Wednesday, December 31, 2008

မြန်မာတို့အတွက် Forum တစ်ခု

ဟိုးတုန်းကပေါ့... လူတွေ သတင်းတွေဖလှယ်ဖို့၊ တစုံတရာကြေညာဖို့ Bulletin Board တွေကို ကျောင်းတွေ အဖွဲ့အစည်းတွေမှာ သုံးခဲ့ကြပါတယ်။ သတင်းအချက်အလက် လိုချင်သူတွေ၊ သတင်းပေးချင်သူတွေအတွက် Bulletin Board ဟာ တန်ဖိုးရှိတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ Technology itself is magic လို့ ကျွန်မယုံကြည်တဲ့ အခုလို နည်းပညာခေတ်ကြီးမှာတော့ Bulletin Board လို နေရာကန့်သတ်ချက်မရှိဘဲ သူ့ထက် အဆပေါင်းများစွာပိုများတဲ့ သတင်းအချက်အလက်တွေ သိမ်းဆည်းဖလှယ်နိုင်စွမ်းသော Internet Forum တွေ ပေါ်ထွက်လာပါတယ်။ Bulletin Board ထက်နောက်ထပ်ပို သာလွန်ကောင်းမွန်တဲ့ အချက်ကတော့ အကြောင်းအရာတစ်ခုကို စိတ်ဝင်စားသူတွေ အချင်းချင်း Community ငယ်လေးတွေ တည်ထောင်နိုင်ပြီး ဗဟုသုတတွေ အတိုင်းအဆမရှိ ဖလှယ်နိုင်တာပါပဲ။

Internet ပေါ်မှာ အစောဆုံး သတင်းအချက်အလက် ဖလှယ်ရာနေရာတွေထဲက တစ်ခုကတော့ ၁၉၇၀ ပြည့်နှောင်းပိုင်းမှာ အမေရိကန်နိုင်ငံ Duke University က Tom Truscott နဲ့ Jim Ellis ကျောင်းသားနှစ်ယောက်တို့ရဲ့ စိတ်ကူးဖြစ်တဲ့ Usenet ပါ။ Usenet ကို User နဲ့ Network ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ခေါ်ဝေါ်ထားပြီး User တွေဟာ ဆောင်းပါးတွေ၊ ပို့စ်တွေ တနည်းအားဖြင့် news လို့ခေါ်တဲ့ public message တွေကို ဖတ်ရှုနိုင်သလို ကိုယ်တိုင်လည်း တင်နိုင်ပါတယ်။ Usenet ဟာ ၁၉၇၀ နှစ်တွေမှာပဲ ပေါ်ထွက်ခဲ့တဲ့ BBS (Bulletin Board System) လို User တွေအနေနဲ့ terminal program ကိုအသုံးပြု ချိန်ဆက် Login ၀င်ပြီး Software နဲ့ Data တွေကို Upload လုပ်ခြင်း၊ Download လုပ်ခြင်း၊ သတင်းဖတ်ရှုခြင်းနဲ့ တခြားသော User တွေနဲ့ Message တွေ အပြန်အလှန်ပေးပို့ခြင်းတို့ ပြုလုပ်နိုင်တဲ့ Computer System နဲ့လည်း အင်္ဂါရပ်တော်တော်များများ ခပ်ဆင်ဆင် ဖြစ်ပါတယ်။ ဒါ့အပြင် Usenet ဟာ ဒီနေ့ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတဲ့ Internet Forum တွေရဲ့ ရှေ့ပြေးလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Forum နဲ့ ပတ်သက်ပြီး ကျွန်မဖတ်ရတာလေးတွေကို ဝေမျှတာပါ။ (မှားနေတာတွေ့ရင်လည်း ပြောပြကြပါဦးနော်း) တကယ်တမ်း ဒီပို့စ်အတွက် ကျွန်မပြောချင်တာက အခုမှ လာမှာပါး)

တနေ့ကတော့ မောင်ငယ်လေးလို ခင်မင်ရတဲ့ BlackDreamက သူကြိုးစားထားတဲ့ Forum တစ်ခုအကြောင်း သတင်းပေးလာတော့ သူ့ရဲ့အားထုတ်မှုကို အံ့သြချီးကျူးမိပါတယ်။ Myanmar Genius လို့ နာမည်ဆန်းဆန်းလေးပေးထားတဲ့ Forum ကို အလည်သွားကြည့်တဲ့ အခါစိတ်ဝင်စားစရာ Topic တွေနဲ့ တော်တော်လေးပြီးစီးနေတာ တွေ့ရပါတယ်။ (အခု ဒီပို့စ်ကို ရေးနေချိန်မှာတော့ Portal အဖြစ်တောင် Upgrade လုပ်ပြီးသွားပါပြီ။) Forum ထဲက လက်ရှိ ကျွန်မအကြိုက်ဆုံး Topic ကတော့ Education အောက်က Scholarship ပါ။ ဆွေးနွေးတဲ့သူ ပိုများလာတာနဲ့အမျှ နိုင်ငံရပ်ခြားမှာ ပညာသင်ချင်တဲ့ ပြည်တွင်းက အရည်အချင်းပြည့်ဝသူတွေအတွက် သတင်းတွေ၊ လမ်းစတွေ ပြည့်ပြည့်စုံစုံ ရနိုင်မယ့်နေရာလို့ ထင်မိပါတယ်။ တခြားသော Topic တွေလည်း အားလုံးအတွက် ကိုယ်စိတ်ဝင်စားမှုပေါ် မူတည်ပြီး ၀င်ရောက်ဆွေးနွေးချင်စရာ ကောင်းနေမှာပါ။ Member တွေအတွက်လည်း အောက်မှာရေးထားတဲ့ အစီအစဉ်တွေရှိတယ်လို့လည်း သိရပါတယ်။

Novice Member (0 Post to 50) - Download Role
Beginner Member (50 Posts to 100 Posts) - Wordpress with subdomain (yourdomain.myanmargenius.com)
Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+ FTP account with Database
VIP Member & Special Member - (Wordpress, Joomla, Phpbb3, Icyphoenix, Vbulletin) + Subdomain + FTP account with Database

စတာတွေနဲ့ တခြားအစီအစဉ်တွေကိုလည်း အခမဲ့ အသုံးပြုခွင့်ပေးသွားဦးမယ်လို့ BlackDreamက သတင်းပေးလာပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ဗဟုသုတ သတင်းအချက်အလက်ဖလှယ်ရင်း တစ်ယောက်လက်ကို တစ်ယောက် အပြန်အလှန်ဆွဲခေါ်ပြီး အားလုံးအတူတိုးတက်ကြဖို့ အထောက်အကူပြုမယ့် Forum တစ်ခု တိုးလာတာ တကယ်ကို ၀မ်းသာစရာကောင်းပါတယ်။ လေးနက်ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တဲ့ Forum တစ်ခုဖြစ်တာကြောင့် နောင်မှာ အားလုံးအတွက် သတင်းအချက်အလက် ဖလှယ်ရာ၊ ဗဟုသုတ ရှာမှီးရာ၊ မိတ်ဆွေကောင်းတွေ တိုးပွားရာ Forum ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒီပို့စ်လေးက မောင်ငယ်တစ်ယောက်ရဲ့ အားထုတ်မှုကို အစ်မဖြစ်သူက ကြော်ငြာပေးတာမျိုး ဖြစ်သလို တကယ်တမ်း ဗဟုသုတဖလှယ် ဆွေးနွေးချင်တဲ့သူတွေအတွက် သတင်းကောင်းပါးလိုက်တာလည်း ဖြစ်ပါတယ်း) Forum (အခုတော့ Portal) ကိုသွားလည်ချင်ရင် ဒီ Link ကို နှိပ်လိုက်ပါနော်။

ဒီစာကို ၂၀၀၈ ကနေ ၂၀၀၉ ကူးသွားတဲ့အချိန်မှာ ရေးနေတာပါ။ (Draft သိမ်းတာစောသွားလို့ ဒီဇင်ဘာ ၃၁ရက်နေ့မှာပဲ ပေါ်နေမယ်လို့တော့ ထင်ပါတယ်)။ အားလုံးပဲ Have a wonderful year ahead ပါရှင်း)

