Wednesday, June 17, 2009

လိုချင်မိတဲ့ ပညာဘဏ်တိုက်တွေ

ရုံးဆင်းချိန်ပေမယ့် ခြေလှမ်းတွေကတော့ သွက်နေဆဲ။ ဦးတည်နေတဲ့အရပ်ကြောင့်ပဲ ထင်ပါတယ်။ လက်ထဲက ခပ်လေးလေးစာအုပ်တွေကလည်း ကျွန်မအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်မနေခဲ့ပါဘူး။ ဘတ်စ်ကားပေါ်က ဆင်းဆင်းခြင်း လှမ်းမြင်လိုက်ရတာက စင်္ကာပူရဲ့ အများပြည်သူတွေအတွက် ရှိနေတဲ့ Library တစ်ခု။ ကျွန်မအတွက် စင်္ကာပူက အကြိုက်ဆုံး နေရာ (သို့) နားခိုရာတစ်ခုပါပဲ။ မြင်လိုက်ရုံနဲ့ စာအုပ်တွေရဲ့ ရနံ့ကိုတောင် ကျွန်မစိတ်ထဲမှာ ရနေခဲ့ပါပြီ။ ကျွန်မ ဒီ Library ကို ပထမဆုံးရောက်ဖူးတုန်းက ရတနာသိုက်တစ်ခုကို ရှာတွေ့လိုက်သလိုပါပဲ (လိုက်ပို့ပေးခဲ့တဲ့ ချစ်သူငယ်ချင်း Thajin ကို တွေးမိတိုင်း ကျေးဇူးတင်နေဆဲပါ) စုံလင်လွန်းလှတဲ့ စာအုပ်ပေါင်းစုံက ဘယ်အချိန်ဖြစ်ဖြစ် ကျွန်မကို နွေးနွေးထွေးထွေး အမြဲကြိုဆိုနေကြသလိုပါပဲ။ စာကြည့်တိုက်ထဲမှာ ရိုက်လာတဲ့ ဓာတ်ပုံလေးတွေကို အောက်မှာ ကြည့်လို့ရပါတယ် (ဖုန်းနဲ့ပဲ ရိုက်လာတာမို့လို့ သိပ်မကြည်လင်တာကိုတော့ ခွင့်လွှတ်ပါနော်) စာကြည့်တိုက်ထဲလာပြီး ဓာတ်ပုံဟိုရိုက်ဒီရိုက်လုပ်နေတာကို လူတချို့ကွက်ကြည့်ကွက်ကြည့်လုပ်တာ ခံရပေမယ့် ဘလော့မှာ တင်ချင်ဇောနဲ့ မသိချင်ယောင်ဆောင်ပြီး ရိုက်ခဲ့တာပါပဲး))



