ကြယ်စတွေနဲ့ည
“ဟားဟား မဟုတ်သေးပါဘူး စိုးစိုးရယ်… ဒါမျိုးတွေက ရုပ်ရှင်တွေ ထဲမှာပဲ ဖြစ်နေကျပါ… အပြင်မှာကတော့…”
ရယ်ပြောပြောလိုက်ရပေမယ့် ရင်ထဲမှာ ခါတိုင်းလိုပဲ နာကျင်မှုတချို့ တိတ်တိတ်လေး ဖြတ်ပြေးသွားသည်။ စိုးစိုးက လိုက်ရယ်ရင်း…
“အေးလေ… မဟုတ်ဘူးလား။ မင်းသားက တခြားကောင်မလေးကို သဘောကျ။ မင်းသမီးက မင်းသားကို သဘောကျ။ နောက်ဆုံးကျတော့ မင်းသားက မင်းသမီးနားပဲ ပြန်ရောက်လာ… ပြီးတော့ မင်းသာ ကိုယ့်ကို နားအလည်ဆုံးပါဆိုပြီး ဇာတ်သိမ်းရောလေ… အဲလိုမျိုးပေါ့…”
“အဲဒါ မင်းသမီးလေ စိုးစိုးရယ်… ကိုယ်က မင်းသမီးမှ မဟုတ်ဘဲ…” အသံတို့တိမ်ဝင်သွားတုန်း စိုးစိုးခပ်တိုးတိုးပြောသည်
“ရှူး… ဟိုမှာ လာနေပြီ။ ကဲ မင်းသမီးရေ နေခဲ့တော့… ငါစာအုပ်ဆိုင် ပြေးတော့မယ်…”
“ဟဲ့… စိုးစိုး… နေဦးလေ… ငါ့ကို တစ်ယောက်ထဲ မထားခဲ့နဲ့။”
“အမယ်လေး ခုမှ ဘာဖြစ်နေတာတုန်း… ခါတိုင်းလည်း ဒီလိုပဲ… နေခဲ့။ နောက်ကျနေရင် အမေ ငါ့ကိုဆူလိမ့်မယ်”
ခပ်သွက်သွက်ထွက်သွားတဲ့ စိုးစိုးကို မကျေနပ်သလို ရှိလိုက်ပေမယ့် သူမအာရုံက စိုးစိုးဆီမှာ သိပ်မရှိတော့။ သူမတို့ရှိရာကနေ ညာဘက်လမ်းသွယ်ဆီ လှမ်းကြည့်လိုက်တော့ သူ့ကို မီးတိုင်တွေအောက်မှာ မှုန်ပြပြမြင်ရသည်။ ခါတိုင်းလိုပဲ ဂစ်တာလေး ထမ်းလို့။ လှိုင့်ကို သီချင်းဆိုပြရတာ မောခဲ့ရောပေါ့။ ခပ်လှမ်းလှမ်းဝါးရုံတော တွေဆီက တသိမ့်သိမ့်တိုက်လာတဲ့လေမှာ သူ့ကြက်သွေးရောင် ပုဆိုးပျော့ပျော့လေးက အသာအယာယိမ်းလို့။ ခြေလှမ်းလှမ်းပုံကလည်း တိကျခိုင်မာပေမယ့် နူးညံ့မှုတို့ကလည်း ရှိနေပြန်သည်။ သူ့ကိုကြည့်ရတာ ဘယ်အချိန်ဖြစ်ဖြစ် ကဗျာဆန်လှသည်။
