၁ လအလို...
၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ ~ မိသားစုနဲ့ပါ။ သဘာဝဘေးအန္တရာယ်တွေ ကြုံရရင် ကိုယ်တတ်နိုင်သလောက်လေး သူတို့ကို ကာကွယ်ပေးချင်လို့ပါ။ ကိုယ်က စင်္ကာပူမှာပဲရှိနေပြီး ကိုယ့်လိုပဲ ပြန်ချင်တဲ့ လူပေါင်းများစွာကြောင့် လေယာဉ်လက်မှတ်မရဘဲ ပြန်မရမှာ အစိုးရိမ်ဆုံးပါ။
(၂) ဘာတွေခံစားနေရလဲ ~ ကြောက်နေရင်းကနေ ကိုယ့်ဘာသာ သတိပေးပြီး အားတင်းနေမိပါလိမ့်မယ်။
(၃) ဘာတွေပြင်ဆင်ထားမလဲ ~ “စိတ်” ကိုပဲ အရာရာ ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားပါတော့မယ်။
(၄) ၀မ်းနည်းမိမှာက ~ လူ့ဘဝရပြီး ဗုဒ္ဓဘာသာဝင် ဖြစ်ခွင့်ရရက်နဲ့ သံသရာဝဋ်ဆင်းရဲကနေ လွတ်အောင် မရုန်းနိုင်ခဲ့တာကိုပါ။
(၅) ကြောက်လန့်မိတာက ~ ထိတ်လန့်နာကျင်ပြီး အကုသိုလ်စိတ်နဲ့ သေဆုံးခဲ့ရင် လားရာဂတိ မကောင်းမှာကိုပါ။
(၆) ဆောင်ထားချင်တာ ~ ဘာကိုမှ ဆောင်မထားချင်တော့ပါဘူး။
(၇) ဘာတွေရေးမိမလဲ ~ ဘာမှ ရေးလို့ထွက်မယ် မထင်တော့ပါဘူး။
(ဂ) တွေးမိတွေးရာ ~ သြော် ပျက်ချိန်တန်လို့ ပျက်တော့မှာပါလား။
(၉) ဂုဏ်ယူချင်တာက ~ ကမ္ဘာကြီးတစ်ခုလုံး ပျက်တော့မှာပါလား… အရာရာ ဆိတ်သုန်းတော့မှာပါလား… ဆိုတဲ့ အသိနဲ့ ပြန်တွေးကြည့်တဲ့အခါ အရင်က ကိုယ်ဂုဏ်ယူစရာလို့ ထင်ခဲ့တာတွေက ဘာမှမဟုတ်မှန်း သိလိုက်ရသလိုပါပဲ။ အဲဒါကြောင့် အဲဒီလိုအချိန်မှာ ဘာကိုမှ ဂုဏ်ယူစရာ မလိုတော့ဘူး ထင်ပါတယ်။
(၁၀) ရှာကြံ ဖြေသိမ့်မိတာက ~ သြော် အနည်းဆုံးတော့ ငါတို့တွေ တစ်လတောင် ကြိုသိပြီး ကောင်းကောင်း ပြင်ဆင်ခွင့်ရခဲ့တာပဲလေ။
(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း ~ ရှောင်လွှဲလို့မရတဲ့ ပျက်ခြင်းကို ကျေကျေနပ်နပ် လက်ခံပါတယ်။
မောင်ငယ် တောသားလေး Tag တဲ့ ကမ္ဘာမပျက်ခင် ၁လအလိုကို ရေးဖို့အကြွေးတင်နေခဲ့တာ ကြာပါပြီ။ (ဒီပို့စ်အတွက် သတိတရ Tag တဲ့မောင်လေးကို ကျေးဇူးလည်း အထူးတင်သလို အကြာကြီးနေမှ ရေးနိုင်ခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ်နော်) ပို့စ်ကို ရေးဖြစ်အောင် ရေးတော့မယ်လို့ စဉ်းစားနေတုန်းပဲ တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာပျက်တဲ့အကြောင်း ရိုက်ထားတဲ့ 2012 ကို ကြည့်ဖြစ်ပါတယ်။ တခြားသော သဘာဝဘေးအန္တရာယ်အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေကြည့်ချိန်မှာ ကြည့်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်မိပေမယ့် ဒီရုပ်ရှင်ကတော့ လက်တွေ့မှာ လူတွေ အကြိတ်အနယ်ဆွေးနွေးနေကြတဲ့ အကြောင်းအရာပေါ် အခြေခံထားလို့လား မသိပါ... ကြည့်ပြီးတော့ စိတ်ထဲ စွဲနေသလို အတွေးတွေလည်း အများကြီး ရခဲ့ပါတယ်။ ရုပ်ရှင်က သိပ်ကို သဘာဝကျပါတယ်။ ကိုယ်မှီတင်းနေထိုင်နေတဲ့ ကမ္ဘာကြီး ပျက်တော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ နည်းပညာသိပ်တိုးတက်နေတဲ့ နိုင်ငံကြီးတွေရဲ့ ပြင်ဆင်မှု၊ အဲဒီအချိန်မှာ ရှင်းရှင်းလင်းလင်းပေါ်လာတဲ့ လူတွေရဲ့ အတ္တစိတ်၊ ပရစိတ် နဲ့ တုန်လှုပ်မှုတွေ၊ ကိုယ့်မိသားစု အသက်ရှင်ရေးအတွက် ကျားကုတ်ကျားခဲ ကြိုးစားကြတာတွေကို ပီပီပြင်ပြင် တွေ့လိုက်ရပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အမေရိကုန်လူမျိုး ဘူမိဗေဒပညာရှင် Adrian Helmsley (Chiwetel Ejiofor) ဟာ သူ့သူငယ်ချင်း အိန္ဒိယနိုင်ငံသား Satnam (Jimi Mistry) နဲ့အတူ ကမ္ဘာပျက်မယ့်အကြောင်းကို စသိခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ တိုင်ပင်ပြီး အာကာသယာဉ်တွေ လျှို့ဝှက်ဆောက်ခဲ့ကြပါတယ်။ အဲဒီမှာလိုက်ပါနိုင်မယ့် လူ၎သိန်းထဲမှာ အာဏာရှင်တွေနဲ့ Billion နဲ့ချီတဲ့ လက်မှတ်ဝယ်နိုင်လောက်အောင် ချမ်းသာကြွယ်ဝသူတွေပဲ အများဆုံး ပါဝင်ပါတယ်။ တကယ့်ပြည်သူလူထုကတော့ တကယ်တွေ့ကြုံ သေကြေရတဲ့ အထိဘာမှ မသိကြရှာပါဘူး။ သာမာန်ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ စာရေးဆရာ Jackson Curtis (John Cusack) ကတော့ မထင်မှတ်ဘဲ အဲဒီလျှို့ဝှက်ချက်ကို သိခွင့်ရလိုက်ပြီး သူ့မိသားစုနဲ့အတူ အာကာသယာဉ်တွေပေါ်မှာ လိုက်ပါခွင့်ရအောင် ကြိုးစားကြရှာပုံတွေကို စိတ်ဝင်စားစရာ ရိုက်ကူးထားတာပါ။
ဇာတ်လမ်းထဲမှာ ကျွန်မရင်ကို အထိဆုံး ဇာတ်ဝင်ခန်း(၂)ခန်းရှိပါတယ်။
