မိန်းမသားနဲ့အရက်
ဒီခေါင်းစဉ်ကို ဖတ်ပြီးပြီးချင်း ဘယ်လိုခံစားရသလဲလို့ ဖတ်မိသူတွေကို အရင်ဆုံး မေးကြည့်ချင်ပါတယ်။ ကျွန်မနဲ့ ခံစားချက်များ တူမလားလို့ပါ။ ကျွန်မကတော့ ဒီခေါင်းစဉ်ခေါင်းထဲ ရောက်လာကတည်းက လိုက်လျောညီထွေမှု မရှိလွန်းတဲ့ စကားလုံးနှစ်ခုလို့ ချက်ချင်းခံစားလိုက်ရပါတယ်။ ဒါပေမယ့် ခုခေတ် ခုအခါမှာတော့ အဲဒီလိုက်လျောညီထွေ မရှိလှတဲ့ အရာနှစ်ခု ဒွန်တွဲနေတာကို မကြာခဏကို တွေ့နေကြရပါပြီ။
ဒီညနေပဲ ကျွန်မရဲ့မောင်ငယ်လေး တစ်ယောက် ပို့လာတဲ့ Link ကနေ Video တစ်ခုကို ကြည့်လိုက်ရပါတယ်။ ညီမငယ်လေးတစ်ယောက် အရက်မူးနေတာကို သူ့ရဲ့ရည်းစား ဖြစ်ဟန်တူတဲ့ကောင်လေးနဲ့ သူငယ်ချင်းတွေက ဝိုင်းထိန်းပေးရင်း ဝိုင်းစနေကြတဲ့ Video ပါ။ (Video Link ကိုတော့ ညီမငယ်လေးရဲ့ သိက္ခာကို လေးစားတဲ့အနေနဲ့ ကျွန်မလုံးဝ ဖော်ပြမှာ မဟုတ်ပါဘူး) Video ကို ကြည့်ပြီး ကျွန်မမှာလည်း ညီမငယ်လေးရှိတော့ ကိုယ်ချင်းစာပြီး ရင်ဆို့သွားပါတယ်။ Video ထဲမှာ ဘေးက မောင်ငယ်လေးတွေက မူးနေတဲ့ ညီမငယ်လေးကို စနောက်တာကလွဲလို့ တခြားဘာရိုင်းစိုင်းတဲ့ အပြုအမူမှ မပြုလုပ်ကြပေမယ့် ယောက်ျားလေးတွေ အလယ်မှာ အသိစိတ်လွတ်ပြီး မူးနေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ရတာ ကျွန်မရင်ထဲမှာ ဘယ်လိုမှ မကောင်းပါဘူး။ နောက် နေရာဒေသ ပတ်ဝန်းကျင်ကို ကြည့်ရတာလည်း နိုင်ငံခြားတိုင်းပြည်တစ်ခုမှာတောင် မဟုတ်ဘဲ မြန်မာနိုင်ငံထဲမှာ ဖြစ်နေတာကြောင့် ကျွန်မပိုစိတ်မကောင်း ဖြစ်သွားပါတယ်။ နိုင်ငံခြားတိုင်းပြည်မှာ အနေကြာလို့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် အသောက်အစားဖက်တတ်လာတာမျိုးတောင် မဟုတ်ဘဲ “သူရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” လို့ ကျောင်းမှာ သံပြိုင်ဆိုရင်း ကြီးပြင်းလာကြတဲ့ ပြည်တွင်းက ကလေးတွေတောင် ဒီလိုဖြစ်နေကြပြီလား။ ပြည်ပက လူငယ် (အထူးသဖြင့် ညီမငယ်လေး) တွေရော ဘယ်လိုများ နေကြမလဲလို့ တွေးမိရာက ဒီပို့စ်လေး ရေးဖြစ်သွားပါတယ်။ ဒီပို့စ်မှာတော့ ညီမငယ်လေးတွေအတွက် ကျွန်မရဲ့အမြင်ကို အဓိကထားပြီး ရေးသွားမှာပါ။ (မောင်ငယ်လေးတွေကတော့ ပြောမရလို့ လက်လျော့လိုက်ပါပြီ... နောက်တာနော်း)))
