Tuesday, November 17, 2009

နေ့အိပ်မက်

မှိန်ဖျော့ဖျော့ လမ်းမီးရောင်အောက်မှာ အရာရာ မိုးရေတို့နဲ့ စိုရွဲနေချိန်...
လျှပ်စီးတွေ စူးကနဲ စူးကနဲ လက်နေချိန်...
အဝေးဆီက မိုးခြိမ်းသံတွေ ခပ်သဲ့သဲ့ ကြားနေရချိန်...
“ညှင်းလေ စာပေ” ဆိုတဲ့ ဆိုင်းဘုတ်လေး မိုးသက်လေကြောင့် တချပ်ချပ် ယိမ်းထိုးလှုပ်ရှားနေချိန်...

ဆိုင်ထဲကို... (တနည်းအားဖြင့်)... သူမ ဘဝထဲကို သူ... လှမ်းဝင်လာခဲ့သည်။ အဖျားစလေးတွေ စိုစွတ်နေတဲ့ လွယ်အိတ် အညိုလေးတစ်လုံး လွယ်လျက်နဲ့ပေါ့...

ဆိုင်ရှေ့က ခေါင်းလောင်းလေး ပရမ်းပတာ လှုပ်ခါသွားတဲ့အထိ မိုးလွတ်အောင် ပြေးဝင်လာပေမယ့် ထူးထူးခြားခြား သူစိုရွှဲမနေခဲ့။

“ဆိုင်ဖွင့်သေးလားဗျ”


လူတစ်ယောက်လုံး ဆိုင်ထဲရောက်ပြီးမှ မေးနေပြန်သေးသည်။ သူ့ဆံပင်တိုတို နက်နက်လေးတွေထဲက ရေမှုန်တွေကို ကြည့်ရင်း သူမခေါင်းညိမ့်ပြမိတော့ သူပြုံးလိုက်ရင်း စာအုပ်စင်တွေဆီ တန်းလျှောက်သွားတော့သည်။ နောက် ၁၀မိနစ်နေရင် ဆိုင်ပိတ်တော့မှာကို ပြောမပြဖြစ်တော့။ စာချစ်သူတွေရဲ့ စာအုပ်တွေကြားမှာ ပျော်မွေ့ချင်စိတ်ကို သူမ ဘယ်တုန်းကမှ မတားခဲ့ပဲလေ...။

သိပ်မကြာခင်မှာပဲ ခပ်ဟောင်းဟောင်း စာအုပ်အညိုလေးကို ကိုင်ရင်း သူပြန်ထွက်လာသည်။ ရောင်းဖို့မဟုတ်ဘဲ ဆိုင်မှာပဲ Reference အဖြစ်ပေးဖတ်တဲ့ စာအုပ်လေး...။ ဒါဆို သူစာထိုင်ဖတ်ဦးမည်ပေါ့။ လူလာနည်းတဲ့ သူမဆိုင်ကလေးမှာ စာဖတ်ဖို့နေရာလေး တစ်နေရာသာ ရှိသည်။ သူက စာဖတ်စားပွဲရဲ့ ကုလားထိုင်မှာ လွယ်အိတ်ကလေးကို သေသေသပ်သပ်ချိတ်လိုက်ရင်း စာကြည့်မီးအိမ်ကလေးကို ချပ်ကနဲ ဖွင့်လိုက်သည်။ မျက်နှာကျက်ဆီက မီးရောင်က စာအုပ်ထိုင်ဖတ်လို့ အဆင်မပြေလောက်အောင် ဝါကျင်အားဖျော့သည်လေ။ နေသားတကျထိုင်ပြီးမှ သူ သတိတရမေးသည်...

“ဆိုင်က ဘယ်အချိန် ပိတ်တာလည်းဗျ”
“စာဖတ်တဲ့သူတွေ စာဖတ်လို့ ပြီးတဲ့အချိန်ပေါ့” သူမ ပြုံးရင်းဖြေတော့ သူ့မျက်နှာမှာ အားနာမှုတချို့ ဖြတ်ပြေးသွားသည်။
“ဒါဆို ကျွန်တော့ကို စောင့်နေရတာလား။ ပုံမှန်အချိန်ပဲ ပိတ်ပါ။”
“ပုံမှန်အချိန်ဆို လွန်ခဲ့တဲ့ ၃မိနစ်လောက်ကတည်းထဲက ပိတ်သွားပါပြီ...။ အားမနာပါနဲ့။ ကျွန်မလုပ်စရာလေးတွေ လုပ်ရင်းစောင့်ပါ့မယ်...”
“ခင်ဗျား ပြန်ချင်တဲ့ အချိန်ကျရင် ကျွန်တော့ကို ပြောပါ။ ကျွန်တော် မနက်ဖြန်ခရီးမထွက်ခင် ဒီစာအုပ်ကလေး ဖတ်သွားချင်လို့ပါ...။ သူငယ်ချင်းတစ်ယောက်က ဒီမှာ ရှိတယ် ညွှန်လိုက်လို့။ ဒါမှ မဟုတ်... ရောင်းလို့များ... ”
“အဲဒီ စာအုပ်က ရောင်းဖို့ မဟုတ်လို့ပါ။ စိတ်မရှိပါနဲ့နော်။ စိတ်ကျေနပ်တဲ့အထိ ဖတ်ပါ။ ညဥ့်နက်သွားလည်း ကိစ္စမရှိပါဘူး။ ကျွန်မအိမ်က ဟိုဘက်လမ်းတင်။”

သူမ အပြုံးနဲ့ ပြောတော့ သူစိတ်နည်းနည်းအေးသွားပုံနဲ့ စာအုပ်ကို ဖွဖွလေးစလှန်သည်။

ခဏကြာတော့ သူမကော်ဖီဖျော်ပြီး သူ့ကိုလည်း တခွက်တိုက်ဖြစ်သည်။ တဝေါဝေါသည်းနေဆဲ မိုးသံတွေနဲ့အတူ... မီးရောင်အောက်မှာ အေးချမ်းငြိမ်သက်စွာ စာဖတ်နေတဲ့ လူတစ်ယောက်ကို အမှတ်မထင်ငေးမိသွားသည်။

သူမနားထဲမှာ မိုးသံတွေက ဂီတဖြစ်သွားသလိုပဲ...

