Wednesday, August 5, 2009

ဆူး တဖြစ်လဲ ဆု

ဆူးနဲ့ဆုအကြောင်းရေးဖို့ အစ်မဝါဝါ TAG တော့ ကျွန်မမျက်လုံးထဲမှာ လွန်ခဲ့တဲ့ ၁၀နှစ်တိတိက အဖြစ်အပျက်လေးတစ်ခုကိုပဲ ချက်ချင်းမြင်ယောင်သွားမိပါတယ်။ ဒါကြောင့် ဘဝမှာ ရဖူးတဲ့ တခြား ဆုတွေ ဆူးတွေ အကြောင်း မရေးတော့ဘဲ ဆူးရောဆုပါ ပါတဲ့ အဲဒီအဖြစ်အပျက်လေးအကြောင်းပဲ ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အားလုံးကို အသေးစိတ်မှတ်မိနေလို့ အဲဒီအတိုင်း အတိအကျပဲ ရေးလိုက်ပါတယ်။

စာမေးပွဲပြီးလို့ ဆရာက တစ်ယောက်ချင်းစီရဲ့ အမှတ်တွေကို အတန်းထဲမှာ နာမည်ခေါ်ပြီးပြောနေတဲ့ အချိန်မျိုးက ခံစားချက်ကို ကြုံဖူးသူတိုင်း သိမယ်ထင်ပါတယ်။ အဲဒီတုန်းက ကျွန်မဆိုတဲ့ ခပ်ပိန်ပိန်မိန်းကလေးတစ်ယောက်လည်း အခန်းထောင့်တနေရာကနေ ကိုယ့်နာမည် ခေါ်လာမယ့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်နေခဲ့တာပေါ့။ နာမည်တွေသာ ကုန်သွားတယ် ကျွန်မနာမည် ခေါ်သံမကြားလိုက်ရပါဘူး။ အထိတ်ထိတ်အလန့်လန့်နဲ့ ဆရာ့ဆီကိုသွားမေးတော့ ဆရာက ကျွန်မ အဖြေစာရွက်က သူ့ဆီကို (အခန်းစောင့်တဲ့ ဆရာဆီကနေ) တခြားစာရွက်တွေနဲ့ အတူတူမဟုတ်ဘဲ သီးခြားရောက်လာလို့ သူအသိအမှတ်ပြုလို့ မရဘူးလို့ ပြောပါတယ်။ စာမေးပွဲဖြေချိန်တုန်းက အခန်းစောင့်တဲ့ဆရာဆီကို တခြားလူတွေနည်းတူ ကျွန်မသေချာအပ်ခဲ့ရက်နဲ့ ဘယ်လိုကနေ ကံဆိုးပြီး ကျွန်မအဖြေလွှာတစ်ခုပဲ ကွက်ကျန်ခဲ့တယ်ဆိုတာ စဉ်းစားလို့မရခဲ့ပါဘူး။ အင်မတန်စည်းစနစ်ကြီးတဲ့ ဆရာက နောက်မှ သပ်သပ်ရောက်လာတဲ့ စာရွက်ကို လက်မခံနိုင်တာကိုလည်း နားလည် သဘောပေါက်မိပါတယ်။ အဲဒီစာမေးပွဲက ဘာသာရပ်ရဲ့ အရေးကြီးတဲ့ tutorial တွေထဲက တစ်ခုဖြစ်သလို tutorial တွေက ရတဲ့ အမှတ်စုစုပေါင်းဟာ Final Exam ကအမှတ်ရဲ့ (ကျွန်မမှတ်မိသလောက်) ၄၀ ရာခိုင်နှုန်း အဖြစ် သတ်မှတ်မှာပါ။ ဒါကြောင့် ဒီ tutorial တွေဟာလည်း Final Exam လို အရေးကြီးတာပါပဲ။ ကျွန်မ ဘာလုပ်ရမှန်းမသိအောင် တုန်လှုပ်နေတုန်း ဆရာက ကျွန်မကို နောက်ထပ်လာမယ့် နောက်ဆုံး Tutorial က အမှတ်ကို Tutorial နှစ်ခုစလုံးရဲ့ အမှတ်အဖြစ် သတ်မှတ်ပေးမယ်လို့ ပြောပါတယ်။ ကျွန်မအခြေအနေအတွက် ဆရာ့ရဲ့ဆုံးဖြတ်ချက်က အကောင်းဆုံးနဲ့ သမာသမတ် အကျဆုံးပါပဲ။