စင်္ကာပူရဲ့ National Library Board အောက်မှာ National Library (ဒီ စာကြည့်တိုက်အတွက် ၁၉၅၀/၁၉၆၀ ပြည့်နှစ်တွေမှာ အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်တဲ့ စီးပွားရေးပညာရှင် ဒေါက်တာ လီကုန်ချန်း (Dr. Lee Kong Chian) က စင်္ကာပူဒေါ်လာ သန်း၆၀ မတည်ခဲ့ပါတယ်တဲ့)၊ Public Libraries (သက်ဆိုင်ရာမြို့နယ်တွေထဲက လူတွေကိုပဲ Service ပေးတဲ့ စာကြည့်တိုက်တွေ)၊ Regional Libraries (သက်ဆိုင်ရာမြို့နယ်က လူတွေတင်မကဘဲ ဘာသာရပ်တခုခုကို အထူးပြုပြီး သတင်းအချက်အလက်တွေ ရှာဖွေချင်သူတွေကိုပါ Service ပေးတဲ့ စာကြည့်တိုက်တွေ) နဲ့ ၁၀ နှစ်အောက် ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ Community Childeren Library (CCLs) တွေ ရှိပါတယ်။ CCL မှာဆို ကလေးတွေ ပျော်အောင် multimedia terminal တွေနဲ့ ဆွဲဆောင်ထားတော့ ငယ်ငယ်လေးကတည်းက စာကြည့်တိုက်ကို ပျော်အောင် စာကြည့်တိုက်သွားရကောင်းမှန်း သိအောင် ပုံသွင်းပေးလိုက်သလိုပါပဲ။ ဒါကြောင့်လည်း စာကြည့်တိုက်တွေမှာ အချိန်တိုင်း အရွယ်စုံလူတွေ စည်ကားနေတာ ဖြစ်မှာ။ Regional Library ၃ခုရှိပြီး Public Library က ၁၉ ခုတောင်ရှိပါတယ်။ ကျွန်မ အမြဲသွားဖြစ်တဲ့ Library ကတော့ အိမ်နဲ့အနီးဆုံး (ဓာတ်ပုံထဲက) Jurong Regional Library ပါ။ ဒီလောက် ကျွန်းသေးသေးလေးမှာ ဗဟုသုတရှာမှီးစရာ စာအုပ်ပြည့်ပြည့်စုံစုံနဲ့ စာကြည့်တိုက်တွေ မြို့နယ်အလိုက် ရှိနေသလို စာဖတ်အားတွေ ကောင်းကြတဲ့ သူတို့ အရှိန်အဟုန်နဲ့ တိုးတက်နေတာ မဆန်းပါဘူးလေ။

မရောက်ဖြစ်သေးတဲ့ စိတ်ဝင်စားသူတွေလည်း စာကြည့်တိုက်မှာ အသင်းဝင်ကြေး အသေးစိတ်ကိုလည်း ဒီမှာ ကြည့်နိုင်ပါတယ်။ ရုတ်တရက်ကြည့်ရင် နည်းနည်းများသလို ထင်ရပေမယ့် တစ်နှစ်လုံး စာအုပ်မပြတ်တမ်း ငှားဖြစ်မယ်ဆိုရင် တကယ်ကို တန်ပါတယ်။

စာကြည့်တိုက်ထဲမှာ ကျွန်မသဘောအကျဆုံး မြင်ကွင်းက ဆယ်ကျော်သက်ကျောင်းသားလေးတွေ Laptop လေးတွေ ကိုယ်စီချပြီး စာကြည့်နေကြတာကိုပါ။ ကိုယ့် Laptop နဲ့ အခမဲ့ Wireless Internet လည်း သုံးနိုင်သလို လိုချင်တဲ့စာအုပ်ကိုလည်း ထရှာပြီး Reference အဖြစ်သုံးရုံပါပဲ။ ဒီလိုမျိုး လိုချင်တဲ့ ဗဟုသုတကို လက်တကမ်းမှာ အလွယ်တကူ အရယူနိုင်နေကြတာ ကုသိုလ်ကောင်းလိုက်ကြတာ။ သူတို့ကို ကြည့်ပြီး သူတို့နေရာမှာ ကျွန်မတို့နိုင်ငံက မောင်ငယ်ညီမငယ်တွေကို အစားထိုး မြင်မိတာ ခဏခဏပါပဲ။ ကျွန်မတို့ဆီမှာလည်း ဒီလို စာကြည့်တိုက်ကြီးတွေ တနေ့ရှိလာစေချင်တာကလည်း ကျွန်မရဲ့ အိပ်မက်တွေထဲက တစ်ခုပါ။ စာကြည့်တိုက်ထဲက စာအုပ်တွေကြားမှာ ရှိနေတဲ့အချိန် အိပ်မက်တွေ တစ်ခုပြီးတစ်ခုမက်ရင်း... ကျွန်မအိပ်မက်တွေလည်း တကယ်ဖြစ်လာပါစေလို့ ဆုတောင်းရင်း... ဒီပို့စ်လေး ရေးချင်စိတ်ပေါ်လာလို့ ရေးဖြစ်သွားပါတယ်။

19 comments:

  1. ဟိုးတစ်လောက ဘဏ်တိုက်ဖောက်တယ်ဆိုတာ မရွှေပြည်ကိုးဗျ....

