Sunday, February 22, 2009

ဘဝကိုဖြတ်သန်းရာဝယ်

တခါတုန်းက ရှင်ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့မြင်းစီးသူရဲကောင်းတစ်ယောက်ကို မြင်းနဲ့ပတ်ပြီးစီးနိုင်သမျှ မြေနေရာအားလုံး အပိုင်စားပေးမယ်လို့ ပြောလိုက်ပါတယ်။

မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာ များနိုင်သမျှ များများကာမိအောင် မြင်းကို မြန်နိုင်သမျှမြန်မြန် စီးပါတော့တယ်။ သူဟာ မြင်းကို အမြန်ဆုံးပြေးအောင် ရိုက်ရင်း မရပ်မနားစီးပါတယ်။ သူဟာ ဗိုက်ဆာချိန်တွေ ပင်ပန်းနွမ်းနယ်နေချိန်တွေမှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာ အများဆုံးကာမိအောင်ပါ။

မြေနေရာကောင်း အတော်များများကို ကာမိချိန်မှာတော့ သူဟာ အရမ်းကို အားအင်ကုန်ခမ်း နွမ်းနယ်ပြီး သေလုမျောပါး ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန်ကျမှ သူ့ကိုယ်သူ ပြန်မေးမိပါတယ်။
"မြေနေရာတွေ အများကြီးရဖို့ ငါ့ကိုယ်ငါ ဘာကြောင့်များ ဒီလောက်ညှင်းပန်းခဲ့ပါလိမ့်။ အခုငါ သေရတော့မယ့် အချိန်မှာ ငါ့ကို မြှုပ်ဖို့ မြေနေရာ သေးသေးလေးပဲ လိုတာပါလား..."

အထက်က ဇာတ်လမ်းလေးဟာ ဘဝခရီးနဲ့ အလားသဏ္ဍာန် တူပါတယ်။ လူတွေဟာ နေ့စဉ်နေ့တိုင်း ပိုက်ဆံတွေပိုရဖို့၊ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ တွေအတွက် ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းစေနေကြပါတယ်။ ကိုယ့်ကို ကျန်းမာပျော်ရွှင်စေမယ့် အချိန်တွေပေးနိုင်တဲ့ မိသားစုတို့၊ သဘာဝပတ်ဝန်းကျင် အလှအပတို့၊ ကိုယ်နှစ်သက်မြတ်နိုးတဲ့ ဝါသနာတို့ကိုတော့ လျစ်လျူရှုထားမိကြပါတယ်။ တနေ့ ပြန်ဆန်းစစ်ကြည့်တဲ့အချိန် ကိုယ်တကောက်ကောက်လိုက်နေခဲ့တဲ့ အရာတွေဟာ ဒီလောက်ကြီး မလိုအပ်ဘူးဆိုတာ သိနားလည်လာတဲ့ အခါမှာတော့ ကိုယ်မရခဲ့လိုက်တဲ့ အရာတွေအတွက် နောက်ကြောင်းပြန်လှည့်လို့ မရတော့ပါဘူး။

ဘဝဆိုတာ ပိုက်ဆံရှာဖို့၊ ရာထူးအာဏာတွေ ပိုင်ဆိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ချည်းသက်သက် မဟုတ်ပါဘူး။ ဘဝဆိုတာ အလုပ်လုပ်ဖို့ချည်း သက်သက်လည်း မဟုတ်တာ သေချာပါတယ်။ အလုပ်ဟာ ကိုယ်တို့ကို နေထိုင်ရပ်တည်ဖို့အတွက် လိုအပ်သလို သဘာဝအလှအပတွေကို ခံစားရင်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းဖို့လည်း လိုအပ်တာပါပဲ။ ဘဝဟာ အလုပ်၊ အနားယူပျော်ရွှင်ချိန်၊ မိသားစုနဲ့ ကိုယ်ပိုင်အချိန်တွေ သမမျှတနေရမယ့် အရာပါ။ ကိုယ့်ရဲ့ဘဝကို ဘယ်လို သမမျှတအောင် နေမလဲဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။ ကိုယ့်ဘဝထဲက အရာတွေအတွက် ဦးစားပေးအဆင့်တွေ သတ်မှတ်ပြီး အဲဒါတွေကို မျှတအောင် ဘယ်လိုညှိုနှိုင်းယူရမလဲဆိုတာ သိပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာတော့ ရင်ထဲကလာတဲ့ သဘာဝအသိပေါ်မှာ မူတည်ပြီး ချမှတ်ပါ။