စောစောက စိုးစိုးလန့်ပြီး အသံနှိမ့်ပြောပေမယ့် တကယ်တမ်း သူက သူမရှိရာဆီက နည်းနည်းလှမ်းသေးသည်။ သူ့မျက်နှာကို သေသေချာချာ သဲသဲကွဲကွဲမမြင်ရတာကြောင့် မခန့်မှန်းတတ်။ အဲဒီမျက်နှာလေးက တချို့ရက်တွေမှာ နာကျင်နေတတ်သည်။ လှိုင်က ပြတင်းတံခါးကို အစောကြီးပိတ်သွားလို့တဲ့။ တချို့ရက်တွေမှာ ကလေးတစ်ယောက်လို စိတ်ဆိုးနေတတ်သည်။ လှိုင်အိမ်ထဲက ထွက်လာတဲ့ စိုးနိုင်ကို တွေ့ခဲ့လို့တဲ့။ ရှားရှားပါးပါး တချို့ရက်တွေမှာတော့ ကျေနပ်မှုနဲ့ တောက်ပနေတတ်သည်။ လှိုင်က သီချင်းပြီးမှ မီးပိတ်လို့တဲ့။ သူ့မျက်နှာမှာ ဒီလိုပျော်မြူးတောက်ပမှုတွေကိုသာ သူမ အမြဲမြင်ချင်တာကိုတော့ စိုးစိုးတို့ ယုံကြလိမ့်မယ် မထင်ပါ။ တကယ်တော့ သူမသည် သူ့နှုတ်ခမ်းတို့နဲ့ ထပ်တူ ပြုံးရယ်ချင်သူသာ ဖြစ်သည်။
တစတစ သူနီးလာသည်။ ခါတိုင်းနဲ့မတူဘဲ ခေါင်းကို ငိုက်စိုက်ချလာတာကို အဲတော့မှ သတိထားမိသည်။ အနားရောက်မှ ဆတ်ခနဲမော့လိုက်ပြီး သူမကို မေးဆတ်ပြရင်း နှုတ်ဆက်သည်။ မျက်နှာပြင်မှာ အပြုံးကို ရှာမရ။ စိတ်ပျက်မှုကိုလည်း မတွေ့ရ။ ထူးထူးခြားခြား သူတည်ငြိမ်နေသည်။ ဒီနေ့ လှိုင့်အိမ်များ မသွားဖြစ်ဘူးလား။
သူ သူမဘေးမှာ ဖြေးညင်းစွာ ထိုင်ချသည်။ သူမ သတိလက်လွတ်သူ့ကို စိုက်ကြည့်ရင်း အကဲခတ်နေမိသည်။
သူက လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း…
“တွေးနေတာ…” တိုးတိုးလေးပြောသည်။ “ဒီအတိုင်း ဘယ်လောက်အထိ ဆက်သွားရမှာလဲလို့…”
သူမ နှုတ်ခမ်းတို့ ခြောက်ကပ်စွာ စကားထောက်ပေးမိသည်…
“အင်း… အဲတော့…?”
“လှိုင် ကိုယ့်ကို ပြန်ကြည်တယ်လို့ မင်း ထင်လား။”
အို ခက်လိုက်တာ…
“သူ့စိတ်ထဲမှာ… ဟိုလေ… သတိတော့ ထားမိမှာပေါ့…”
“သေချာလို့လား…”
တကယ်တော့ သူမ ဘယ်လိုလုပ် သိနိုင်မှာတဲ့လဲ။
