Monday, April 20, 2009

ပေးဆပ်လွန်းသူသို့

ကိုယ် မြင့်မြတ်သူတစ်ယောက် ဖြစ်ခွင့်ရဖို့လောက်နဲ့
မင်း ခယစွာကောက်ဖို့
ဖိနပ်တဖက်ကို
နောက်ချန်ခဲ့ ရက်ပါ့မလားကွယ်...
မလုပ်လိုက်ပါနဲ့…

ပေးဆပ်ခြင်းတွေအတွက်
အမြဲ ဂုဏ်ယူနေတတ်တဲ့ မင်း…

မင်းတချက်ပေးဆပ်လိုက်တိုင်း
ကိုယ့်နှလုံးသားလည်း
အပြိုင်းအရိုင်း နာကျင်ရတာ
သိမှသိပါလေစ…
ကိုယ်ဟာလည်း…..
ရယူလိုစိတ် သက်သက်နဲ့
လူဖြစ်ခဲ့တာမှ မဟုတ်တာကွယ်…

မယူရက်တော့တဲ့ အဆုံး
အပေးနဲ့အယူ မျှအောင်
ဇယားလေး အတူချဖို့ ကြိုးစားကြည့်တော့
မင်းက နာကျင်ပြုံးနဲ့
“ရှုံးနိမ့်ခဲ့တာတွေ များလှပေါ့” လို့
ညည်းစပြုတယ်…

နှလုံးသားတွေ
မလှမပ အံချော်နေခဲ့ပြီပဲ…

အဲဒီနောက်…
လက်ထဲက မျှော်လင့်ခြင်းခဲတံလေးလည်း
အောက်ပြုတ်ကျ
ပြန်ကောက်ဖို့လည်း အားမရှိတော့တဲ့ကာလမှာ…

ချစ်သူရယ်…
မင်းရဲ့ပေးဆပ်ခြင်းတွေကို…
ကိုယ်… ကြောက်တတ်သွားတယ်…

ရွှေပြည်သူ
(နေ့လည် ၃း၃၅ နာရီ ~ ၀၇.၀၄.၀၉)

တခါတခါ ပေးဆပ်တတ်ရုံတင်မကဘဲ ကိုယ့်ပေးဆပ်မှုကို ငြင်းပယ်ခံရတဲ့ အခါတွေမှာ ခံနိုင်ရည်ရှိဖို့ကလည်း အရေးကြီးသေးတယ် ထင်ပါရဲ့... ကိုယ့်ကဗျာကိုယ် ဒုတိယ အကြိမ်ပြန်ဖတ်အပြီးမှာ ဟိုချော်ဒီချော် တွေးမိတာပါး) ကဗျာက ကိုယ်ပိုင် ခံစားချက်လည်း မဟုတ်တာ သေချာပါတယ်... ကျွန်မကို အဲလောက်အထိ ပေးဆပ်မယ့်သူ မရှိပါကြောင်းး))

(ဆက်ဖတ်ချင်ရင်...း)

Friday, April 17, 2009

နှိုးစက်

နှိုးစက်တစ်လုံးရှိခဲ့ဖူးတယ်
ငွေမင်ရောင် နာရီလေးက
အခါမီ အချိန်မှန်တေးနဲ့
ကိုယ့်ကို... ခပ်ဖြည်းဖြည်းလေး နှိုးနေကျ
ဘ၀ဟာ... ရိုးရှင်းမှုနဲ့ လှခဲ့တယ်...

တည်ငြိမ်တဲ့ ကိုယ့်မနက်တွေကို
လေပြင်းနုနုက ခပ်ဆတ်ဆတ် ရိုက်ခတ်တဲ့နေ့
ကိုယ်... နှိုးစက် အသစ်ကို
တွေ့...ခဲ့တယ်...

မြင်ဖူးသမျှ အလှဆုံးပါပဲ...

အဲဒီ ပန်းသီးနှိုးစက်လေးတစ်လုံး
ကိုယ်ပြောင်းသုံးချိန်ကစလို့
မနက်တွေလဲ ပိုလှသလိုဖြစ်ခဲ့
နှိုးစက်သံလည်း
ဖုန်းထဲက
ချိုရီညွတ်နူးဖွယ် စကားလုံးတွေအဖြစ်
ပြောင်းလဲခဲ့...

ယစ်မူးမိသမျှ အနက်ရှိုင်းဆုံးပါပဲ...

မနက်တစ်ခုမှာပါပဲ...
ထာဝရတည်တံ့မယ်လို့
အသက်နဲ့ပုံလို့ ယုံမှတ်ခဲ့တဲ့
ကိုယ့်နှိုးစက်အသစ်လေး...
ရုတ်တရက်
ပျက်...သွား...ခဲ့...တယ်...

အမောတကော ပြင်ဆင်မိတော့
နှိုးစက်ကပြောတယ်...
“မောပြီကွယ်... မပြင်ဆင်ဘဲ ထားလိုက်ပါတော့ ကလေးရယ်”တဲ့...

ခုတော့လည်း...
ဘာနှိုးစက်မှမရှိတော့တဲ့
မှောင်ပြာရီမနက်တွေထဲ
နှိုးစက်သံကို ကြားယောင်စိတ် သက်သက်နဲ့
ကိုယ်...
နိုးထ... စောင့်စားနေတတ်ခဲ့ပြီ...

ရွှေပြည်သူ
(ည ၈း၃၁ နာရီ ~ ၁၃.၀၄.၀၉)

မှတ်ချက်။ ။ ကိုလင်းဒီပရဲ့ “ကျွန်တော့်နှိုးစက်ကလေးများ” ပို့စ်ကို ဖတ်မိရာကနေ ရေးဖြစ်တဲ့ကဗျာလေးပါ။

(ဆက်ဖတ်ချင်ရင်...း)

Wednesday, April 15, 2009

ပိတောက်ပွင့်ချိန်

ဒီညက နွေည မပီသလိုက်တာ။ အေးလွန်းလို့။ ဒါမှမဟုတ် သူမစိတ်ကပဲ စိုးရိမ်မှုတချို့နဲ့ တုန်ခိုက်နေခဲ့လေသလား...

အနွေးထည်လေးကို ခပ်တင်းတင်းစွဲစေ့လိုက်ရင်း မျက်လုံးကတော့ နာရီပေါင်းများစွာ စိုက်ကြည့်နေမိတဲ့ နေရာကို မျက်လုံးမလွှဲ ကြည့်နေမိဆဲ...။ ပိတောက်ပင် တစ်ပင်။ သူမ လူမှန်းသိတတ်စကတည်းက ဘေးက အိမ်မရှိတဲ့ ခြံကွက်လပ်ထဲက ပိတောက်ပင်။ ဒါပေမယ့် ဘယ်တုန်းကမှ မပွင့်ခဲ့ရှာဘူးတဲ့။ ခုတော့ လရောင် တ၀က်တပျက်အောက်မှာ ပိတောက်ပင်က မှုံဝါးဝါးလေး ဖြစ်နေသည်။ ခပ်စောင်းစောင်းကလာတဲ့ လမ်းမီးတိုင်ဆီက အလင်းတချို့ကြောင့် အပင်ဖျားမှာ လေနဲ့အတူ ခပ်ဖွဖွ လှုပ်ရမ်းနေတဲ့ အရွက်တချို့ကို မြင်နေရသည်။ အို... ဟိုကြားက အစက်အပျောက်လေးတွေက ပိတောက်ပွင့်တွေများလား...။ မဖြစ်နိုင်မှန်း သိရက်နဲ့ သူမ မျက်လုံးတွေ ပူလာတဲ့အထိ စူးစိုက်ကြည့် နေမိပြန်သည်။ အရာရာကို အမှောင်နဲ့ အသာလေးဖုံးပေးထားတဲ့ ညကတော့ နက်လို့ ကောင်းဆဲ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~


တော်တော်လေး အရွယ်ရောက်ချိန်အထိ သူမ “ကိုကို့”ကို သူမတို့ မိသားစုဝင် တစ်ယောက်လို့ ထင်နေခဲ့သည်။ “သမီးလေးက တစ်ယောက်ထဲဆိုတော့ သားကို သူ့အစ်ကိုအရင်းလိုပဲ ကပ်နေတော့တာ” ဆိုတဲ့ မေမေ့စကားကို နားလည်စပြုပြီး ကိုကိုဟာ ခြံနီးခြင်းတစ်ယောက်ပဲ ဆိုတာကို သိလိုက်ရချိန်မှာလည်း သူမရဲ့ ခင်တွယ်စိတ်တွေက ပြောင်းလဲ မသွားခဲ့။ သူ့မိသားစုထဲမှာ အငယ်ဆုံးဖြစ်လို့ အငယ်လိုချင်တဲ့စိတ်ကြောင့်လား မသိ။ ကိုကိုက ကလေးသိပ်ချစ်တတ်သည်။ သူအချစ်ဆုံးကလေးကတော့ သူမပေါ့။ သူမထက် အသက် (၇)နှစ်ကျော်ကျော်ကြီးသော ကိုကိုသည် သူမကို တကယ့်ညီမအရင်းလေး တစ်ယောက်လို အနွံတာခံခဲ့ ထိန်းကျောင်းခဲ့သည်။ ဥာဏ်သိပ်ကောင်းပြီး အမြဲတမ်းပထမ ဒုတိယက မဆင်းခဲ့တဲ့ ကိုကိုက ခပ်ထိုင်းထိုင်း သူမရဲ့ Guide လည်း ဖြစ်ခဲ့သည်။ အမြဲတမ်း တွယ်တာအားကိုးနေတဲ့ ကိုကို... သူမ အနားမှာ အမြဲရှိနေမယ်လို့ ချွင်းချက်မရှိ ယုံကြည်နေခဲ့မိတာ... ကိုကို ရည်းစားရသွားတဲ့ နေ့အထိပေါ့။

အဲဒီနေ့က မှတ်မှတ်ရရ သင်္ကြန်အတက်နေ့ကြီး။ မနက်အစောကြီး ဟိုဘက်လမ်းပိတောက်ပင်က သွားခူးလာတဲ့ ပန်းတပွေ့တပိုက်နဲ့ ကိုကို သူ့အိမ်ထဲ ၀င်သွားတာ တွေ့ကတည်းက သူမ ပန်းလိုချင်နေခဲ့သည်။ မနက်ပိုင်း မေမေတို့ စတုဒီသာ ချက်တာကို အနားပျာလေးလုပ်ပြီး နိုင်သလောက် ကူနေရတာနဲ့ နေ့လည်ကျမှ ကိုကိုတို့ အိမ်ဘက် ကူးသွားတော့ တအိမ်လုံး တိတ်ဆိတ်လို့။ အိမ်အပြင်ထွက်ပြီး အိမ်ဘေးက ကိုကို့စက်ဘီးထားတဲ့ နေရာလေးနားရောက်မှ ကိုကို့ကျောကုန်းကို တစွန်းတစ မြင်မြင်ခြင်း...

“ကိုကိုရေ... ပိတောက်ပန်းလေး နည်းနည်းပေးပါ...” စိတ်လွတ်လက်လွတ် အသံဆွဲအော်လိုက်ပြီးမှ... ကိုကို့ဘေးက အစ်မကြီးကို သတိထားမိသွားသည်။ မမကြွေ။ ပြီးတော့ ကိုကိုက မမကြွေလက်ကို ကိုင်ထားသည်။ ကိုကို့ စက်ဘီးခြင်းထဲမှာလည်း ပိတောက်ပန်းတွေ အများကြီးမှ အများကြီး...