ကျွန်မအမေတို့ခေတ်က အရက်သောက်တဲ့ မိန်းကလေးကို Alien တစ်ယောက်လို အားလုံးက အထူးတဆန်း ဖြစ်ခဲ့ကြပေမယ့်... ဒီနေ့ဒီအချိန်မှာတော့ ကျွန်မပတ်ဝန်းကျင်မှာတောင် အရက်မသောက်တဲ့ မိန်းကလေး သိပ်ကိုရှားနေခဲ့ပါပြီ။ အမြဲတမ်းလို မသောက်ကြရင်တောင် အပေါင်းအသင်းတွေနဲ့ ဆုံရင် သောက်တတ်ကြတာကို သတိထားမိပါတယ်။ ပထမဆုံး ကျွန်မစဉ်းစားမိတာက သူတို့ ဘာကြောင့် အရက်သောက်ကြသလဲ ဆိုတာကိုပါ။ အနောက်နိုင်ငံတွေက စစ်တမ်းတွေ အရ မိန်းကလေးတွေ အရက်သောက်တာဟာ ကိုယ့်ကိုယ် တန်ဖိုးထားယုံကြည်မှုနည်းတာ၊ သူငယ်ချင်း အပေါင်းအသင်းတွေက အတင်းအကျပ် တိုက်တွန်းတာ၊ စိတ်ဆင်းရဲမှု စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ချင်တာ၊ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအလေးချိန်ကို စိတ်တိုင်းမကျဘဲ လျော့ချချင်တာ စတဲ့ အဓိက အကြောင်းတွေကြောင့်လို့ သိရပါတယ်။ ပတ်ဝန်းကျင်မှာ ကျွန်မတွေ့မြင်ဖူးတဲ့ မြန်မာမိန်းကလေးတွေ အရက်သောက်ဖြစ်တာရဲ့ အဓိက အကြောင်းရင်းကတော့ များသောအားဖြင့် အပေါင်းအသင်းတွေက အတင်းအကျပ် တိုက်တွန်းတာ၊ ဒီလိုသောက်ခြင်းအားဖြင့် ပိုပြီးရင့်ကျက်(သယောင်ရှိ)တယ်... လူကြီးဆန်တယ်လို့ ထင်တာ၊ ပေါင်းမိတဲ့ အပေါင်းအသင်းကြားမှာ ဝင်ဆံ့ချင်တာ... တနည်းအားဖြင့် ခေတ်မီတယ်ဆိုတာကို ပြချင်တာတွေကြောင့်လို့ တွေ့ရပါတယ်။ (တခြား အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် ရာခိုင်နှုန်းနည်းတယ်လို့ ထင်မိပါတယ်)
ဒီပို့စ်ရဲ့ ပထမဆုံးမှာ ပြောခဲ့သလိုပဲ မိန်းကလေးနဲ့အရက်ဆိုတာ ဆက်စပ်ကြည့်လို့ မရတဲ့အရာနှစ်ခုပါ။ တခါတလေပါလို့ ပြောပေမယ့် ယောက်ျားလေးရဲ့ တခါတလေနဲ့ မိန်းကလေးရဲ့ တခါတလေတောင် မတူနိုင်ပါဘူး။ သိက္ခာပိုင်းအရ ဆိုရင်လည်း ယောက်ျားလေး တခါတလေက အလွန်ဆုံး “ဒီကောင်လေး အသောက်အစားဖက်တယ်” ဆိုတာလောက်နဲ့ ပြီးသွားမှာ ဖြစ်ပေမယ့် မြန်မာ့ပတ်ဝန်းကျင်မှာ (နိုင်ငံရပ်ခြား ရောက်နေသည်ဖြစ်စေ) မိန်းကလေး အရက်မူးနေတာကို မြင်ပြီးတာနဲ့ ၇ရက်မက ကဲ့ရဲ့ကြတော့မှာပါ။ သိက္ခာတွေ ထိခိုက်ရတော့မှာပါ။ ဒီနေရာမှာ ကိုယ့်သိက္ခာဆိုတာထက် ကိုယ့်မိဘသိက္ခာကိုလည်း ထည့်စဉ်းစားရမှာပါ။ အရက်မူးပြီး ပါးစပ်ထဲ တွေ့ကရာလျှောက်ပြောနေမိတဲ့ အနေအထားကြီးဟာ အိနြေ္ဒသိက္ခာ ထိန်းသိမ်းရမယ့် မြန်မာမိန်းကလေးတစ်ယောက်အတွက် ဘယ်လောက်များ ဆိုးရွားတဲ့ ရုပ်ပျက်တဲ့ အနေအထားလဲနော်။ အဆိုးရွားဆုံး အချက်ကတော့ နဂိုကမှ အားနွဲ့သူဖြစ်တဲ့ မိန်းကလေးဟာ အရက်မူးလို့ အသိစိတ်ပုံမှန်အတိုင်း မရှိချိန်မှာ အန္ထရာယ်ပေါင်းများစွာကို တံခါးမရှိ ဓားမရှိ လမ်းဖွင့်ပေးပြီး ကြိုဆိုနေသလိုပါပဲ။ ဘယ်လောက်ပဲ ယုံကြည်စိတ်ချရတဲ့ သူတွေနဲ့မှ သောက်ပါတယ်ဆိုဆို အသွားမတော် တလှမ်းဆိုတဲ့ မိန်းကလေးတို့ ဘဝမှာ အရက်သောက်မိတာကြောင့် မတော်တဆများ နောက်ဆက်တွဲ နစ်နာစရာတွေ ဖြစ်ခဲ့ရင် နှမြောဖို့ကောင်းလှပါတယ်။ အရက်ကြောင့် ဘဝပျက်တယ်ဆိုတာ အရက်ကို မရပ်မနားသောက်နေတဲ့သူတွေမှာသာ ဖြစ်လေ့ဖြစ်ထ ရှိတာ မဟုတ်ပါဘူး။ တခါတလေ သောက်မိတာကြောင့် ဘဝပျက်ခဲ့ရသူတွေလည်း ဒုနဲ့ဒေးပဲ မဟုတ်လားနော်။
