ပိတောက်ပွင့်ချိန်
ဒီညက နွေည မပီသလိုက်တာ။ အေးလွန်းလို့။ ဒါမှမဟုတ် သူမစိတ်ကပဲ စိုးရိမ်မှုတချို့နဲ့ တုန်ခိုက်နေခဲ့လေသလား...
အနွေးထည်လေးကို ခပ်တင်းတင်းစွဲစေ့လိုက်ရင်း မျက်လုံးကတော့ နာရီပေါင်းများစွာ စိုက်ကြည့်နေမိတဲ့ နေရာကို မျက်လုံးမလွှဲ ကြည့်နေမိဆဲ...။ ပိတောက်ပင် တစ်ပင်။ သူမ လူမှန်းသိတတ်စကတည်းက ဘေးက အိမ်မရှိတဲ့ ခြံကွက်လပ်ထဲက ပိတောက်ပင်။ ဒါပေမယ့် ဘယ်တုန်းကမှ မပွင့်ခဲ့ရှာဘူးတဲ့။ ခုတော့ လရောင် တ၀က်တပျက်အောက်မှာ ပိတောက်ပင်က မှုံဝါးဝါးလေး ဖြစ်နေသည်။ ခပ်စောင်းစောင်းကလာတဲ့ လမ်းမီးတိုင်ဆီက အလင်းတချို့ကြောင့် အပင်ဖျားမှာ လေနဲ့အတူ ခပ်ဖွဖွ လှုပ်ရမ်းနေတဲ့ အရွက်တချို့ကို မြင်နေရသည်။ အို... ဟိုကြားက အစက်အပျောက်လေးတွေက ပိတောက်ပွင့်တွေများလား...။ မဖြစ်နိုင်မှန်း သိရက်နဲ့ သူမ မျက်လုံးတွေ ပူလာတဲ့အထိ စူးစိုက်ကြည့် နေမိပြန်သည်။ အရာရာကို အမှောင်နဲ့ အသာလေးဖုံးပေးထားတဲ့ ညကတော့ နက်လို့ ကောင်းဆဲ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တော်တော်လေး အရွယ်ရောက်ချိန်အထိ သူမ “ကိုကို့”ကို သူမတို့ မိသားစုဝင် တစ်ယောက်လို့ ထင်နေခဲ့သည်။ “သမီးလေးက တစ်ယောက်ထဲဆိုတော့ သားကို သူ့အစ်ကိုအရင်းလိုပဲ ကပ်နေတော့တာ” ဆိုတဲ့ မေမေ့စကားကို နားလည်စပြုပြီး ကိုကိုဟာ ခြံနီးခြင်းတစ်ယောက်ပဲ ဆိုတာကို သိလိုက်ရချိန်မှာလည်း သူမရဲ့ ခင်တွယ်စိတ်တွေက ပြောင်းလဲ မသွားခဲ့။ သူ့မိသားစုထဲမှာ အငယ်ဆုံးဖြစ်လို့ အငယ်လိုချင်တဲ့စိတ်ကြောင့်လား မသိ။ ကိုကိုက ကလေးသိပ်ချစ်တတ်သည်။ သူအချစ်ဆုံးကလေးကတော့ သူမပေါ့။ သူမထက် အသက် (၇)နှစ်ကျော်ကျော်ကြီးသော ကိုကိုသည် သူမကို တကယ့်ညီမအရင်းလေး တစ်ယောက်လို အနွံတာခံခဲ့ ထိန်းကျောင်းခဲ့သည်။ ဥာဏ်သိပ်ကောင်းပြီး အမြဲတမ်းပထမ ဒုတိယက မဆင်းခဲ့တဲ့ ကိုကိုက ခပ်ထိုင်းထိုင်း သူမရဲ့ Guide လည်း ဖြစ်ခဲ့သည်။ အမြဲတမ်း တွယ်တာအားကိုးနေတဲ့ ကိုကို... သူမ အနားမှာ အမြဲရှိနေမယ်လို့ ချွင်းချက်မရှိ ယုံကြည်နေခဲ့မိတာ... ကိုကို ရည်းစားရသွားတဲ့ နေ့အထိပေါ့။
အဲဒီနေ့က မှတ်မှတ်ရရ သင်္ကြန်အတက်နေ့ကြီး။ မနက်အစောကြီး ဟိုဘက်လမ်းပိတောက်ပင်က သွားခူးလာတဲ့ ပန်းတပွေ့တပိုက်နဲ့ ကိုကို သူ့အိမ်ထဲ ၀င်သွားတာ တွေ့ကတည်းက သူမ ပန်းလိုချင်နေခဲ့သည်။ မနက်ပိုင်း မေမေတို့ စတုဒီသာ ချက်တာကို အနားပျာလေးလုပ်ပြီး နိုင်သလောက် ကူနေရတာနဲ့ နေ့လည်ကျမှ ကိုကိုတို့ အိမ်ဘက် ကူးသွားတော့ တအိမ်လုံး တိတ်ဆိတ်လို့။ အိမ်အပြင်ထွက်ပြီး အိမ်ဘေးက ကိုကို့စက်ဘီးထားတဲ့ နေရာလေးနားရောက်မှ ကိုကို့ကျောကုန်းကို တစွန်းတစ မြင်မြင်ခြင်း...
“ကိုကိုရေ... ပိတောက်ပန်းလေး နည်းနည်းပေးပါ...” စိတ်လွတ်လက်လွတ် အသံဆွဲအော်လိုက်ပြီးမှ... ကိုကို့ဘေးက အစ်မကြီးကို သတိထားမိသွားသည်။ မမကြွေ။ ပြီးတော့ ကိုကိုက မမကြွေလက်ကို ကိုင်ထားသည်။ ကိုကို့ စက်ဘီးခြင်းထဲမှာလည်း ပိတောက်ပန်းတွေ အများကြီးမှ အများကြီး...
“ဘာလာလုပ်တာလည်း...”
မမကြွေလက်ကို လွှတ်လိုက်ပြီး မအော်စဖူး ဒေါသသံစွက်တဲ့ အသံမာမာနဲ့ ကိုကိုအော်ပြောချိန်အထိ သူမကြောင်ကြည့်နေမိဆဲ...။ နောက်မှ နားလည်စပြုပြီဖြစ်တဲ့ သူမ... ကိုကိုနဲ့ မမကြွေ ကြိုက်နေကြပြီဆိုတာ သဘောပေါက်ရင်း နောက်ကို လှည့်ပြေးမိသည်။ နောက်ဆုံး မြင်လိုက်ရတဲ့ ကိုကို့မျက်နှာပေါ်မှာ စိုးရိမ်စိတ်တချို့ ဖြတ်ပြေးသွားတာကို တွေ့လိုက်ရပြီး...
“မိနွေ နေဦး နေဦး...”
သူမ လှည့်မကြည့်ဘဲ အမြန်ဆုံးပြေးလာမိသည်။ အိမ်ရောက်တော့ မီးဖိုထဲက ထွက်လာတဲ့ မေမေ့ကို ပြေးဖက်ရင်း ငိုချလိုက်သည်။ မေမေ စိုးရိမ်တကြီးမေးတော့ ရှိုက်သံတ၀က်နဲ့ ပြောမိတာက...
“ကိုကို ရည်းစားရသွားပြီ... မိနွေကို မချစ်တော့ဘူး... အော်တယ်... ဟီး”
“ဟဲ့... ဟဲ့... ဘယ်သူနဲ့လည်း...”
“မမကြွေ...”
~~~~~~~~~~~~~~~~~~~~~~~~~~~~~
“မင်းကွာ... ကြိုက်စရာရှားလို့... လှည်းကြိုးထမ်းချင်လို့လား... မနေ့တနေ့ကမှ ဆယ်တန်းအောင်တဲ့ကောင်ကများ... မင်းကိုယ်မင်း လောကအကြောင်း သိလှပြီထင်နေလား...”
