Wednesday, August 12, 2009

မျဉ်းတို့ရဲ့တဖက်

MRT Station တစ်ခုရဲ့ ပလက်ဖောင်းပေါ် ခြေစုံရပ်မိချိန်မှာပဲ သူ့ကို စတွေ့ခဲ့သည်။ ဘဝမှာ ပထမဆုံးအကြိမ် သူ့ကိုတွေ့ဖူးခြင်း။

သူမတို့အလယ်မှာတော့ ရထားဆိုက်လာမယ့် မြောင်းကြီးတစ်ခုက ငြိမ်သက်စွာ လဲလျောင်းခြားနားလျက်...

လူပေါင်းများစွာကြားမှာ ရပ်နေတဲ့သူမ ရှေ့တည့်တည့်က လူပေါင်းများစွာထဲမှာ သူ့မျက်လုံးတွေကိုသာ အရင်ဆုံး မြင်ခဲ့သည်။ သူမတသက် မြင်ဖူးသမျှ အကြည်လင်ဆုံးသော မျက်နှာတစ်ခု။ စူးစိုက်မှုရှိပေမယ့် စူးရှမှုကင်းစင်သော မျက်ဝန်းတစုံ။ သူမ စက္ကန့်ပိုင်းလောက် ငေးဖြစ်သွားသည်။ သူ့နှုတ်ခမ်းမှာ ငြိမ်းချမ်းသော အပြုံးလေး ယောင်ယောင်ပေါ်လာသည်။ နောက် သိမှတ်မဲ့စွာပဲ သူရော သူမပါ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်တူ ပြုံးပြလိုက်မိကြသည်။ ငြိမ့်ကနဲ ဖြစ်ပေါ်လာတဲ့ ခံစားသိတစ်ခုကို အဝေးကလွင့်လာတဲ့ သတ္ထုဆန်ဆန် အသံတစ်ခုက ချက်ချင်းပါးလျသွားစေသည်။

“Please mind the platform gap"

အသံကြောင့် သူမ လက်ဖျားတွေတောင် တုန်သွားလား မသိ။ လျောကနဲ တည်တည်ငြိမ်ငြိမ် ထိုးစိုက်လာတဲ့ ရထားပေါ်ကို သူ့ဘက်တံခါးပေါက်က သူတက်လာသည်။ သူမ လက်ထဲက အိတ်ကို ပွေ့ပိုက်လိုက်ရင်း ငေးရီဆဲ။ ဘေးက တွန်းတိုက်ပြီး တက်သွားတဲ့လူတွေတောင် ကုန်တော့မည်။ ရထားထဲက လှမ်းကြည့်နေတဲ့ သူ့မျက်လုံးတွေက ဇဝေဇဝါ။ နှုတ်ခမ်းတွေက တခုခုကို ပြောချင်သလိုလို။

အဲဒီအချိန် သူမကျောပေးထားတဲ့ အနောက်ဘက် Platform ဆီက အသံတစ်သံ သူမအာရုံကို ဆွဲယူလိုက်ပြန်သည်။

“For your own safety, please stand behind the yellow line"

အသံအဆုံးမှာ သူတက်သွားတဲ့ (သူမ
လည်း တက်ရမှာ ဖြစ်တဲ့) ရထားဆီက တံခါးပိတ်တော့မယ့် အချက်ပေးသံ စမြည်သည်။

အယောင်ယောင်အမှားမှား အောက်ကို ငုံ့ကြည့်မိတော့ သူမခြေထောက်တွေက အဝါရောင်လိုင်းပေါ် စုံရပ်လို့။ ဆတ်ကနဲ ခြေကိုရုတ်ပြီး နောက်ဆုတ်လိုက်ချိန် တံခါးတွေ စေ့ကနဲပိတ်ပြီး ရထားစထွက်သည်။ ငြိမ်းအေးတဲ့ မျက်လုံးတစုံကလည်း သူမကို ငေးကြည့်နေဆဲ။ ရထား တရွေ့ရွေ့ ဝေးဝေးသွားသည်။ သမင်လည်ပြန် မျက်နှာကြည်ကြည်ကို မြင်နေရဆဲ...

မြင်ကွင်းမဆုံးခင် သူမ ချာကနဲလှည့်ထွက်လိုက်သည်။ နောက် ခြေလှမ်းတွေကို သွက်နိုင်သမျှ သွက်သွက်လှမ်းသည်။ နားထဲမှာ အကြိမ်ကြိမ် ကြားယောင်နေတဲ့ အသံက... “Please stand behind the yellow line” ... “For your own safety...”....