အဲဒီညချမ်းက ကျွန်မစိတ်ထဲမှာ ငါ့အဖြေလွှာကျမှ ဖြစ်ရလေခြင်းဆိုတဲ့ အားငယ်စိတ်ကြောင့် ဖြစ်တဲ့ဆူး၊ စည်းစနစ်ကြီးတဲ့ဆရာ ငါ့ကို စာမေးပွဲမှာ မရိုးမသားလုပ်တယ်များ ထင်သွားလားဆိုတဲ့ ဝမ်းနည်းစိတ်က ဖြစ်တဲ့ဆူးတွေနဲ့ အိမ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းကမီးတိုင်တွေကို ငေးရင်း ကိုယ့်ကိုကိုယ်လည်း သတိပေးလိုက်မိတယ်။ ငါကြိုးစားမှ ဖြစ်မယ်လို့။

ဒီလိုနဲ့ နောက်ထပ် Tutorial အတွက် ကျွန်မ သေချာကို ပြင်ဆင်ခဲ့ပါတယ်။ ကျွန်မဘဝမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အကြိုးစားမိဆုံး အချိန်တွေထဲက တစ်ခုပါပဲ။ ကျွန်မစိတ်ထဲမှာ ဒီတခါ ကောင်းကောင်းဖြေနိုင်မှ ဖြစ်မယ်ဆိုတဲ့ အသိတစ်ခုပဲ ရှိနေခဲ့ပါတယ်။ ဖတ်ရမယ့် ကျက်ရမယ့် စာတွေအတွက် အချိန်ဇယားသေချာချခဲ့တယ်။ ကိုယ့်ဇယားကိုကိုယ် သေချာလိုက်နာခဲ့တယ်။ အမှားမခံနိုင်ဘူးဆိုတဲ့ စိတ်ရဲ့ တွန်းအားနဲ့ပဲ အကြိမ်ကြိမ် အထပ်ထပ် ပြင်ဆင်ခဲ့ပါတယ်။

စာမေးပွဲဖြေမယ့်နေ့မှာတော့ ကျွန်မ တော်တော်လေးကို စိတ်လှုပ်ရှားခဲ့တာပါ။ မဖြေနိုင်ဘူးဆိုတဲ့ option ဆိုတာမရှိဘူးလို့ ကိုယ့်ဘာသာ အထပ်ထပ် သတိပေးနေမိတော့ တခြားစာမေးပွဲတွေထက် ပိုပြီး စိတ်လှုပ်ရှားရပါတယ်။ ဖြစ်ချင်တော့ စာမေးပွဲမဖြေခင်လေးတင် အိမ်သာဝင်ရင်း တံခါးက သံပြားနဲ့ ညာဘက်လက်ကို ခြစ်မိပြန်ပါတယ်။ သံခြေးတော်တော်တက်နေတဲ့ သံပြားနဲ့ လက်ခလယ်နဲ့ လက်သကြွယ်ကို ကန့်လန့်ဖြတ် ခပ်နက်နက်ခြစ်မိတော့ နာကလည်းနာ မေးခိုင်ပိုးဝင်မှာ ကြောက်တဲ့စိတ်ကလည်း ဝင်နဲ့ ကတုန်ကယင် ပိုဖြစ်လာပါတယ်။ အချိန်ကလည်း မရှိတော့တာကြောင့် Handy Plus လေးပတ်ပြီး စာမေးပွဲခန်းထဲ ဝင်လိုက်ရပါတယ် (စာမေးပွဲပြီးတော့ ဆေးသွားထိုးလိုက်ရပါတယ်)။ ဖြေနေတဲ့အချိန်မှာ ဆရာက ကျောင်းသားတွေကို လမ်းလျှောက်ရင်းကြည့်ရင်း အနားရောက်တော့ ဒီအမှတ်က အရှေ့ကပြီးခဲ့တဲ့ စာမေးပွဲအတွက်ပါ သတ်မှတ်မှာ မို့လို့ သေချာဖြေဖို့ သတိတရ ပြုံးပြီး ပြောပါတယ်။ ဆရာ့ကို “ဟုတ်ကဲ့ဆရာ” လို့ ပြန်ပြောပြီး ကျွန်မ လက်က Handy Plus ကို တင်းနေအောင် ကွေးရင်း ဆက်ဖြေပါတော့တယ်။ နာတာတွေလည်း သတိမရတော့ပါဘူး။ ပြီးတဲ့အခါ ဆရာ့လက်ထဲကို သေသေချာချာ အပ်ခဲ့ပါတယ်။