ကိုကို့အဖေ လေးလေးမြတ်မင်းရဲ့ အသံက ကိုကိုတို့အိမ်ဘက်ကနေ သူမတို့ ခြံဘက်အထိ ဟိန်းထွက်နေပေမယ့် ကိုကို့အသံကို မကြားရ...
“ဘာကွ... ခိုးပြေးမယ် ဟုတ်လား... ကဲ ပြေးဦးကွာ ပြေးဦးကွာ...”
အန်တီမျိုးရဲ့ ငိုသံတားသံတွေကြားတော့ မေမေ ဟိုဘက်ခြံကို ပြေးမယ်အလုပ် ဖေဖေက ခပ်မြန်မြန်လှမ်းဆွဲသည်။
“မမျိုးရှိပါတယ်ကွာ... သူတို့ မိသားစုကိစ္စ ကိုယ်ဝင်ပါလို့ မကောင်းဘူး”
“မဟုတ်ဘူး အခုကိစ္စက ကျွန်မ ပြောလိုက်လို့ ဖြစ်ရတာ... ကိုယ့်ပယောဂလည်း မကင်းဘူး...”
“ဒီလိုတော့ ဘယ်ဟုတ်မလဲ... ကိုယ်တို့လည်း စေတနာနဲ့ ပြောတာပဲကို။ ကောင်လေးက အညွန့်တလူလူတက်နေတာ... ဟိုခပ်ရှုပ်ရှုပ် ကောင်မလေးနဲ့ဆို ရှေ့လျှောက် ဒုက္ခရောက်မှာပေါ့”
မေမေတို့စကားကို တိတ်တိတ်လေး နားထောင်ရင်း သူမပယောဂ စစ်စစ်ကြောင့် အရိုက်ခံနေရတဲ့ ကိုကို့ ကိုသနားစိတ်နဲ့ မျက်ရည်တွေသာ တလိမ့်လိမ့်ကျလာသည်...
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်ရက်တွေမှာ ကိုကို့အနား မသွားရဲခဲ့။ ဖြတ်ကနဲ လှမ်းမြင်ရင်လည်း ပုန်းမိသည်။ တပတ်ကျော်ကျော်အကြာမှာ ကျူရှင်သွားဖို့ ကိုကိုတို့အိမ်ရှေ့က ခပ်သုတ်သုတ်အဖြတ်...
“ဟေ့ ဖက်တီးလေး...”
ကိုကို့အသံ။ ကိုကိုက ဝဝကစ်ကစ် သူမကို ဖက်တီးလေးလို့ ချစ်စနိုးခေါ်တတ်သည်။ ၀မ်းသာအားရ လှမ်းကြည့်တော့ အိမ်ရှေ့ကနေ ပြုံးကြည့်နေတဲ့ ကိုကို့ကို တွေ့တွေ့ချင်း သူမ ပြေးသွားမိသည်။
“ကိုကို ဟိုနေ့က အရိုက်ခံရတာ နာလား”
အမေးချင်ဆုံး မေးခွန်းကို ချက်ချင်းမေးလိုက်မိသည်။
“နာတာပေါ့... အဲဒါ ညည်းလေးကြောင့်...”
ကိုကိုက သူမပါးဖောင်းဖောင်းနှစ်ဖက်ကို လက်နဲ့ဆွဲလိမ်ရင်း ပြောသည်။ ချောင်ကျသွားတဲ့ ကိုကို့မျက်နှာကိုကြည့်ရင်း သူမ ၀မ်းနည်းပြီး မျက်ရည်ကျလာပြန်သည်။
“ဟုတ်တယ်... မိနွေ ပြောမိလို့...”
“ဟော ငိုရပြန်ပြီ။ ရည်းစားနဲ့ ပြတ်တာ ညည်းလား ကျုပ်လား”
“ဟင် ပြတ်သွားပြီလား...”
ကိုကို့မျက်နှာ အဲလောက်နွမ်းသွားတာ တခါမှ မမြင်ဖူးခဲ့...
“ကဲ သွား... အပြန်ကျရင် ကိုကို့အတွက် ကျူရှင်အိမ်လမ်းထိပ်က ဝက်သားတုတ်ထိုး ဝယ်ခဲ့။ အဲဒါဆို ပြောလိုက်တာအတွက် ကျေပြီ။ မငိုနဲ့တော့နော် တိတ်တိတ်...”
သူမ မျက်ရည်သုတ်ရင်း စိတ်လက်ပေါ့ပါးစွာ ပြေးထွက်ခဲ့သည်။ နှစ်အတန်ကြာမှ သိရတာက အဲဒီပြဿနာအတွက် ကိုကိုက မေမေ့ကိုတောင် မကျေမနပ်ဖြစ်ခဲ့သေးသည် ဆိုပဲ။ အဲဒီအကြောင်းကို မေမေပြန်ပြောင်းပြောပြတဲ့ ညနေခင်း တစ်ခုမှာ သူမ အသက် ၁၉ နှစ်ရှိခဲ့ပြီ။ ကိုကိုက အားလုံးထဲမှာ တကယ့်တရားခံဖြစ်တဲ့ သူမကိုသာ ခွင့်လွှတ်ခဲ့သည်ပဲ။ တွေးရင်း ကိုကို့ကို ပိုချစ်သွားသည်။ ပိုချစ်သွားတယ်ဆိုတဲ့ အတွေးအရောက် စိတ်ထဲမှာ ရှက်သလိုကြီးဖြစ်ပြီး အိမ်ပေါ်ပြေးတတ်မိလို့ ခလုတ်တိုက်ပြီး ခြေထောက်နာသွားခဲ့တာ တိုက်တိုက်ဆိုင်ဆိုင် သင်္ကြန်တွင်းကြီးပါပဲ။ နောက် အဲဒီခြေထောက်နာတာကို အကြောင်းပြပြီး သင်္ကြန်တတွင်းလုံး ကိုကို့ကို ဘာကြောင့်မှန်းမသိ ရှောင်နေမိခဲ့တာလဲ မှတ်မှတ်ရရ...
အဲဒီသင်္ကြန်မှာပဲ စီးပွားရေးလုပ်ငန်းရှင် ပေါက်စ ဖြစ်နေပြီဖြစ်တဲ့ ကိုကိုက ကောင်မလေး နှစ်ယောက်ကို တရက်စီတွဲရင်း ပျော်နေခဲ့ပြီး သင်္ကြန်ပြီးတော့ ၂ယောက်စလုံးနဲ့ ပြတ်သွားတာလည်း မှတ်မှတ်ရရ...
မမကြွေနဲ့ ပြတ်ပြီး တက္ကသိုလ် ကျောင်းသားကြီး ဖြစ်သွားကတည်းက ကိုကို အရမ်းရည်းစားများခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ကိုကို စိတ်ကောင်းမရှိဘူး...”
“အလိုဗျာ... နေရင်းထိုင်ရင်း... ဘာဖြစ်လို့လဲ”
“ကောင်မလေးတွေကို အသည်းခွဲတယ်။ မိနွေသူငယ်ချင်းကပြောတယ် ကိုကိုက ရက်စက်တယ်တဲ့...”
“ဘယ်သူက ပြောတာလဲ...”
“မိုးဇွန်... သူ့အစ်မ သူငယ်ချင်းက ကိုကို့ကြောင့် အသည်းကွဲပြီး ထမင်းတောင် မစားနိုင်ဘူးတဲ့”
“သြော်... မေသက် ထင်တယ်...”
“မမေသဲပါ ကိုကိုရာ... နာမည်တောင် မမှတ်မိတော့ဘူး။ လွန်လွန်းတယ်။”
“ကြာပြီ ဖက်တီးရ။ ပြတ်သွားတာ တစ်နှစ်လောက်ရှိပြီထင်တယ်။ တွဲဖြစ်တာက လပိုင်းလေးရယ်...”