“ဘာလာလုပ်တာလည်း...”

မမကြွေလက်ကို လွှတ်လိုက်ပြီး မအော်စဖူး ဒေါသသံစွက်တဲ့ အသံမာမာနဲ့ ကိုကိုအော်ပြောချိန်အထိ သူမကြောင်ကြည့်နေမိဆဲ...။ နောက်မှ နားလည်စပြုပြီဖြစ်တဲ့ သူမ... ကိုကိုနဲ့ မမကြွေ ကြိုက်နေကြပြီဆိုတာ သဘောပေါက်ရင်း နောက်ကို လှည့်ပြေးမိသည်။ နောက်ဆုံး မြင်လိုက်ရတဲ့ ကိုကို့မျက်နှာပေါ်မှာ စိုးရိမ်စိတ်တချို့ ဖြတ်ပြေးသွားတာကို တွေ့လိုက်ရပြီး...

“မိနွေ နေဦး နေဦး...”

သူမ လှည့်မကြည့်ဘဲ အမြန်ဆုံးပြေးလာမိသည်။ အိမ်ရောက်တော့ မီးဖိုထဲက ထွက်လာတဲ့ မေမေ့ကို ပြေးဖက်ရင်း ငိုချလိုက်သည်။ မေမေ စိုးရိမ်တကြီးမေးတော့ ရှိုက်သံတ၀က်နဲ့ ပြောမိတာက...
“ကိုကို ရည်းစားရသွားပြီ... မိနွေကို မချစ်တော့ဘူး... အော်တယ်... ဟီး”
“ဟဲ့... ဟဲ့... ဘယ်သူနဲ့လည်း...”
“မမကြွေ...”

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“မင်းကွာ... ကြိုက်စရာရှားလို့... လှည်းကြိုးထမ်းချင်လို့လား... မနေ့တနေ့ကမှ ဆယ်တန်းအောင်တဲ့ကောင်ကများ... မင်းကိုယ်မင်း လောကအကြောင်း သိလှပြီထင်နေလား...”

ကိုကို့အဖေ လေးလေးမြတ်မင်းရဲ့ အသံက ကိုကိုတို့အိမ်ဘက်ကနေ သူမတို့ ခြံဘက်အထိ ဟိန်းထွက်နေပေမယ့် ကိုကို့အသံကို မကြားရ...

“ဘာကွ... ခိုးပြေးမယ် ဟုတ်လား... ကဲ ပြေးဦးကွာ ပြေးဦးကွာ...”

အန်တီမျိုးရဲ့ ငိုသံတားသံတွေကြားတော့ မေမေ ဟိုဘက်ခြံကို ပြေးမယ်အလုပ် ဖေဖေက ခပ်မြန်မြန်လှမ်းဆွဲသည်။

“မမျိုးရှိပါတယ်ကွာ... သူတို့ မိသားစုကိစ္စ ကိုယ်ဝင်ပါလို့ မကောင်းဘူး”
“မဟုတ်ဘူး အခုကိစ္စက ကျွန်မ ပြောလိုက်လို့ ဖြစ်ရတာ... ကိုယ့်ပယောဂလည်း မကင်းဘူး...”
“ဒီလိုတော့ ဘယ်ဟုတ်မလဲ... ကိုယ်တို့လည်း စေတနာနဲ့ ပြောတာပဲကို။ ကောင်လေးက အညွန့်တလူလူတက်နေတာ... ဟိုခပ်ရှုပ်ရှုပ် ကောင်မလေးနဲ့ဆို ရှေ့လျှောက် ဒုက္ခရောက်မှာပေါ့”

မေမေတို့စကားကို တိတ်တိတ်လေး နားထောင်ရင်း သူမပယောဂ စစ်စစ်ကြောင့် အရိုက်ခံနေရတဲ့ ကိုကို့ ကိုသနားစိတ်နဲ့ မျက်ရည်တွေသာ တလိမ့်လိမ့်ကျလာသည်...

~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်ရက်တွေမှာ ကိုကို့အနား မသွားရဲခဲ့။ ဖြတ်ကနဲ လှမ်းမြင်ရင်လည်း ပုန်းမိသည်။ တပတ်ကျော်ကျော်အကြာမှာ ကျူရှင်သွားဖို့ ကိုကိုတို့အိမ်ရှေ့က ခပ်သုတ်သုတ်အဖြတ်...

“ဟေ့ ဖက်တီးလေး...”

ကိုကို့အသံ။ ကိုကိုက ဝဝကစ်ကစ် သူမကို ဖက်တီးလေးလို့ ချစ်စနိုးခေါ်တတ်သည်။ ၀မ်းသာအားရ လှမ်းကြည့်တော့ အိမ်ရှေ့ကနေ ပြုံးကြည့်နေတဲ့ ကိုကို့ကို တွေ့တွေ့ချင်း သူမ ပြေးသွားမိသည်။
“ကိုကို ဟိုနေ့က အရိုက်ခံရတာ နာလား”
အမေးချင်ဆုံး မေးခွန်းကို ချက်ချင်းမေးလိုက်မိသည်။
“နာတာပေါ့... အဲဒါ ညည်းလေးကြောင့်...”
ကိုကိုက သူမပါးဖောင်းဖောင်းနှစ်ဖက်ကို လက်နဲ့ဆွဲလိမ်ရင်း ပြောသည်။ ချောင်ကျသွားတဲ့ ကိုကို့မျက်နှာကိုကြည့်ရင်း သူမ ၀မ်းနည်းပြီး မျက်ရည်ကျလာပြန်သည်။
“ဟုတ်တယ်... မိနွေ ပြောမိလို့...”
“ဟော ငိုရပြန်ပြီ။ ရည်းစားနဲ့ ပြတ်တာ ညည်းလား ကျုပ်လား”
“ဟင် ပြတ်သွားပြီလား...”

ကိုကို့မျက်နှာ အဲလောက်နွမ်းသွားတာ တခါမှ မမြင်ဖူးခဲ့...

“ကဲ သွား... အပြန်ကျရင် ကိုကို့အတွက် ကျူရှင်အိမ်လမ်းထိပ်က ဝက်သားတုတ်ထိုး ဝယ်ခဲ့။ အဲဒါဆို ပြောလိုက်တာအတွက် ကျေပြီ။ မငိုနဲ့တော့နော် တိတ်တိတ်...”

သူမ မျက်ရည်သုတ်ရင်း စိတ်လက်ပေါ့ပါးစွာ ပြေးထွက်ခဲ့သည်။ နှစ်အတန်ကြာမှ သိရတာက အဲဒီပြဿနာအတွက် ကိုကိုက မေမေ့ကိုတောင် မကျေမနပ်ဖြစ်ခဲ့သေးသည် ဆိုပဲ။ အဲဒီအကြောင်းကို မေမေပြန်ပြောင်းပြောပြတဲ့ ညနေခင်း တစ်ခုမှာ သူမ အသက် ၁၉ နှစ်ရှိခဲ့ပြီ။ ကိုကိုက အားလုံးထဲမှာ တကယ့်တရားခံဖြစ်တဲ့ သူမကိုသာ ခွင့်လွှတ်ခဲ့သည်ပဲ။ တွေးရင်း ကိုကို့ကို ပိုချစ်သွားသည်။ ပိုချစ်သွားတယ်ဆိုတဲ့ အတွေးအရောက် စိတ်ထဲမှာ ရှက်သလိုကြီးဖြစ်ပြီး အိမ်ပေါ်ပြေးတတ်မိလို့ ခလုတ်တိုက်ပြီး ခြေထောက်နာသွားခဲ့တာ တိုက်တိုက်ဆိုင်ဆိုင် သင်္ကြန်တွင်းကြီးပါပဲ။ နောက် အဲဒီခြေထောက်နာတာကို အကြောင်းပြပြီး သင်္ကြန်တတွင်းလုံး ကိုကို့ကို ဘာကြောင့်မှန်းမသိ ရှောင်နေမိခဲ့တာလဲ မှတ်မှတ်ရရ...

အဲဒီသင်္ကြန်မှာပဲ စီးပွားရေးလုပ်ငန်းရှင် ပေါက်စ ဖြစ်နေပြီဖြစ်တဲ့ ကိုကိုက ကောင်မလေး နှစ်ယောက်ကို တရက်စီတွဲရင်း ပျော်နေခဲ့ပြီး သင်္ကြန်ပြီးတော့ ၂ယောက်စလုံးနဲ့ ပြတ်သွားတာလည်း မှတ်မှတ်ရရ...

မမကြွေနဲ့ ပြတ်ပြီး တက္ကသိုလ် ကျောင်းသားကြီး ဖြစ်သွားကတည်းက ကိုကို အရမ်းရည်းစားများခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ကိုကို စိတ်ကောင်းမရှိဘူး...”
“အလိုဗျာ... နေရင်းထိုင်ရင်း... ဘာဖြစ်လို့လဲ”
“ကောင်မလေးတွေကို အသည်းခွဲတယ်။ မိနွေသူငယ်ချင်းကပြောတယ် ကိုကိုက ရက်စက်တယ်တဲ့...”
“ဘယ်သူက ပြောတာလဲ...”
“မိုးဇွန်... သူ့အစ်မ သူငယ်ချင်းက ကိုကို့ကြောင့် အသည်းကွဲပြီး ထမင်းတောင် မစားနိုင်ဘူးတဲ့”
“သြော်... မေသက် ထင်တယ်...”
“မမေသဲပါ ကိုကိုရာ... နာမည်တောင် မမှတ်မိတော့ဘူး။ လွန်လွန်းတယ်။”
“ကြာပြီ ဖက်တီးရ။ ပြတ်သွားတာ တစ်နှစ်လောက်ရှိပြီထင်တယ်။ တွဲဖြစ်တာက လပိုင်းလေးရယ်...”
“ဘယ်ကလာ... ပြတ်သွားတာ ၅လပဲ ရှိသေးတယ် မဟုတ်လား”
“ဟုတ်လား... အဟဲ ကြာပြီလားလို့... သူ့နောက်မှာတောင်......”
“သိပါတယ်... မွှေး...ပြီးတော့ မေလေး... နောက် မိုးငယ်...”
“ဟားဟား ဖက်တီးလေးက အကုန်မှတ်မိတယ်... နောက် မေ့သွားရင် ညည်းကိုပဲ မေးတော့မယ်”
သူမ နှာခေါင်းကို ရှုံ့ရင်း...
“မေ့မှာပဲ... သိတယ်...”
“ကိုယ့်ကို လူဆိုးကြီး ထင်နေလို့လား ဖက်တီးရာ... ကိုယ်က သူတို့ကို လက်ဖျားနဲ့တောင် မထိ... အင်း... ဟိုကွာ... ဘာမှ လွန်လွန်ကျူးကျူး အခွင့်အရေးမှ မယူခဲ့တာ။ နောက်တော့ သူတို့လည်း မေ့မေ့ပျောက်ပျောက်ပါ... မေသက်... အဲ... မေသဲ ထမင်းမစားနိုင်တာ သူ့ဘာသာ ဝိတ်ချနေတာ နေမှာပေါ့ ဟားဟား...”
သူမလက်ထဲက အာလူးကြော်တွေ ယူစားရင်း ခပ်ပေါ့ပေါ့ ရယ်ရယ်မောမောပြောနေတဲ့ ကိုကို့ကို သူမ စိတ်ပျက်စွာ မော့ကြည့်မိသည်။ ဒါပေမယ့် အဲဒီအချိန် ခေါင်းထဲ ဝင်လာတာက အဆိုးတွေ မဟုတ်ဘဲ သူမမျက်လုံးထဲမှာ ကိုကို ပိုချောလာတယ် ဆိုတာပဲ ဖြစ်သည်။ အထိတ်ထိတ် အလန့်လန့်နဲ့ ခေါင်းငုံ့ရင်း အာလူးကြော်ထုပ်ကို ဆွဲဆုတ်မိတော့ အာလူးချောင်း တချို့တောင် ကြေသွားသည်။

