သူနဲ့သူမ ခင်မင်ခဲ့ကြတာ နှစ်အတန်ကြာခဲ့ပြီဖြစ်သော ညနေခင်းတစ်ခုမှာ ဖြစ်သည်။ မလှလို့ဆိုပြီး လူတွေ သိပ်မလာကြတဲ့ ပင်လယ်ကမ်းခြေတစ်ခုမှာပေါ့...
“ကဲ... ဘာဖြစ်ချင်နေတာလည်း ပြောလေ။ ဒီ Beach က Beef Noodle မှ စားချင်လှပါချည်ရဲ့ ဆိုလို့ ဒီအထိခေါ်လာပြီး ကျွေးတော့လည်း သေချာမစားဘူး။ စကားလည်း ကောင်းကောင်းပြန်မပြောဘူး။”
သူသည် ပုံမှန်အားဖြင့် မအုံမပွင့်နှင့် အလိုမကျသလိုလို လုပ်နေတတ်သူများကို နှစ်သက်တတ်သူ မဟုတ်သလို စိတ်ရှည်ရှည်ထားပြီး ဆက်ဆံလေ့လည်း မရှိပါ။ ဒါပေမယ့် ကလေးတစ်ယောက် စိတ်ကောက်သလို မျက်နှာထားနဲ့ အောက်က သဲပြင်မွမွထဲကို ခြေထိုးဆော့နေတဲ့ သူမကိုတော့ လေအေးအေးနဲ့သာ မေးနေမိသည်။ ဒီတညနေလုံး သူမကို သူနားမလည်ပါ။
“စကားလေး ဘာလေးပြန်ပြောပါဦး။ ငါ့မှာ ရုံးကဆင်းဆင်းချင်း အမောတကော ပြေးလာရတာ။ တပတ်လုံး ပင်ပန်းထားတော့ လှုပ်တောင်မလှုပ်ချင်တော့ဘူး။ ဒါပေမယ့်... နင့်ကို ကတိပေးထားတော့...”
“တွေ့လား... ကတိတဲ့။ အဲဒီ ကတိကြီးကြောင့် နင်လိုက်ပို့ပေးတာ မဟုတ်လား။ ငါ့ကို လိုလိုလားလား လိုက်ပို့ချင်တာထက် နင်ကတိတည်တဲ့လူ ဖြစ်ချင်တာ မဟုတ်လား...”
“ဟော... ဘာတွေတွေးနေတာလဲ။ ပို့ချင်လို့ပဲ ဒီအထိရောက်လာပြီးပြီလေ...”
“နင့်မှာ ပို့ချင်စိတ်ရှိတာ လွန်ခဲ့တဲ့ ၃လလောက်ကပါ...”
“ဘယ်လို...?”
“အဲဒီတုန်းကတော့ နင်လိုက်ပို့ချင်တာ ငါယုံတယ်။ အဲဒီကတည်းက ငါစာမေးပွဲပြီးတဲ့နေ့ နင် Beef Noodle လိုက်ကျွေးမယ်လို့ ကတိပေးထားတာ...”
“အင်းလေ... အခုလည်း ပြောထားတဲ့အတိုင်း လိုက်ပို့ပေးတာပဲ... Beef Noodle လဲ ကျွေးတာပဲ... နင်က ဘာကို မကျေမနပ်ဖြစ်နေတာလည်း...”
“မသိဘူးဟာ။ နင်လိုက်မပို့ချင်ဘဲ ဝတ္တရားတစ်ခုလို လိုက်ပို့နေတာကို မကျေနပ်တာ...”
“ဟောဗျာ... နင့်ကို ဘယ်သူက ပြောလို့လည်း။ ငါ့မျက်နှာမှာလည်း အဲလို အရိပ်အယောင်ပေါ်နေလို့လား။ ပေါ်စရာ အကြောင်းလည်း မရှိပါဘူး။ ဘာလို့လည်းဆိုတော့ ငါမောပေမယ့် ပျော်ပျော်ကြီး လိုက်ပို့နေလို့လေ။ မယုံရင် သေချာ ကြည့်ကြည့်ပါလား”
သူက ရှေ့ကနေ ဒူးခေါင်းပေါ်လက်ထောက်ရင်း ကိုယ်ကိုကိုင်းပြီး ထိုင်နေတဲ့ သူမမျက်နှာကို လာကြည့်သည်။ ရင်းနှီးနေကျ Burberry Brit ရေမွှေးနံ့က သူမဆီ ငြိမ့်ကနဲရောက်လာပေမယ့် ခါတိုင်း ရင်ခုန်တုန်လှုပ်နေကျစိတ်က အခုတော့ ရှုပ်ထွေးလို့သာနေသည်။
“ကြည့်လေ...”