“ဘယ်ကလာ... ပြတ်သွားတာ ၅လပဲ ရှိသေးတယ် မဟုတ်လား”
“ဟုတ်လား... အဟဲ ကြာပြီလားလို့... သူ့နောက်မှာတောင်......”
“သိပါတယ်... မွှေး...ပြီးတော့ မေလေး... နောက် မိုးငယ်...”
“ဟားဟား ဖက်တီးလေးက အကုန်မှတ်မိတယ်... နောက် မေ့သွားရင် ညည်းကိုပဲ မေးတော့မယ်”
သူမ နှာခေါင်းကို ရှုံ့ရင်း...
“မေ့မှာပဲ... သိတယ်...”
“ကိုယ့်ကို လူဆိုးကြီး ထင်နေလို့လား ဖက်တီးရာ... ကိုယ်က သူတို့ကို လက်ဖျားနဲ့တောင် မထိ... အင်း... ဟိုကွာ... ဘာမှ လွန်လွန်ကျူးကျူး အခွင့်အရေးမှ မယူခဲ့တာ။ နောက်တော့ သူတို့လည်း မေ့မေ့ပျောက်ပျောက်ပါ... မေသက်... အဲ... မေသဲ ထမင်းမစားနိုင်တာ သူ့ဘာသာ ဝိတ်ချနေတာ နေမှာပေါ့ ဟားဟား...”
သူမလက်ထဲက အာလူးကြော်တွေ ယူစားရင်း ခပ်ပေါ့ပေါ့ ရယ်ရယ်မောမောပြောနေတဲ့ ကိုကို့ကို သူမ စိတ်ပျက်စွာ မော့ကြည့်မိသည်။ ဒါပေမယ့် အဲဒီအချိန် ခေါင်းထဲ ဝင်လာတာက အဆိုးတွေ မဟုတ်ဘဲ သူမမျက်လုံးထဲမှာ ကိုကို ပိုချောလာတယ် ဆိုတာပဲ ဖြစ်သည်။ အထိတ်ထိတ် အလန့်လန့်နဲ့ ခေါင်းငုံ့ရင်း အာလူးကြော်ထုပ်ကို ဆွဲဆုတ်မိတော့ အာလူးချောင်း တချို့တောင် ကြေသွားသည်။
“ကိုကို... သူတို့ကို တကယ်မချစ်ဘူးလား...”
ကိုကို က ဟက်ကနဲ သဘောကျသလိုရယ်သည်။
“မမကြွေတုန်းက တကယ်ချစ်ခဲ့သလိုပဲ... ဒါပေမယ့်... ဖက်တီး... ညည်း နောက်ဆက်တွဲ ကိစ္စတွေ မသိဘူး မဟုတ်လား...”
သူမ သိချင်စိတ်နဲ့ ခေါင်းရမ်းပြမိသည်။
“ကိုယ် မမကြွေကို ခိုးပြေးဖို့ ကြိုးစားခဲ့တယ်... အဲဒီအသက်အရွယ်နဲ့ ခုပြန်တွေးကြည့်ရင်တော့ ဟာသပေါ့။ ဒါပေမယ့် အဲဒီအချိန်မှာ ကိုယ်အရူးအမူးပဲ။ ကိုယ်အသည်းအသန် ဖြစ်လာတော့ မမကြွေ ကိုယ့်ကို ၀န်ခံတယ်။ သူ့မှာ အိမ်ထောင်ရှိတယ်တဲ့...”
“ဟင်...”
“အင်း... ဆိုးလွန်းလို့ ရှောင်ရင်း အဆက်အသွယ် ပြတ်နေတာတဲ့။ အဲဒီချိန်ထိ မပြတ်စဲရသေးဘူးတဲ့။ သူ့ကို မေ့လိုက်ပါတဲ့... ကိုယ့်အတွက်ပြောတာပါတဲ့... ဟာဟ။ စဉ်းစားကြည့် ဖက်တီးရယ်... ဘယ်လို ထင်ရက်ပါ့မလဲ။ အဲဒီအချိန် ကိုယ့်ထက် ၂နှစ်ပဲကြီးတဲ့ သူလည်း အဲဒီတုန်းက ငယ်ပါသေးတယ်... သနပ်ခါး ပါးကွက်ကျားလေးနဲ့ ဆံပင်ရှည်လေးနဲ့ ယဉ်ယဉ်လေး လှတဲ့သူ...”
အဆွေးငွေ့တွေနဲ့ ကိုကို့မျက်လုံးထဲမှာ မမကြွယ်ကို မြင်ယောင်လာပုံရသည်။
“နောက်တော့ကော...”
“နောက်တော့... သူတို့ အိမ်ပြောင်းသွားတယ်။ ၁နှစ်လောက် အကြာ မော်လမြိုင်ဘက်မှာ နောက်တစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ် ပြောတာပဲ။ အဲဒီသတင်း မကြားခင်အချိန်ထိ ဒီ ငမိုက်သားက မျှော်လင့်မိခဲ့သေးတယ် ဖက်တီးရေ... ပြန်တွေးကြည့်ရင် သိပ်ရှက်တယ်”
“ကိုကိုရယ်... မိနွေစိတ်မကောင်းပါဘူး...”
“ဆိုတော့... အဲဒီတုန်းက စကားများတဲ့ လော်စပီကာဖက်တီးက ကိုယ့်ဘ၀ရဲ့ ကယ်တင်ရှင် ဖြစ်သွားတာပေါ့...ဟားဟား”
ကိုကို့ရယ်သံကြားတော့ သူမ ပျော်သွားပြန်သည်။ အဲဒီတလော ကိုကိုက သူမစိတ်ထဲကို ထူးဆန်းတဲ့ နည်းတမျိုးနဲ့ ဝင်နေတယ်လို့ ခံစားရသည်...
“ခုတွဲတဲ့ ကောင်မလေးတွေကိုရော...”
“ကိုယ်ဖြေရင် ညည်းက စိတ်ကောင်းမရှိဘူး ပြောဦးမယ်...”
“မချစ်ဘူးပေါ့...?”
“ဟိုပန်းမပွင့်တဲ့... ပိတောက်ပင်ကြီးကို တွေ့လား”
ကိုကိုက သူမတို့ခြံ၂ခြံကြား မြေကွက်လပ်ပေါ်က ပိတောက်ပင်ကြီးကို လက်ညှိုးထိုးပြသည်...
“ဟုတ်...”
“အဲဒီ ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းပွင့်တဲ့ အချိန်ကျရင်တော့ ကိုယ်တကယ်ချစ်တတ်လာလိမ့်မယ်။ အဲလိုသာ မှတ်ထား...”
ကိုကို့ကို ပြုံးရင်း မျက်စောင်းထိုး ကြည့်လိုက်မိသည်။ သူမတို့နှစ်ယောက် ပြောစရာ စကားမရှိသလို တိတ်ဆိတ်သွားပြီးမှ...
“ကိုကို... သတိတော့ထား... ဝဋ်လည်မယ်နော်”
“အမယ် ဖက်တီးက လူကြီးစကားပြောလို့...”
“မိနွေလည်း လူကြီးဖြစ်ပြီပဲ။ အသက် ၂၂ နှစ်ပြည့်တော့မှာ...” သူမ မကျေမနပ် ပြောမိတော့...
“ကိုယ့်မျက်လုံးထဲမှာတော့ ညည်းက ကလေးပဲ...”
သူမကို ကလေးလို့ ပြောခဲ့တဲ့ ကိုကိုတစ်ယောက်... ၂လလောက်အကြာမှာပဲ သူမနဲ့ အသက်ရွယ်တူ သူငယ်ချင်း မိုးဇွန်ကို ရည်းစားတော်လိုက်သည်။ ကိုကို့ကို ရက်စက်တယ်လို့ ရှုံ့ချခဲ့တဲ့ မိုးဇွန်ရဲ့
“ဟိုး...ကောင်းကင်ပြပြက
ကိုယ့်တစ်ယောက်အတွက် မက
အလှတွေအားလုံး ကြွေဆင်းပျော်ဝင်ဖို့...
