မမတို့ရဲ့ အိတ်ထဲမှာ
ယောက်ျားလေးတွေ ကို တခါတခါ အားကျမိပါတယ်။ အပြင်သွားမယ်ဆိုရင် သူတို့ (အထူးသဖြင့် လူငယ်ပိုင်းတွေ) အတွက် ပိုက်ဆံအိတ်လေး ခါးကြားညှပ်ပြီး ပေါ့ပေါ့ပါးပါး ထွက်သွားရုံပါပဲ။ သက်သက်သာသာ ရှိလို့ပါ။ ကျွန်မတို့ မိန်းကလေး တော်တော်များများ မှာတော့ သူတို့ကိုင်တဲ့ wallet ထက် ၁၀ ဆလောက်ကြီးတဲ့ အိတ်တလုံးလောက်မှ မပါရင်ဘဲ အပြင်ထွက်လို့ မဖြစ်တော့သလိုပါပဲ။ ဒါပေမယ့် အဲဒီလိုပြောလို့ မကိုင်နဲ့တော့လေဆိုရင်လည်း မနေနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်မအတွက် အိတ်ထဲမှာ ထည့်ထားတဲ့ ပစ္စည်းတိုင်းက လိုအပ်တယ်လို့ ထင်နေမိလို့ပါ။ ဒါကလည်း အရာရာကို ကြိုတွေးပြီး ဟိုဟာလည်း လိုကောင်းရဲ့... ဒီဟာလည်း အရေးကြီးတယ် ထင်ပါရဲ့ ဆိုပြီးတွေးတတ်တဲ့ မိန်းကလေး သဘာဝပဲ ထင်ပါရဲ့နော်။
ကျွန်မ ၁ဝတန်းအောင်ခါစကလေးမှာ သူငယ်ချင်းရဲ့မွေးနေ့ကို သွားဖို့ အမေက ကျွန်မလွယ်သွားမယ်ဆိုတဲ့ အိတ်ကလေးကို ပထမဆုံးအကြိမ် ပြင်ဆင်ပေးပါတယ်။ မှတ်မှတ်ရရ အနီရောင်လေး (အခုထိ ရန်ကုန်အိမ်မှာ ရှိပါသေးတယ်)။ အမေက “မိန်းကလေးဆိုတာ အိတ်ကို ဒီလိုသပ်သပ်ရပ်ရပ်လေး ထည့်ရတယ်” ဆိုပြီး ပစ္စည်းလေးတွေ ထည့်ပေးခဲ့ပါတယ်။ ကျွန်မမှတ်မိတာက ပိုက်ဆံအိတ် (Wallet) လေးရယ် Tissue ထုပ်လေးရယ်ပါပဲ။ တခြားပစ္စည်းလေး တစ်ခုနှစ်ခုလည်း ပါပေမယ့် ဘာတွေလည်းဆိုတာ မမှတ်မိတော့ပါဘူး။ အခုချိန်ထိ ကိုယ့်အိတ်ကို ပြန်ရှင်းရင် သပ်ရပ်အောင် စီထည့်မိရင် အဲဒီအချိန်လေးကို သတိရနေတုန်းပါပဲ။ အဲဒီတုန်းက အိတ်ထဲက ပစ္စည်းလေးတွေက သိပ်ရိုးရှင်းခဲ့ပေမယ့် အခုတော့ ပုခုံးနာလောက်အောင် လေးတဲ့အထိ အိတ်ထဲက ပစ္စည်းတွေ များနေခဲ့ပါပြီ။ ကျွန်မလိုပဲ အိတ်အလေးကြီးတွေ လွယ်နေမိကြတဲ့ အစ်မတွေ ညီမတွေအတွက် ဟိုတလောက ဖတ်ဖြစ်တဲ့ Maria Garcia ရဲ့ What's in Your Purse ဆိုတဲ့ ပို့စ်လေးထဲက ဖတ်မိတဲ့ အချက်တွေကို ဆီလျော်အောင် ဘာသာပြန်ပြီး ဝေမျှလိုက်ပါတယ်။
