Friday, September 4, 2009

သူ၊ မမ နဲ့ နာရီတချို့

နာရီတွေက ပုံမှန်လည်နေတာပါပဲ...

ဒါကို မြန်ဖို့... ဒါမှမဟုတ်... နှေးဖို့ နှစ်ယောက်စလုံး ဘယ်တုန်းကမှ စောဒက မတက်ခဲ့ဖူးကြ...

================================

ရန်ကုန်မြို့ရဲ့ မိုးသည်းသည်း မနက်ခင်းတစ်ခုမှာ သူမ လူ့လောကထဲ ရောက်လာချိန်... သူက သူ့ရဲ့ ၃နှစ်မြောက်မွေးနေ့ကို ကျင်းပနေခဲ့သတဲ့။ ဟုတ်ပါတယ်။ သူနဲ့သူမက မွေးနေ့တရက်ထဲပါပဲ။ ဒါပေမယ့် သူမတို့ကြားက တိုက်ဆိုင်မှုပေါင်းများစွာမှာ အဲဒီမွေးနေ့တူတာလေးက အသေးမွှားဆုံးအရာတစ်ခုပါပဲ။

================================


သူမ အိမ်နဲ့သိပ်ဝေးတဲ့... နောက် သူ့ရုံးနဲ့လည်း သိပ်ဝေးတဲ့... စာအုပ်ဆိုင်လေးတစ်ဆိုင်မှာ သူနဲ့သူမ တိုက်ဆိုင်နေကျအတိုင်း တိုက်ဆိုင်စွာ တွေ့ခဲ့ကြပြန်သည်။ တိုက်ဆိုင်စွာပဲ တစ်အုပ်ထဲကျန်သော Dictionary တစ်အုပ်ကို နှစ်ယောက်စလုံး လိုချင်ခဲ့ကြသည်။ ခင်မင်ပြီးသားတွေမို့ တစ်ယောက်ကို တစ်ယောက် အလျော့ပေးချင်ပေမယ့် မျက်လုံးတွေမှာ စာအုပ်ကို မက်မောဆဲ အရိပ်အယောင်တွေနဲ့ မပြတ်မသား ဖြစ်နေကြတုန်း သူမနဲ့ အသက်မတိမ်းမယိမ်း အရောင်းစာရေးလေးက...

“ကဲ ညီလေးကပဲ အစ်မကို အလျော့ပေးလိုက်ပါလား...”

သူ ချစ်စဖွယ် လက်ကနဲပြုံးသည်။ စာအုပ်ကြောင့်တော့ မဟုတ်။ သူ့ကို “ညီလေး”ခေါ်ပြီး ၃နှစ်ငယ်တဲ့ သူမကို “အစ်မ” ခေါ်လို့။ အဲဒီနေ့ကစလို့ သူက သူမကို “မမ” လို့ခေါ်ခဲ့သည်။ (သူမက အဲဒီလို အခေါ်ခံရတာကို မုန်းပေမယ့် ခေါ်တဲ့“သူ့” ကို မမုန်းနိုင်ရှာလေတော့ ဆက်ပြောပြမယ့် အကြောင်းအရာတွေမှာ သူမနာမည်ကို “မမ” လို့သာ သုံးသွားပါမည်။ သူ့နာမည်ကိုတော့ ... “သူ” လို့ပဲ သုံးသွားတာ အလှဆုံး ဖြစ်မည် ထင်ပါသည်။ - စကားချပ်)

=================================

မမနဲ့သူ့ရဲ့ နောက်ဆုံးနေ့...

ရင်ဘတ်တနေရာမှာ ဆို့ကျပ်နေတဲ့ ခံစားမှုကို ကျင့်သားရစွာ ပြုံးရင်း မမ Webcam လေးကို ချိန်ညှိနေမိသည်။ တဖက်က သူက လှုပ်ရှားနေတဲ့ မမပုံရိပ်တွေကို မမှိတ်မသုန် စိုက်ကြည့် အကဲခတ်နေသည်။ နောက် လက်ထဲက ဘီယာဗူးကို ခပ်မြန်မြန် မော့သောက်ရင်း တစ်ယောက်ထဲ ခပ်မဲ့မဲ့ပြုံးသည်။ မမ စိတ်ညစ်အောင် ခါတိုင်းလိုပဲ ရေတွေ ဒါမှမဟုတ် Apple Juice တွေ တမင် ထည့်သောက်နေမှန်း သိရက်နဲ့ သက်ပြင်းချမိသည်။ “မမ နဲ့ စကားပြောရင် မသောက်ပါဘူး။ စကားလုံးတိုင်းကို အသိစိတ်အပြည့်နဲ့ ပြောချင်တယ်။ အသိစိတ်အပြည့်နဲ့ ကြားချင်တယ်...” လို့ သူပြောဖူးတာကို မမ မယုံမကြည်နဲ့ အလွယ်တကူ မေ့လိမ့်မယ်လို့ ထင်နေလေသလား။ အို... သူနဲ့ ပတ်သက်လာရင် မမ ဘယ်အရာကိုမှ မမေ့ခဲ့တာပါလေ။

“မြင်ရပြီလား အစ်ကို”
“အင်း...”

