Friday, August 27, 2010

Happy Ending

မှန်ဝိုင်းလေးထဲမှာ မြင်နေရတဲ့ သူမမျက်လုံးမှာ ကိုယ့်ဘာသာတောင် နားမလည်နိုင်တဲ့ အရောင်တွေနဲ့ တလဲ့လဲ့…။ အိုင်းလိုင်နာနက်နက်လေးကို ခါတိုင်းလို လက်မတွန့်ဘဲ တစ်ချက်ထဲ ဆွဲလိုက်နိုင်တာကိုက ကျေနပ်စရာ။ ဒီမနက်ကိုက ပြီးပြည့်စုံလွန်းနေတာပါ… လှလွန်းနေတာပါလေ…

မှန်ထဲကနေ ဝတ်ရမယ့် မြန်မာဝတ်စုံ ပိုးဖြူဖြူလေးကို လှမ်းကြည့်လိုက်တော့ ရင်တွေ တုန်ခိုက်အေးခဲသွားသည်။ ဒီကြားထဲက ကြိုးကြိုးစားစား ပြုံးနေမိတုန်း မှန်တင်ခုံပေါ်က လက်ကိုင်ဖုန်းလေး ထမြည်သည်။ သူငယ်ချင်း ကြွေ…

“ဟဲ့… ပြင်လို့ဆင်လို့ ပြီးပြီလား”
“ပြီးခါနီးပါပြီ။ နောက်ထပ် ၁၀ မိနစ်ဆိုရင် ငါထွက်ခဲ့တော့မယ်”
“ဒါကြောင့်ပြောတာ မိတ်ကပ်ဆရာနဲ့ ပြင်ပါလို့။ အခုတော့ ကြာနေပြီ။ ဆံထုံးရော အဆင်ပြေရဲ့လား။ မင်္ဂလာချိန် နီးနေပြီနော်…”
“အေးပါ။ ငါ့ဘာသာ ပြင်တတ်ပါတယ်။ သူများပြင်ပေးတဲ့ မိတ်ကပ်ထူထူကြီးနဲ့ ငါမနေတတ်လို့။”
“ကဲကဲ ပြီးရော… ငါ ဟိုကပဲ စောင့်နေမယ်။ လက်ကိုင်ပန်းက ငါ့ဆီမှာ။ ငါယူခဲ့မယ်နော်…”
“အေးပါ… ကျေးဇူးနော် ကြွေ…”

ကိုယ်လုံးပေါ်မှန်ထဲက မြန်မာဝတ်စုံလေးနဲ့ ကိုယ့်ပုံရိပ်ကို ကျေကျေနပ်နပ်ကြည့်ရင်း ခေါင်းမှာ နှင်းဆီဖြူလေးကို ခပ်ဖြေးဖြေး လက်စသတ် ထိုးလိုက်သည်။ နောက် အသက်ကို ပြင်းပြင်းရှုရင်း အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်တော့ အိမ်အပြင်ဘက်မှာ နေရောင်ခြည်က နွေးနွေးထွေးထွေး တောက်ပလို့။ ဒီနေ့ကျမှ ပန်းတွေကပဲ အရောင်အသွေးတွေ ပိုစိုလက်နေသလိုလို… တိမ်တွေကပဲ ပိုပြာလွင်နေသလိုလို…။ ကြည့်စမ်းပါဦးကွယ်… ဒီနေ့က သူ့အတွက် တောက်ပလန်းဆန်း နေလိုက်တာများ….

