Tuesday, August 17, 2010

နားထောင်ပေးပါ


ကျွန်မ ငယ်ငယ်လေးကတည်းက စဖတ်မှတ်ပြီးပြီးခြင်း သိပ်ကြိုက်သွားမိတဲ့ အင်္ဂလိပ်စကားလုံးတွေထဲမှာ Good Listener ဆိုတဲ့ စကားလုံးလေးလည်း ထိပ်ဆုံးကပါပါတယ်။ Good Listener ဆိုတဲ့ စကားလုံးကို ကျွန်မကတော့ တပါးသူရဲ့ ခံစားချက်တွေ စာနာစွာ၊ ထင်မြင်ယူဆချက်တွေကို နားလည်စွာ နားထောင်ပေးတတ်သူလို့ နားလည်မိလို့ပါ။ ကျွန်မကိုယ်တိုင်လည်း Good Listener သိပ်ဖြစ်ချင်ခဲ့ပါတယ် (ဖြစ်မဖြစ်ကိုတော့ ကျွန်မ မိသားစုနဲ့ သူငယ်ချင်းတွေကပဲ ဆုံးဖြတ်နိုင်ပါလိမ့်မယ်)

ရုန်းရကန်ရ လှော်ရခတ်ရနဲ့ ပင်ပန်းလွန်းလှတဲ့ ဒီခေတ်ရဲ့ ဘဝသမုဒ္ဒရာထဲမှာ လူတိုင်းအတွက် အမျိုးမျိုးသော အမောတွေဆိုတာ မရေမတွက်နိုင်အောင်ပဲ ရှိကြမှာပါ။ ကံ ကံ၏ အကျိုးကြောင့် ကိုယ်ပဲ့ကိုင်ထိန်းမတ်လို့ ရတဲ့ အရာတွေ ရှိသလို ကိုယ်ဘာမှ မတတ်နိုင်ဘဲ လက်မှိုင်ချရတဲ့ ကိစ္စတွေလည်း တပုံကြီးပါပဲ။ ဒီလိုကိစ္စမျိုးတွေ ကြုံလာရတဲ့အခါ ကိုယ့်ခံစားချက်တွေ မွမ်းကျပ်မှုတွေကို ကိုယ့်ကို နားလည်စာနာပေးနိုင်သူ တစ်ယောက်ယောက်ကို ပြောလိုက်ရရင် ရင်ထဲပေါ့ပြီး နေလို့ကောင်းသွားတာမျိုး အတွေးသစ်တွေ ရလာတာမျိုးလည်း အားလုံးလိုလို ကြုံဖူးကြမှာပါ။ အဲဒါ နားထောင်ပေးတတ်သူ တစ်ယောက်ရဲ့ တန်ဖိုးပါပဲ။


တကယ်တမ်း နားထောင်ပေးသူကောင်း တစ်ယောက် ဖြစ်ဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ ပထမဆုံး စိတ်ရှည်ရပါမယ်။ ပြောနေသူဟာ သူ့အပူနဲ့သူမို့ ပြောတဲ့ စကားတွေဟာလည်း ပုံပြင်ဇာတ်လမ်းတစ်ပုဒ် ပြောသလို ချောမောပြေပြစ်ပြီး နားထောင်လို့ ကောင်းနေမှာ မဟုတ်ပါဘူး။ ဒီစကားတွေထဲကပဲ သူ့ခံစားချက်ကို ရှာဖွေပြီး နားလည်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ နားလည်နိုင်အောင် ကြိုးစားတယ်ဆိုတဲ့ နေရာမှာလည်း တဖက်လူရဲ့ ခံစားချက်ကို သူ့နေရာကနေ ခံစားပြီး နားလည်တာမျိုး ဖြစ်ဖို့က လွယ်မယောင်နဲ့ အခက်ခဲဆုံးသော အပိုင်းပါ။ လူတစ်ယောက်နဲ့ တစ်ယောက် အတွေးအခေါ်၊ အယူအဆ၊ အမြင်နဲ့ တန်ဖိုးထားမှုတွေက မောင်နှမအရင်းအချာတွေမှာတောင် မတူလေတော့ တခြားလူရဲ့ ခံစားချက်ကို အတိအကျ နားလည်ဖို့ဟာ သိပ်ကိုခက်ခဲမှာပါ။ ဒါပေမယ့် ဒါကို ဖြစ်နိုင်အောင် ပံ့ပိုးပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ မေတ္တာပါ။ မေတ္တာအရင်းခံလိုက်ရင်… အဲဒီမေတ္တာပေါ်မှာ လူလူခြင်း လေးစားမှုလေးကို ထပ်ဆောင်းပေးလိုက်ရင် တဖက်လူရဲ့ ရင်ထဲကို ခံစားနားလည်လို့ ရလာလိမ့်မယ်လို့ ထင်မိပါတယ်။

