Tuesday, May 19, 2009

အင်တာဗျူး (Interview)

လူတိုင်းလိုလို အချိန်တန်လို့ ပညာစုံရင် (ကြင်ယာစုံဖို့ ရှာရတယ်လို့ မပြောကြနဲ့နော်း)) အလုပ်ရှာကြရတာ သဘာဝပါး)) ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေတဲ့သူတွေ ကလွဲရင် တခြားသူအားလုံးလိုလို လခစားအလုပ်တွေ ရှာကြဖွေကြရတော့တာပါပဲ။ အဲဒီအခါ မဖြစ်မနေ ရင်ဆိုင်ကြရတာကတော့ အင်တာဗျူးပါ။ ဘဝထဲက စာမေးပွဲငယ်လေး တစ်ခုဆိုရင်လည်း မမှားပါဘူး။ အင်တာဗျူးနဲ့ ပတ်သက်တဲ့ Article လေး တစ်ခု ဖတ်မိရာက ပြည်တွင်းမှာရော နိုင်ငံခြားမှာပါ ပထမဆုံးအကြိမ် အင်တာဗျူး အတွေ့အကြုံမရှိဖူးဘဲ အလုပ်ရှာကြမယ့် မောင်ငယ်ညီမငယ်တွေ အတွက် အထောက်အကူလေး တစ်ခုများ ဖြစ်လေမလားဆိုပြီး ဘာသာပြန်ဝေမျှလိုက်ပါတယ်။ ကျွန်မ ဘာသာပြန်တာ အမှားအယွင်းတွေ လိုအပ်ချက်တွေ ရှိရင်လည်း ဝိုင်းပြီးထောက်ပြ ပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

မသွားခင်ကြိုတင်ပြင်ဆင်ပါ

အင်တာဗျူးသွားမဖြေခင် သွားရမယ့် ကုမ္ပဏီရဲ့အကြောင်းကို တတ်နိုင်သမျှ စုံစမ်းသွားပါ။ ကုမ္ပဏီက ထုတ်လုပ်တဲ့ပစ္စည်း (IT ကုမ္ပဏီဆိုရင်လည်း Software Product) တွေ အကြောင်း၊ ကုမ္ပဏီကပေးတဲ့ ၀န်ဆောင်မှုတွေအကြောင်းကို နားလည်အောင် ကြည့်သွားပါ။ ကုမ္ပဏီရဲ့အဓိက Customer တွေနဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေဆိုတာကို သိရင် ပိုကောင်းပါတယ်။ (ဒီအချက်အလက်တွေကို လေ့လာဖို့ အကောင်းဆုံးနေရာကတော့ ကုမ္ပဏီရဲ့ Website ပဲလို့ ကျွန်မထင်ပါတယ်။ ပြီးပြည့်စုံတဲ့ ကုမ္ပဏီ Website တွေမှာ အပေါ်က အချက်တွေ အားလုံးကို ဖော်ပြထားလေ့ရှိပါတယ်။)

လေ့ကျင့်မှုက ပြီးပြည့်စုံစေပါတယ်

လေ့ကျင့်ထားရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိပြီး သက်တောင့်သက်သာလည်း ပိုရှိစေပါတယ်။ ဒါကြောင့် ယေဘုယျကျတဲ့မေးခွန်းတွေကို ကြိုတင်လေ့ကျင့်ဖြေဆိုကြည့်ပါ။ ယေဘုယျကျတဲ့ မေးခွန်းတွေကတော့ (နိုင်ငံခြားမှာ အလုပ်ရှာသူတွေအတွက် Interview က အင်္ဂလိပ်လိုပါ ဖြေရမှာဆိုတော့ အင်္ဂလိပ်လိုပါ တွဲတင်ပေးလိုက်ပါတယ်။ ဒီမေးခွန်းတွေက ကျွန်မတွေ့ကြုံဖူးတဲ့ အင်တာဗျူးတွေမှာ တကယ်ကိုလက်တွေ့မေးတဲ့ ယေဘုယျမေးခွန်းတွေဖြစ်တာ တွေ့ရပါတယ်။)