======================================

“ကဲ ကဲ… အားလုံးတန်းစီမယ်…။ Rehearsal တုန်းကအတိုင်းပဲ ရပ်မယ်နော်။”

ရင်ဘတ်မှာ ချိတ်ထားတဲ့ ပန်းကလေးကို ပုံစံတကျဖြစ်အောင် ကြိုးစားနေတုန်း အနားရောက်လာတဲ့ ငွေမင်ရောင် အရိပ်တစ်ခုကြောင့် သူမ အလျင်အမြန် မော့ကြည့်လိုက်သည်။ အမြဲတမ်း နူးညံ့ပြီး ကြင်နာယောင်သမ်းနေတတ်သော သူ့အပြုံးသည် ခါတိုင်းလိုပဲ သူမကို လိပ်ပြာတောင်ပံခတ်သံတွေ ကြားယောင်စေသည်။ ခေါင်းပေါင်းစ တလူလူ၊ ပိုးပုဆိုးခပ်ပွပွ တွေနဲ့ အနေရခက်နေသော သူသည် ခါတိုင်းထက်ပင် ချစ်ခင်နှစ်လိုဖွယ် ကောင်းနေသေးသည်။ ပြုံးရုံကလွဲပြီး ဘာစကားမှ မဆိုနိုင်သော သူမကို သူက အသာ မေးဆတ်ပြပြီး လက်နှစ်ဖက်ကို ဘေးဆန့်ပြရင်း ခပ်တိုးတိုးမေးသည်။

“ဘယ်လိုလဲ…”

သူ ဝတ်စားထားပုံကို ကြည့်ရတာ ဘယ်လိုနေလဲ ဆိုတဲ့ အဓိပ္ပါယ်…။ သူမ ပြုံးရင်း အကြိမ်ကြိမ်ပြောခဲ့ဖူးသော စကားလုံးလေးကိုပဲ ခါတိုင်းတွေထက် လေးနက်စွာ ဆိုမိသည်…

“Perfect”

“ကဲ ကဲ သတို့သမီးက သတို့သားလက်ကို ချိတ်မယ်”

သူ ကြည်နူးစွာ ပြုံးသည်။ မျက်လုံးတွေကပါ ချိုလို့ ရယ်လို့…။ သူ့လက်ကို ဆွဲကိုင်နိုင်အောင် အနေအထားလေး လုပ်အပေးမှာ လာချိတ်တွယ်လိုက်တဲ့ လက်ကလေးတစ်ဖက်ကလည်း တကယ့်ကို နေသားတကျ။ သူမ ပြုံးရင်း စောစောက စကားလုံးကိုပဲ ကိုယ့်ဘာသာ ခပ်တိုးတိုး ရေရွတ်မိပြန်သည်…

“Perfect”

“ကဲ သမီး စထွက်တော့”

ဘေးက အန်တီကြီးရဲ့ စကားအဆုံးမှာ သူမခြေထောက်တွေကို သံပတ်ပေးထားသလို စတင်လှမ်းမိသည်။ နောက် အတွေးတွေ… သူ့အသံတွေ…

“မင်း လမ်းလျှောက်တာ သိပ်သဘောကျတာပဲ။ ခိုင်မာပြတ်သားပြီး ဘယ်တော့မှ နောက်ပြန်မလှည့်မယ့်ပုံမျိုး…”
“မင်းဟာလေ… မိန်းကလေးကို မဆန်ဘူးကွာ… ”
“မင်း… မျက်လုံးတွေ တစ်ခုခု ထူးခြားနေသလိုပဲ… နေပါဦး… ဆေးအနက်လေး ချယ်ထားတာ မဟုတ်လား…”
“မင်းကို ပြောရဦးမယ်… ကိုယ့်ကောင်မလေးကလေ…………………………….”