လောလောဆယ် အဲဒီအသံနဲ့ အဝေးဆုံးဆီမှာ သူမ ခဏဖြစ်ဖြစ် ခိုနားလိုက်ချင်သည်။ တော်တော်လေးလှမ်းမှ သတိထားမိတာက ဒီတခါ အဲဒီအသံ သူမရင်ထဲက လာနေတယ် ဆိုတာပါပဲ...

=============================================

အဖြစ်အပျက်ကလေး အပြီး ၄နာရီ တိတိကြာခဲ့ပြီ...။

ကြည်လင်အေးချမ်းတဲ့ မျက်ဝန်းတစ်စုံကတော့ အရာအားလုံးကို မေ့ပစ်ပြီး အနားယူ အိပ်စက်နေလောက်ရောပေါ့။

သူမကတော့ "Love at first sight" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျမ်းတစ်စောင်ကို ညမှောင်မှောင်မှာ ရှက်ကိုးရှက်ကမ်း ပြုစုနေခဲ့သည်။ “မနက်ဖြန်ဆို အားလုံးပြီးသွားတော့မှာပါ” လို့လည်း မကြာခဏ ဖွဖွရွတ်ပြီး ပြုံးသေးသည်။ ရင်ထဲမှာတော့ သတ္တုသံတစ်ခုက မြည်နေဆဲ...

“For your own safety, please stand behind the yellow line..............”

“For... your own safety...............................”

ရွှေပြည်သူ
(ည ၁၂း၂၃ နာရီ ~ ၁၂.၀၈.၀၉)

29 comments:

ရွာသားလေးဝိုင်တီယူ said...

စီလာဘာသီ ဘရန်ဘရန် ပြီးတော့
တက်တက်တက် ရုံးမှီချင်မြန်မြန်တက်တဲ့

ဟုတ်တယ်
for your own safety, please stand behind the yellow line

ဝေ့လော်နီတဲ့အန်းချွမ် ချင်ကျန့်ကြိုက် ၀ှမ်စမ့်ဟို့မြန့်ဆိုလားပဲ

ကျမ်းကြီးပြီးရင် ဒီဘက်ကို share ပါနော် ကျနော် လေ့လာချင်လို့ပါ

စနောက်သွားပါတယ် အတည်မရေးသွားပါ

သီဟသစ် said...

ညီမရွှေပြည်သူရေ
သတ္တုသံတွေတော့ မကြားချင်ပါ.. but ကျမ်းကိုတော့စိတ်ဝင်စားပါသည်..
:)

ခင်မင်စွာဖြင့်
သီဟသစ်

အင်းလူပျိုကြီးကိုရွာသားကတော့ နောက်သွားတယ်
သူကပြောအားရှိပေသကိုး

jr.လွင်ဦး said...

For your own safety လေ.. My safety မှမဟုတ်တာ.. ကိုကိုရေ ကိုကိုရေ ဆိုပြီး သံလမ်းအတိုင်း အပြေးလေးလိုက်သွားလိုက်တာ မဟုတ်ဘူး။
ဟီးဟီး နောက်တာဘာာာာာ ..
Happy Journey Starts Like That!
ပါတဲ့ sis ရေ။

မွန် said...

အိုး အချစ်သီးသန့်ဝတ္ထုလေး
ဟုတ်တယ် အချစ်က အရှိန်ပြင်းပြင်းမောင်းနှင်လာပြီဆိုရင် ဝင်မတိုက်မိဖို့ ပြီးတော့ ကပ်ငြိမသွားဖို့ သိပ်လိငုအပ်တာပေါ့
ဒါပေမယ့် အဝါရောင်လိုင်းပေါ်ကနေ စိတ်တွေကျော်လွန်ရုံမက သံလမ်းပေါ်ထိ ကျွံကျသွားတတ်တာခက်တယ်
ဘူတာရုံကသတိပေးသံလေးနဲ့ ဒီလိုအချစ်ဇာတ်လမ်းလေး ရေးနိုင်စွမ်းတဲ့ မမရဲ့ နှလုံးသားကိုတော့ ....

အနော် said...

"Please stand behind the yellow line, for your own safety....."
သတိပေးသံအဆုံး အဝါရောင်လိုင်းကလေးရဲ့နောက်ကို အချိန်မီဆုတ်လိုက်နိုင်တဲ့ မမကို ချီးကျူးပါတယ်.
ကိုယ့်ရဲ့ အန္တရာယ်ကိုတောင် မမှုနိုင်လောက်အောင် သတိပေးသံကိုတောင် မကြားနိုင်လောက်အောင် အဝါရောင်မျဉ်းကလေးပေါ်မှာ ခြေစုံရပ်ကျန်နေခဲ့ဖူးတဲ့ သူတွေလဲ ရှိဖူးမယ်ထင်ရဲ့.....

