Sunday, July 26, 2009

တထောင့်တနေရာ ရှိပါတယ်

ကျွန်မ လူမှန်းသိတတ်စမှာ ပထမဆုံး ခံစားရတဲ့ နာမကျန်းမှု ဒုက္ခဝေဒနာကို သွေးလွန်တုပ်ကွေးက ပေးခဲ့တာပါ။ အဲဒီအချိန်က သိပ်တောင် မသိတတ်သေးလောက်အောင် ငယ်လွန်းတဲ့ ကျွန်မကို မူးဝေအော့အန်ခြင်း တကိုယ်လုံးကိုက်ခဲခြင်း ဆိုတဲ့ ဝေဒနာတွေနဲ့ မိတ်ဆက်ပေးခဲ့တာက သွေးလွန်တုပ်ကွေးပါပဲ။ အဲဒီတုန်းက လက်တွေပေါ်မှာ ထွက်လာတဲ့ အနီရောင်အစက်ကလေး တချို့ကိုကြည့်ပြီး သေသွားတော့မလားရယ်လို့ ကြောက်လိုက်တာလည်း အရမ်းပါပဲ။ အစားအသောက်တွေပျက် အားတွေအင်တွေလည်းမရှိနဲ့ နေထိုင်ကောင်းဖို့ တော်တော်လေး အချိန်ယူခဲ့ပါတယ်။ နုနယ်တဲ့ ကလေးအရွယ်အတွက် တော်တော်ပြင်းထန်တဲ့ ဝေဒနာပါပဲ။

အခုလည်း မြန်မာနိုင်ငံမှာ Dengue Hemorrhagic Fever (DHF) လို့ခေါ်တဲ့ သွေးလွန်တုပ်ကွေးအဖြစ်များနေကျ ရာသီကို ရောက်လာခဲ့ပြန်ပါပြီ။ ဇွန်လလောက်ကနေ စပြီး အဖြစ်များလာတတ်တဲ့ သွေးလွန်တုပ်ကွေးဟာ ဇူလိုင် သြဂုတ်လတွေမှာတော့ အဆိုးဆုံးပါပဲတဲ့။ မိုးတွေ တဖွဲဖွဲရွာနေတဲ့ ဒီလိုရာသီမှာ နေရာတကာ ရေတွေဝပ်မှာမို့ သွေးလွန်တုပ်ကွေးကို သယ်ယူဖြန့်ဝေပေးမယ့် ခြင်တွေကလည်း အရင်ထက် ပိုပေါနေလောက်ပါပြီ။ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည် (Prevention is better than cure)” လို့ဆိုလေ့ရှိကြပေမယ့် ဝေဒနာခံစားနေရချိန်မှာ လိုအပ်တဲ့ကုသမှုကို လုပ်ပေးရုံကလွဲလို့ အမြစ်ဖြတ်ပေးမဲ့ ဆေးမရှိသေးတဲ့ သွေးလွန်တုပ်ကွေးလို ရောဂါနဲ့ ပတ်သက်လာရင်တော့ ကြိုတင်ကာကွယ်ဖို့ကိုပဲ တင်းတင်းကျပ်ကျပ် ဦးစားပေး စီစဉ်ကြရမှာပါ။ ကာကွယ်ဆေးလည်း မရှိသေးတဲ့ သွေးလွန်တုပ်ကွေးကို ကာကွယ်နိုင်ဖို့ အထိရောက်ဆုံး နဲ့ တစ်ခုထဲသော နည်းလမ်းကတော့ ရောဂါကို အဓိက သယ်ဆောင်သူတွေဖြစ်တဲ့ Aedes (အေးဒီးစ်) ခြင်တွေ ကိုယ့်ပတ်ဝန်းကျင်မှာ မပေါက်ပွားအောင် ပြင်ဆင်နှိမ်နင်းခြင်းနဲ့ ပေါက်ပွားပြီးသားတွေကို သုတ်သင်ရှင်းလင်းခြင်းပါပဲ။