    အခုလိုဝေမျှပေးတာ ကျေးဇူးဗျာ။ ကျနော်လည်း သွားဦးမှ

    ReplyDelete
  2. ကိုယ့်ဆီမှာလည်း ဒီလိုမျိုးတွေ ဖြစ်လာဖို့ ဆန္ဒပြုပါတယ် မဟုတ်ရင် ကိုယ်တွေချည့်ပဲ အ ကျန်ခဲ့မှာ စိုးလို့ပါ။
    ကောင်းတဲ့နေရာမှာ လူငယ်တွေ အချိန်ကို သုံးတတ်အောင် ငယ်ငယ်တည်းက ကျင့်ပေးနိုင်ရင် ရပြီ..။

    ReplyDelete
  3. အစ်မ ရေ ဓါတ်ပုံလေး ရိုက်ပေးထားတော့ စာကြည့်တိုက်ကို ကိုယ်တိုင်သွားရသလိုပါပဲ။ စင်ကာပူမှာ သွားသင့်တဲ့ နေရာတွေပါ။
    အစ်မ မျှော်မှန်းထားသလို Laptop ကိုယ်စီနှင့်
    မြန်မာလူုငယ်လေးတွေ ပညာရတနာသိုက်မှာ
    ရှိနိုင်မဲ့ တစ်နေ့ ရောက်လာပါစေ

    ခင်မင်ခြင်းနှင့်
    တလနွန်

    ReplyDelete
  4. ပညာရှာ ပမာသူတောင်းစား ဆိုတဲ့  ဆိုရိုးစကား လေးက ..ခုခေတ် မှာ ဘယ်လောက် အတိုင်းအတာ တခု ဘဲ မှန် နိုင် တော့ မလဲ နော် ....
    အမိ မြန်မာနိုင်ငံတော်ကြီး ခေတ်နဲ့ အမှီ တိုးတက် နိုင်ပါစေ ..
    လေးစားခင်မင်စွာဖြင့်
    ကိကီ

    ReplyDelete
  5. ကိုတိုးလေးJune 18, 2009 at 1:04 AM

    အမရေ စာတွေလာဖတ်သွားတယ်နော် အခုလိုမျှဝေပေးတာကျေးဇူးပဲါနော်အမ။ အဆင်ပြေပျော်ရွှင်နိုင်ပါစေဗျာ။


    ခင်မင်စွာနဲ့
    ကိုတိုးလေး

    ReplyDelete
  6. လိုက်ပို့ခိုင်းဦးမှပါပဲ။
    စာငတ်နေတာ ကြာပြီအမရေ။

    ReplyDelete
  7. မမသူသူရည်မှန်းတဲ့ နေ့လေး ရောက်လာတော့မှာပါဗျာ
    ရောက်လာပါစေလို့လဲဆုတောင်းမိပါတယ်
    လိုချင်တဲ့ ပညာဘဏ်တိုက်လေးလဲ ရရှိနိုင်ပါစေဗျာ
    လေးစားချစ်ခင်စွာဖြင့်
    ဖိုးစိန်

    ReplyDelete
  8. ရှိလက်စ အမျိုးသား စာကြည့်တိုက် အဆောက်အဦ၊ စာကြည့်တိုက်က စာအုပ်နဲ့ ပေ၊ပုရပိုက်တွေတောင် ရေရှည်တည်တန့်အောင် မထိန်းသိမ်းတဲ့ အစိုးရ လက်ထက်မှာ ဒီလို စာကြည့်တိုက်မျိုးကို အိမ်မက်တောင် မမက်ပါနဲ့လေ........ ဟဲ.... ဟဲ...... မရွှေပြည် အိပ်ရေးပျက်ပြီး ပင်ပန်းမှာ စိုးလို့ပါဗျာ။ ........:D