“နေ့တိုင်း သူ့အိမ်ရှေ့မှာ သီချင်းသွားဆိုနေတာပဲ…”
“ဒါပေမယ့် ဟိုတစ်ရက်က ညနေဘက်လမ်းမှာတွေ့တာ တစိမ်းလိုပဲ… ”
“သူ ရှက်လို့များလား…”
သူ ဖြေးညင်းစွာ ခေါင်းခါသည်။
“စိုးနိုင်နဲ့ မိဘချင်းရင်းနှီးတယ်လို့ ပြောတယ်” အဲဒါတော့ သူမလည်းကြားမိသည်။ ဒါပေမယ့် မထောက်ခံရက်။
“မိဘချင်း ရင်းနှီးရုံနဲ့ကတော့ ဘာမှ ဖြစ်မလာနိုင်ပါဘူး”
“သူ့ကျောင်းကိစ္စတွေ စိုးနိုင်က လိုက်လုပ်ပေးနေတယ်တဲ့…” ပြောရင်း သူ့မျက်လုံးမှာ နာကျင်ရိပ်တွေ စပေါ်လာသည်။
“ကိုယ်က စိုးနိုင်လို ရုပ်မရှိဘူး…” သူ ဘယ်လောက် ကြည့်လို့ကောင်းကြောင်း ပြောပြချင်စိတ်ကို ကျင့်သားရစွာ မြိုချပစ်လိုက်သည်။
“ရုပ်က အရေးမကြီးပါဘူးလေ… စိတ်ဓာတ်မကျပါနဲ့။ တနေ့ညက သီချင်းပြီးမှ လှိုင်က မီးပိတ်တယ်ဆို”
“သူ့ဘာသာ စာကျက်နေတာလည်း ဖြစ်နိုင်တာပဲ”
သူ့ဝမ်းနည်းမှုက သူမဆီကို အံ့သြစရာကောင်းလောက်အောင် လျင်လျင်မြန်မြန် ကူးစက်လာသည်။
“ဒါဆိုလည်း သီချင်းသွားဆိုပြတာထက် ပိုလက်တွေ့ကျတာတွေ လုပ်ပေါ့။”
“ဘယ်လိုမျိုးလဲ…” သူဝေဝေဝါးဝါး ငဲ့ကြည့်သည်။
“သီချင်းဆိုတာက အမှန်အတိုင်းပြောရရင် ဘယ်သူဆိုမှန်း သိမသိ မသေချာဘူးလေ…”
“ဒါဆို သူ့အိမ်ရှေ့မှာ စင်ထိုးပြီး ဆိုရမှာလား” သူ့မျက်လုံးက ရယ်မြူးရိပ်တွေကို သဘောတကျကြည့်ရင်း…
“မဟုတ်ဘူးလေ… ဘယ်လိုပြောရမလဲ… ဖုန်းဆက်တာ ဖြစ်ဖြစ်ပေါ့… မင်းက ဘာလုပ်ရမလဲ ပိုသိမှာပါ”
သူ သူမကို ကြာမြင့်စွာ ကြည့်သည်။ ပြီးမှ…
“ဟုတ်သားပဲ… နောက်ပြီးတော့… ဟုတ်ပြီ ဟုတ်ပြီ… ”
မျက်စိရှေ့က အမှောင်ထုကို ကြည့်ရင်း အလင်းတန်းတွေကို တွေ့ရသလို သူ့မျက်လုံးတွေ တဖြတ်ဖြတ်လက်သွားသည်။
နောက်သူမကို အပြုံးနဲ့ ငဲ့ကြည့်ရင်း…
“ကျေးဇူး…။ မုန့်ဝယ်ကျွေးမယ်...”