သူသိပ်ကို စကားနည်းနေသည်။ မမ မှာတော့ ပြောစရာစကားစတောင် ရှာမရ။ နောက်ဆုံးဆိုတာ သိရက်နဲ့ ဒီလောက်တည်ငြိမ်နေတာကိုပဲ ကိုယ့်ဘာသာ ကျေးဇူးတင်နေရသည်။ တဘက်က သူက မမပုံရိပ်ကို စိုက်ကြည့်နေသည်။ မမကလည်း သူ့ပုံရိပ်ကို ငေးနေသည်။ Screen ပေါ်မှာ ပေါ်နေတဲ့ ပုံရိပ်တွေကိုပဲ ငေးနေကြတာမို့ သူနဲ့ မမ တစ်ယောက်ကိုတစ်ယောက် ကြည့်နေတာနဲ့တောင် မတူပါ။ သြော်... သူနဲ့ မမ ဘယ်တုန်းကမှ Eye to Eye မြင်ခဲ့ကြတာ မဟုတ်ဘဲလေ...

တိတ်ဆိတ်မှုက လူကို နာကျင်သထက် နာကျင်စေလို့...

“အစ်ကို... ပြောစရာ မရှိရင်... End Call လုပ်လိုက်ကြမယ်လေ...”
“ဟာ မမကလဲ...”

သူ မကျေမနပ် ရွတ်သည်။

“အစ်ကိုကလည်း ဒီအတိုင်းကြီး ငုတ်တုတ်ထိုင်နေကြတာ...” ခံနိုင်ရည် မရှိတော့လို့ပါလို့ ဆက်မပြောမိအောင် နှုတ်ခမ်းတွေကို မသိမသာလေး ဖိကိုက်လိုက်ပေမယ့် အသံက တိမ်ဖြစ်အောင် တိမ်ဝင်သွားသေးသည်။

“သိပါတယ်ဗျာ... မမ ကိုယ့်ကို နည်းနည်းလေးမှ သံယောဇဉ် မရှိဘူးဆိုတာ...”

သူမဲ့ပြုံးပြုံးပြန်သည်။ သူ့မဲ့ပြုံးတွေက မမကို အနာကျင်စေဆုံးဆိုတာ သိလို့များ တမင်နှိပ်စက်နေလေသလား...

“မဟုတ်ပါဘူး...” မမ အသံတွေ တိုးလွန်းနေသည်... “အစ်ကို့မှာ လုပ်စရာတွေ ရှိတယ်ဆို...”
“ရပါတယ် ဆိုနေမှ မမရယ်...”

သူ့ကို ပြုံးပြရင်း တလိမ့်လိမ့်တက်လာတဲ့ ငိုချင်စိတ်ကို မျိုချရပြန်သည်။

“အစ်ကို အဲဒီမြို့မှာ ဘယ်လောင်တောင် ကြာမှာလဲ...”
“၂ပတ်လောက်...ပါပဲ...”

အဲဒီ ၂ပတ်ပြီးရင်လည်း သူနဲ့မမ အဆက်အသွယ် လုပ်ဖြစ်ကြတော့မှာ မဟုတ်မှန်းလည်း သေချာသိနေပြန်တော့ စကားစတို့ ပြတ်ရပြန်သည်။

“အဲဒီမြို့မှာ အစ်ကို့ ဟိုကောင်မလေး နေတာဆို...”
“ဘယ်ကောင်မလေးလဲ... အဲဒီမှာက ၂ယောက်တောင် ရှိတာ... ဟားဟား”

သူရယ်တော့ ကျင့်သားရနေတဲ့ နှုတ်ခမ်းတွေနဲ့ မမပါ လိုက်ရယ်မိသည်။ နှလုံးသားတို့လည်း နာဖို့တောင်မေ့လို့ ထုံနေခဲ့ပါပြီ...။

“ကိုယ့် စိတ်ထဲက တကယ့်ကောင်မလေးက (.................) မှာပါ...”

မမရှိနေတဲ့ နိုင်ငံကိုပြောတော့ စားပွဲစွန်းကို အလန့်တကြားကိုင်မိသည်။ သူက ခပ်အေးအေး ဆက်ပြောသည်...

