Tuesday, February 15, 2011

သူမရဲ့ Valentine

ဘယ်လို Valentine’s Day ကြီးလဲကွယ်…

~~~~~~~~~~~~~~~~~~~~~~~~~

14 February 2011 (7:05 PM)

မိုးက တဝေါဝေါရွာနေသည်…
မှောင်မိုက်ညို့မှိုင်းလို့…

ကော်ဖီဆိုင်အပြင်ဘက်မှာ သွားနေတဲ့ ကားမီးရောင်တွေက မိုးစက်တွေကြားမှာ စူးလင်းတောက်ပလွန်းနေသည်။ သူမ ငေးရင်း အနွေးထည်ကို ခပ်တင်းတင်းဆွဲစေ့ပြီး ပင့်သက်အချ…

“ဖြေဦးလေ…”
“ဘာကိုလဲ…”
“စောစောက မေးခွန်း… တကယ်ပဲ ဒီနေ့ တနေကုန် ဘယ်မှ မသွားဘူးလား? မယုံနိုင်စရာပဲ”


သူနောက်သလိုပြောပြီး ပြုံးနေတာသိတော့ မကြည့်မိအောင် ကားမီးရောင်တွေကို သဲကြီးမဲကြီး စိုက်ကြည့်မိသည်။

“ဒီနေ့လား သွားပါတယ်။ ရုံးသွားတာပေါ့။”

သူသွားလေးတွေ ပေါ်အောင် ရယ်တော့ သူမ မိုးစက်တွေကို တမေ့တမော မော့ကြည့်ပစ်လိုက်မိသည်။ စိုလက်နေတဲ့ ကတ္တရာလမ်း တောက်တောက်ပေါ်က အကြည့်ကို မခွာဘဲ…

“အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူများလက်ထဲ အကာအကွယ်မပါဘဲ ထည့်ပေးလိုက်သလိုပဲ။ ယူတဲ့လူက သေချာမယူတာလေး တစ်ခုနဲ့တင် အောက်ပြုတ်ကျပြီး ပျက်စီးသွားနိုင်တယ်။ နာကျင် ရနိုင်တယ်။ ဘယ်လောက် အန္တရာယ်ကြီးလဲ…”

“မင်းက အဆိုးမြင်လွန်းပါတယ်”

“ကိုလင်းက အကောင်းမြင်လွန်းနေတာလဲ ဖြစ်နိုင်တာပဲ”

သူနောက်ဆုတ်ပြီး ဆိုဖာပေါ် ခပ်လျော့လျော့ ပြင်ထိုင်လိုက်သည်။ နောက်… ပြုံးပြီး သူမကို စိုက်ကြည့်နေပြန်သည်။ သူမ စထိုင်ကတည်းက တစ်ချက်မှ မပြုံးမိသေး။ ငိုချင်နေသည်။

သူပြုံးတာကို မကြည့်ရဲလောက်အောင် သူမ လှုပ်ခတ်နေသည်။

သူ့စကားသံတွေကို သတိအနေအထားနဲ့ နားထောင်ရလောက်အောင် သူမ စိတ်တွေ မတည်မငြိမ် ဖြစ်နေသည်။

ဝတ်ထားတဲ့ မိုးခိုးရောင် Jersey Jacket ရဲ့ ဇစ်ကို ဆွဲလိုက်ချလိုက်လုပ်နေတဲ့ သူ့လက်တွေဆီကို မျက်လုံးတွေ ရောက်သွားတိုင်း အဲဒီလက်တွေက သူမကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ချင်လာတာကိုလည်း ဘာသာ ခွင့်မလွှတ်နိုင် ဖြစ်နေသည်။

ကော်ဖီခွက် နွေးငွေ့ငွေ့ကို လှမ်းယူလိုက်တဲ့ သူလှုပ်ရှားမှုကလည်း သူမအတွက် အပြစ်ရှာလို့မရအောင် ကြည့်ကောင်းလွန်းနေသည်။

မဟုတ်သေးဘူး… မဟုတ်သေးပါဘူး။ တကယ်တော့ သူ ဒီလောက်ကြည့်မကောင်းပါဘူး။ သူဟာ သူမ သိတဲ့ တခြားတခြားသော ယောက်ျားလေးတွေလို… သူမရဲ့ သူငယ်ချင်း ယောက်ျားလေးတွေလို သာမာန်လူတစ်ယောက်ပါပဲ။ အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို သတိပေးနေရင်းကနေ ကောင်မလေးတစ်ယောက်ယောက်ရဲ့ SMS ကို ပြန်နေပုံရတဲ့ သူ့လက်ထဲက BlackBerry ကို အကြီးအကျယ် မုန်းမိသွားပြန်သည်။