======================================

နောက်တော့ သူတစ်ပတ်လောက်ပျောက်သွားသည်။ သူပြောသလို ခရီးသွားတာဖြစ်မှာလို့ သတိတရ တွေးနေမိတုန်း သူပြန်ရောက်လာသည်။ နောက်တော့ အပတ်စဉ်တိုင်း... နောက် တရက်ခြား... နောက် နေ့တိုင်းလိုလို... နောက်... နေ့တိုင်း... သူ ရောက်ရောက်လာတတ်သည်။

“ညှင်းလေ”က သူမအတွက် အိမ်ဆိုရင် သူဟာ “ညှင်းလေ”ရဲ့ မကြာခဏ ခရီးထွက်နေတတ်နဲ့ အိမ်သားတစ်ယောက်နဲ့ တူလာသည်။ ဆိုင်ရဲ့ ရှားရှားပါးပါး ဖောက်သည်တွေထဲက တချို့ကတောင် သူ့ကို ဆိုင်နဲ့တနည်းနည်း ပတ်သက်သူလို့ ထင်လာကြသည်အထိ။ တခါတခါ သူဝယ်တဲ့ စာအုပ်တွေကိုတောင် ဆိုင်မှာသာ အပြီးထိုင်ဖတ်တတ်သည်။

သူက “ညှင်းလေ” ရဲ့ စာဖတ်စားပွဲလေးကို စွဲလမ်းသတဲ့။ သူ ဒီလို ပြောတိုင်း စာဖတ်စားပွဲဆီက ငြိမ်သက်အေးချမ်းတဲ့ ပုံရိပ်တစ်ခုရယ်... စာအုပ်ထဲမှာ နစ်မြောရင်းက တိုးညှင်းစွာထွက်လာတတ်တဲ့ ခပ်သဲ့သဲ့ ရယ်သံတချို့ရယ်ကို စွဲလမ်းစပြုနေတဲ့ သူမအဖြစ်ကို ရှက်ရွံ့ရင်းနဲ့ မလုံမလဲသာ ပြုံးပြမိသည်။

“စာဖတ်နေရရင် ဆေးလိပ်မသောက်ဖြစ်တော့ဘူးဗျ”
“ဒါဆို အမြဲတမ်း စာလာဖတ်နေပေါ့...” ပြောရင်း ကိုယ့်အတွေးနဲ့ ကိုယ် သူမရှက်မိပြန်သည်။
“အင်း အခုအဲလိုပဲ လုပ်နေတာ...။ နေ့လည်ဘက်ကျတော့လည်း အလုပ်များလွန်းလို့ ဆေးလိပ်လေးတောင် အေးအေးဖွာဖို့ အချိန်မရဘူး။ ညနေကျတော့ ကျွန်တော် ဒီမှာစာလာဖတ်နေလိုက်တယ်...။ မကောင်းဘူးလား...”

စာဖတ်စားပွဲရယ်... စာအုပ်တွေရယ်... ဆေးလိပ်လျော့သောက်ချင်စိတ်ရယ်ကြောင့်သာ သူ“ညှင်းလေ”ကို လာနေမှန်း သူမသဘောပေါက်မိတော့ ဝမ်းနည်းရပြန်သည်။ နောက်သူက အလုပ်သိပ်များသတဲ့။ ဘာတွေလည်း သိချင်ပေမယ့် မမေးမိ။ သူ ပြောဖူးသေးသည်...

“ကျွန်တော့မှာ အိမ်မက်တွေ အများကြီးရှိတယ်။ အိပ်မက်ဆိုပေမယ့် စိတ်ကူးယဉ်သက်သက်တော့ မဟုတ်ဘူးပေါ့...။ လက်တွေ့ကျကျ မက်ထားတဲ့ အိပ်မက်လေးတွေ...။ ခင်ဗျားမှာရော အိပ်မက်တွေရှိလား...” သူက ကဗျာဆန်ဆန်မေးတော့ ညက သူ့ကို အိပ်မက်တဲ့အကြောင်းကို ရှက်တက်တက်တွေးမိရင်း ခေါင်းကိုသာ သွက်သွက် ခါပြမိသည်။
“ကျွန်တော့အိပ်မက်တွေကိုရော သိချင်လား...”
“သိချင်ပါတယ်... ဒါပေမယ့် ကျွန်မဥာဏ်မီပါ့မလား...”
“ဟားဟား မီပါတယ်ဗျာ။ ကျွန်တော့အိပ်မက်ရဲ့ အခြေခံကို ခင်ဗျားရော ကျွန်တော်ရော ငယ်ငယ်တုန်းက ကျောင်းမှာ ဆိုဖူးကြပါတယ်... မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်... မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်... မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်... မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်... အဲဒါလေးလေ”

သူမ သူ့ကို ငေးနေမိသည်။

“အခုတော့ ကျွန်တော်က ကိုယ့်ကိုကိုယ်ကောင်းအောင် ကြိုးစားဆဲအချိန်ပေါ့။ အဲဒီနောက် အင်း... တိုင်းပြည်တွေဘာတွေနဲ့ ချီပြောရအောင်က ကြီးကျယ်လွန်းပါတယ်လေ။ အနည်းဆုံး ကိုယ့်ပတ်ဝန်းကျင်လေးပေါ့။ ကျွန်တော် သူများတွေကို ကူညီနိုင်တဲ့လူပဲ ဖြစ်ချင်တယ်။ အဲဒါမှ လူဖြစ်ရတာ အဓိပ္ပါယ်ရှိမှာ...”