“သူကလေ... ကိုယ့်ဆီကို မလာနိုင်ဘူးတဲ့...”
“သူက... အဲဒီလိုပဲ ပြောလား...”
“အင်း... အဲလိုတော့ မပြောဘူးပေါ့လေ။ ကိုယ်သိတာပေါ့...”

မမ ပါးစပ်ကလေးဟပြီး အသက်ရှုထုတ်ဖို့မေ့ရင်း ဆွံ့အသွားသည်။

“မမ မှာရော ကောင်လေးတွေဘာတွေ မရှိဘူးလား... ”

သိရက်နဲ့ သူနောက်သလိုလို မေးနေတော့ ဘယ်အရာရဲ့စေ့ဆော်မှုကြောင့်လည်း မသိ။ မမ လွှတ်ကနဲ ပြောမိသည်။

“တိုက်ဆိုင်ပြန်ပြီ အစ်ကိုရယ်... မမရဲ့“သူ”ကလည်း .......... (သူရှိတဲ့နိုင်ငံ) မှာပဲ”

သူ မမကို တည်ငြိမ်စွာစိုက်ကြည့်သည်။ တိတ်ဆိတ်သွားတဲ့ခဏ မမ နားထဲမှာ သူ့လက်နဲ့ အဆက်မပြတ် တဖြောက်ဖြောက်နှိပ်နေတဲ့ ဘောပင်တစ်ချောင်းရဲ့ အသံသာ လွှမ်းမိုးနေသည်။ ခဏကြာမှ...

“သြ... ကိုယ်တောင် မသိလိုက်ပါလား။ ဘယ်သူများပါလိမ့်...”
“မသိချင်ပါနဲ့ အစ်ကိုရယ်။ တချို့အရာတွေက ဘယ်သူမှ ဘယ်တော့မှ မသိတာ အကောင်းဆုံးပဲလေ...။ ဒီလိုဆို အစ်ကိုနဲ့ မမက နေရာလဲရမှာနော်။ အစ်ကိုက ဒီနိုင်ငံကိုလာ... မမက အဲဒီနိုင်ငံကိုသွား အဲလိုလုပ်ရမှာ...”

မမ ပြုံးပြုံးလေး ပြောလိုက်တော့ သူ့မျက်နှာတည်သွားသည်...

“တကယ်တော့ သူက ကိုယ့်ဆီကို မလာဘူးပြောတာ မဟုတ်ပါဘူး။ ကိုယ် ကိုယ်တိုင်ကိုက မခေါ်ရက်တာပါ...။ ကိုယ်နဲ့ဆို သူလုပ်ချင်တာတွေ လုပ်ခွင့်ရမှာ မဟုတ်ဘူးလေ...။ သူကလည်း ကိုယ့်ကို အဲလောက်ကြီးမှ မချစ်တာ...”
“အင်း အစ်ကို့မှာ အစားထိုးစရာတွေ ရှိတော့ ဆုံးဖြတ်ရတာ လွယ်မှာပေါ့လေ...”

လွတ်ကနဲ ပြောပြီးမှ မမ အားနာသွားသည်။ သူက နားလည်ရခက်စွာ ပြုံးရင်း...

“အစားထိုးရတာ လွယ်လား မမ။ မမရော မမရဲ့“သူ” ကို တခြားတစ်ယောက်နဲ့ အလွယ်တကူ အစားထိုးနိုင်တယ်ပေါ့...”
“အို... အစ်ကိုက အစ်ကို... မမက မမပဲ။ မမက မိန်းကလေး။ ပြီးတော့ မမ ဘယ်တုန်းက ရှုပ်ဖူးလို့လည်း... အစ်ကိုသာ... အပျော်တွေရော အတည်တွေရော... ” မမ အဆက်မပြတ် စွာသလိုပြောမိတော့ သူ သဘောကျစွာ ပြုံးသည်။

“ကြည့်စမ်း... မမ စိတ်တိုနေလိုက်တာ။ တခါမှ မမြင်ဖူးဘူး။ မမ ကိုယ်နဲ့ ပတ်သက်ရင် အမြဲအေးစက်စက်နဲ့ဆိုတော့ အင်း... ခုလို တနည်းနည်းနဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေတာလေး တခါတော့ မြင်ဖူးသွားတာပေါ့လေ...”

မမ နည်းနည်းရှက်သွားသည်။ မျက်နှာပေါ်မှာ အေးစက်စက်လုပ်နေခဲ့ပေမယ့် မမ ရင်ထဲမှာ သူ့အတွက်နဲ့ ခံစားချက်မျိုးစုံ ဖြတ်ပြေးခဲ့ဖူးတာ သူမှ မသိဘဲလေ။

“မမ...”
“ရှင်...”
“တကယ်ပဲ... ဒီလို ထပ်မတွေ့ကြတော့ဘူးပေါ့နော်...”

