Saturday, November 22, 2008

အသက်ဝင်ရုပ်ထုများ

ကျွန်မရဲ့အဒေါ်ပို့လိုက်တဲ့ Forward email ထဲက ရတဲ့ စိတ်ဝင်စားစရာ ပုံတွေကို ဝေမျှလိုက်ပါတယ်။ ပုံတွေက လန်ဒန်မှာ အခြေချနေထိုင်တဲ့ သြစတေးလျန်းလူမျိုး ရွန်မြူအက်(ခ်) (Ron Mueck) ရဲ့ လက်ရာရုပ်ထုတွေပါ။ ရွန်မြူအက်(ခ်)ကို ကစားစရာအရုပ်လုပ်တဲ့ မိဘတွေက မွေးဖွားခဲ့တာကြောင့် မိဘတွေဆီက ဗီဇ အရင်းခံတွေလည်း ပါခဲ့ဟန်တူပါတယ်။ သူဟာ ကလေးတွေအတွက် ရုပ်သံအစီအစဉ်မှာ ၁၅နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးနောက် (၁၈၉၆ ခုနှစ်တုန်းက ရိုက်ကူးပြသခဲ့ပြီး ထူးထူးဆန်းဆန်း သဘာဝလွန် ဇာတ်ကောင်တွေပါဝင်တဲ့) Labyrinth (၀င်္ကဘာ) လို ရုပ်ရှင်ဇာတ်ကားမျိုးတွေအတွက် Special Effect တွေ ပြုလုပ်ပေးသူ ဖြစ်လာခဲ့ပါတယ်။ အဲဒီအလုပ်ကို လုပ်ရင်းနဲ့ပဲ ရွန်မြူအက်(ခ်)ဟာ “ဓာတ်ပုံက မူရင်းအရာဝတ္ထုတွေရဲ့ ရုပ်သဘာဝအနေအထားကို တော်တော်လေး ဖျက်ဆီးတယ်”ဆိုတဲ့ ကောက်ချက်နဲ့ နောက်ဆုံး Fine Art နဲ့ ပန်းပုဘက်ကို ပြောင်းခဲ့ပါတယ်။ ၁၉၉၀ အစောပိုင်းနှစ်တွေမှာတော့ ရွန်မြူအက်(ခ်)ဟာ အင်မတန် အသက်ဝင်တဲ့ ဖန်တီးမှုတစ်ခု လုပ်ဖို့ဖြစ်လာပြီး အဲဒီအတွက် သင့်တော်တဲ့ ပစ္စည်းကို လိုက်ရှာခဲ့ပါတယ်။ ခါတိုင်း Latex (သိပ္ပံနည်းနဲ့ ပြုလုပ်ထားတဲ့ ရာဘာစေးလိုအရာမျိုး) ကို သုံးနေကျဖြစ်ပေမယ့် သူဟာ အဲဒါထက်ပိုပြီး မာကျောတိကျခိုင်မာတာကို လိုချင်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အ၀တ်အထည်ရောင်းတဲ့ ဆိုင်ခန်းငယ်တစ်ခုရဲ့ နံရံမှာ အလှဆင်ထားတဲ့ ပန်းရောင်အရာဝတ္ထုကို တွေ့ပြီး ဆက်စုံစမ်းရာကနေ Fiberglass Resin ကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ Fiberglass Resin နဲ့ လုပ်ထားတဲ့ ရွန်မြူအက်(ခ်)ရဲ့ အသက်ဝင်လွန်းတဲ့ လက်ရာတချို့ကို အောက်မှာသူတို့ရဲ့ ခေါင်းစဉ်တွေနဲ့တကွ ကြည့်နိုင်ပါတယ်။


"In Bed" လို့ အမည်ရတဲ့ ဒီရုပ်ထုကိုကြည့်ရင်းနဲ့ အိပ်ယာထဲက အမျိုးသမီးကြီးရဲ့ အထီးကျန်မှုကို ခံစားရပြီး သူ့ရဲ့အတွေးတွေကိုပါ ဘာတွေများလည်းလို့ ဖြတ်ကနဲစဉ်းစားမိပါတယ်။ ရုပ်ထုကို ရိုက်ထားတဲ့ Video ကို ဒီမှာ ကြည့်နိုင်ပါတယ်။