Maria Garcia ပြောထားတာက "In Your Purse" ဆိုတဲ့ စာအုပ်ကို ရေးခဲ့တဲ့ Kelly Styring ရဲ့စကားအရဆိုရင် (အမျိုးသမီးတွေရဲ့) လက်ကိုင်အိတ်တွေဟာ ပျမ်းမျှအားဖြင့် ၃.၄ ပေါင် အလေးချိန်ရှိပြီး ပစ္စည်း ၆၇ ခုလောက် ပါပါတယ်တဲ့ (ဟိုးသေးသေးမွှားမွှား ပစ္စည်းလေးတွေ အထိရေတွက်ကြည့်လို့ ထင်ပါတယ်)
သူ လက်ကိုင်အိတ်အသစ် ဝယ်တဲ့အခါမှာ အိတ်ရဲ့လေးချိန်ကိုပါ ထည့်တွေးစရာတစ်ခုအဖြစ် စဉ်းစားပြီး သားရည်နဲ့ချုပ်တာတွေထက် အဝတ်နဲ့ချုပ်ပြီး သတ္တုကြိုးတွေ အခြားသတ္တုအမာတွေ လေးပင်တာတွေ မပါတဲ့အိတ်မျိုးကို ရွေးဝယ်ပါတယ်တဲ့။ သူ့ရဲ့ ပိုက်ဆံထည့်တဲ့ Wallet လေးဟာလည်း အဝတ်နဲ့ချုပ်ထားတဲ့ ပေါ့ပေါ့သေးသေးလေးပါပဲလို့ ဆိုပါတယ်။
နောက် အိတ်ထဲမှာ ထည့်ထားသမျှကို တကယ်သုံးဖြစ်ရဲ့လားဆိုတာ ဆန်းစစ်ကြည့်ဖို့ ပလတ်စတစ်အိတ် အကြည်လေး အိတ်ထဲမှာ ထည့်ထားကြည့်ဖို့ ပြောပါတယ်။ နှစ်ပတ်အတွင်းမှာ ကိုယ်တကယ်သုံးတဲ့ ပစ္စည်းတွေကို (လက်ကိုင်အိတ်ထဲက) ပလတ်စတစ်အိတ်လေးထဲ ထည့်ထည့်သွားရမှာပါ။ မသုံးတာတွေကိုတော့ ပလတ်စတစ်အိတ်ရဲ့ အပြင်ဘက် လက်ကိုင်အိတ်ထဲမှာပဲ ထည့်ထားရပါမယ်တဲ့။ နှစ်ပတ်အကြာမှာတော့ ပလတ်စတစ်အိတ်ထဲမှာ ရှိနေတဲ့ အရာတွေက လက်ကိုင်အိတ်ထဲမှာ အမြဲထည့်ထားသင့်တာတွေ ဖြစ်ပြီး ကျန်တာတွေက ထုတ်ပစ်လို့ ရတာတွေပါတဲ့။ (အိတ်ထဲက ပစ္စည်းတွေ တကယ်လိုမလို မသေချာတဲ့ သူတွေအတွက် တကယ်အသုံးဝင်နိုင်တဲ့ နည်းလေးပါ။)
လက်ကိုင်အိတ်တစ်လုံးထဲမှာ မရှိမဖြစ်ပါရမယ့် ပစ္စည်းစာရင်းကိုလည်း သူက ပေးထားပါသေးတယ်။
- ပိုက်ဆံအိတ် (Credit Card တွေ၊ ATM Card တွေ၊ ID Card၊ ပိုက်ဆံ နဲ့ ကိုယ့်အတွက် အရေးကြီးတဲ့ ဓာတ်ပုံလေးတွေ)
- ဘဏ်ချက်စာအုပ် (သုံးတတ်တဲ့ သူတွေ အတွက်ပါပဲ။ ကျွန်မတော့ မသုံးနိုင်ပါဘူးး))
- သော့တွေ (တခါက နေမကောင်းလို့ Medical Leave ယူထားတဲ့နေ့ စားစရာမရှိတာနဲ့ အိမ်အောက်က ဆိုင်လေးမှာ ဆင်းဝယ်တာ သော့ကျန်ခဲ့လို့ ၂နာရီလောက် အတူနေသူငယ်ချင်းတွေ ရုံးဆင်းအလာကို ထိုင်စောင့်ရတာကို သတိရလိုက်ပါသေးတယ်)
- မျက်မှန်၊ နေကာမျက်မှန် (ဆောင်တတ်သူတွေ အတွက်ပါ)
- ဖုန်း နဲ့ PDA (သုံးကြသူတွေ အတွက်ပါ)
- နှုတ်ခမ်းနီ နဲ့ ပေါင်ဒါ compact လေးတစ်ခု