သူငယ်ချင်းတွေ အတင်းတိုက်လို့ပါဆိုရင်လည်း ညီမငယ်လေးတွေအတွက် ရှောင်နိုင်တဲ့နည်းလမ်းတွေရှိပါသေးတယ်။ ကိုယ်က မသောက်ဘူးဆိုတာကို အခိုင်အမာပြောနိုင်ရင်၊ တသမတ်ထဲ ငြင်းဆန်နိုင်ရင် သူတို့နောက်ဆုံး လက်လျော့သွားပါလိမ့်မယ်။ ကိုယ်ထုတ်ထားတဲ့ စည်းကမ်းကို ကိုယ်က လေးစားပြရင် သူများတွေကပါ လိုက်လေးစားလာကြတာမျိုးနဲ့ အလားသဏ္ဍာန် တူပါလိမ့်မယ်။ ကိုယ်ရှောင်နေရက်နဲ့ အကြိမ်ပေါင်းများစွာ တိုက်တွန်းလာတဲ့ သူငယ်ချင်းဆိုရင်တော့ ရှေ့ဆက်လက်တွဲဖို့ စဉ်းစားရတော့မှာပါ။ “ဘီယာလေးပါပဲ” ဆိုရင်လည်း ရှောင်ရမှာပါပဲ။ အယ်လ်ကိုဟောလ် ပုံမှန် ၄%ကနေ ၆% အထိပါတတ်ပြီး အများဆုံး ၂၀%ထိတောင် ပါနိုင်တဲ့ ဘီယာကို “အရက်တော့မဟုတ်ပါ... တငွေ့ငွေ့လေးနဲ့ အတော်လာတာ” ဆိုတဲ့ ကြော်ငြာဟာ ကျွန်မ စိတ်အပျက်ဆုံး ကြော်ငြာတွေထဲက တစ်ခုပါ။ မူးယစ်စေပါတယ် ဆိုကတည်းက ဘယ်မှာကောင်းပါတော့မလဲနော်...
သင်္ကြန်ပွဲတော်ကြီးလည်း နီးသထက်နီးလာခဲ့ပါပြီ။ ဒါပေမယ့် နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကို မပါအောင်ဆေးတဲ့ ပွဲတော်ကို သောက်စားမူးယစ်မှုတွေနဲ့ ကျော်ဖြတ်နေကြတာတွေ များများလာလို့ အစဉ်အလာလို ဖြစ်လာမှာတောင် စိုးရိမ်နေရပါပြီ။ နေရောင်ခြည်တောက်တောက်အောင်မှာ ရေတွေနဲ့ ကစားရင်း မြူးထူးပျော်ရွှင်ရမယ့် ပွဲတော်ကို မူးယစ်ရီဝေရင်း ဖြတ်ကျော်ရမှာ နှမြောဖို့ ကောင်းလှပါတယ်။ ဒါကြောင့် သင်္ကြန်တွင်းမှာလည်း ကုသိုလ်ကောင်းမှု မလုပ်ဖြစ်ခဲ့ကြရင်တောင် အရက်ကိုတော့ ရှောင်ကျဉ်ကြည့်ကြဖို့ ဒီစာလေးနဲ့ တိုက်တွန်းချင်ပါတယ်။ ဒီပို့စ်လေးကို ညီမချင်းစာနာတဲ့ စိတ်ကလေးနဲ့ပဲ ကျွန်မသိသလောက်လေးတွေနဲ့ ကြိုးစားရေးခဲ့တာပါ။ ညီမငယ်လေးတွေကို ကျွန်မညီမလေးနဲ့ တသားထဲထား ရည်ရွယ်ပြီးရေးတာကြောင့် အမှားပါရင်လည်း သိတဲ့တတ်တဲ့သူတွေက ဝိုင်းဝန်း ပြင်ဆင်ပေးကြစေချင်ပါတယ်။ ဒီစာလေးဖတ်ပြီး အကြောင်းကြောင်းကြောင့် အရက်သောက်ဖြစ်မယ့် ကျွန်မတို့ အနာဂတ်ရဲ့ကြယ် မြန်မာအမျိုးသမီးငယ်လေး တစ်ယောက်လောက် တွေဝေသွားမယ်၊ တွန့်ဆုတ်သွားမယ်၊ သူများတွေတိုက်တွန်းရင်လည်း ရအောင်ရှောင်မယ်ဆိုတဲ့ အတွေးလေးရသွားမယ် ဆိုရင်ပဲ ကျွန်မကျေနပ်ပါပြီ။
အားလုံး မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကို မူးယစ်ခြင်းတွေ ကင်းဝေးပြီး ရွှင်လန်းကြည်လင်တဲ့ ကိုယ်စိတ်တို့နဲ့ ဆင်နွှဲပျော်ရွှင်နိုင်ကြပါစေရှင်...