ဒီပုံရဲ့အမည်ကတော့ "Mask II" ပါ။ လူတစ်ယောက်ရဲ့ တကယ့်မျက်နှာအတိုင်းကို အသေးစိတ်ပုံဖော်ထားတာ တကယ်ကို လက်ရာမြောက်လွန်းပါတယ်။

“Two Women” ~ အသက်ဝင်လွန်းတဲ့ အဘွားကြီး ၂ယောက်ရဲ့ ရုပ်ထုတွေပါ။

“Crouching Boy in Mirror” ပါ။ ဒီပုံမှာ ကျွန်မသဘောအကျမိဆုံးကတော့ ရုပ်ထုကို မှန်ရှေ့မှာ ချထားတဲ့ Idea ကိုပါ။ အတွေးတွေလည်း အများကြီးပေးပါတယ်။
ရုပ်ထုကို ရိုက်ထားတဲ့ Video ကို ဒီမှာ ကြည့်နိုင်ပါတယ်။


Big Man” ပါ။ အခန်းထောင့်မှာ ထိုင်နေတဲ့အဘိုးကြီးရဲ့ ဒီရုပ်ထုကိုကြည့်ရင်း ဘာကြောင့်မှန်းမသိဘဲ နာကျင်ဆင်းရဲမှုကိုပါ ခံစားမိပါတယ်။ သူရဲ့မျက်နှာကိုအမူအရာကိုပါ ခံစားချက်ပါအောင် အသေးစိတ်ပုံဖော်ထားတာ တွေ့ရပါတယ်။
ရုပ်ထုကို ရိုက်ထားတဲ့ Video ကို ဒီမှာ ကြည့်နိုင်ပါတယ်။

ရွန်မြူအက်(ခ်)ရဲ့ လက်ရာလူရုပ်ထုအားလုံးမှာ မျက်နှာအသွင်အပြင်ကို တကယ့်လူနဲ့တူအောင် ဖန်တီးရုံတင်မကဘဲ စိတ်ခံစားချက်တွေကိုပါ ပေါ်လွင်အောင် အသေးစိတ်ပုံဖော်ထားတာ တွေ့ရပါတယ်။ ဒီ့အပြင် ရုပ်ထုတွေကို နေရာချတဲ့နေရာမှာလည်း အဲဒီမျက်နှာပေါ်က စိတ်ခံစားချက်တွေကိုပံ့ပိုးပေးတဲ့ အနေအထားတွေပါ ဖန်တီးထားတယ်လို့ မြင်မိပါတယ်။ အရမ်းကို အနုပညာဆန်တဲ့ ပညာသားပါတဲ့လက်ရာတွေကို ဖန်တီးနိုင်တဲ့ ရွန်မြူအက်(ခ်)ဟာ တကယ်ကို Genius တစ်ယောက်ပါပဲ။ သူရဲ့ တခြားလက်ရာတွေကို ကြည့်ချင်သေးရင် အောက်က YouTube Linkမှာ သွားကြည့်နိုင်ပါတယ်။

http://www.youtube.com/watch?v=FABx51-Fi1k

မှတ်ချက်။ ။ အပေါ်မှာ ဝေမျှထားတဲ့ ဓာတ်ပုံတွေကို Brooklyn Museum Website နဲ့ Art Knowledge News Website တို့ကနေ ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Sunday, November 16, 2008