~ What do you consider to be your major strengths?
မင်းရဲ့ အဓိကအားသာချက်တွေက ဘာတွေလို့ ထင်လဲ?
~ What do you consider to be your major weaknesses?
မင်းရဲ့ အဓိကအားနည်းချက်တွေက ဘာတွေလို့ ထင်လဲ?
~ Why do you want to work for this company?
မင်းဘာကြောင့် ဒီကုမ္ပဏီမှာ အလုပ်လုပ်ချင်တာလဲ?
~ What are your short-term goals?
မင်းရဲ့ရေတို ရည်မှန်းချက်တွေက ဘာတွေလဲ?
~ Where do you see yourself in five years?
နောက်ထပ်ငါးနှစ်မှာ မင်းဘယ်ရောက်နေမယ် (ဘာဖြစ်နေမယ်)လို့ မြင်လဲ?
~ What did you like most about your last job?
မင်းနောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်နဲ့ပတ်သက်ပြီး ဘာအကြိုက်ဆုံးလည်း?
~ What did you like least about your last job?
မင်းနောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်နဲ့ပတ်သက်ပြီး ဘာကို မကြိုက်ဆုံးလည်း?
~ How would your coworkers describe you?
မင်းရဲ့ လုပ်ဖော်ကိုင်ဘက်ဟောင်းတွေက မင်း(အကြောင်း)ကို ဘယ်လိုပုံဖော်ပြောဆိုကြမလဲ?
~ How do you manage multiple tasks/projects? Please give an example.
တစ်ခုထက်ပိုတဲ့ အလုပ်တွေ Project တွေကို မင်းဘယ်လို ကိုင်တွယ်မလဲ။ ဥပမာပေးပြီး ပြောပါ။
~ How do you deal with stress and/or deadlines? Please give an example.
စိတ်ဖိစီးမှုတွေ၊ အလုပ်ပြီးရမယ့် သတ်မှတ်ချိန်တွေကို ဘယ်လိုရင်ဆိုင်ကိုယ်တွယ်လဲ။ ဥပမာပေးပြီး ပြောပါ။
~ Do you prefer to work independently or within a team?
တစ်ယောက်ထဲ ဘယ်သူ့ကိုမှ မမှီခိုဘဲ အလုပ်လုပ်ရတာနဲ့ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရတာ ဘယ်ဟာပိုသဘောကျသလဲ။
~ Why should I hire you?
ငါမင်းကို ဘာကြောင့် အလုပ်ခန့်သင့်သလဲ

အထက်ပါ မေးခွန်းတွေကို ပြင်ဆင်ထားတဲ့အပြင် ကိုယ်ကမေးမယ့် မေးခွန်းတွေကိုလည်း စာရင်းလေးလုပ်ထားပါ။ အင်တာဗျူးသူတိုင်းလိုလို ကိုယ့်ကိုဘာမေးစရာများ ရှိသေးလည်းလို့ မေးတတ်ကြပါတယ်။ ဒါဟာ ကိုယ်ဘယ်လောက် လေ့လာထားသလဲဆိုတာနဲ့ ကိုယ်မေးမယ့် မေးခွန်းတွေကို သေချာစဉ်းစားထားတယ် ဆိုတာကို ပြသဖို့ အချိန်ကောင်းပါပဲ။ (ဒီအထဲကမှ ကိုယ်လျှောက်တဲ့ အလုပ်အမျိုးအစား/ရာထူးပေါ်မူတည်ပြီး သင့်တော်တဲ့ မသင့်တော်တဲ့ မေခွန်းမျိုးလည်း ရှိမှာပါ။) မေးခွန်းတွေကတော့ ~