အချစ်တွေ ဖြန့်ခင်းရင်း...
အလင်းပေးနေတဲ့
ချစ်သူ... လမင်း”
ဆိုတဲ့ကဗျာလေးကို ဖတ်မိချိန်အထိ သူမ မရိပ်မိခဲ့။ ကိုကို့မကောင်းကြောင်း အရင်ကပြောခဲ့မိလို့ ရှက်နေခဲ့တဲ့ မိုးဇွန်လည်း ကိုကိုနဲ့ ပြတ်တော့မှပဲ သူမကို အသိပေးခဲ့တော့သည်။ ကိုကို့ကို မကောင်းဘူး မကောင်းဘူးဆိုပြီး စကားထဲ ခဏခဏ ထည့်ပြောနေကတည်းက သူမ သိခဲ့ဖို့ကောင်းသည်။ မချစ်ဖူးခဲ့တဲ့ မိုးဇွန်အရူးအမူး ခံစားနေရတာကို ကြည့်ရင်း သူမ ကိုကို့ကို တကယ်စကြောက်လာခဲ့သည်။ ကိုကို့ကြောင့် ဒီလို ငိုခဲ့ရ... နာကျင်ခဲ့ရတဲ့ မိန်းကလေးတွေ ဘယ်လောက်များခဲ့ပြီလဲ။ သူမရဲ့ အချစ်ဆုံး သူငယ်ချင်း မဟုတ်ပေမယ့် သိပ်ရင်နှီးတဲ့ မိုးဇွန်အတွက် စိတ်မကောင်းဖြစ်ရင်း ကိုယ့်ရင်ထဲက တနေ့တခြား ကြီးထွားလာတဲ့ အချစ်တစ်ခုကိုလည်း နာနာကြည်းကြည်း ငြိမ်းသတ်ချိုးနှိမ်ရင်း ခါးသီးစရာ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရသည်...။ ကိုကို့ကိုလည်း မကျေနပ်စိတ်တ၀က် နာကျင်စိတ်တ၀က်နဲ့ ရှောင်နေခဲ့မိသည်။ ကိုကိုလည်း ဒီတခါ သူမသူငယ်ချင်းဖြစ်တာကြောင့် အားနာနေပုံရသည်။ သူကလည်းရှောင် ကိုယ်ကလည်းရှောင်နဲ့... လတချို့ဖြတ်သန်းရင်း သင်္ကြန်တောင် ရောက်ခဲ့ပြန်ပြီ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်္ကြန်အကြိုနေ့...
“ဖက်တီးလေး...”
ကိုကို့အသံမှန်းသိတော့ သူမ မရယ်မပြုံးလှည့်ကြည့်မိသည်။
“အန်တီရှိလား...”
“မေမေ ဘုရားရှိခိုးနေတယ်...”
“သင်္ကြန်ဘယ်မှ မသွားဘူးလား...”
သူမ ခေါင်းခါပြမိသည်။ ဘယ်တုန်းကမှ မလည်တတ်ခဲ့တဲ့သူကို အထူးအဆန်းလုပ်ပြီး မေးနေသေးလားလို့ ညိုငြင်စိတ်ကတ၀က်... မတွေ့ရတာကြာတဲ့ ကိုကို့ကို ငေးမောချင်စိတ်က တ၀က်နဲ့ အနားက ပိန်းပင်တွေကိုသာ သဲကြီးမဲကြီး စိုက်ကြည့်နေမိသည်။
“သွားချင်ရင် လိုက်ပို့မယ်လေ...”
ခေါင်းထပ်ခါပြမိပြန်သည်။ ကိုကို စကားတွေ ရှာကြံပြောနေသလိုပဲ။ သူ အပြင်မထွက်ဘူးလား။ သူ့မှာ ဒီနှစ်တွဲလည်စရာ ကောင်မလေး မရှိဘူးလား... အို မသိချင်တော့ပါဘူး။
“စကားပြောဦးလေ... ကိုယ့်ကို စိတ်ဆိုးနေတာလား... မိုးဇွန်နဲ့က...”
“ရပါတယ် ကိုကိုရယ်။ ပြောပြမနေပါနဲ့တော့...။ ကိုကို ထင်သလို ကောင်မလေးတွေက ကိုကိုနဲ့ကွဲရင် မေ့မေ့ပျောက်ပျောက် တော့ဖြစ်သွားကြပါတယ်။ ဒါပေမယ့် အဲလိုမဖြစ်ခင် သိပ်ကို ခက်ခဲပင်ပန်းတဲ့အချိန်ကို သူတို့ ဖြတ်ကျော်ကြရတယ် ကိုကို။ မိုးဇွန်ကိုကြည့်ပြီး ကိုကိုတော်တော်ရက်စက်တတ်မှန်း မိနွေ သေချာသိသွားတယ်”
ကိုကို တိတ်ဆိတ်နေသည်။ နောက်မှ...
“ကိုယ် ဒီတခါ တကယ်နောင်တရမိတယ်...”
သူမ မော့ကြည့်မိတော့...
“မိုးဇွန်က ဖက်တီးရဲ့ သူငယ်ချင်း ဖြစ်နေလို့ပါ... ကိုယ့်ကို မုန်းနေပြီ မဟုတ်လား...”
“မမုန်းဘူး ကိုကို... ကိုကိုက နွေ့ဘ၀မှာ တချိန်လုံး ရှိနေခဲ့တာ။ ကိုကို့ကျေးဇူးတွေလည်း နွေ့အပေါ်မှာ အများကြီး။ အခုဟာက... အခုဟာက... နွေလည်း မပြောတတ်ဘူး...”
“မမုန်းရင်လည်း အရင်လို စကားလေးဘာလေး ပြောပါဦး...။ ညည်းက တိတ်နေတော့ မနေတတ်ဘူးကွ။”
ကိုကိုက ခါတိုင်းလို သူမပါးတွေကို လိမ်ဆွဲရင်းပြောတော့ မော့ကြည့်တဲ့ သူမမျက်လုံးက မျက်ရည်တွေ လိမ့်ဆင်းသွားသည်။ ငယ်ငယ်တုန်းကလို ကိုကိုအဲဒီအပြုအမူလုပ်တိုင်း ခံစားရတဲ့ ဖြူဖြူစင်စင် ပျော်ရွှင်မှုတွေ မရှိတော့။ ကိုကို့ကို ကြည့်တဲ့ သူမမျက်လုံးတွေလည်း အရင်လို မပြစ်မကင်းတော့ဘူး ထင်ပါရဲ့။ အရာရာဟာ ပြောင်းလဲခဲ့ပြီ... နောက် ကိုကို့မျက်လုံးတွေလည်း... ။ ကိုကိုက လက်ကို ပြန်မချဘဲ သူမကို ငေးသလို ကြည့်နေသည်။
“နွေ... ပါးလေးတွေ အရင်လို မဖောင်းတော့ဘူးနော်” သူမမျက်နှာလေး သွယ်လျလျဖြစ်သွားခဲ့တာ နှစ်တချို့ ကြာခဲ့ပြီ။ ကိုကို ခုမှပဲ သတိထားမိလေသလား...