တချို့ညနေတွေမှာ အဲဒီလိုစကားတွေ ကောင်းရင်း စာမဖတ်ဘဲ သူအိမ်ပြန်သွားတတ်သည်။
“ရှင် ဒီညနေ စာတောင်ဖတ်မသွားရဘူး”
အဲလိုအခါမျိုးတွေမှာ သူက သူမ မျက်လုံးတွေကို တစိမ့်စိမ့်စိုက်ကြည့်ရင်း...
“ဖတ်ပါတယ်... ခင်ဗျားကို ဖတ်သွားတယ်လေ...”
သူမ ရှက်ရွံ့ရင်ခုန်စွာ...
“ဟင် ကျွန်မက စာအုပ်မှ မဟုတ်တာ”
“လူတိုင်းက စာအုပ်တွေလိုပါပဲ... ချရေးမထားတာပဲ ရှိတာ။ ခင်ဗျားလည်း စိတ်ဝင်စားစရာ ကောင်းတဲ့စာအုပ်တစ်အုပ်ပါ...”
သူမ ကျေနပ်ရယ်မြူးစိတ်နဲ့...
“ဒါဆို ရှင်ဖတ်တာ ဘယ်စာမျက်နှာရောက်သွားပြီလဲ...”
သူရုတ်တရက် ရှက်သလို မျက်နှာလွှဲပြီး...
“ကျွန်တော် စာမျက်နှာတွေ ကျော်ဖတ်မိတယ်...”
ခပ်ပြုံးပြုံးနဲ့ တိုးလျလျပြောပြီး သူ အပြေးတပိုင်း ထွက်သွားတော့သည်။ အဲဒီလို ညနေတွေဆိုရင်တော့ သူသောက်သွားတဲ့ ကော်ဖီခွက်ကလေးကို တယုတယ ဆုပ်ကိုင်ရင်း စာဖတ်စားပွဲလေးမှာ သူမအချိန်ကြာမြင့်စွာ ထိုင်နေမိတတ်သည်။

====================================

သူ့ကို သတို့သမီး ဝတ်စုံချုပ်တဲ့ဆိုင်မှာ တွေ့မိတော့ သူမနှလုံးသွေးရပ်မတတ် ဖြစ်သွားသည်။ ထောင့်အကွယ်ကနေ လက်ဖျားတွေ အေးစက်ရင်း ခေါ်သင့်မခေါ်သင့် စဉ်းစားနေတုန်း သူနဲ့ ဆိုင်ပိုင်ရှင် မသွယ်တို့ စကားတွေကို တစွန်းတစ ကြားလိုက်ရသည်...

“အဖြူမှ အဖြူတဲ့ မသွယ်ရာ။ မလှပါဘူး ဆိုနေမှ...” သူ့အသံက ချိုလွင်ရွှင်မြူးနေသည်။
“ဟယ် သူကြိုက်တာ ဝတ်ပါစေ။ မိန်းကလေးဆိုတာ တသက်မှ တစ်မင်္ဂလာလေ။ သူစိတ်ချမ်းသာဖို့ အရေးကြီးတယ်...”
“ဟောဗျ။ အဲလိုပြောတော့ ယောက်ျားလေးတွေကျတော့ ခဏခဏပဲ ဆောင်နေသလိုလို...”

ရယ်သံတွေကြောင့် သူမ ငိုချင်သလိုဖြစ်လာတုန်း...

“ဟဲ့ လာလေ”

မသွယ်ဘေးက သူငယ်ချင်းက လှမ်းခေါ်လိုက်တော့ အားလုံးသူမကို မြင်သွားကြသည်။ သူ့မျက်နှာမှာ အံ့သြဝမ်းသာမှုက အထင်းသား...။ မသွယ်ကို နှုတ်ဆက်စကားပြောနေတော့ ပြုံးရင်းသူမကို စိုက်ကြည့်နေတဲ့သူ့ကို မျက်လုံးထောင့်မှာ တွေ့ရသည်။

“ဒီနှစ်ယောက်က သိကြတယ်လား...” မသွယ်မေးတော့...
“ဟုတ်တယ်ဗျ... ကျွန်တော် သူ့စာအုပ်ဆိုင်လေးကို တော်တော်ရောက်ဖြစ်တယ်...” နောက်စကားကို မဖြတ်ဘဲ သူမကို လှည့်ကြည့်ရင်း “ကျွန်တော့ အစ်မအတွက် သတို့သမီးဝတ်စုံလာရွေးတာ... ဟို... တစ်ယောက်ထဲ ရှိတဲ့ အစ်မအရင်းလေ...”
သူ့အလောသုံးဆယ် ဖြေရှင်းချက်ကြောင့် မသွယ်နဲ့ သူမသူငယ်ချင်း ပြုံးစိစိဖြစ်သွားသည်။ သူမကတော့ သူမမျက်နှာကို သူဖတ်မိသွားပြန်ပြီလားဆိုတဲ့ အတွေးနဲ့ ရှက်သွားသည်။

“ခင်ဗျားရော... ဘာလာလုပ်တာလည်း...။ သူငယ်ချင်း မင်္ဂလာဆောင်မှာလား” သူငယ်ချင်းကို မေးငေါ့ရင်း ပြောချင်ရာကို ဇွတ်ပြောလိုက်ပုံက သူမကို ပိုညွတ်နူးသွားစေသည်။ သူကလွဲလို့ အားလုံးရယ်ကြသည်။ မသွယ်က သူမသူငယ်ချင်းကို လှမ်းဖက်ရင်း...
“အမယ်လေး ဒါ ဒီမှာနေတဲ့ ကျုပ်ညီမဝမ်းကွဲလေး ပါတော်။ ဘယ်သူမှ မင်္ဂလာမဆောင်ဘူး။ စိတ်ချ”

မသွယ် အဓိပ္ပါယ်ပါပါ မျက်စောင်းထိုးရင်းပြောတော့ သူပြုံးပြီး အခန်းထောင့်မှာ ငြိမ်သက်စွာ သွားထိုင်နေတော့သည်။ သူမ ပြန်ဖို့ပြင်မှ သူထလာပြီး...
“ခင်ဗျား ဆိုင်ကို တန်းသွားမှာလား။ ကျွန်တော်လည်း အပြန်ဝင်မလို့။ အတူတူ သွားမယ်လေ...”
သူမဆိုင်ကလေးက အဲဒီကနေ လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာပဲ ရှိသည်။ သူမမှာ ငြင်းဆန်ဖို့ အကြောင်းမှ မရှိဘဲ...