~ What are the primary duties of this position?
ဒီ(ကိုယ်လျောက်ထားတဲ့) ရာထူးရဲ့ အဓိက တာဝန်တွေက ဘာတွေပါလဲ? (များသောအားဖြင့် အလုပ်ကြော်ငြာရဲ့ Job Description တွေထဲမှာ တော်တော်များများ ပြည့်စုံအောင် ရေးထားတတ်ကြပေမယ့် တချို့တာဝန်တွေနဲ့ ပတ်သက်ပြီး မရှင်းတာရှိရင်လည်း ထပ်မေးသင့်ပါတယ်)
~ What do you consider the most important skills or traits for someone in this position?
ဒီရာထူးနဲ့ အလုပ်လုပ်မယ့်လူမှာ ဘယ်လိုအရည်အချင်းတွေ အကျင့်စရိုက်တွေ ရှိရမယ်လို့ ထင်ပါသလဲ?
~ How would you describe a typical day in this position?
ဒီရာထူးမှာ အလုပ်လုပ်ရင် ပုံမှန်ရုံးနေ့တနေ့ဟာ ဘယ်လိုပုံစံများ ဖြစ်မှာပါလဲ။
~ What is the standard schedule for this position?
ဒီရာထူးအတွက် သတ်မှတ်စံထားတဲ့ အချိန်ဇယားက ဘယ်လိုပါလဲ။
~ Why are you looking to fill this position?
ဘာကြောင့် ဒီရာထူးနေရာကိုဖြည့်စွက် ခန့်ထားဖို့ စဉ်းစားတာပါလဲ။
~ How would you describe your management style?
လူကြီးမင်းရဲ့ စီမံခန့်ခွဲမှုပုံစံက ဘယ်လိုများပါလဲ။
~ What are the short and long-term goals for this position?
ဒီရာထူးအတွက် ရေတို ရေရှည် ရည်မှန်းချက်တွေက ဘာတွေများပါလဲ။
~ Do you expect significant organizational changes in the near future?
မဝေးတော့တဲ့ကာလမှာ အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့အပြောင်းအလဲတွေ ကြုံမယ်လို့ မျှော်လင့်ပါသလား။
~ What are the prospects for advancement in this position?
ဒီရာထူးကနေ နောက်ထပ် ပိုပြီး အဆင့်မြင့်တိုးတက်လာနိုင်တဲ့ အောင်မြင်မှုတွေက ဘာတွေပါလဲ။
~ What are the next steps in the hiring process?
အလုပ်ခန့်ပြီးတဲ့နောက်ထပ် တဆင့်တွေက ဘာတွေများပါလဲ။

ကိုယ့်အပေါ်မှာ ကောင်းသော ထင်မြင်ချက်ရအောင် ကြိုးစားပါ။

အင်တာဗျူးဆိုတာ ဒီအလုပ်အတွက် ကိုယ်ဟာအကောင်းဆုံး (အသင့်တော်ဆုံး)ဆိုတာကို ပြသဖို့ အခွင့်အရေးတစ်ခုပါ။ ကိုယ်ရဲ့လျှောက်လွှာ/ CV (resume) ကလည်း ကိုယ်ဟာ အရည်အသွေးပြည့်မီတဲ့သူ ဖြစ်ကြောင်း ပြခဲ့ပြီးပါပြီ။ ဒါကြောင့် အင်တာဗျူးမှာတော့ ကိုယ့်ရဲ့အရည်အချင်းနဲ့ အတွေ့အကြုံတွေဟာ ဒီရာထူးနဲ့ ကုမ္ပဏီအတွက် သင့်တော်တယ်ဆိုတာကို ကိုယ့်ဘာသာ ပြသဖို့ပဲ လိုပါတော့တယ်။ အကောင်းဆုံး ထင်မြင်ချက်ကို ရယူဖို့ ပထမဆုံးအချက်ကတော့ သင့်လျှော်တဲ့ အဝတ်အစားဝတ်ဖို့ပါ။

အလုပ်အင်တာဗျူးကို သွားတဲ့အခါ ကိုယ်ဟာ Professional တစ်ယောက်ဖြစ်ပြီး အလုပ်ဆင်းဖို့ အသင့်ဖြစ်နေတယ်ဆိုတာကို သိသာထင်ရှားနေစေရပါမယ်။ ဒါပေမယ့် Formal Business Suit လိုမျိုး ဝတ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ရဲ့ အသားနားဆုံး အသပ်ရပ်ဆုံး ပုံစံဖြစ်နေရမယ်လို့ပဲ ဆိုလိုတာပါ။ (ဝတ်နေမကျတဲ့ အရမ်း Formal ဆန်တဲ့ အဝတ်မျိုးတွေကို ဝတ်ထားမိရင် စိတ်ကိုတောင် ပိုကျဉ်းကျပ်စေမယ်လို့ ကျွန်မထင်ပါတယ်။) အဝတ်အစား ရွေးချယ်တဲ့ နေရာမှာ လိုက်နာသင့်တဲ့ လမ်းညွှန်ချက်ကလေးတွေကတော့...