သူ့ဆုံးဖြတ်ချက်လို့ မမ ထင်ထားတဲ့ကိစ္စကို သူက ထပ်မေးနေပြန်သည်။ တကယ်တော့ ဒီကိစ္စကို ဘယ်သူက စပြောတယ်ဆိုတာတောင် ပြောရခက်လွန်းသည်။ မမရောသူပါ အလိုအလျောက် သိနားလည်နေခဲ့ကြ သလိုပါပဲ။ ဘာကြောင့် ထပ်မတွေ့တော့မှာလဲ ဆိုတာကိုလည်း ဘယ်သူကမှ မေးခွန်း မထုတ်ဖြစ်ကြ။

“မမ”
“ဘာလဲ အစ်ကို...”
“နောက်ဆုံးအနေနဲ့ တခုတော့ တောင်းဆိုချင်တယ်...”
“ဟုတ်ကဲ့... ဘာလဲဟင်”
“ကိုယ့်ကို ကဗျာလေး တစ်ပုဒ်လောက် ရေးပေးပါလား...။ သိမ်းထားချင်လို့ပါ။”

မမ ခံနိုင်ရည်တို့ ပြိုဆင်းခဲ့ပြီ။ ခံစားချက်တို့ အဆုံးစွန်ရောက်နေချိန်မှာ တခါတခါ ကဗျာရေးရခက်တယ်ဆိုတာ ကဗျာတွေနဲ့ သိပ်စိမ်းတဲ့သူ ဘယ်နားလည်ပါ့မလဲ။ မမ နာကျင်ရမှ သူပျော်လေသလား။ မမ နှလုံးသွေးတို့နဲ့ ရေးတာကိုမှ သူက ဖတ်ချင်သတဲ့လား။

“မမ... အိပ်တော့မယ်”
“ဟာ... နေဦးလေ...”
“ဟို... ကဗျာက မရေးတတ်... ဟိုလေ... ရေးလို့မထွက်ဘူး...”

ပြောပြီးပြီးချင်း မမ Logout ထွက်လိုက်သည်။ သူနဲ့ နှုတ်ဆက်ချိန်က ဒီလောက်တိုတောင်းပြီး အလောသုံးဆယ် နိုင်လိမ့်မယ်လို့ မမ မမျှော်လင့်ခဲ့ပါ။ ဒါပေမယ့် မမ စကားမှ ဆက်မပြောနိုင်တော့ဘဲ။ ငိုချချင်လှပြီလေ...

Computer ကို ပိတ်ချလိုက်ပြီး တင်းထားတဲ့ စိတ်တို့ ဖြေချရင်း မမ ကြမ်းပြင်ပေါ် ပုံလျက်သားလေး ထိုင်ချမိလိုက်သည်။ နောက်တော့ မျက်ရည်တွေ ကုန်ခမ်းသွားတဲ့အထိ အားရအောင် တသိမ့်သိမ့် ငိုနေမိတော့သည်။

အဲဒီအချိန်မှာပဲ... မမ ဖုန်းမြည်လာပြန်သည်။ တုန်တုန်ရီရီ ကောက်ကိုင်မိတော့...

“မမ မမ...”

သူ့ရဲ့ စိုးရိမ်တကြီးအသံက မမကို ပိုလို့ဝမ်းနည်းပျော့ညံ့စေသည်။

“မမ ဘာဖြစ်လို့ ချက်ချင်းကြီး ထွက်သွားတာလည်း... ငိုနေတာလားကွာ...”

သူမေးမှ မမ သတိဝင်တော့သည်။ စိတ်ကို ခပ်မြန်မြန် တင်းလိုက်ပြီး...

“ဟာ... မမ ဘာလို့ငိုရမှာလည်း... အစ်ကိုကလည်း...။ မမ အိပ်ချင်လို့ ထွက်လိုက်တာပါ...”

သူ့ဘက်က တိတ်သွားသည်...

“အင်း... ကိုယ့်ဘာသာ ဂရုစိုက်နော်... နောက် ကြိုးစားနော်... မမက တော်ပြီးသားပါ...”

သူတကယ် ခွဲရတော့မယ့်ပုံစံအပြည့်နဲ့ စကားတွေပြောနေတော့ သူမ တကိုယ်လုံး တုန်ခိုက်လာသည်။

“ဟုတ် စိတ်ချပါ အစ်ကို။ ဒါပဲနော်...”

အဲဒီနောက် ဖုန်းချလိုက်ဖို့အပြင် မမမှာ လုပ်စရာ မရှိတော့...