သူမ သတိကို အနိုင်နိုင်ထိန်းရင်း နားထဲက အသံတွေ ပျောက်လို ပျောက်ငြား လက်ထဲက စံပယ်မွှေးမွှေးလေးတွေကို ကော်ဇောနီ လျှောက်လမ်းပေါ် အားရပါးရ ကျဲချလိုက်သည်။ စံပယ်နံ့မွှေးမွှေးနဲ့အတူ သူမနားထဲကို အခါတော်ပေးသံက ကြည်လင်အေးမြစွာ စီးဝင်လာသည်။ သူမ ပြုံးလိုက်မိသည် ထင်သည်။ နောက် သူမ တကယ်ကို နှစ်နှစ်ကာကာ ပြုံးလာနိုင်သည်။ နောက်တော့ ပန်းလေးတွေကိုပဲ အဆက်မပြတ် ကျဲချပေးနေမိသည်။

ရင်ထဲကလဲ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးမိသည်။ သူလျှောက်သောလမ်း မွေးပျံ့လန်းဆန်းပါစေ။ ခလုတ်ကန်သင်း ဘေးရန်ရှင်းလို့ ဖြောင့်ဖြူးသာယာပါစေ။ ဆုတောင်းရင်းနဲ့ပဲ… သူမ တကယ် ပျော်လာတော့သည်…

======================================

သူမ သူငယ်ချင်းတစ်ယောက်က မညှာမတာ ပြောဖူးသည်။ “နင့် ဇာတ်လမ်းက Happy Ending နဲ့ အဆုံးမသတ်မှာ ငါကြိုသိနေတယ်”တဲ့။ အဲဒီ သူငယ်ချင်း သိပ်မှားပါသည်။ သူမ ဇာတ်လမ်းဆိုတော့ သူမက မင်းသမီး သူက မင်းသားပဲ ဆိုပါတော့။ မင်းသမီးနဲ့ မင်းသား ဇာတ်သိမ်းခန်းမှာ ပေါင်းရမှ Happy Ending လို့ ခေါ်ရမတဲ့လား။ ဇာတ်သိမ်းခန်းမှာ အားလုံးပျော်ရတယ်ဆိုရင်လဲ Happy Ending ပါပဲလေ...

======================================

သူမ ဖြူလွှလွှ စံပယ်ပန်းလေးတွေကို… လျှောက်လမ်းပေါ် ကြဲချနေမိဆဲ…

ရွှေပြည်သူ
(1:40 AM ~ 27-Aug-2010)

ခုတလော သိပ်ကြိုက်မိနေတဲ့ Leona Lewis ရဲ့ Happy ဆိုတဲ့ သီချင်းလေးကနေ ရလာတဲ့ စိတ်ကူးကို ခံစားပုံဖော်ထားတာပါရှင်။

18 comments:

  1. ဟား. . . .
    နုညံ့ပျော့ပြောင်းတဲ့ အရေးနဲ့ လှည့်ကွက်လေးပဲ။

    ReplyDelete
  2. သူ့ရဲ့ပျော်ရွှင်နေရင်
    ကိုယ်ပျော်နေရသလိုပါပဲ..။

    ReplyDelete
  3. အဦးဆုံး လာဖတ်သွားပါတယ်.....
    အမြဲတမ်း Happy Ending ဖြစ်ပါစေ။

    ReplyDelete
  4. ဟုတ်တယ် ပျော်ရွှင်စရာ အဆုံးသတ်လေးလိုဘဲ ကိုယ်တွေရဲ့ ဘ၀မှာလည်း အရာရာကို ပျော်ရွှင်တဲ့စိတ်နဲ့သာ ကြည့်နိုင်ခဲ့ရင်သိပ်ကောင်းမှာ။
    ကိုယ့်ကို မရွေးချယ်ခဲ့ပေမဲ့ သူပျော်တယ်ဆိုရင် ကျေနပ်စရာပါဘဲလေ။

    ReplyDelete
  5. သူပျော်ရွှင်အောင်လုပ်ပေးရင်း ကိုယ်ပါ ပျော်ရွှင်လာတာမျိုးက ရယူလိုတဲ့အချစ်ကနေ ထောက်ပံ့ဖြည့်စွက်ပေးချင်တဲ့ မေတ္တာဆီ တဖြည်းဖြည်း ကူးပြောင်းလာတာ...။

    မေတ္တာထားတယ်ဆိုတာလည်း တကယ်တမ်းက စိတ်ဓာတ်ကြံ့ခိုင်ပြတ်သားဖို့လည်း လိုသေးတာ မဟုတ်လား ။