သူ ခပ်ပြုံးပြုံးထပ်ပြောတော့ စူးရှတဲ့အလင်းရောင်ကို ရုတ်တရက်မြင်ရသလို သူရှိရာကနေ မျက်လုံးစုံမှိတ်ပြီး ချာကနဲ မျက်နှာလွှဲမိသည်။ ပြီးမှ ခေါင်းကို ငုံ့ရင်း သဲစလေးတွေပေနေတဲ့ သူ့ရဲ့ လက်ချောင်းလေးတွေကို မကျေမနပ် ငေးနေမိပြန်သည်။ ခဏကြာတော့ သူ စိတ်ပျက်လက်ပျက် သူမဘေးမှာ ခပ်လေးလေး ထိုင်ချလိုက်သည်။
“ကဲ... စိတ်မကြည်ရင်လည်း ပြန်ကြမယ်လေ။”
“နင် ပြန်ချင်တာကို ငါစိတ်မကြည်တာလို့ လွှဲမချပါနဲ့...”
“ခက်တော့နေပြီ... ဒါဆိုလည်း ဆက်ထိုင် ဆက်ထိုင်”
နှစ်ယောက်လုံး တိတ်ဆိတ်သွားပြန်သည်။ သူမမျက်နှာလွှဲထားပေမယ့် ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကားတစ်စီးရဲ့နောက်ကြည့်မှန်ထဲကနေ သူ့ကိုမြင်နေရသည်။ တံတောင်ဆစ်အထိ ခေါက်တင်ထားတဲ့ အနက်ရောင် လက်ရှည်တီရှပ်က သူ့ရဲ့ ဝင်းဝါတဲ့ အသားအရေနဲ့ ကြည့်ကောင်းလွန်းနေသည်။ သူ့မျက်နှာပေါ်မှာတော့ စင်းနေတဲ့ နှာတံတွေက အလှဆုံးလို့ သူမထင်လေ့ရှိပေမယ့် အင်အားအပြင်းဆုံးကတော့ စူးရှရှ မျက်လုံးတွေပဲပေါ့။ ဒီမျက်လုံးတွေနဲ့ပဲ မီးငယ်ကို... Fiona ကို...။ တွေးရင်း သူမ စိတ်ဆိုးလာဆဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့ဖုန်းက ထမြည်သည်။
“ဟေး... မီးငယ်။ ကိုယ်လား... အခု... သူငယ်ချင်းတစ်ယောက်နဲ့... အပြင်ရောက်နေတယ်...”
သူမ စိတ်ထဲမှာ စူးကနဲ ဖြစ်သွားသည်။ မီးငယ်လည်း သူမကို သိရက်နဲ့ နာမည်ကို ဘာလို့မပြောရလိုက်ရတာလဲ။ ဖုန်းပြောနေတဲ့ သူမျက်နှာကလည်း လိုအပ်တာထက် ပိုပြုံးချိုလွန်းနေသည်ဟု သူမထင်သည်။ ကြည်နူးနေတာများလား...
“အင်း... ခဏနေရင် ပြန်ကြတော့မှာပါ... ဒါပေမယ့်... ကိုယ်သိပ်နောက်ကျနေရင် မီးငယ် စောင့်နေရမှာပေါ့။ အင်းလေ... ဒါဆိုလည်း လာခဲ့မယ်။ အင်းပါ... ဟားဟား... ”
သူမ ခြေထောက်နဲ့ထိုးနေမိတဲ့ သဲပြင်မွမွက တွင်းတစ်ခုလိုတောင် ဖြစ်နေခဲ့ပြီ။ သူဖုန်းချလိုက်တော့...