မှတ်ချက်။ ။ ဒီပို့စ်အတွက် အောက်က Website တွေကို Reference လုပ်ခဲ့ပါတယ်ရှင်။
http://en.wikipedia.org/wiki/Newsgroup
http://en.wikipedia.org/wiki/Internet_forum
http://en.wikipedia.org/wiki/Bulletin_board_system
http://philip.greenspun.com/bboard/q-and-a-fetch-msg?msg_id=000tsQ&topic_id=Ask+Philip&topic

(ဆက်ဖတ်ချင်ရင်...း)

Friday, December 26, 2008

ခပ်တိုးတိုးဒဏ်ရာ

သူတည်ငြိမ်အေးဆေးစွာ ခပ်မတ်မတ် ထိုင်နေသည်။ အရက်မူးနေသည်တဲ့...။ ယုံနိုင်စရာမရှိပါ။ ခါတိုင်း အညိုဘက်လုတယ်လို့ ထင်ရတဲ့ သူ့မျက်နှာအသားအရည်က ဒီညနေကျမှ ဖြူသယောင်ယောင်တောင်ဖြစ်ပြီး ရှင်းသန့်လို့နေသည်။ နှုတ်ခမ်းတို့ကလည်း အိနြေ္ဒရစွာ နီစွေးစွေးနဲ့ ခပ်တင်းတင်းစေ့လို့။ “ကိုယ်အရက်မူးနေတယ်” တဲ့... သူခပ်တည်တည်နဲ့ ဘယ်သူကမှ မမေးဘဲ ၀န်ခံသလိုပြောလိုက်ပြီး အေးဆေးစွာပြုံးသည်။ ဒါဆို သူသည် သူမတသက်တွင် နီးကပ်စွာ ပထမဆုံးတွေ့ဖူးသော အရက်မူးနေတဲ့ယောက်ျားလေး ပဲပေါ့။ သူမ ထင်ထားခဲ့သလို ပါးစပ်ထဲတွေ့ကရာပြောပြီး ရစ်တာမျိုးတွေ ရုပ်ပျက်ဆင်းပျက်အပြုအမူတွေလည်း သူ့မှာ ရှိမနေခဲ့ပါ။ ရုပ်ရှင်ထဲက အရက်မူးသမားများကိုသာ ပုံသေအရက်သမားပုံစံ အဖြစ်မြင်ထားပြီး အရက်မူးနေသူတွေကို ကြောက်စရာလို့ မြင်ထားတဲ့ သူမ သူ့ကိုတော့ ကြောက်ဖို့ကိုမေ့ပြီး တအံ့တသြသာ ငေးနေမိသည်။

“တ... တကယ်မူးနေတာလား”



သူ စူးလက်သောမျက်ဝန်းများနဲ့ သူမကို တချက်လှမ်းကြည့်သည်။ မျက်လုံးတွေ... သူမူးတဲ့အခါ မျက်လုံးတွေ ပိုလို့တောင် တောက်ပလာသေးတာပဲ။ သူမ သူ့ကို ဆက်မကြည့်ရဲသလိုဖြစ်လာပြီး သူမတို့ ထိုင်နေရာနဲ့ ခပ်လှမ်းလှမ်းမြစ်ကမ်းပေါ်မှာ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ လူတွေကို လှမ်းငေးနေမိသည်။ သူမမျက်လုံးတွေ သူ့ဆီပြန်ပို့တဲ့အထိ သူက သူမကို စူးစိုက်ကြည့်ဆဲ။ သူမပြောမိပြောရာ ပြောချလိုက်သည်။

“မူးနေမှန်းသိရင် မလာပါဘူး။ အဲလိုသောက်တာ သုရာမေရယကံထိုက်တယ်နော်...။ အရက်ကို တော်တော်ပဲ ကြိုက်လား”

စကားတွေက အဆက်အစပ်မရှိလှ...

“အင်း စိတ်ညစ်ရင် သောက်တယ်”
“အဲဒါ မခိုင်လုံတဲ့အကြောင်းပြချက်ပါ။ ကျွန်မလည်း စိတ်ညစ်ဖူးတာပဲ။ အရက်မသောက်ဘဲ ဖြတ်ကျော်ခဲ့တာပဲ”

သူ ပါးလေးခွက်ဝင်သွားတဲ့အထိ ပြုံးလိုက်သည်။

“အဲဒါ မင်းက တော်လို့ပေါ့...”
“မဟုတ်သေးပါဘူး။ ကဲ ပြော... ပြောစရာရှိလို့ဆို”
“မင်းကို ချစ်တယ်။ နောက်ပြီး... ကိုယ်မနက်ဖြန် တခြားမြို့ကို ပြောင်းရတော့မယ်”
“အို...”

သူမစိတ်ထဲမှာ ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားသည်။ ပထမစိတ်လှုပ်ရှားခြင်း... နောက်ရှက်ခြင်း... နောက်ဆုံးတော့ ဒေါသ...

“သြော်... ကျွန်မက မူးနေတဲ့လူဆီလာပြီး အဲဒီစကား နားထောင်ရတာပေါ့။ မူးမူးနဲ့ ရှေ့ရောက်လာတဲ့သူကို ဒီလိုပဲ ကြုံလို့ရည်းစားစကား ပြောလိုက်တာပဲလား...”

မဟုတ်မှန်းသိသိနဲ့ အဲဒီစကားကို ပြောချလိုက်တဲ့အချိန် သူမစိတ်ထဲမှာ ၀မ်းနည်းမှုတွေသာ တဖွားဖွား ပေါ်လာတော့သည်...

“မင်း ထင်ချင်သလို ထင်ပါတော့။ ကိုယ်ဒီနေ့မင်းကို ပြောမှဖြစ်မယ်... ဒါကြောင့်...”
“သြော် ဒါကြောင့် မူးမူးနဲ့ပြောတဲ့ ရည်းစားစကားကို ကျွန်မက ဒီအထိလာပြီး တလေးတစား နားထောင်ရတယ်ပေါ့”
“အဲဒီလိုမျိုး ဖြစ်သွားပေမယ့်... ကိုယ်မရည်ရွယ်ပါဘူး။ ပြောဖို့ ခုလေးတင်ဆုံးဖြတ်လိုက်တာ”
“မူးမူးရူးရူး ဆုံးဖြတ်ချက်ပေါ့လေ”
“ကျွတ်... မင်းနဲ့ကိုယ်ကြားမှာ အများကြီးရှင်းပြစရာ မလိုလောက်ဘူးလို့ ထင်ခဲ့တာ... မှားသွားတယ်”
“ရှင် အတ္တကြီးလွန်းတယ်”
“လူတိုင်း အတ္တနဲ့မှ မကင်းတာ”
“ရှင့်အတ္တက ပိုကြီးတယ်... ကျွန်မကို အဲဒီစကားတစ်ခွန်းနဲ့ တသက်စာချည်ပစ်ခဲ့ပြီး ရှင်ဟိုမြို့မှာ လက်ထပ်တော့မှာလေ”
“မင်းတွေးတာတွေ များလွန်းနေပြီ။ မင်းကို မချည်ပါဘူး။ မင်းဘက်က သဘောထားကိုတောင် ကိုယ်မေးလို့လား။ ကိုယ့်ခံစားချက်ကို နောက်ဆုံးအနေနဲ့ ပြောချင်လို့ ဖွင့်ပြောခဲ့တာပဲ။ ဟိုမှာ မင်္ဂလာဆောင်မှာလည်း ဟုတ်တယ်။ ကိုယ့်တသက်မှာ လုပ်သင့်တာကို လုပ်ခဲ့တာချည်းပဲ။”
“ဒါဆို ကျွန်မနဲ့ပေါင်းစပ်ဖို့ကတော့ မလုပ်သင့်တာကြီးပေါ့လေ...”

သူ အံ့သြတကြီး ဖျတ်ကနဲကြည့်သည်။

“မင်းကိုယ်နဲ့ ဘယ်တုန်းကမှ လက်မထပ်ချင်ဘူးလို့ ထင်ခဲ့တာ”

သူမ စိတ်ပျက်နာကျင်စွာ သူ့ကိုပြန်ကြည့်ရင်း

“ရှင်ပြောသလိုပဲ... ကျွန်မနဲ့ရှင်နဲ့ကြားမှာ အများကြီးရှင်းပြစရာ မလိုလောက်ဘူးလို့ ကျွန်မလည်း ထင်ခဲ့တယ်။ သိပ်မှားတယ်။ ကျွန်မတို့တွေ သိပ်မှားခဲ့တယ်...”

