်ဟုတ်တယ်ပဲ ထားဦးတော့ ကျွန်မတို့အားလုံးရဲ့ အသက်တွေ၊ ပိုင်ဆိုင်မှုတွေဟာ ၂၀၁၂ မပြောနဲ့ မနက်ဖြန်အထိတောင် ဘယ်သူကများ အားမခံပေးထားနိုင်လို့လည်းနော်။ ဒီလို ရှိခြင်းနဲ့ မရှိခြင်းကြားမှာ အလွှာပါးပါးလေးပဲ ခြားနေတာကိုတောင် ကျွန်မတို့ လူတွေဟာ ရှိနေတဲ့ ဘဝအချိန်တိုလေးအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်ကြ၊ မုန်းတီးကြ၊ မနာလိုကြ၊ ဖျက်ဆီးကြနဲ့ အချိန်တွေကို ဖြတ်သန်းနေလိုက်ကြပုံက တကယ်တွေးကြည့်ရင် အံ့သြစရာတောင် ကောင်းပါတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာ တရားတော်အရဆိုရင် အဝိဇ္ဇာနဲ့ တဏှာတွေကြောင့်လို့ ပြောရမယ် ထင်ပါတယ်။
မြစိမ်းတောင် ဆရာတော်ဘုရားကြီး တစ်ခါက ဟောကြားဖူးတာကို ကျွန်မမှတ်မိသလို ပြန်ရေးပြရရင်… လူတွေဟာ စားသောက်ဆိုင်တွေမှာ လှောင်ထားတဲ့ ကြက်တွေ ဘဲတွေနဲ့ တူပါတယ်တဲ့။ ကိုယ့်ရှေ့မှာတင် တစ်ကောင်ပြီးတစ်ကောင် ထုတ်ယူသွားပြီး အသတ်ခံရ (သေကြေနေကြရ) တာကိုမြင်နေရက်နဲ့တောင် လှောင်အိမ်ထဲမှာ ပျော်လိုက်ကြ ပါးလိုက်ကြ၊ တစ်ကောင်နဲ့တစ်ကောင် ခွပ်လိုက်ကြနဲ့ မေ့မေ့လျော့လျော့ နေနေကြလို့ပါတဲ့။ ဒါကြောင့် အဟိတ်တိရိစ္ဆာန်ထက် အသိဥာဏ်အများကြီး မြင့်တဲ့ ကျွန်မတို့တွေဟာ ဘဝတိုတိုလေးထဲမှာ ညီညွတ်ချစ်ခင်သင့်တယ် ထင်တာပါပဲ။ ဘာအတွက်များ တစ်ယောက်အကျိုးမဲ့ကြောင်းကို တစ်ယောက်က လုပ်နေကြသလဲလို့ သေချာပြန် စဉ်းစားကြည့်ကြဖို့ ကောင်းပါတယ်။
ခုရေးသွားသမျှဟာ ကျွန်မသိလို့တတ်လို့ ဆရာလုပ်တဲ့အနေနဲ့ ရေးတာ မဟုတ်ပါဘူးရှင်။ ကျွန်မစိတ်ထဲမှာ ခံစားရသမျှ စဉ်းစားမိသမျှကို မိတ်ဆွေသူငယ်ချင်းတွေကို ပြန်ဝေမျှပြောပြတဲ့ သဘောသက်သက်ပါ။ ဘာပဲပြောပြော မနေ့ကနေ ခုချိန်ထိ… ကျွန်မ အခန်းဖော်ပြောတဲ့ “အားလုံးနဲ့ ချစ်ချစ်ခင်ခင် နေချင်တယ်” ဆိုတဲ့ စကားလုံးဟာ ကျွန်မစိတ်ထဲမှာ စွဲနေတော့တာပါပဲ…
မှတ်ချက်။ ။ ဒီပို့စ်အတွက် ကျွန်မရဲ့ အခန်းဖော်လေးကို ကျေးဇူးအထူးတင်ပါတယ်။


ဟုတ် တယ် မ...ရေ ....ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ် ...။ဒီလိုမျိုး...ရန်ကုန်မှာဆိုရင်ဆိုပြီးလဲတွေးနေမိတယ် ..နောက်ဆုံးတော့ မမြဲခြင်းသည်သာ မြဲလျှက်ရှိနေဆဲ :(