~ သန့်ရှင်းပြီး မီးပူတိုက်ထားတဲ့ ပြန့်ပြန့်ရန့်ရန့် အဝတ်တွေကို ဝတ်ပါ။
~ ကျပ်ထုပ်ပြီး ကိုယ်မှာ ကပ်နေတဲ့ အဝတ်အစားမျိုးကို ရှောင်ပါ။
~ ကိုယ့်ဒူးအပေါ် ၂ လက်မထက် ပိုပြီး“မ”တိုတဲ့ အဝတ်အစား/ စကပ်ကို ရွေးပါ။
~ သင့်တော်တဲ့ အရှည်ရှိတဲ့ ဘောင်းဘီကိုရွေးချယ်ပါ။ ဘောင်းဘီ(ရှည်)ဟာ ခြေကျင်းဝတ်ကို ဖုံးအုပ်နေသင့်ပေမယ့် ကိုယ့်ဖိနပ်အောက်မှာ တရွတ်တိုက် ဖိမိနေလောက်တဲ့အထိလည်း မရှည်သင့်ပါဘူး။
~ (အမျိုးသားများ) လက်စည်း (Tie) ကိုရွေးချယ်တဲ့ နေရာမှာလည်း လည်ပင်းမှာစည်းပြီးရင် ခါးပတ်ခေါင်းကို ထိနေလောက်တဲ့ အရှည်ရှိတဲ့ Tie ကို ရွေးချယ်ရပါမယ်။
~ ဖိနပ်တွေကို ပြောင်လက်သန့်စင်အောင် သန့်ရှင်းထားပါ။ အင်တာဗျူး မဝင်ခင်မှာ ဖိနပ်မှာ ရွှံ့တွေ၊ အစအနတွေ၊ ခြစ်ရာရှရာတွေ ရှိမရှိ တစ်ခေါက်ပြန်စစ်ဆေးပါ။
~ ရတနာပစ္စည်းတွေ အလှအပအပိုပစ္စည်းတွေ အများကြီးဝတ်ဆင် တပ်ဆင်တာမျိုးကို ရှောင်ပါ။
~ မှတ်ထားရမှာက အင်တာဗျူးသွားတဲ့အခါမှာ ထသွားထလာ အဝတ်အစားမျိုး ဝတ်သွားမိတာထက်စာရင် လိုတာထက်ပိုပြီး သားသားနားနား ဝတ်မိတာကမှ ပိုကောင်းတယ်ဆိုတာပါပဲ။

အဝတ်အစားဟာ ကိုယ့်ရုပ်သွင်ရဲ့ တစ်ခုထဲသော အရေးကြီးတဲ့ မျက်နှာစာ မဟုတ်ပါဘူး။ တကိုယ်ရေသန့်ရှင်းမှု သပ်ရပ်မှု ဟာလည်း ထပ်တူအရေးကြီးတာပါပဲ။

~ ရေချိုးသွားပါ။

~ တကိုယ်လုံးကို ရေမွှေးတွေ အမွှေးနံ့တွေနဲ့ ထုံမွှမ်းတာမျိုးကို ရှောင်ပါ။
~ သွားတိုက်ပြီး ခေါင်းကို သေချာဖြီးသင်ပါ။
~ လက်သည်းတွေကို ညှပ်သင့်ရင်ညှပ်ပြီး သန့်ရှင်းပါ။
~ အရက်၊ ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူတွေ စားခြင်းသောက်ခြင်းကို အဲဒီနေ့မှာရော မတိုင်ခက်တရက်မှာပါ ရှောင်ပါ။

အဝတ်အစားနဲ့ တကိုယ်ရည် သန့်ရှင်းမှုအပြင် တခြားအရေးကြီးတဲ့ အချက်တွေကတော့... ကိုယ့်ရဲ့ အားသာချက်တွေကို ပေါ်လွင်အောင် ပြသပါ။ အင်တာဗျူးချိန်ထက် ၁၀ မိနစ်/၁၅ မိနစ် စောရောက်နေပါ။ စိတ်ဝင်တစားရှိပါ။ (လက်ဆွဲနှုတ်ဆက်ရရင်လည်း) ခိုင်ခိုင်မြဲမြဲ အားပါပါ ဆွဲပြီး နှုတ်ဆက်ပါ (အတင်းတော့ လက်ကို မညှစ်လိုက်နဲ့ပေါ့နော်။ ကျွန်မတော့ ခုချိန်ထိ အဲဒါကို ခက်ခက်ခဲခဲ ချိန်နေရတုန်းပါပဲး)) တက်တက်ကြွကြွနဲ့ အာရုံစိုက်ပြီး နားထောင်ပါ။ ကိုယ်ကို မတ်မတ်ထားပြီး ထိုင်ပါ။ မျက်လုံးချင်း တည်တည်ငြိမ်ငြိမ် ဆုံကြည့်နေပါ (မျက်လုံးချင်းမဆိုင်ရဲရင် ကိုယ့်ကိုကိုယ်ယုံကြည်မှု ရိုးသားမှု မရှိသူလို့ အထင်ခံရနိုင်ပါတယ်။) နောက်ပြီး (အပေါ်မှာ ဖော်ပြထားခဲ့တဲ့) မေးခွန်းမျိုးတွေကို မေးပါ။