“ကိုကို... သူတို့ကို တကယ်မချစ်ဘူးလား...”
ကိုကို က ဟက်ကနဲ သဘောကျသလိုရယ်သည်။
“မမကြွေတုန်းက တကယ်ချစ်ခဲ့သလိုပဲ... ဒါပေမယ့်... ဖက်တီး... ညည်း နောက်ဆက်တွဲ ကိစ္စတွေ မသိဘူး မဟုတ်လား...”
သူမ သိချင်စိတ်နဲ့ ခေါင်းရမ်းပြမိသည်။
“ကိုယ် မမကြွေကို ခိုးပြေးဖို့ ကြိုးစားခဲ့တယ်... အဲဒီအသက်အရွယ်နဲ့ ခုပြန်တွေးကြည့်ရင်တော့ ဟာသပေါ့။ ဒါပေမယ့် အဲဒီအချိန်မှာ ကိုယ်အရူးအမူးပဲ။ ကိုယ်အသည်းအသန် ဖြစ်လာတော့ မမကြွေ ကိုယ့်ကို ၀န်ခံတယ်။ သူ့မှာ အိမ်ထောင်ရှိတယ်တဲ့...”
“ဟင်...”
“အင်း... ဆိုးလွန်းလို့ ရှောင်ရင်း အဆက်အသွယ် ပြတ်နေတာတဲ့။ အဲဒီချိန်ထိ မပြတ်စဲရသေးဘူးတဲ့။ သူ့ကို မေ့လိုက်ပါတဲ့... ကိုယ့်အတွက်ပြောတာပါတဲ့... ဟာဟ။ စဉ်းစားကြည့် ဖက်တီးရယ်... ဘယ်လို ထင်ရက်ပါ့မလဲ။ အဲဒီအချိန် ကိုယ့်ထက် ၂နှစ်ပဲကြီးတဲ့ သူလည်း အဲဒီတုန်းက ငယ်ပါသေးတယ်... သနပ်ခါး ပါးကွက်ကျားလေးနဲ့ ဆံပင်ရှည်လေးနဲ့ ယဉ်ယဉ်လေး လှတဲ့သူ...”

အဆွေးငွေ့တွေနဲ့ ကိုကို့မျက်လုံးထဲမှာ မမကြွယ်ကို မြင်ယောင်လာပုံရသည်။

“နောက်တော့ကော...”
“နောက်တော့... သူတို့ အိမ်ပြောင်းသွားတယ်။ ၁နှစ်လောက် အကြာ မော်လမြိုင်ဘက်မှာ နောက်တစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ် ပြောတာပဲ။ အဲဒီသတင်း မကြားခင်အချိန်ထိ ဒီ ငမိုက်သားက မျှော်လင့်မိခဲ့သေးတယ် ဖက်တီးရေ... ပြန်တွေးကြည့်ရင် သိပ်ရှက်တယ်”
“ကိုကိုရယ်... မိနွေစိတ်မကောင်းပါဘူး...”
“ဆိုတော့... အဲဒီတုန်းက စကားများတဲ့ လော်စပီကာဖက်တီးက ကိုယ့်ဘ၀ရဲ့ ကယ်တင်ရှင် ဖြစ်သွားတာပေါ့...ဟားဟား”
ကိုကို့ရယ်သံကြားတော့ သူမ ပျော်သွားပြန်သည်။ အဲဒီတလော ကိုကိုက သူမစိတ်ထဲကို ထူးဆန်းတဲ့ နည်းတမျိုးနဲ့ ဝင်နေတယ်လို့ ခံစားရသည်...
“ခုတွဲတဲ့ ကောင်မလေးတွေကိုရော...”
“ကိုယ်ဖြေရင် ညည်းက စိတ်ကောင်းမရှိဘူး ပြောဦးမယ်...”
“မချစ်ဘူးပေါ့...?”
“ဟိုပန်းမပွင့်တဲ့... ပိတောက်ပင်ကြီးကို တွေ့လား”
ကိုကိုက သူမတို့ခြံ၂ခြံကြား မြေကွက်လပ်ပေါ်က ပိတောက်ပင်ကြီးကို လက်ညှိုးထိုးပြသည်...
“ဟုတ်...”
“အဲဒီ ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းပွင့်တဲ့ အချိန်ကျရင်တော့ ကိုယ်တကယ်ချစ်တတ်လာလိမ့်မယ်။ အဲလိုသာ မှတ်ထား...”

ကိုကို့ကို ပြုံးရင်း မျက်စောင်းထိုး ကြည့်လိုက်မိသည်။ သူမတို့နှစ်ယောက် ပြောစရာ စကားမရှိသလို တိတ်ဆိတ်သွားပြီးမှ...

“ကိုကို... သတိတော့ထား... ဝဋ်လည်မယ်နော်”
“အမယ် ဖက်တီးက လူကြီးစကားပြောလို့...”
“မိနွေလည်း လူကြီးဖြစ်ပြီပဲ။ အသက် ၂၂ နှစ်ပြည့်တော့မှာ...” သူမ မကျေမနပ် ပြောမိတော့...
“ကိုယ့်မျက်လုံးထဲမှာတော့ ညည်းက ကလေးပဲ...”

သူမကို ကလေးလို့ ပြောခဲ့တဲ့ ကိုကိုတစ်ယောက်... ၂လလောက်အကြာမှာပဲ သူမနဲ့ အသက်ရွယ်တူ သူငယ်ချင်း မိုးဇွန်ကို ရည်းစားတော်လိုက်သည်။ ကိုကို့ကို ရက်စက်တယ်လို့ ရှုံ့ချခဲ့တဲ့ မိုးဇွန်ရဲ့

“ဟိုး...ကောင်းကင်ပြပြက
ကိုယ့်တစ်ယောက်အတွက် မက
အလှတွေအားလုံး ကြွေဆင်းပျော်ဝင်ဖို့...
အချစ်တွေ ဖြန့်ခင်းရင်း...
အလင်းပေးနေတဲ့
ချစ်သူ... လမင်း”

ဆိုတဲ့ကဗျာလေးကို ဖတ်မိချိန်အထိ သူမ မရိပ်မိခဲ့။ ကိုကို့မကောင်းကြောင်း အရင်ကပြောခဲ့မိလို့ ရှက်နေခဲ့တဲ့ မိုးဇွန်လည်း ကိုကိုနဲ့ ပြတ်တော့မှပဲ သူမကို အသိပေးခဲ့တော့သည်။ ကိုကို့ကို မကောင်းဘူး မကောင်းဘူးဆိုပြီး စကားထဲ ခဏခဏ ထည့်ပြောနေကတည်းက သူမ သိခဲ့ဖို့ကောင်းသည်။ မချစ်ဖူးခဲ့တဲ့ မိုးဇွန်အရူးအမူး ခံစားနေရတာကို ကြည့်ရင်း သူမ ကိုကို့ကို တကယ်စကြောက်လာခဲ့သည်။ ကိုကို့ကြောင့် ဒီလို ငိုခဲ့ရ... နာကျင်ခဲ့ရတဲ့ မိန်းကလေးတွေ ဘယ်လောက်များခဲ့ပြီလဲ။ သူမရဲ့ အချစ်ဆုံး သူငယ်ချင်း မဟုတ်ပေမယ့် သိပ်ရင်နှီးတဲ့ မိုးဇွန်အတွက် စိတ်မကောင်းဖြစ်ရင်း ကိုယ့်ရင်ထဲက တနေ့တခြား ကြီးထွားလာတဲ့ အချစ်တစ်ခုကိုလည်း နာနာကြည်းကြည်း ငြိမ်းသတ်ချိုးနှိမ်ရင်း ခါးသီးစရာ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရသည်...။ ကိုကို့ကိုလည်း မကျေနပ်စိတ်တ၀က် နာကျင်စိတ်တ၀က်နဲ့ ရှောင်နေခဲ့မိသည်။ ကိုကိုလည်း ဒီတခါ သူမသူငယ်ချင်းဖြစ်တာကြောင့် အားနာနေပုံရသည်။ သူကလည်းရှောင် ကိုယ်ကလည်းရှောင်နဲ့... လတချို့ဖြတ်သန်းရင်း သင်္ကြန်တောင် ရောက်ခဲ့ပြန်ပြီ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်္ကြန်အကြိုနေ့...

“ဖက်တီးလေး...”

ကိုကို့အသံမှန်းသိတော့ သူမ မရယ်မပြုံးလှည့်ကြည့်မိသည်။

“အန်တီရှိလား...”
“မေမေ ဘုရားရှိခိုးနေတယ်...”
“သင်္ကြန်ဘယ်မှ မသွားဘူးလား...”

သူမ ခေါင်းခါပြမိသည်။ ဘယ်တုန်းကမှ မလည်တတ်ခဲ့တဲ့သူကို အထူးအဆန်းလုပ်ပြီး မေးနေသေးလားလို့ ညိုငြင်စိတ်ကတ၀က်... မတွေ့ရတာကြာတဲ့ ကိုကို့ကို ငေးမောချင်စိတ်က တ၀က်နဲ့ အနားက ပိန်းပင်တွေကိုသာ သဲကြီးမဲကြီး စိုက်ကြည့်နေမိသည်။

“သွားချင်ရင် လိုက်ပို့မယ်လေ...”

ခေါင်းထပ်ခါပြမိပြန်သည်။ ကိုကို စကားတွေ ရှာကြံပြောနေသလိုပဲ။ သူ အပြင်မထွက်ဘူးလား။ သူ့မှာ ဒီနှစ်တွဲလည်စရာ ကောင်မလေး မရှိဘူးလား... အို မသိချင်တော့ပါဘူး။

“စကားပြောဦးလေ... ကိုယ့်ကို စိတ်ဆိုးနေတာလား... မိုးဇွန်နဲ့က...”
“ရပါတယ် ကိုကိုရယ်။ ပြောပြမနေပါနဲ့တော့...။ ကိုကို ထင်သလို ကောင်မလေးတွေက ကိုကိုနဲ့ကွဲရင် မေ့မေ့ပျောက်ပျောက် တော့ဖြစ်သွားကြပါတယ်။ ဒါပေမယ့် အဲလိုမဖြစ်ခင် သိပ်ကို ခက်ခဲပင်ပန်းတဲ့အချိန်ကို သူတို့ ဖြတ်ကျော်ကြရတယ် ကိုကို။ မိုးဇွန်ကိုကြည့်ပြီး ကိုကိုတော်တော်ရက်စက်တတ်မှန်း မိနွေ သေချာသိသွားတယ်”

ကိုကို တိတ်ဆိတ်နေသည်။ နောက်မှ...

“ကိုယ် ဒီတခါ တကယ်နောင်တရမိတယ်...”

သူမ မော့ကြည့်မိတော့...