===========================================

အဲဒီညနေလောက် ဆိုင်ကိုသွားရတဲ့လမ်း ဘယ်တုန်းကမှ မလှခဲ့။ သူက သူမဘေးမှာ အတွေးတွေနဲ့ ငြိမ်သက်စွာ လျှောက်လာသည်။
“ရှင့်အစ်မက ဘယ်ဟိုတယ်လ်မှာ ဆောင်မှာလည်း"
သူက နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း...
“ခင်ဗျားက ကျွန်တော်တို့ကို သူဌေးတွေထင်နေတုန်းလား။ အိမ်မှာပါပဲ။ အရမ်းရင်းတဲ့အမျိုးတွေချည်းပဲ လာမှာ။ လူ ၁၀ယောက်လောက်ပါပဲ။ အမေတို့က ရှေးအစဉ်အလာအတိုင်းလေး လုပ်ချင်လို့တဲ့။ လက်တွေကို အဝတ်လေးနဲ့ ချည်ပြီး မင်္ဂလာဘိတ်သိတ် သွန်းတာလေ။ သိပ် အဓိပ္ပါယ် ရှိတာပဲ။ အဲတော့ အစ်မက ထိုင်မသိမ်းလေး ဝတ်ချင်တယ်ဆိုလို့ ချုပ်ဖြစ်သွားတာ။ မသွယ်ကလည်း ခင်နေတော့ အများကြီးလျော့ယူတယ်လေ...”
“ကျွန်မက ရှင်ဆောင်မှာ ထင်နေတာ...” သူမ ရယ်စရာလိုပြောပေမယ့် သူ့မျက်နှာနည်းနည်း တည်သွားသည်။ နောက်မှ သူမကြားရရုံလေး ပြောသည်။
“ဘယ်တော့မှ မဆောင်ပါဘူးဗျာ...”
“ဘယ်လို...”
သူက လမ်းဘေးက သစ်ပင်စိမ်းစိမ်းတွေကို ငေးရင်း...
“ကျွန်တော် မချည်နှောင်ရက်ဘူး။ ကျွန်တော်က လေလိုလွင့်နေတဲ့လူ။ ခင်ဗျားသိတဲ့အတိုင်း ခုလုပ်နေတဲ့ ပရဟိတအလုပ်တွေအတွက် လိုအပ်ရင် ချက်ချင်းကောက်ထသွားတာ။ ဘာကိုမှ လှည့်မကြည့်တတ်ဘူး။ လှည့်ကြည့်စရာလည်း ရှိမလာချင်ဘူး။ ကျွန်တော်လုပ်နေတာတွေကို ကျွန်တော် အဲဒီလောက်ချစ်တယ်။”
“ချစ်သူတစ်ယောက်ထက် ပိုချစ်နိုင်တယ်လား...”
“အချစ်ချင်း မတူပေမယ့် ယှဉ်ပြောရရင် ချစ်သူနဲ့ တန်းတူချစ်တယ်။ ဒါပေမယ့် အချိန်ကိုတော့ ပိုပြီးပေးမိလိမ့်မယ်။ အဲဒီအခါတွေမှာ သူနားလည်မှုတွေနဲ့ အထီးကျန်နေခဲ့မှာကို ကျွန်တော်သနားတယ်”
သူမ နဖူးစပ်က ဆံနွယ်တွေကို ကြည့်ရင်း သူဆက်ပြောသည်။
“ခက်တယ်ဗျာ... ကျွန်တော်လေ... တစ်ယောက်ယောက်ကို ချစ်နေပြီ”
“ဒါဆို ရှင်... ဘယ်လိုလုပ်မလဲ။ သူ့ကို ထားခဲ့မှာလား” ထိန်းထားတဲ့ကြားက သူမအသံတို့ အဖြားခတ်တုန်ယင်နေသည်...။ သူတိတ်သွားပြီးမှ...
“ကျွန်တော်... စဉ်းစားနေတာ... မနေ့ညကတည်းက...”
“ထားခဲ့ရင် သူ့အပေါ်မှာ မတရားရာ မကျဘူးလား... ”
“ကျွန်တော့်အိပ်မက်တွေနောက် သူပါလိုက်ဖြည့်ဆည်းရင်း သူ့အိပ်မက်တွေ ပျောက်ကုန်မှာ စိုးလို့ပါ။ အဲဒါကမှ တကယ်မတရားတာ မဟုတ်ဘူးလား။ သူ့မှာလည်း အိပ်မက်တွေ ရှိမှာပါပဲ...”

သူမကိုယ်သူမ ထိန်းချုပ်ထားတဲ့ကြားကပဲ...

“သူ့အိပ်မက်က ရှင်ဖြစ်နေခဲ့ရင်ရော... သူ့အိပ်မက်ကိုက ရှင့်အိပ်မက်တွေကို ဖြည့်ဆည်းပေးတာ ဖြစ်နေရင်ရော...”

တဆတ်ဆတ်တုန်နေတဲ့ သူမ နှုတ်ခမ်းတွေဆီက မေးခွန်းအဆုံးမှာ ဆိုင်လေးကို ရောက်လာကြသည်။ သူက သူမကို နူးနူးညံ့ညံ့ စိုက်ကြည့်သည်။ ဆိုင်ထဲကို တော်တော်နဲ့ မဝင်ဖြစ်ကြ...။ ခဏနေမှ သူက တံခါးဖွင့်ရင်း...

“လာ... ကျွန်တော်တို့ စာအုပ်တစ်အုပ်လောက် ဖတ်ကြရအောင်...”
“ရှင်ပဲ ဖတ်ပါ... ကျွန်မ... အခု စာဖတ်ချင်စိတ်မရှိဘူး...”