သူမ ဘာမှပြန်မပြောမိ။ ကိုကို့မျက်လုံးထဲမှာ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ အရောင်တခု ဖျတ်ကနဲမြင်လိုက်ရတဲ့ အချိန်မှာပဲ... ကိုကို ရုတ်တရက် ဘာမှ မပြောဘဲ ချာကနဲ လှည့်ထွက်သွားတော့သည်။
အဲဒီအချိန် ကြားလိုက်ရတဲ့ လမ်းထိပ်က ကလေးတချို့ရဲ့ ရေပက်ရင်း အော်ဟစ်ရယ်မောလိုက်သံနဲ့ ရင်ဘတ်ထဲက နှလုံးခုံသံတွေက သူမနားထဲမှာ ရောထွေးဆူညံရင်း ကျန်ခဲ့တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်္ကြန်အကျနေ့...
ကိုကို အကြောင်းမရှိဘဲ ဖုန်းဆက်သည်... “နွေလား” လို့မေးပြီး ဘာမှ မပြောဘဲ “ဒါပဲနော်” ဆိုပြီး ဖုန်းချသွားပြန်သည်။
“ညည်းကိုကိုတော့ ဒီနှစ်ခြေငြိမ်နေပါလား သမီးရေ...” ဆိုတဲ့ မေမေ့စကားသံကို သူမ အပြုံးယဲ့ယဲ့နဲ့ တုန့်ပြန်လိုက်မိသည်။ ခုတလော ကိုကို့ အကြောင်းတွေးမိတိုင်း ရင်ထဲမှာ ကတုန်ကယင်နဲ့... ရင်ခုန်တယ်ဆိုတာ ဒါများလား...
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်္ကြန်အကြတ်နေ့...
ဘာရယ်ကြောင့်မသိ မနက်ကတည်းက ဖုန်းခုံလေးနားမှာ ထိုင်နေမိသည်။ ဖုန်းမြည်လာတိုင်း ကောက်ကိုင်ရတာလည်း အမော။ နေ့လည် ၁နာရီလောက်မှာတော့...
“ဖက်တီးလေးလား...”
ကိုကို့အသံကြားတော့ သူမလက်တွေ တုန်လာသည်။
“ဟုတ်...”
ဟိုဘက်အိမ် ဒီဘက်အိမ် ကူးရင် ၁မိနစ်တောင် မကြာပါဘဲနဲ့ ဖုန်းတွေ ဆက်နေကြတာ အဓိပ္ပါယ် မရှိလိုက်တာလို့ တွေးရင်း အတတ်နိုင်ဆုံး အရင်လို ပေါ့ပေါ့ပါးပါး ဖြစ်ချင်စိတ်နဲ့...
“ကိုကို ဒီနှစ်ဘယ်မှ မသွားဘူးလား...” လို့ မေးမိတော့... ကိုကို ခပ်တိုးတိုးပြောသည်...
“နွေ့ကို ချစ်တယ်...”
သူမဆွံ့အသွားစဉ်မှာပဲ ကိုကို ဖုန်းချသွားသည်...
ဖုန်းခွက်ကိုကိုင်ရင်း ငိုင်နေမိတာ ဘယ်လောက်ကြာသွားသည်မသိ။ သတိထားမိတော့ လူက မူးရိပ်ရိပ်နဲ့။ အိပ်ယာထဲသွားလှဲရင်း သက်ပြင်းချမိတော့ မျက်ရည်တွေကပါ တစိမ့်စိမ့်ကျလာတော့သည်။ အတွေးတွေနဲ့ မူးဝေရင်း မှေးခနဲအိပ်ပျော်သွားချိန်...
“နွေရေ ညည်းကိုကိုဆီက ဖုန်း...”
သူမ တုန်လှုပ်စွာ ဖုန်းခုံဆီကို လျှောက်လာသည်။
“နွေ... ကိုယ့်ကို စိတ်မဆိုး...”
“ကိုကို ပိတောက်ပင်ဆီလာခဲ့ပါနော်...”
ပြောပြီးပြီးချင်း ဖုန်းကိုချပြီး ပိတောက်ပင်ဆီ ပြေးခဲ့သည်။ ကိုကိုလည်း သူ့အိမ်ဘက်ကနေ ခပ်သွက်သွက်လျှောက်လာသည်။ ကိုကို့ကို မြင်တော့ မျက်ရည်က ကျချင်လာပြန်သည်။
“နွေ... ကိုကို့ကို မုန်းသွားပြီ မဟုတ်လား...” ကိုကို အမောတကောမေးသည်။ သူမ ခေါင်းကို ခါပြရင်း...
“ကိုကို မှတ်မိလား... ဒီပိတောက်ပင်ကြီး ပွင့်မှ ကိုကိုချစ်တတ်မယ် ဆိုတာလေ...”
“နွေ.. မဟုတ်ဘူး နွေ...”
အမြဲတမ်း ရဲရင့်ခဲ့တဲ့ကိုကို... အခုတော့ ပြောမယ့်စကားတွေ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည်...
“နောက်ဆုံးတော့ မိနွေကိုလည်း ကိုကို တခြားသူတွေလိုပဲ သဘောထားတယ်နော်... နွေများ ပြန်ချစ်မိရင် တခြားလူတွေလိုပဲ ထားခဲ့ဦးမှာ... နွေသိတယ်... သိတယ်...” သူမ မောလျနာကျင်စွာ ပြောနေမိသည်။ “မိုးဇွန်လေ... သူ အရမ်းခံစားနေခဲ့ရတာ... ကိုကို သူ့ကိုလည်း တကယ်ချစ်တယ် ပြောခဲ့တာပဲ... သူလေ... အဲဒီတုန်းက ကိုကိုကလွဲလို့ ဘာကိုမှ အာရုံမထားနိုင်ခဲ့ဘူး... အချိန်တိုင်းငိုနေတယ်... သူ့လိုဖြစ်မှာ နွေကြောက်တယ်... မိုးဇွန်က ကိုကိုနဲ့ ၂လလေးပဲ ချစ်သူဖြစ်ခဲ့တာ။ နွေက တသက်လုံး ကိုကို့ကို သိခဲ့တာ... ထားခဲ့တဲ့အချိန်ကျရင် နွေ့မှာ အမှတ်ရစရာတွေ အများကြီး... နွေကြောက်လို့ပါ ကိုကိုရယ်...”
မျက်ရည်တွေတွေကျရင်း ပြောနေမိရင်း သူမကို မျက်နှာငယ်လေးနဲ့ ငေးနေတဲ့ ကိုကို့မျက်နှာကိုတွေ့တော့ သူမသနားသွားပြန်သည်... အို တခြားကောင်မလေးတွေကိုလည်း ဒီလို အပြုအမူမျိုး လုပ်ပြခဲ့မှာပဲ။ နောက် မိုးဇွန်ရဲ့ ဆို့နင့်နင့် စကားသံတွေကိုလည်း နားထဲမှာ ကြားယောင်လာပြန်သည်...
“သူငါ့ကို မဖြတ်ခင် ရက်ပိုင်းလေးတုန်းကပြောတာ... သူ့အချစ်ဦးနဲ့ ပြန်တွေ့တယ်တဲ့... အဲဒီအစ်မကြီးက အရင်က အိမ်ထောင်ရှိသလိုလိုနဲ့ အခုမဟုတ်ဘူးတဲ့။ လွတ်လွတ်လပ်လပ်ပဲတဲ့။ သူ့အချစ်ဦးကိုပဲ သူတကယ်ချစ်တာနေမှာ... သူငါ့ကို ခဏစိတ်ပျော်ရွှင်မှုအတွက် အသုံးချခဲ့တာ... တခြားရည်းစားတွေလိုပဲ ထားခဲ့မှာကို ငါ့သိခဲ့သင့်တယ်...ငါ့ကိုတော့ ဒီလိုမလုပ်လောက်ဘူးလို့... ငါ့ကိုယ်ငါ အထင်ကြီးခဲ့မိတယ်... ငါမိုက်တာ... ငါမိုက်တာပါ နွေရယ်”
ကိုကို့ကို သူမ ချစ်သည်။ ဒါပေမယ့် အဲဒီအချစ်မှာ ယုံကြည်မှုတို့တော့ ပါဝင်မနေခဲ့တော့ပါ...