- သွားကြားညပ်ရင်သုံးတဲ့ ကြိုးလေးတွေ (မလိုအပ်သလိုလိုနဲ့ အခန့်မသင့်လို့ သွားကြားညပ်ရင် နေရခက်သားနော်)
- ခံတွင်းနံ့ကို ကောင်းစေတဲ့ ပူရှိန်းလေးတွေ
- တစ်ရှူးထုပ်သေးသေးလေး (ဒါလေးကတော့ ကျွန်မအတွက် မရှိမဖြစ်လေးပါ)


20 comments:
အင်း ဖုန်းဆက်တိုင်း အိမ်မှာကျန်နေခဲ့လို့ အမြဲပြောတဲ့ ကျနော့ညီမ ဖတ်မိပါစေလို့
ဝေမျှပေးတာကျေးဇူး
ဟုတ်တယ် မသူရေ။ အိတ်ကြီးလေ ထဲ့တတ်တဲ့ပစ္စည်းများလေ ပါဘဲ ။ မသိမသာနဲ့ တဖြေးဖြေးများလာလိုက်တာလေ ။ ဒါပေမဲ့  တမျိုးတော့ ကောင်းတယ် ။ ဘာလိုလို အချိန်မရွေး ရှာလို့ ရနေတာဘဲ ။ ဒီမှာကလည်း မိုးက ရွာရင်ရွာ ။အချိန်မရွေး ဆိုတော့ ခေါက်ထီးသေးသေးက အစ ထဲ့ထားရတာ ။ခုတော့ အလေးမခံချင်တော့လို့  မိုးအစိုဘဲ ခံလိုက်တယ် ။ wallet နဲ့ ဖုံးလောက်ပါရင် အဆင်ပြေနေပါပြီ ။အတော်လေးကို ဝန်ပေါ့သွားတာ ။ တကယ် ကိုယ်တွေ့ ပါ မသူရေ ။ ဒါပေမဲ့ တခါတလေ ..အရေးပေါ်ဆိုတဲ့အခါတော့ သတိထားရမယ် ။ ဘာလဲ ။သိလား ။
ချမ်းမြေ့ ပါစေ။
ဟုတ်ပ မမရေ၊ ကျမဆို အိတ်သေးသေး၊ ကြီးကြီး ထည့်ရတာတွေ များလွန်းလို့ လေးသလားမမေးနဲ့။ ဖုန်းရှိပေမယ့် ကင်မရာကိုလည်း သွားလေရာဆောင်လေ့ရှိတယ်သိလား။
ကြုံလို့ပြောလိုက်ဦးမယ် ။ ဒီမှာဆို လူတိုင်း မှန် ပါတယ်။ အလှပြင်ပစ္စည်းတွေ စုထားတဲ့ အိတ်လည်းပါတယ်။ တစ်ချို့ကောင်မလေးတွေဆို ဆံပင်ဖြောင့်တဲ့စက်၊ ကောက်တဲ့စက်ပါ ထည့်ထားတာတွေ့ရတယ်။ ဒါကြောင့် သူတို့အိတ်ကြီးဆို အကြီးကြီးနဲ့ အလေးကြီး။ :P :P
နေမကောင်းတဲ့ ကြားထဲက ၂နာရီလောက် စောင့်ရတာ ပင်ပန်းလိုက်မှာ မရယ်
း)
အမပို့ စ်အသစ်တင်လို့ လာဖတ်ပါတယ်..
ိမိန်းကလေးတွေ အိပ်တွေ ဘာတွေပါလည်း အစကမသိပါဘူး.. သွားကြည့်ရင်လည်း... :P
အမပြောမှပဲ သိတော့တယ်.. :P
ဗဟုသုတပေါ့.. ကောင်းပါတယ်အမ..
အကျိုးရှိတဲ့ပိုစ့်လေးပါပဲ...
မိန်းကလေးအတွက်ရော ယောက်ျားလေးအတွက်ရောပေါ့..
ယောက်ျားလေးတွေလည်း ၀ယ်ပေးချင်ဝယ်ပေးရမှာလေ..
မှတ်သားသွားပါတယ်အမ...
အမတစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...
လာဖတ်ပါသည်
ဒီပို့စ်လေး ဖတ်ပြီး မိန်းကလေးတွေရဲ့သဘာဝကို ပြုံးချင်သွားတယ်....