မှတ်ချက်။ ။ ဒီပို့စ်လေးရေးဖို့ အောက်ပါ နေရာတွေက အချက်အလက်တချို့ကို ကိုးကားပါတယ်။
http://www.casacolumbia.org/absolutenm/articlefiles/412-GIRLS%20AND%20ALCOHOL_CASA%20Fact%20Sheet.pdf
http://en.wikipedia.org/wiki/Beer


22 comments:
မြန်မာမိန်းခလေးတွေအနေနဲ့ ဟုတ်ပါတယ်..
ကျနော်အနောက်နိုင်ငံရောက်တော့
ဒီမှာရှိတဲ့အမျိုးသမီးတွေက ကျမ်းမာရေးအတွက်
ဒါမှမဟုတ်အေးတာကိုခံနိုင်ရေရှိဖို့အတွက်
သောက်ကြတာပဲ
အမြဲတမ်းမြင်နေရတော့လဲ မိန်းမအရက်သောက်တယ်ဆိုတာ အမြင်ရိုးသွားသလိုပါပဲလေ
တစ်ခုပဲရှိတယ်ပေါ့..ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်အောင်
မူးအောင်မသောက်ရင် တော့ ဘာမှမဖြစ်လောက်ဘူးထင်ပါတယ်
ဒီမှာတော့သောက်ကျတာပဲ..အမူးလွန်တယ်ဆိုတာကတော့ရှိပါတယ်
ထိန်းသောက်တဲ့သူရှိသလို မထိန်းတဲ့သူလဲရှိပါတယ်..
ဒါပေမယ့်ကျနော်တို့ဗုဒ္ဒဘာသာဝင်တွေအတွက်တော့
ငါးပါးသီလလုံခြုံအောင် မသောက်တာအကောင်းဆုံးပေါ့လေ..
မဖြစ်ခင်ကြိုတင်တားနိုင်ကြပါစေ
စိတ်ထင်တာကိုပြောသွားတာနော်မမသူရေ..
အမှားပါရင်ခွင့်လွတ်ပါ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
အင်း ရည်းစားမထားဘူးဆိုရင် ဟင် ဘာလို့မထားတာလဲ
အရက်မသောက်ဘူးဆိုရင် ဟင် ဘာလို့မသောက်တာလဲ နဲ့ မျက်လုံးပြူးပြီး အံ့သြပြကြတဲ့လူတွေကိုပဲ အံ့သြတယ်မမ
တကယ်က ဘာလို့ထားတာလဲ ဘာလို့သောက်တာလဲ မေးရမှာမလား ခေတ်ကြီးက ဇောက်ထိုးဖြစ်ကုန်ပါပြီမမရယ် မွန့်သူငယ်ချင်းတွေတော့ အားလုံးသောက်ကြတယ် မွန်တော့မသောက် ခါးလို့
မြန်မာပြည်မှာနေစဉ်ကတော့ ၂ခါတိတိသောက်ဖူးပါတယ် . ပထမအကြိမ်က ဘကလက်လေဘယ်လ် ဒုတိယက ကော့တေး ဒါကလဲ လုံးဝ ငြင်းမရလို့ သောက်လိုက်ရတာပါ။ နောက် ဒီကိုရောက်တော့ လုံးဝမသောက်ဘူးလို့ကို ဆုံးဖြတ်ခဲ့တာပါ။ ပရော်ဖက်ဆာ တွေကသောက်ခိုင်း ပေမဲ့ လုံးဝမသောက်ခဲ့ဘူး ဘွဲ့ရတော့မှ သောက်မယ်လို့ ပြောထားတော့ ဂတိအတိုင်း အဲဒီနေ့က ဂျပန်အရက်ကို သောက်ခဲ့ပါတယ် ဆရာတွေက သဘောကျပီး အမှတ်တရ ဓာတ်ပုံတောင်ရိုက်ခဲ့ပါတယ်။ ဘာလို့မသောက်တာလဲဆိုတဲ့ အမေးကို ဒီမှာတယောက်တည်းနေလို့ ကိုယ့်ကို ကိုယ်အလွန်အကျွံ မဖြစ်ဖို့ ထိန်းသိမ်းပီး နေနိုင်အောင် လုံးဝကို မသောက်တာ လို့ ပြောလိုက်တယ်။ ဘာပဲဖြစ်ဖြစ် အလွန်အကျွံမသောက်ဖို့တော့ လိုမယ်ထင်တယ် ။ မသောက်တာကတော့ အကောင်းဆုံးပေါ့။ ဒီမှာ မြန်မာပြည်ကလာတဲ့မိန်းကလေးတွေ အချိုးတွေ ပြောင်းကုန်ကြတာကိုတော့ဖြင့် အံ့သြမိပါရဲ့...။ မထင်တဲ့ပုံစံတွေက လက်ဖျားခါလောက်အောင် သောက်ပြတတ်ကြတာ တွေ.... ဘာပဲဖြစ်ဖြစ်လေ.. မိမိလုပ်ရပ်က မိမိကိုသာမက ကိုယ့်နိုင်ငံလူမျိုးတွေကိုပါ ထိခိုက်နိုင်တာမို့ ဆင်ခြင်သင့်တယ် ထင်ပါတယ်