“ပျော်ရွှင်ငြိမ်းချမ်းမှု”ဆိုတာ ဘဝရဲ့အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ဖြစ်သလို လူသားတွေ ရှင်သန်တည်ရှိနေရခြင်းရဲ့ ဦးတည်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သက်တောင့်သက်သာနဲ့ ကိုယ်လုပ်ချင်တဲ့ (သူတပါးကို မထိခိုက်တဲ့) အရာတွေကို လုပ်ပါ။ သဘာဝကို တန်ဖိုးထား ချစ်မြတ်နိုးပါ။

ဘဝဆိုတာ အထိအရှမခံ နုနယ်ပါတယ်။ တိုတောင်းပါတယ်။ ဒါကြောင့် ကိုယ့်ဘဝရဲ့ဖြစ်တည်ရှင်သန်မှုကို တန်ဖိုးမထားဘဲ မနေပါနဲ့။ မျှတငြိမ်းချမ်းတဲ့ ဘဝနေမှုပုံစံနဲ့ နေထိုင်ရှင်သန်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။

သင့်အတွေးတွေကို ဂရုစိုက်ပါ။ သူတို့က သင့်စကားတွေ ဖြစ်လာပါတယ်။
သင့်စကားတွေကို ဂရုစိုက်ပါ။ သူတို့က သင့်အပြုအမူတွေ ဖြစ်လာပါတယ်။
သင့်အပြုအမူတွေကို ဂရုစိုက်ပါ။ သူတို့က သင့်အကျင့်တွေ ဖြစ်လာပါတယ်။
သင့်အကျင့်တွေကို ဂရုစိုက်ပါ။ သူတို့က သင့်စရိုက်ဖြစ်လာပါတယ်။
သင့်စရိုက်ကို ဂရုစိုက်ပါ။ သင့်စရိုက်က သင့်ရဲ့ပန်းတိုင်ဖြစ်လာပါတယ်။

ရွှေပြည်သူ (ဘာသာပြန်ပါသည်)

Forward Email ထဲကရတဲ့ စာကောင်းလေးမို့ ဘာသာပြန်ပြီး ဝေမျှလိုက်ပါတယ်။ မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်ရှင်...

(ဆက်ဖတ်ချင်ရင်...း)

Friday, February 13, 2009

တစ်လမ်းသွား

တချို့က ဖြေးဖြေးကူးတယ်
တချို့က အေးအေးကူးတယ်
တချို့က မြန်မြန်ကူးတယ်
တချို့က မှန်မှန်ကူးတယ်

ဘ၀ဆိုတဲ့ ဒီသမုဒ္ဒရာမှာ
ကိုယ့်အထာကိုယ့်အစွမ်းနဲ့ အပြိုင်ကူးနေကြပေမယ့်
တကယ်တမ်းရှိနေတဲ့ အဆုံးပန်းတိုင်ကတော့
အပြိုင်အဆိုင်လဲမရှိ
(အားလုံးအတွက်) တစ်တိုင်ထဲ... အတိ... အကျပါပဲ
သေပွဲတဲ့...

တကယ်ရှိရက်နဲ့ မျက်နှာလွှဲလိုက်မိကြသလို
တကယ်သိရက်နဲ့လည်း ဆက်မိုက်မဲမိကြတယ်...

ဆင်ခြင်ဖို့ နှောင့်နှေးကြသလို
ပြင်ဆင်ဖို့လည်း (ဘာကိုမှန်းမသိ) စောင့်နေကြသေးတယ်...

တကယ်ပါပဲကွယ်...
မြုပ်ချည်ပေါ်ချည် ဒီဘ၀ကို
အကျအန ဟုတ်လှပြီထင်ပြီး...
မရမကကြီးကို ကူးနေမိကြတယ်...

လှမ်းပြိုင်ကူးရင်း အငိုအပြောတွေနဲ့
မောရဦးမယ်
ပန်းတိုင်ဆီကိုလည်း ဘယ်လိုပဲရှောင်လွှဲပေမယ့်
တည့်တည့်ကြီးကို မျောရဦးမယ်...