ပျော်ရွှင်ပါစေ...
မိုးနေ
ဂလိုလား ။ ဖက်ရှင်လားလို့  ။ :D
ယောင်္ကျားလေးတွေ အတွက် လိုအပ်တာတွေက ဟိုနားထိုး ဒီနားညှပ်နဲ့  အဆင်ပြေသွားတာပါပဲ ။
မိန်းကလေးဖြစ်ရတဲ့ဘဝ
အကြီးကြီးတွေသယ်ရ လွယ်ရတဲ့မိန်းကလေးဘဝ
စဉ်းစားမိတာပြောတာနော်မသူရေ
ပျော်ရွှင်ပါစေ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
အမကတော့ အိတ်ကိုကြိုက်လို့ကို ကိုင်တာ..
ဒါပေမဲ့ မိန်းမဆန်တဲ့ ပစ္စည်းတွေတော့ တခါတလေ သတိရမှထည့်ကိုင်ဖြစ်တယ်
တစ်ရူးဆိုတာ လိုအပ်မှ သတိရတာ အမ..ပီးတော့ အမက အလှလဲ မထွက်ခင် တခါပြင်ပဲ သိပ်မပြင်တတ်ဘူး
အဲ့အတွက်အမ အိတ်က ပေါ့တယ်။ ဒါပေမဲ့..
အမက စာအုပ်ရယ် ထီးရယ် ပူရင် ယပ်တောင်ရယ် ရေဗူးရယ်ကတော့ အမအတွက် မရှိမဖြစ်ပဲ..
ညီမက ၁၀တန်းမှ အိတ်ကိုင်တာ ..အမက ၂တန်း ၃တန်းထဲက အိတ်ကိုင်တာ.. အိတ်သရဲ..
ဒါကြောင့် ယောက်ျားလေး ဂျင်းဘောင်းဘီနဲ့ မိန်းကလေး ဂျင်းဘောင်းဘီနဲ့ မတောင်မတူဘူး။ ယောက်ျားဝတ် ဂျင်းဘောင်းဘီက နည်းနည်းပွတယ်။ ဒါမှ
၁။ ညာဘက် နောက်အိတ်မှာ Wallet
၂။ ညာဘက်အရှေ့အိတ်မှာက ဖုန်း၊ သော့နဲ့ တိုလီမိုလီ (I-banking, memory stick, phone data cable)
၃။ ဘယ်ဘက်အရှေ့အိတ်မှာက ထီး၊
၎။ ဘယ်ဘက် နောက်အိတ်မှာက ဘဏ်စာအုပ်၊ ပတ်စ်ပို့စ်(လိုအပ်လာရင်ပေါ့)
ယောက်ျားလေးတွေက အလုပ်မရှုပ်ချင်လို့ အိတ်မကိုင်တာပါ။ သယ်စရာတွေကတော့အများသား။ ကျနော်ပြောတာတောင် ကျန်နေသေးတာတွေ ရှိသေးတယ်။ :)
ကိုယ့်အိတ်ထဲမှာတော့ ပိုက်ဆံအိတ်၊သော့တွဲ၊ဖုန်း၊ဖတ်စရာစာအုပ်တစ်အုပ်၊ notebook သေးသေးလေး ၊Thumb drive ၊ ဘော့ပင်တစ်ချောင်း ၊ ထီး ၊ ပြီးတော့ အရေးကြီးတဲ့ အရေးပေါ်အတွက် ။ ကျန်တာဘာမှမပါဘူး ။ ဒါပေမယ့် ကျောပိုးအိတ်က အကြီးကြီး ။ သူဌေးကတောင် အိတ်ထဲဘာတွေပါလဲလို့မေးယူရတယ် ။ အမှန်က ကိုယ့်ရဲ့နောက်ကျောကို အိတ်နဲ့ ကွယ်ထားတာ ။ ဟဲ ဟဲ....
အပြင်ထွက်တိုင်း မပါမဖြစ်ကပိုက်ဆံအိတ်ပါ ကြိုက်လည်းကြိုက်တယ်.. တကယ်လည်း အသုံးဝင်ပါတယ်..
ကျွန်တော့်ပါလေရာ ကျောပိုးအိတ်နဲ့..။ Wallet ထဲမှာပါတဲ့ ဟာတွေပြောပြလိုက်ရင်တော့ ၀က်ဝက်ကွဲကုန်တော့မှာပဲ :D
မရှိမဖြစ်အိတ်.....