ReplyDeletesoe : ဟုတ်တယ် ညီမလေး... မမြဲခြင်းသာ မြဲတယ်ဆိုတာ သိပ်မှန်တာပဲ။ စာလာဖတ်တာ ကျေးဇူးပါး)
ReplyDeleteအဲသလိုအဖြစ်တြွေ့မင်တိုင်း သတိသံဝေဂရမိပေမယ့် ခဏပါပဲ ...။ ငမိုက်သားတွေပီပီ ခဏနေတော့ လောဘ ဒေါသ မောဟတွေနဲ့ပဲ ပြန်မျောပါသွားပြန်တာပဲ ။ ဒီလိုစာမျိုးလေးတွေဖတ်ရတော့ ရေးသူအတွက်ကော ဖတ်သူအတွက်ကော သတိချပ်မိစေလို့ ဝမ်းသာပါတယ်။
ReplyDeleteကိုလင်းဒီပ : ဟုတ်တယ်အစ်ကို ညီမတို့တွေ သိတော့သိကြတဲ့ လူချည်းပဲ။ ပြီးမှ မေ့မေ့သွားကြတာ ခက်တယ်း)
ReplyDeleteညီမ ရွှေပြည်သူရေ
ReplyDeleteနေ့ မြင်ညပျောက် မမြဲတဲ့ သဘောတွေ ရယ် နဲ့ 
အသက်ရှင်စဉ်လေးမှာ အားလုံးနဲ့ ချစ်ခင်စွာနေထိုင်သွား
တတ်ရမယ်လို့  အတွေးလေးရရှိသွားကြောင်းပါ။
မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးများစွာပါ။
ခင်တဲ့
ကိုမောင်မောင်
ရွှေပြည်သူရေ
ReplyDeleteညီမရေးထားတာကို လုံးဝသဘောပေါက်လက်ခံမိတယ်။
အခန်းဖေါ်လေးပြောသလိုပါပဲ
ငလျင်မလှုပ်ခင်အချိန်အထိ အားလုံးပုံမှန်အတိုင်းပဲ လုပ်နေခဲ့ကြတယ်။
လှုပ်တဲ့ အချိန်မှာတော့ ပြင်းထန်မှုကို ခံစားရင်းနဲ့ သေခြင်းတရားနဲ့ ခွဲခွါမှုကိုပါ သတိကပ်မိလိုက်တတယ်။
ခင်မင်လျှက်
ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်... ဆိုတဲ့ သီချင်းလေး သတိရမိတယ်...
ReplyDeleteရှေးကထက် ပိုတိုးပြီး ချစ်ခင်ကြတာပေါ့...း))
ညီမရေ...သတိပြုစရာ၊ အတွေးလေးတစ်ချက် လင်းလက်စေဖို့ရာ ဝေမျှပေးတဲ့ တန်ဖိုးရှိတဲ့ပို့စ်တစ်ပုဒ်အတွက် ကျေးဇူးတင်ပါတယ်။
ReplyDeleteမဇွန်လည်းလေ...အဲလိုတွေ ဖြစ်တာကို ကြားရတိုင်း တရားကိုတိုးပြီး သတိရတယ်။
ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ.. ဘယ်အရာမှ မမြဲတဲ့လောကထဲ အသက်ရှင်ခိုက် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေနိုင်သွားရင် အကောင်းဆုံးပေါ့ကွယ်။
တကယ်တော့ ဘဝဆိုတာ တကယ်ကို တိုတိုလေးပါပဲ။ ဘာလို့များ တစ်ယောက်နဲ့ တစ်ယောက် မနာလိုတာတွေ ၊ မကျေနပ်တာတွေ ဖြစ်နေ ပြောနေကြလဲ ဆိုတာ တကယ်ကို တွေးကြည့်လို့ မရခဲ့ဘူး။ ဘဝရဲ့ အနှစ်သာရကို သေချာ နားမလည်ကြသေးလို့ပဲ ထင်ပါတယ်။
ReplyDeleteအားလုံး ပျော်ရွှင်စွာ နေထိုင်နိုင်ရင်း အန္တရာယ် ကင်းရှင်းကြပါစေ။
အင်းးးးး တွေးစရာတွေ ရသွားပြန်ပြီတခါ.......