အဖန်ငါးရာ ငါးကမ္ဘာ

ကျွန်မရဲ့ “ကိုယ့်ကိုကိုယ်မှ ရက်စက်သူ” ပို့စ်မှာ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ တကယ်မရှိဘူးလို့ ရေးလိုက်တာနဲ့ ပတ်သက်ပြီး မောင်ငယ်လေးတွေဖြစ်တဲ့ zaw၊ Arrow နဲ့ ကိုမင်းထက်တို့က နဂို သိဖူးမှတ်ဖူးတာနဲ့ မတူတာကြောင့် ပြောပြပေးဖို့ Cbox မှာ ရေးသွားတာကြောင့် ဒီပို့စ်လေး တင်လိုက်ပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ကျွန်မကိုယ်တိုင်လည်း အဖန်ငါးရာ ငါးကမ္ဘာရှိတယ်လို့ အဲဒီပို့စ်မတင်ခင် မိနစ်ပိုင်းအထိ မှတ်ထားခဲ့မိတာပါ။ ပို့စ်မှာတောင် ထည့်ရေးထားမိပါသေးတယ်။ နောက်မှ စိတ်ထဲမှာ မသေချာသလို ခံစားရတာနဲ့ ကျွန်မထက် အသက်ငယ်ပေမယ့် ဘာသာရေး ဗဟုသုတ အများကြီး ပိုပြည့်စုံတဲ့ မောင်ငယ်လေး အောင်ဦး(ဓမ္မရသ) ကို လှမ်းမေးမိပါတယ်။ အောင်ဦးဆီကတဆင့် မောင်လေး စိုးသူဟိန်းရေးထားတဲ့ ပို့စ်တစ်ခုကို ဖတ်ရပြီး အဖန်ငါးရာငါးကမ္ဘာဆိုတာ ကျန်းဂန်တွေမှာ ဖော်ပြထားခြင်း မရှိခဲ့ဘူးဆိုတာ သိခဲ့ရပါတယ်။ ပို့စ်ထဲမှာ မောင်လေး စိုးသူဟိန်းရေးတဲ့ ပို့စ်ရဲ့ Link ကိုပါ ထည့်ပေးဖို့ ကြိုးစားပေမယ့် Link က (ယာယီ) ဖွင့်မရဖြစ်နေခဲ့တာကြောင့် မထည့်ဖြစ်လိုက်ပါဘူး။ အောင်ဦးဆီမှာ ဖွင့်လို့ရပြီး ကျွန်မဆီမှာ ဖွင့်လို့မရတာကြောင့် အောင်ဦးက စာပိုဒ်လိုက်ကူးပြီး လှမ်းပို့ပေးတာပါ။ (အဲဒီကတည်းက ပို့စ်မှာ Link ထည့်မပေးနိုင်ခဲ့တဲ့ လိုအပ်ချက်အတွက်လည်း ကျွန်မ အားလုံးကို တောင်းပန်ပါတယ်ရှင်)

အခု အဖန်ငါးရာ ငါးကမ္ဘာနဲ့ပတ်သက်ပြီး တိတိကျကျ သိချင်သူတွေအတွက် အဖြေတစ်ခုပေးနိုင်မှာ ဖြစ်တဲ့ Ebook တစ်ခုကို ဝေမျှပါရစေရှင်။ မြတ်မင်္ဂလာစာစောင်မှာ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ကနေ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလအထိ ဖော်ပြခဲ့တဲ့ ဘာသာရေးပြဿနာ အမေးအဖြေတွေကို စုစည်းထုတ်ဝေထားတဲ့ “ရဝေထွန်း ~ ဘာသာရေးပြဿနာများ (၅)” စာအုပ်လေးပါ။ “အဖန်ငါးရာ ငါးကမ္ဘာ” နဲ့ ပတ်သက်တဲ့ အမေးအဖြေတင် မကဘဲ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာသာရေးဗဟုသုတ တိုးစေတဲ့ တခြားသော အမေးအဖြေတွေလည်း ပါတာကြောင့် တစ်အုပ်လုံးဖတ်ကြည့်သင့်တဲ့ အဖိုးတန်စာအုပ်တစ်အုပ်ပါ။ (စာအုပ်ကို Online ဝေမျှတဲ့ မူရင်း Website ကတော့ ချယ်ရီသစ္စာပါ) အောက်က Link ကို Right-Click နှိပ်ပြီး Download လုပ်နိုင်ပါတယ်ရှင်။


“အဖန်ငါးရာ ငါးကမ္ဘာ”နဲ့ ပတ်သက်တဲ့ အမေးအဖြေကို စာမျက်နှာ ၁၇၀ (PDF ရဲ့ စာမျက်နှာကတော့ ၁၇၁ ပါ) အောက်နားလေးမှာ ဖတ်နိုင်ပါတယ်။ စာအုပ်ထဲမှာ ရေးထားတဲ့အမေးနဲ့ အဖြေအတိုင်း ကူးယူဖော်ပြရရင် ~