ကိုယ့်ရဲ့ အိမ်ပတ်ဝန်းကျင်မှာ ခြင်တွေမပေါက်ပွားအောင် ကာကွယ်ဖို့ အခြေခံ လုပ်ဆောင်ချက်တွေကတော့ -

  • ဘုရားပန်းအိုး/အလှပန်းအိုးတွေ ကို နေ့စဉ်ပုံမှန်ရေလဲပေးပြီး ခြင်ဥတွေကပ်နေတတ်တဲ့ ပန်းတွေ အပင်တွေရဲ့ အမြစ်တွေကိုပါ သေချာရေဆေးပေးရပါမယ်။
  • ရေပုံးရေခွက်တွေကို အရိပ်ရတဲ့နေရာတွေမှာ မှောက်ထားရပါမယ်။
  • မဖြစ်မနေ ရေသိုလှောင်ရမယ်ဆိုရင်လည်း အဖုံးအကာနဲ့ သေချာလုံအောင်ပိတ်ထားရပါမယ်။
  • အိမ်အနီးအနား ပတ်ဝန်းကျင်က ပိတ်ဆို့နေတဲ့ ရေမြောင်းတွေကို ရေသွားရေလာကောင်းအောင် ရှင်းလင်းပေးရပါမယ်။

ပေါက်ပွားပြီးခြင်တွေကိုတော့ ခြင်ဆေးဖျန်းခြင်းနဲ့ပဲ နှိမ်နင်းနိုင်ပါလိမ့်မယ်။ ကိုယ်က ခြင်ပေါရာ အရပ်ဒေသမှာ သွားလာနေထိုင်နေရတယ်ဆိုရင်လည်း -

  • အပြင်ထွက်တဲ့အခါ ခြင်အလွယ်တကူ မကိုက်နိုင်အောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ခြေအိတ် တို့နဲ့လုံလုံခြုံခြုံ ဝတ်စားထားသင့်ပါတယ်။
  • အိမ်တံခါးတွေ ခြင်မဝင်နိုင်အောင် အမြဲပိတ်ထားပြီး ပြတင်းပေါက်တွေကိုလည်း ခြင်ဇကာတပ်ဆင်တာမျိုး လုပ်သင့်ပါတယ်။
  • ခြင်မကိုက်တဲ့ဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကလေးတွေ ကျောင်းစဖွင့်ချိန်နဲ့ သွေးလွန်တုပ်ကွေးဖြစ်တဲ့အချိန်က ကွက်တိလိုဖြစ်နေပါတယ်။ အေးဒီးစ်ခြင်ဟာ နေ့အချိန်တွေမှာသာ လူတွေကို ကိုက်ခဲတတ်ပြီး မနက်အာရုဏ်တက်အချိန်တွေနဲ့ ညနေစောင်းမမှောင်ခင် အချိန်တွေမှာ အဆိုးဆုံးဖြစ်လို့ အထူးသတိထားရမယ့် အချိန်တွေပါပဲ။ ဒါကြောင့် နေ့အချိန် ကျောင်းမှာပဲ အများဆုံးရှိမယ့် ကလေးတွေအတွက် ကျောင်းပတ်ဝန်းကျင်ကလည်း ခြင်ကင်းစင်ဖို့ အရမ်းအရေးကြီးပါတယ်။ မနက်ပိုင်း ညနေပိုင်း ခွဲတက်ရတဲ့ ကျောင်းတွေမှာဆိုရင် ကလေးတွေ ကျောင်းမှာ ရှိချိန်က ခြင်အကိုက်ဆုံးအချိန် ဖြစ်နေပါတယ်။ ဒီလိုအပ်ချက်ကို သေချာမြင်တဲ့ Raven Blood Donor Club က စေတနာသွေးလှူရှင်လူငယ်တွေက ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ရှိတဲ့ကျောင်းတွေကို (ပြည်တွင်းပြည်ပက အဖွဲ့ဝင်တွေ တတ်နိုင်သလောက် မတည်ထားတဲ့) Budget နဲ့ ခြင်ဆေးတွေ အခမဲ့ လိုက်ဖြန်းပေးနေတာကလည်း တကယ်ကို လေးစားစရာပါ။ တကယ်လိုအပ်နေတဲ့အချိန်မှာ ကလေးတွေအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်နေကြတဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အောက်က ဓာတ်ပုံတွေထဲမှာ ဝမ်းသာအားရစရာ မြင်နိုင်ပါတယ်။ နောင်လည်း အများကြီး ဆက်ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။