အမှတ်တွေ ပြောတဲ့နေ့မှာ ကျွန်မ စိတ်လှုပ်ရှားရပြန်ပါတယ်။ တစ်ယောက်ပြီးတစ်ယောက် နာမည်တွေခေါ် အမှတ်တွေ ပြောရင်း ကျွန်မနာမည်ရောက်တဲ့အခါမှာ ဆရာကပြုံးပြီး “98” လို့ ပြောလိုက်ပါတယ်။ ကျွန်မတစ်ယောက်ထဲရတာတဲ့။ တခန်းလုံးမှာ အမှတ်အများဆုံးပဲတဲ့။ ကျွန်မလေ ပါးစပ်ပိတ်လို့ မရလောက်အောင် ပြုံးနေမိတာ မှတ်မိနေပါသေးတယ်။ အဲဒီအချိန်မှာ ပျော်တဲ့ရအပျော်ဟာ အခုထိ ကျွန်မစိတ်ထဲမှာ စွဲနေတုန်းပါပဲ။

အပေါ်က အဖြစ်အပျက်လေးဟာ သူများတွေအတွက်တော့ သေးသေးမွှားမွှား ကိစ္စတစ်ခု ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ကံဆိုးမှု (ဆူး) လေးတစ်ခုက စလိုက်တဲ့ အဲဒီအဖြစ်အပျက်ရဲ့ အကျိုးဆက်က တော်တော်တာသွားခဲ့တယ် ထင်ပါတယ်။ ၁၀တန်းပြီးကတည်းက စာသေချာ မလုပ်သလိုဖြစ်နေတဲ့ ကျွန်မ အဲဒီကနေ အရှိန်ပြန်ရသွားပြီး နောက်ဆုံးနှစ်စာမေးပွဲမှာလည်း အတန်းထဲမှာ ပထမရခဲ့ပါတယ်။ အဲဒီပထမဟာ ကျွန်မ Master ဆက်တက်ဖို့ အခွင့်အလမ်းရစေခဲ့သလို ကျောင်းလျှောက်တဲ့အခါမှာလည်း အများကြီး အထောက်အကူပြုခဲ့ပါတယ်။ အခုချိန်ထိလည်း အလုပ် Interview တွေဖြေတိုင်း ကျွန်မရဲ့ CV ကိုကြည့်ပြီး “မင်းက အတန်းထဲမှာ ပထမရခဲ့တယ်လား” ဆိုတဲ့ မေးခွန်းနဲ့ impression ကောင်းတွေကို ခံစားခွင့်ပေးနေတုန်းပါပဲ။ ဒါတွေက ဆူးလေးကနေ ထင်မှတ်မထားဘဲ ရလာတဲ့ ဆုတွေပေါ့နော်။