ပထမတစ်ခန်းကတော့ အာကာသယာဉ်နဲ့မလိုက်ဘဲ သူ့တိုင်းသူပြည်သားတွေနဲ့ အသေခံဖို့ ကျန်ခဲ့မယ့် အမေရိကန် သမ္မတကြီး Thomas Wilson (Danny Glover) က သူ့ကိုလိုက်ဖို့ခေါ်နေတဲ့ Adrian Helmsley ကို ကိုယ့်ဘာသာသွားဖို့ ပြောတဲ့စကားပါ။ “a young scientist is gonna be worth 20 old politicians” (လူငယ်ပညာရှင်တစ်ယောက်ဟာ (ကမ္ဘာပြန်တည်ထောင်တဲ့ နေရာမှာ) နိုင်ငံရေးသမား အဖိုးကြီး အယောက်၂၀လောက် တန်ဖိုးရှိပါတယ်) တဲ့။ (တကယ်တမ်းမှာတော့ အာကာသယာဉ်စီစဉ်နေသူတွေက ငွေကြေးတတ်နိုင်သူတွေ အာဏာရှိသူတွေသာ ဦးစားပေးခံနေရတာ သူမသိရှာလိုက်ဘဲ ပြည်သူလူထုကို ကူညီပြုစုရင်း သေဆုံးသွားပါတယ်)
နောက်တစ်ခန်းကတော့ ကမ္ဘာပျက်မှာကို အရင်ဆုံးသိခဲ့တဲ့ အိန္ဒိယက ပညာရှင် နဲ့ သူ့ဇနီး၊ သားလေးတို့ ဆူနာမီလှိုင်းလုံးကြီးတွေ သူတို့ကို ဖုန်းအုပ်ဖို့လာနေတာကို မိသားစုတွေ ကြေကြေကွဲကွဲ ဖတ်တွယ်နမ်းရှုပ်ရင်း အသင့်စောင့်နေကြတဲ့ မြင်ကွင်းပါ။ နောက်ခံက တက်လာတဲ့ လှိုင်းလုံးကြီးတွေနဲ့ သူတို့မိသားစုပုံရိပ်ကိုကြည့်ရင်း သိပ်ဝမ်းနည်းမိပါတယ်။
Independence Day, Godzilla, The day after Tomorrow စတဲ့ နာမည်ကျော်ရုပ်ရှင်ကြီးတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Roland Emmerich ရဲ့ လက်ရာပီပီ သိပ်ကောင်းပြီး သဘာဝကျလွန်းတဲ့ Special Effect တွေကြောင့် ကြည့်ရတာ သိပ်တန်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။
ရုပ်ရှင်ထဲမှာတော့ လူ ၄ သိန်းလောက်ဟာ အမေရိကန်ဦးဆောင်ပြီး ဆောက်ထားတဲ့ အာကာသယာဉ်တွေနဲ့ ကမ္ဘာပျက်ကပ်က ရှောင်ပြေးနိုင်ခဲ့ပြီး ဘေးဒုက္ခကနေ လွတ်မြောက်သွားပေမယ့် လက်တွေ့မှာတော့ ကမ္ဘာပျက်ခြင်းဟာ သေခြင်းတရားလို့ တနည်းအားဖြင့် အဓိပ္ပါယ်ရနေတော့ ၂၀၁၂ ဟောကိန်းတွေကို ယုံကြည်မိသူတိုင်း တုန်လှုပ်မိကြမှာပါပဲ။ ဒါပေမယ့် ကျွန်မတို့ တကယ်ကြောက်ကြကြေးဆိုရင် နောက်လာမယ့် ၃ နှစ်ကိုတောင် လှမ်းကြောက်စရာ မလိုပါဘူး။ ဘာကိုမှ မှန်းဆလို့မရတဲ့ လူ့ဘဝကြီးမှာ “မနက်ဖြန်” ဆိုတာတောင် ဘယ်သူ့အတွက်များ သေချာလို့လည်းနော်…


17 comments:
တလ အလို ပိုစ့်တွေထဲမှာ ညီမရေးတဲ့ ပိုစ့်က နောက်ကျပေမယ့် ၂၀၁၂ ရုပ်ရှင် ကြည့်အပြီး ရုပ်ရှင် သုံးသပ်ချက်လေးပါ ပါတော့ နောက်ကျရေးရကျိုးနပ်ပြီး ဖတ်လို့ကောင်းတဲ့ ပြည့်စုံတဲ့ ပိုစ့်လေး တခု ဖြစ်သွားပါတယ်...။
မတွေ့တာကြာလို့ သတိရနေတာ...
စာတွေ အများကြီး ဖတ်ဖို့ စောင့်နေတယ်နော်...
မရွှေပြည်သူရေ...