“ဒီနေ့ Wish ဘယ်နှစ်ခုရလဲ သိလား”

သူ ပြုံးစစ မေးသည်။

“Officially ကတော့ ၃ ခုလောက်နေမှာပေါ့။ Unofficially ကတော့ ဘယ်သိမလဲ…”

“ဟားဟား ၃ခု? ကိုယ့်ကို အထင်သေးလှချည်လား”

“သူ့ကို မုန်းလိုက်စမ်း မုန်းလိုက်စမ်း”လို့ စိတ်ထဲက ကြိတ်ရေရွတ်နေချိန်မှာပဲ သူမကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေကို သာယာမိနေပြန်သည်။ သူ့မှာ ဘာကြောင့်များ ဒီလောက်ကြည်လင်တဲ့ မျက်လုံးတွေ ရှိနေရတာလဲကွယ်။ သူ့မှာသာ လူရှုပ်လူပွေတစ်ယောက်ရဲ့ မျက်လုံးမျိုးရှိခဲ့ရင်… တွေးရင်း “လူရှုပ်လူပွေ” ဆိုတဲ့ စကားလုံးအတွက် ကြိတ်အားနာမိပြန်သည်။

“ကိုလင်း အရမ်းစွံမှန်း သိပါတယ်…။ မှန်းတာ နည်းသွားရင် ဆောရီး”

သူမ ငေါ့တော့တော့ ပြောမိသလား… ဇဝေဇဝါ…။ ပြောရင်း ရုတ်တရက်ကြီး ဝမ်းနည်းလာပြန်သည်။ သူမစိတ်တို့သည် သူနဲ့ အတူရှိနေတိုင်း အနိမ့်အမြင့်အတက်အကျ များလွန်းမြန်လွန်းလှသည်။ ဒါကိုလည်း သူမ နည်းနည်းမှ မကြိုက်။

“မင်း ကြည့်ရတာ စိတ်ကျဉ်းကျပ်နေပုံရတယ်။ ကိုယ် ဒီကော်ဖီတစ်ခွက် ကုန်တာနဲ့ ပြန်တော့မှာပါ”

သူ ရည်မွန်သော မျက်လုံးတွေနဲ့ ပြောတော့ သူမ လှိုက်ကနဲ ဖြစ်သွားသည်။ တားချင်တာလား… သူမ မသိချင်…။

“မင်းလဲ ချိန်းထားတဲ့လူရှိချင် ရှိမှာပေါ့…”
“မရှိပါဘူး။ ရှိရင် ခုနေ ရောက်နေလောက်ရောပေါ့။ ကိုလင်း သွားစရာ ရှိရင်တော့ သွားပါ…”
“ဟုတ်လို့လား… ဒီအချိန်ကြီး ဒီနေရာကို ဘာကိစ္စမှ မရှိဘဲနဲ့တော့ ရောက်မနေလောက်ပါဘူး…”

သူ ကလေးတစ်ယောက်ကို စသလိုမျိုး ပြောသည်။

“မဟုတ်ပါဘူးဆို။ Project လုပ်ရင်း ခေါင်းပူလို့ ထွက်လာတာ ကိုလင်းနဲ့ မထင်မှတ်ဘဲတွေ့တာ။ ဒီနေရာက အိမ်နဲ့ ဘတ်စ်ကား ၂မှတ်တိုင်ပဲ ဝေးတာကို။ ဒီမှာ စာဖတ်ရင်း ကော်ဖီသောက်နေကျ…”
“ဟုတ်ပါပြီ… ဒါဆို ကော်ဖီကုန်ရင် Cheese Cake လေး စားဦးမယ်နော်”

သူမ နှုတ်ခမ်းတို့ ပြုံးချင်ချင် ဖြစ်သွားတာကို အတင်းဖိတားလိုက်မိသည်။ သူ ဒီလိုနေ့မျိုး ဒီအချိန်မှာ ဒီနေရာကို ဘာလို့ တစ်ယောက်ထဲ ရောက်နေသလဲ။ အတွေးနဲ့အတူ သူမ ရင်တွေတုန်လာပြန်သည်…

Cheese Cake ပန်းကန်နဲ့ ခုံမှာ ပြန်လာထိုင်ထိုင်ချင်း သူ့ဖုန်းက ထမြည်သည်။