ကိုယ့်ကိုယ်ကို သတ်သေခြင်း

မေး။ ။ အရှင်ဘုရား၊
ကိုယ့်ကိုယ်ကို သေအောင်သတ်၊ ပါဏာတိပါတ် အကုသိုလ်၊ သင့်မသင့် ဖော်ဖွင့်သာဓကရယ်နှင့်၊ စာပြဆရာမြတ် ပုဒ်ပါဌ်ဖွင့်ဆို။ သိပါလို ထိုထိုပစကား။ ။ အဖန်ဖန် ငါးရာမှန် ကမ္ဘာကျအောင်၊ ပါဏကိုယ်တိုင်သတ်ပါသတဲ့။ မှတ်လာသည် ထိုအကြောင်းကို ပေါင်းဖြေပါ့ဘုရား။

ကဗျာဆိုသာချို၊ ဗဟန်းမြို့နယ်။

ဖြေ။ ။ ကိုယ့်ကိုယ်ကိုဖယ်ကာထား၊ တစ်ပါးသော သတ္တ၀ါ။ ။ ပါဏေန ပဏသညီပြ၊ မှတ်ကြစရာ။ ။ ပရပါဏာမှ (ကိုယ်မှတစ်ပါး၊ အခြားသတ္တ၀ါမှ) သင့်ပါရမှန်စွာ၊ ကိုယ့်ဟာကိုယ် မသင့်။ ။ ဖန်ငါးရာ ဘယ်စာမှာ ဆိုမရှိပါဘူး၊ ရေးသိပါလင့်။ ။
“အတ္တာနံ မုဉ္ဇိတွာ ပရပါဏမှိ ပါဏသညိတာ လက္ခဏဿ အင်္ဂဿ အဘာသတော၊ နေသတ္ထိ ပါဏာတိပါတော”။
“အတ္ထတော ပန ပါဏေ ပါဏသညိနော် ပရဿ ဇီဝိတိန္ဒြိယုပစ္ဆေ ဒက ပယောရသမုဌာပိကာ ကာယ၀စီဒွါရာနံ အညတရ ဒွါရပ္ပ၀တ္တာ ၀ဓက စေတနာ”။

သာရတ္ထဋိ ၁၊ ၃၄၂။

တဆက်ထဲ မောင်လေး စိုးသူဟိန်းရေးထားတာကိုလည်း Link ဖွင့်လို့ မရသေးဘူးဆိုရင် ဖတ်လို့ရအောင် အောက်မှာ ပြန်ပြီး ကူးယူဖော်ပြလိုက်ပါတယ်ရှင်။

"ယနေ့ခေတ်မှာ လူအများစု အယူမှားနေတာလေး တစ်ခုကို ရေးသားဖော်ပြချင်ပါတယ်ခင်ဗျာ။ အဲဒါကတော့ လူတွေအများစုက မိမိ ကိုယ်ကိုသက်သေရင် အဖန်ငါးရာ ၊ ငါးကမ္ဘာ ခံရတယ်ဆိုတဲ့ မှားနေတဲ့ အမြင်လေးတစ်ခုပါ ။ မိမိကိုယ်ကို သတ်သေခြင်းသည် ဘ၀ငါးရာ (အဖန်ငါးရာ) ငါးကမ္ဘာခံရသည်ဆိုသော စကားကို ကျမ်းဂန်တို့တွင် ဖော်ပြထားခြင်း မရှိပါ။ အဖန်ငါးရာ ငါးကမ္ဘာ ဆိုသောစကားသည် ဧကကနိပါတ် ၊ မတက သတ္တဇာတ်မှလာသော စကားဖြစ်ပါတယ် ။ တစ်စုံတစ်ယောက်သည် ပါဏာတိပါတကံ လွန်ကျူးခဲ့လျှင် ထိုကံကြောင့် သေသည်၏ အခြားမဲ့၌ အပါယ်ငရဲတွင် ဆင်းရဲဒုက္ခ ခံစားရ၏။ ငရဲမှလွတ်လာလျှင်လည်း တူသော အကျိုးပေးသည့် အနေဖြင့် တစ်ပါးသူ၏ သတ်ခြင်းကို ဘ၀ပေါင်းငါးရာတိုင်တိုင် ခံရ၏ဟု ဖော်ပြထားပါသည်။ သူတစ်ပါးအသက်ကို သတ်လျှင် ဤကဲ့သို့ အပြစ်များခံရတတ်ကြောင်း ဖော်ပြထားပြီး မိမိကိုယ်ကို သတ်၍ အဖန်ငါးရာ ငါးကမ္ဘာ ခံရကြောင်းကို ဖော်ပြထားခြင်းမရှိပါ။

မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်ဟု ကျမ်းဂန်တို့၌ ဖော်ပြထားပါသည်။ အမှန်မှာ ပါဏာတိပါတကံ ဆိုသည်မှာ သူတစ်ပါးအသက်ကို သတ်သောကံဖြစ်သည်။ မိမိကိုယ်ကို သတ်သည့်ကံ မဟုတ်ပါ။ သူတစ်ပါးအသက်သတ်ခြင်းသာ ပါဏာတိပါတကံ ထိုက်ပြီးမိမိကိုယ်ကို သတ်ခြင်းသည် ပါဏာတိပါတကံ မထိုက်ပါ။ ပါဏာတိပါတကံသည် အင်္ဂါငါးပါး ပြည့်စုံမှသာ ကမ္မပထမြောက်ပြီး အပါယ်ကျစေနိုင်၏။ အင်္ဂါငါးပါး အနက် တစ်ပါးပါးချို့ယွင်းခဲ့လျှင် ကမ္မပထမမြောက်၍ အပါယ်မကျစေနိုင်ပါ မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မြောက်ကြောင်း အင်္ဂါငါးပါးအနက် ပါဏသည်တာ = သတ္တ၀ါဟု အမှတ်ရှိခြင်းဆိုသည့် အင်္ဂါနှင့် မပြည့်စုံသောကြောင့် ပါဏာတိပါတကံ မထိုက်ကြောင်း ၀ိမတိဝိနောဒနီ (ပ- ၂၂၈) ၌ အတိအလင်း ဖော်ပြထားပါသည်။ ထိုကြောင့်မိမိကိုယ်ကို သတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်၍ အပါယ်လည်း မကျနိုင်၊ အဖန်ငါးရာ ငါးကမ္ဘာခံရသည် ဆိုခြင်းသည်လည်း မဟုတ်ပါဘူးခင်ဗျား။

ဒါပေမယ့် သတိထားရမှာက အဖန်ငါးရာငါးကမ္ဘာခံရသည် ဆိုတာမဟုတ်မှန်ပေမယ့် ဒိဌိနဲ့ တဏှာကတွန်းပို့လို့ မိမိကိုယ်မိမိ သေကြောင်းကြံစည်မိရင်တော့ ဧကန်ကို အပယ်ကျပါလိမ့်မယ် ဆိုတာလေးကိုပါ ဖြည့်စွက်ပြောပါရစေ။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုသတ်သေရင် အပါယ်မကျဘူးဆိုတဲ့ အယူမှားသွားမှာကို စိုးရိမ်လို့ ဖြည့်စွက်ပြောကြားခြင်းပါခင်ဗျား။”

အပေါ်က စာတွေကို ဖတ်ပြီးတဲ့အခါမှာတော့ အားလုံးအတိုင်းအတာတစ်ခုထိ ကျေနပ်ရှင်းလင်းသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ကိုယ့်ကိုယ်ကို သတ်သေခြင်းကြောင့် အဖန်ငါးရာ ငါးကမ္ဘာခံရမယ်လို့ ကျန်းဂန်တွေမှာ ဖော်ပြမထားဘူး ဆိုလို့ အဲဒီလို လုပ်တာရဲ့ အပြစ်ပေါ့သွားတာမျိုး လုံးဝမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို သတ်သေတာကြောင့် သေချာပေါက် အပယ်လားမှာဖြစ်သလို အင်မတန်မှ ရခဲလှတဲ့လူ့ဘ၀ကို ဆုံးရှုံးရတာဟာလည်း ဘာနဲ့မှ မတူတဲ့ အကြီးမားဆုံး ဆုံးရှုံးမှုပါ။ Email ထဲမှာ မောင်လေး Arrow သတိပေးသလို ကိုယ့်ကိုယ်ကို သတ်သေတာ အပြစ်မရှိဘူးဆိုတဲ့ အယူမှားမျိုး ယုံသွားကြမှာကိုလည်း ကျွန်မအရမ်းကို စိုးရိမ်ပါတယ်။ အမှန်တကယ်ကို အပြစ်ကြီးသလို အပယ်လားမှာလည်း ဧကန်ပါပဲ။ ကျွန်မ သိရသလောက် ဗဟုသုတကို ပြန်ပြီး ဝေမျှပေးတာလေးကို အားလုံး ကျေနပ်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီပို့စ်လေး ရေးဖြစ်အောင် Cbox မှာ သေချာလာမေးသွားကြတဲ့ မောင်လေး zaw၊ Arrow နဲ့ ကိုမင်းထက်တို့ကိုလည်း ထပ်ပြီး ကျေးဇူးတင်ကြောင်း ပြောချင်သလိုပြင် ဗဟုသုတနဲ့ “ရဝေထွန်း ~ ဘာသာရေးပြဿနာများ (၅)” Ebook ကို အချိန်ယူရှာဖွေပြီး ဝေမျှပေးတဲ့ မောင်ငယ်လေး အောင်ဦး(ဓမ္မရသ)ကိုလည်း လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ဒီနေရာက ပြောပါချင်ပါတယ်။ အားလုံးပဲ သောကကင်းတဲ့ အေးငြိမ်းသောဘ၀တွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်...