သွေးလွန်တုပ်ကွေးဟာ လူလူချင်း လေထဲကတိုက်ရိုက် ကူးနိုင်တဲ့ Airborn အမျိုးအစား မဟုတ်ပေမယ့် ရောဂါခံစားနေရတဲ့သူဟာ ရောဂါလက္ခဏာစပြပြီး ၆ ရက်အတွင်းမှာ သူ့ကိုကိုက်တဲ့ ခြင်တွေကနေတဆင့် တခြားလူတွေဆီကို သွယ်ဝိုက်သောနည်းအားဖြင့် ပြန်ဖြန့်ဝေနိုင်သူ ဖြစ်နေတာကလည်း ကြောက်စရာပါ။ ပေါ့ပေါ့ဆဆ ကိုင်တွယ်မိရင် အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာ အားလုံး မေ့မထားသင့်ပါဘူး။ ဒါပေမယ့် အပေါ်မှာပြောခဲ့သလို အားလုံးသတိနဲ့ ကိုယ်စွမ်းနိုင်သမျှ တထောင့်တနေရာက ဝိုင်းဝန်းပါဝင်ကာကွယ်ကြရင် သွေးလွန်တုပ်ကွေးဘေးက လွတ်အောင်ရှောင်နိုင်ကြမှာပါ။

သွေးလွန်တုပ်ကွေးဟာ ကျွန်မတို့နဲ့ အဝေးကြီးမှာရှိတာနေ မဟုတ်ပါဘူး။ ကိုယ်ချစ်သူခင်သူတွေဆီကို... ကိုယ့်ပန်းဝန်းကျင်ကို... ကိုယ့်ဆီကို... အချိန်မရွေး ခဏလေးနဲ့ ရောက်လာနိုင်တဲ့ အရာမျိုးပါ။ ဒါကို ကာကွယ်ဖို့ကလည်း စိတ်တစ်ခုသာရှိရင် တထောင့်တနေရာကနေ ပါဝင်ဖို့ ကျွန်မတို့အားလုံး တတ်နိုင်ကြပါတယ်။ ဒါကြောင့် ကျွန်မတို့အားလုံး ကိုယ်အစွမ်းရှိသလောက်နဲ့ ကိုယ့်ကိုကိုယ်ရော ကိုယ်ချစ်တဲ့သူတွေကိုရော နောက် အထူးသဖြင့် နုနယ်လွန်းသေးတဲ့ ကျွန်မတို့ရဲ့ ကြယ်ကလေးတွေကိုပါ ရောဂါဆိုးရဲ့အန္တရာယ်ဘေးက ကာကွယ်ပေးကြရမှာပါပဲလို့ ယုံကြည်မိပါတယ်ရှင်...

Dengue တိုက်ထုတ်မှုနဲ့ ပတ်သက်ပြီး အောက်ကပို့စ်တွေကိုလည်း မဖတ်ရသေးရင် ဆက်ပြီး ဖတ်ကြည့်စေချင်ပါတယ်ရှင် -

References:
http://en.wikipedia.org/wiki/Dengue_fever
http://www.ehow.com/how_2343196_prevent-dengue.html
http://mtherald.com/how-to-prevent-dengue/
http://my-sayawun-life.blogspot.com/2009/04/dengue-haemorrhagic-fever-dhf_5442.html
http://www.propertyguru.com.sg/news/2009/2/4348/tips-to-avoid-dengue

12 comments:

ရွာသားလေးဝိုင်တီယူ said...

လင့်တွေချိတ်ဆက်ပေးပါခင်ဗျာ ကျေးဇူးတင်ပါတယ်

WWKM said...