ဒီတခါတော့ မြစ်ကမ်းဘေးက လူတွေကို လှမ်းငေးနေတာ သူဖြစ်နေသည်။ သူ မပီမပြင် တချက်ပြုံးရင်း...

“အရာရာကို ဒီတညနေထဲနဲ့ ဖြေရှင်းအဆုံးသတ်လို့ရမယ်လို့ ကိုယ်ထင်ခဲ့တယ်။ ကိုယ်သိပ်ညံ့တယ်။ မင်းနဲ့ကိုယ့်ရဲ့ကြားက အရာရာကို ကိုယ်လျော့တွက်ခဲ့မိတယ်။”

သူမက ခေါင်းကို သွက်သွက်ခါရင်း...

“ပြီးပြီ... အားလုံးပြီးသွားပြီပဲ။ ကျွန်မ ပြန်တော့မယ်...”

ခုံတစ်လုံးကို ဖရိုဖရဲပိတ်တိုက်ရင်း သူမ ခြေလှမ်းကျဲကျဲနဲ့ ထထွက်လာတော့...

“ကိုယ် အရက်မူးမနေပါဘူး... အဲဒါကိုတော့ မင်းသိစေချင်တယ်။ တကယ်တော့ ကိုယ့်လက်ထဲက ဖန်ခွက်ထဲမှာ...”

အနောက်ကနေ မရမက လှမ်းအော်ပြောနေတဲ့ သူ့အသံက တဖြည်းဖြည်းနဲ့ တိုးတိတ်ဝေးလွင့်ပြီး ကျန်ခဲ့သည်။ အမှောင်လွှမ်းစပြုနေတဲ့ ကောင်းကင်ဆီမော့ပြီး အသက်ကို အားရပါးရရှုဖို့ ကြိုးစားပေမယ့် အသက်ရှုက ဘယ်လိုမှ မ၀။ ဘယ်အချိန်က ကျဖို့ စောင့်နေလဲမသိတဲ့ မျက်ရည်တွေသာ အလုအယက်ကျလာသည်။ သူမူးနေနေ မနေနေ ဘာများထူးဦးမှာ မို့လို့လည်း။ အဲဒီညနေက သူမတို့နှစ်ယောက်လုံး အရှုံးနဲ့အကုသိုလ်တွေ တပွေ့ကြီးရခဲ့ကြပြီပဲ။ တကယ်တော့ သူရော သူမပါ သူမတို့ကြားက အရာအားလုံးကို အထင်တသေးလျော့တွက်ရင်း အပြန်အလှန် နာကျင်စေခဲ့ပြီ။ ပြင်လို့မရတဲ့ အဆုံးသတ်နဲ့ သူမတို့ရဲ့ ဇာတ်လမ်းရယ်လို့ မပီပြင်ခဲ့တဲ့ ဇာတ်လမ်းဆန်ဆန်လေးကလည်း တကယ်ပြီးဆုံးခဲ့ပြီ။

တခါတရံမှာ ထုထည်ကြီးမားခမ်းနားတယ်လို့ ထင်ရတဲ့ တချို့သော အချစ်တွေဟာလည်း ဘယ်သူမှမသိလိုက်ဘဲနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ သေဆုံးသွားတတ်ကြမှန်း သေသေချာချာ နားလည်ချိန်မှာတော့
သူနဲ့သူမတို့ ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်ဖို့ကိုသာ ကမူးရှုးထိုး ကြိုးစားနေကြတော့သည်...

ရွှေပြည်သူ
(မနက် ၁း၂၉ နာရီ ~ ၂၆.၁၂.၂၀၀၈)

ဝတ္ထုတိုပုံစံလေး အရမ်းရေးချင်စိတ်ပေါက်လာလို့ ချရေးလိုက်မိတာလေးပါ။ အမှန်အတိုင်းပြောရရင် အကြောင်းအရာပိုင်းကို တော်တော်လေး အားမရပါဘူး။ ဖတ်ရှုဝေဖန်ပေးကြပါဦးရှင်...

(ဆက်ဖတ်ချင်ရင်...း)

Thursday, December 25, 2008

Christmas

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျွန်မအတွက် Christmas Celebration တွေဟာ တော်တော်လေးကို စိမ်းပါတယ်။ ဒါပေမယ့် တကယ်တမ်း ဆင်နွဲကြတဲ့လူတွေရဲ့ တနှစ်တခါ မိသားစုစုံစုံညီညီ တွေ့ဖြစ်ကြတာတွေ အပြန်အလှန် ချစ်မြတ်နိုးစွာနဲ့ လက်ဆောင်ပေးကြတာတွေဟာ တစ်ယောက်နဲ့တစ်ယောက် မေတ္တာတိုးစေသလို ပိုပြီးရင်းနှီးနွေးထွေးစေတာကြောင့် အဲဒီ့ထုံးစံတွေကို ကြည့်ရတာ သဘောကျကြည်နူးမိပါတယ်။ ပြီးခဲ့တဲ့ တရက်က ကြုံခဲ့တဲ့ ကျွန်မတို့ရုံးရဲ့ ခရစ်စမတ်ညစာစားပွဲမှာလည်း ရုံးထဲမှာ (စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်) တော်ရုံပြုံးလေ့မရှိဘဲ ခပ်တည်တည်ကြီးနေတတ်တဲ့ သူတွေတောင် ပျော်ရွှင်ပြီး တွေ့သမျှလူတိုင်းကို Merry Christmas လို့ နှုတ်ဆက်နေတာတွေ့ရတော့ လူတွေကို တကယ်ပျော်ရွှင် အပြန်အလှန်ချစ်ခင် ငြိမ်းချမ်းစေတဲ့ပွဲတော် တစ်ခုပဲလို့ တွေးမိပါတယ်။ အောက်က ကဗျာလေးကတော့ မနေ့ညကပဲ ရေးဖြစ်တဲ့ကဗျာလေးပါ...

ခရစ်စမတ်အလွမ်းစ

သူတို့ရဲ့ဒီမှာ နှင်းမကျဘူး

ဒါပေမယ့်...

ကျကျနန ဂွမ်းစတချို့နဲ့

ခရစ်စမတ်ညကို

မလှလှအောင် ဆင်ထားလေရဲ့
တခါတလေတော့လည်း အားကျမိတယ်...


ကိုယ်တို့ရဲ့ဟိုမှာလည်း နှင်းမကျဘူး

ဒါပေမယ့်...

ချမ်းသာသမျှ မေတ္တာအစအနတွေနဲ့

နှင်းကျတဲ့ခရစ်စမတ်မရှိလည်း

အေးမြနေပါလိမ့်မယ်

တခါတလေမကတဲ့ တမ်းတမှုတွေပြည့်နှက်နေခဲ့တယ်...


ကိုယ့်ဘာသာတရားနဲ့ မသက်ဆိုင်လှလို့

ဘယ်တုန်းကမှ မကျင်းပဖြစ်ပေမယ့်

ဒီနေ့တော့လေ...

ခရစ်စမတ်အတွေးစတွေကြားမှာ

နှင်းမကျတဲ့တိုင်းပြည်ကနေ

နှင်းမကျတဲ့ရွှေပြည်ကို
လွမ်းနေမိတယ်...

ဆိုင်တာမဆိုင်တာ အပထား

မျက်နှာလိုက်ပဲတယ်ဆိုဆို...

အို... ကိုယ့်မြေကပဲ
အမြဲပိုလှတယ်
ဘာတွေ...ဘယ်လို...ဘယ်လောက်...
ပြောင်းပြောင်းပါကွယ်...