ကျွန်မတို့ ဘဝမှာ စူးခဲ့တဲ့ တချို့ဆူးတွေကတော့ လူကို တကယ်နာကျင်စေတတ်သလို တချို့ဆူးတွေကနေလည်း ဆုတွေ ဖန်တီးနိုင်ပါသေးလားဆိုတဲ့ အသိလေး ရမိပါတယ်။ ဒီဆုအတွက် ကျွန်မဒိုင်းတွေ ဆုတံဆိပ်တွေ တစ်ခုမှ မရလိုက်ပေမယ့် ရလိုက်တဲ့ တသက်စာ စိတ်အင်အားလေးကတော့ ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ တခါတရံ ကိုယ်ကံဆိုးတယ်လို့ ထင်ရတဲ့ အဖြစ်အပျက်တချို့ဟာလည်း ကိုယ့်ကို ပိုကောင်းတဲ့ အချိုးအကွေ့တစ်ခုကို ပို့ဆောင်ပေးတတ်ပြန်တယ် ဆိုတာလည်း နားလည်သွားပါတယ်။

ကျွန်မဘဝမှာ ဆူးတွေ အများကြီးစူးဖူးပါတယ်။ ဒါပေမယ့် ဒီဆူးလေးကတော့ သူယူဆောင်လာတဲ့ ဆုတွေနဲ့အတူ ကျွန်မအမြဲသိမ်းဆည်းသွားမယ့် ဆူးလေးတစ်ချောင်းပါပဲ...

(ဒီစာနဲ့အတူ ကျွန်မတို့ အမြဲလေးစားအတုယူရသလို ကျွန်မအတွက် စာသင်ခန်းထဲမှာသာမက လုပ်ငန်းခွင်အတွက်ပါ လမ်းပြကြယ်သဖွယ်ဖြစ်ခဲ့တဲ့ ဆရာ့ကို ရိုလေလေးမြတ်စွာ ကန်တော့ပါတယ်ရှင်။)

18 comments:

အောင်ဦး said...

အစ်မရေ...
ပိုစ့်လေးကို စိတ်ဝင်တစားဖတ်သွားပါတယ်။ ဖတ်ရင်းနဲ့ ဆက်ဖတ်ချင်အောင် ဆွဲအောင်နိုင်တဲ့ ရေးသားချက်လေးတွေပါပဲ။

ဆူးလေးတွေက ဆုလေးတွေဖြစ်အောင် ဖန်တီနိုင်ခဲ့သလို
တခါတလေမှာ ကြုံတွေ့ရတဲ့ လောကဓံ တရားတွေကလည်း အဖိုးမဖြတ်နိုင်တဲ့ အသိတွေကို ပေးနိုင်စွမ်းရှိတယ်ဆိုတာ ပြောပါရစေ အစ်မ....

စိတ်ချမ်းသာပါစေ...

ချစ်ခြင်း ခြေရာ said...

ဖတ်သွားပြီအစ်မရေ ။ ကျွန်တော်လဲ တက်ဂ်ခံထိထားလို့ ဘာရေးရမလဲ တွေးနေတုန်း လာပြီး စိတ်ကူးမျှသွားပါတယ် ။

ko said...

Oh! ur writings are never boring 'cos u write those in heartfelt mood. Thank u 4 ur sharing this.

မောင် said...

ဆ၇ာမ အမှားကို ကျောင်းသားက ခံ၇တာ တော်တော် မတ၇ားတာပါ...

ရွာသားလေးဝိုင်တီယူ said...

စာကိုစနစ်တကျလိုက်လုပ်တတ်ပြီး ဆရာတွေကို အမြဲလေးစားတတ်တဲ့ အတန်းဖော်တွေကိုလည်း အားနာတတ်တဲ့ ကျောင်းသူလေးတစ်ယောက်ကိုမြင်ယောင်မိပါတယ်

Anonymous said...