“မုန့်တော့ မစားချင်ဘူး… တကယ်ကျေးဇူးတင်ရင် သီချင်းလေး တစ်ပုဒ်လောက် ဆိုပြပါလား…။ တစ်ခါမှ နားမထောင်ဖူးလို့”
သူမပြုံးရင်း မဝံ့မရဲ ပြောမိသည်။ သူ့မျက်လုံးမှာ အရောင်တချို့ ဖြတ်ပြေးသွားသည်။ ဖတ်ရတာမောလို့ သူမ မဖတ်ဖြစ်တော့။
“တကယ်လား…”
ခေါင်းငြိမ့်ပြမိတော့…
“ဒါဆို ဘာသီချင်းဆိုပြရမလဲ…”
“မသိဘူးလေ… ဘာပဲဖြစ်ဖြစ်ပါ။ လှိုင့်ကို ဆိုပြနေကျထဲက ဖြစ်ဖြစ်ပေါ့”
သူ ဂစ်တာလေးကို ဖတ်ကနဲ ရင်ခွင်ထဲပိုက်လိုက်ရင်း ကြိုးစတွေကို လက်နဲ့တို့ထိသည်။ သံစဉ်တချို့ကို တီးဆော့ရင်း… “ဒါဆို….” လို့ တိုးတိုးရွတ်ပြီး…
“ကိုယ်စပ်ကြည့်ထားတဲ့ သီချင်းအသစ်လေး ရှိတယ်… နားထောင်မလား… ဘယ်သူ့ကိုမှ တီးမပြရသေးဘူး”
သူမ ရင်တစ်ခုလုံး လှပ်ကနဲတုန်ခါသည်။ အပျော်တို့နဲ့ ဆွတ်ပျံ့နေတုန်း…
“လှိုင့်ကို တနေ့တီးပြဖို့ပေါ့…”
ပြောရင်း သူစတီးသည်။ အဝေးကြီးက ပြေးလာရသလိုမျိုး သံစဉ်လေး…။ ဘာသာမသိလိုက်ဘဲ ဂစ်တာပေါ်က သူ့ညာလက်ကို ခပ်ဖွဖွ ဖိရင်းတားမိသည်။ သူမော့ကြည့်တော့…
“အဲဒါဆို အရင်ဆုံး နားမထောင်ပါရစေနဲ့… နှမြောစရာ…”
သူ လက်ကအတီးမရပ်ဘဲ ခေါင်းကိုအသာအယာ ခါရင်း…
“မင်းကိုပဲ အရင်ဆုံး တီးပြချင်တာ…”
သူမ လွင့်မြောသွားသည်။ သိပ်လှတဲ့သံစဉ်။ ချစ်သူတီးတဲ့သံစဉ် မလှဘူးဆိုတာ ဘယ်ရှိပါ့မလဲလေ။ သစ်သားခုံတန်းလေးကို ခပ်ဖွဖွမှီလျောထိုင်ရင်း ကောင်းကင်ကို မော့ကြည့်မိသည်။ လမသာပေမယ့် ကြယ်တွေစုံနေသည်။ ကျေကျေနပ်နပ် ပြုံးလိုက်သည်။ သူမဟာ ကြယ်တွေနဲ့တင် ကျေနပ်တတ်သူပဲလေ။
တဖြူးဖြူးတိုက်နေတဲ့ အေးမြမြလေနဲ့အတူ သူက သံစဉ်တိုတိုလေးကို အကြိမ်ပေါင်းများစွာ တီးသည်။ သူမကလည်း မရပ်စေချင်။ ဘယ်တော့မှ မရပ်စေချင်။ သူ့ကို ငဲ့ကြည့်မိတော့ လှိုင်နဲ့နီးဖို့ စိတ်ကူးပုံဖော်ထားတဲ့ အိပ်မက်သစ်တွေနဲ့ သူ့မျက်နှာက နူးညံ့တက်ကြွနေသည်။ သူမ စိတ်ချစွာ မျက်လုံးတွေ ခဏပိတ်လိုက်မိပြန်သည်။
နောက် မနေ့ညက စိုးစိုးမေးတာ ဖြတ်ကနဲ သတိရမိသည်။ “အချစ်ဆိုတာကို နင်ဘယ်လို အဓိပ္ပါယ်ဖွင့်မလဲ”တဲ့။
နောက်တစ်ခါ သူထပ်မေးရင်တော့… “အချစ်ဆိုတာ ငါ့အတွက်တော့ ကြယ်လေးတွေကိုပဲ လတစ်စင်းလို ဖမ်းဆုပ်ကြည့်ရတာမျိုး… နောက် ဖွဖွလေးကိုင်ပြီး လဖြစ်သွားပါစေလို့ ဆုတောင်းပေးရင်း ကောင်းကင်ပေါ် ရှိသမျှအင်အားနဲ့ ပြန်လွှတ်တင်ပေးရတာမျိုး” လို့ ဖြေမိမည် ထင်သည်။