အမရေ လုံးဝကိုထောက်ခံပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု့ဆိုတာကြီး ကိုဘယ်နားသွားထားကျလဲမသိဘူးနော်။
အားလုံးကောင်းစေချင်တဲ့အမ ဆန္ဒကို လေးစားပါတယ်ဗျာ။
မွန်တော့ မသောက်ဘူး ခါးလို့ ဆိုတော့ ခါးမှန်းဘယ်လိုသိသတုန်းဗျ။ နောက်ပြီး မခါးရင်တော့ သောက်မယ့် ပုံကြီး။ :D
ကျောင်းမှာတုန်းက ဂျူနီယာတန်းက roll 1 ကောင်မလေး ရည်းစားနဲ့ပြတ်လို့ဆိုပြီး အရက်သောက်၊ မူးရူးသောင်းကြမ်းတာ တွေ့ဖူးတယ်။ ခေတ်အလိုခေတ်အလိုက် သောက်ကြတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို ထိန်းနိုင်ဖို့ကသာ ပဓာနကျတယ်လို့ ထင်ပါတယ်။ ယောကျာ်းလေးတစ်ယောက်အနေနဲ့ ပြောရရင်တော့ ဒီလိုမူးရူးနေတဲ့မိန်းကလေးမျိုးကို ဘယ်လိုမှ အထင်ကြီးတန်ဖိုးထားနိုင်မှာမဟုတ်ဘူးဆိုတာပါပဲ။
မိမိကအရက်မသောက်ဘူးလို့ အခိုင်အမာဆုံးဖြတ်ထား ဖို့ ပဲလိုပါတယ်။ သူများဆွဲဆောင်လို့ အားနာလို့ သောက် ရတယ်ဆိုတာကိုတော့ မဖြစ်စေပါနဲ့ ။
နိုင်ငံခြားမှာတောင် အကြိုးအကြောင်းပြောပြပြီး ငြင်းရင်
သူတို့ အတင်းမတိုက်တွန်းပါဘူး။ နိုင်ငံခြားမှာလည်း မိန်းကလေးတွေ အရက်မသောက်ပဲနေနိုင်ပါတယ်။
ယောကျာင်္း၊မိန်းမ ဘယ်သူပဲဖြစ်ဖြစ် အရက်မသောက် ပဲနေ တာအကောင်းဆုံးပါပဲ။
မှန်ပါတယ် မရွှေပြည်သူရေ
အဲဒီ ၂ ခုက ဘယ်လိုမှ ဆက်စပ်လို့မရပါဘူး။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ အမျိုးသမီးတွေ အနေနဲ့ မသောက်သင့်ပါဘူး။
အမျိုးသမီး အရက်သောက်တာ ဘာမှမဆန်းပါဘူး။ ဗမာအမျိုးသမီး ဗမာတွေကြားထဲ အရက်သွားသောက်ရင်တော့ ဗမာအမြင်နဲ့ ၀ိုင်းကဲ့ရဲ့ကြမှာပဲ။ ဒါပေမယ့် ဗမာအမျိုးသမီး နိုင်ငံခြားမှာ သောက်ချင်ရင် သောက်ခွင့်ရှိပါတယ်။ ဗမာမို့ မသောက်သင့်ဘူးဆိုတာ အမြင်ကျဉ်းပါတယ်။ စွဲပြီးမူးရူးနေတာမျိုးမဖြစ်၊ အရက်က လူကိုနိုင်တာမျိုးမဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ အနောက်နိုင်ငံမှာတော့ ၀ိုင်သောက်တာ သူတို့ရဲ့ ယဉ်ကျေးမှုပါ။ တခွက်တလေ သောက်တာ ဘာမှမဖြစ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကျွန်မလည်း မိန်းကလေးတွေ အရက်သောက်တာ မကြိုက်ဘူး။အမြင်ကျဉ်းတယ်ပဲ ဆိုဆိုပါ။
ရိုးပါတယ်။ ဆိုတဲ့ သူငယ်ချင်းတွေအစ ခေတ်မီအောင် သောက်ကြတော့ အံ့သြမိပါတယ်။
မြန်မာမိန်းမလေးတွေအတွက်လုံးဝမဖြစ်သင့်သောအရာပါ။ တိုင်းတပါးမှသူတို့ယဉ်ကျေးမှုကိုအတုခိုးရမှာမဟုတ်ပါ။ သူတို့တိုင်းပြည်ဘာကြောင့်တိုးတက်တယ်ဆိုတာလေ့လာရမှာပါ။ အရက်သောက်ပြီးရင်မမှားသင့်သောအမှားတွေကိုဆက်တိုက်လုပ်မိမှာပါ။ငါးပါးသီလမှ သုရာမေရယ ကံကိုကူးလွန်မိရင် ကျန်သောလေးပါးကိုလည်းချိုးဖောက်ဖို့ဝန်မလေးတော့ပါ။ အရက်သောက်ခြင်းကိုယောက်ျားလေးရော မိန်းခလေးရောရှောင်ကျဉ်သင့်ပါတယ်။ ကျွန်တော် ကတော့ ယနေ့တိုင်ရှောင်ကျဉ်လျှက်ပါ နောင်လည်းရှောင်ကျဉ်မှာပါ။ အားလုံးကိုလည်းရှောင်ကျဉ်စေချင်ပါတယ်။ မြန်မာမိန်းခလေးများမြန်မာယဉ်ကျေးမှုကိုထိန်းသိမ်းနိုင်ပါစေ။ တိုင်းပြည်အတွက်အဖိုးတန်အနာဂတ်ကြယ်ပွင့်လေးများကိုမွေးထုတ်ပေးနိုင်သောသားကောင်းမိခင်များဖြစ်ပါစေ။ ကျွန်တော်ရင်ထဲရှိတဲ့အတိုင်းရေးထားတာပါ။ အမှားပါရင်ခွင့်လွတ်ပါနော်။ အစ်မ