    ReplyDelete
  9. စာကြည့်တိုက်ဆိုတာကို သိပ်မရင်နှီးသေးဘူးအမရေ။
    ခုလို နိုင်ငံကြီးတစ်ခုက စာကြည့်တိုက် အကြောင်းကို မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete
  10. အမရေ .." စာအုပ်စာပေ လူ့မိတ်ဆွေ " ဆိုတဲ့ အတိုင်း စာဖတ်ခြင်းဟာ တကယ်ကို ကောင်းမွန်တဲ့ အလေ့အကျင့် တစ်ခုပါ။ ဗဟုသုတများ တိုးပွားစေသလို စိတ်ကိုလဲ အေးချမ်းစေပါတယ်။ နောင်တစ်ချိန် ကိုယ်ပိုင်အိမ်လေးနဲ့ နေခွင့်ရခဲ့မယ်ဆိုရင် အိမ်မှာ စာအုပ်စဉ် အသေးစားလေး လုပ်ဖို့ ခေါင်းထဲမှာ ထည့်ထားမိပါတယ် :)

    ခင်မင်စွာဖြင့်

    မနောသား

    ReplyDelete
  11. အဲလို စာကြည့်တိုက်ကြီးတွေ မဟုတ်ပေမယ့် အတိုင်းအတာ တခုအထိ ထောက်ပံ့ပေးနိုင်တဲ့ စာကြည့်တိုက်တွေ မြန်မာနိုင်ငံမှာလည်း ရှိပါတယ် ။ ဒါပေမယ့် သွားရောက် ဖတ်ရှုတဲ့သူ နည်းပါးနေတာကတော့ စိတ်မကောင်းစရာပါ ။ လေ့လာချင်သူ လေ့လာချင်သလောက် စုံစုံလင်လင် ဖြည့်ဆည်းပေးနိုင်တဲ့ စာကြည့်တိုက်တွေ အများအပြားရှိလာရင်တော့ အတိုင်းအထက် အလွန်ပါပဲ အစ်မ သူ ။

    ReplyDelete
  12. ရွှေပြည်သူရေ.. တစ်ကယ်ပဲ မပြောချင်တော့ ပါဘူး။။ နှောက်ကျကျန်ခဲ့တဲ့ နေရာမှာ ကျမတို့တော့ ထိပ်ဆုံးက နေရာယူနေပီ ကွာားး အဆိုးတွေနဲ့ နာမည်ကျော်တာ ရင်နာတယ်ကွားးး :(

    ReplyDelete
  13. ကောင်း လိုက်တဲ့စာကြည့်တိုက်
    ဖတ်ဖူး ချင်တယ် ဗျာ

    ReplyDelete
  14. Ma Shwe Pyi Thu, I think we can do it easily by establishing a website that will share the things that our people will need 2 know- English, current events,etc. I'm not able 2 type Burmese yet. But I think u can do it. Would u do it 4 our Burma?

    ReplyDelete
  15. အားကျတာလည်းအမှန်၊
    စေတနာရှိတာလည်းအမှန်၊
    အဲဒီတော့ တနိုင်တပိုင်လေး စာအုပ်တွေ
    လှူဒါန်းကြတာပေါ့ကွယ်၊
    ထိုင်ပြီး အားမလိုအားမရ ဖြစ်နေတာထက်စာရင် အုပ်တချပ်သဲတပွင့်နဲ့သာ ကူညီကြတာပေါ့။