================================

ရက်အနည်းငယ် အကြာမှာ သူ့ဆီက Email လေးတစ်စောင် မမဆီရောက်လာသည်။ သူရေးထားတာက...

မမ အတွက် စာစုလေးပါ...

ကောင်လေးက ကောင်မလေးကို ငေးချိန်... ကောင်မလေးက အဝေးကိုပဲ ကြည့်နေခဲ့တယ်...
ကောင်မလေးက ကောင်လေးကို ကြည့်ချိန်... ကောင်လေးက တခြားကောင်မလေးတွေကို ငေးနေခဲ့မိတယ်...
သူတို့၂ယောက်ကြားမှာ ရှိခဲ့တဲ့ တစ်ခုထဲသော အရာက ... သေချာပါတယ် bad timing တစ်ခုသက်သက်ပါပဲ...

ကောင်းလား မမ။ ဟားဟား မကောင်းမှန်း သိပါတယ်ကွာ။ မမ တခါက ပြောဖူးသလို အကြောင်းအရာကို မဖတ်ပါနဲ့။ ရသအနေနဲ့ပဲ ဖတ်ပေါ့။

မမ... ကိုယ်တို့ နှစ်တော်တော်ကြာကြာ ခင်ခဲ့တယ်နော်။ ဒါပေမယ့် အဲဒီကာလနဲ့ ချိန်ဆကြည့်ရင် နားလည်မှုတော့ နည်းခဲ့ကြသလိုပဲ။ ဒါပေမယ့် ကိုယ်က မမကို ပိုနားလည်ခဲ့တာပါ။”

သူ့စာတိုလေးကို တရှိုက်မက်မက် ဖတ်မိပေမယ့် “ကိုယ်က မမကို ပိုနားလည်ခဲ့တာပါ” ဆိုတာကိုတော့ဖြင့် လက်မခံချင်ပါ။ ထားပါတော့လေ။ ပြီးဆုံးပြီးသား အကြောင်းတစ်ခုအတွက် ဘယ်အရာကများ အရေးကြီးဦးမှာ မို့လို့လည်း...

မမ ချက်ချင်း စာပြန်လိုက်သည်။

အစ်ကို...

စာစုလေးအတွက် ကျေးဇူးပါ။ မမ သိပ်ကြိုက်တာပဲ... သေချာ သိမ်းထားပါ့မယ်

မမ

================================

အခုလည်း နာရီတွေက ပုံမှန်လည်နေပြန်တာပါပဲ...

ဒါကို မြန်ဖို့... ဒါမှမဟုတ်... နှေးဖို့ မမနဲ့သူ နှစ်ယောက်စလုံး ဘယ်တုန်းကမှ စောဒက မတက်ခဲ့ဖူးကြ...
တစ်ယောက်ရဲ့အတ္တကို တစ်ယောက်က ဘယ်တုန်းကမှ အပြစ်မဆိုဖူးကြ...
ဖြစ်သင့်တာတွေ ဖြစ်သွားတာအတွက်လည်း ဘယ်တုန်းကမှ နောင်တမရဖူးကြ...

ဒီလိုဆိုပြန်တော့ မမတို့ကြားမှာ အချစ်ဆိုတာထက် သူပြောတဲ့ bad timing ဆိုတာပဲတစ်ခုပဲ ရှိနေခဲ့သလိုလို။ ဒါကိုကျတော့လည်း မမလက်မခံချင်ပြန်။

နှစ်တွေလည်း တဖြည်းဖြည်းကြာလာခဲ့ပြီ။ ဘယ်သူက
ဘယ်သူ့ကို ပိုနားလည်သလဲဆိုတာကိုတောင် မမ မတွေးဖြစ်တာ ကြာလှပြီပဲ။ မဝေးတော့တဲ့ကာလမှ “မမ”ဆိုတဲ့ အမည်နာမပါ သူမဘဝထဲက တော်တော်လေး မှိန်ဖျော့သွားဦးတော့မှာ...

ဘာပဲဖြစ်ဖြစ်... နာရီတွေကတော့ ပုံမှန်လည်နေဦးမှာပါပဲလေ...