“အင်း စိမ့် ရောက်ပြီလား… ဟာ မဟုတ်ဘူးလေ။ အခုဟာက xxxxxxx နားက Branch… နေရာမှားနေပြီ။ ဒါကြောင့် ရှာမတွေ့တာကိုး…”

သူမ စိတ်တွေ တဆတ်ဆတ်ခါသွားသည်။ သူမ ဇတ်ကနဲ ထရမလို ဆက်ပဲထိုင်ရမလို။ သူမ စိတ်ထဲမှာ စိမ့်ဆိုတဲ့ ကောင်မလေး ချက်ချင်းပဲ ရောက်လာတော့မလို… အပြင်ပန်းမှာ ငြိမ်ငြိမ်လေးထိုင်နေဆဲ ဖြစ်ပေမယ့် သူမရင်ထဲမှာတော့ ယောက်ယက်ခတ်လွန်းနေပြီ…

သူဖုန်းချလိုက်တော့…

“ပြန်တော့မယ်… ကိုလင်း ကောင်မလေးလည်း လာတော့မှာဆိုတော့…”

သူ အလန့်တကြားမော့ကြည့်ရင်း…

“ဟင်… ကော်ဖီတွေတောင် မကုန်သေးဘူး…”

အဲဒါ ကိုယ့်ကောင်မလေး မဟုတ်ဘူးလို့ ပြောလိုက်ပါလားကွယ်… သူမ မဖြစ်နိုင်တာကို အရူးတစ်ယောက်လို တောင့်တဖြစ်အောင် တောင့်တမိသေးသည်။

“ရ… ရတယ်။ မသောက်နိုင်တော့လို့… ခွက်က အကြီးကြီး…”

သူမ ဘာတွေ ပြောမိမှန်းမသိတော့…

“သူက ဒီကို လာမှာ မဟုတ်ဘူး။ မင်းလှိုင်တို့နဲ့ ဒီဘေးက Shopping Mall ထဲမှာ ချိန်းထားတဲ့ နေရာကို မသိလို့ ဖုန်းဆက်ပြီး မေးတာ…။ ဒီကို ဘယ်သူမှ မလာပါဘူးကွာ…”

သူလည်း ဘာကြောင့်မှန်းမသိ ရုတ်တရက်ကြီး အမောတကော နိုင်လာသည်။ သူမ ချက်ချင်းပြန်မှာကို အတင်းတားတော့မယ်ပုံ…

မဟုတ်ဘူး… မဟုတ်ဘူး… သူမ ကြားချင်တာ အဲဒီစိမ့်ဟာ သူ့ကောင်မလေး မဟုတ်ဘူး ဆိုတဲ့ စကား…။ ဘာမှ မထူးခြားမယ့် စကားတစ်ခွန်းကို ဘာကြောင့်အဲလောက် ကြားချင်နေလဲဆိုတာ သူမဘာသာလဲ နားမလည်တော့။

“ကိုယ်မင်း ဒီကို လာနေကျဆိုတာ သိပါတယ်…”
“ကိုယ်တနေကုန် ဘယ်သူနဲ့မှ မသွားပါဘူး… ရုံးကနေ ဒီကို တန်းလာတာ…”

သူပြောသမျှစကားတွေ သူမနားထဲမှာ လျှံနေသည်။ ဘာတစ်ခုကိုမှ မကြားနိုင်တော့…။ စိမ့်ဆိုတဲ့ နာမည်ကသာ သူမ ရင်ထဲမှာ အရှိန်ပြင်းပြင်း လှည့်ပတ်စီးဆင်းနေသည်…

သူ့စကားဘယ်မှာ အဆုံးသတ်သွားလဲ မသိ။ သူမ သူ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်နိုင်လာသည်။ ကြည်လင်တောက်ပနေတဲ့ သူ့မျက်လုံးတွေကို စိုက်ကနဲ ငေးလိုက်ချိန်မှာပဲ…

“စိမ့်က ကိုယ့်ကောင်မလေး မဟုတ်ပါဘူး… ဒါပေမယ့်…”

သူမ သူဆက်ပြောမယ့် စကားတွေကို တောင့်တောင့်တတ နားထောင်မိသည်။ ဒါပေမယ့် သူဘာမှ ဆက်မပြောတော့… နောက်... တံတွေးတချက်ကို ခပ်ဖွဖွမြိုချသည်…

အဲဒီအချိန်ကစလို့ တညနေလုံး သူနဲ့ သူမ ဘာစကားမှ ဆက်မပြောဖြစ်ကြတော့။

သူ့ Cheese Cake နဲ့ သူမ ကော်ဖီကုန်ချိန်မှာ တိတ်ဆိတ်စွာနဲ့ပဲ လမ်းခွဲ အိမ်ပြန်ခဲ့ကြသည်။

အပြန်လမ်း မိုးသည်းထဲက ထီးအုပ်အုပ်အောက်မှာ သူမ စကားတစ်ခွန်းကိုသာ တိုးလျစွာ ရေရွတ်မိသည်…