ကျေးဇူးတင်ကြောင်း ပြောပါ

အင်တာဗျူးအပြီးမှာ ကျေးဇူးတင်ကြောင်းစာလေး (Email လည်း ရမယ် ထင်ပါတယ်) ပို့သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကိုယ့်ရဲ့စိတ်ဝင်စားမှု နဲ့ ကိုယ်ဟာ ကုမ္ပဏီအတွက်လည်း အကျိုးပြုနိုင်မယ့်သူ ဖြစ်တယ်ဆိုတာကိုလည်း ထပ်ပြီးဖော်ပြပြီး ဖြစ်စေပါတယ်။ အဲဒီစာကိုလည်း ကုမ္ပဏီက ဘယ်သူ့ကို ခန့်မယ်ဆိုတာ မဆုံးဖြတ်ခင် အချိန်မီရောက်တာ သေချာပါစေ။ ကုမ္ပဏီဘက်က အချိန်အတိုင်းအတာ တစ်ခုထိ (ကျွန်မကတော့ ၂ပတ်လောက်စောင့်ပါတယ်) ဘာမှ အကြောင်းပြန်မလာဘူးဆိုရင်လည်း ဖုန်းဆက်စုံစမ်းနိုင်ပါတယ်။ ကျေးဇူးတင်ကြောင်း ပြန်ရေးပို့ရမယ့် နမူနာလေးတွေကိုတော့ ဒီပို့စ်ရဲ့ မူရင်း Article အောက်ဆုံးနားမှာ ရယူနိုင်ပါတယ်။

ရွှေပြည်သူ (ဘာသာပြန်ပါသည်)

ဒီပို့စ်အတွက် ကိုသူရိန်ဆိုတဲ့ အစ်ကိုတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ လေ့လာမှုတွေအရ ထပ်ဖြည့်ပြောချင်တဲ့ အချက်လေးနှစ်ချက်ကို သူငယ်ချင်းတစ်ယောက်ဆီကတဆင့် Email ကနေ ရပါတယ်။ တကယ်တန်ဖိုးရှိတဲ့ အချက်တွေမို့ ပို့စ်မှာ ထပ်ဖြည့်ရေးလိုက်ပါတယ်။ (ကိုသူရိန်ကိုရော ကြားကနေ ကျွန်မဆီ လက်ဆင့်ကမ်းပို့ပေးတဲ့ အစ်ကိုကိုပါ ကျေးဇူးအထူးတင်ပါတယ်ရှင်)။ ကိုသူရိန် ဝေမျှတဲ့ နှစ်ချက်ကတော့...

~ ငွေကြေး(လစာ)အကြောင်း ကို လိုအပ်တာထက် ပိုပြီးမပြောပါနဲ့။ ဒါပေမယ့် ကိုယ်တောင်းဆိုတဲ့ ပမာဏကို ရသင့်တယ်ဆိုတာကိုတော့ ယုံကြည်မှုအပြည့်နဲ့ ပြောဆိုနိုင် တောင်းဆိုနိုင်ရပါမယ်။
~ ကိုယ့်အလုပ်ရှင်ဟောင်းရဲ့ မကောင်းကြောင်းတွေ အများကြီး မပြောမိပါစေနဲ့။ ပြောစရာအကြောင်းပေါ်လာလို့ ပြောရမယ်ဆိုရင်တော့ ပြောနိုင်ပေမယ့် ဖြစ်ခဲ့တဲ့ အခြေအနေတွေကို မျှမျှတတ အမြင်မျိုးနဲ့ ပြန်ပြောပြရပါမယ်။

