ex-Princess On Board
တခါတလေ ကျွန်မတို့တွေ ကိုယ်ဘယ်ကိုဦးတည်နေလဲ သိသည့်တိုင်အောင် ဦးတည်ရာအသွား လမ်းတလျှောက်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ ဝေဝါးဝါးရယ်ပါ။ အခုလို အချိန်မျိုးမှာပေါ့...
“ကျွီ”
ဘရိတ် ဆောင့်အုပ်လိုက်တဲ့ဒဏ်ကြောင့် အားလုံး တညီတညာတည်း ယိမ်းနွဲ့ကုန်သည်။ ကားမောင်းကြမ်းတဲ့ ဒရိုင်ဘာရဲ့ ဘတ်စ်ကားကိုမှ စီးမိတဲ့ ကိုယ့်ကံကြမ္မာကို အပြစ်မတင်ချင်တော့။ တကယ်တော့ စီးဖို့ အခွင့်အရေးလေးအဖြစ် မှတ်တိုင်မှာ လာရပ်ပေးတာကိုပဲ ကျေးဇူတင်ရမှာ။ ရွေးချယ်စရာမှ မရှိတာဘဲလေ။
အရှိန်နဲ့ယိုင်အသွား ညာဘက်ကနေ တစ်စုံတစ်ယောက် ပိကျလာပြီး သူ့ကျစ်ဆံမြီးကြားက စံပယ်တွဲလေး မျက်နှာပေါ်လာအပ်သည်။ သိပ်ကြိုက်တဲ့ စံပယ်နံ့မွှေးမြမြလေးကိုတောင် မခံစားနိုင်လောက်အောင် လှောင်ပိတ်မွမ်းကျပ်လှသည်။ စံပယ်တွဲပိုင်ရှင်က အားတုန့်အားနာ မျက်နှာလေးနဲ့ လှည့်ကြည့်တော့ ဘာမှမဖြစ်ဘူးဆိုတဲ့သဘောနဲ့ အလျင်အမြန် ပြုံးပြလိုက်သည်။ တစ်ခရီးထဲသွားနေတဲ့ သူတွေပဲလေ။ အပြုံးတောင် မဆုံးသေးခင် ဘယ်ဘက်ဆီက တင်းကနဲခံစားမှုကြောင့် လှည့်ကြည့်မိပြန်တော့ တွန်းထိုးနေတဲ့ ဖြူဝင်းဝင်း လက်မောင်းတစ်ဖက်... နောက် ပိတ်တိတ်တိတ်လေးပေမယ့် ဒေါသအရောင်နဲ့ စူးလက်နေတဲ့ မျက်ဝန်းတစုံ။ သြော် တမင်လုပ်တာမှ မဟုတ်ဘဲကွယ်။ လှပ်ကနဲ ထွက်လာတဲ့ ဒေါသက အပြစ်ကင်းတဲ့ တခစ်ခစ် ရယ်သံလေးကြောင့် ဖြတ်ကနဲ ပျောက်သွားပြန်သည်။
ကလေးရယ်သံလေး။ ကိုယ်ကို လှုပ်လို့မရတဲ့ကြားထဲက မျက်လုံးလေးအသာရွှေ့ပြီး ဘေးဘီကြည့်မိတော့ ခပ်လှမ်းလှမ်းခုံက ဖခင်ဖြစ်သူ ပေါင်ပေါ်မှာ ပျော်မြူးနေတဲ့ တစ်တစ်တုတ်တုတ် ကောင်မလေး။ ဆံပင်အခွေအလိပ်လေးတွေနဲ့ ချစ်စရာ ကောင်းလိုက်တာ။ ကြည့်နေတုန်း သူ့ကို သေချာကိုင်ထားတဲ့ဖခင်ရဲ့ ပေါင်ပေါ်မှာ အတင်းမတ်တပ်ထရပ်ပြီး နောက်ကို ကော့လှန်ချရင်း ရယ်နေလေရဲ့။ ပေါက်ပေါက်ရှာရှာ တွေးမိလိုက်တာက သူ့နေရာမှာ လူကြီးတစ်ယောက်ဆိုရင် ထိန်းကိုင်ပေးမယ့်သူ ရှိရင်တောင် ဒီလို ရပ်ရဲပါ့မလား...