ကိုယ်က သူ့ခံစားချက်ကို နားလည်နေရင်တောင် ကိုယ်နားလည်ကြောင်းကို ပြဖို့လည်း လိုပါသေးတယ်။ စိတ်ညှိုးခြုံးနေတဲ့ လူတစ်ယောက်မှာ အလိုအပ်ဆုံးက ဂရုစိုက်မှုပါ။ နားလည်တယ် ဆိုပြီး ခပ်ခွာခွာက ထိုင်ကြည့်နေတာထက် ကိုယ်အမူအရာ(ခေါင်းညိတ်ထောက်ခံတာမျိုး)၊ နှုတ်အမူအရာ (သူပြောနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေမေးတာမျိုး) တွေနဲ့ ကိုယ်သူပြောတာကို အာရုံစိုက်နေကြောင်း သဘောပေါက်ကြောင်း ပြဖို့ကလည်း အရေးကြီးပါသေးတယ်။ သူပြောနေတဲ့အချိန်မှာ စကားကို လုပြီး ဖြတ်ပြောတာမျိုး၊ “ငါသာဆိုရင် ဘယ်လိုလုပ်လိုက်မှာ…” ဆိုတဲ့ ကိုယ်ရည်သွေးစကားတွေ ဝင်ပြောတာမျိုးတွေကတော့ မလုပ်သင့်ဆုံးပါပဲ။ ရေနစ်သူကို ဝါးကူထိုးသလိုသာ ဖြစ်ပါလိမ့်မယ်။ နားထောင်သူကောင်းတစ်ယောက် အတွက် နောက်ထပ် အရေးအကြီးဆုံးကတော့ ရိုးသားမှုပါပဲ။ အပေါ်မှာ ပြောခဲ့တဲ့အချက်တွေကို (အကြောင်းတစုံတရာ (သို့) ရည်ရွယ်ချက် တစ်ခုကြောင့်) တမင်လုပ်ယူပြီး ဟန်ဆောင်ပန်ဆောင် နားထောင်ပေးတာမျိုး မဟုတ်ဘဲ တကယ်ရင်ထဲက နားလည်စာနာပြီး နားထောင်ပေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။

လူတိုင်းဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံး၊ ကိုယ့်အကြောင်းကိုသာ စိတ်အဝင်စားဆုံးဖြစ်သလို ကိုယ့်အဖြစ်အပျက်တွေကသာ အရေးအပါဆုံးလို့ ထင်မြင်နေတတ်သူတွေ ချည်းပါပဲ။ အဲဒီစိတ်တွေကို ပြောင်းပြန်လှန်ပြီး သူများအတွက် အချိန်၊ အာရုံ နဲ့ နှလုံးသားကို ခဏပေးပြီး နားထောင်ပေးတဲ့အလုပ်ဟာ အင်မတန်မွန်မြတ်သလို ချစ်သူ ခင်သူတွေကိုလည်း တမျိုး ကူညီရာလည်း ရောက်တယ်လို့ ကျွန်မတော့ ယုံကြည်မိတာပါပဲ။