ရွှေပြည်သူ
(1:00 AM ~ 04-Sept-2009)

အစ်မဝါဝါ Tag တဲ့ပို့စ်လေးပါ။ အစ်မဝါဝါရဲ့ စည်းကမ်းချက် (၃)နဲ့(၄)မှာ ကွိကနဲ သွားငြိပါတယ်။ တကယ်ကြီးကို ရေးစရာ တကယ့်အဖြစ်အပျက်တွေ ခန်းခြောက်နေလို့ စိတ်ထဲရှိတာလေး နည်းနည်းကို အခြေခံပြီး ဇာတ်လမ်းဆင်ရေးလိုက်ပါတယ်။ (စိတ်ကူးယဉ်ရေးတယ်ပြောရင် လိုက်စိတ်ကူးယဉ်တတ်တဲ့ (လက်တွေ့အောင်မြင်နေသူ) အစ်ကိုကြီးတို့... “ဝမ်းစာပြည့်လို့” ဆိုပြီး ပြောမယ့်သူတို့... ပြောသမျှတွေကို ထောက်ခံ အတည်ပြုမယ့် ဥယျာဉ်မှူးတို့ ရှိလို့ အပြောလွတ်လိုလွတ်ငြား “ဇာတ်လမ်းဆင်တယ်” လို့ version ပြောင်းပြီး ပြောကြည့်တာပါး)))) “အမှန်အကန်မဟုတ်ပဲ ရေးရင် ကိုယ့်ချစ်သူနဲ့လွဲမှာနော်” လို့ အစ်မက ရာဇသံပေးထားပေမယ့် လွဲစရာလူကလည်း မရှိတော့ အရဲကိုးပြီး ရေးချလိုက်ပါတယ်။ အစ်မ ကျေနပ်ပါနော်...း)

28 comments:

ko said...

Yes, a happy-ended romance should need a luck-favored chance or a perfect timing. Nice to read, as usual!

kiki said...

Bad Timing လေးကြောင့် သူ နဲ့ မမ တို့  လွဲခဲ့ရတာ ..
စိတ်မကောင်းဖြစ်နေတုန်း ...
ဇာတ်လမ်းဆင်တယ် ဆို တော့မှ ဟင်းကနဲ သက်ပြင်းချလိုက်မိတယ် ..

မသူအရေး အသားတွေ က နူးညံ့ လွန်းလို့ 
တကယ့် အဖြစ်လို့ တောင် ထင်ရတယ်...
( မျက်ရည် မခိုင်ဘူးနော် ... ပြန်လျော်ပေးရမယ် )...း)

ခင်မင်စွာဖြင့်
ကိကီ

jr.lwinoo said...

bad timing တဲ့လား..
mood တွေ မကောင်းတော့ဘူး အရွှေရေ့..
:'(

အနော် said...

စကားလုံးတစ်လုံး ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်
Bad Timinig တဲ့လား :(

ချစ်ခြင်း ခြေရာ said...

အစ်မရေ တကယ်မှတ်ပြီး ခံစားဖတ်သွားပါတယ် ။
ကျွန်တော်တော့ ကျောင်းဖွင့်ချိန်ဖြစ်နေလို့ သူများတွေရေးတာ လိုက်ချောင်းရင်း မရေးဖြစ်သေးဖြစ်နေပါတယ် ။ အစ်မဝါ ရဲ့ ထောင်ချောက်လေး တွေကို လှလှပပရှောင်ထွက်သွားပုံလေး အတုယူသွားပါတယ် :p

yangonthar said...

ခံစားမှုကို သက်ဝင်ပြီးရေးတာကို ကျနော် အင်မတန် သဘောကျတယ် အစ်မရေ။ အစ်မရေးပုံလေးက ညက်တယ် ပြီးတော့
စာဖတ်သူ ရဲ့ ရင်ကို အသာလေး စွဲခေါ်သွား
လို့  ငြိမ့်ကနဲပါသွားတာ အင်မတန် အရသာ
ရှိတယ် အစ်မရေ ......
ကျွန်တော်လည်း ကလိမ်စေ့တွေ ငြမ်းဆင် နေတာ ဟီးဟီး မကြီးဝါကြားရင်သတ်မှာ
:D ရှေ့ ကအစ်ကို အစ်မတွေ သူငယ်ချင်းတွေ
ဘယ်လို ရေးသလဲ လိုက်အတုယူနေတာ
အစ်မဆီကတော့ အများကြီးသယ်ပြီးပြန်ပြီ
ခင်တဲ့ 
ရန်ကုန်သား
အေးမြသာယာပါစေ :D

တောသားလေး said...

အစ်မရေးတာတော်တော်ကောင်းတယ်ဗျာ။ဖတ်ရတာတကယ်အဖြစ်အပျက်လေးလားလို့ထင်ရတယ်။:)

ကောင်းမွန်ဝင်း said...

ရွှေပြည်သူသို.
ကျွန်မက ဘလောက်တွေဖတ်ချင်ပေမယ့် ဖတ်ရမယ့် အခွင့်အရေးနည်းပါတယ်။ ဒါပေမယ့်ရွှေပြည်သူရဲ. ပို.စ်အသစ်ကို အမြဲမျှော်လင့်နေပါတယ်။ခပ်ဆွေးဆွေးနဲ. ရင်လေးရတဲ. ခံစားမှုတွေကို သိမ်သိမ်မွေ.မွေ. က္ကုနြေ္ဒရှိရှိ ရေးတာသိပ်သဘောကျနှစ်ခြိုက်မိပါတယ်။

နှင်းဟေမာ said...