ပြောရင်း ပြတင်းပေါက်နားသွားထိုင်ရင်း တစစ စွေရွာလာတဲ့ မိုးစက်တွေကို ငေးနေမိသည်။ သူကတော့ စာဖတ်စားပွဲဆီကို စာအုပ်တစ်အုပ်နဲ့ လျှောက်သွားသည်။ ဘာကိုမှန်းမသိ ဝမ်းနည်းပြီး ကျလာတဲ့ မျက်ရည်တစ်စက်ကို မသုတ်ရဲ။ သူမလှုပ်ရှားမှုကြောင့် ငိုနေတာကို သူသိသွားမှာကို စိုးသည်။ ရုတ်တရက် သူ အနားမှာ ခုံကိုချပြီး ထိုင်လိုက်တော့ သူမ ဆတ်ကနဲ တုန်သွားသည်။ ထင်မှတ်မထားပါဘဲ သူ လက်ညှိုးလေးနဲ့ သူမမျက်ရည်စက်ကို ညင်သာစွာ တို့သုတ်လိုက်သည်။ နောက် ကလေးတစ်ယောက်ကို ချော့မော့တဲ့လေသံနဲ့...

“စာမဖတ်ချင်ရင် စကားပြောမယ်လေ...”

သူမ ခေါင်းကို အသာအယာခါပြမိသည်။ သူ သူမကို အချိန်အတန်ကြာ ငေးမောပြီးမှ...

“ကျွန်တော် ပြန်တော့မယ်...”

သူမ အလန့်တကြား မော့ကြည့်မိရင်း ခြောက်ကပ်ကပ် မေးမိသည်။

“မနက်... မနက်ဖြန်ရော... ပြန်လာဦးမှာလား”

“ခင်ဗျား အိပ်မက်ကို ပြောမပြသေးဘူးနော်...” မဆိုင်လှသော စကားကို သူဆိုပြီး ညင်ညင်သာသာ လှည့်ထွက်သည်...

“စောစောလေးကတင် ကျွန်မပြောလိုက်တယ်လေ...” လှည့်မကြည့်ဘဲပြောလိုက်တဲ့ ခပ်တိုးတိုးစကားအဆုံး ဆိုင်တံခါးက ညင်သာစွာ စေ့ပိတ်သွားသည်။

အရာရာ တိတ်ဆိတ်လျှက်... မိုးကတော့ စွေလို့ကောင်းဆဲ။ သူမကတော့ သူ့ကို ထီးမိုးပေးချင်စိတ်တွေနဲ့ နာကျင်ကျန်ရစ်ခဲ့သည်။

===========================================

မနက်ခင်းနေခြည်တောက်တောက် အောက်မှာ “ညှင်းလေ”ကို စောစီးစွာ သူမ ဖွင့်ဖြစ်သည်။ စာကြည့်စားပွဲလေးကို ပြောင်လက်နေအောင် တိုက်ပြီး နှင်းဆီနီနီလေးတစ်ပွင့်နဲ့ ပန်းအိုးထိုးသည်။ နောက် သူဖတ်လက်စ စာအုပ်တချို့ကို ပွေ့ပိုက်ရင်း စာကြည့်စားပွဲလေးပေါ်မှာ ညင်သာစွာ မှောက်အိပ်နေမိတော့သည်။

သူမနားထဲမှာ ဆိုင်ရှေ့က ခေါင်းလောင်းလေး မဆိုစလောက် လှုပ်ရမ်းသံနဲ့ တံခါးဖွင့်သံ တိုးသဲ့သဲ့ ကြားရသည်...။ နောက် သူမချစ်ရသော ခြေသံ... အနားရောက်လာတဲ့ နွေးထွေးသော အရိပ်တစ်ခု... ခုံကိုထိထားတဲ့ သူမကျောပြင်ကို မသိမသာ ပွတ်တိုက်သွားတဲ့ လွယ်အိတ်လေးရဲ့ အထိအတွေ့... အရာအားလုံးရဲ့ နောက်ဆုံးမှာတော့ ညင်သာတဲ့ သူ့စကားသံ...

“မနေ့က ထီးလာမိုးပေးမလားလို့ ထိုင်စောင့်လိုက်ရတာ။ နောက်ပြီး... ခင်ဗျားအိပ်မက်တွေ အကြောင်းလည်း သေချာ ထပ်ပြောပြဦးလေ...”

မျက်နှာပေါ်ဖြာကျနေတဲ့ နေခြည်နွေးနွေးအောက်မှာ မျက်လုံးတွေကို မဖွင့်ဘဲ သူမ ပြုံးလို့သာနေမိတော့သည်...

ရွှေပြည်သူ
(22-Aug-2009)

Tag ပို့စ်လေးတစ်ခုအတွက် ရေးရာကနေ လမ်းချော်သွားလို့ မတင်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ဖတ်ရှုဝေဖန်ပေးကြပါဦးနော်...

37 comments:

someone said...

လှလိုက်တာ..။(တော်ပြီ၊ များများပြောနေရင်ခင်ဗျားဝတ္ထု လေးသန့်သန့်ရှင်းရှင်းလှနေတာပျက်သွားမှာစိုးလို့လေပွား ချင်နေတာကိုဘရိတ်အုပ်ထားလိုက်တော့မယ်ဗျာ။ချမ်းမြေ့ပါစေ။)

ထိုက်ဦး said...

မမပြန်လာပြီးလာ

ဇော် said...

ဟုတ်တယ် .. ကိုSomeone ပြောတာမှန်တယ်ဗျ .. သိပ်လှတာပဲ .. ကျနော်လဲ သိပ်မပြောတော့ဘူးနော် .. လှတာလေး ပျက်သွားမှာ စိုးမိတယ် ..
အကြိုက်ဆုံးအပိုဒ်လေးကတော့ လူတိုင်းက စာအုပ်တွေလိုပါပဲ ဆိုတာလေးလေ .. သိပ်ကြိုက်တာပဲ .. ဒါလေးကို ဖတ်နေရင်းနဲ့ ကျနော့်စိတ်ထဲမှာ စာရေးသူရဲ့ မျက်နှာလေးကို ထိုင်ငေးရင်း သူဘာတွေတွေးနေမလဲဆိုတာကို ထိုင်ဖတ်ကြည့်ချင်စိတ်ဖြစ်လာမိတယ်ဗျာ .. ပြီးတော့ စာတွေကို ပိုချစ်လာမိတယ် ..

ss said...

so sweet! very lovely story.

အပြုံးပန်း said...