""အနောက်နိုင်ငံတွေက စစ်တမ်းတွေ အရ မိန်းကလေးတွေ အရက်သောက်တာဟာ ကိုယ့်ကိုယ် တန်ဖိုးထားယုံကြည်မှုနည်းတာ၊ သူငယ်ချင်း အပေါင်းအသင်းတွေက အတင်းအကျပ် တိုက်တွန်းတာ၊ စိတ်ဆင်းရဲမှု စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ချင်တာ၊ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအလေးချိန်ကို စိတ်တိုင်းမကျဘဲ လျော့ချချင်တာ စတဲ့ အဓိက အကြောင်းတွေကြောင့်လို့ သိရပါတယ်။""
i hope u mean those reasons for "alcoholic" not who drink just one or two drinks once in a while.. i don't see any reason Burmese women shouldn't drink as long as they don't excess the limits and still conscious themselves..
တန်ဖိုးရှိတဲ့ ပိုစ့်လေးပါပဲ အစ်မ။
မိန်းကလေး၊ ယောက်ျားလေး ဘယ်သူပဲဖြစ်ပစေ သောက်မိခဲ့ရင် အပြစ်ဖြစ်ရပါပြီ။
သေရည်အရက် စီးပွာပျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရည်။
ဘ၀တိုင်းမှာ စောင့်မြောင်းကာ မဲ့တာကင်းပါစေ။
ဘ၀တိုင်းမှာ မူးယစ်ကာ သောက်တာကင်းပါစေ။
အထက်က စာ ၂ပိုဒ်နဲ့ပဲ လုံလောက်ပါပြီ။
အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေ...
အရက်က သောက်လို့ ဘဝပျက်ပြီး ဦးနှောက်ပါ ထိခိုက်ရတဲ့ မိတ်ဆွေတွေ တွေ့ထားတော့ သောက်ပါလို့ ဘယ်သူ့ကိုမှ မပြောချင်ဘူး။ ဒီလူတွေလဲ စသောက်တုန်းက ဒီလို အရက်တွင်းထဲ နစ်မယ် ထင်မိကြမှာ မဟုတ်ဘူး။ မိတ်ဖြစ်ဆွေဖြစ်တို့ တစ်ခွက်တစ်ဖလားတို့ကနေ ကြွက်တွင်း ဖြစ်ကုန်တာ။ အရက်ကို မထိမိအောင် ရှောင်နိုင်ရင် စိတ်အချရဆုံး အကောင်းဆုံးပါ။ သီလလဲ တစ်ပါးပိုလုံခြုံသွားတယ်လေ။
ကျနော်ကတော့ နိုင်ငံရပ်ခြားမှာနေပေမယ့် အရက်မသောက်ပါဘူး။ မသောက်ချင်လို့ပါ။ တနေ့မှာ သောက်ချင်လာရင်လည်း သောက်မှာပဲ။ အခု သောက်တတ်တဲ ဗမာမတွေ တွေ့ရင်လည်း ဘာဘာညာညာမတွေးပါဘူး။ အထင်လည်း မသေးပါဘူး။ လူတိုင်းကြိုက်ရာလုပ်ခွင့်ရှိပါတယ်။ လူတိုင်းမှာဦးနှောက်ရှိပါတယ်။ ကိုယ်ဖြစ်ကိုယ်ခံပေါ့။
သူငယ်ချင်းတွေ အတင်းတိုက်လို့ပါဆိုရင်လည်း ညီမငယ်လေးတွေအတွက် ရှောင်နိုင်တဲ့နည်းလမ်းတွေရှိပါသေးတယ်။ ကိုယ်က မသောက်ဘူးဆိုတာကို အခိုင်အမာပြောနိုင်ရင်၊ တသမတ်ထဲ ငြင်းဆန်နိုင်ရင် သူတို့နောက်ဆုံး လက်လျော့သွားပါလိမ့်မယ်။ ကိုယ်ထုတ်ထားတဲ့ စည်းကမ်းကို ကိုယ်က လေးစားပြရင် သူများတွေကပါ လိုက်လေးစားလာကြတာမျိုးနဲ့ အလားသဏ္ဍာန် တူပါလိမ့်မယ်။
..........