ရွှေပြည်သူ

(၂၄.၁၂.၂၀၀၈)

Christmas Eve ဖြစ်တဲ့ မနေ့ညဦးပိုင်းကလည်း Esplanade ဘက်ကို မထင်မှတ်ဘဲ သူငယ်ချင်းတွေနဲ့ ခဏရောက်ဖြစ်ပါတယ် (သူငယ်ချင်း MK နဲ့ မမ CM ကို ကျေးဇူးတင်ပါတယ်း) အဲဒီမှာ ကိုယ့်ရဲ့ဆုတောင်းကို သစ်ရွက်လိုပုံစံ ငွေရောင်စက္ကူလေးတွေပေါ်မှာ ရေးပြီး ချိတ်ဆွဲလို့ရလို့ ဆုတောင်းတစ်ခုရေးခဲ့ပါသေးတယ်။ ကျွန်မဆုတောင်းကတော့ “အေးချမ်းတဲ့ဘ၀တစ်ခု ပိုင်ဆိုင်နိုင်ပြီး သူများတွေ (တကယ်လိုအပ်နေသူတွေ) ကို ကူညီနိုင်တဲ့သူ ဖြစ်ပါစေ” ဆိုတာလေးပါပဲ။ ဆုတောင်းက ရိုးရှင်းသလိုလိုနဲ့ အကြီးကြီးလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဆုတောင်းပါဆိုမှ ကိုယ်ဖြစ်ချင်တာ ဘာမဆိုရေးခွင့်ရှိတာပဲ မဟုတ်လားနော်း) လူတွေရဲ့ ဆုတောင်းလေးတွေ အများကြီးပါတဲ့ စာရွက်လေးတွေကို ချိန်ဆွဲထားတာကို ကြည့်ရင်းစိတ်ထဲမှာ ပြောမပြတတ်တဲ့ခံစားချက်လေးတစ်ခု ဖြစ်လာပါတယ်။ လူတိုင်းမှာ ဖြစ်ချင်တဲ့ဆန္ဒလေးတွေတော့ အချိန်တိုင်းလိုလိုမှာ ရှိနေကြတာပဲနော်။ (ဆုတောင်းစာရွက်လေးတွေ ချိတ်ဆွဲထားတဲ့ပုံကို ဓာတ်ပုံရိုက်ခဲ့ပြီး အောက်မှ ဝေမျှလိုက်ပါတယ်။ မိုးဖွားလေးတွေကျနေပြီး ကင်မရာကလည်း ဘက်ထရီကုန်ခါနီး ဖြစ်နေလို့ ကမမ်းကတမ်းရိုက်ရတာကြောင့် ပုံသိပ်မကြည်ရင် ခွင့်လွှတ်ပေးကြပါနော်း)


အခုတလော စာရေးအရမ်းကျဲသွားတာလည်း ရုံးမှာ အလုပ်များပြီး အိမ်ပြန်တာ နေ့တိုင်းလိုလို နောက်ကျသလို ဆေးခွင့်လည်း ယူရသေးတာကြောင့် စာရေးဖို့အားမရှိဖြစ်သွားလို့ပါ။ ပထမတင်ထားတဲ့ “အဆပေါင်းများစွာ” ကဗျာလေးကြောင့်လို့ ထင်နေတဲ့ မောင်နှမတွေလည်း စိတ်ပူနေမှာစိုးလို့ပါး)) တကယ်တော့ ဟိုးအရင်က သိမ်းထားတဲ့ ကုန်ကြမ်းလေးတစ်ခုနဲ့ နည်းနည်းကို များများခံစားပြီးရေးလိုက်တာပါ။ စာရေးကျဲတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတော့ အကုန်အထင်မှားစရာတွေဖြစ်ကုန်ပါတယ်း)) ဘာပဲဖြစ်ဖြစ် စာတွေအများကြီးဆက်ရေးနိုင်ပါစေလို့ ဆုတောင်းရင်း အားလုံးကိုလည်း Christmas ကာလမှာ ပျော်ရွှင်ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးပဲ Merry Christmas ပါရှင်...

(ဆက်ဖတ်ချင်ရင်...း)

Wednesday, December 17, 2008

အဆပေါင်းများစွာ

ခြေလှမ်းတွေမှား
လက်ဖြားတွေအေးစက်
ကိုယ့်ကိုယ်ခန္ဓာထဲက ရုန်းထွက်ချင်လောက်အောင်
စိတ်ပျက်နာကျင်ရင်း
အပြုံးမပျက် ဟန်တင်းနေရတာ
ထင်ထားတာထက် အဆပေါင်းများစွာ
ခက်လှပါလားကွယ်...

အဲဒါကိုများ...
လက်ကိုခပ်အေးအေးပိုက်
ငေးစိုက်တဲ့မျက်လုံးအစုံနဲ့
အစအဆုံး ခပ်ပြုံးပြုံးကြည့်နေလိုက်တာ...
ခံစားချက် ခပ်နည်းနည်း
သူ့အသည်းတစုံနဲ့
ကိုယ့်နှလုံးခုန်သံတွေကို အကဲဖြတ်နေလိုက်တာ...
ထင်ထားတာထက် အဆပေါင်းများစွာ
ရှက်ရပါလားကွယ်...

ရွှေပြည်သူ
(ည ၁၁း၀၂ နာရီ ~ ၁၇.၁၂.၂၀၀၈)

အခုပဲရေးဖြစ်တဲ့ ကဗျာလေးပါရှင်။ ညနေခင်းတစ်ခုကို ခံစားပြီးရေးထားတာပါး) စာရေးအရမ်းကျဲနေတဲ့အချိန်မှာတောင် မေ့မသွားဘဲ သတိတရလာဖတ်ပေးကြတဲ့ Cbox မှာ စကားပြောသွားကြတဲ့သူအားလုံးကို အရမ်းကို ကျေးဇူးတင်ပါတယ်ရှင်။

(ဆက်ဖတ်ချင်ရင်...း)

Monday, December 8, 2008

တရေးနိုးအသိ

ဒီအနက်ရောင်ညထဲ
ပစ္စုပ္ပန်မှာ မနေရဲလို့
အတိတ်မှာပဲ
တွေးရင်း ငေးရင်းနဲ့
ကိုယ်...
ခပ်ကွေးကွေးလေး
အိပ်နေမိတယ်...

အေးစိမ့်စိမ့်အတွေးနဲ့
ကိုယ်တရေးနိုးလာတော့...
ရုတ်တရက် ၀ိုးတ၀ါး သိလိုက်ရတယ်...

ကိုယ့်အချစ်ကို သတ်သွားတာ
ကိုယ့်အမုန်းလည်းမဟုတ်
ကိုယ့်အရှုံးလည်းမဟုတ်
ကိုယ့်နှလုံးသားကိုယ်တိုင်လည်း မဟုတ်ဘဲ
ဘယ်ဆီဘယ်နား ပုန်းနေခဲ့လည်း မသိတဲ့
အရှက်တရား ကိုယ်တိုင်ရယ်တဲ့...

ကိုယ့်မှာလေ
ဝမ်းနည်းထိရှ...
အံ့...သြ...ဆွံ့...အ...လို့...
ညတာတောင် ပိုရှည်သွားခဲ့တယ်...

ရွှေပြည်သူ
(ည ၇း၄၄ မိနစ် ~ ၀၈.၁၂.၂၀၀၈)

တကယ် တရေးနိုးတဲ့ အချိန်မှာ ရေးထားတာတော့ မဟုတ်ပါဘူးး) ပြန်ပြီးခံစားရေးထားတာပါ။ ဒါပေမယ့်... တရေးနိုးအသိတွေက တခါတခါ အရမ်းအံ့သြဖို့ကောင်းပါတယ်...