(ည ၁၁း၁၁ နာရီ ~ ၁၃.၀၂.၂၀၀၉)
ရွှေပြည်သူ

ဒီနေ့မနက်စောစောမှာပဲ ဘ၀တပါးကို ကူးပြောင်းသွားရှာတဲ့ ကျွန်မရဲ့အဒေါ်အကြောင်းကို တွေးရင်း ဒီကဗျာကို သံဝေဂတ၀က် ဆို့နင့်မှုတ၀က်နဲ့ ရေးမိပါတယ်။ တဆက်ထဲ အားလုံးအတွက် ဓမ္မဒါနအနေနဲ့ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)ရဲ့ “မသေခင် ဘာလုပ်ကြမလဲ” စာအုပ်ရဲ့ E-book လေးကို ပြန်ဝေမျှပါရစေရှင်။ E-book မူရင်းကတော့ ရွှေဟင်္သာ Website က ဖြစ်ပါတယ်။

ဒီနေရာကနေ Download လုပ်နိုင်ပါတယ်ရှင်။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ တန်ဖိုးရှိတဲ့ အသက်ရှင်ချိန်တွေမှာ မလွဲမသွေကြုံရမယ့် သေခြင်းတရားကို ရင်ဆိုင်အန်တုနိုင်မယ့် အဖိုးတန် ကုသိုလ်ဘာဝနာတွေ လုပ်ဆောင်ပွားများနိုင်ကြပါစေရှင်...

(ဆက်ဖတ်ချင်ရင်...း)

Wednesday, February 11, 2009

ဖွဲ့တည်ရာမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆)

(၁)နှစ်ပြည့်ပီပီ ဖတ်စရာ သုတရသတွေ ဝေေ၀ဆာဆာနဲ့ ဖွဲ့တည်ရာ မဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ထွက်လာခဲ့ပါပြီ။ အခုလို အထူးထုတ်မှာ ကျွန်မရဲ့ ၀တ္ထုတိုလေးတစ်ပုဒ် ပထမဆုံးပါခွင့်ရတာ တကယ်ကို ၀မ်းသာရပါတယ်။ ရွေးချယ်ပေးခဲ့ကြတဲ့ အယ်ဒီတာအဖွဲ့၊ မမနေညို၊ တည်းဖြတ်ပေးတဲ့ ကိုမောင်အန့်၊ Layout ချပေးခဲ့တဲ့ ကိုဟန်သစ်ငြိမ်တို့နဲ့ ဖွဲ့တည်ရာ အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ Design ချထားတဲ့ပုံကလည်း ဇာတ်လမ်းနဲ့ လိုက်ဖက်မှုရှိလို့ အရမ်းသဘောကျမိပါတယ်။ အားလုံးလည်း ကျွန်မရဲ့ ၀တ္ထုလေး (အစစ်ကိုစစ်တဲ့ နာရီများ) ကိုလည်း ဖတ်ရှုဝေဖန်ပေးကြဖို့ ကြော်ငြာလေး ၀င်ပါရစေရှင်...း)

မဂ္ဂဇင်းကို ဒီ Link ကနေ Download ဆွဲနိုင်ပါတယ်။

(ဆက်ဖတ်ချင်ရင်...း)

Monday, February 9, 2009

မိုးစိုခြင်း

မိုးစက်တွေကို ချစ်လို့ပါဆိုပြီး
မိုးရေထဲမှာ လမ်းလျှောက်ထွက်တာ
တခါတခါ ဘာမှ အဓိပ္ပါယ်မရှိသလိုပဲ...
နောက်ဆုံးတော့...
ကိုယ်ပဲ...
တကိုယ်ထဲ...
စိုရွှဲလို့...

အရာရာဟာ
မိုးစက်တွေလိုပါပဲ...
တဖွဲဖွဲသာ ကိုယ့်ဆီရောက်လာတယ်
တကယ်တမ်း ဖမ်းဆုပ်ကြည့်တော့
ဘာဆိုဘာမှ စမ်းလို့မမိပြန်ဘူး...
ဒါပေမယ့်လဲ...
ကိုယ့်မှာ... တကယ်ပဲ...
စိုရွှဲလို့...

မသိတသိနဲ့ပဲ
ဆန်းစစ်မိတော့
အလင်းဖျော့ဖျော့အောက်က
မြင်လေရာမှာ
ဘာဆိုဘာမှ မရှိဘဲ
ကိုယ့်တစ်ယောက်ထဲ
စိုရွှဲလို့...

ခပ်မော့မော့ ပင့်သက်ရှိုက်လိုက်မိတယ်
သြော်...
တကယ့်ကို...
စို... ရွှဲ...လို့...

ရွှေပြည်သူ
(ည ၁၁း၄၅ မိနစ် ~ ၀၉.၀၂.၂၀၀၉)

ကဗျာလေးတွေ မတင်ရတာကြာလို့ တင်လိုက်တာပါ။ သိပ်အားမရပေမယ့် ကဗျာရေးအပြီးမှာ တင်းကျပ်နေတဲ့ စိတ်တွေ နည်းနည်းတော့ ပေါ့သွားပါတယ်... ကျွန်မတို့တတွေဟာ ကိုယ်မပိုင်တဲ့အရာတွေ အာရုံတွေကို ရင်ထဲမှာ ထမ်းပိုးရင်း စိုရွှဲလေးလံနေကြတယ် ထင်ပါရဲ့...