တက်ဂ်ပို့စ်လေးလာဖတ်ပါတယ်ဗျာ...။
တိုတိုရှင်းရှင်းလေးနဲ့တွေးပြီး ရေးထားတာလေးတွေကို ဖတ်ရတာကျေးဇူးပါခင်ဗျ...။
မနက်ဖြန်ကို ဘယ်သူမှမပိုင်ဘူးဆိုတာအမှန်ပါပဲဗျနော့..။
ခင်မင်လျှက်...
ဏီလင်းညို
”မနက်ဖြန်တွေ ဆိုတာတောင် ဘယ်သူ.အတွက်များသေချာလို.လည်းနော်“
အရမ်းကောင်းပြီးမှန်ကန်တဲ.စကားပါမရွှေပြည်သူ
ကမ္ဘာမပျက်ခင် ဆိုတဲ့ ပို့စ်တွေ များလွန်းလို့ သေချာမဖတ်တော့ပဲ နေနေတာ.. ဒါကတော့ 2012 ရုပ်ရှင်အကြောင်းပါပါလို့ စိတ်ဝင်စားသွားတယ်.. ကြည့်မလို့ဟာ မကြည့်ဖြစ်သေးဘူး။
ညီမ နေကောင်းသွားပြီထင်ပါတယ်။
စာလဲသေသေချာချာဖတ်မိပါတယ်။
ရုပ်ရှင် အကြောင်းဆိုတော့ လဲသက်ပြင်းတော့ ချမိပါတယ်။
တကယ်တော့ မနက်ဖြန် တင်မဟုတ်ပဲ ညီမ ကို တစ်ခု ဖြည့်ပြောချင်တာကတော့
" ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင်" မှာတင်ပဲ လူ့ ဘ၀ ဟာ ကုန်ဆုံးသွားနိုင်တာ ကို လဲ သတိချပ်မယ်ဆိုယင်တော့ လဲ ပို ကောင်းမလားပဲနော်။
ဆရာလုပ်တာ မဟုတ်ပါနော်။ :)
ငယ်ငယ်က သင်ခဲ့ဖူးတဲ့ စာလေးထဲ က မှတ်မိနေတာလေးပါ ညီမ။
မဟုတ်ပေမယ့် ဟုတ်သလောက်ရှိလာမယ့် ၂ဝ၁၂ ဆိုပါလားအစ်မရေ
ကျနော်ကတော့ “ငါလူ့ဘဝမှာနေခဲ့တုန်းက ( “ကောင်းမြတ်မှုကို ချစ်ခင်တတ်တဲ့လူ့ဗီဇစိတ်” သက်သက်နဲ့) လောကအတွက်ကောင်းတာတခုခုကို တကယ်လုပ်ချင်ခဲ့ဖူးတာပဲ။ အဲဒါ တိရ စ္ဆာန် စိတ်ဓါတ်မဟုတ်လို့ တိရစ္ဆာန်ဂတိတော့မလားတန်ကောင်းပါဘူး” လို့ယုံကြည်နေလိမ့်မယ်ထင်ပါ တယ်။(သံသရာဝဋ်ဆင်းရဲကမလွတ်မြောက်နိုင်သေးတာကိုတော့ပြောနေစရာပင်မလို။)ဘာပဲဖြစ်ဖြစ် ပျော်ပွဲစားခရီးတခုကို လူစုလူဝေးနဲ့တပျော်တပါးကြီးထွက်ရသလို ပျော်စရာကောင်းလိမ့်မှာပါဗျာ။ စကားမစပ် ဆရာကြီးထင်လင်းမြန်မာပြန်တဲ့ Albert Camus ရဲ့ ‘Plague’ဝတ္ထုကိုသတိရမိပါတယ်။ မြို့တမြို့ကို ပလိပ်ကပ်ရောဂါကြီး ကူးစက်လာတော့ လူအသီးသီးရဲ့သေခြင်းတရားကိုတုန့်ပြန်ပုံတွေ ရေးပြထားတဲ့ ဝတ္ထုလေ။
ရွှေပြည်သူရေ
ပျောက်နေတာကြာပေါ့နော်...
နေကောင်းရဲ့လား...