။ ကြည့်ရတဲ့သူကသာ အသည်းယားနေမိပေမယ့် ကလေးလေး ကြည့်ရတာ လုံခြုံလွန်းလှသည်။ ဘာအန္တရာယ်ကိုမှ တွေးမိပုံမပေါ်။ ကားကြီး ဘယ်လောက် ယိုင်ယိုင် သူ့အဖေကတော့ သူ့ကို ဘယ်တော့မှ လွှတ်လိုက်မှာ (လွတ်ကျမှာ) မဟုတ်ဘူး... အမြဲတမ်း မြဲမြဲကိုင်ထားလိမ့်မယ်... ဆိုတဲ့ ယုံကြည်မှုမျိုး ထင်သည်။ စောစောက တွေးမိသလို လူကြီးတစ်ယောက်သာ သူ့နေရာမှာ ဆိုရင်ရော...? ကလေးလေး မဟုတ်တော့တဲ့အတွက် သူ့မိဘကလည်း ထိန်းကိုင်ပေးနိုင်တော့မှာ မဟုတ်သလို တခြားသော တစိမ်းတစ်ယောက်က ထိန်းကိုင်ပေးဦးမယ် ဆိုရင်ရော...? လူတွေရဲ့ အတ္တသဘောကို ရင့်ကျက်နားလည်လာလေ... လုံခြုံမှုတွေ ကင်းမဲ့လာလေ ဖြစ်မည်ထင်သည်။ နောက် တခြားသောသူတစ်ယောက်ကို အကြွင်းမဲ့ယုံကြည်ဖို့ ပိုခက်သွားတတ်သည် ထင်ပါရဲ့...
စံပယ်တွဲပိုင်ရှင် ကျစ်ဆံမြီးနဲ့ကောင်မလေး ဆင်းသွားတော့ ပြတင်းပေါက်နားက လွတ်သွားတဲ့နေရာဘက်ကို အလျင်အမြန် တိုးမိသည်။ ပိတ်တိတ်တိတ် မျက်လုံးလေးတွေနဲ့တော့ ထပ်အဆုံမခံတော့။ အကုသိုလ်တွေ တတ်နိုင်သမျှ ထပ်မစုဆောင်းတော့တာပဲ ကောင်းပါတယ်လေ။ တက်လာတဲ့ လူတွေကြောင့် နေရာပြန်ကျပ်သွားပေမယ့် ပြတင်းပေါက်က တဆင့်မြင်ရတဲ့ မြင်ကွင်းတွေကြောင့် စိတ်ထဲမှာ အနည်းငယ်လွတ်လပ်သွားသည်။
မီးပွိုင့်အရောက် ဘေးမှာ ငြိမ့်ကနဲထိုးဆိုက်လာတဲ့ ကားလေးပေါ် လှမ်းကြည့်မိတော့ နောက်ခန်းက Baby Seat လေးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကလေးငယ်လေးတစ်ယောက်ကို တွေ့ရပြန်သည်။ ဇာနားတပ် ပန်းရောင်ခေါင်းစွပ်လေးနဲ့... ကလေးမလေး ထင်ပါရဲ့။ ငြိမ်းချမ်းလိုက်တာ။ အဲဒီ ငြိမ်းချမ်းမှုလေး ကူးစက်လာမယ် ဟန်ပြင်တော့ ကိုယ့်ဆီက အပူတွေက ဆီးကာတော့သည်။ ခေါင်းထဲ တရစပ်တိုးဝင်လာတာတွေက မနက်ဖြန်ပေးရမယ့် Report... ပြီးပါ့မလား... ငါ့ကြောင့် လူကြီးမျက်နှာပျက်စရာဖြစ်တော့မယ်၊ စိတ်ဆိုးနေတဲ့ သူငယ်ချင်း... မချော့မိသေးပါလား... နောက်နေ့မှ... အို ဒီလိုနဲ့ ၂ပတ်လောက်တောင် ရှိရော့မယ်... မဟုတ်သေးပါဘူး... တစ်လ... ဟယ် တစ်လဆိုလို့ ဟိုတစ်ယောက် ငါ့ဆီက ချေးသွားတဲ့ ပိုက်ဆံ ပြန်ပေးမယ်ဆိုတာ ၃လတောင် ရှိပြီပဲ၊ ခက်တာပဲ... အဲဒီပိုက်ဆံနဲ့မှ ငါလိုချင်တဲ့ ဟိုပစ္စည်းလေးရမှာ... သြော်... လခထုတ်တဲ့ရက်ကလည်း လိုပါသေးလား... ဟင်း...