မမရွှေပြည်သူရေ.....
ဇာတ်လမ်းလေးက တစ်ကယ့်ကို သိမ်သိမ်မွေ့မွေ့လေးနဲ့စာဖတ်သူတစ်ယောက်ကို မသိမသာလေး ဆွဲခေါ်သွားတာတွေ့ရတယ်....။
ဒါလည်း သဘာပဲနော်...။
အမြဲအားပေးနေမယ်နော်....
ခင်မင်လေးစားလျှက်
နှင်းဟေမာ

ကိုတိုးလေး said...

အမရေ စာတွေလာဖတ်သွားပါတယ်။ တကယ်ကိုဖတ်လို့ကောင်းပါတယ် တကယ့်အဖြစ်အပျက်လေးအတိုင်းပါပဲ။ အဆင်ပြေပါစေအမရေ။

ကိုမျိုး said...

မင်္ဂလာပါ..ရွှေပြည်ရေ...
ဇတ်လမ်းလေးက အရမ်းဖတ်လို့ ကောင်းပါတယ်... အရေးအသား အရမ်းကို ပြေပြစ် ချောမွေ့လို့ နောက်တခေါက် ထပ်ပြီး ဖတ်ဖြစ်ခဲ့တယ်..

သိင်္ဂါကျော် said...

ဆင်ထားတဲ့ ဇာတ်လမ်းလေး ထဲမှာ မျောသွားပါတယ်...
လွဲစရာ လူလည်း မရှိဘူး ဆိုတာ ယုံပါဘူးနော်...

flowerpoem said...

Bad Timing အဲလိုကိုယ်ဖြစ်နေပြီ မရွှေပြည်သူရေ ဖတ်လို့ကောင်းတယ်...

Anonymous said...

ဇတ်လမ်းက..စွဲဆောင်မူရှိတယ်.နော်.မမ
ဟုတ်တယ်..တစ်ယောက်နဲ့ တစ်ယောက်..ဘာမှ..မပြောပဲ..ငုတ်တုတ်ကြီး
အေးစက်နေတာ..သိပ်ဆိုးတယ်..ခံစားနိုင်ဖူးရယ်.
နှစ်ခေါက်ဖတ်သွားတယ်..မမ

နဒီမိုးညို

အပြုံးပန်း said...

ဒီတစ်ပုဒ်လဲ လှတယ်၊ ရွှေပြည်သူရေ၊
မမနဲ့ အကို ကို မြင်ယောင်လာအောင် ခံစားမိအောင် ရေးပြနိုင်တယ်။
ဝတ္ထုတိုတစ်ပုဒ်ရဖို့ အများကြီး အချိန်ပေးရတာနော်၊ ဖတ်ရလို့ ကျေးဇူးတင်တယ်။

လင်းဒီပ said...

“ဟုတ်တယ်ဗျ..
စာရေးသူ ကတော့ ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ဇာတ်လမ်းဆင်ထားပါတယ် လို့တော့ ပြောတယ်။”

“ကျွန်တော်လည်း ဖတ်ကြည့်လိုက်တော့ ဖြစ်ရပ်မှန် လို့တော့ ထင်ပါတယ်..။ သူ့ကြည့်ရတာ စည်းကမ်းချက်(၄)ကိုလည်း ကြောက်နေပုံရတယ်..။:P”

(ကောက်နှုတ် ။ ။ စာဖတ်သူနှစ်ယောက် အချင်းချင်း ပြောဆိုသုံးသပ်ချက်)

လင်းဒီပ said...

အချစ်ကို သိမ်သိမ်မွေ့မွေ့နှင့် လွဲမှားနေသော ညှိယူလို့ မရတဲ့ နားလည်မှုတွေကို မိန်းကလေးဘက်က ခံစားမှုနဲ့ ငြိမ်ငြိမ်သက်သက်ကလေး ကြေကွဲပြထားသော ဝတ္တုလေး...။

အောင်ဦး said...

အစ်မရေ...

စာဖတ်သွားပါပြီ... ဖတ်ပြီးတော့ တခုခုကို သိလိုက်သလိုပဲ။း))

ပျော်ရွှင်ချမ်းမြေ့ပါစေ... အစ်မ

သက်ဝေ said...

ရေးထားတာ ချစ်စရာ ပြီးတော့ ဖတ်ရတာ လွမ်းစရာ ကောင်းတဲ့ အကြောင်းအရာလေး တခုပါ...
လူနှစ်ယောက်ကြားမှာ နားလည်မှု ဆိုတာ အရေးကြီးသလို Timing ကလဲ တကယ်ကို အရေးကြီးတာပါပဲနော်...။

purplemaylay said...