(ဆက်ဖတ်ချင်ရင်...း)

Saturday, December 6, 2008

မုန်းရတဲ့ (၁၀)ချက်

ကိုယ့်ကိုကိုယ် မုန်းရတဲ့အကြောင်း(၁၀)ချက်ကို ရေးဖို့ မောင်လေး ကေမောင်ငြိမ်းက TAG လာတော့ မုန်းစရာကောင်းတဲ့အချက်တွေကို မနည်းကြီး ပြန်စဉ်းစားရပါတယ်း)) မုန်းစရာမကောင်းတဲ့အချက် မရှိတာ မဟုတ်ပါဘူး။ အများကြီးကို ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ဆိုတော့ တော်ရုံတန်ရုံဆိုရင် မသိလိုက်ဘာသာလေးနဲ့ ခွင့်လွှတ်လိုက်မိတာပါပဲ။ ချစ်တာကိုးး))) အခုတော့ ကိုယ့်အထုပ်ကိုယ်ဖြေသလို ဖြစ်ပေမယ့် ခေါင်းထဲမှာ ပေါ်လာသမျှ မုန်းစရာကောင်းပုံတွေကို အောက်မှာ ရေးချလိုက်ပါတယ်နော်း)

၁၀) အချိန်ဆွဲတတ်တာ၊ အချိန်ရွှေ့တတ်တာ (အမုန်းဆုံးပါပဲ။ အဲဒီအကျင့်က ဘ၀ရဲ့အချိန်တွေ အင်အားတွေကို အများကြီးဝါးမျိုပစ်နေမှန်းသိသိနဲ့ပဲ သူ့ကိုနိုင်အောင် ကျွန်မအပြင်းအထန် ကြိုးစားနေရတုန်းပါပဲ။ တခါတလေ ကိုယ်ကနိုင်ဖူးတယ်။ တခါတလေလည်း သူကနိုင်ပါတယ်း)
၉) အအိပ်မက်တာ (နာရီပေါင်းများစွာအိပ်မှ အိပ်ရေးဝတဲ့ အအိပ်မက်တဲ့ ဒီကိုယ်ခန္ဓာကို အလိုလိုက်ရင်း အိပ်တာကြောင့် အချိန်တွေ အများကြီးကုန်လို့ပါ)
၈) လိုအပ်တာထက်ပိုပြီး စိုးရိမ်ပူပန်တတ်တာ (ကျွန်မတသက်လုံး စိုးရိမ်ပူပန်ခဲ့တာတွေရဲ့ ၈၀% က တကယ်တမ်း ဘာမှမဟုတ်တာ ပြန်တွေးကြည့်မှ နားလည်လာပါတယ်။ ကျွန်မလို ပူပန်တတ်သူတွေလည်း စိတ်ကိုလျော့ဖို့ အေးအေးထားကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ စိတ်သိပ်ပင်ပန်းသလို ကိုယ့်ရဲ့ပူပန်နေတဲ့ပုံက တခါတရံ ကိုယ့်ဘေးက လူတွေကိုပါ ကူးစက်စေလို့ အခုတော့ ကြိုးစားပြီးလျော့နေပါတယ်။)
၇) မိတ်ဆွေ သူငယ်ချင်းတွေအပေါ် တာဝန်မကျေတာ (အလုပ်ချိန်များတဲ့အလုပ်နဲ့အတူ Blog ပါရေးချင်သေးတာကြောင့် သူငယ်ချင်းတွေအပေါ် ပျက်ကွက်တာတွေ အရမ်းများလာပါတယ်။ ကူညီမယ်၊ လုပ်ပေးမယ်လို့ ကတိတွေပေးထားပြီး တော်တော်နဲ့ မပြီးနိုင်တာမျိုးတွေဖြစ်တိုင်း ကိုယ့်ကိုကိုယ် မုန်းပါတယ်)
၆) သူများတွေကို လိုအပ်တာထက်ပိုပြီး အလျော့ပေးတတ်တာ (ပြဿနာကြီးလာမှာ ကြောက်လို့ပါ။ စိတ်ရှုပ်စရာသေးသေးကနေ စိတ်ရှုပ်စရာကြီးကြီး ဖြစ်လာမှာ ကြောက်တာနဲ့ (ကိုယ်က မှန်တာများတဲ့ ပြဿနာမှာတောင်) အလျော့ပေးလိုက်တတ်ပါတယ်။ ပြီးမှ ကိုယ့်ကိုကိုယ်ပဲ စိတ်ဆိုးနေမိ၊ မုန်းနေမိပြန်ပါရော။ အမှန်ကတော့ ပြဿနာကို တခုခုဆုံးဖြတ်ပြီးရင် စိတ်ထဲက လုံးဝဖျောက်ပစ်သင့်တာနော်...)
၅) မလိုအပ်ဘဲ အားနာတတ်တာ (တခါတရံ အားနာတတ်တာဟာ ကိစ္စတွေကို ပိုရှုပ်ထွေးစေပါတယ်။ “ခုရှုပ်မှနောင်ရှင်း”ဆိုသလို အစကတည်းက အားနာမှုကို ခဏဘေးဖယ်ပြီး ပြတ်ပြတ်သားသား (ယဉ်ယဉ်ကျေးကျေး) ပြောဆိုထားတာဟာ အားလုံးအတွက် ပိုပြီးအဆင်ပြေစေတယ် ထင်ပါတယ်။ အဲဒီအားနာတတ်တာကိုလည်း မုန်းလို့ အခုတော့ လျော့နိုင်သမျှလျော့နေပါတယ်း)
၎) အကြိမ်ကြိမ်ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ပတ်သက်ရင် ဒေါသကို မထိန်းနိုင်တာ (အဲဒီအတွက် ကိုယ့်ကိုကိုယ် တော်တော်လေး စိတ်ကုန်ပါတယ်။ ၀ုန်းဒိုင်းကြဲပြီး ပေါက်ကွဲရလောက်အောင် တခါမှ ဒေါသမထွက်ဖူးပေမယ့် အတွင်းထဲမှာ ကိုယ့်ကိုကိုယ်လောင်နေတာ အရမ်းကိုပူပါတယ်)
၃) ဟန်ဆောင်လို့မရတာ (ကျွန်မစိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ ကျွန်မနဲ့ခင်တဲ့သူတိုင်း မျက်နှာကို ကြည့်ရုံနဲ့သိကြပါတယ်။ ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်ဆို မျက်နှာက အရောင်ပြောင်းသွားတယ်လို့တောင် ပြောသေးတယ်။ အဲဒီလို သူများတွေအတွက် Transparent ဖြစ်လွန်းတာကို မုန်းပါတယ်။ ကိုယ့်ကိုချစ်ခင်တဲ့သူတွေနဲ့ဆို ဘာမှ မဖြစ်ပေမယ့် ကိုယ့်ကို ဒုက္ခပေးချင်သူတွေအတွက်တော့ သိပ်လွယ်သွားလို့ပါ။ ဒီတစ်ချက်ကတော့ ကျွန်မ ဘယ်လိုပြင်ရမလဲဆိုတာ အခုထိ မသိသေးပါဘူး...)
၂) ဟင်းကောင်းကောင်း မချက်တတ်တာ (အသေးစိတ်ကို ကျွန်မရဲ့ ဖြစ်သလိုစားသူအကြောင်း ပို့စ်မှာ ဖတ်လို့ရပါတယ်း))
၁) ကိုယ့်ကိုနာကျင်စေတဲ့ကိစ္စတွေကို မေ့မရတာ (သိပ်ဆိုးပါတယ်...)

ဒီပို့စ်ကို ရေးဖြစ်သွားတာ ၀မ်းသာပါတယ်။ ကိုယ်ရဲ့အားနည်းချက်တွေကို စုစည်းပြီး Notes ထုတ်လိုက်သလိုလည်း ဖြစ်သွားလို့ပါ။ ကိုယ့်ကိုကိုယ် ပြုပြင်ရမယ့် အချက်တွေကိုလည်း ပြန်ပြီး ဆင်ခြင်မိပါတယ်။ အခု December လထဲရောက်နေပြီဆိုတော့ ဒီအချက်တွေကို အခြေခံပြီး New Year's Resolution တောင် ရေးမယ်ဆို ရေးလို့ ရနေပါပြီး) သတိတရ TAG တဲ့ မောင်လေး ကေမောင်ငြိမ်းကို ကျေးဇူးတင်ကြောင်းပြောရင်း မောင်လေးညီမလေးတွေကိုလည်း ကျွန်မလို မုန်းစရာမကောင်းအောင် အပေါ်က အချက်(၁၀)ချက်လို မဖြစ်အောင် လုံးဝရှောင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်း)

(ဆက်ဖတ်ချင်ရင်...း)