ငေးနေတဲ့ကားလေး လျောကနဲ ထွက်သွားမှ အတွေးပေါင်းစုံ အကုသိုလ်ပေါင်းစုံနဲ့ လုံးခြာလိုက်နေတဲ့ ကိုယ့်အဖြစ်ကို သတိထားမိသည်။ ကားနောက်မှာ ဆွဲထားတဲ့ သတိပေးဆိုင်းဘုတ်လေးက တလှုပ်လှုပ် နဲ့ပါသွားသည်... “Princess On Board” တဲ့...။ သဘောကျသွားမိသည်။ မိဘတွေရဲ့ သမီးရတနာ... ရွှေမင်းသမီးလေး ကားပေါ်မှာ ပါလာပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။
အတွေးထဲမှာ ပြုံးမိနေတုန်း စောစောက သူ့အဖေပေါင်ပေါ်မှာ ပျော်ရွှင်နေတဲ့ ကလေးမလေးဆီက ငိုသံစူးစူးလေး ကြားလိုက်ရသည်။ လှမ်းကြည့်လိုက်တော့ တစ်စုံတစ်ခုကို အလိုမကျလို့ သက်သက်ဂျီတိုက်နေခြင်း။ ငိုရတာ မျက်နှာလေးတောင် ရဲနေပြီ။ စိတ်ထဲက မသက်မသာ တိုးတိုးလေး ညည်းမိသည်။
“မငိုပါနဲ့ ကလေးရယ်... အေးမြတဲ့ မိဘရင်ငွေ့မှာ ပျော်ပျော်ကြီး နေလိုက်စမ်းပါ... တနေ့ အဲဒီလုံခြုံနွေးထွေးတဲ့ ရင်ခွင်က ခွာပြီး လောကအလည် တစ်ယောက်ထဲရပ်တဲ့အခါ အများကြီး မောရဦးမှာ... သောကတွေ များရဦးမှာ...။ တကယ်တော့ ကိုယ်လည်း တချိန်က မင်းလို မိဘတွေရဲ့ Princess လေးပါပဲ...”
သိမ့်ကနဲခံစားချက်ကို ဘာသာပြန်ဖို့ ကြိုးစားနေတုန်း ကားက အရှိန်နဲ့ ဆောင့်ရပ်ပြန်သည်။ ခေါင်းပေါ်က သံတိုင်ကို ခပ်မြန်မြန်အားနဲ့ဆုပ်ရင်း ဘယ်ဘက်ကိုမှ ပိကျမသွားအောင်... ကိုယ့်ပေါ် ပိကျလာတဲ့ ဝန်တွေကိုလည်း ခံနိုင်ရည်ရှိအောင် ကိုယ်ကိုတောင့်ထားလိုက်ရင်း... အတွေးစတို့ ပြတ်ရပြန်သည်။
တခါတလေ ကျွန်မတို့တွေ ကိုယ်ဘယ်ကိုဦးတည်နေလဲ သိသည့်တိုင်အောင် ဦးတည်ရာအသွား လမ်းတလျှောက်မှာ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ဝေဝါးဝါးရယ်ပါ။ အဲဒီတော့လည်း “ခံနိုင်ရည်” ဆိုတာလေးကိုသာ သွားရင်းလာရင်း လက်ပူတိုက် တည်ဆောက်လိုက်ကြရတော့သည်။
ရွှေပြည်သူ
(2:53 AM ~ 25-Oct-2009)
မှတ်ချက်။ ။ ဘတ်စ်ကားပေါ်မှာ မြင်ရတွေ့ရတာတွေရယ်၊ Princess On Board ဆိုတဲ့ ကားနောက်ဘက်က Sign လေးကို တွေ့ချိန်မှာ တွေးမိတာတွေရယ်ကို ရောမွှေပြီး ရေးလိုက်တာပါ။ အတိအကျ ကြုံတွေ့ခဲ့ရတာတွေတော့ မဟုတ်ပါဘူးရှင်း)
ဓာတ်ပုံကို Divine Glamour Website ကနေ ကူးယူအသုံးပြုပါတယ်။


23 comments:
အေးဗျာ၊လူ့ဘဝကအသက်ကြီးလာလေမလုံခြုံလာလေ(မချိုမြိန်လေ)