အရမ်းကောင်းပါတယ်ရွှေပြည်သူ။
လှစ်ဟာတာ လုံးဝမရှိဘူး၊ စကားလုံးတွေလည်းအရမ်းလှတယ်။

kelvin said...

superB Novel, I love it .

့hnin said...

မမရွှေပြည်သူ
စာလာဖတ်သွားတယ်နော်
ဘယ်လိုပြောရမှန်းတောင်မသိဘူး
အရမ်းကောင်းလွန်းလို့ .... ဇာတ်ကောင်လေးတွေရဲ့စရိုက်ကို အထူးသဖြင့် သဘောကျတယ် ... ရေးသားမှုကိုတော့ မပြောတော့ဘူး
ရွှေပြည်သူ ရေးတာပဲလေ ...း)
တစ်ခြားအိုက်ဒီယာလေးတွေနဲ့ ဒီလိုပုံစံ
ဝတ္ထုတိုလေးတွေ များများရေးနိုင်ဖို့
တိုက်တွန်းပါတယ် မမ ....
ခင်မင်လေးစားလျှက်
ညီမလေး နှင်းဟေမာ

a2z said...

ဟောဒီစာသားလေးကိုအင်မတန်လေးစား/နှစ်သက်မိ ပါတယ်။ “ကျွန်တော့်အိပ်မက်တွေနောက် သူပါလိုက်ဖြည့်ဆည်းရင်းသူ့အိပ်မက်တွေ ပျောက်ကုန်မှာစိုးလို့ပါ။အဲဒါကမှတကယ်မတရားတာမဟုတ်ဘူးလား။သူ့မှာ လည်းအိပ်မက်တွေရှိမှာပါပဲ” ဆိုတာလေ။ ကျွန်တော်တို့တစုံတယောက်ကို အစစ်အမှန်ချစ်မချစ်ဆိုတာသူ့အတွက် ဘယ်လောက်ထိတွေးပေးသလဲဆိုတာနဲ့ တိုင်းကြည့်ရင်အလွယ်လေးသိနိုင်တယ်လို့ထင်ပါတယ်။ ဒီစကားနဲ့ “သူ”က“သူမ”ကိုအရမ်းချစ်တာဖြစ် ကြောင်းပေါ်လွင်လှပါတယ်။

ရွာသားလေးဝိုင်တီယူ said...

အရင်ဇာတ်လမ်းလေးတွေနဲ့ကွဲပြားတယ်
မာနချင်းပြိုင်ဖို့ ဒါမှ မဟုတ် အလွမ်းတွေပေးတဲ့ ဇာတ်တွေဖတ်နေရင်း...
ဒီလို ချစ်စဖွယ်ဇာတ်လေးတွေကိုဖတ်ရတော့ သိင်္ဂါရ ရသနဲ့အတူ ချစ်ခြင်းမှာ ကြည်နူးနှစ်သိမ့်မှုတွေ ရှိနေတယ်ဆိုတာကို ပြန်သတိရမိတယ်။
ပူလောင်တဲ့ ချစ်ခြင်းတွေ မဟုတ်ပဲ အေးဆေးတဲ့ အိပ်မက်တူတူမက်မယ့် ချစ်သူတွေအတွက် သိပ်လှပတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ.....

nainai14 said...

အမရေ မျက်လုံးမဖွင့်ပဲပြုံးတာ ဘာလို့လဲ ဟင် ......
အိပ်ငိုက်နေတာလား .............
ဟီဟိ ..... နောက်တာနော် ......... အချိန်ရရင် လာခဲ့ပါဦးမယ်

သက်ဝေ said...

ချစ်စရာ... ပြီးတော့ ကြည်နူးစရာကောင်းတဲ့ ဝတ္ထုလေးနော်...
အခုတလော ခက်ခဲတာ... အဆင်မပြေကြတဲ့ ချစ်ခြင်းတွေကိုသာ တွေ့နေရတော့ လောကကြီးမှာ အခုလို ကြည်နူးစရာကောင်းတဲ့ ချစ်ခြင်းတွေလဲ ရှိနေနိုင်ပါသေးလား လို့ သတိရသွားစေတဲ့ ပိုစ့်လေးပါ...
ကျေးဇူးပါ ညီမရေ...

ဒဏ္ဍာရီ said...

မမရေ ........ မဖတ်ရတာကြာတဲ့ အရေးအသားတွေ ကြားထဲက အခုလို ကြည့်နူးဖွယ် ဇတ်လမ်းလေးကို ဖတ်လိုက်ရတာ ကိုယ်ပါရြော့ပီး ရင်ခုန်သွားသလိုပဲနော်။း) အိမ်မက်ချင်းမတူပေမယ့် နားလည်မှုတွေနဲ့ ဖြည့်ဆည်းပေးမယ့် အိမ်မက်ရှင်လေး ရှိနေတာ ကံကောင်းတာပေါ့။

အရမ်းကို ကောင်းတဲ့ ၀ထ္ထုလေးပါ မမရေ...။

ခင်မင်လေးစားလျှက်

mgphyulay said...

ဂွတ်တယ် မမရေ..
ကောင်းသဗျ...
ကြည်နူးစရာဇာတ်လမ်းလေး ..


ပုလုကွေး

poemflower said...

အမရေ ဖတ်လို့ကောင်းတယ် ရသမြောက်တဲ့ ပို့စ်လေးပါ

panchi said...

စာရေးဆရာမလေးရေ....
စာချစ်သူလေးနှစ်ယောက်အကြောင်း ရေးတတ်လိုက်ပုံများ..
ဒီကစာဖတ်သူရင်ဘတ်ကြီး..လာထိပါရောလား။

လေးစားချစ်ခင်တဲ့...
ပန်းချီ :)

linn said...

ညီမလေးရေ..
ပြန်လာပြီပေါ့ .. ရွှေပြည်သွားပြီး ပြန်လာတာနဲ့ ကလောင်စွမ်းက ပိုထက်လာသလိုပဲ .. အရမ်းကောင်းတယ် .. ဖတ်ရတာ .. ပေးထားတဲ့ ရသလေးကလဲ လွမ်းရတော့မလိုလိုနဲ့ ကြည်နူးစရာ ဖြစ်သွားတယ် ...
ခင်မင်စွာဖြင့်
အစ်မလင်း

လသာည said...