Wednesday, December 3, 2008

ချစ်မိတဲ့ပစ္စည်းလေးတွေ

အကြိုက်ဆုံးပစ္စည်း ဆိုပြီးရေးဖို့ အစ်မ၀ါဝါ TAG မှ ကိုယ့်မှာ လာဖတ်သူတွေအတွက် စိတ်ဝင်စားစရာ ဘာပစ္စည်းမှ များများစားစား သိပ်မရှိတာ သတိထားမိပါတော့တယ်။ အစ်မ၀ါဝါလို ဖိနပ်လှလှလေးတွေ အကြောင်းရေးရအောင်ကလည်း ကိုယ့်မှာက ရုံးသွားရင် စီးတဲ့ဖိနပ်ရယ်၊ Weekend မှာ အိမ်နားက အစားအစာဝယ်တဲ့ဈေးနဲ့ ဟိုနားဒီနားသွားရင် စီးတဲ့ဖိနပ်ရယ်၊ အားကစားဖိနပ်တရံရယ်ပဲ ရှိတယ်ဆိုတော့ ကြည့်ရတဲ့သူတွေအတွက် မျက်စိပသာဒ ဖြစ်လောက်စရာ မဟုတ်ပြန်ပါဘူး။ (အစ်မ၀ါဝါ ဖိနပ်ကလေးတွေကိုတော့ ကြည့်ပြီး လှလွန်းလို့ အားကျနေရပါတယ်း) စဉ်းစားရင်းကနေ နောက်ဆုံး ကျွန်မရဲ့ရှိစုမဲ့စု Stationery လေးတွေကိုပဲ တင်ဖို့ စဉ်းစားမိပါတယ်။ စာရေးကိရိယာ (Stationery) လေးတွေကို ကျွန်မ သဘောကျနှစ်သက်မိတာ ငယ်ငယ်လေးကတည်းကနေ အခုချိန်အထိ ပါပဲ။ စာရေးကိရိယာဆိုင်တွေထဲက မှတ်စုစာအုပ်အသစ်လေးတွေကြားထဲ ရောက်သွားရင် ၀ယ်တာမ၀ယ်တာ အပထား ဘာကိုမှန်းမသိ သဘောကျကျေနပ်တဲ့ ခံစားချက်မျိုး ခံစားရတတ်ပါတယ်။ အခုဆိုလည်း ကျွန်မရုံးအောက်ထပ်က Stationery ဆိုင်ကို ထမင်းစားချိန်တွေမှာ ၅မိနစ် ၁၀မိနစ် လောက်တော့ မကြာခဏ ၀င်ဖြစ်ပါတယ်။ ဟိုငေးဒီငေးနဲ့ စာရေးကိရိယာတွေကို Window Shopping လုပ်တာပါး)) ၀ယ်ဖြစ်ရင်လည်း ရုံးမှာသုံးဖို့ လိုအပ်မယ့်ပစ္စည်းလေးတွေပဲ ၀ယ်ဖြစ်တာများပါတယ် (ကြီးကြီးမားမားတွေတော့ မဟုတ်ပါဘူး... အရောင်ဆန်းဆန်းလေးတွေနဲ့ ဘောပင်လေးတွေ၊ ချုပ်ပြီးသား Staples လေးတွေကို အလွယ်တကူ ပြန်ဖြုတ်ဖို့သုံးတဲ့ တုတ်တံမျိုးလေးတွေလို တိုလီမုတ်စလေးတွေပါး)) အောက်မှာ လက်ရှိကျွန်မ၀ယ်ထားတဲ့ Stationery လေးတွေထဲက တချို့ကိုတင်လိုက်ပါတယ်။ ပန်းပွင့်နောက်ခံနဲ့ပုံတွေက ကျွန်မအိမ်မှာ ရိုက်ထားတာ ဖြစ်ပြီး ကျန်တဲ့၂ပုံကိုတော့ ရုံးမှာရိုက်ထားတာပါ။


ဒါလေးက ၂၀၀၉ ခုနှစ်အတွက် Diary ပါ။ Diary တွေ ပြက္ခဒိန်တွေက နှစ်ကုန်ခါနီးမှဆို ပိုရှားသွားတတ်တယ်ထင်လို့ ၀ီရိယကြီးစွာနဲ့ အစောကြီးဝယ်ထားမိတာပါ (ကိုယ့်ဘာသာ ၀ယ်ချင်ရင် ၀ယ်ချင်တယ်တော့ ၀န်မခံဘူးနော်း) အပျိုကြီး Diary ထဲဘာတွေရေးမလဲ မေးရင်တော့ မေ့တတ်လျော့တတ်လွန်းတဲ့ ဦးနှောက်အတွက် အကူအညီရအောင် လုပ်ရမယ့်အလုပ်တွေပဲ ရေးမှာပါရှင်။ ဒီ Diary လေးက "Week to view" ပုံစံနဲ့ဆိုတော့ ဖွင့်ထားရင် တွေ့ရတဲ့ စာမျက်နှာ(၂)ခုမှာ တပတ်လုံးစာကို မြင်ရတော့ ကျွန်မအတွက် အဆင်ပြေပါတယ်။ စာမျက်နှာနှစ်မျက်နှာမှာ တစ်လလုံးစာပါတဲ့ စာအုပ်မျိုးဆိုရင် တရက်ချင်းစီအတွက် နေရာသေးသွားလို့ များများရေးလို့မှာ မဟုတ်သလို စာအုပ်အရွယ်အစားကလည်း ကြီးသွားတော့ သယ်ရတာခက်သွားပါတယ်။ တမျက်နှာကို တနေ့လုံးစာပါတဲ့ စာအုပ်တွေ ကျပြန်တော့လည်း တနေ့စာအတွက် နေရာတွေအများကြီးရေးစရာရှိပေမယ့် တပတ်လုံးစာကို ခြုံကြည့်လို့ မရပြန်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ အကြိုက်ပေါ်မူတည်ပြီး ရွေးချယ်တာ ကွဲသွားကြမယ်ထင်ပါတယ်။ ကျွန်မအကြိုက်ကတော့ "Week to view" ပါး)


ဒါကတော့ ချစ်စရာကောင်းလို့ ရုံးမှာသုံးဖို့ဝယ်ထားမိတဲ့ ကပ်ခွာ Notes စာရွက်လေးတွေပါ။ ပုံမှန်လေးထောင့်လေးတွေအစား အဲဒီပန်းလေးတွေ သုံးကြည့်တော့ ကျွန်မစာရွက်တွေကြားမှာ ပန်းတွေနဲ့ဝေဖြစ်နေပါတယ်း)) ပန်းပုံအပြင် ပန်းသီးပုံလေးတွေ ကြယ်ပုံလေးတွေကိုလည်း ဆိုင်မှာတွေ့မိပါတယ်။ ကလေးနည်းနည်းဆန်ပေမယ့် သမားရိုးကျပုံစံတွေထဲက ခွဲထွက်တဲ့ပစ္စည်းလေးတွေနဲ့ အလုပ်လုပ်ရတာ စိတ်ကို တမျိုးလန်းဆန်းစေတယ် ထင်မိပါတယ်။


တိရိစ္ဆာန်ညှင်းဆဲမှုနဲ့ တရားအစွဲခံရနိုင်တဲ့ Paper Clip လေးတွေ ထည့်စရာ ၀က်ရုပ်လေးပါ (ရွှေပြည်သူတို့များ မညှာမတာ ၀က်ပါးစပ်ထဲကို Paper Clip တွေအပြင် ခဲဖျက်ပါ ထည့်ထားသေးတယ်နော်း)) တော်ရုံအရုပ်ပုံပါတဲ့ပစ္စည်းတွေကို ကိုယ့်အရွယ်နဲ့ ကလေးဆန်တယ်ထင်လို့ မ၀ယ်ဖြစ်ပေမယ့် ဒီဝက်ကလေးကိုတော့ ချစ်စရာကောင်းလို့ ၀ယ်ဖြစ်သွားပါတယ်။ ပါးစပ်ရဲ့အောက်ထဲမှာ သံလိုက်လေးနဲ့ ဆွဲထားတာကြောင့် Paper Clip တစ်ခုယူလိုက်ရင် အများကြီး ငြိပါလာတာမျိုး သိပ်မဖြစ်တော့ပါဘူး။ ချစ်စရာလည်းကောင်း အဆင်လည်းပြေစေတဲ့ ၀က်ကလေးပါ။