ကောင်းလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ဘူးကွယ်..
ဇာတ်လမ်းကလည်း ဆင်တတ်ပါ့...

ဝေလေး said...

တိုင်ပင်တွေအောက်ကုန်လို့ကိုးး... ;)
အဲလို bad timing လေးတွေ ဘယ်လောက်တောင်များရှိနေကြဦးမလဲ တွေးကြည့်မိတယ်..

Younggun said...

Bad timing ဆိုတာကို အတော်သဘောကျမိတယ်ဗျာ။ အဲဒီ တိုင်မင်အလွဲကြောင့်ပဲ အလိုလိုကွဲကွာသွားရတဲ့ သူတွေ မြင်ဖူးလို့ပါ။ လူသားတစ်ယောက်ဖြစ်လာရက်နဲ့ လူပီပီသသ လွတ်လပ်မှု မရှိဘဲ ကိုယ့်ဖာသာ ချည်နှောင်ထားသူနှစ်ယောက်လို့ မြင်မိပါတယ်။ အစ်မ ရေ ပွင့်ပွင့်လင်းလင်းပြောရရင် အခုလို ၀ထ္ထုတိုလေးတွေအများကြီး ဖတ်ချင်ပါတယ်လို့။

Mogok Thar said...

ဖတ်ပြီး ရင်ထဲမှာ တခုခု ကျန်ရစ်ခဲ့တဲ့ ၀တ္ထုတိုလေးပါ။
စာတွေ အများကြီးပဲ ဆက်ဖတ်စရာတွေ ကျန်နေသးတယ်။

လာဖတ်အုံးမယ်ဗျာ။

မွန် said...

မမ မန့်မလို့ တေးထားတာကြာမှ လာရေးတာလေ
တနင့်နင့် နောက်ပြီး တနုံ့နုံ့ပါပဲ အဲလို မျက်ုံးချြင်းမဆုံနိုင်တဲ့ ကံကြမ္မာက သိပ်ကြေကွဲဖို့ကောင်းတာ ဒီစာုလေးကလဲ ကြေကွဲစရာ

WWKM said...

ညီမလေးရေ..ဖတ်နေရင်းနဲ့ ဇာတ်လမ်းလေးမှာ မျောပါသွားခဲ့ပါတယ်..
ဆက်တောင်ဖတ်ချင်နေသေးတယ်လေ..း)
ညီမလေးရေးထားတာ အရမ်းကောင်းတာပဲ...

စိတ်ထဲရှိတာနည်းနည်းလေးကို ဇာတ်လမ်းဆင်ပြီးရေး
တယ်ပဲပြောပြော ညီမလေးရဲ့ အမှတ်တရဇာတ်လမ်း
လေးတစ်ပုဒ်လို့ပဲ မှတ်ယူသွားတယ်နော်.

ချစ်သောသူနဲ့ ပေါင်းဆုံနိုင်ပါစေ။
ဇာတ်လမ်းလှလှလေးရေးပေးတာ ကျေးဇူးပါ ညီမရေ။
ရွာသားကိုတော့ လုံးဝမကျေနပ်ပါဘူး။
သူ့တက်ဂ်ပို့စ်ကို အစ်မ လက်မခံပါဘူး။
ပြန်မရေးရင် ဆွေမျိုးခန်းပြတ်ပဲ။း)

ကျန်းမာပျော်ရွှင်နိုင်ပါစေ ညီမရေ။

အစ်မ၀ါဝါ

သီဟသစ် said...

ဇာတ်လမ်းလေးက Romantic ဖြစ်လွန်းတော့ စိတ်ကူးယဉ်ရေးတယ် မထင်မိဘူးကွယ်

:)

တကယ်ကို ဖတ်လို့ကောင်းပါတယ် ညီမရေ

ခင်မင်စွာဖြင့်
သီဟသစ်

BLACK DREAM said...

တစ်ယောက်ကလည်း တစ်ယောက်ကို ကြည့်နေတယ်..။ နောက်တစ်ယောက်ကလည်း အဲ့ဒီ့တစ်ယောက်ကို ကြည့်နေတယ်..။ ဒါပေမယ့် သူတို့ရဲ့ အကြည့်တွေဟာ နားလည်မှုဆိုတဲ့ ဆုံချက်လွဲသွားခဲ့ကြတယ်လေ...။

Capricorn said...

ခံစားသွားတယ်...ဘာလို့မပွင့်လင်းကြတာလဲ?
ဇါတ်လမ်းဆင်တာပဲ ဖြစ်ပါစေနော်...