ဟုတ်တယ်..တအားကို ဖတ်လို့ကောင်းတာပဲ..။ ၀တ္တုထဲက သူမလေးဖျော်တိုက်တဲ့ ကော်ဖီတောင် ကိုယ်သောက်လိုက်ရသလို အရသာရှိလိုက်တာ..။ စာရေးဆရာမလေး.. ဒီထက်ပိုရေးနိုင်ပါစေ.. အမြဲအားပေးနေတယ်။

ကောင်းမွန်ဝင်း said...

ရွှေပြည်သူရေ
ပြန်လာတဲ့ အချိန်မှာ အခုလို ပို့စ်လေးနဲ့ ထွက်လာတာ အရမ်းကိုဝမ်းသာပါတယ်။
သိပ်ကောင်းတာပဲနော်။ ဘယ်လိုကောင်းသလဲ ဆိုတာကတော့ ဖတ်တဲ့သူတိုင်းသိကြပါတယ်ပေါ့။

~ဏီလင်းညို~ said...

ဖတ်ရင်းနဲ့တောင်..မျက်စိထဲမြင်လာတယ်...။
ကောင်းတယ်ဗျာ...။
(မရွှေပြည်သူရေ... ပြီးခါနီးလေးမှာ...“ဆိုင်ရှေ့က ခေါင်းလောက်လေး” ဖြစ်နေတယ်ဗျ...။ ၀တ္တုလေးကို ပိုလှစေချင်လို့ပါနော့...။)

အားပေးနေတဲ့

ဏီလင်းညို

Army Soul said...

အဆုံးသတ်လေးကို ပိုလှစေချင်တယ်ဗျာ.

အရေးအသားကတော့ အလေးမထားပဲကို မနေနိုင်ပါဘူးဗျို့..

အားပေးပါတယ်

အိမ့်ချမ်းမြေ့ said...

အရမ်းကြိုက်တာပဲ ညီမရယ်....

တစ်မျိုးလေးပဲ ခံစားလိုက်ရတယ်..

a.jorson said...

အမရွှေပြည်သူရေ..commentမဟုတ်တဲ့စကားတွေပေါ့ပေါ့ပါးပါးပြောလို့ကောင်းအောင်cboxလေး ပြန်ထားပေးရင်ကောင်းမလားမသိဘူးဗျ။ ဥပမာ၊“သူ”က“ဆိုင်ဘယ်တော့မပိတ်မှာလည်းဗျ။”လို့မေးတယ်ဆိုတာ“ဆိုင်ဘယ်တော့ပိတ်မှာလည်းဗျ (သို့မဟုတ်)ဆိုင်ဘယ်တော့မှ ပိတ်မှာလဲဗျ”လို့မေးတာဖြစ်နိုင် ကြောင်းဖတ်တဲ့လူတွေကဖြည့်သိပေးကြမှာဖြစ်ပေမဲ့ စင်းလုံးချောလေးဖြစ်စေချင်လို့ထောက်နေတာလေးကို ကျနော်ပြင်ပေးချင်နေတာ cboxမရှိလို့ဒီမှာပဲအော်ခဲ့ရတော့တယ်။ အဲဒါကိုအားနာမိလို့ပြောတာပါ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ရွှေပြည် ရေ..

သူက ကျမကို..ကျမက သူ့ကို ဖွင့်မပြောပေမယ့် ရင်ထဲမှာ အချစ်တွေ အပြည့်နဲ့ ရှိနေတယ်ဆိုတာ နှစ်ယောက်စလုံး သိနေကြတယ်နော်... အမအတွက် မင်္ဂလာဝတ်စုံလေး ရွေးပေးနေတော့ နှစ်ယောက်စလုံး အတွေးတွေနဲ့နော်.. တကယ့်ကို ကြည်နူးမှု ရသလေးတွေကို ဖတ်ရင်းနဲ့ အပြည့်အ၀ခံစားရတယ် ဗျာ..
အဓိကဇတ်ကောင်တွေရဲ့ နာမည်လေးတွေပါ ထည့်ပေးထားရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

သိင်္ဂါကျော် said...

internet ပျက်နေလို့ ခုမှ လာဖတ်ရတယ်...
ဘာမှ ပြောစရာမရှိပါဘူး..
ကြည်နူးစရာလေးပဲ တကယ် ဖတ်ကောင်းတယ်။

မောင်မောင် said...

ညီမ ရေ ဖတ်လို့  အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးပါ။
သဘောကျတယ် တကယ်ပါ၊

Anonymous said...

ဖတ်လို့ ကောင်းတယ်။
ကဗျာတွေဖတ်ရတာလဲကောင်းတယ်။ ၀င်ကစွတ်ဆိုတဲ့ ကဗျာလေးကို သဘောကျတယ်။ အားပေးနေဆဲပါ။ mk

အနမ်း said...

ရွှေပြည်သူ့ ဝတ္တုလေးက အသက်ဝင်တယ်။ ဇာတ်ကောင်တွေကိုလည်းသဘောကျတယ်။ ကိုယ်ကိုယ်
တိုင်ပါဝင်နေသလိုလိုပဲး)) ဖတ်ရင်းက ဇာတ်လမ်းထဲ မျောသွားတာလေး))

မိုးမောင် said...