ReplyDeleteတခါတလေ တွေးမိပါရဲ့ ဘာအတွက်များ ကျးကုတ်ကျားခဲကြိုးစား မိနေတာလဲလို....
လာဖတ်သွားပါတယ်။ ဟုတ်တယ်။ ဂျပန်ဆူနာမီ ကပ်ဘေး အတွက် တကမ္ဘာလုံး က စိတ်မကောင်း ဖြစ်နေကြတာပါ။ ခင်ဗျား အခန်းဖော်ပြောတဲ့ စကားကိုကြိုက်ပါတယ်။ ဒီနေရာမှာ ကိုယ့်လူမျိုးကိုယ် မကောင်းမြင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာတွေက မနက်အစောကြီး မေတ္တာပို့တာလို၊ ညအိပ်ခါနီးမှာ နာရီဝက်လောက် တရားထိုင်တာလို ကိစ္စမျိုးတွေဖက်မှာ ပိုအားသန်ပြီး ( ဗုဒ္ဒတရားတော်နဲ့ အညီ နေထိုင် တယ်လို့ထင်ပြီး ) ဒီ မနက်ပိုင်း၊ ညပိုင်းတွေမှာ ထားနိုင်တဲ့ မေတ္တာတွေ၊ တရားတွေကို နေ့ခင်းဖက် ( daily life ) မှာ တော့ ထုတ်သုံးဖို့ အားမသန်၊ မေ့ မေ့သွားကြတယ်လို့ ထင်မိတယ်ဗျး)) ဒီ ပိုစ့်ဟာ ကျနော်တို့အားလုံးကို ကိုယ့်ကိုယ်ကိုယ် self-awareness ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ထင်တဲ့ အတွက် သတိပြုမိစရာ အချက်ကလေး တခုကို ( အပြစ်တင်ချင်စိတ် ကြီးနဲ့မဟုတ်ဘဲ ကိုယ့်လူမျိုးကိုစိတ်ဖြင့်သာ) ဝင်ပြောသွားတာ ဖြစ်ပါကြောင်း။
ReplyDeleteအစ်ကိုမောင်မောင် : ဟုတ်တယ် အစ်ကိုရေ... ညီမလည်း အဲလိုပဲ ခံစားရလို့ ဒီပို့စ်လေး ရေးဖြစ်သွားတာ...း)
ReplyDeleteအစ်မကောင်းမွန်ဝင်း : အစ်မနဲ့ မိသားစု ဘေးရန်ကင်းတယ်လို့ သိရလို့ အရမ်းဝမ်းသာရပါတယ်။ နောက်ဆက်တွဲ အခက်အခဲတွေတော့ ရှိနေဦးမှာဆိုတော့ အစစ အမြန်ဆုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် အစ်မ...
ဟုတ်ကဲ့ အစ်မသက်ဝေ : အစ်မပြောတဲ့ သီချင်းအတိုင်းပါပဲ... “အသက်ရှည်ရှည် ခင်ခင်မင်မင်” နဲ့ “ရှေးကထက် ပိုချစ်ကြရမှာ”း))
အစ်မဇွန် : ဟုတ်တယ်နော် ညီမတို့တွေ “ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ” ဆိုတာကို သိသိကြီးနဲ့ကို သတိလက်လွတ်ပဲ ဖြစ်ဖြစ်နေကြတာ...