ဒါကတော့ မှတ်စုစာအုပ်လေးပါ။ သူငယ်ချင်းတွေရဲ့ လိပ်စာတွေနဲ့ မှတ်ထားသင့်တဲ့ အချက်အလက်တွေ စုမှတ်ထားဖို့ ရည်ရွယ်ချက်နဲ့ ၀ယ်ထားပေမယ့် ဒီနေ့အထိ ဘာမှ မရေးရသေးပါဘူး။ စာအုပ်အဟောင်းထဲကနေ ကူးစရာရှိတာတွေလည်း သပ်သပ်စီစုပြီး ပြန်ကူးမယ် စဉ်းစားထားပေမယ့် အခုထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ နှစ်မကုန်ခင်တော့ ပြီးအောင်လုပ်မယ်လို့ စဉ်းစားထားပါတယ်း) တခြားစာအုပ်တွေလိုပဲ သူ့ကို မြင်ရရုံနဲ့ ပျော်စေတဲ့ စာအုပ်ကလေးပါ။


နောက်ဆုံးဒီတစ်ခုကတော့ စာရွက်ဖြတ်တဲ့ Scotch တုတ်တံလေးပါ။ လက်ဆောင်ပစ္စည်းထုပ်ပိုးတဲ့နေရာမှာ အများဆုံးသုံးကြပေမယ့် ကျွန်မအတွက်တော့ စာအိတ်ဖောက်တဲ့နေရာမှာလည်း အရမ်းအသုံးဝင်ပါတယ်။ ပုံမှာ ဘေးတိုက်မြင်ရတဲ့လျှာလိုအချောင်းလေး နဲ့အပေါ်က အခွံလေးကြားထဲမှာ ဘလိတ်ဓားလေးရှိပါတယ်။ စာရွက်ကို အဲဒီကြားထဲထည့်ပြီး တုတ်လေးကို အသာတွန်းရုံပါပဲ။ အပေါ်က အခွံက ဘလိတ်ဓားလေးကိုလည်း ကာကွယ်ထားတာမို့ ဘယ်လိုနည်းနဲ့မှ လက်ကိုမရှနိုင်သလို သုံးရတာလည်း တော်တော်အဆင်ပြေပါတယ်။ တခြားဘောပင် တစ်ချောင်းနဲ့တွဲပြီး ဈေးချရောင်းထားလို့ ၀ယ်ခဲ့တာပါး) သူ့အကြောင်းကို တခြားသုံးစွဲသူတစ်ယောက် ရှင်းပြပြီးပြောထားတာကို အောက်က Video မှာလည်း ကြည့်လို့ရပါတယ် (ကျွန်မက ဒီပစ္စည်းရဲ့ Commission ရတဲ့ အရောင်းတာဝန်ခံ မဟုတ်တာတော့ ယုံပေးကြပါနော်း))


ကျွန်မအကြိုက်ဆုံး ပစ္စည်းလေးတွေဖြစ်တဲ့ Stationery လေးတွေကတော့ ဒီလောက်ပါပဲ။ အကုန်လုံးက ဈေးကြီးပေးပြီးဝယ်ရတဲ့ တန်ဖိုးကြီးပစ္စည်းတွေမဟုတ်ပေမယ့် ကျွန်မကို စိတ်ပျော်ရွှင်မှု ကျေနပ်မှုပေးတဲ့အတွက် ကျွန်မအတွက်တော့ အဖိုးတန်တာတွေချည်းပါပဲ။ အစ်မ၀ါဝါလည်း ကျေနပ်မယ် ထင်ပါတယ်း) ဖတ်ရတဲ့သူတွေလည်း မငြီးငွေ့ပါစေနဲ့လို့ ဆုတောင်းပါတယ်။ အချိန်ပေးပြီး ဖတ်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်း)

(ဆက်ဖတ်ချင်ရင်...း)

Tuesday, December 2, 2008

ကြိုက်မိတဲ့ ကာတွန်းရုပ်ရှင်

မတ်လကတည်းက ရုံစတင်ခဲ့တဲ့ "Horton Hears a Who!" ဆိုတဲ့ ရုပ်ရှင်လေးကို ဟိုတလောကမှ ကြည့်မိပါတယ်။ ကာတွန်းရုပ်ရှင် Animated Movie ဖြစ်ပေမယ့် တချို့သောရုပ်ရှင်တွေထက်တောင် ပိုလေးနက်တဲ့အတွေးတွေပေးတဲ့ ရုပ်ရှင်ကားမို့ တော်တော်လေး သဘောကျမိပါတယ်။ Dr. Seuss ရေးသားတဲ့ "Horton Hears a Who" ဆိုတဲ့ စာအုပ်ကို ကာတွန်းရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ ဆင်ကြီးဟော်တန်နဲ့ ၀ှူးဗေးလ်မြို့ရဲ့ မြို့တော်ဝင်အဖြစ် Jim Carrey နဲ့ Steve Carell တို့က အသံနဲ့ သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းရဲ့ Official Website က ဒီမှာပါ။

နူးလ်တောအုပ်ထဲမှာ နေထိုင်တဲ့ ဟော်တန် (Horton) ဆိုတဲ့ ဆင်ကြီးတစ်ကောင်ဟာ ဖုန်မှုန့်လုံးလေးတစ်လုံးထဲမှာ ၀ှူး (Who) လို့အမည်ရတဲ့ အင်မတန်သေးငယ်တဲ့ သတ္တ၀ါလေးတွေရဲ့ ကမ္ဘာငယ်လေးရှိမှန်း သိသွားရာက ဇာတ်လမ်း စခဲ့ပါတယ်။ နဂိုက ၀ှူးတို့ရဲ့ မြို့လေး ၀ှူးဗေးလ်(ကမ္ဘာလေး) ဟာ လုံခြုံအေးချမ်းတဲ့ ပန်းပွင့်တစ်ပွင့်ပေါ်မှာ ရှိခဲ့ပေမယ့် အသီးလေးတစ်လုံးက ပန်းပွင့်ကို တိုက်မိရာက ၀ှူးတို့ရဲ့ ဖုန်လုံးကမ္ဘာလေးဟာ လေနှင်ရာလွင့်ခဲ့ပါတယ်။ ဟော်တန်က ဖုန်လုံးလေးကို တွေ့ခဲ့ပြီး အထဲကသက်ရှိ (၀ှူးဗေးလ် မြို့တော်ဝန်) ရဲ့ အသံကိုကြားရာက ၀ှူးတို့ရဲ့ ကမ္ဘာကို လုံခြုံငြိမ်းချမ်းတဲ့ တောင်ထိပ်ပေါ်က ပန်းပွင့်ရှိရာကို သယ်ဆောင်ပို့ပေးတဲ့ ဇာတ်လမ်းလေးပါ။ အဲဒီသယ်ပို့နေတဲ့ လမ်းတလျှောက်မှာ အဲဒီဖုန်မှုန့်လေးထဲမှာ သက်ရှိတွေရှိတာကို မယုံကြည်တဲ့ သားပိုက်ကောင်အမတစ်ကောင်ကြောင့် အခက်အခဲ အနှောင့်အယှက်မျိုးစုံ ကြုံခဲ့ရပေမယ့် နောက်ဆုံးမှာ ၀ှူးတို့ တကယ်ရှိနေတယ်ဆိုတာကို အားလုံးယုံကြည်လက်ခံသွားပြီး လုံခြုံရာကို အားလုံးက လိုက်ပို့ကြတဲ့ ဇာတ်လမ်းလေးပါ။