(ဆက်ဖတ်ချင်ရင်...း)

Saturday, November 15, 2008

ကိုယ့်ကိုကိုယ်မှ ရက်စက်သူ

ကျွန်မတို့ ဗုဒ္ဓဘာသာအယူအဆအရ ကိုယ့်ကိုကိုယ် သတ်သေခြင်းရဲ့ အပြစ်ကြောင့် အပါယ်လားနိုင်တယ်လို့ သိရပါတယ်။ ကြားဖူးနေကျ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ တကယ်မရှိဘူးလို့ သိရပေမယ့် ရခဲလှတဲ့ လူ့ဘ၀ကို ဆုံးရှုံးရတာနဲ့တင် လက်ငင်းဆုံးရှုံးမှုက သိပ်ကိုကြီးသွားခဲ့ပါပြီ။ ဒီနေ့တော့ တသက်လုံး ဘယ်တုန်းကမှ မကြားဖူးတဲ့ ကိုယ့်ကိုကိုယ် အရက်စက်ဆုံး သတ်သေ (တယ်လို့ ယူဆရ) သူတစ်ယောက်ရဲ့ အကြောင်းကို ချောက်ချားရင်နင့်စရာ ကြားဖူးလိုက်ရပါတယ်။ စင်္ကာပူတိရိစ္ဆာန်ရုံထဲမှာ သန့်ရှင်းရေး အလုပ်သမားအဖြစ် အလုပ်လုပ်နေတဲ့ အသက်(၃၂)နှစ်အရွယ် မလေးလူမျိုး နော်ဒင်မွန်တောင်း (Nordin Montong) ဟာ ကျားဖြူတွေ ပြသထားတဲ့ ခြံဝင်းထဲကို တမင်ဝင်ရောက်သွားပြီး တိရိစ္ဆာန်ရုံကို အလည်လာသူတွေရဲ့ ရှေ့မှာပဲ ရှားပါးကျားမျိုးစိတ်ဖြစ်တဲ့ ကျားဖြူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ပါတယ်။