ဝေလေး said...

မမရေ.....
စိတ်ကူးတတ်လိုက်တာ။ ဘူတာရုံက သတိပေးသံကြားတိုင်း မမဝတ္ထုလေး သတိရပြီး ပြုံးနေမိတော့မယ် ထင်ပါရဲ့...

myatnoe said...

ကောင်းလိုက်တာ.ညီမရယ်

တလနွန် said...

ပီပြင်တဲ့ ရေးချက်တွေပါပဲ အစ်မရေ။ ဇာတ်လမ်းတော့ ဖတ်လို့ တော့ မဝဘူးရယ်။ အခုမှ Love At First Sight
ပဲရှိသေးတယ်။ :p

ခင်မင်ခြင်းနှင့်
တလနွန်

ko said...

Oh, what a pity! So, didn't she take that train which she had primarily scheduled to take just to avoid a chance encounter with him? I don't think that gentleman should be harmful to her for then n ever. Probably she then thought enjoying a real love was a sin. ( As 4 me, i would restrain enjoying or showing my real emotions only when it seems to make others somehow annoyed. I mean i'll restrain only 4 others' safety, not 4 myself because I don't think it's a sin n think we deserve to enjoy our real human feelings, non-reluctantly, in this material/ pretending / real-raring world.)

မျက်မှန်လေး said...

ဟီးဟီး။

ှုှုif you see any suspicious articles or person, please inform our staff or call 999....


ဟီး၂၂၂

နှင်းဟေမာ said...

တစ်ခါတစ်ရံမှာ အဲဒီ့အမှတ်တမဲ့ဆိုတဲ့ အရာလေးတွေက အချစ်ကို လှည့်စားသွားတက်တယ် ....... Please stand behind the yellow line ! ;p

purplemay said...

love at third sight တော့ယုံတယ်ဟ...Kwi kwi...

လင်းဒီပ said...

အဝါရောင်စည်းလေးကို မကျော်ရဲဘူး....ခြေကျူးရင် ခြေ လက်ကျူးရင်လက် နှလုံးသားကျူးရင် နှလုံးသား ပေးဆပ်ရမှာ များတော့ For your own safety အတွက် နေဖြစ်ခဲ့တယ်ပေါ့( Jurong East MRT မှာ..:P)

အချစ်ဆိုတာ စွန့်စားရတဲ့ ကစားနည်းတစ်ခု ဆိုတာ
သူမရေးတဲ့ကျမ်းထဲမှာ မပါမဖြစ် ပါမယ့် အချက်တစ်ချက်လို့ အသေအချာ သိနေသလို...။

Mhu Darye said...

နေ့တဒူဝ ကြားဖြစ်နေကျ အသံပါပဲ။

အမရွှေပြည်သူရဲ့  ပိုစ့်ကို ဖတ်ပြီးမှပဲ၊ မသိစိတ်က ခဏခဏ ပြန်ရွတ်မိနေတယ်.. ဗုဒ္ဓေါ.. :P ဘယ်လို လုပ်ရပါ့..။

မေဇင် said...

မမ ဖတ်လို့ မ၀သေးဘူး....ဘာလို့ တတ်မယ့် ရထားပေါ်လိုက်မတတ်သွားတာလဲ ဟင်....

အပြုံးပန်း said...

အတွေးလေးကောင်းသွားပြန်ပြီ။ တိုတိုလေးနဲ့ ပြောချင်တဲ့အသံလေးပါတယ်။ သိပ်ကောင်းပါတယ်။
ကိုယ်လည်းကြိုးစားပါအုံးမယ်၊ အားကျလို့။ အမှန်က ကိုယ်အဲဒီလို တကယ်ရေးချင်တာပါ။ ရွှေပြည်သူက အတွေးနောက်ကို အရေးလိုက်နိုင်တယ်။ မြင်သမျှကိုလည်း ရေးနိုင်တော့ ခေတ်ကိုလည်း ပုံဖော်နိုင်တယ်။

ဖြိုးငယ် said...

တော်တော့်ကိုကောင်းလွန်းအားကြီးပါတယ်အမ ...
တဒင်္ဂလေးကို ၀တ္တုတိုလေး တစ်ပုဒ်ဖြစ်အောင်
တွေးပြီး ရေးသွားနိုင်တဲ့ (ဒါမှမဟုတ် ) ကိုယ်တွေ့လေးကို
ရေးသွားနိုင်တဲ့ အမရဲ့ စိတ်ကူးနဲ့အရေးအသားကို
ချီးကျူးပါတယ်အမရေ ...