ဇာတ်လမ်းတစ်ပုဒ်လုံးမှာ ကျွန်မစိတ်ထဲ စွဲအကျန်ဆုံးစကားကတော့ “a person is a person no matter how small” (ဘယ်လောက်ပဲသေးငယ်နေပါစေ လူဟာ လူပါပဲ) ဆိုတဲ့ စကားပါ။ အဲဒီစကားကို အဓိက Message အဖြစ်ပေးချင်လို့ထင်ပါတယ်... ဇာတ်လမ်းထဲမှာ တကြိမ်မက ပြောသွားတာကို သတိထားမိပါတယ်။ အဲဒီစကားလေးကနေ ကျွန်မ အများကြီးဆက်တွေးမိပါတယ်။ ကျွန်မတို့ လူ့အသိုင်းအ၀ိုင်းမှာ လူအကြီးကြီးတွေကိုသာ လူအတော်များများက ရှိနေတယ်လို့ သတိထားမိ အာရုံစိုက်မိတတ်ကြတာ သဘာဝလိုတောင် ဖြစ်နေပါတယ်။ ဒီနေရာမှာ လူကောင်ထွားကျိုင်းတာကို ဆိုလိုတာ မဟုတ်ဘဲ ရာထူး၊ စည်းစိမ်၊ အောင်မြင်မှု၊ ဂုဏ်ဒြပ်ကြီးကြီးတွေနဲ့ လူတွေကို ဆိုလိုတာပါ။ လူသေးသေးတွေ (ရာထူး၊ စည်းစိမ်၊ ဂုဏ်ဒြပ်ကင်းမဲ့သူတွေ) ကိုတော့ ဇာတ်လမ်းထဲက ၀ှူးတို့တတွေလိုပဲ ရှိနေတယ်ဆိုတာကိုတောင် လက်ခံဖို့ဝန်လေးတတ်ကြသလို မသိမသာ ဥပက္ခာပြုထားတတ်ကြပါတယ်။ ကျွန်မ ဆက်စဉ်းစားမိပါတယ်။ ဒါဆို ကျွန်မတို့ကရော လူအကြီးကြီးတွေလား လူသေးသေးလေးတွေလားလို့။ ကျွန်မထင်တာ နှစ်ခုစလုံးပါပဲ။ ကိုယ့်ထက် သေးတဲ့လူတွေကြားထဲမှာ ကိုယ်က လူအကြီးကြီးဖြစ်နေတတ်ပေမယ့် ကိုယ့်ထက်ကြီးတဲ့ လူတွေကြားထဲရောက်ရင်တော့ လူသေးသေးလေး ဖြစ်သွားတတ်ကြတာပါပဲ။ ဒါကြောင့် “ငါဟာ လူအကြီးကြီးပဲ” တို့ “ငါဟာ လူသေးသေးလေးပါ”တို့ စတဲ့ သတ်မှတ်ချက်တွေကို အသေသတ်မှတ်ထားလို့ မရလောက်ပါဘူး။ လူတစ်ယောက်ဟာ နေရာ၊ အချိန်နဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး လူအကြီးကြီးဖြစ်သွားနိုင်သလို လူသေးသေးလေးလည်း ဖြစ်သွားနိုင်တာပါပဲ။ (ဇာတ်လမ်းရဲ့ အဆုံးသတ်မှာလည်း ၀ှူးတို့အတွက် သိပ်ကိုကြီးတဲ့ ဆင်ကြီးဟော်တန်တို့ရဲ့ ကမ္ဘာဟာလည်း တခြားတနေရာရဲ့ အမှုန်လုံးလေးတစ်ခုဆိုတာမျိုး ဆန်ဆန်ပြပြီး ဇာတ်သိမ်းထားပါတယ်)

သိပ်ကိုကံကောင်းကြပါတယ်ဆိုတဲ့ လူတွေတောင် ဘ၀ရဲ့နေရာတနေရာမှာ အနည်ဆုံး(၁)ခါလောက်တော့ လူသေးသေးလေးတွေ ဖြစ်ခဲ့ဖူးကြမယ် ထင်တာပါပဲ။ (ဥပမာ ~ သိပ်ချမ်းသာတဲ့မိဘက မွေးလာလို့ ဘ၀ကပြည့်စုံလှပါတယ်ဆိုတဲ့ ကလေးတစ်ယောက် ကျောင်းမှာ စာအညံ့ဆုံးဖြစ်နေခဲ့ရင် သူများတကာတွေ ဆုတွေယူနေတဲ့အချိန်မှာတော့ သူဟာ လူသေးသေးလေး ဖြစ်နေခဲ့မှာပါပဲ။) အဲဒီလို လူသေးသေးလေးဘ၀ကို ဖြတ်သန်းဖူးကြပါရက်နဲ့ ကိုယ်လူအကြီးကြီး ဖြစ်တဲ့အချိန်မှာ လူသေးသေးလေးတွေကို ကိုယ်ချင်းမစာတတ်တာ ကျွန်မတို့လူသားတွေရဲ့ ယေဘုယျအားနည်းချက်တစ်ခု (ဒါမှမဟုတ်) မာန်မာနတစ်မျိုးပဲ ထင်ပါရဲ့။ လူသေးသေးလေးဘ၀ကို ဖြတ်သန်းဖူးတဲ့ လူအကြီးကြီးတွေကတောင် လူသေးသေးတွေကို ကိုယ်ချင်းမစာတတ်ရင် လူသေးသေးတွေက လူအကြီးကြီးတွေရဲ့ အတွေးအမြင်ကို ဘယ်လိုလုပ်ပြီး လှမ်းကိုယ်ချင်းစာနိုင်ပါ့မလဲနော်။ ဇာတ်လမ်းထဲက ဆင်ကြီးဟော်တန်နဲ့ ၀ှူးတို့ရဲ့မြို့တော်ဝန်တို့လို အရွယ်အစားတွေ ဘယ်လောက်ပဲကွာခြားပေမယ့် မြို့တော်ဝန်ဘက်က အားကိုးယုံကြည်မှု၊ ဆင်ကြီးဘက်က သူမမြင်ရလောက်အောင်သေးတဲ့ သတ္တ၀ါလေးတွေရဲ့ တည်ရှိမှုကို အလေးထားစာနာမှုတွေမျိုး လူတွေအားလုံးမှာ အပြန်အလှန် ရှိခဲ့ကြရင် ဒီထက်ပိုပြီး ငြိမ်းချမ်းမှာ ပျော်စရာကောင်းမှာ အသေအချာပါပဲ။ ဒါ့အပြင် ကိုယ်က Millionaire မဟုတ်လို့ လူအကြီးကြီး မဟုတ်ပါဘူး ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ ကိုယ်ဟာ ဟော်တန်လောက် ကြီးတဲ့သူမဟုတ်ခဲ့ဘဲ ပုရွက်ဆိတ်အရွယ်လေး ဆိုရင်တောင် ၀ှူးတို့လောက် သေးတဲ့လူလေးတွေအတွက် လူအကြီးကြီးဖြစ်နေပါပြီ။ အကူအညီတွေလည်း ပေးနိုင်နေပါပြီ။ ဒါကြောင့် ကမ္ဘာပေါ်က လူအကြီးကြီးတွေ အားလုံး ကိုယ်မမြင်နိုင်တဲ့၊ ရှိမှန်းတောင် မသိနိုင်တဲ့ ၀ှူးတို့လို့ လူသေးသေးတွေရဲ့ အကူအညီလိုအပ်နေတဲ့ အသံလေးတွေကို သေချာကြားအောင်နားထောင်ပြီး စာနာကူညီနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဘာပဲပြောပြော “a person is a person no matter how small” (ဘယ်လောက်ပဲသေးငယ်နေပါစေ လူဟာ လူပဲ) မဟုတ်ပါလားရှင်...

ဇာတ်လမ်းက ပေးတဲ့ အရိုးဆုံးနဲ့အဆန်းဆုံး Message လေးကို ခံစားရင်း၊ ကိုယ့်အတွက်ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲ ဖုန်မှုန့်လေးထဲက အသက်လေးတွေကို တန်ဖိုးထားပြီး ဒုက္ခခံကြိုးစားပေးခဲ့တဲ့ ဆင်ကြီးဟော်တန်ကို ချစ်ခင်လေးစားရင်းနဲ့ အားလုံးကို ဒီဇာတ်လမ်းလေး မကြည့်ဖြစ်သေးကြရင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်...



မှတ်ချက်။ ။ "Horton Hears A Who" ကို ကြည့်ပြီးကတည်းက အရမ်းကြိုက်မိလို့ တပိုင်းတစရေးထားခဲ့တာ ရက်တော်တော်ကြာပါပြီ။ မောင်လေး ဗီလိန် TAG တာနဲ့ တကယ်ကို အတော်ပဲဖြစ်သွားလို့ သေချာပြီးအောင် ရေးပြီး တင်လိုက်တာပါ။ သတိတရ TAG တဲ့ မောင်လေး ဗီလိန်ကိုလည်း ကျေးဇူးတင်ပါတယ်း)) ဒီပို့စ်ထဲမှာ ကျွန်မစိတ်ထဲက အတွေးအမြင်တွေကို ဘာ Hidden Meaning မှ မပါဘဲ ရေးထားတာဖြစ်ကြောင်း ရိုးသားစွာ ၀န်ခံပါတယ်ရှင်။ အားလုံးအေးချမ်းကြပါစေ...

(ဆက်ဖတ်ချင်ရင်...း)