“မိုးဇွန်က ဖက်တီးရဲ့ သူငယ်ချင်း ဖြစ်နေလို့ပါ... ကိုယ့်ကို မုန်းနေပြီ မဟုတ်လား...”
“မမုန်းဘူး ကိုကို... ကိုကိုက နွေ့ဘ၀မှာ တချိန်လုံး ရှိနေခဲ့တာ။ ကိုကို့ကျေးဇူးတွေလည်း နွေ့အပေါ်မှာ အများကြီး။ အခုဟာက... အခုဟာက... နွေလည်း မပြောတတ်ဘူး...”
“မမုန်းရင်လည်း အရင်လို စကားလေးဘာလေး ပြောပါဦး...။ ညည်းက တိတ်နေတော့ မနေတတ်ဘူးကွ။”

ကိုကိုက ခါတိုင်းလို သူမပါးတွေကို လိမ်ဆွဲရင်းပြောတော့ မော့ကြည့်တဲ့ သူမမျက်လုံးက မျက်ရည်တွေ လိမ့်ဆင်းသွားသည်။ ငယ်ငယ်တုန်းကလို ကိုကိုအဲဒီအပြုအမူလုပ်တိုင်း ခံစားရတဲ့ ဖြူဖြူစင်စင် ပျော်ရွှင်မှုတွေ မရှိတော့။ ကိုကို့ကို ကြည့်တဲ့ သူမမျက်လုံးတွေလည်း အရင်လို မပြစ်မကင်းတော့ဘူး ထင်ပါရဲ့။ အရာရာဟာ ပြောင်းလဲခဲ့ပြီ... နောက် ကိုကို့မျက်လုံးတွေလည်း... ။ ကိုကိုက လက်ကို ပြန်မချဘဲ သူမကို ငေးသလို ကြည့်နေသည်။

“နွေ... ပါးလေးတွေ အရင်လို မဖောင်းတော့ဘူးနော်” သူမမျက်နှာလေး သွယ်လျလျဖြစ်သွားခဲ့တာ နှစ်တချို့ ကြာခဲ့ပြီ။ ကိုကို ခုမှပဲ သတိထားမိလေသလား...

သူမ ဘာမှပြန်မပြောမိ။ ကိုကို့မျက်လုံးထဲမှာ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ အရောင်တခု ဖျတ်ကနဲမြင်လိုက်ရတဲ့ အချိန်မှာပဲ... ကိုကို ရုတ်တရက်
ဘာမှ မပြောဘဲ ချာကနဲ လှည့်ထွက်သွားတော့သည်။

အဲဒီအချိန် ကြားလိုက်ရတဲ့ လမ်းထိပ်က ကလေးတချို့ရဲ့ ရေပက်ရင်း အော်ဟစ်ရယ်မောလိုက်သံနဲ့ ရင်ဘတ်ထဲက နှလုံးခုံသံတွေက သူမနားထဲမှာ ရောထွေးဆူညံရင်း ကျန်ခဲ့တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်္ကြန်အကျနေ့...

ကိုကို အကြောင်းမရှိဘဲ ဖုန်းဆက်သည်... “နွေလား” လို့မေးပြီး ဘာမှ မပြောဘဲ “ဒါပဲနော်” ဆိုပြီး ဖုန်းချသွားပြန်သည်။

“ညည်းကိုကိုတော့ ဒီနှစ်ခြေငြိမ်နေပါလား သမီးရေ...” ဆိုတဲ့ မေမေ့စကားသံကို သူမ အပြုံးယဲ့ယဲ့နဲ့ တုန့်ပြန်လိုက်မိသည်။ ခုတလော ကိုကို့ အကြောင်းတွေးမိတိုင်း ရင်ထဲမှာ ကတုန်ကယင်နဲ့... ရင်ခုန်တယ်ဆိုတာ ဒါများလား...

~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်္ကြန်အကြတ်နေ့...

ဘာရယ်ကြောင့်မသိ မနက်ကတည်းက ဖုန်းခုံလေးနားမှာ ထိုင်နေမိသည်။ ဖုန်းမြည်လာတိုင်း ကောက်ကိုင်ရတာလည်း အမော။ နေ့လည် ၁နာရီလောက်မှာတော့...
“ဖက်တီးလေးလား...”
ကိုကို့အသံကြားတော့ သူမလက်တွေ တုန်လာသည်။
“ဟုတ်...”
ဟိုဘက်အိမ် ဒီဘက်အိမ် ကူးရင် ၁မိနစ်တောင် မကြာပါဘဲနဲ့ ဖုန်းတွေ ဆက်နေကြတာ အဓိပ္ပါယ် မရှိလိုက်တာလို့ တွေးရင်း အတတ်နိုင်ဆုံး အရင်လို ပေါ့ပေါ့ပါးပါး ဖြစ်ချင်စိတ်နဲ့...
“ကိုကို ဒီနှစ်ဘယ်မှ မသွားဘူးလား...” လို့ မေးမိတော့... ကိုကို ခပ်တိုးတိုးပြောသည်...
“နွေ့ကို ချစ်တယ်...”
သူမဆွံ့အသွားစဉ်မှာပဲ ကိုကို ဖုန်းချသွားသည်...

ဖုန်းခွက်ကိုကိုင်ရင်း ငိုင်နေမိတာ ဘယ်လောက်ကြာသွားသည်မသိ။ သတိထားမိတော့ လူက မူးရိပ်ရိပ်နဲ့။ အိပ်ယာထဲသွားလှဲရင်း သက်ပြင်းချမိတော့ မျက်ရည်တွေကပါ တစိမ့်စိမ့်ကျလာတော့သည်။ အတွေးတွေနဲ့ မူးဝေရင်း မှေးခနဲအိပ်ပျော်သွားချိန်...

“နွေရေ ညည်းကိုကိုဆီက ဖုန်း...”

သူမ တုန်လှုပ်စွာ ဖုန်းခုံဆီကို လျှောက်လာသည်။

“နွေ... ကိုယ့်ကို စိတ်မဆိုး...”
“ကိုကို ပိတောက်ပင်ဆီလာခဲ့ပါနော်...”

ပြောပြီးပြီးချင်း ဖုန်းကိုချပြီး ပိတောက်ပင်ဆီ ပြေးခဲ့သည်။ ကိုကိုလည်း သူ့အိမ်ဘက်ကနေ ခပ်သွက်သွက်လျှောက်လာသည်။ ကိုကို့ကို မြင်တော့ မျက်ရည်က ကျချင်လာပြန်သည်။

“နွေ... ကိုကို့ကို မုန်းသွားပြီ မဟုတ်လား...” ကိုကို အမောတကောမေးသည်။ သူမ ခေါင်းကို ခါပြရင်း...
“ကိုကို မှတ်မိလား... ဒီပိတောက်ပင်ကြီး ပွင့်မှ ကိုကိုချစ်တတ်မယ် ဆိုတာလေ...”
“နွေ.. မဟုတ်ဘူး နွေ...”

အမြဲတမ်း ရဲရင့်ခဲ့တဲ့ကိုကို... အခုတော့ ပြောမယ့်စကားတွေ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည်...

“နောက်ဆုံးတော့ မိနွေကိုလည်း ကိုကို တခြားသူတွေလိုပဲ သဘောထားတယ်နော်... နွေများ ပြန်ချစ်မိရင် တခြားလူတွေလိုပဲ ထားခဲ့ဦးမှာ... နွေသိတယ်... သိတယ်...” သူမ မောလျနာကျင်စွာ ပြောနေမိသည်။ “မိုးဇွန်လေ... သူ အရမ်းခံစားနေခဲ့ရတာ... ကိုကို သူ့ကိုလည်း တကယ်ချစ်တယ် ပြောခဲ့တာပဲ... သူလေ... အဲဒီတုန်းက ကိုကိုကလွဲလို့ ဘာကိုမှ အာရုံမထားနိုင်ခဲ့ဘူး... အချိန်တိုင်းငိုနေတယ်... သူ့လိုဖြစ်မှာ နွေကြောက်တယ်... မိုးဇွန်က ကိုကိုနဲ့ ၂လလေးပဲ ချစ်သူဖြစ်ခဲ့တာ။ နွေက တသက်လုံး ကိုကို့ကို သိခဲ့တာ... ထားခဲ့တဲ့အချိန်ကျရင် နွေ့မှာ အမှတ်ရစရာတွေ အများကြီး... နွေကြောက်လို့ပါ ကိုကိုရယ်...”

မျက်ရည်တွေတွေကျရင်း ပြောနေမိရင်း သူမကို မျက်နှာငယ်လေးနဲ့ ငေးနေတဲ့ ကိုကို့မျက်နှာကိုတွေ့တော့ သူမသနားသွားပြန်သည်... အို တခြားကောင်မလေးတွေကိုလည်း ဒီလို အပြုအမူမျိုး လုပ်ပြခဲ့မှာပဲ။ နောက် မိုးဇွန်ရဲ့ ဆို့နင့်နင့် စကားသံတွေကိုလည်း နားထဲမှာ ကြားယောင်လာပြန်သည်...

“သူငါ့ကို မဖြတ်ခင် ရက်ပိုင်းလေးတုန်းကပြောတာ... သူ့အချစ်ဦးနဲ့ ပြန်တွေ့တယ်တဲ့... အဲဒီအစ်မကြီးက အရင်က အိမ်ထောင်ရှိသလိုလိုနဲ့ အခုမဟုတ်ဘူးတဲ့။ လွတ်လွတ်လပ်လပ်ပဲတဲ့။ သူ့အချစ်ဦးကိုပဲ သူတကယ်ချစ်တာနေမှာ... သူငါ့ကို ခဏစိတ်ပျော်ရွှင်မှုအတွက် အသုံးချခဲ့တာ... တခြားရည်းစားတွေလိုပဲ ထားခဲ့မှာကို ငါ့သိခဲ့သင့်တယ်...ငါ့ကိုတော့ ဒီလိုမလုပ်လောက်ဘူးလို့... ငါ့ကိုယ်ငါ အထင်ကြီးခဲ့မိတယ်... ငါမိုက်တာ... ငါမိုက်တာပါ နွေရယ်”

ကိုကို့ကို သူမ ချစ်သည်။ ဒါပေမယ့် အဲဒီအချစ်မှာ ယုံကြည်မှုတို့တော့ ပါဝင်မနေခဲ့တော့ပါ...

“မယုံဘူး...ကိုကို့ကို မယုံဘူး... မမကြွေနဲ့ ပြန်တွေ့တယ်ဆို...”

ကိုကို သူမကို ရီဝေစွာ ကြည့်ရင်း... “ကိုယ်သိပါပြီကွာ... နွေပြောခဲ့သလို ကိုယ်ဝဋ်တွေ လည်တော့မှာပါ။ ဒါပေမယ့် ကိုယ် အခွင့်အရေးလေးတစ်ခုတော့ တောင်းဆိုပါရစေ... ဒီပိတောက်ပင် မနက်ဖြန် အတက်နေ့အထိ မပွင့်ရင်တော့ ကိုယ့်စကားတွေ ပြန်ရုပ်သိမ်းပေးပါ့မယ်... ပွင့်ခဲ့ရင် ကိုယ်တကယ်ချစ်တာကို နွေယုံပေးမလားဟင်...”
“ကိုကိုရယ်... တသက်လုံးမပွင့်ခဲ့တဲ့ ပိတောက်ကို တစ်ညလောက် စောင့်ကြည့်ဖို့တောင် လိုသေးလို့လား...”
“ဒီတစ်ညထဲပါနွေရယ်... ကိုယ် ဒီတညလောက်တော့ မျှော်လင့်ချက်လေးနဲ့ နေချင်သေးလို့ပါ...။ ပြီးရင် နွေ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း အကုန်လက်ခံပါ့မယ်...”
“ပိတောက် မပွင့်ခဲ့ရင် နွေ့ကို အရင်က ကိုကိုသိခဲ့တဲ့ ဖက်တီးလေးလို ပြန်ဆက်ဆံမယ်လို့ ကိုကိုကတိပေးမလား...”
ကိုကိုက ခေါင်းကိုညိတ်ရင်း...
“ကိုယ်... ကြိုးစားပေးပါ့မယ်...”