    ReplyDelete
  16. နိုင်ငံတစ်ခုရဲ့ မြို့ကြီးတစ်မြို့ကနေ အစပြုပြီး ...
    မြို့ငယ်လေးတွေ ...
    ကျေးလက်တောရွာ ရွာသိမ်ရွာငယ်ပါမကျန် ဗဟုသုတ ပြည့်တင်းကုံလုံဖို့ စာကြည့်တိုက် ဆိုတာ တကယ်ကို လိုအပ်ပါတယ် အစ်မရေ ... အစ်မ ဓာတ်ပုံရိုက်ပြထားတဲ့ စာကြည့်တိုက်ကို ကြည့်ပြီး ကိုယ်တွေ ကျောင်းသားဘဝကနေစပြီး အခုအရွယ်ထိ ဖြတ်သန်းကြုံဆုံခဲ့ဖူးတဲ့ ကိုယ့်မွေးရပ်မြေက စာကြည့်တိုက်ဆိုတာတွေကို ပြန်ပြီး နှိုင်းယှဉ်ကြည့်မိတယ် ... အားမလို အားမရ လိုအပ်ချက်ပေါင်း မြောက်များစွာနဲ့ ပါပဲ ... ဒါပေမယ့် ဘယ်သူ့ကိုမှ အပြစ်မတင်လိုပါဘူး ... သူများတွေ လုပ်ကိုင်ဆောင်ရွက်နေတာကိုကြည့်ပြီး အားကျနေရုံနဲ့ အပြီးသတ်သွားလို့လည်း မဖြစ်ပါဘူး ... ကျွန်တော်တို့ မွေးရပ်မြေ .. ကျွန်တော်တို့ ရှင်သန်ကြီးပြင်းရာ နေရာဟောင်းတွေမှာ ဒီလိုစာကြည့်တိုက်မျိုး တစ်နေ့တစ်ချိန်မှာ ပေါ်ထွက်လာနိုင်အောင် ကြံဆောင်ဖြစ်ဖို့ အသိဥာဏ် တစ်ခု ရခဲ့ပါတယ် .. ကျေးဇူးတင်ပါတယ် အစ်မရေ
    နေဒေးသစ်။

    ReplyDelete
  17. တိုင်းပြည်တိုးတက်ဖို့ကို နိုင်ငံသားတွေ ပညာတတ်မှ ဆိုတဲ့ အသိရှိတဲ့ အစိုးရတွေတိုင်း စာကြည့်တိုက်ကို အားပေးထာက်ပံ့ပါတယ်။ ကျွန်တော်လည်း အဲဒီ နေရာကိုရောက်ဖြစ်တယ်။ ကျောင်းတက်တုန်းက စာကြည့်ခဲ့တဲ့ နေရာတွေပဲပေါ့။

    စာကြည့်တိုက်နဲ့ပတ်သက်ပြီး ရေးချင်တဲ့ အကြောင်းတွေရှိတယ်... မရေးဖြစ်သေးဘူး.. တနေ့နေ့ပေါ့။

    ReplyDelete
  18. ဒီပို့စ်လေးကောင်းတယ်ညီမလေးရေ..
    မမလည်း ဒီမှာစာကြည့်တိုက် အပတ်စဉ်ရောက်ဖြစ်နေ
    တော့ ပို့စ်လေးတစ်ခုရေးဘို့ ဓါတ်ပုံရိုက်ထားဖြစ်သေးတယ်လေ...

    ကိုယ့်နိုင်ငံမှာ ဒီလိုမျိုးလေးတွေရှိရင်ကောင်းမှာပဲနော်.

    ညီမလေးကျန်းမာပျော်ရွှင်ပါစေ.

    အစ်မ၀ါ

    ReplyDelete
  19. ကျမ ကျောင်းကစာကြည့်တိုက်သွားတိုင်း သူတို့ကလေးတွေ စာဖတ်နေကြတာကိုကြည့်ပြီး
    အမြဲဝမ်းနည်းမိတယ်..ငါတို့ဆီက ကလေးတွေ ဒီလို စာဖတ်ဖို့ နေရာမရှိပါလားလို့.. အနာဂတ်မျိုးဆက်အတွက် တကယ်လိုအပ်ပါတယ်..။
    မဟုတ်ရင် သူများနောက် ကျန်ခဲ့တော့မှာ...

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)