“ပြန်တော့မှာ မဟုတ်လား။ သွားသွား အခုသွား။ တစ်မိနစ်တောင် နောက်မကျစေနဲ့...” ပိုင်စိုးပိုင်နင်း နိုင်လွန်းနေသလားတောင် မစဉ်းစားနိုင်တော့ဘဲ မျက်ရည်ဝဲဝဲနဲ့ ပြောချင်ရာပြောရင်း သူ့နားမှာချထားတဲ့ အိတ်ကို ကောက်လွယ်မိသည်။ သူက မလှုပ်မယှက် တိတ်ဆိတ်စွာ သူမကို စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းတွေက ပြုံးလိုက်တော့မလို ဖြစ်နေပေမယ့် တည်ငြိမ်နေပြန်သည်။ သူမ ကလေးဆိုးတစ်ယောက်လို စိတ်တိုသထက်တိုလာရင်း အိတ်ထဲက ဖုန်းကို ဆွဲထုတ်ပြီး နံပါတ်တစ်ခုကို အလောတကြီး နှိပ်ပစ်လိုက်သည်။
“ကိုလတ်လား။ အင်း... ဟုတ်တယ်... အခု xxxxx Beach မှာ... လာကြိုပေးပါလားဟင်”
သူဆတ်ကနဲတုန်သွားသည်။ စောစောက ပြုံးယောင်သမ်းနေတဲ့ မျက်နှာမှာ ဒေါသအရောင်တွေ ချက်ချင်း လွှမ်းသွားသည်။ နောက် မထင်မှတ်ဘဲ သူမလက်ထဲက ဖုန်းကို ဆတ်ကနဲဆွဲယူလိုက်ပြီး လုံးဝပိတ်ချလိုက်တော့သည်။ သူမထက်ပိုဆိုးတဲ့ သူ့ရဲ့ ပိုင်စိုးပိုင်နင်း နိုင်ပုံကို တအံ့တသြကြည့်ရင်း ငိုချမိတော့ သူ စိတ်ရှုပ်ထွေးစွာပြောသည်။
“နင် ဒါဘာလုပ်တာလည်း”
“နင်လည်း နင်သွားချင်တဲ့နေရာသွား။ ငါလည်း ငါပြန်ချင်တဲ့လူနဲ့ ပြန်မှာပေါ့။ နင် ငါ့ဖုန်းကို ပိတ်စရာအကြောင်း မရှိဘူး။ ခုပြန်ပေး”
“မပေးဘူးဟာ... နင် အိမ်ကိုတောင် ကိုယ့်ဘာသာ မပြန်တတ်ဘူးလား။ အဲဒီလူကြီး ဘယ်လောက်ရှုပ်လဲဆိုတာလည်း နင်သိရက်နဲ့။ သူနဲ့ တွဲသွားတာနဲ့တင် နင်သိက္ခာကျမှာစိုးလို့။ နင်ဘာဖြစ်နေတာလည်း”
“ငါ့ဘာသာ တွဲရုံမကလို့ သူ့ကို ရည်းစားတော်လိုက်ရင်တောင် ဘာဖြစ်လဲ။ နင်လည်း မီးငယ်တို့ Fiona တို့နဲ့ တွဲနေတာပဲ”
“ကျွတ်... ငါတို့က ရိုးရိုးသားသား ခင်တာ...”
နောက် သူတစ်ခုခုကို တွေးသလို ငြိမ်သက်သွားသည်။ နောက်မှ သက်ပြင်းတချက်ချပြီး မျက်ရည်တွေ ရွှဲနေတဲ့ သူမမျက်နှာကို နူးနူးညံ့ညံ့ကြည့်ရင်း...
“ကဲ... မငိုနဲ့တော့။ ငါလည်း မီးငယ်တို့ဆီ မသွားတော့ဘူး။ လာ... နင့်ကို ပြန်ပို့မယ်”
“ငါ့ဖုန်းပြန်ပေး...”
ပြောခါမှ သူက ဖုန်းကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်သည်။
“မပေးဘူးဟာ။ နင်ထပ်ဆက်ရင် ငါ့ဒေါသကို ထိန်းနိုင်မှာ မဟုတ်ဘူး...”
သူမ အံကိုကြိတ်လိုက်ရင်း... အနားမှာ တင်ထားတဲ့ သူ့ဖုန်းကို ဆွဲယူလိုက်သည်။
“ဟာ... ဟေး... ဘာလုပ်တာလည်း”
သူ့အသံကို ဥပက္ခာပြုပြီး သူမ ခလုတ်တွေကို ဆက်တိုက်နှိပ်ပစ်လိုက်သည်။
“ဟ! ငါ့ message တွေ နင်ဖျက်နေတယ်?”
“ဟုတ်တယ်... အကုန်ဖျက်ပစ်မယ်။ အဲဒီ မီးငယ်ဆီက အီစီကလီ စာသားတွေ ငါမုန်းတယ်။”
“ဘာဆိုင်လို့... ”
သူတဝက်တပျက်ပြောရင်း ရပ်ပစ်လိုက်ပြီး တည်နေတဲ့မျက်နှာက တရေးရေးပြုံးသွားသည်။ နောက် သူမကို ငေးလို့သာ ကြည့်နေတော့သည်။ နောက် ရယ်သံစွက်စွက်နဲ့...
“ဖြေးဖြေးဖျက်နော်။ ရုံးက လူကြီးတွေ ပို့ထားတဲ့ဟာတွေပါ မှားဖျက်ဦးမယ်...”
သူမ စိတ်ရှိလက်ရှိ ဖျက်လို့သာ နေမိသည်။ သူလည်းဘာမှ မပြောတော့ဘဲ သူမရဲ့ လက်ချောင်းသွယ်သွယ်တွေကိုသာ ပြုံးကြည့်နေသည်။
“ကဲ... ကုန်ပြီ။ ပြန်မယ်...”