“မယုံဘူး...ကိုကို့ကို မယုံဘူး... မမကြွေနဲ့ ပြန်တွေ့တယ်ဆို...”
ကိုကို သူမကို ရီဝေစွာ ကြည့်ရင်း... “ကိုယ်သိပါပြီကွာ... နွေပြောခဲ့သလို ကိုယ်ဝဋ်တွေ လည်တော့မှာပါ။ ဒါပေမယ့် ကိုယ် အခွင့်အရေးလေးတစ်ခုတော့ တောင်းဆိုပါရစေ... ဒီပိတောက်ပင် မနက်ဖြန် အတက်နေ့အထိ မပွင့်ရင်တော့ ကိုယ့်စကားတွေ ပြန်ရုပ်သိမ်းပေးပါ့မယ်... ပွင့်ခဲ့ရင် ကိုယ်တကယ်ချစ်တာကို နွေယုံပေးမလားဟင်...”
“ကိုကိုရယ်... တသက်လုံးမပွင့်ခဲ့တဲ့ ပိတောက်ကို တစ်ညလောက် စောင့်ကြည့်ဖို့တောင် လိုသေးလို့လား...”
“ဒီတစ်ညထဲပါနွေရယ်... ကိုယ် ဒီတညလောက်တော့ မျှော်လင့်ချက်လေးနဲ့ နေချင်သေးလို့ပါ...။ ပြီးရင် နွေ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း အကုန်လက်ခံပါ့မယ်...”
“ပိတောက် မပွင့်ခဲ့ရင် နွေ့ကို အရင်က ကိုကိုသိခဲ့တဲ့ ဖက်တီးလေးလို ပြန်ဆက်ဆံမယ်လို့ ကိုကိုကတိပေးမလား...”
ကိုကိုက ခေါင်းကိုညိတ်ရင်း...
“ကိုယ်... ကြိုးစားပေးပါ့မယ်...”
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီတည မျှော်လင့်ချက်နဲ့ နေချင်တယ်ဆိုတဲ့ ကိုကိုတစ်ယောက်တော့ ပိတောက်ပင်ကို မေ့လို့ အိပ်မောများတောင် ကျနေခဲ့ပြီလား။ သူမကတော့ အမှောင်ထဲက ပိတောက်ပင်ကို မမှိတ်မသုန် စိုက်ကြည့်နေမိဆဲ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်္ကြန်အတက်နေ့...
စိမ့်ကနဲတိုက်လိုက်တဲ့ လေအေးကြောင့် ဖျတ်ကနဲ နိုးလာလာချင်း ပြတင်းပေါက်နားမှာ ထိုင်ရက်ကလေး မှေးကနဲ အိပ်ပျော်သွားတာကို သတိရမိသည်။ နောက် ပိတောက်ပင်... သတိရရချင်း မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့...
“ဟင်... ပိတောက်... ပိတောက်တွေ ပွင့်နေပြီ...”
တုန်တုန်ရင်ရင် ရေရွတ်ရင်း... သေချာအောင် အထပ်ထပ်ကြည့်မိတော့... အို တပင်လုံးမှာ ပွင့်နေလိုက်တဲ့ ပိတောက်တွေ...
“အံ့သြဖို့ကောင်းလိုက်တာ မမျိုးရေ။ ဒီအပင်မှာ ပိတောက်ပွင့် မြင်ဖူးပြီတော့...”
အိမ်အောက်ထပ်က မေမေ့အသံကလည်း သူမအသိကို ထပ်ပြီး အတည်ပြုပေးလိုက်သည်။ သူမ ဝရုန်းသုံးကားနဲ့ ပိတောက်ပင်ဆီကို ပြေးသွားလိုက်မိသည်...
ထိန်ထိန်ဝါနေတဲ့ ပိတောက်တွေကို ငေးကြည့်ရင်း သူမနှလုံးခုန်သံတွေ မြန်လို့လာသည်... အာရုံထဲမှာ ကိုကိုရယ်... သူမရယ်... ပိတောက်ရယ်... နောက်... မမကြွေရယ်...။ သူမ ပိတောက်ပင်ကြီးဆီမော့ရင်း ရင်ထဲမှာ အကျယ်ကြီးအော်လိုက်သည်...
“ဘယ်သူ့အတွက် ပွင့်ပေးခဲ့တာလည်း ပိတောက်ပင်ကြီးရယ်...............”
မျက်လုံးအစုံကို စေ့ပိတ်မိတော့ မျက်ရည်စီးကြောင်း နှစ်ခု ပါးပြင်ပေါ် စီးကျလာသည်။ အနောက်က ညင်သာတဲ့ ခြေသံသဲ့သဲ့လေး ကြားလိုက်ရသည်။ လှည့်မကြည့်ပေမယ့် တသက်လုံး သိခဲ့တဲ့ ကိုယ်သင်းရနံ့လေးကြောင့် ကိုကိုမှန်း ချက်ချင်း သိလိုက်သည်။ ကိုကိုက တိတ်ဆိတ်စွာ ရပ်နေသည်... ။
သူမ ဘာလုပ်ရမှာလည်း... ဘာလုပ်ရမှာတဲ့လည်း... ကမ်းလင့်နေတဲ့ ချစ်သူဆီ အလိုက်သင့် လှမ်းရင်း ဖြစ်လာနိုင်တဲ့ နာကျင်မှုတွေအတွက် ပြင်ဆင်ရမလား... ရင်ထဲမှာ အခိုင်အမာ အမြစ်တွယ်ပြီးသား သံသယတွေကို ပွေ့ပိုက်ရင်းပဲ ဟန်မပျက်လေး လှည့်ထွက်ခဲ့ရမလား... မေးခွန်းတွေကိုက သူမအတွက် ဝေဝါးနေခဲ့ပြီ...
အလှကြီးလှနေတဲ့ ပိတောက်တွေကို သူမနာကျင်တဲ့ မျက်ဝန်းတွေနဲ့မော့ကြည့်ရင်း ရင်ထဲက မေးလိုက်မိတယ်...
“ပိတောက်ရယ်... ဒီအချိန်ကျမှ မင်းကပွင့်တော့...ကိုယ် ဘယ်လိုလုပ်ရမှာလဲ... ဘယ်လိုလုပ်ရမလဲကွယ်...”