အဲဒီစကားလေးက အရမ်းကိုမှန်ပါတယ်…။ အများအားဖြင့် သောက်ဖြင့်သွားတဲ့သူတွေဟာ အပေါင်းအသင်းရဲ့ဆန္ဒကို မလွန်ဆန်နိုင်တဲ့သူတွေပါ။ သူ့ဘက်ကအတင်းတိုက်လည်း အပေါင်းအသင်းခင်မင်မှုပျက်သွားပါစေ မကောင်းတဲ့အရာတွေအတွက် ငြင်းပယ်ပြီး ကိုယ့်ဘဝအတွက်ချထားတဲ့ စည်းကမ်းကို ကိုယ်ကလေးလေးစားစားနဲ့ လိုက်နာသင့်ပါတယ်...။ ကျနော်ကတော့ မိန်းခလေး အရက် ဆေးလိပ် ကွမ်းယာစားရင် အမုန်းဆုံးပဲ။ အခုသင်္ကြန်မှာ အရက်တို့ဘီယာတို့ကို မိန်းခလေးတွေ သောက်တာစားတာ မမြင်ချင်မှအဆုံးမြင်တွေ့ရအုံးမယ်...။ :((((((
ဟုတ်ပါတယ်အမရေ...
စိတ်မကောင်းဖြစ်မိပါတယ်..
ဒီလိုအသိပေးဖော်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..
အင်း...။
မိန်းကလေးတွေ လည်းအရက်သောက် ယောကျာင်္း လေးတွေလည်းသောက်နဲ့...။ သင်္ကြန်ဆိုတာ အရက် သောက်ပွဲ တော်ကြီးလိုတောင်ဖြစ်လာပြီ...။
အရက်က ဦးနှောက်ရဲ့ ထိန်းချုပ်ထားမှု (inhibitions) တနည်းအားဖြင့် ဟီရိသြတ္တပတရားကို လွတ်သွားစေတယ်။ ဒါကြောင့် အရက်သောက်ပြီးရင် လူတွေ အရှက်အကြောက် လွတ်ကုန် (dis-inhibited) တာပေါ့။ နိုင်ငံခြားမှာတော့ အရက်ထဲမှာ နောက်ထပ် မူးယစ်ဆေးပါ ထည့်ပြီး မိန်းကလေးတွေကို စော်ကားတဲ့ drug-rape တွေပါ ဖြစ်လာလို့ သတိပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာကြပါတယ်။
မိန်းမတွေဟာ သဘာဝ ဇီဝတည်ဆောက်ပုံအရ အရက်ရဲ့ သက်ရောက်မှုကို ပိုပြီး ခံစားရပါတယ်။ ပြဿနာ ဖြစ်ရင်လည်း ပိုနစ်နာစရာ ရှိပါတယ်။ သတိထားစရာပါ။
သင်္ကြန်မှာ အရက် သောက်ကြတာကို ကြုံတုံး လွတ်ကြတာလို့ မြင်တယ်။ ဈေးကွက်တင်သူတွေကလည်း ရှိတာကိုး။ နိုင်ငံခြားရဲ့ ကောင်းတဲ့ အမူအကျင့်တွေ (စည်းကမ်းရှိတာ၊ အလုပ်လုပ်ရင် ရေဆုံးရေဖြားလုပ်တာ၊ ပညာကို လိုလားတာ၊ အချိန်ကို အကျိုးရှိအောင် သုံးတာ စသဖြင့်) ကိုတော့ အတုမယူပဲ မကောင်းတဲ့ အရက်သောက်တာကိုမှ အတုယူတာကတော့ မိုက်မဲညံ့ဖျင်းမှုပဲ။ ကောင်းတာတွေက အတုခိုးရ ခက်ပြီး အရက်သောက်၊ ဆေးလိပ်သောက်၊ လိင်မှုကိစ္စအပေါ် ပေါ့ပျက်လာမှုတွေကတော့ အတုခိုးလို့လည်း လွယ်တာကိုးလေ။ ပြောမယ်ဆို အများကြီးရယ်။