“ဘယ်လို Valentine’s Day ကြီးလဲကွယ်…”

ရွှေပြည်သူ
(9:05 PM – 15 Feb 2011)

Valentine's Day အတွက် စာတစ်ပုဒ်ရေးလို့ ထွက်တာကိုပဲ ကိုယ့်ဘာသာ အံ့သြနေမိပါတယ်...း)

8 comments:

  1. သိပ်ပေါ်လွင်လှတယ်၊
    သီချင်းတစ်ပုဒ် သရုပ်ဖော်ကို ဖတ်လိုက်ရသလိုပဲ၊
    သိပ်ကြိုက်တယ် ညီမရယ်

    ReplyDelete
  2. Facebook ကနေ မမမေလေး ပို့လာတာကို အမှတ်တရ သိမ်းတာပါး)

    “ညီမလေးရေ...ခုလေးတင်ပဲ ၀င်ဖတ်ပြီးပြီ..။ သူမရဲ့ Valentine မှာ အကြိုက်ဆုံးစာသားလေး ရှိတယ်။ အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူများလက်ထဲ အကာအကွယ်မပါပဲ ထည့်ပေးလိုက် ရသလိုပါပဲတဲ့။ ယူတဲ့လူ က သေချာမယူတာတစ်ခုနဲ့ တင် အောက်ပြုတ်ကျပြီး ပျက်စီးသွားနိုင် တယ် ... ဆိုတဲ့ စာသားလေး ကို အကြိုက်ဆုံးပါပဲ...။ အဆုံးသတ်လေး ကတော့ ကိုယ်တွေးချင်သလို တွေးပေးလိုက်တယ်နော်...။ ချစ်တဲ့ မမေလေး"

    ReplyDelete
  3. စာရေးဝါသနာထုံသူတွေအတွက် ဘယ်အကြောင်းအရာလေးပဲဖြစ်ဖြစ် ရေးစရာတွေရှိနေမှာပါ ညီမရေ။ မရေးဖြစ်တာကြာတာတောင် လက်ရာက အရင်အတိုင်း ကောင်းနေတာပါပဲ။ တစ်ခုပဲ ညီမ... ဇာတ်လမ်းအဆုံးသတ်တိုင်းလိုလို အမြဲတမ်း လွမ်းစရာကောင်းနေတယ်နော်။ ညီမရွှေပြည်သူမှာ လွမ်းစရာများ ရှိနေလို့လားလို့ မဇွန်က တွေးတွေးနေမိတာ။ ဒါလည်း စာရေးကောင်းသူရဲ့ အစွမ်းတစ်မျိုးပဲ ထင်ပါရဲ့နော်။း)

    ReplyDelete
  4. ကြိုက်တယ် မရေ..
    ဘယ်လို valentines's day ကြီးလဲကွယ် ဆိုတာလေး ကြိုက်တယ်..။

    ReplyDelete
  5. မေ၇ွှပြည်သူ

ေ၇းထားတာလေးကြိုက်တယ်ဗျာ။များများေ၇းပါဗျာ။အ
    မြဲအားပေးပါတယ်။တစ်ချို့စာသားလေးတွေကြိုက်တယ်။
    ကူးယူခွင့်ပေးပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ

    ReplyDelete
  6. ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ အတူတူ ရှိနေတဲ့ Valentine ပဲပေါ့... :):)

    ReplyDelete
  7. သိပ်အသက်ဝင်တာပဲ.. အစ်မရယ်..
    (ခံစားချက်အဟောင်းတွေတောင် ပြန်သတိရလာသလိုပဲ..) :)

    ReplyDelete
  8. ကိုThet : အဟောင်းတွေပါ ပြန်ဖတ်ပြီး အမြဲတမ်းအားပေးနေလို့ ကျေးဇူးအထူးတင်ပါတယ်ရှင်။ ဟုတ်ကဲ့ များများဆက်ရေးနိုင်ဖို့လည်း ကြိုးစားနေပါတယ်။

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)