၂၀၁၂ ကို ကြည့်ချင်ပေမယ့် မကြည့်ရဲသေးလို့ ....
ဒီပို့စ်လေးမှာ အမြည်းလေး ဖတ်သွားပါတယ်...
သေခြင်းတရားနဲ့ နောက်ဆုံးနေ့က လက်တကမ်းအလိုမှာ အမြဲရောက်နေတတ်ပါတယ်...
၂၀၁၂ အထိ စောင့်ဖို့မလိုဘူးထင်ပါရဲ့.
နှင်း
ရွှေပြည်သူရေ
စာလာဖတ်သွားပါတယ်။ ရုပ်ရှင်အကြောင်းလေး မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။
လာဖတ်သွားပါတယ် ညီမ ရွှေပြည်...
တဂ်စ်ပို့စ်ဝတ္တုလေးက ကောင်းလိုက်တာ။ ဒီမှာလည်း အဲဒီရုပ်ရှင်ကားကို ကြော်ငြာနေပြီ။ ပြတောင်နေပြီထင်တယ်။ မကြည့်ဖြစ်သေးဘူး။
အခု အမြည်းလေးကို ဖတ်လိုက်ရတော့ ပိုကြည့်ချင်သွားတယ်။ ကမ္ဘာပျက်ရင် ကိုယ်ဘာဖြစ်မယ်ဆိုတာထက် လူအများဘယ်လိုတွေးပြီး ဘယ်လိုရင်ဆိုင်ဖို့ ကြိုးစားမယ်၊ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို (စိတ်ပညာပိုင်းကနေ) နည်းနည်းပိုစိတ်ဝင်စားနေမိတယ်။ ဒီပိုစ်လေးကို ကျေးဇူးနော်
စာတွေလာဖတ်သွားပါတယ်အစ်မရေ.. အစစအရာရာ အဆင်ပြေပါစေ..။
သေချာတာပေါ့ဗျာ .. အဲ့ဒီ နေ့ကိုစောင့်ရင်းနဲ့ နံနက်ဖြန် ဒါမှမဟုတ် နောက်၁နာရီအတွင်းမှာ ကိုယ်သေသွားခဲ့ရင်ရော ??
တကယ်ကောင်းတဲ့ သုံးသပ်ချက်တွေပါပဲ ..
အဲဒီရုပ်ရှင်ကတော်တော်နာမည်ကြီးနေတာနော် ကြည့်ဦးမှပဲ...
အစ်မရေ ကျွန်တော်တဂ်ထားတဲ့တဂ်ပိုစ်ကိုခုမှ
ဘဲလာဖတ်နိုင်တော့တယ်။ကျွန်တော်လည်းနေ
မကောင်းလို့ဆေးရုံတက်နေလို့ခုနေ့မှဘဲအ
ကြွေးတွေကိုလာဖတ်သွားပါတယ်။နောက်ကျမှ
လာဖတ်တဲ့အတွက်အစ်မရေနားလည်ပေးစေ
ချင်ပါတယ်။အစ်မပျော်ရွင်ချမ်းမြေ့ပါစေခင်ဗျာ။
ကျနော့ရင်ဘတ်ထဲ ကျန်နေခဲ့တဲ့ အခန်းက အဘိုးနဲ့မြေး ဖုန်းပြောတဲ့အခန်းလေးပါ။ နောက်ကျသွားပြီဆိုတဲ့ အသိကိုနောင်မှရတတ်တာမျိုးလေ။ အဲ့ဒီအခန်းက တကယ့်ကို စိတ်ထဲမှာ ကျန်နေရစ်ခဲ့တယ်...
ရွှေပြည်သူရေ။
ဒီပို့စ်လေးကိုဖတ်ရတာ ရသာမျိုးစုံခံစားရတယ်။
လူ့ဘ၀ရဲ့တန်ဘိုး။ သံယောဇဉ်။ သင်္ခါရတရား။ ကျေးဇူးတင်စရာ ကိုယ့်ပတ်ဝန်းကျင်။
မဆုံးနိုင်တဲ့ အတွေးတွေ။....။
Post a Comment