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီတည မျှော်လင့်ချက်နဲ့ နေချင်တယ်ဆိုတဲ့ ကိုကိုတစ်ယောက်တော့ ပိတောက်ပင်ကို မေ့လို့ အိပ်မောများတောင် ကျနေခဲ့ပြီလား။ သူမကတော့ အမှောင်ထဲက ပိတောက်ပင်ကို မမှိတ်မသုန် စိုက်ကြည့်နေမိဆဲ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်္ကြန်အတက်နေ့...

စိမ့်ကနဲတိုက်လိုက်တဲ့ လေအေးကြောင့် ဖျတ်ကနဲ နိုးလာလာချင်း ပြတင်းပေါက်နားမှာ ထိုင်ရက်ကလေး မှေးကနဲ အိပ်ပျော်သွားတာကို သတိရမိသည်။ နောက် ပိတောက်ပင်... သတိရရချင်း မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့...

“ဟင်... ပိတောက်... ပိတောက်တွေ ပွင့်နေပြီ...”

တုန်တုန်ရင်ရင် ရေရွတ်ရင်း... သေချာအောင် အထပ်ထပ်ကြည့်မိတော့... အို တပင်လုံးမှာ ပွင့်နေလိုက်တဲ့ ပိတောက်တွေ...

“အံ့သြဖို့ကောင်းလိုက်တာ မမျိုးရေ။ ဒီအပင်မှာ ပိတောက်ပွင့် မြင်ဖူးပြီတော့...”

အိမ်အောက်ထပ်က မေမေ့အသံကလည်း သူမအသိကို ထပ်ပြီး အတည်ပြုပေးလိုက်သည်။ သူမ ဝရုန်းသုံးကားနဲ့ ပိတောက်ပင်ဆီကို ပြေးသွားလိုက်မိသည်...

ထိန်ထိန်ဝါနေတဲ့ ပိတောက်တွေကို ငေးကြည့်ရင်း သူမနှလုံးခုန်သံတွေ မြန်လို့လာသည်... အာရုံထဲမှာ ကိုကိုရယ်... သူမရယ်... ပိတောက်ရယ်... နောက်... မမကြွေရယ်...။ သူမ ပိတောက်ပင်ကြီးဆီမော့ရင်း ရင်ထဲမှာ အကျယ်ကြီးအော်လိုက်သည်...

“ဘယ်သူ့အတွက် ပွင့်ပေးခဲ့တာလည်း ပိတောက်ပင်ကြီးရယ်...............”

မျက်လုံးအစုံကို စေ့ပိတ်မိတော့ မျက်ရည်စီးကြောင်း နှစ်ခု ပါးပြင်ပေါ် စီးကျလာသည်။ အနောက်က ညင်သာတဲ့ ခြေသံသဲ့သဲ့လေး ကြားလိုက်ရသည်။ လှည့်မကြည့်ပေမယ့် တသက်လုံး သိခဲ့တဲ့ ကိုယ်သင်းရနံ့လေးကြောင့် ကိုကိုမှန်း ချက်ချင်း သိလိုက်သည်။ ကိုကိုက တိတ်ဆိတ်စွာ ရပ်နေသည်... ။

သူမ ဘာလုပ်ရမှာလည်း... ဘာလုပ်ရမှာတဲ့လည်း... ကမ်းလင့်နေတဲ့ ချစ်သူဆီ အလိုက်သင့် လှမ်းရင်း ဖြစ်လာနိုင်တဲ့ နာကျင်မှုတွေအတွက် ပြင်ဆင်ရမလား... ရင်ထဲမှာ အခိုင်အမာ အမြစ်တွယ်ပြီးသား သံသယတွေကို ပွေ့ပိုက်ရင်းပဲ ဟန်မပျက်လေး လှည့်ထွက်ခဲ့ရမလား... မေးခွန်းတွေကိုက သူမအတွက် ဝေဝါးနေခဲ့ပြီ...

အလှကြီးလှနေတဲ့ ပိတောက်တွေကို သူမနာကျင်တဲ့ မျက်ဝန်းတွေနဲ့မော့ကြည့်ရင်း ရင်ထဲက မေးလိုက်မိတယ်...

“ပိတောက်ရယ်... ဒီအချိန်ကျမှ မင်းကပွင့်တော့...ကိုယ် ဘယ်လိုလုပ်ရမှာလဲ... ဘယ်လိုလုပ်ရမလဲကွယ်...”

ရွှေပြည်သူ
(ည ၁၂း၂၇ နာရီ ~ ၁၅.၀၄.၀၉)

သင်္ကြန်အတွက် ရေးချင်လို့ ကြိုးစားရေးမိတဲ့ ၀တ္ထုတိုလေးပါ။ အကြောင်းအရာ ရိုးစင်းသလို အရေးအသား မပြေပြစ်ခဲ့ရင်လည်း သည်းခံပေးကြပါ။ ပြီးတဲ့အထိ ဖတ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ ဖတ်ရှု ဝေဖန်ပေးကြပါဦးနော်း)

(ဆက်ဖတ်ချင်ရင်...း)

Sunday, April 12, 2009

ဘုရားသခင်ပေးသနားတော်မူသော (အစ်ကိုတစ်ဦး ရေးပါသည်)

စာဖတ်သူဆိုတဲ့ အစ်ကိုတစ်ယောက်က ကျွန်မဘလော့မှာ တင်လိုက်ပါဆိုပြီး သူရေးထားတဲ့ စာတစ်ပုဒ်ကို ပို့လိုက်ပါတယ်။ စာဖတ်ပြီး ဗီဒီယိုကို ကြည့်မိတော့ ရင်ဘတ်ထဲမှာ အောင့်ကျန်ခဲ့တယ်။ ကျွန်မလည်း ဒီတန်ဖိုးရှိတဲ့ပို့စ်လေး ဖတ်ခွင့်ရတဲ့အတွက် အဲဒီ အစ်ကိုကို အရမ်းကျေးဇူးတင်မိပါတယ်...

မနေ့က ဗွီဒီယိုဖိုင်လေးတစ်ခုကြည့်လိုက်ရပါတယ်။ အဲဒီဗွီဒီယိုဖိုင်လေးက ဖေဖော်ဝါရီ ၂၀၀၆ခုနှစ်က ဗာလင် ၅၆ကြိမ်မြောက် နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့ ရုပ်ရှင်တိုလေးတစ်ခုပါ။

အစအဆုံး ဒါရိုက်တာရဲ့ စိတ်ကူးနဲ့ တီထွင်ဖန်တီးမှုများသာ ဖြစ်ခဲ့ပြီး တကယ့်ကို ပြည့်စုံလုံလောက်တဲ့ သရုပ်မှန်ရုပ်ရှင်လေးတစ်ခုပါပဲ။ ကြည့်နေတုန်းမှာပဲ ထိခိုက်နာကျင်ကြေကွဲရသလို ဖွင့်နေတဲ့ သီချင်းလေးအတိုင်းပဲ မျက်စိတွေပိတ်လိုက်ပေမယ့် အဲ့ဒီပုံရိပ်တွေက ထင်ကျန်နေခဲ့တုန်းလေ။ ဟောဒီရင်ဘတ် အပြည့် ထင်ကျန်နေခဲ့တုန်းပါ….

ဘာကြောင့်မညီမျှမှုတွေ များနေရတာတဲ့လဲ။ ကမ္ဘာကြီး တစ်ခြမ်းစောင်းနေတာနဲပဲ တစ်ဖက်စောင်းနင်းတွေ ဖြစ်နေကြတာတဲ့လား။ အစာရေစာ ပေါများတဲ့သူများကျတော့လည်း စားလို့မကုန်နိုင်လို့ အလဟဿ သွန်ပစ်နေကြရတယ်။ မရှိတဲ့သူတွေကြတော့ စားစရာမရှိလို့ အငတ်ဘေးနဲ့ သေကြရတယ်။ ဒါဒီကမ္ဘာကြီးရဲ့ အလှတရားလား။ ဘယ်မှာလဲ လူသားချင်း စာနာနားလည်မှု။

ဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်မဲ့အစား အဲလိုမျိုးအစားအစာ ငတ်မွတ်ခေါင်းပါးသူ ဆိုတာမရှိ အောင်လုပ်ပေးမယ့် အစီအစဉ်တွေများ လုပ်ရင် ပိုကောင်းမလားပဲ။ ရေများရာ မိုးရွာနေမယ့်အစား မိုးခေါင်ရေရှားအရပ်မှာ ရေတွင်းတူးပေးစေချင်မိတာ။ ဘာကြောင့်ရယ်များ ရှားပါးနေရတာပါလိမ့်နော်။

အရင်မြန်မာပြည်မှာလုပ်ခဲ့တဲ့ အလုပ်တုန်းက ကျနော့အလုပ်နဲ့မဆိုင်တဲ့ လူမှုရေး အဖွဲ့ဝင်ဖြစ်ခဲ့တော့ ကျနော်တို့ အသင်းက မိဘမဲ့ကျောင်းနှစ်ကျောင်းရဲ့ မီးဖိုချောင် တည်ဆောက်ရေးကို တာဝန်ယူခဲ့ပါတယ်။ ကန်ထရိုက်တာတွေနဲ့ သွားရောက်လေ့လာရေးကိုလည်း ကိုယ်တိုင်ပဲလုပ်ခဲ့တာပါ။ မှတ်တမ်းတင်ဓါတ်ပုံတွေနဲ့ အထက်လူကြီးတွေကို တင်ပြဖို့ သေချာစွာ လေ့လာခဲ့ရတယ်။ ရုံးနဲ့နီးတဲ့ ပုလဲနားက ကျောင်းနှစ်ခုပါ။ တစ်ခုက ကိုယ်ထူကိုယ်ထ ခရစ်ယာန်ကရင်ကျောင်းအုပ်ကြီး လက်အောက်က။ နောက်တစ်ခုကတော့ ကိုရီးယားက လာရောက် လှူဒါန်းတဲ့ ကျောင်းပေါ့။ ကိုယ်ထူကိုယ်ထ ကျောင်းလေးကတော့ မရှိရှိတာလေးတွေ အလှူရှင်တွေ လာရောက် လှူဒါန်းတာလေးတွေနဲ့ ဟိုနားက ပြင်လိုက် ဒီနားကပျက်လိုက်ပေါ့။ အဆောင်တစ်ဆောင်နဲ့ တစ်ဆောင်အကူး မိုးတွင်းဆို ရွှံ့တစ်တောင်လောက်တဲ့။ ကလေးတွေကြည့်တော့ အပြုံးပန်းတွေဝေလို့။ ကျနော်တို့ ရောက်လာရင် မင်္ဂလာပါခင်ဗျာဆိုပြီး နှုတ်ဆက်တတ်ကြတယ်။ ပြန်ပြီဆိုရင် ကျောင်းအရှေ့မှာ လက်ဝှေ့ရမ်းပြီး နှုတ်ဆက်ဖို့ အဆင်သင့်ဖြစ်နေကြပြီ။ သူတို့တွေက ဘာဖြစ်လို့ ကံခေကြရတာတဲ့လဲ။ မိစုံဖစုံနဲ့ နေနိုင်တဲ့သူတွေ ဖြစ်ခွင့်ကို သူတို့ ဒီဘ၀တွက်တာ လွဲခဲ့ကြရရှာတယ်။ သူတို့အမျှော်လင့်ဆုံး ကတော့ သူတို့ဆီကို လာတဲ့ ဧည့်သည်တွေကိုပါတဲ့။ မရှိတဲ့ကြားက လာသမျှလူကို “စားစရာတွေ ကျွေးချင်လိုက်တာ ကိုကြီးရာ” လို့ပြောတတ်တဲ့ ကရင်လေးကိုလည်း မြင်ယောင်မိပါသေးတယ်။ ကျောင်းမှာ သီးတဲ့ ငှက်ပျောသီးလေးတွေကို အုပ်အုပ်ထားပြီး ဧည့်သည်ကို ဧည့်ခံဖို့ ကြိုးစားရှာတဲ့ကလေးပေါ့။