ကျွန်မဘဝရဲ့ အပိုင်းအစတိုင်းမှာ နားထောင်ပေးသူကောင်းတွေနဲ့ နီးနီးနားနား ရှိခွင့်ရခဲ့ပါတယ်။ စိမ်းတဲ့သူတွေနဲ့ဆို စကားနည်းသလောက် ကိုယ်ချစ်ခင်ယုံကြည်တဲ့ လူတွေနဲ့ဆိုရင် နာရီနဲ့ချီအောင် ရင်ဖွင့်တတ် (စကားများတတ်) တဲ့ ကျွန်မကို နားထောင်ပေးခဲ့ကြတဲ့၊ ဝေဒနာတွေကို ဖြေသိမ့်ပြီး အကြံကောင်းတွေ ပေးခဲ့ကြတဲ့ ကျွန်မချစ်ခင်တွယ်တာရသူ အားလုံးကိုလည်း တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ ဘာတွေပဲဖြစ်ဖြစ် ကျွန်မဘက်က အမြဲရပ်တည်ပေးတတ် နားထောင်ပေးတတ်တဲ့ ကျွန်မ အဒေါ်နဲ့ညီမလေး၊ စင်္ကာပူမှာ နေထိုင်နေတဲ့ ကာလတစ်လျှောက်လုံး ကျွန်မရဲ့ မိသားစုသဖွယ် အနားမှာ ရှိနေပေးတဲ့ ကျွန်မအခန်းဖော်နဲ့ Flatmate တွေ၊ မောင်နှမ ညီအစ်မ အရင်းအချာလို ချစ်ခင်ရသူတွေ နဲ့ ကျွန်မရဲ့ ချစ်သူငယ်ချင်းတွေ အားလုံးကို ကျွန်မပြောသမျှတွေကို နားထောင်ပေးခဲ့ကြတဲ့အချိန် အတွက် ကျေးဇူးတင်ကြောင်း ဒီပို့စ်လေးကနေ အမှတ်တရ ပြောချင်ပါတယ်။ သူတို့ကို စံနမူနာထားပြီး ကျွန်မလည်း နားထောင်သူကောင်းဖြစ်အောင် ကြိုးစားနေဆဲပါပဲ…

တခါတရံ လူတွေဟာ ပြဿနာတွေ အခက်အခဲတွေနဲ့ ကြုံချိန်တွေမှာ ကယ်တင်ဖြေရှင်းပေးမယ့် သူရဲကောင်းတစ်ယောက်ထက် နားထောင်ပေးသူ တစ်ယောက်ကိုသာ လိုအပ်ကြတာပါ။ မိန်းမ၊ ယောက်ျား၊ လူကြီး၊ လူငယ် မရွေး သူတို့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြချင်တဲ့ အချိန်တွေ ရှိကြစမြဲပါပဲ။ ဒါကြောင့် ကိုယ်ချစ်သူ ခင်သူတွေအတွက် သူတို့ လိုအပ်ချိန်မှာ နားထောင်ပေးတတ်သူကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားကြပါလို့ စာဖတ်ပေးသူ မောင်နှမတွေကို စကားလက်ဆောင်လေး ပေးလိုက်ချင်ပါတယ်ရှင်…

(အစ်ကို ကိုဇော်ကို လပေါင်းများစွာ ကြွေးတင်နေတဲ့အတွေးစများ” Tag ပို့စ်အတွက် ခုတလော တွေးဖြစ်နေတဲ့ သူငယ်ချင်းတွေရဲ့ ချစ်စရာနားထောင်ပေးခဲ့ချိန်တွေကို တွေးမိသလို ပြန်ချရေးထားတာပါ။ အရမ်းနောက်ကျသွားတဲ့ အတွက် တောင်းပန်ရမှာကိုတောင် အားနာနေမိပါတယ် အစ်ကို ကိုဇော်ရေ…း)

14 comments:

  1. အမြင် Tag လေးကို အကြားအဖြစ်ပါ ယူရေး လိုက်တာပေါ့လေ။ ကောင်းပါပေတယ် ညီမရယ်။ ဒါကြောင့်မို့လည်း အကြားအမြင်ရယ်လို့ တွဲခေါ်ကြတာပေါ့။ “ ငါ့မျက်လုံးမှာ နားတစ်စုံ ၊ ငါ့နားမှာ မျက်လုံးတစ်စုံ အပိုပါတယ် ” ဆိုတဲ့ စကားလေးကိုတောင်မှ အမှတ်ရသွားပါသေးတယ်။

    ကိုယ်တကယ်ကို အားငယ်နေတဲ့ အချိန်မှာ ရင်ဖွင့်မှုကို ခံစားနားလည်ပေးသူတွေဆိုတာ တကယ်ကို လိုအပ်လှပါတယ်။ ဒါကြောင့် လူတိုင်းကိုလည်း သူတို့အကြောင်းတွေကို ခံစား နားထောင်ပေးနေမိတုန်းပါပဲ။

    Tag ပို့စ်လေး ရေးပေးလို့ ကျေးဇူး ညီမရေ။

    ReplyDelete
  2. မြန်မာ အိမ်နီးချင်းတယောက်အိမ်ကို လာလည်နေ တုန်း ဒီ site ကိုပါ လာလည်သွားပါတယ်။ စိတ်ပညာအလိုအရလည်း လူတယောက်မှာ ကိုယ့်ဒုက္ခတွေကိုပဲဖြစ်ဖြစ်၊ သုခတွေကိုပဲ ဖြစ်ဖြစ် နားထောင်ပေးမဲ့သူ တယောက်ရှိရင် စိတ်ပိုကျန်းမာ၊ စိတ်ပိုလုံခြုံတယ်လို့ ဆိုကြပါတယ်။ စစ်ဖြစ်နေချိန်မှာ လူတွေစုနေရင် ဗုံးတလုံးတည်းနဲ့ အားလုံးသေသွားနိုင် မှန်းသိပေမဲ့ စုပြီးတော့ပဲ နေချင်ကြတာဟာ ဒုက္ခကို အခြားသူတွေနဲ့ မျှဝေ ခံစားရရင် နည်းနည်းသက်သာသွားတတ်တဲ့ လူ့ဗီဇကြောင့်ပါတဲ့။ Men are from Mars & women are from Venus မှာလည်း ယောက်ျား (ခင်ပွန်း)က မိန်းမစကား နားထောင်ပေးတာ အရေးကြီးပုံကို ရေးထားတာ တွေ့မိပါတယ်။ အိမ်ထောင်ရှင် သပ္ပုရိဿ အပေါင်းတို့ ရှာဖတ်ကြည့်ကြ ပါလေ။ :))

    ReplyDelete
  3. http://thet-wai-blog.blogspot.com/2009/07/blog-post.html

    ရွှေပြည်သူ ရေးတာဖတ်ပြီး မသက်ဝေရေးခဲ့ဖူးတဲ့ ပိုစ့်ကို သတိရသွားလို့...

    ReplyDelete
  4. ဘ၀မှာ ကယ်တင်ရှင် သူရဲကောင်းထက်
    ရင်ဖွင့်ခံစားမူ့ကို နားလည်နားထောင်ပေးနိုင်သူ
    မိတ်ဆွေကောင်း။ ခင်ပွန်းကောင်း။ ဇနီးကောင်း
    တစ်စုံတစ်ဦး လိုအပ်တာအမှန်ပါပဲ။ အမရေ....
    ဒါကြောင့် ရင်ဖွင့်ခံစားမူ့တွေကို မျှဝေခံစား နားလည်ပေးရင်း ရိုးသားသောနားထောင်ပေးသူတစ်ယောက်ဖြစ်ဖို့ ကြိုးစား
    နေတုန်းပါပဲ။

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  5. ဟုတ်တယ်ဗျ ... စကားပြောကောင်းသူတစ်ယောက် ဖြစ်ရုံနဲ့ မပြီးဘူးတဲ့ ... နားထောင်တတ်တဲ့ လူတစ်ယောက် ဖြစ်ရဦးမယ်တဲ့ ...