ဟုတ်တယ် ။။အမကတော့ ဆူး ကြောင့် လူတွေရဲ့ဘဝတွေ မြင့်တက်တယ်လို့ ယုံကြည်တယ်..

ဆူးသာ မရှိခဲ့ရင်... ကိုယ်ဒီလိုဘဝတွေ ရမှာမဟူတ်ဖူး

မြတ်နိုး

စိတ်စမ်းရေ said...

ဆိုးဝါးတဲ့ အခြေအနေကနေ အကောင်းဆုံးဖန်
တီးနိုင်ခဲ့လို့ လေးစားမိပါတယ်....။

WWKM said...

ညီမလေးရေ..
အမြန်ဆုံးရေးပေးတာ ကျေးဇူးပါနော်.

ညီမလေးရေးခဲ့သလို ကျွန်မတို့ဘ၀မှာစူးခဲ့တဲ့ တချို့ဆူး
တွေကတော့ လူတွေကို တကယ်နာကျင်စေတတ်သလို
တချို့ဆူးတွေကနေလည်း ဆုတွေဖန်တီးနိုင်ပါသေးလား
ဆိုတဲ့ အတွေးလေးကို တကယ်နှစ်သက်မိပါတယ်.
မမလည်း ငယ်ငယ်က ဆရာ ၊ဆရာမတွေရဲ့အထင်လွဲခံ
ရမှာကို ကြောက်တတ်ခဲ့သူ တစ်ယောက်မို့ ကိုယ်ချင်းစာ
မိပါတယ် ညီမလေးရေ. ကိုယ်ရိုးသားရဲ့နဲ့ မရိုးသားဘူး
လို့ အထင်ခံရမှာကို အားငယ်စိတ်တွေနဲ့ ဘယ်လိုမှ လက်မခံလိုခဲ့ဘူးလေ..
ညီမလေးကတော်လိုက်တာ.. နောက်ဆုံးနှစ်မှာ ထူးထူး
ချွန်ချွန်ကြီးကို ပထမရခဲ့တာ ဘ၀မှာ တကယ့်အမှတ်တ
ရဖြစ်သွားစေခဲ့တာပဲနော်.
မထင်မှတ်တဲ့ ဆူးလေးတစ်ခုကြောင့် ညီမလေးမှာ တစ်သက်စာ တန်ဘိုးမဖြတ်နိုင်တဲ့ စိတ်အင်အားလေး
တွေ ရရှိသွားခဲ့တယ်..
အဲဒီဆူးလေးက ညီမလေးဘ၀မှာအဖိုးထိုက်တန်လွန်းတဲ့ ဆူးလေးတစ်ချောင်းဖြစ်သွားစေခဲ့တာ တသက်လုံးအ
တွက် အမှတ်တရလေးဖြစ်သွားတာပေါ့နော်.

အရမ်းဖတ်လို့ကောင်းပါတယ် ညီမရေ.

ကျန်းမာပျော်ရွှင်ပါစေ.

အစ်မ၀ါ

တလနွန် said...

ဆက်ဖတ်ချင်အောင် ဆွဲဆောင်သွားတယ်။ ဆူး ကနေ ဆုတစ်ခု ဖြစ်အောင်ကြိုးစားခဲ့တဲ့ အစ်မ နှင့် နည်းလမ်းကျကျနှင့် ဖြေရှင်းပေးတဲ့ ဆရာမ ကို လေးစားပါတယ်။
ပျော်ရွင်ပါစေ အစ်မ

ခင်မင်ခြင်းနှင့်
တလနွန်

jr.လ said...

sis ရေ.. ဆူးတွေများပေမဲ့လည်း ဆုရအောင် ခုထိမကြိုးစားနိုင်ဘူး။ စိတ်ဓါတ်ကို မရှိတာ။ sis ကို အားကျပြီး ကြိုးစားလိုက်ဦးမယ်။ အားကျမိပါတယ်။ :)

mk said...