(ဆက်ဖတ်ချင်ရင်...း)

Sunday, February 8, 2009

ဘုရားရိပ်ခိုခဲ့စဉ်

ရန်ကုန်မြို့ရဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ ရွှေတိဂုံဘုရားပေါ်ကို အဖေနဲ့အတူ တက်ဖြစ်ခဲ့ပါတယ်။ ဘုရားရိပ် တရားရိပ်ကြောင့် ထင်ပါတယ်... ရန်ကုန်မှာ သွားဖြစ်ခဲ့သမျှ နေရာတွေထဲမှာ စိတ်ချမ်းသာမှု စိတ်အေးချမ်းမှု အရဆုံးပါပဲ။ တနင်္ဂနွေနေ့ဖြစ်လို့လားတော့ မသိပါ။ ထူးထူးခြားခြား ဘုရားပေါ်မှာ လူတော်တော်လေးကို စည်နေခဲ့ပါတယ်။ သွားလေရာမှာ ဘလော့ကို သတိရတတ်သူပီပီ မြန်မာပြည်နဲ့ဝေးပြီး ရွှေတိဂုံစေတီတော်ကြီးကို မဖူးမြော်ရတာကြာပြီဖြစ်တဲ့ သူအားလုံးကို ပြန်ဝေမျှဖို့ ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။ အောက်မှာ ဖူးမြော်ကြည်ညိုကြပါရှင်...



ရွှေတိဂုံစေတီတော်နဲ့ တန်ဆောင်းတွေထဲက ရုပ်ပွားတော်တွေကို ဖူးမြော်ရင်း ဦးဆန်းလွင်(ရှင်အာဒိစ္စရံသီ) ရဲ့ “ဗုဒ္ဓဘာသာ သိမှတ်ဖွယ်ရာများ”စာအုပ်ထဲမှာ ဖော်ပြထားတဲ့ “ရွှေတိဂုံအတွင်းတော်” ဆောင်းပါးကို သတိရမိပါတယ်။ ဆောင်းပါးထဲမှာ “ရွှေတိဂုံအတွင်းတော် (The Interior ShweDaGone) ဆိုပြီး ရွှေတိဂုံရဲ့အတွင်းတော်က ထူးခြားတဲ့ သာသနိက အဆောက်အအုံတွေ အကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ရေးပြီး ရောင်စုံဓာတ်ပုံ ဝေေ၀ဆာဆာနှင့် နိုင်ငံခြားမှာ (ထိုင်း၊ စင်္ကာပူမှာ) ထုတ်ဝေလိုက်ရရင် ကမ္ဘာလှည့်ခရီးသည်တွေ အတွက်ရော သုတေသီပညာရှင်တွေ အတွက်ပါ အကျိုးများနိုင်တယ်လို့” ဆိုခဲ့ပါတယ်။ နှစ်ပေါင်းထောင်ချီတဲ့သက်တမ်းရှိတဲ့ စေတီတော်ကြီးမှာ လက်ရှိ လူတွေ သိထားတာထက် ထပ်ပြီး သုတေသနပြုစရာ မှတ်တမ်းတင်စရာ ရှာဖွေဖော်ထုတ်စရာတွေ အများကြီးရှိနေဦးမှာလည်း တကယ်ကို မလွဲပါဘူးရှင်။

ကျွန်မလည်း ဓာတ်ပုံတွေ ပြန်ကြည့်ရင်း အဖေ၀ယ်ပေးတဲ့ ပန်းစည်းကိုကိုင်ပြီး ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ရတာကို ကြည်နူးဂုဏ်ယူစွာနဲ့ နေခြည်နုနုအောက်က အေးချမ်းမှုကိုယ်စီနဲ့ လူတွေကြားမှာ ရင်ပြင်တော်ကို ပတ်ခဲ့ချိန်လေးကို လွမ်းမောတသ နေမိပါတယ်...

(ဆက်ဖတ်ချင်ရင်...း)

Wednesday, February 4, 2009

ဘ၀ထဲက အမျိုးသမီးများ

ကျွန်တော်မွေးဖွားခဲ့တယ်...
အမျိုးသမီးတစ်ယောက်က ကျွန်တော်ကို ထွေးပိုက်ယုယဖို့ ရှိနေခဲ့တယ်...
ကျွန်တော့်အမေပေါ့...