ပြောချင်တာတွေများပြီး လိုရင်းကနေ လွဲချော်တော့မှာပါပဲ။ ဗီဒီယိုဖိုင်လေးထဲမှာ သူတို့အဖေယူလာတဲ့ စားစရာတွေကို စားတော့မယ်ဆိုတော့ သူတို့အဖေက တားပါတယ်။ ဘုရားသခင်ထံမှာ ၀တ်ပြုပြီးမှ စားဖို့ သွန်သင်ရှာတာပါ။ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောနေတဲ့ ပုံလေးကို မြင်တော့ ရင်တွေတလှပ်လှပ်နဲ့ ကိုယ့်ကိုကိုယ် စိတ်အနာကြီး နာနေမိတယ်။

ပြီးတော့ ဖေဆုံးမတတ်တဲ့ စကားလေးတစ်ခွန်းကိုလည်း သတိရမိပြန်တယ်။ “အသုံးဖြစ်ပါစေ အဖြုန်းမဖြစ်စေနဲ့”တဲ့။ မလိုအပ်တဲ့အရာတွေကို မသုံးသင့်ဘူး။ အရာရာ ပါးရှားနေတဲ့ ခေတ်ကြီးမှာ ကိုယ်မှာရှိတဲ့အထဲက အဖြုန်းတွေကို နည်းနည်းပါးပါးလျှော့ပြီး ကျနော်တို့ထက် အခွင့်မသာလို့ ကံမလှည့်လို့ အစစနိမ့်ကျတဲ့ လူတွေကို ကူညီစောင့်ရှောက်ကြမယ်ဆို ဘယ်လောက်ကောင်းမလဲဗျာ။

ဘုရားသခင် ပေးသနားတော်မူသော စားစရာတွေဟာ အခုရုပ်ရှင်လေးထဲက စားစရာတွေ မဟုတ်ပဲ ကျနော်တို့စားနေတဲ့ အစားအစာတွေလို ထပ်တူဖြစ်ပါစေလို့ ဘုရားသခင်ထံပါးမှာ ဆုတောင်းရင်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကျနော်ကူညီဖို့ကြိုးစားမယ့်အကြောင်း ဘုရားသခင်ကို ကတိပြုမိပါတယ်။ စာဖတ်သူတို့ကပါ တစ်ကျပ်တစ်ပြားမှသည် တတ်အားသရွေ့ ကူညီကြမယ်ဆိုရင်ဖြင့် ပိုဖြစ်နိုင်ချေ များပါတယ်ဆိုတာ အသေအချာပါပဲ။

စာလေးကိုဖတ်ပြီး ဒီလင့်ကလေးကနေ ဗွီဒီယိုဖိုင်လေးကို ကြည့်လိုက်ပါခင်ဗျာ။ ပြီးရင်တော့ ဘုရားသခင် ပေးသနားတော်မူသော အစားအစာများကို ကျနော်တို့ ကူညီဝိုင်းဝန်း ဖန်ဆင်းပေးကြပါစို့……

(တခါတည်း ကြည့်လို့ရအောင် အောက်မှာလည်း တင်ပေးထားပါတယ်)

(ဆက်ဖတ်ချင်ရင်...း)

Thursday, April 9, 2009

မိန်းမသားနဲ့အရက်

ဒီခေါင်းစဉ်ကို ဖတ်ပြီးပြီးချင်း ဘယ်လိုခံစားရသလဲလို့ ဖတ်မိသူတွေကို အရင်ဆုံး မေးကြည့်ချင်ပါတယ်။ ကျွန်မနဲ့ ခံစားချက်များ တူမလားလို့ပါ။ ကျွန်မကတော့ ဒီခေါင်းစဉ်ခေါင်းထဲ ရောက်လာကတည်းက လိုက်လျောညီထွေမှု မရှိလွန်းတဲ့ စကားလုံးနှစ်ခုလို့ ချက်ချင်းခံစားလိုက်ရပါတယ်။ ဒါပေမယ့် ခုခေတ် ခုအခါမှာတော့ အဲဒီလိုက်လျောညီထွေ မရှိလှတဲ့ အရာနှစ်ခု ဒွန်တွဲနေတာကို မကြာခဏကို တွေ့နေကြရပါပြီ။

ဒီညနေပဲ ကျွန်မရဲ့မောင်ငယ်လေး တစ်ယောက် ပို့လာတဲ့ Link ကနေ Video တစ်ခုကို ကြည့်လိုက်ရပါတယ်။ ညီမငယ်လေးတစ်ယောက် အရက်မူးနေတာကို သူ့ရဲ့ရည်းစား ဖြစ်ဟန်တူတဲ့ကောင်လေးနဲ့ သူငယ်ချင်းတွေက ဝိုင်းထိန်းပေးရင်း ဝိုင်းစနေကြတဲ့ Video ပါ။ (Video Link ကိုတော့ ညီမငယ်လေးရဲ့ သိက္ခာကို လေးစားတဲ့အနေနဲ့ ကျွန်မလုံးဝ ဖော်ပြမှာ မဟုတ်ပါဘူး) Video ကို ကြည့်ပြီး ကျွန်မမှာလည်း ညီမငယ်လေးရှိတော့ ကိုယ်ချင်းစာပြီး ရင်ဆို့သွားပါတယ်။ Video ထဲမှာ ဘေးက မောင်ငယ်လေးတွေက မူးနေတဲ့ ညီမငယ်လေးကို စနောက်တာကလွဲလို့ တခြားဘာရိုင်းစိုင်းတဲ့ အပြုအမူမှ မပြုလုပ်ကြပေမယ့် ယောက်ျားလေးတွေ အလယ်မှာ အသိစိတ်လွတ်ပြီး မူးနေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ရတာ ကျွန်မရင်ထဲမှာ ဘယ်လိုမှ မကောင်းပါဘူး။ နောက် နေရာဒေသ ပတ်ဝန်းကျင်ကို ကြည့်ရတာလည်း နိုင်ငံခြားတိုင်းပြည်တစ်ခုမှာတောင် မဟုတ်ဘဲ မြန်မာနိုင်ငံထဲမှာ ဖြစ်နေတာကြောင့် ကျွန်မပိုစိတ်မကောင်း ဖြစ်သွားပါတယ်။ နိုင်ငံခြားတိုင်းပြည်မှာ အနေကြာလို့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် အသောက်အစားဖက်တတ်လာတာမျိုးတောင် မဟုတ်ဘဲ “သူရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” လို့ ကျောင်းမှာ သံပြိုင်ဆိုရင်း ကြီးပြင်းလာကြတဲ့ ပြည်တွင်းက ကလေးတွေတောင် ဒီလိုဖြစ်နေကြပြီလား။ ပြည်ပက လူငယ် (အထူးသဖြင့် ညီမငယ်လေး) တွေရော ဘယ်လိုများ နေကြမလဲလို့ တွေးမိရာက ဒီပို့စ်လေး ရေးဖြစ်သွားပါတယ်။ ဒီပို့စ်မှာတော့ ညီမငယ်လေးတွေအတွက် ကျွန်မရဲ့အမြင်ကို အဓိကထားပြီး ရေးသွားမှာပါ။ (မောင်ငယ်လေးတွေကတော့ ပြောမရလို့ လက်လျော့လိုက်ပါပြီ... နောက်တာနော်း)))

ကျွန်မအမေတို့ခေတ်က အရက်သောက်တဲ့ မိန်းကလေးကို Alien တစ်ယောက်လို အားလုံးက အထူးတဆန်း ဖြစ်ခဲ့ကြပေမယ့်... ဒီနေ့ဒီအချိန်မှာတော့ ကျွန်မပတ်ဝန်းကျင်မှာတောင် အရက်မသောက်တဲ့ မိန်းကလေး သိပ်ကိုရှားနေခဲ့ပါပြီ။ အမြဲတမ်းလို မသောက်ကြရင်တောင် အပေါင်းအသင်းတွေနဲ့ ဆုံရင် သောက်တတ်ကြတာကို သတိထားမိပါတယ်။ ပထမဆုံး ကျွန်မစဉ်းစားမိတာက သူတို့ ဘာကြောင့် အရက်သောက်ကြသလဲ ဆိုတာကိုပါ။ အနောက်နိုင်ငံတွေက စစ်တမ်းတွေ အရ မိန်းကလေးတွေ အရက်သောက်တာဟာ ကိုယ့်ကိုယ် တန်ဖိုးထားယုံကြည်မှုနည်းတာ၊ သူငယ်ချင်း အပေါင်းအသင်းတွေက အတင်းအကျပ် တိုက်တွန်းတာ၊ စိတ်ဆင်းရဲမှု စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ချင်တာ၊ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအလေးချိန်ကို စိတ်တိုင်းမကျဘဲ လျော့ချချင်တာ စတဲ့ အဓိက အကြောင်းတွေကြောင့်လို့ သိရပါတယ်။ ပတ်ဝန်းကျင်မှာ ကျွန်မတွေ့မြင်ဖူးတဲ့ မြန်မာမိန်းကလေးတွေ အရက်သောက်ဖြစ်တာရဲ့ အဓိက အကြောင်းရင်းကတော့ များသောအားဖြင့် အပေါင်းအသင်းတွေက အတင်းအကျပ် တိုက်တွန်းတာ၊ ဒီလိုသောက်ခြင်းအားဖြင့် ပိုပြီးရင့်ကျက်(သယောင်ရှိ)တယ်... လူကြီးဆန်တယ်လို့ ထင်တာ၊ ပေါင်းမိတဲ့ အပေါင်းအသင်းကြားမှာ ဝင်ဆံ့ချင်တာ... တနည်းအားဖြင့် ခေတ်မီတယ်ဆိုတာကို ပြချင်တာတွေကြောင့်လို့ တွေ့ရပါတယ်။ (တခြား အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် ရာခိုင်နှုန်းနည်းတယ်လို့ ထင်မိပါတယ်)