ပါပဲ။ကျနော်လည်းခုတလော“ဘာဝနာမယဥာဏ်”မဟုတ်တဲ့ “လူ့ဘဝကိုငြီးငွေ့သောဥာဏ်”(ပါဠိလိုမခေါ်တတ်လို့) တမျိုးရနေလို့ဘဝကိုချစ်တတ်အောင်(မချစ်/မမုန်းမိ အောင်)တောင်ပြန်လုပ်နေရတယ်။ ခင်ဗျား post ကိုဖတ်မိတော့ “ငါလည်းငယ်ငယ်တုန်းကတော့ ငါ့မိဘတွေရဲ့တယ်လည်းစွမ်းတဲ့ မင်းသားကလေး (ex-prince)တပါး” ဖြစ်ခဲ့ဖူးမှာပါလေလို့တွေး ပြီး ပြုံးမိပါတယ်။ လူတိုင်းတသက်တာလုံး လုံခြုံချမ်း မြေ့ နိုင်ကြပါစေသောဝ်။
ပို့စ်အသစ်ကလေးဖတ်ရင်း အတွေးတွေရသွားမိပါတယ်။
ကျေးဇူးပါ ... မရွှေပြည်သူ...။
ဟုတ်တယ်နော် မမ။ လူတွေဟာ အသက်ကြီးလာတာနဲ့ အမျှ အတ္တတွေသာတိုးပွားလကြတယ်။ ကိုယ်ကိုယ်တိုင်က လုံးခြုံမှု မရှိတော့ဘူး။ ကလေး ဘ၀ရဲ့ အပူအပင်ကင်းပြီး ဖြူစင်တဲ့ နှလုံးသားတွေနဲ့ လုံခြုံတဲ့ မိဘမေတ္တာကို ပြန်လိုချင်ပေမယ့်လည်း ဒါတွေဟာ ဖြစ်မှမဖြစ်နိုင်တော့တာပဲလေ။ ဒီတော့လည်း ကိုယ်တိုင်းရေးတဲ့ ပြဇတ်မှာ ကိုယ်တိုင်ကရင်း ခံနိုင်ရည်ရှိအောင် လေ့ကျင့်ရုံသာ ရှိတော့တာပေါ့နော်။
ကျေးဇူးတင်ပါတယ် မမရွှေပြည်သူ။
ခင်မင်လေးစားလျှက်
ကူးသန်းသွားလာရေးယဉ်ရထားတွေစီးတိုင်းမှာ ကော၊ ဘ၀ရထားပေါ်မှာ လိုက်ပါရင်းကော၊ တစ်ခါတစ်လေတော့ လုံခြုံမှုဆိုတာကို စဉ်းစားမိဘူးတယ်။ တစ်ခါတစ်လေတော့ အလုပ်အကြောင်းတွေနဲ. အတွေးအစုံကို မျက်စိစံမှိတ်ပြီး ဘုရားဂုဏ်တော်တွေကို အာရုံပြုဖြစ်အောင်သတိထားနေရတယ်။
ရွှေပြည်သူရေ ဒီပို့စ်လေးကို ဖတ်တော့ ကျွန်မရဲ့ဖေဖေကို သတိရတယ်။ အိမ်ကထွက်ကာနီးရင် ဖေဖေက အမြဲလှမ်းပြောတာတစ်ခုရှိတယ်။ “ဘုရားကိုးကွယ်ပါဧ။်။ တရားကိုးကွယ်ပါဧ။်။ သံဃာတော်အရှင်မြတ်တို့အားကိုးကွယ်ပါဧ။်” ဆိုတာကို လမ်းသွားရင်းနှလုံးသွင်းဘို့ မှာလေ့ရှိပါတယ်။ ကောင်းတာတွေကို အမှတ်ရစေဘို့ ကောင်းသော ပို့စ်လေးအတွက် ကျေးဇူးတင်တယ်နော်။
ခံနိုင်ရည်ဆိုတာ သွားရင်းလာရင်းလက်ပူတိုက်ရပါများလို့ လက်လေးတွေတောင် သွေးချေဥနေပီ sis ရ။
ခုတော့ အများသုံးယာဉ်တွေစီးပြီး ကိုယ့်ဘာသာ "Empress on Board" ဆိုပြီး နာမည်တပ်ပစ်လိုက်တယ်။
ဒါပေမယ့် ဒီစာတန်းဘယ်သူမှမမြင်တာ ခက်တယ်။
အဟက်..း)
ကိုယ်တို့ဘ၀တွေရဲ့ အတွေ့အကြုံတွေကပဲ ခံနိုင်ရည် ဆိုတာလေးကို မွေးဖွားပေးတယ် ဆိုရလေမလား ညီမလေးရေ...