ကျွန်တော် ကလေးဘ၀ကို ဖြတ်သန်းကြီးပြင်းခဲ့တယ်...
အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကို ဂရုစိုက်ဖို့ ကျွန်တော်နဲ့ အတူကစားဖို့ ရှိနေခဲ့တယ်...
ကျွန်တော့်အစ်မပေါ့...

ကျွန်တော် ကျောင်းစတက်ခဲ့တယ်...
အမျိုးသမီးတစ်ယောက်က ကျွန်တော်ရဲ့သင်ယူခြင်းတွေကို ကူညီပေးဖို့ ရှိနေခဲ့တယ်...
ကျွန်တော့်ဆရာမပေါ့...

ကျွန်တော် လမ်းစတွေပျောက်ချိန်မှာ စိတ်ဓာတ်ကျတတ်လာတယ်...
အမျိုးသမီးတစ်ယောက်က ကျွန်တော်နားခိုဖို့ သူ့ပခုံးလေးပေးခဲ့တယ်...
ကျွန်တော့်ဇနီးပေါ့...

ကျွန်တော် ကြမ်းတမ်းခက်ထန်တတ်လာတယ်...
အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကို အရည်ပျော်စေဖို့ ရှိနေခဲ့တယ်..
ကျွန်တော့်သမီးလေးပေါ့...

ကျွန်တော့်ဘ၀ရဲ့နေ၀င်ချိန်ရောက်ခါနီးလာပြီ...
အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကို ဆွဲယူပိုက်ထွေးဖို့ ရှိနေခဲ့တယ်...
ကျွန်တော့်ရဲ့ အမိမြေပေါ့...

ရွှေပြည်သူ (ဘာသာပြန်ပါသည်)

Forward Email ထဲက နေဖတ်ရတာလေးကို ဘာသာပြန်မျှဝေလိုက်ပါတယ်။ မူရင်း အင်္ဂလိပ်လိုကို ဒီမှာ ဖတ်လို့ရပါတယ်။ ရိုးရိုးရှင်းရှင်းလေးပေမယ့် ကျွန်မအတွက် ဆွဲဆောင်မှုရှိနေတဲ့ စာလေးပါ။ ကိုယ်တိုင်ကပဲ မိန်းမတစ်ယောက် ဖြစ်နေလို့လား မသိဘူး။ ဒီလိုစာမျိုးလေးတွေကို အရမ်းသဘောကျမိပါတယ်း) မိန်းကလေးတွေကို ရုပ်ဝတ္ထုပစ္စည်းတစ်ခုလို အထင်သေးခြင်းမျက်မှန် တပ်ကြည့်တတ်သူ (ရှားရှားပါးပါး တွေ့ဖူးတဲ့) ယောက်ျားတစ်ချို့ကိုလည်း ဒီစာလေးပေးဖတ်ချင်စိတ် ပေါက်မိပါတယ်။ ဗုဒ္ဓဘာသာဝင်ပီပီ ယောက်ျားလေးတွေက မိန်းကလေးတွေထက် ဘုန်းပိုရှိတယ်ဆိုတာကို ယုံကြည်လက်ခံပေမယ့် ဘ၀ကို ဖြတ်သန်းကြတဲ့ အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့ပဲ လူ့လောကရဲ့ ကိုယ်ကျရာ စွမ်းရာ တာဝန်တွေ ထမ်းနေကြတာလို့ပဲ မြင်မိပါတယ်။

မြန်မာနိုင်ငံကလည်း တနေ့ကပြန်ရောက်ပါတယ်။ ခံစားချက်ပေါင်းစုံနဲ့ နေခဲ့ရတဲ့ တစ်ပတ်ဆိုတဲ့အချိန်က အိပ်မက်လိုပဲ ကုန်သွားတာပါပဲ။ ကျွန်မ မရှိတဲ့အချိန်တွေမှာတောင် သတိတရနဲ့ လာလည်ခဲ့ကြ စာတွေဖတ်ပေးခဲ့ကြ Message တွေ ချန်ပေးခဲ့ကြတဲ့ သူတွေအားလုံးကို အရမ်းကျေးဇူးတင်ကြောင်း ပြောပါရစေရှင်။

အမျိုးသားတွေအားလုံး ကိုယ့်ဘ၀ထဲက အမျိုးသမီးတွေကို စာနာနားလည်စွာနဲ့ တကယ်ချစ်နိုင်ကြပါစေ...း)

(ဆက်ဖတ်ချင်ရင်...း)