ရွှေပြည်သူ
(ည ၁၂း၂၇ နာရီ ~ ၁၅.၀၄.၀၉)
သင်္ကြန်အတွက် ရေးချင်လို့ ကြိုးစားရေးမိတဲ့ ၀တ္ထုတိုလေးပါ။ အကြောင်းအရာ ရိုးစင်းသလို အရေးအသား မပြေပြစ်ခဲ့ရင်လည်း သည်းခံပေးကြပါ။ ပြီးတဲ့အထိ ဖတ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ ဖတ်ရှု ဝေဖန်ပေးကြပါဦးနော်း)



အစ တပိုဒ်ဖတ်လိုက်တယ် ။ ပြီးတော့ မျောပါသွားတယ် ။ ပိတောက်တွေ ပွင့်လာတယ် ။ အဆုံးသတ်လေးကပါ ဝါနေတာ ။ :)
ReplyDeleteမရွှေပြည်ရေ....... ပိတောက်ပင်ကြီး အပွင့်မပွင့်ရင် ပိုကောင်းမယ်ဗျာ။ ဒါပေမယ့် သေချာပေါက် ပိတောက်ပွင့် မယ်ဆိုတာတော့ “အဲဒီ ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းပွင့်တဲ့ အချိန်ကျရင်တော့ ကိုယ်တကယ်ချစ်တတ်လာလိမ့်မယ်။ အဲလိုသာ မှတ်ထား...” ဆိုတဲ့စာသား မြင်ကတည်းက မရွှေပြည်တော့ ဇွတ်ပေါင်းခိုင်းတော့မယ် ထင်သား....ဟီးးး စိတ်မဆိုးနဲ့နော် တကယ်တွေးမိတာဗျ။ ဖတ်လို့တော့ ကောင်းသား.... အခြား ယောင်္ကျားတွေတော့ မသိ........ ကျွန်တော့် ကိုယ်ပိုင် အတွေး အရတော့ ဒီလို စည်းကမ်းမရှိတဲ့ ယောင်္ကျားကို အရမ်း အထင်သေးတယ်ဗျ။ ပွေတာနဲ့ စည်းမစောင့်တာ မတူဘူးလေဗျာ။ အခုက ကိုယ်တကယ်တွဲမယ် ကောင်မလေးရဲ့ သူငယ်ချင်းကို စည်းမရှိ စည်းမစောင့်ပဲ အပျော်တွဲတဲ့လူတော့ ကျွန်တော်က မကြိုက်ဘူးဗျ။ ကျွန်တော်လဲ ပွေခဲ့ ရှုပ်ခဲ့တာပါပဲ။ ဒါပေမယ့် အသီးမြင်တိုင်း စားရင် သိက္ခာဆိုတဲ့ အစာအဆိပ် သင့်တတ်တယ်ဗျ။ မရွှေပြည်ရဲ့ ကိုယ်တိုင်ရေး ဝတ္ထုလေးတွေ မဖတ်ရတာတောင် အတော်ကြာပြီနော်။ အသစ်တွေ မျှော်နေမယ်။ ဒီရက်ပိုင်းရေးတဲ့ ကဗျာတွေ အတော်ကောင်းတယ်ဗျာ။ နှစ်သစ်မှာ အသစ်အသစ်တွေနဲ့ ပျော်ပါစေ။
ReplyDeleteဖတ်လို့ကောင်းလိုက်တာ.. အတွေးနဲ့ခံစားချက်လေးတွေကောင်းတယ်ဗျာ..။ ဖက်တီးမလေးတော့ ဘယ်လိုလုပ်မလဲ ယုံရမလား မယုံရဘူးလာ......။
ReplyDeleteဖတ်ပြီး ပျော်သွားတယ် .. ပျော်စရာကြီး :D
ReplyDeleteတသက်လုံးမျှော်လင့်ထားတဲ့အရာတခု မမျှော်လင့်တော့ပါဘူးလို့ စိတ်ဆုံးဖြတ်ပြီးခါမှ မမျှော်လင့်ဘဲနဲ့  အဲဒီမျှော်လင့်ချက်ကလေး အကောင်အထည်ပေါ်လာတော့ နွေဆိုတဲ့ မိန်းကလေးအတွက် ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ...ဇာတ်လမ်းလေးဖတ်နေရင်း ရင်ထဲမှာ ပူလိုက်.. အေးလိုက်.. နဲ့ ၊ ရသနှစ်မျိုး တပြိုင်တည်းပေးစွမ်းနိုင်တဲ့ မသူရေ ။အရေးအသားတွေ မိုက်တယ် ၊ကြိုက်တယ် ၊ အမြဲအားပေးလျှက်ပါ။နှစ်သစ်နဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ ပါစေ။
ReplyDeleteတကယ့်ဇာတ်လမ်းလေးနော်...
ReplyDeletewow!
ReplyDeletereally good post. I like it.
If I am Mi Nwe, I will forgive Ko Ko and accept him.:P
coz Ko Ko will know true love.
plz write more. u r gd author.
with loves,
Myatnoe
တခါမှ မပွင့်တဲ့ပိတောက်ပင်ကြီးက ထပွင့်တယ်ဆိုတော့ ဖက်တီးလေးကို ကိုကို တကယ်ချစ်သွားတာလည်း ဖြစ်နိုင်ပါတယ် ။
ReplyDeleteဖက်တီးလေးက မျှော်လင့်နေတုန်းမှာ ရောက်မလာဘဲ မမျှော်လင့်တဲ့အချိန်မှ ရောက်လာလို့ သံသယတွေနဲ့ ဒွိဟဖြစ်နေတယ်လို့ ခံစားမိတယ် ။
မမကြွေကိုတော့ ပြန်ဆက်သွယ်မယ်လို့ မတွေးမိဘူး..
သံဃောစဉ်နဲ့ တွက်ရင် ဖက်တီးလေးက သာလို့ပဲလေ..။
ယောက်ျားတွေက မိန်းမရဲ့အချစ်ဦးဖြစ်ချင်ပြီး မိန်းမတွေကတော့ ယောက်ျားတွေရဲ့ နောက်ဆုံးအချစ်ပဲဖြစ်ချင်တယ် လို့ကြားဖူးပါတယ်။ အဲလိုဆိုရင်တော့ နှစ်ယောက်လုံးအတွက် အဆင်ပြေပါတယ် ။
လာဖတ်တယ်နော်--
ReplyDeleteသင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--
မမနွေကတော့ လွမ်းနေပြီထင်ပါ့။ :)
ReplyDeleteပိတောက်ရယ်... ဒီအချိန်ကျမှ မင်းကပွင့်တော့...ဒီလိုပဲလုပ်လိုက်ပေါ့ကွယ်...ဟဲဟဲ !
ReplyDeleteပိတောက်ပွင့်ချိန်ကို
ReplyDeleteတကယ်တော့ အစောကြီးကတည်းက ဖတ်ပြီးတယ်။
တခုခုရေးချိန်မရသေးလို့ အခုမှပဲ ရေးရတော့မယ်။
တကယ်တော့ ဇာတ်လမ်းအဆုံးကို ခန့်မှန်းပြီးသားပါ၊
ဒါပေမယ့် အရေးအသားက စွဲဆောင်တယ်။
ပိတောက်မပွင့်သေးပေမယ့် တကယ်လှပါတယ်။
ပိတောက်လဲပွင့်ရော၊ ဖက်တီးလေးအတွက် ဖြစ်ရောပေါ့။
သင်္ကြန်နဲ့ပိတောက်ကို အချိန်ပေးတာ သိပ်မိပါတယ်။
ပိတောက်ကလည်း ဒီအချိန်မှပွင့်တယ်တဲ့... ကံကြမ္မာကို လောင်းကြေးထပ်လိုက်တာက ပိတောက်ပွင့်ချိန်နဲ့.....
ReplyDeleteရေးထားတာလေး သိပ်ကောင်းတာပဲမမရယ်.......
ဖက်တီးက ဘယ်လိုဆုံးဖြတ်မလဲမသိဘူးနော်...
ယုံကြည်ခြင်းမရှိတော့တဲ့ အချစ်က တစ်ကယ်ရော သာယာနိုင်ပါ့မလား.....
လျှောက်စဉ်းစားနေမိတယ်..... :D
ကျွန်တော့်ရှေ့မှာ မှန်တစ်ချပ် လာထောင်လိုက်သလိုပဲ..။ ကျွန်တော့် Comment ကို Heart ကြီး ပြန်ဖတ်မိရင်တော့ ကျွန်တော့်ကို ဆဲမှာသေချာတယ်...။ :P
ReplyDeleteဟီ..ဟိ....မရွှေပြည်ရေ..... မငိုချင်ပါနဲ့ဗျာ....
ReplyDeleteမရွှေပြည်ရဲ့ အရေးက ကောင်းနေတာပဲဥစ္စာ
ဝတ္ထုဇာတ်လမ်းကလဲ ကောင်းပါတယ်။ အဓိကဇာတ်ကောင် စရိုက်ကို မကြိုက်ပေမယ့် ဒါတွေက အပြင်မှာ တကယ်ဖြစ်တတ်တဲ့၊ ဖြစ်နေတဲ့ အဖြစ်တွေ ရှိနေခဲ့၊ ရှိနေတာပဲလေ......
Black ရေ..... ခွေးလွှတ်နော်......