စာလာဖတ်သွားပါတယ် ညီမလေးရေ.
မမလည်း ပို့စ်တစ်ခုလောက်ရေးဘို့ စိတ်ကူးမိလိုက်ပါတယ်.

မျက်မှန်လေး said...

အမရေ...ခုလိုသတိပေးတာကျေးဇူးတင်ပါတယ်။
ခု ရန်ကုန်ကို ဖုံးဆက်ပြီး သတိပေးလိုက်ဦးမယ်.

kiki said...

ဒီလို ပညာပေး ပို့ စ်လေးတွေ ရေးကြတာ အလွန်ကောင်းပါတယ် ။
မြန်မာပြည်မှာ Dengue Shock နဲ့ အသက်ဆုံးရှုံးရတာတွေ နှစ်စဉ် မနဲလှပါဘူး ။ကလေး တွေ သာ မက လူကြီးတောင် ဖြစ်နေကြတယ် ၊
ဒီ ခြင် နှိမ်နှင်းရေး လုပ်ငန်းတွေကို တတပ်တအား ပါဝင်ဆောင်ရွက်နေကြသူတွေ ကိုလည်းလေးစားပါတယ် ။

အားလုံး စုပေါင်းပြီး တိုက်ဖျက်ရမဲ့  ရောဂါ ဆိုး တခု ပါ ။။

Anonymous said...

i don't like schools asking young students to clean schools. It is not right way. i think, it is only in myanmar.

kyalkalay said...

သွေးလွန် တုပ်ကွေး ပညာပေး လေးတွေ ရေးထားတာကျေးဇူးပါအစ်မရေ
ကိုယ်ထူကိုထ ဝိုင်းလုပ်ဖို့နှိုးစော်ပါမည်

JulyDream said...

ကျွန်တော်တို့တွေ... ထိမှ နာတဲ့ ဘ၀မျိုးက ရတဲ့ အသိတွေ မရှိစေချင်ပါဘူး။

ကိုယ်နဲ့ မဆိုင်လှဘူးဆိုပြီး အေးဆေး နေတဲ့အချိန်... ကိုယ့်ဆီ ရောက်မလာနိုင်ဘူးလို့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ဘူးလေ။

လုပ်စရာတွေ လုပ်နိုင်တာတွေက လက်တကမ်းမှာပါ။ ဒါကြောင့် နိုင်ရာ ၀န်ကို ထမ်းကြပါစို့...

purplemay said...

ရည်င်္ရယ်ချက်ကောင်းကောင်းနဲ့ရေးထားတဲ့ Post လေးပဲ။ Ko July, PhoeThagyan နဲ့ Ko YwarThar တို့ post တွေကိုပါ ဖတ်ကြည့်လိုက်ပါတယ်။

jr.လွင်ဦး said...

sis ရေ .. ဘယ်အချိန် ဘယ်လိုစာမျိုးလိုအပ်ပြီး ဘယ်လိုရေးသင့်တယ်ဆိုတာလည်း ဘလော့ရေးခြင်း အနုပညာတစ်ခုပါလေ။ လာရောက်ဖတ်ရှုသွားပါတယ်။

မေဇင် said...

မမရေ....စေတနာကောင်းလေးနဲ့ ရေးထားတဲ့ ဒီပိုစ့်လေး အတွက်ကျေးဇူးပါ... ။ တတ်နိုင်သလောက်လုပ်နေတဲ့ သူတွေကိုလဲ တကယ်ကိုလေးစားထိုက်ပါတယ်...

mmtn (kalay) said...

အစ်မရေ အစ်မတို့တစ်တွေ ကိုယ့်နိုင်ငံ အတွက် တစ်ဖက်တလမ်းက အတတ်နိုင်ဆုံး ဖြည့်စွမ်းနေကြတာ တွေ့တော့ တကယ် အားကျလေးစားမိပါတယ်။

ဇော် said...

တကယ်ကို လူတိုင်းသိသင့်တဲ့ အကြောင်းအရာလေးပါ ဒေါ်လေးသူ။