ဒီပို့စ်ရဲ့ ပထမဆုံးမှာ ပြောခဲ့သလိုပဲ မိန်းကလေးနဲ့အရက်ဆိုတာ ဆက်စပ်ကြည့်လို့ မရတဲ့အရာနှစ်ခုပါ။ တခါတလေပါလို့ ပြောပေမယ့် ယောက်ျားလေးရဲ့ တခါတလေနဲ့ မိန်းကလေးရဲ့ တခါတလေတောင် မတူနိုင်ပါဘူး။ သိက္ခာပိုင်းအရ ဆိုရင်လည်း ယောက်ျားလေး တခါတလေက အလွန်ဆုံး “ဒီကောင်လေး အသောက်အစားဖက်တယ်” ဆိုတာလောက်နဲ့ ပြီးသွားမှာ ဖြစ်ပေမယ့် မြန်မာ့ပတ်ဝန်းကျင်မှာ (နိုင်ငံရပ်ခြား ရောက်နေသည်ဖြစ်စေ) မိန်းကလေး အရက်မူးနေတာကို မြင်ပြီးတာနဲ့ ၇ရက်မက ကဲ့ရဲ့ကြတော့မှာပါ။ သိက္ခာတွေ ထိခိုက်ရတော့မှာပါ။ ဒီနေရာမှာ ကိုယ့်သိက္ခာဆိုတာထက် ကိုယ့်မိဘသိက္ခာကိုလည်း ထည့်စဉ်းစားရမှာပါ။ အရက်မူးပြီး ပါးစပ်ထဲ တွေ့ကရာလျှောက်ပြောနေမိတဲ့ အနေအထားကြီးဟာ အိနြေ္ဒသိက္ခာ ထိန်းသိမ်းရမယ့် မြန်မာမိန်းကလေးတစ်ယောက်အတွက် ဘယ်လောက်များ ဆိုးရွားတဲ့ ရုပ်ပျက်တဲ့ အနေအထားလဲနော်။ အဆိုးရွားဆုံး အချက်ကတော့ နဂိုကမှ အားနွဲ့သူဖြစ်တဲ့ မိန်းကလေးဟာ အရက်မူးလို့ အသိစိတ်ပုံမှန်အတိုင်း မရှိချိန်မှာ အန္ထရာယ်ပေါင်းများစွာကို တံခါးမရှိ ဓားမရှိ လမ်းဖွင့်ပေးပြီး ကြိုဆိုနေသလိုပါပဲ။ ဘယ်လောက်ပဲ ယုံကြည်စိတ်ချရတဲ့ သူတွေနဲ့မှ သောက်ပါတယ်ဆိုဆို အသွားမတော် တလှမ်းဆိုတဲ့ မိန်းကလေးတို့ ဘဝမှာ အရက်သောက်မိတာကြောင့် မတော်တဆများ နောက်ဆက်တွဲ နစ်နာစရာတွေ ဖြစ်ခဲ့ရင် နှမြောဖို့ကောင်းလှပါတယ်။ အရက်ကြောင့် ဘဝပျက်တယ်ဆိုတာ အရက်ကို မရပ်မနားသောက်နေတဲ့သူတွေမှာသာ ဖြစ်လေ့ဖြစ်ထ ရှိတာ မဟုတ်ပါဘူး။ တခါတလေ သောက်မိတာကြောင့် ဘဝပျက်ခဲ့ရသူတွေလည်း ဒုနဲ့ဒေးပဲ မဟုတ်လားနော်။

သူငယ်ချင်းတွေ အတင်းတိုက်လို့ပါဆိုရင်လည်း ညီမငယ်လေးတွေအတွက် ရှောင်နိုင်တဲ့နည်းလမ်းတွေရှိပါသေးတယ်။ ကိုယ်က မသောက်ဘူးဆိုတာကို အခိုင်အမာပြောနိုင်ရင်၊ တသမတ်ထဲ ငြင်းဆန်နိုင်ရင် သူတို့နောက်ဆုံး လက်လျော့သွားပါလိမ့်မယ်။ ကိုယ်ထုတ်ထားတဲ့ စည်းကမ်းကို ကိုယ်က လေးစားပြရင် သူများတွေကပါ လိုက်လေးစားလာကြတာမျိုးနဲ့ အလားသဏ္ဍာန် တူပါလိမ့်မယ်။ ကိုယ်ရှောင်နေရက်နဲ့ အကြိမ်ပေါင်းများစွာ တိုက်တွန်းလာတဲ့ သူငယ်ချင်းဆိုရင်တော့ ရှေ့ဆက်လက်တွဲဖို့ စဉ်းစားရတော့မှာပါ။ “ဘီယာလေးပါပဲ” ဆိုရင်လည်း ရှောင်ရမှာပါပဲ။ အယ်လ်ကိုဟောလ် ပုံမှန် ၄%ကနေ ၆% အထိပါတတ်ပြီး အများဆုံး ၂၀%ထိတောင် ပါနိုင်တဲ့ ဘီယာကို “အရက်တော့မဟုတ်ပါ... တငွေ့ငွေ့လေးနဲ့ အတော်လာတာ” ဆိုတဲ့ ကြော်ငြာဟာ ကျွန်မ စိတ်အပျက်ဆုံး ကြော်ငြာတွေထဲက တစ်ခုပါ။ မူးယစ်စေပါတယ် ဆိုကတည်းက ဘယ်မှာကောင်းပါတော့မလဲနော်...

သင်္ကြန်ပွဲတော်ကြီးလည်း နီးသထက်နီးလာခဲ့ပါပြီ။ ဒါပေမယ့် နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကို မပါအောင်ဆေးတဲ့ ပွဲတော်ကို သောက်စားမူးယစ်မှုတွေနဲ့ ကျော်ဖြတ်နေကြတာတွေ များများလာလို့ အစဉ်အလာလို ဖြစ်လာမှာတောင် စိုးရိမ်နေရပါပြီ။ နေရောင်ခြည်တောက်တောက်အောင်မှာ ရေတွေနဲ့ ကစားရင်း မြူးထူးပျော်ရွှင်ရမယ့် ပွဲတော်ကို မူးယစ်ရီဝေရင်း ဖြတ်ကျော်ရမှာ နှမြောဖို့ ကောင်းလှပါတယ်။ ဒါကြောင့် သင်္ကြန်တွင်းမှာလည်း ကုသိုလ်ကောင်းမှု မလုပ်ဖြစ်ခဲ့ကြရင်တောင် အရက်ကိုတော့ ရှောင်ကျဉ်ကြည့်ကြဖို့ ဒီစာလေးနဲ့ တိုက်တွန်းချင်ပါတယ်။ ဒီပို့စ်လေးကို ညီမချင်းစာနာတဲ့ စိတ်ကလေးနဲ့ပဲ ကျွန်မသိသလောက်လေးတွေနဲ့ ကြိုးစားရေးခဲ့တာပါ။ ညီမငယ်လေးတွေကို ကျွန်မညီမလေးနဲ့ တသားထဲထား ရည်ရွယ်ပြီးရေးတာကြောင့် အမှားပါရင်လည်း သိတဲ့တတ်တဲ့သူတွေက ဝိုင်းဝန်း ပြင်ဆင်ပေးကြစေချင်ပါတယ်။ ဒီစာလေးဖတ်ပြီး အကြောင်းကြောင်းကြောင့် အရက်သောက်ဖြစ်မယ့် ကျွန်မတို့ အနာဂတ်ရဲ့ကြယ် မြန်မာအမျိုးသမီးငယ်လေး တစ်ယောက်လောက် တွေဝေသွားမယ်၊ တွန့်ဆုတ်သွားမယ်၊ သူများတွေတိုက်တွန်းရင်လည်း ရအောင်ရှောင်မယ်ဆိုတဲ့ အတွေးလေးရသွားမယ် ဆိုရင်ပဲ ကျွန်မကျေနပ်ပါပြီ။

အားလုံး မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကို မူးယစ်ခြင်းတွေ ကင်းဝေးပြီး ရွှင်လန်းကြည်လင်တဲ့ ကိုယ်စိတ်တို့နဲ့ ဆင်နွှဲပျော်ရွှင်နိုင်ကြပါစေရှင်...

မှတ်ချက်။ ။ ဒီပို့စ်လေးရေးဖို့ အောက်ပါ နေရာတွေက အချက်အလက်တချို့ကို ကိုးကားပါတယ်။
http://www.casacolumbia.org/absolutenm/articlefiles/412-GIRLS%20AND%20ALCOHOL_CASA%20Fact%20Sheet.pdf
http://en.wikipedia.org/wiki/Beer

(ဆက်ဖတ်ချင်ရင်...း)

Sunday, April 5, 2009

ကြိုးညှိစကား

မာယာလို့ ကိုယ်ထင်တဲ့အရာတချို့ အတွက်ရော…
ဒဏ်ရာရခမန်း အခါခါနာကျင်ရတာတွေ အတွက်ပါ
မင်းကို…
အပြစ်လည်း မတင်ချင်တော့ပါဘူး...

မင်းလျှောက်တဲ့ လမ်းတလျှောက်မှာ
ကိုယ်က...
မင်းမောမှ
အလောတကြီး ခပ်ခပ်သောက်တဲ့
ခပ်နောက်နောက် ရေတခွက်လည်း ဖြစ်နေနိုင်တာပဲ...

ပြီးတော့…
ကောင်မလေးတွေ အများကြီးကို
ပါးစပ်ဖျားလေးနဲ့တင် ထိန်းထားတာလို့လည်း
ခပ်ကြွားကြွား ပြောတတ်သေးတယ်
ဘယ်လိုမုန်းမှန်း မသိဘူးကွယ်…

ချစ်မိတာလေး တစ်ခုထဲအတွက်
အတုမဟုတ်တဲ့ (လှောင်)ပြုံးတစ်ခုရဲ့ အနောက်
ဟိုးရင်ဘတ်အောက်ဆုံးထဲကပါ
ကိုယ့်ရဲ့မိန်းမသိက္ခာကို ထပ်ပြီး လှောင်ပြုံး ပြုံးမပြလိုက်စမ်းပါနဲ့...
တကယ်တော့ မင်းတို့နဲ့ သဘာဝချင်း ကွဲပြားခြားနားတဲ့
လူသားနောက်တမျိုးရဲ့ ရင်ဘတ်ထဲမှာ...
မင်း မသိတာတွေ
မကြားဖူးတာတွေ
မ... ခံ... စား... ဖူးတာတွေ
အများကြီးမှ အများကြီးကွယ့်...

ပြီးတော့လည်း…
ချစ်တာကတခြား...
မုန်းတာကတခြား...
ကိုယ်တို့ နှလုံးသားက
နှစ်မျိုးနှစ်စားလုံးကိုလည်း
တပြိုင်ထဲ သိမ်းထားနိုင်သေးတယ်…
ဟယ်… ကြည့်…
နားမလည်ပြန်ဘူး မဟုတ်လား…

ကဲကဲ
ကိုယ်လည်း နားလည်ဖို့ မကြိုးစားဘူး
မင်းလည်း နားလည်ဖို့ ကြိုးစားပြီး
အချစ်က ခါးတယ်ခါးတယ်လို့
ခပ်လွယ်လွယ် (ညာ) မပြောနဲ့…

နားမလည်တာတွေများတဲ့
မင်းနဲ့ကိုယ်ကြားမှာ
မြင်ကွင်းဆုံမှတ်တခုကို ရှာမယ့်အစား…
ကိုယ်တို့တတွေ တော်တော်လေး ခြားနားကြတယ်လို့ပဲ
ခေါင်းထဲမှာ စွဲပြီးမှတ်ထား ကြရအောင်လား…
အနည်းဆုံးတော့
မင်းရောကိုယ်ပါ…
ခဏ…
အေးချမ်းသွားလိမ့်မယ်…

ရွှေပြည်သူ
(နေ့လည် ၁း၃၃ နာရီ ~ ၀၃.၀၄.၀၉)

(ဆက်ဖတ်ချင်ရင်...း)

Saturday, April 4, 2009

အချစ်မှတ်ကျောက်

ဟောဒီလောကကြီးမှာ ချစ်သူစုံတွဲတွေ အများကြီးပါပဲ။

တချို့တွေက ခဏလေးပဲ ချစ်ကြတယ်။ တချို့တွေကတော့ အကြာကြီး စွဲစွဲမြဲမြဲ ချစ်ကြတယ်။ တချို့က အပျော်သဘော ချစ်ကြတယ်။ တချို့ကတော့ လေးလေးနက်နက်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်နေကြတဲ့ ကာလလေးမှာ ဘယ်လောက် အတိုင်းအတာအထိ ချစ်လဲဆိုတာ တခါတလေ ကာယကံရှင်တွေ ကိုယ်တိုင်တောင်မှ အတိအကျ သိချင်မှ သိကြမှာပါ။

တကယ်တမ်း ကိုယ့်ရဲ့မေတ္တာကို ကံကြမ္မာက အဆုံးစွန် စမ်းသပ်ချက်တွေနဲ့ စမ်းသပ်တာ ခံလာရတဲ့အချိန်မှာ တချို့က ရှုံးနိမ့်သွားတတ်ကြသလို တချို့ကလည်း စစ်မှန်တဲ့မေတ္တာကို အောင်အောင်မြင်မြင် သက်သေပြနိုင်ခဲ့ကြပါတယ်...