သောက်ကြည့်ဖူးချင်လို့ သောက်မယ်ဆိုရင်တော့ စိတ်ချရတဲ့ ကိုယ့်လူရင်းတွေကြားမှာပဲ နည်းနည်း အစမ်း သောက်ကြည့်ပေါ့။ သူများ မေးရင်လည်း “ငါ သောက်ကြည့်တယ်။ မကြိုက်လို့ နောက် မသောက်ဘူး” လို့ ပုံမှန်လေး ဖြေလို့ ရပါတယ်။ လူမျိုးတွေ၊ ယဉ်ကျေးမှုတွေနဲ့ ချီပြီး OTT (over the top) သည်းသည်းလှုပ် ရှင်းပြနေစရာ မလိုဘူး ထင်ပါတယ်။ အသိုင်းအ၀ိုင်းရဲ့ အဟန့်ကြောင့် မဟုတ်ပဲ ကိုယ့်အသိ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် ထိန်းသိမ်းတာ အကောင်းဆုံးပါ။ မြန်မာ မဟုတ်သူတွေထဲမှာ အရက် မသောက်သူတွေ၊ စည်းကမ်းတကျ သောက်သူတွေလည်း ဒုနဲ့ဒေး မဟုတ်လား။
အရက်က စွဲသွားရင် ကျန်းမာရေး၊ လူမှုရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ ငွေကြေး အားလုံး ထိခိုက်တာ အားလုံး အသိပဲ။ စွဲရင် ဖြတ်ရ ခက်တယ်။ အစ မလုပ်မိရင်တော့ အကောင်းဆုံး။
သိလျက်နဲ့ သောက်သူများကတော့ အပေါ်မှာ တယောက် ပြောသွားသလိုပဲ ကိုယ်ဖြစ်ကိုယ်ခံပေါ့။ သူများကို ဒုက္ခလိုက်မပေးရင် ပြီးတာပဲ။
အပေါ်မှာ ပြောသွားကြတာ တော်တော်ပြည့်စုံနေပြီပဲ... ကျနော်တောင် ဘာပြောရမှန်းမသိတော့ဘူး... ကျနော့် အတွေ့အကြုံ တစ်ခု ပြောပြချင်ပါတယ်... ကျနော်က အရက်မသောက်၊ ဘီယာလဲ မကြိုက်ဆိုတော့ တခါက ဒင်နာတစ်ခုမှာ ဘာမှမသောက်လို့ဆိုပြီး ဘယ်လို အူကြောင်ကြောင်ကောင်လဲဆိုတဲ့ ပုံစံမျိုးနဲ့ အကြည့်ခံရတယ်ဗျာ... ဆိုးလိုက်တာ... အရက်သောက်တာကို ကိုယ်တိုင်လဲ မကြိုက်သလို အားလဲ မပေးပါဘူး... မိန်းကလေးတွေ သောက်တာလဲ သဘောမကျပါဘူး... သင်္ကြန်ဆိုရင် အရက်သောက်ရမယ်ဆိုတာ အစဉ်အလာလို ဖြစ်နေတာလဲ မကြိုက်ပါဘူး... အစ်မသူ သတိပေးလိုက်တဲ့ ပို့စ်လေး အရမ်းကောင်းပါတယ်...
လူမျိုးတွေ၊ ယဉ်ကျေးမှုတွေနဲ့ ချီပြီး OTT (over the top) သည်းသည်းလှုပ် ရှင်းပြနေစရာ မလိုဘူး ထင်ပါတယ်။ အသိုင်းအ၀ိုင်းရဲ့ အဟန့်ကြောင့် မဟုတ်ပဲ ကိုယ့်အသိ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် ထိန်းသိမ်းတာ အကောင်းဆုံးပါ။.....လို့ အပေါ်မှာ မနုသွဲ့ရေးသွားတာကို အပြည့်အ၀ ထောက်ခံပါတယ်။
အရက်သောက်တာကို မကောင်းဘူးလို့ ယူဆရင် ဗမာပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် မိန်းမပဲသောက်သောက် ယောက်ျားပဲသောက်သောက် ဘယ်သူသောက်သောက် မကောင်းဘူးဆိုတာ လက်ခံရလိမ့်မယ်။ တခါတရံ ဆေးဖြစ်ဝါးဖြစ် သောက်တာ ကောင်းတယ်လို့ ယူဆတဲ့သူကလည်း ဘယ်သူပဲသောက်သောက် အဲဒီလိုပဲ ဖြစ်ရလိမ့်မယ်။ မိန်းမသောက်လို့ မကောင်း၊ မိန်းမမှာမှ မြန်မာလူမျိုးမို့ မကောင်းဘူးလို့ ယူဆတာဟာ မိမိရဲ့ အစွဲအလန်းသာ ဖြစ်နိုင်ပါတယ်။ တကယ်ကောင်းတယ်မကောင်းဘူး ဆိုတာကို ကိုယ်စားမပြုဘူးလို့ ထင်တယ်။
With regard
Post a Comment