အစ်ကို ကိုဇော် : အဲဒီလို မနာလိုတာတွေ၊ မကျေနပ်တာတွေက အဝိဇ္ဇာ နဲ့ တဏှာတွေနဲ့ ညီမတို့ ရင်ထဲမှာ ကိန်းနေပြီးသားဖြစ်တဲ့ လောဘ ဒေါသ မောဟရဲ့ လက်ချက်ပဲလို့ ထင်ပါတယ်။
ကိုအညတရကြီး : ဟုတ်တယ် ညီမလည်း အဲလိုခဏခဏ တွေးမိတယ်။ ဒါပေမယ့် ဒီခန္ဓာကြီး ရထားတော့လည်း သူ့ဝန်ထမ်းရဦးမှာပေါ့လေ...း(
mr.nothing : ဟုတ်ကဲ့ ပြောတဲ့အချက်ဟာ ဗုဒ္ဓဘာသာဝင် တော်တော်များများမှာ ဖြစ်နေတယ်ဆိုတာ လက်ခံပါတယ်။ တနေကုန် မေတ္တာစိတ်နဲ့ နေနိုင်ရင်လည်း အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်က ရိုက်ခတ်မှုပေါင်းစုံနဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ နေ့ခင်းဖက်တချိန်လုံးမှာ မေတ္တာပွားပြီး နေဖို့ဆိုတာ သာမာန် ပုထုဇဉ်တွေအတွက် မလွယ်ကူတာ အမှန်ပဲဆိုတာ တယောက်နဲ့တယောက် နားလည်ပေးရပါမယ်။ တဖက်က တွေးကြည်ပြန်တော့ ဘာသာရေးကိုလုံးလုံး မလုပ်တာထက်စာရင် ညအိပ်ခါနီး တရားလေးထိုင်တာ၊ မနက်ပိုင်း မေတ္တာပို့တာတွေဟာလည်း ဗုဒ္ဓတရားတော်နဲ့ အညီနေထိုင်နေကြတာ အမှန်ဖြစ်ပြီး ပြုသူအတွက်တော့ ဆိုင်ရာဆိုင်ရာ ကောင်းကျိုးရမှာပါပဲ။ ဒီလိုမေတ္တာပို့ခြင်း၊ တရားထိုင်ခြင်းတွေကိုတောင် လူတိုင်းပုံမှန်မလုပ်နိုင်တာမို့ လုပ်နိုင်သူတွေကို ချီးတောင် ချီးကျူးရမှာပါ။ ဒီလိုလုပ်ရင်းနဲ့ သူတို့ရဲ့စိတ် ပိုစင်ကြယ်လာရာကနေ မေတ္တာစိတ်ပိုကြီးပြီး တနေကုန် မေတ္တာနဲ့နေနိုင်သွားတဲ့ အဆင့်ထိ ဖြစ်သွားကြမှာပါ။
a mhan tot lu thar chin chit khin tar htet ta yarr ko chit khin tar po ma kaung woo lar hin ....
ReplyDeletethan yaw zin mee so dar pu laung par tal... d chit khin te` lu twae ne lal ta nayt ma hote ta nayt tot khwal ya mhar ble ma hote woo larr hin ....
e dar gyaung wi pa tha narr ta yar bar wa narr ko tet naing ta louk load kya par lo pel a kyan pay chin par tel naw ama...
hehe( myanmar keyboard install ma load ya tey lo Burglish ne ble type thwar bar ei)...
မျက်မှန်လေး : ညီမလေးပြောသလို ဝိပဿနာတရားကိုပဲ အားလုံးအားထုတ်နိုင်ကြရင် အကောင်းဆုံးပါပဲ ညီမလေးရယ်။ ကိုယ့်မှာ အချိန်ဘယ်လောက်ကျန်လဲ သိမှ မသိနိုင်တာနော်။
ReplyDeleteအခုတော့ တရားအားထုတ်တဲ့ အဆင့်တောင် မရောက်ဘဲ တယောက်နဲ့တယောက် ဝေဖန်ပြစ်တင် တွန်းချင်တိုက်ချင် နေကြတာနဲ့တင် တဝဲလည်လည် အချိန်ကုန်နေကြတာကြီးက ဆိုးတယ်။
ချစ်ခင်ရမယ် ဆိုတဲ့နေရာမှာလဲ အစ်မဆိုလိုတာက ပူလောင်မှုနဲ့ ချစ်ခင်ငြိတွယ်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ အပြန်အလှန် နားလည်ပေးပြီး အေးချမ်းတဲ့ မေတ္တာထားနိုင်ဖို့ကို ပြောချင်တာပါ။ အရာရာကိုစွန့် တစ်ယောက်ထဲနေပြီး တရားအားမထုတ်နိုင်သရွေ့ လူတွေနဲ့က ထိတွေ့ဆက်ဆံ နေရဦးမှာ ဆိုတော့လေ။ မြတ်စွာဘုရားကလည်း တဏှာနဲ့ငြိတွယ်တာမျိုးထက် မေတ္တာထားပြီး ကူညီစောင့်ရှောက်မှုမျိုးပဲ လုပ်ကြဖို့ ဟောကြားခဲ့တာ မဟုတ်လား။
ဒီပို့စ်ကို ပြည့်စုံသွားအောင် အဖိုးအတန်ဆုံး အကြံကို ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ညီမလေးရေ...