နာနင့်ကို မပြောဘူး.....ဟီးးးးးး ဟီးးးးးးးး
သူနဲ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင်....ဟေးးးးဟေးးးး
အစ်မရေ..
ReplyDeleteကျနော်က အခုမှ အစ်မဘလော့ရဲ့ စာဖတ်ပရိတ်သတ်တစ်ဦးပါ..။ ကျနော့် မေးလ်ထဲကို fwd mail နဲ့ ၀င်လာတဲ့ ဘုရားသခင်ပေးသနားတော်မူသော ဆိုတဲ့ post လေးကို စဖတ်မိရာကနေ ဒီဘလော့လေးနဲ့ စထိတွေ့မိတာပါ...။ ဒီပိတောက်ပွင့်ချိန် ဆိုတဲ့ post လေးကို ဖတ်မိမိချင်း တော်တော်လေး စိတ်ဝင်စားသွားတာနဲ့ ဆက်ဖတ်လိုက်တာ ပြီးသွားတာတောင်မသိလိုက်ဘူး...။ ဖတ်လို့မ၀သေးလို့...။ ကျနော့် စိတ်ထင် ၀တ္ထုတိုဆိုပေမယ့် ရေးထားတာလေးက တော်တော်လေး အကွက်စေ့တယ်... ဟာကွက်မရှိသလိုပဲ...။ ကျနော်သိချင်တာက ကိုကို က ဘာဖြစ်လို့ ရည်းစားများသွားရတာလဲ..။ သူ့အချစ်ဦးကို စိတ်နာသွားလို့လား...။ ဒါမှမဟုတ် အရွယ်ရောက်သွားတဲ့ လူငယ်အများစုရဲ့ အကျင့် (လူငယ်တိုင်းကိုမဆိုလိုပါ) ကို ဇောင်းပေးထားတာ လားဆိုတာလေးပါ..။ နောက်တခုက တသက်လုံး မပွင့်တဲ့ ပိတောက်က တညတည်းနဲ့ တပင်လုံး ဝေေ၀ဆာဆာပွင့်သွားတယ်ဆိုတာ နဲနဲလွန်သလိုပဲ..။ ဟီးးး..။ အဲ့ဒါ သူ့ရဲ့တခုခုကြိုးစားမှုလား ဒါမှမဟုတ် တကယ့် သဘာဝပဲလား... သဘာဝတော့ မဟုတ်တန်ပါဘူး..။ ဒါအစ်မရဲ့ လက်ချက်ပဲဖြစ်ရမယ်...။ ဟီးးး... ဘယ်လိုပဲဖြစ်ဖြစ် အရမ်းဖတ်လို့ကောင်းတယ်...။ ကျနော်ဒီလိုဇာတ်လမ်းလေးတွေ အရမ်းကြိုက်တယ်..။ အနီးက တကယ်ချစ်ရမဲ့သူကို လျစ်လျှူရှုပြီး နောက်ဆုံးကျမှ အနီးကလူကို သွားတွေ့တာလေးတွေ သဘောကျတယ်...။ နောက်လည်း အသစ်လေးတွေရေးပေးပါဦး...။ ဆက်လက်အားပေးနေပါဦးမည်...။
ဇွဲ
ps:ဉာဏ်ရှိသလောက် ဝေဖန်မိတာ စိတ်မဆိုးပါနဲ့နော....
အမရေ
ReplyDeleteဖတ်ရတာ တငြိမ့်ငြိမ့်နဲ့ loved it
အရမ်းကောင်းတယ်ဗျ
expected but very beautiful ending!
ပေးလိုက်ရတဲ့ အချိန်နဲ့ ထိုက်တန်လောက်အောင် အစ်မရဲ့ အရေးအသားတွေက ဆွဲဆောင်နိုင်ပါတယ် ... ဇာတ်လမ်းအဆုံးကို ရောက်သွားပေမယ့် မပြီးစေချင်သေးဘူး ဆက်ဖတ်ချင်နေသေးတယ်... အကြောင်းအရာတစ်ခုကိုလည်း အရမ်း သိချင်နေသေးတယ် .. နွေ့ကို သူတကယ် ချစ်သွားခဲ့တာလား .... ဝတ္ထုတိုလေးဆိုပေမယ့် တကယ့် အဖြစ်အပျက်များလားလို့တောင် ထင်နေမိပါရဲ့ ....
ReplyDeleteဖတ်နေရင်းနဲ့တောင် စိတ်လှုပ်ရှားရတယ်..
ReplyDeleteဒီပို့စ်လေးကို ခုမှဖတ်မိတာ။ အစကနေ အဆုံးထိပဲ ဆွဲခေါ်သွားတာ ကောင်းလိုက်တာ။ အဆုံးသတ်လေးကိုလည်း ကြိုက်တယ်။ လင်ခ့်လေးပြန်ရှယ်ပေးတာ ကျေးဇူးပဲ ညီမရေ။ မဇွန်လို မဖတ်ရသေးတဲ့သူတွေ ဖတ်ဖြစ်သွားတာပေါ့။ မဇွန်တော့ သင်္ကြန်နဲ့ပတ်သတ်ပြီး တစ်ပုဒ်တောင် မရေးဖြစ်လိုက်ဘူး။ :D
ReplyDeleteLike this post so much! Thank for happy ending ma ma
ReplyDeleteWith love
Naunt
I'm glad you enjoy this one, Naunt Lay :o) Thank you for reading too, Sis!
DeleteWith Love
ShwePyiThu
ဧပြီလ Blog Digest Link လေးပါ ညီမရေ...။
ReplyDeletehttp://www.myathwayni.com/?p=4602
ဟုတ်ကဲ့...ကျေးဇူးအများကြီး တင်ပါတယ် အစ်မ မြသွေးနီ...
Deleteအရင်က ကျွန်တော်ဒီဘလော့ဂ်ကိုမရောက်ဖူးပါဘူး။ ဖူးငုံမှာ ဘလော့ဂ်ဒိုင်ဂျက်ဝတ္ထုတိုအဖြစ်ဖတ်ရပြီး စွဲလန်းစိတ်နဲ့ ရောက်လာခဲ့ပါတယ်။ ဒီဝတ္ထုလေးကို စဖတ်ကတည်းက စိတ်ဝင်တစားဖတ်ဖြစ်ခဲ့တာက စာရေးသူရဲ့ အေ၇းအသားကျွမ်းကျင်မှုကြောင့်ပါ။ ဖတ်နေရတာ ရုပ်ရှင်ဇာတ်ကားတစ်ကားလိုပဲ။ ရုပ်ရှင်ရိုက်မယ်ဆိုရင်လည်း သင်္ကြန်အချစ်ဇာတ်ကားကောင်းတစ်ကားဖြစ်လာမှာအသေအချာပါ ။
ReplyDeleteတစ်ခုပဲ ............ ခေါင်းစဉ်လေးက ဒီထက်ပိုလှမယ်ဆို ခုထက်ပိုပြီး အနုပညာမြောက်သွားမလားပဲ။ တကယ် ပြောစရာ ဘာမှ မရှိအောင်ကောင်းတဲ့ ၀တ္ထုပါပဲ ဆရာမခင်ဗျား။ ကျွန်တော့်ဆိုက်ဒ်မှာ ဆရာမလင့်ခ်ချိတ်ခွင့်ပြုပါခင်ဗျား။
ကိုဝေမိုးနိုင် ရေ... ဇာတ်လမ်းလေးကို သေချာခံစားဖတ်ပေးပြီး ခေါင်းစဉ်အတွက်လည်း ဝေဖန်ပေးသွားတာ အရမ်းကျေးဇူးတင်မိပါတယ်။ အားဖြစ်စေတဲ့ ကောမန့်အတွက်လည်း ထပ်ပြီး ကျေးဇူးတင်ပါတယ်...
Delete