ကျွန်မအတွေ့အကြုံအရ နောက်ထပ်သိလာတဲ့ အချက်ကလေး တစ်ချက်ကတော့ အင်တာဗျူးမှာ သိပ်ပြီးစိတ်မလှုပ်ရှားဖို့ပါပဲ။ အင်တာဗျူးဖြေတဲ့နေရာမှာ ဒီအလုပ် မရခဲ့ရင်လည်း နောက်ထပ် အခွင့်အရေးတွေ ရှိပါသေးတယ်ဆိုတဲ့ စိတ်ကလေးထားပြီး အေးအေးဆေးဆေး ဖြေနိုင်ဖို့ ကြိုးစားကြည့်စေချင်ပါတယ်။ ဒီလိုပြောလို့ ပေါ့ပေါ့ဆဆ လုပ်ရမယ်လို့လည်း ဆိုလိုတာ မဟုတ်ပါဘူး။ ကြောက်လန့်တဲ့စိတ် မရမှာပူပန်တဲ့စိတ် တွေနဲ့အတူ စိတ်လှုပ်ရှားမှုတွေ ရောထွေးလာတဲ့အခါ ကိုယ်အမူအရာတွေ ပြန်ဖြေတဲ့စကားတွေကို ထိခိုက်လာနိုင်လို့ပါ။ ကံတရားနဲ့လည်း ဆိုင်တဲ့ အင်မတန်တော်တဲ့ အရည်အချင်းပြည့်မီတဲ့ သူတွေတောင် အခန့်မသင့်ရင် ရွေးချယ်ခံချင်မှ ခံရတတ်တာပါ။ ဒါကြောင့် ကိုယ်ပြင်ဆင်သင့်တာကို အကောင်းဆုံးပြင်ဆင်ရင်း အင်တင်ဗျူး ဖြေရမယ့်အချိန်မှာလည်း စိတ်အေးအေးထားပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုဖို့ပဲ ကြိုးစားသင့်ပါတယ်။ ကံမကောင်းလို့ အရွေးမခံခဲ့ရရင်လည်း ဖြေခဲ့ဖူးတဲ့ အင်တာဗျူးတိုင်းဟာ အလဟသ မဖြစ်တာ သေချာပါတယ်။ ကျွန်မရဲ့ ကျေးဇူးရှင်ဆရာမတစ်ယောက် စာသင်ခန်းထဲမှာ ပြောခဲ့တဲ့ အကြောင်းအရာလေး တစ်ခုကို ဝေမျှချင်ပါတယ်။ သူသိတဲ့ အမျိုးသမီးတစ်ယောက်ဟာ အင်တာဗျူးပေါင်းများစွာကို ဖြေဆိုခဲ့ပြီး အဆင်ပြေတာတွေရော အဆင်မပြေတာတွေပါ အမျိုးမျိုးကြုံခဲ့ပါတယ်တဲ့။ နောက်ဆုံး သူအင်မတန်လိုချင်တဲ့ အလုပ်အင်တာဗျူးကျတော့ အောင်အောင်မြင်မြင် ဖြေနိုင်ခဲ့ပြီး အလုပ်ရသွားခဲ့ပါတယ်တဲ့။


ကိုယ်က အေးဆေးတည်ငြိမ်မှု အပြည့်နဲ့ ဖြေခြင်းအားဖြင့် ကိုယ့်ရဲ့တန်ဖိုး (လစာ)ကိုလည်း ညှိုနှိုင်းတဲ့နေရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ စိတ်လှုပ်ရှားစွာနဲ့ အလုပ်ကို သိပ်လိုချင်တဲ့ပုံစံပေါက်နေခဲ့ရင် အလုပ်ရခဲ့သည့်တိုင်အောင် အမြတ်ထုတ်တတ်တဲ့ အလုပ်ရှင်နဲ့ဆို ကိုယ်ရသင့်တဲ့လစာထက် နှိမ်ပေးတာမျိုးတွေတောင် ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးအတွက်လည်း ကိုယ်နဲ့ အလုပ်တူ Field တူတဲ့ သူငယ်ချင်းတွေဆီက ယေဘုယျ လခပမာဏကို အကြမ်းဖျဉ်း စုံစမ်းထားပြီး ကိုယ်ရသင့်တဲ့ အတိုင်းအတာကိုတော့ ရဲရဲဝင့်ဝင့်တောင်းနိုင်ရပါမယ်။ ကိုယ်က အလုပ်သိပ်လိုချင်နေတဲ့ အခြေအနေတွေ ရှိမှန်းလည်း နားလည်ပါတယ် (ကျွန်မလည်း ကိုယ်တိုင်ကြုံဖူးပါတယ်။) ဒါပေမယ့် အားလုံး မနစ်နာစေချင်လို့ သတိပေးစကားလေး ပြောပေးတာပါ။

အားလုံးပဲ ကိုယ့်တန်ဖိုးကို တက်စေတဲ့ တိုးတက်မှုတွေရစေတဲ့ ကိုယ့်လည်း ပျော်မွေ့တဲ့ အလုပ်ကောင်းအကိုင်ကောင်းတွေပဲ ရကြပါစေရှင်...