ချစ်ခြင်း ခြေရာ said...

ဟောဗျ ဖတ်မလို့လုပ်တုန်း ဝတ္ထုက ပြီးသွားပြီ :P
အတွေးစလေးတွေချန်ခဲ့တယ်ဗျ ။

mgngal said...

ပြောပဲ မပြောချင်တော့ဘူး ။ (တော်လွန်းလို့  )
ဗေဒင်အရ လတ်တလော အစ်မသူ နှလုံးသားကို အထူး ဂရုပြုပါ ။ ထိလွယ်ရှလွယ်ဖြစ်နေပါတယ်တဲ့ ။ :D

Aung Aung Sunday said...

short but very touching....

ပုလုကွေး said...

ရေးတက်တဲ့ လူတွေရေးတော့လဲ ဟတ်ထိသွားတယ်ဗျာ..တိုပေမဲ့ကောင်းပါ့

yangonthar said...

အစ်မရေ ကျနော်လဲ တုံးချက်နော် တကယ် တကယ် ဆက်ဖတ်ချင်ရင်ဆိုတာကို နှိပ်နေတာ pop-up window များပေါ်လာလားလို့ လိုက်ရှာ နေတာ ..... ဟီးဟီး .... ရှက်ရှက် ..... :D ကောင်းလိုက်တာ အစ်မရယ် တကယ်ပါ စာသား လေးတွေ က ညက်လိုက်ပါဘိနဲ့ ဗျာ ...... အစ်မစာတွေ အများကြီး ရေးနိုင်ပါစေ ကျွန်တော်ကတော့ အစ်မအိမ်လေး အလည်လာရင်း သယ်စရာ တနင့်တပိုးနဲ့ ပြန်သွားပြီ စာ.. စာတွေ အတုယူစရာတွေ ပြောပါတယ် :P ပျော်ရွှင်ပါစေ

ဇော် said...

အယ် ...
ရင်ထဲမှာ တစ်ပိုင်းတစ်စနဲ့ ခံစားမှုတစ်ခု တိုးဝင်လာတယ်။
ဖတ်လို့ မ၀ခြင်း...
ဟုတ်တယ်...။ ကျနော် ဖတ်လို့မ၀တဲ့ ဆန့်ငင် ဆန့်ငင် ခံစားမှုတစ်ခု ခံစားလိုက်ရတယ်။ ရသ ဆိုတာ အဲ့ဒါများလား ဒေါ်လေးသူ။ =)

Rita said...

first sigh first sigh

မယုံမရှိကြနဲ့နော် အဲဒါ တကယ်ရှိတယ်
(သူများပြောတာပါ)

ငဝန်နဒီ said...

ကျွန်တော်တို့ တွေ မိမိကိုယ်ကိုစိတ်ချဖို့ အတွက် အဝါရောင် လိုင်းနောက်မှာရပ်ရင်း တံခါးအပိတ် ကို စောင့် နေမိပြီနော် .........တခါတရံဆီသို့ ......ယနေ့ တိုင်ပဲ...ဆိုပါစို့ ....ရထားကတော့ဝေးဆဲ ငေးမြဲ....


စင်ကာပူက ပလက်ဖောင်း မှာကြာကြာရပ်ခွင့်မရှိတာ
သတိတရလွှမ်းမိပါတယ်......ဂျပန်မှာတော့...နောက်ဆုံးရထား...ကိုမျှော်ကြည့်လျှက်....အိမ်အပြန်...အတွက်..တွေးတော..ငေးမော....

nway nway said...

mama..Is this ur own experience ??? :).....I also have but alots :P

TGRmg said...

နောက်ထပ်ရထားတစ်စင်းကို စောင့်ဖြစ်မယ်တဲ့လားး)

k2tmaung said...

မရွှေပြည်...
idea လေးကောင်းလိုက်တာ... စာအရေးအသားရော... စဉ်းစားတတ်ပုံလေးကိုရော... အရမ်းသဘောကျတာပဲ... အားပေးနေတယ်နော်...

အညတြ (ခေတ္တ နယူးယောက်ခ်) said...

ဒီဝတ္ထုဖတ်အပြီး မှာ ဟာတာတာကြီး ဖြစ်နေ တယ်။ တော်တော်ကောင်းလွန်းတယ်။ ဇာတ်လမ်း ကိုတိုတိုနဲ့ပြတ်ပြတ်သားသား ရေးနိုင် မှု့ကိုလာရောက် လေ့လာ သင်ကြားသွား သည်။