သူ သူမကို ခပ်ပြုံးပြုံး စိုက်ကြည့်ရင်း အိတ်ကို ကောက်ကိုင်သည်။ ပြန်ဖို့ပြင်ရင်း သူမ ခြေထောက်ပေါက်လို့ ချွတ်ထားတဲ့ ဖိနပ်အသစ်ကို ပြန်စီးတော့ ရှုံမဲ့ယိုင်နဲ့သွားသည်။
“နာနေရင် မစီးနဲ့တော့လေ...”
သူက ခပ်တိုးတိုးပြောပြီး သူ့ ကွင်းထိုးဖိနပ်ကို ချွတ်ပေးသည်။ သူ့ဖိနပ်အကြီးကြီးကို ယောင်ယမ်းစွပ်မိရင်း...
“ဟင် ဒါဆိုနင်က ဘာသွားစီးမလဲ”
“ဖြစ်ပါတယ်... ဒီအတိုင်းပဲပေါ့...။ ပေး အဲဒီဖိနပ်။ ထော့နဲ့ထော့နဲ့ ဖြစ်နေတော့ လမ်းလျှောက်ရင် ထိန်းဖို့ လက်တစ်ဖက်က ဒီကိုကိုင်...” သူ ရှက်သလိုလို အပြုံးနဲ့ပြောတော့ သူမ အိပ်မွေ့ချခံထားရသူလို ဖိနပ်ကို လှမ်းပေးရင်း လက်တဖက်ကလည်း ကမ်းပေးနေတဲ့ သူ့လက်နွေးနွေးကို ဖမ်းဆုပ်မိသည်။ (သူမခြေထောက်က သူများ အကူအညီ ယူရလောက်အောင် နာမနေမှန်းလည်း သူမရော သူပါ သေချာသိပါသည်။)
“လာသွားမယ်...”
သူ့စကားသံက သူမကြားဖူးသမျှထဲမှာ အညင်သာဆုံး ဖြစ်နေသည်။ သူ့လက်ကိုကိုင်ပြီး မှီတွဲလျှောက်ရင်း သူမ အဆက်အစပ်မရှိဘဲ တုန့်ဆိုင်းဆိုင်းပြောမိသည်။
“ဒါပဲနော်... နင်ငါ့ထက် ၃ လငယ်တာ ဘယ်သူ့ကိုမှ မပြောရဘူး”
ခေါင်းကို မော့ပြီးရယ်လိုက်တဲ့ သူ့ရယ်သံချိုကြောင့် လူတွေမလှဘူးပြောတဲ့ ကမ်းခြေတစ်ခုက အဆုံးအစမရှိ အရောင်တွေ တောက်ပသွားတော့သည်။
==============
နှစ်တွေလည်း ကြာခဲ့ပြီ။ သူနဲ့သူမ ချစ်သူ သက်တမ်းတွက်တိုင်း ဘယ်နေ့က ချစ်သူစဖြစ်လဲဆိုတာကို အငြင်းပွားနေကြဆဲ။ ဒီလိုနဲ့ နှစ်ပတ်လည် တခါမှမလုပ်ဖြစ်ဘဲ ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေလည်း များလှပြီ။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ မျိုးဆက်သစ်လေးတွေ ရှိလာတဲ့အခါကျရင် လူတွေသိပ်မလာတဲ့ မလှမပ ကမ်းခြေတစ်ခုက Beef Noodle ကို မကြာခဏ ခေါ်လာကျွေးကြမယ်ဆိုတဲ့ အစီအစဉ်ကိုတော့ နှစ်ယောက်စလုံး သဘောတကျ ကြိုတွေးညှိုနှိုင်း ထားကြလေသည်။
ရွှေပြည်သူ
(ည ၂း၀၈ နာရီ ~ ၂၅-ဇူလိုင်-၂၀၀၉)
တိုတိုလေးပေမယ့် ရက်တွေအများကြီး ခွဲရေးခဲ့ရတဲ့ ဝတ္ထုတိုလေးပါ။ မြင်ကွင်းလေးတစ်ခုကနေ ရတဲ့ စိတ်ကူးလေးကို ရေးထားတာပါ။ မြင်ကွင်းလေးကိုပြရင်း နင်ဝတ္ထုရေးလို့ရတယ်လို့ လက်တို့ခဲ့တဲ့ ချစ်သူငယ်ချင်း MK အတွက်လည်း အမှတ်တရပါး) ကျွန်မဆင်ထားတဲ့ဇာတ်လမ်းက ပျင်းစရာကောင်းရင်လည်း ဆောရီးပါနော်။ အားလုံး ဖတ်ရှုဝေဖန်ပေးကြပါဦးရှင်...း)
(ဆက်ဖတ်ချင်ရင်...း)
(ပြန်ပိတ်ပေးပါဦးး)