သူတီးနေတဲ့သံစဉ်ကို နားထောင်လို့မဝနိုင်။ အေးငြိမ့်မှုတွေနဲ့ သူမ နိုးတဝက် အိပ်တဝက်ဖြစ်လာသည်။ ကိစ္စမရှိပါဘူးလေ… သူမအိပ်ပျော်သွားရင်… အိပ်မက်မက်သွားခဲ့ရင်… သူ... မပျက်မကွက် လှုပ်နှိုးပါလိမ့်မည်…။
ရွှေပြည်သူ
(11:16 PM ~ 30-Jan-2010)



“စုံစမ်းမေးမြန်း အကူအညီ ရယူရန်” ဆိုင်းဘုတ်ချိတ်ထားတဲ့ Information Desk ကိုရောက်တော့ အမြဲရှိနေကျ “မမမျိုး” က အခုမှ ဒီနေရာကို ပထမဆုံးရောက်ဖူးပုံရတဲ့ ကျောင်းစိမ်းလေးနဲ့ ညီမလေးတစ်ယောက်ကို သူ့ထုံးစံအတိုင်း စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
ကံကောင်းထောက်မစွာနဲ့ လွတ်နေတဲ့ နေရာလေးတစ်ခု ရသွားသည်။ “ထက်” ခုံလေးမှာထိုင်ချလိုက်ရင်း လက်ကို အနောက်မှာထောက် ခြေထောက်ကို သက်တောင့်သက်သာ ဆင်းပြီး စိတ်လက်အေးချမ်းစွာ စာအုပ်ရွေးနေတဲ့ လူတွေကို ငေးမောမိတော့ ဘဝထဲက အမောတချို့နဲ့ စိတ်ဖိစီးမှုတစ်ချို့ လျော့ပါးသွားသလို ခံစားလိုက်ရသည်။
စာအုပ်စင်ပေါင်းများစွာကို ကျော်ဖြတ်ရင်း တံခါးမဘက် လျှောက်လာမိချိန်မှာ အပြာရောင်မြန်မာဝတ်စုံနဲ့ ဝန်ထမ်းတွေက ရောက်လာတဲ့စာအုပ်အသစ်တွေကို စင်တွေပေါ်မှာ စီစီရင်ရင် တင်နေကြဆဲ။ စာအုပ်ချစ်သူတွေကိုသာ အလုပ်ခန့်ထားတယ်လို့ ကြားဖူးတဲ့အတိုင်း ဝန်ထမ်းအားလုံးက ဖော်ရွေရည်မွန်ပြီး စိတ်ရှည်ကြသလို လိုအပ်တဲ့စာအုပ်ကို မရရတဲ့အထိ ကူညီရှာဖွေပေးပြီး (လိုအပ်ရင်) မှာယူပေးကြတာ “ထက်” ကိုယ်တွေ့ပဲ ဖြစ်သည်။ စာအုပ်စီနေတဲ့ ဝန်ထမ်းထဲက ရင်ဘတ်မှာ “အလုပ်သင်” တံဆိပ်လေး တပ်ထားတဲ့ ညီမလေးတစ်ယောက်က လှမ်းပြုံးပြသည်။ သူနဲ့ တစ်ခါစကားပြောဖူးတုန်းက ထက်လိုပဲ တက္ကသိုလ် ကျောင်းသူလေးမှန်း သိရသည်။ ချို့တဲ့ရှာတဲ့ မိသားစုက လာသူလေးဖြစ်လို့ သူ့အတွက် အပိုဝင်ငွေလည်းရ ဒီနေရာမှာလည်း ပျော်လို့ ညနေဘက်လေးတွေမှာ အချိန်ပိုင်းလာလုပ်နေတာလို့ ပြောပြသည်။ ကျောင်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့ စာအုပ်နဲ့ စာရေးကိရိယာတွေကိုလည်း ဆိုင်က ဝန်ထမ်းခံစားခွင့်အနေနဲ့ တာဝန်ယူပေးသည်တဲ့။