အပြင်ထွက်လို့ ပိုက်ဆံအိတ်လေးပဲကိုင်သွားမယ်လုပ်ဖူးတယ်.. ဖြစ်သေးပါဘူး မိုးရွာရင်ဘယ်လိုလုပ်မလဲ တွေးပြီး ထီးယူဖို့ပြင်တယ် ဒီတိုင်းကိုင်ရမှာ စိတ်ညစ်လို့ အိတ်ကိုသယ်ဖြစ်အောင်သယ်လိုက်ရတယ်.. :P
ပြီးတော့ မမပြောသလို ဘာသာကွိကွ..... သိပ်တော့မများပါဘူး တစ်ရှူးထုပ်ကတော့ အမြဲလိုလိုထည့်တယ်။ ပူရှိန်းဘူးလေးကတော့ တစ်ခါတစ်လေပဲ။ သကြားလုံးလည်းပါတတ်သေးတယ်။ အလုပ်သွားရင် နေမကောင်း ခေါင်းကိုက် နှာစေးအတွက် ဆေးနည်းနည်းလည်း ဆောင်တတ်သေး......
:P
း-) ဟုတ်မယ်.. အိတ်ထဲမှာ အလေးဆုံးက ရေဗူးနဲ့ ထီးပဲ..
အဲဒါတွေ မလိုဘူး ထင်ရင်တော့ ကိုဗီလိန်စတိုင်နဲ့ ပေါ့ပေါ့ပါးပါးပဲ..
အင်း ... ကျနော်ကတော့ ကျောပိုးအိတ်ပဲ ဆောင်တယ်။ ရုတ်တရက် ထိခိုက်ရှနာ ဖြစ်မလား။ ပတ်တီးကော .. ဆေးကောပါတယ်။ ဖတ်စရာ စာအုပ်ရယ်။ ထီးရယ်။ ဦးထုပ်ရယ်။ ဂဏန်းတွက်စက်ရယ်။ တိုလီထွေကာမှတ်ဖို့စာအုပ်ရယ်။ Stapler ရယ်။ ဘော့လ်ပင် နီ၊ ပြာ၊ နက် ရယ်။ ဖုံးစာအုပ် အကြီးကြီးရယ် (နံပါတ်မှတ်ဖို့ ဖုန်းမှ မရှိသေးတာ)။ တခါတရံ ဖိုင်တွဲရယ် (အခုလက်ရှိ ရွာအလှူအတွက် မှတ်ထားတဲ့ စာရင်းဖိုင်)။ အဲ တစ်ခုရှိတာက ကျောပိုးအိပ်ထဲမှာ ပိုက်ဆံအိတ်မထဲ့ဘူး။ အိပ်ကပ်ထဲ ဒါမှမဟုတ် ဘောင်းဘီထဲ။ တီရှပ်နဲ့ ပုဆိုးဝတ်တဲ့နေ့ဆို ခါးကြားလိမ်လိုက်တယ်။ ..... :D
ငါကတော့ Leather အိတ်ဖြူဖြူလေးကို အပြင်သွားရင်ကော၊ရုံးသွားရင်ကော လွယ်တယ်ဟ။အရမ်းချစ်ဖို့ကောင်းတဲ့ သယ်ရင်းတယောက် ပြီးခဲ့တဲ့မွေးနေ့တုန်းကပေးတာပေါ့ဟယ်။သူက blog တွေဘာတွေလည်းရေးတယ်ဟ....ခစ်ခစ်...
ကျွန်တော့ ကောင်မလေးဗျာ.. သူ့ အိပ်လေးတယ် လေးတယ် နဲ့ ခဏခဏ ညည်းနေတာ..။ သူ့ ဆီမေလ်း လေး လှမ်းပို့ လိုက်ဦးမှ...ဒီစာလေးကို..။
မရွှေပြည်သူက စာအရေးအသားတော်တော်ကောင်းတာပဲ။ အစက တိတ်တိတ်လေးပဲ ဖတ်ပြီးပြန်မလို့ မနေနိုင်တော့ဘူး ရေးတာကောင်းလွန်းလို့ :) .. နောက်လည်း အမြဲလာဖတ်ဖြစ်တော့မှာပဲ။
Post a Comment