ဆူးကနေ ဆုဖြစ်အောင်လုပ်နိုင်တာကိုတော့ ချီးကျူးတယ်ဟေ့..
ငါ့သယ်ရင်းလေးဒိထက်စာတွေများများရေးနိုင်ပါစေ။
ထီပေါက်ရင်တော့ငါပေးထားတဲ့ဂတိမမေ့ပါဘူးဟာ..:)

မေဇင် said...

မမရေ.... ဆူးလေး ကနေ ဆု ဖြစ်သွားတယ်နော်...သူများ တွေရေးတာကို တွေ့ဖူးတာက ဆု ကနေ ဆူး ဖြစ်တာ... ဖတ်လို့တော်တော်ကောင်းလိုက်တာ..။

Mhu Darye said...

မရွှေပြည်သူေ၇...
တိုက်ဆိုင်တယ် ပဲ ပြောမလား...
ထပ်တူကျတဲ့ ကိစ္စလေးတခု ညီမမယ်လည်း ဖြစ်ဖူးတယ်။
း)

ခုချိန်ထိ အမှတ်တရ ရှိနေတုန်း ဆူးတွေထဲက ရွှေရောင် ဆူးလေးတခုပေါ့။
လာဖတ်သွားပါတယ်။

reenoemann said...

မူပိုင်ရှင် မောင်ရီနိုမာန်
လာရောက်ဖတ်သွားပါတယ်ဗျာ။
တော်လိုက်ကျတာနော်။

ရှက်တောင်ရှက်လာပြီ။

ရီနိုမာန်

yangonthar said...

မမ လာလည်ပါတယ် ကျွန်တော်လဲ တက်ဂ်ထိ ထားတာကြောင့် မမဆီက နည်းနာ နိဿယ လာ ယူလှည့်တာပါ ကောင်းလိုက်တာဗျာ စာ လေးက ကျစ်ကျစ်လစ်လစ်နဲ့ လိုရင်း ကို ထိလို့ မိလှပါတယ် ...... နောင်များလည်း လာ လည်ပါဦးမယ် ..... လေးစားခြင်းများစွာဖြင့် အတု ယူလျက် ........ (ရန်ကုန်သား)

လင်းဒီပ said...

ဆူးကို ဆုဖြစ်အောင် လုပ်နိုင်တာ သိပ်ကောင်းပါတယ်။

တခါတလေ ဆူးက သိပ်နက်ရင်တော့ လူတစ်ယောက်အနေနဲ့ ဆုဖြစ်အောင် ပြန်ပြောင်းယူတဲ့အခါ သိပ်ခက်နေတတ်တယ် ။
ဆုအဖြစ် အောင်အောင်မြင်မြင် ပြောင်းနိုင်ခဲ့ပြီ ဆိုရင်တော့ သိပ်ကိုကြံ့ခိုင်သူ ဖြစ်သွားပြီ။

ဘဝမှာ ရှင်သန်နေသမျှ
ဆူးတွေကတော့ ဆူးနေဦးမှာပဲ...
ခံနိုင်ရည်နဲ့ ဆုအဖြစ် ပြောင်းလဲကြရုံ...။

မွန် said...

လှလှပပစူးတဲ့ ဆူးလေးပဲနော်
အစအဆုံးစိတ်ဝင်တစားဖတ်သွားတယ်ချစ်မ

ဇော် said...

ဒေါ်လေးသူ
ကောင်းတယ်လို့ ပြောနိုင်တာကလွဲရင် ကျနော် ဘာပြောရမယ်မှန်းမသိတော့ဘူးဗျာ။
တစ်ခါတစ်ခါ ကွန်းမန့်ပေးရတာ သိပ်ခက်တာပဲနော်။ =)