    ReplyDelete
  6. ရွှေပြည်သူရေ
    ကျွန်မလည်းနားထောင်ကောင်းသူတွေရဲ့တန်ဘိုးကို လေးစားပြီး၊ ကိုယ်ကိုတိုင်လည်း ကြိုးစားမယ်။

    ReplyDelete
  7. ဗေဒင်ဆရာတွေလောက်နားထောင်ပေးရတာများ ရှိမလားဗျာ...။ မြန်မာပြည်မှာ ပြောပါတယ်..။

    ReplyDelete
  8. အစ်မလည်း တစုံတခု စိတ်ဓာတ်ကျ စိတ်ညစ်တိုင်း တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြလိုက်မှ ဖြေသာသွားတယ်။

    နားထောင်ပေးတတ်သူ တစ်ယောက်ဖြစ်ဖို့ တကယ်ပဲ အရေးကြီးပါတယ်။

    Good Speaker သာမက Good Listener ပါဖြစ်နိုင်ရင် အကောင်းဆုံးပါပဲ ညီမရေ။

    မဇွန်က အရည်အချင်းနှစ်ခုလုံးကို သဘောကျပြီး ပိုင်ဆိုင်ချင်တာ။း))

    ReplyDelete
  9. ညီမ ရေ ဟုတ်ပါတယ်။
    အခက်အခဲတွေ၊ပြဿနာတွေ နဲ့ ဖြေရှင်းလို့ မရအောင်ရှုပ်ထွေးမွန်းကျပ်နေချိန်၊ထွက်ပေါက်လေး တခု အနေ နဲ့  ရင်ထဲက စကားတွေ ကို ဖွင့်ထုတ်ခွင့်ပေးသူ
    တယောက်သာ နားထောင်သူကောင်းဆိုယင် တော့ ဆိုဖွယ်ရာမရှိအောင်လိုအပ်ကြောင်းပါ။
    အဲလို နားထောင်ပေးသူ ကို ရင်ဖွင့်လိုက်ပြီးတဲ့နောက်
    မှာ ရင်ဘဲထဲမှာ ရှင်းပြီး ပေါ့ပါးသွားတတ်တယ်။
    ပြီးတော့ ဖြေလျော့သွားတဲ့ စိတ်ကြောင့် ဖြေရှင်းရမယ့် နည်းလမ်းရဲ့ လမ်းစ ကိုလဲ တွေ့ လာနိုင်တယ်။

    ReplyDelete
  10. ဟို မှ ဒီ ကူးလာ ပြီး နားထောင် သွား ပါ တယ် :P

    ပျော်ရွှင်နိုင်ပါစေဗျား။

    with reps;

    ReplyDelete
  11. မမရေ...
    ဒီပို့စ်လေးကို ဖတ်လိုက်ပီး ငါရော Good listener တစ်ယောက် ဖြစ်ရဲ့လားလို့ ပြန်လည်သုံးသပ်ကြည့်မိပါတယ်..။ မိမိပတ်ဝန်းကျင်နဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့အပေါ်မှာ ဘ၀တစ်လျှောက်လုံးအတွက် Good Listener တစ်ယောက်ဖြစ်လာဖို့ အမြဲသတိလေးနဲ့နေထိုင်သွားဖို့ကြိုးစားဦးမယ်လို့ ဆုံးဖြတ်မိရင်း ... မမကို ကျေးဇူးတင်မိပါတယ်...။
    ချစ်ခင်လေးစား အားပေးလျှက်
    နှင်း

    ReplyDelete
  12. shyephithaw newspaper co sha yey nay di website ko yout la thi

    ReplyDelete
  13. i want to read is about political especially i want to go shwephyitaw website and i found this website but i like ur website.

    ReplyDelete
  14. ko danny ~ Thank you for your visit and time to read my posts.

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)