အချစ်ဝတ္တုအဖတ်နည်းလို့ အကြောင်းအရာပိုင်းက သိပ်အားရမှုတော့မရှိပါဘူး။ ဒါပေမယ့် ရေးသားထားပုံက pro ဆန်နေတယ်ဗျ။ ၀တ္တုတစ်ပုဒ်လုံး ခြုံကြည့်ရင်...
၁) သူနဲ့သူမ စတင်ဆုံတွေ့ပုံက အခန်း (မထူးခြား)
၂) သူက သူ့အိပ်မက်တွေအကြောင်းပြောပြရင်း သူမကိုစာအုပ်တစ်အုပ်အဖြစ်ခံစားပြီး “ကျနော်စာမျက်နှာတွေ ကျော်ဖတ်မိတယ်” ဆိုတဲ့ အခန်း (သူက သူမကို ရိသဲ့သဲ့ပြောတယ်ဆိုပေမယ့် ရေးထားတဲ့ ဒိုင်ယာလော့တွေ သေသပ်လို့သဘောကျကြောင်း)
၃) အပ်ထည်ရွေးတော့ သူနဲ့ သူမရဲ့ သံယောဇဉ်နဲ့ စိုးရိမ်မှုတွေကို ဇာတ်ပို့နည်းနည်းသုံးပြီး ချပြတဲ့အခန်း (မထူးခြား)
၎) အိပ်မက်တွေ ထပ်တူကျဖို့ ကြိုးစားရင် စကားတွေ အပြန်အလှန်ပြောတာက တစ်ခန်း ( ဒီအခန်းလည်း စကားလုံးတွေလည်း သဘောကျကြောင်း)
၅) နောက်ဆုံးအပိုဒ်ဖြစ်တဲ့ “မနေ့က ထီးလာမိုးပေးမလားလို့ ထိုင်စောင့်လိုက်ရတာ................” ဆိုတဲ့ စကားလုံးက ဇာတ်အိမ်တစ်ခုလုံးကို အသာလေး မချီပေးလိုက်သလိုပဲ။
တချို့စာဖတ်သူတွေက အဆုံးသတ်ကို အားမရကြပေမယ့် အဲဒီလို ဇာတ်ကွက်ကို ပရိတ်သတ်ဖက်လွှတ်ချပေးလိုက်တာ ပိုပြီးသဘောကျတယ်။ ၀တ္တုတို၊ အက်ဆေးတွေ စောင့်ဖတ်နေမယ်ဗျာ။

purplemay said...

မန့်မယ်မန့်မယ်နဲ့ ကိုယ်မန့်လိုက်ရင် ဇာတ်လမ်းလေးပျက်သွားမှာဆိုးလို့ ....။
အရမ်းကောင်းတယ်လို့ပဲပြောလိုက်တော့မယ်နော်...။

kyaw said...

မရွှေပြည်သူ
စာပြန်ရေးနေလို.၀မ်းသာပါတယ်....
မြန်မာပြည်မှာအဆင်ပြေခဲ.ရဲ.လား................
အချိန်မရတဲ.အတွက်
“ စာမျက်နှာတွေကျော်” ဖတ်မိပါတယ်..........
အောင်မြင်ပါစေ.........

မယ် said...

ဖတ်ရှုခံစားသွားပါတယ်...

သီဟသစ် said...

အင်း ဖတ်ရတာ ကြည်နူးစရာလေးပါကွယ် ..

အဲဒါကြောင့် မနောက်တော့ဘူး
:)


ခင်မင်စွာဖြင့်
သီဟသစ်

ရွှေပြည်သူ said...

ss ~ Thank you so much for your time to read this :o)

kelvin ~ Thank you so much for your time and comment :o)

a2z ရေ ဝတ္ထုလေးကို သေချာခံစားဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်း)

မမပန်းချီရေ စာတွေဖတ်ပြီး အမြဲအားပေးတာ ကျေးဇူးအထူးတင်ပါတယ်း)

Anonymous ရေ အားပေးမှုအတွက် အရမ်းကျေးဇူးတင်ပါတယ်နော်း)

kyawရေ ဟုတ်ကဲ့ မြန်မာပြည်မှာ အဆင်ပြေခဲ့ပါတယ်။ အချိန်မရတဲ့ကြားက စာလာဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။

မယ်ရေ စာလာဖတ်ပေးတဲ့ ကျေးဇူးပါနော်း)

ရွှေပြည်သူ said...

(Facebook ကနေ ပို့လာတဲ့ အစ်မတစ်ယောက်ရဲ့ comment လေးကို အမှတ်တရသိမ်းတာပါး)

ချစ်သောညီမလေး

ဇော်နဲ့ Someone ပြောသလိုပဲ ညီမ စာလေးကလှလိုက်တာ ဘယ်လိုလှသလဲဆိုတော့ မဝေဖန်ရက်လောက်အောင်လှတာ ခံစားချက်တွေ မူးနေအောင်သောက်ထားတဲ့အရက်သမားတစ်ယောက်လို ဘာမဆိုမှားသွားနိုင်လို့ ဘာမှမဝေဖန်ပါရစေနဲ့… ရင်ထဲမှာ လွန်ခဲ့တဲ့ (10)နှစ်ကလို ရင်ခုန်မူမျိုးလေး ပြန်ရတဲ့အတွက်ကျေးဇူးပါ.. အသက်မငယ်သွားပေမဲ့ စိတ်တွေကြည်ကြည်နူးနူးကို ငယ်သွားတာ.. ရှက်စနိုးရင်ကို လှိုက်ခနဲခုန်သွားစေတာ..
ဆရာမ ရှား ကိုဖတ်ဖူးခဲ့လားဟင်.. ညီမစာလိုမျိုးခံစားချက်တွေ သူလဲအမြဲပေးတတ်တယ်.. ကျေးဇူးပါ

ချစ်သော
NK

ကောင်းကင်ပြာ said...

တကယ်ကို ကောင်းတာပါ စာအုပ်မလေးရေ....

ကြည်ဖြူပိုင် said...

ခုပထမဆုံးလာဖတ်ဖူးတာပါ
အရမ်းကောင်းတယ်
ဇာတ်လမ်းလေးထဲမှာမျောပါသွားလောက်အောင်ကောင်းတယ်။:)

Pyiet Oo said...

လုပ်စမ်းပါအစ်မရာ ဒါမျိုးလေးတွေ ရင်ဘတ်ထဲ ဂါလံလိုက် လောင်းထည့်ချင်နေတာ...။ တစ်ပုဒ်လုံးက သိပ်ကို နူးညံ့သိမ်မွေ့လွန်းတယ်။ ကျွန်တော်တို့ရဲ့ စာမျက်နှာတွေကို တစ်ရွက်ခြင်းစီလှန်ကြတာပေါ့ဗျာ....။