ဒီအတွေးလေးက Forward Email နဲ့ရောက်လာတဲ့ အောက်က တကယ့်အဖြစ်အပျက်လေးကို ဖတ်ပြီး ရလာတဲ့ အတွေးလေးပါ။


ဓာတ်ပုံထဲက ကောင်မလေးရဲ့နာမည်က ကေတီ ကာ့က်ပက်ထရစ်ခ် (Katie Kirkpatric) ဖြစ်ပြီး သူ့အသက်က ၂၁ နှစ်ပါ။ သူ့ဘေးမှာကတော့ သူ့ရဲ့ခင်ပွန်းလောင်း နစ်ခ် ဂေါ့ဒ်ဝင် (Nick Godwin) (၂၃ နှစ်)ပါ။ ဒီဓာတ်ပုံကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သူတို့ မင်္ဂလာပွဲမတိုင်ခင်လေးတင် ရိုက်ထားတာပါ။ ကေတီဟာ Terminal Cancer (ဆက်မပြန့်ပွားအောင် / ပျောက်ကင်းအောင် တာဆီးကုသလို့ မရတော့ဘဲ နောက်ဆုံးအချိန်ကို စောင့်နေရတဲ့ ကင်ဆာအမျိုးအစား) ကို ခံစားနေရရှာသူလေး ဖြစ်ပြီး တနေ့ကို နာရီပေါင်းများစွာ ဆေးကုသမှုခံယူ နေခဲ့ရပါတယ်။ ဓာတ်ပုံထဲမှာ နစ်ခ်ဟာ သူမရဲ့ မြောက်များစွာသော ကီမိုသွင်းတဲ့ဆက်ရှင် တစ်ခု အပြီးကို စောင့်နေတာ ဖြစ်ပါတယ်။


ခံစားရတဲ့ နာကျင်မှုတွေ၊ ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်တာ တဖြည်းဖြည်း ရပ်ဆိုင်းလာတာတွေကြောင့် မော်ဖင်းထိုးနေရတဲ့ ကြားထဲက ကေတီဟာ မင်္ဂလာပွဲအတွက် စီစဉ်နေခဲ့ပြီး အသေးစိတ်ကိုလည်း (တခြားသော သတို့သမီးတွေနည်းတူ) ဂရုတစိုက် ပြင်ဆင်ခဲ့ပါတယ်။ ကိုယ်အလေးချိန်ကလည်း ပုံမှန်ကျနေတာကြောင့် သတို့သမီးဝတ်စုံလေးကို တချိန်လုံး ပြင်နေခဲ့ရပါတယ်။


မင်္ဂလာပွဲမှာ ထူးခြားနေတဲ့ပစ္စည်းကတော့ မင်္ဂလာဆောင်အခန်းအနားမှာရော ဧည့်ခံပွဲ တလျှောက်လုံးမှာပါ ကေတီသုံးနေခဲ့ရတဲ့ အောက်ဆီဂျင်ဘူးကြီးပါပဲ။ ဒီဓာတ်ပုံထဲက နောက်စုံတွဲတစ်တွဲကတော့ သူတို့ရဲ့သား အထက်တန်းကျောင်းကတည်းက ချစ်ခဲ့သူလေးကို လက်ထပ်မယ့်ပွဲအတွက် စိတ်လှုပ်ရှားပျော်ရွှင်နေကြတဲ့ နစ်ခ်ရဲ့ မိဘတွေပါ။

Wheelchair ပေါ်ကနေ အောက်ဆီဂျင်ဘူးနဲ့အတူ သူ့အမျိုးသားနဲ့ သူငယ်ချင်းတွေ ဆိုတဲ့ သီချင်းကို နားထောင်နေတဲ့ ကေတီ့ရဲ့ပုံပါ။


မင်္ဂလာဧည့်ခံပွဲမှာ ကေတီအနားယူနေရပါတယ်။ ခံစားနေရတဲ့ ဝေဒနာတွေက သူမကို အချိန်အကြာကြီး ရပ်ဖို့ ခွင့်မပြုခဲ့ဘူး။


မင်္ဂလာဧည့်ခံပွဲအပြီး ၅ရက်အကြာမှာပဲ ကေတီ သေဆုံးသွားခဲ့ပါတယ်။ အရမ်းကို မကျန်းမမာတဲ့ မိန်းကလေးတစ်ယောက် မျက်နှာပေါ်မှာ အပြုံးလေးနဲ့ မင်္ဂလာပွဲဆင်နွှဲနေတာကို ကြည့်ရင်းနဲ့ တွေးမိစေတာတွေက...

“ပျော်ရွှင်မှုဆိုတာ အချိန်အတိုင်းအတာ ဘယ်လောက်လေးပဲ ဖြစ်ဖြစ် ဆုပ်ကိုင်ပိုင်ဆိုင်ခွင့်ရှိတဲ့ အရာပါ။ ကိုယ့်ဘ၀ကိုကိုယ် ရှုပ်ထွေးအောင် လုပ်နေကြတာတွေကို ရပ်သင့်ပါတယ်”

ဘ၀ဆိုတာ တိုတိုလေးပါ။
သတ်မှတ်ချက်တွေကို ချိုးဖျက်လိုက်ပါ။
မြန်မြန်ဆန်ဆန် ခွင့်လွှတ်ပါ။
စစ်မှန်စွာ ချစ်ပါ။
ရယ်ရယ်မောမော အမြဲနေပါ။
ဘယ်တော့မှ ပြုံးနေတာကို ရပ်မပစ်လိုက်ပါနဲ့။
ဘ၀ဆိုတာ ဘယ်လောက်ပဲ ထူးဆန်းပါစေ ကိုယ်တို့ မျှော်လင့်တဲ့ ပျော်စရာပွဲတစ်ခုတော့ အမြဲမဟုတ်ပါဘူး။
ဒါပေမယ့် ကိုယ်တို့ (အသက်ရှိထင်ရှား) ရှိနေသရွေ့ ပြုံးပြုံးရွှင်ရွှင်နဲ့ ၀မ်းသာနေသင့်ပါတယ်။

ရွှေပြည်သူ (ဘာသာပြန်ပါသည်)
မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

အဲဒီအချိန်တုန်းက အသက်(၂၃) နှစ်ပဲရှိသေးတဲ့ (အခုဆိုရင်တော့ ၂၇နှစ်လောက် ရှိလောက်ပြီဖြစ်တဲ့) နစ်ခ်ရဲ့ဘ၀မှာ တခြားမိန်းကလေးဆိုတာ တွေ့လာဦးမှာပါ။ ဒါပေမယ့် ကိုယ့်ဆီကို ဘာပျော်ရွှင်မှုမှ ယူလာမပေးနိုင်တော့တဲ့ ရောဂါဝေဒနာရှင် ချစ်သူ စိတ်ချမ်းသာဖို့ အတူရှိနေခဲ့တဲ့ ရသမျှအချိန်လေးမှာ နောက်ဆုံးအကြိမ် အဆုံးစွန်ထိ လိုက်လျောခဲ့တဲ့ ကြိုးစားပေးခဲ့တဲ့ နစ်ခ်ရဲ့ မေတ္တာက လေးစားစရာပါ။ လူနှစ်ယောက် မေတ္တာမျှကြပြီဆိုရင် “ချစ်တယ်” ဆိုတဲ့ စကားလေး ဖွင့်ပြောပြီး / ၀န်ခံပြီး တဲ့နောက်မှာ အဲဒီစကားလုံးအတွက် တာဝန်တွေ အများကြီးရှိတယ်... တာဝန်တွေကိုလည်း ယူနိုင်ရမယ်လို့ ကျွန်မတော့ ထင်မိတာပါပဲ။ ကေတီဟာလည်း သူ့မှာ ကင်ဆာရောဂါရှိတယ်လို့ သိချိန်ကတည်းက သတ္တိရှိရှိ ရင်ဆိုင်ဖြတ်သန်းခဲ့သလို သူ့ဆီကို ဘာသတင်းပဲလာလာ အပြုံးမပျက် ရင်ဆိုင်ခဲ့ပါတယ်တဲ့။ ရောဂါရှိနေတဲ့အချိန်မှာပဲ ပညာလည်း ဆက်သင်ခဲ့ပါသေးတယ်။ လူ့ဘ၀ကြီးမှာ နေခွင့်ရချိန်လေးကို ကြောက်လန့်ငိုယိုခြင်း သက်သက်နဲ့ အချိန်မဖြုန်းဘဲ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာတွေကို အစွမ်းရှိသမျှ ကြိုးစားခဲ့တာလည်း ချီးကျူးစရာ သိပ်ကောင်းပါတယ်။ ဘ၀ဟာ တကယ်တွေးကြည့်ရင် သိပ်ကို တိုတောင်းတာပါပဲ။ အားလုံး ကိုယ်ချစ်သူနဲ့ အသက်ရှည်ရှည် ကျန်းကျန်းမာမာ သစ္စာရှိရှိနဲ့ ရိုးမြေကျ ပေါင်းနိုင်ကြပါစေရှင်...

(ဆက်ဖတ်ချင်ရင်...း)

Thursday, April 2, 2009

April လရိပ်

ရေကန်ထဲက လရိပ်ကိုမှ
ဒီည...
ကိုယ်က...
လိုချင်လှသတဲ့...

မိုက်မဲမိသလားတော့... မသိချင်တော့ဘူးကွယ်

ပြောမပြတတ်ပေမယ့်
စိတ်မှာလည်း မောလျနေခဲ့ပြီ...

မေ့ဖို့ကိုတောင် မေ့တတ်တဲ့ လရိပ်ညိုကိုမှ
ကိုယ်က...
ပိုပိုပြီး... တမ်းတနေမိတော့...

April Fool ရယ်...
သူရှိရင် မင်းမလိုဘူး...
ကိုယ်လေ...
ရူးပြီးသားပါကွယ်...

ရွှေပြည်သူ
(ည ၁၂း၁၁ နာရီ ~ ၀၂.၀၄.၀၈)

ခုတလော ဘာကြောင့်မှန်းမသိဘဲ ကဗျာတွေချည်းပဲ ဆက်တိုက်ရေးချင်နေမိပါတယ်။ လာဖတ်ပေးကြတဲ့သူတွေအတွက် ကဗျာတွေချည်း ဆက်တိုက်ဖြစ်နေလို့ ပျင်းသွားရင်လည်း တောင်းပန်ပါတယ်နော်း) တခြားစာတွေ ရေးပါဦးမယ်။

(ဆက်ဖတ်ချင်ရင်...း)