တကယ်တော့ သွားရမယ့်ခရီးလမ်းဆုံးကတော့ ကြွက်ဖြူ၊ ကြွက်မည်း နှစ်ကောင်နဲ့ နပန်းလုံးနေရတဲ့ ကိုယ်တစ်ယောက်တည်းသာ...
သမာရိုးကျဖြစ်ရပ်လေးတွေကိုယဉ်ယဉ်လေးပဲတွေးပြီး ထိထိမိမိလေး ရေးပြသွားတာ ချစ်စရာ..
ပန်းချီး)
အသက်ကြီးလေ မကောင်းလေပဲနော် ပိုပြီးသောကများသလိုပဲ :)
အရေးအသားလေးအရမ်းကြိုက်မိတယ်...။
ကိုယ်လည်း တစ်ခါတုန်းက မိဘတွေရဲ့ Prinecess လေးပေါ့နော်...။
ဝေေ၀၀ါးဝါးပဲဖြစ်ဖြစ် ဦးတည်ရာသွားနေရသူတွေမှာ ခံနိုင်ရည် က တကယ်လိုအပ်တာပါ...။
(ကြိုက်လို့ ၃ ခေါက်ဖတ်သွားပါတယ်....:))
"monkey on board" ဆိုတာလေးတွေ မြင်ရင်တော့ ပြုံးမိတယ် =)
အရမ်းကိုကောင်းတဲ့ပို့စ်လေးပါ အစ်မရေ ။ ဖတ်ပြီး အတွေးလေးတွေဝေစီကျန်ခဲ့ပါတယ် ။ စာမရေးဖြစ်ပေမယ့် အခါအားလျော်စွာစာလာဖတ်ဖြစ်ပါတယ် အစ်မ ။
စာများများရေးနိုင်ပါစေ ။
အေးမြတဲ့ မိဘရင်ငွေ့ ကနေခွာပြီး လောကကြီးအလယ် တစ်ယောက်ထဲလျှောက်ရတဲ့အခါ အများကြီးမောရအုံးမယ် သောကတွေ များရအုံးမယ်.....
ဒီစာသားလေး ဖတ်ပြီး ထိထိရှရှခံစားမိတယ်ဗျာ.......
အမရဲ့ post ကိုဖတ်ပြီးမျက်ရည်ကျမိတယ်။ Baby လေ ခြောက်တန်းနှစ်ကတည်းက ခံနိုင်ရည်ရှိအောင် ကြိုးစားနေရတာ။ Baby ရဲ့လက်ကိုကိုင်ပေးမဲ့ဖေဖေ မရှိတော့လို့။ ဟုတ်တယ်အမရယ်။ တခါတခါရူးသွားမလားထင်ရအောင် ဦးတည်ချက်မဲ့သွားတယ်။ ဘာပဲဖြစ်ဖြစ်ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပဲလေ။....