မမရွှေပြည်သူရေ
ReplyDeleteဒီသတင်းနားထောင်ရ ဗီဒီယိုဖိုင်တွေကြည့်ရတော့တော်တော်လေးကို တုန်လှုပ်သွားမိတာ....
စင်္ကာပူမှာသာ ဖြစ်လိုက်လို့ကတော့ ငါတော့ အမှုန့်တောင်ကျန်မယ်မထင်ဘူးလို့လဲ တွေးလိုက်မိသေးတယ်
ဘယ်အရာမှ ကြိုတင်မမြင်နိုင်တဲ့လောကကြီးမှာ သဘာဝဘေးအန္ထရာယ်တွေနဲ့ ဘာမှမပြင်ဆင်ထားပဲ မသေရဲသေးတာလဲပါမယ်ထင်တယ် ....
စိတ်တွေ တော်တော်တုန်လှုပ်မိပါတယ် မမရေ
မမရွှေပြည်သူရဲ့ တန်ဖိုးရှိတဲ့ စာလေးတွေဖတ်ရတော့ စိတ်ငြိမ်းချမ်းမှုရလိုက်သလို ကိုယ့်အတွက် မှတ်သားစရာလေးပါ ကျန်ခဲ့ပါတယ်
ရှိခြင်းနဲ့မရှိခြင်းကြားက အလွှာပါးပါးလေခြားနေတဲ့အခြေအနေမှာ သူတစ်ပါးကို ရန်မစောင်မိအောင် မမုန်းတီးမိအောင် ၊ မကောင်းတာတွေမလုပ်မိအောင် မိမိကိုယ်မိမိ အတတ်နိုင်ဆုံး ထိမ်းသိမ်းစောင့်ရှောက်သွားရမယ်ဆိုတဲ့ အသိတရားလေးနဲ့အတူ ....
ခင်မင်လေးစားလျှက်
ညီမလေးနှင်းဟေမာ
နှင်းဟေမာ: ဟုတ်တယ် ညီမလေးနှင်းရေ... အစ်မလဲ အဲဒီလိုတွေးမိတယ်။ အဆင်သင့် မဖြစ်သေးတော့ ပိုကြောက်မိတယ်။ ဒီစာလေးက ညီမလေးစိတ်ကို ငြိမ်းချမ်းစေတယ်ဆိုလို့ အရမ်းဝမ်းသာရပါတယ်း)
ReplyDeleteမသေချာခြင်းတွေကသာ ပိုလို့သေချာလာတယ်
ReplyDeleteမေတ္တာတရားကပဲ ဆူပွက်နေတဲ့ ကမ္ဘာကြီးရဲ့ အနာကို နှစ်သိမ့်ငြိမ်းအေးနိုင်ပါစေလို့ ဆုတောင်းရမှာပါ။
အစ်မ Pandora : အစ်မပြောတဲ့ “မသေချာခြင်းတွေကသာ ပိုလို့ သေချာလာတယ်” ဆိုတဲ့ စကားကို ကြိုက်လိုက်တာ... သိပ်မှန်တာပါပဲ...
ReplyDeleteခုလို ဆင့်ပွားတွေးလေးတွေကို သဘောကျပါတယ် အမ....
ReplyDeleteမောင်ငယ်လေးတစ်ယောက် ◄ ဟုတ်ကဲ့မောင်လေးရေ။ ဖတ်ရတာ အဆင်ပြေတယ်ဆိုရင် ဝမ်းသာပါတယ်။ စာလာဖတ်တာလည်း ကျေးဇူးပါ။
ReplyDelete