    ReplyDelete
  6. အစကတော့ သူမကို သတို့သမီးလို့ ထင်လိုက်သေးတာ..
    သူပျော်ရင် ကိုယ်ပျော်သတဲ့လား..
    ပေးဆပ်ခြင်းပေါ့လေ.. နူးညံပြောင်မြောက်တဲ့ အဖွဲ့လေးပါပဲ
    ဒါပေမယ့် မင်းသမီး မင်းသား ပေါင်းရတဲ့ Happy Ending ကိုပဲ ကြိုက်တယ်.. :)

    ReplyDelete
  7. ကိုယ်ချစ်တဲ့လူ ပျော်နေတာတွေ့ ရင် ကိုယ်ဘယ်လိုပဲ ဖြစ်နေပါစေ.. ကိုယ်ပါ လိုက်ပျော်တတ်တာ အချစ်စစ်ပဲထင်တယ်။ ချစ်သူချင်း အချစ်မှမဟုတ်ပါဘူးလေ.. ဘယ်လိုပုံမျိုးနဲ့ ချစ်ချစ် ကိုယ်ချစ်တဲ့လူ ပြုံးရင် အမြဲလိုက်ပြုံးမိတာပါပဲ...း)

    ဟန်နာ

    ReplyDelete
  8. ဖတ်လို့ ကောင်းတယ်ဗျ..။း))

    ReplyDelete
  9. မနက်မိုးလင်း လက်ဘက်ရည်ပူပူတစ်ခွက်ရှေ့မှာချ..
    ခုံနောက်ကျောကိုမှီပြီး ညီမလေး ပိုစ်ကို ဖတ်သွားပါတယ်....
    ..........
    ......
    နောက်တစ်ခါ ဒီထက် ရှည်ရှည်လေးရေးပေးပါလားလို့
    အချိန်ရရင်ပေါ့ ညီမလေးရေ...

    ချစ်တဲ့
    မမအိမ့်

    ReplyDelete
  10. happy ending တဲ့လား.....။
    ငိုချင်တယ်ဟာ....

    ReplyDelete
  11. ;)

    ဘာလို့ဒီလောက်များ ချစ်တတ်ရသလဲ။

    ReplyDelete
  12. Perfect!
    သိပ်လှတယ်၊
    ပျော်သွားတယ်။

    ReplyDelete
  13. ဒီပွဲလေးကိုလာတက်သွားတယ်နော်။
    ပျော်ရွှင်စရာလေးတွေအမြဲရှိနိုင်ပါစေ။

    ReplyDelete
  14. စာဖတ်တာ ညံ့သွားမှန်း သိလိုက်ပီ မမရေ .. လှည့်ကွက်လေးတွေကို သတိမထားလိုက်မိဘူး ... ဘာပဲဖြစ်ဖြစ် အချစ်ဇာတ်လမ်းလေးက ကြေကွဲစရာပေမယ့် နုနုညံ့ညံ့လေးနဲ့ လှနေပါတယ်

    ReplyDelete
  15. မထင်တဲ့ အဆုံးသပ်လေးက သပ်ယပ်လှပတယ်။
    အားလုံးပျော်ရွှင်ရင် Happy Ending ပါပဲဆိုတာ လေးကို ခံစားလို့ရတယ်။

    ReplyDelete
  16. တစ်ကယ်ပါပဲ....။
    သူပျော်နေရင် ကိုယ်ပျော်တယ်လို့ ခံစားမိလိုက်ပါတယ်ဗျာ......။
    (ကိုယ်ဘာပဲ.....ဖြစ်နေနေလေနော့်ဗျ.......)

    ခင်မင်ခြင်းအားဖြင့်........
    ဏီလင်းညို

    ReplyDelete
  17. အရမ်းကို ကြိုက်ပါတယ်...

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)