12 comments:

ဖိုးစိန် said...

သေချာမှတ်သားထားပါတယ်မမသူသူ
အဆင်ပြေပျော်ရွှင်ပါစေ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Bino said...

အင်တာဗျူးမှာ သိပ်ပြီးစိတ်မလှုပ်ရှားဖို့ပါပဲ။ အင်တာဗျူးဖြေတဲ့နေရာမှာ ဒီအလုပ် မရခဲ့ရင်လည်း နောက်ထပ် အခွင့်အရေးတွေ ရှိပါသေးတယ်ဆိုတဲ့ စိတ်ကလေးထားပြီး အေးအေးဆေးဆေး ဖြေနိုင်ဖို့ ကြိုးစားကြည့်စေချင်ပါတယ်။
Thanks for sharing.
I have to apply it.
I have a bad habit that either side of mangoes are sweet.
I love interviews.
Consequently, I alternatively served in many Companies.

ရွာသားလေးဝိုင်တီယူ said...

ဆရာမ ဒေါ်သီတာသင်ပေးဘူးတဲ့ HCရယ်
ဆရာ ဦးညီညီသင်ပေးဘူးတဲ့ BSDရယ်
သတိရသွားမိတယ်။
အဲ့ဒီတုန်းက မေးမယ့်သူဘက်ကရော အမေးခံရမယ့်သူဘက်က ဘယ်လို ပြင်ဆင်ရမလဲဆိုတဲ့ အချက်လေးတွေ မျက်စိမှိတ်ကျက်ခဲ့ရတာပေါ့ဗျာ

တလနွန် said...

ကျေးဇူးပဲ အမရေ မှတ်သားသွားပါတယ်
ပျော်ရွှင်ပါစေဗျာ

ခင်မင်ခြင်းနှင့်
တလနွန်

တားမြစ် ထားသော... said...

မရွှေပြည်သူရေ.. တန်ဖိုးထားလို့ ဖတ်သွားပါကြောင်းနှင့် စေတနာကို လေးစားမိပါကြောင်း။

သုခမိန်(E-Journal)

flowerpoem said...

Interview ဖြေမယ့်သူတွေ ပြည်ပရေ ပြည်တွင်းအတွက် ပါတကယ်လိုပါတယ်..

uranusaquarian said...

မျှဝေပေးတာ ကျေးဇူး အထူးပါ ရွှေပြည်သူရေ။ အလုပ်သစ်လည်း လျှောက်ထားပြီဆိုတော့ ကွက်တိပဲ။ :)

သီဟသစ် said...

မရွှေပြည်သူရေ..

မှတ်သားပြီး သတိထားသင့်ထားတာလေးတွေပါ ရေးထားပေးလို့ ကျေးဇူးပါ။

ကိုရုပ်ဆိုး said...

ညီမရေ ... သိသင့်၊ လိုက်နာသင့်၊ တန်ဖိုးထားသင့်တဲ့ ပို့စ်လေးမို့ အကို အီးမေးလ်ကနေ ဝေမျှလိုက်ဦးမယ်။
များများရေး ... များများတင် .... များများမှတ်ရအောင်လို့။
အကိုရုပ်ဆိုး

ကိုတိုးလေး said...

အစ်မရွှေပြည်သူရေ လာရောက်ပြီးဖတ်မှတ်သွားပါတယ်။ အဆင်ပြေပါစေခင်ဗျာ

လွတ်ငြိမ်းလေပြေ said...

မမ ရေ
အလုပ်ရှာနေတုန်းပဲ
သိသင့်တာလေးတွေ ရေးပေးလို့ ကျေးဇူးနော်
း)

ဝေလေး said...

ဒီပို့စ်လေးအတွက်ကျေးဇူးမမ.....
အင်တာဗျူးတစ်ခါမှမဖြေဖူးလို့ ကြောက်တယ်..