အသက်တွေကြီးလာလေ ကိုယ့်ဘေးမှာ ဖေးမ မယ့်လူနည်းလာလေ လို့ ပြောရမလားပဲ အစ်မရေ ... ကြာတော့ ယိုင်နဲ့ တဲ့အခါ အားကို တင်းအံကိုခဲပြီး တစ်ခါတစ်ရံ ကြောက်ကန်ကန် သလိုပဲ ... တချို့ ကလည်း ယိုင်နဲ့ ရာကို ဆွဲ ချကြ တယ် တစ်ချို့ ကလည်း ကိုယ့်ကို မှီဆွဲလေး လှမ်းဆွဲ ကြတယ် ကိုသာ ခြေမခိုင်ရင် ဆွဲတဲ့သူဘက် ပါပြီး လဲကျတဲ့အခါ လဲကျ အံခဲပြီး ပြန်ယိမ်းတဲ့အခါ ကိုယ့်ကို မှီခိုတဲ့သူတွေ အသာရတဲ့အခါရ .... ဘဝဟာလည်း ဟိုယိမ်း သည်ယိမ်း ကျနော်တို့ လည်း ဟိုယိမ်းသည် ယိမ်း ...... အစ်မရေ လဲရာက ပြန်ထဖို့  ယိုင်ရာက ပြန်မတ်ဖို့  အံခဲပြီး နေကြရ တာကိုး .... အတွေးလေး ကောင်းလို့  ခံစားမိတာလေးတွေ ပြောသွားတယ် အစ်မရွှေပြည်ရေ
ခင်တဲ့
ရန်ကုန်သား :))
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ သီချင်းလေးပဲ ညည်းမိတယ်...။
သိပ်ကိုကောင်းတဲ့ အက်ဆေးတစ်ပုဒ်ပါပဲ။ မြန်မာစာ ကောင်းကောင်းရေးတတ်တဲ့ ဘလောဂ့်ဂါရှားတယ်ဗျ။(ကျနော် အပါအ၀င်)
မဖတ်၇တာ ကြာတော့ စောင့်ရကျိုး နပ်လိုက်တဲ့ စာလေးပါလားဗျာ။
ခရီးက ပြန်အလာ စာတွေ များများ ရေးနိုင်ပါစေ။
အတွေး များများ တွေးနိုင်ပါစေ။
(အတည်ပြောတာ)
မျောက်ကလေး အုန်းသီးရသလို အုန်းသီးကြီး ထိုင်ဆော့မနေနဲ့အုံး ;-P
(စနောက်တာပါ)
သတိရနေမယ်။
Princess သွားလုပ်တာကိုး။
စာမဖတ်ရတာကြာလို့ လာကြည့်တာ၊ ခွင့်စာနဲ့တိုးသွားတယ်။
ပျော်ရွှင်ပါစေ ရွှေပြည်ပြန်တဲ့ ရွှေပြည်သူရေ။
ညီမ ရွှေပြည်သူလေး ပြန်ရောက်လာပြီလား ၊ ပိုစ့်အသစ်လေးတွေတင်ပါအုံး၊ လင့်ခ်လည်းယူသွားပြီ အချိန်ရရင် အမဆီလဲ လာလည်ပါနော်
ညီမရွှေပြည်သူရေ..
အတွေးလေးကို သဘောကျလိုက်တာ..
လွမ်းမိတယ် မိသားစုကို..
ခင်မင်စွာဖြင့်
သီဟသစ်
ဩော်.. မရွှေပြည်သူ၊ ခင်ဗျားကိုတခုကြိုအသိပေးချင် ပါတယ်။ ကျနော့် username: koနဲ့နာမည်ချင်းတူတဲ့ အခြားလူ (အနည်းဆုံး) တယောက်လောက်တော့ရှိနေ လို့ နောင်, ko ဆိုတဲ့နာမည်နဲ့ ကျနော် comment ဝင်ရေးတော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့Blogကို တော့ ကျနော်အရင်အတိုင်း လာလည်နေမှာဖြစ်သလို ဒီ့ပြင်နာမည်တခုခုနဲ့ comment လည်းဝင်ရေးဖြစ်နေဦး မှာပါ။ ခင်ဗျားပျော်ရွှင်ချမ်းမြေ့စွာစာတွေအများကြီးရေး နိုင်ပါစေ။ ( p.s: ပြည်တော်ပြန်အတွေ့အကြုံ တွေ ဖတ်ရမလားလို့လာကြည့်ရင်းပြောသွားတာပါ။)
အတွေ့ အကြုံနဲ့ အတွေးအဆလေးကို ရောပြီးတင်ပြသွား
တာလေးက အသိတိုးစေပါတယ်။ ပိုစ့်ကောင်းတစ်ပုဒ်ပါ ရွှေပြည်သူရေ။ အဆင်ပြေပျော်ရွှင်ပါစေ။ စီဗုံးလည်းမတွေ့ တော့လို့ ...
ရင်ကို ထိစေတဲ့ စာလေးပါ ညီမလေး ရေ..း)
Post a Comment