မြင်ခဲ့ရသူတွေရဲ့ ပြန်ပြောပြချက်အရ ကျားဖြူတွေရဲ့ ၀င်းခြံထဲကို မ၀င်ခင်ကတည်းက နော်ဒင်ဟာ အော်ဟစ်နေပြီး ပစ္စည်းတွေကိုလည်း ဟိုလွှင့်ပစ် ဒီလွှင့်ပစ်လုပ်နေခဲ့ပါတယ်တဲ့။ အဲဒီနောက်တော့ သူဟာ အ၀ါရောင်လက်ဆွဲပုံးနဲ့ တံမြက်စည်းတစ်ချောင်းကို ကိုင်ရင်း နံရံအနိမ့်လေးကိုကျော်ပြီး ကျားခြံဝင်းထဲက ၁.၇၅ မီတာနက်တဲ့ (ကျားတွေ လူတွေရှိရာဘက်ကို မလာနိုင်အောင်လုပ်ထားတဲ့ အကာအကွယ်) ကျုံးလေးထဲကို ဆင်းသွားပါတယ်။ ကျုံးကိုဖြတ်ပြီး ကျားတွေရှိရာ အနားက ကျောက်ဆောင် ကျောက်တုံးတွေ အတိုင်းတက်သွားခဲ့ပါတယ်။ အပေါ်ရောက်တဲ့အခါမှာ တံမြက်စည်းကို လွှဲပြီး ကျားဖြူတွေကို ဒေါသထွက်အောင် သွားဆွခဲ့ပါတယ်။ ကျားနှစ်ကောင်က သူ့အနားကို ကပ်လာတဲ့အခါမှာတော့ သူဟာ လက်ဆွဲပုံးအ၀ါကို ခေါင်းမှာစွပ်ပြီး ကွေးအိပ်နေပါတော့တယ်။ ဒေါသထွက်နေပြီဖြစ်တဲ့ ကျားတစ်ကောင်က သူ့ကို ပုတ်လိုက်တဲ့အခါ ဒဏ်ရာဟာ (Baseball ကစားရမှာ အသုံးပြုတဲ့) Softball လက်အိတ်အရွယ်အစားလောက်တောင် ရှိပါတယ်တဲ့။ နော်ဒင်ရဲ့ အော်သံနဲ့ သွေးတွေကိုတွေ့ရမှ ရှိုးတစ်ခုပြနေတယ်အထင်နဲ့ ကြောင်ကြည့်နေခဲ့တဲ့ အလည်လာသူတွေလည်း ကြောက်လန့်တကြားဖြစ်ပြီး ထီးတွေနဲ့လှမ်း ပစ်တဲ့လူကပစ် အော်ဟစ်ခြောက်လန့်တဲ့သူက ခြောက်နဲ့ ကျားတွေကို အာရုံလွှဲဖို့ ကြိုးစားကြပေမယ့် မထိရောက်တော့ပါဘူး။ ကျားတွေဟာ နော်ဒင့်ရဲ့ ဇက်ကို ကိုက်ခဲပြီး ပြသထားတဲ့နေရာရဲ့ အနောက်ဘက်ကို ဆွဲသွားခဲ့ပါတယ်။ လူတွေရဲ့အော်သံတွေကြောင့် တခြားအစောင့်အယောက် ၂၀လောက်လည်း မိနစ်ပိုင်းအတွင်းရောက်လာကြပြီး တံမြက်စည်းတွေ လက်ဆွဲပုံးတွေနဲ့ ပစ်ကြပေမယ့် ကျားတစ်ကောင်ကတော့ နော်ဒင်ကို ဆက်ပြီး တိုက်ခိုက်နေပါသေးတယ်။ အစာကျွေးတဲ့နေရာရဲ့ တံခါးကို ဖွင့်လိုက်မှပဲ ကျားတွေဟာ လှုပ်ရှားမှုကင်းမဲ့နေပြီဖြစ်တဲ့ နော်ဒင်ကို ထားခဲ့ပြီး ထွက်သွားကြပါတော့တယ်။ ကျားတွေ အစာကျွေးတဲ့နေရာကို ရောက်သွားမှ တံခါးကို ပိတ်ပြီး တခြားအစောင့်တွေ နောင်ဒင့်ဆီကို ပြေးလာတဲ့အချိန်မှာတော့ နောက်ကျခဲ့ပါပြီ။ ဇက်ကို ကိုက်ခဲခံလိုက်ရတဲ့ နော်ဒင်ဟာ ဦးခေါင်းခွံကျိုးကျေတဲ့ဒဏ်နဲ့ ရဲတွေရောက်မလာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

စင်္ကာပူတိရိစ္ဆာန်ရုံမှာ စဖွင့်ခဲ့ချိန် (၁၉၇၃ခုနှစ်) ကနေ အခုချိန်အထိ တိရိစ္ဆာန်တိုက်ခိုက်တာကြောင့် လူသေဆုံးရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်တဲ့။ ကျားဖြူတွေ ပြသတဲ့နေရာကိုလည်း ကြိုတင်ကာကွယ်မှုကို အကဲဖြတ်ဖို့ ယာယီပိတ်ထားလိုက်ပါပြီ။ “ကျွန်မတို့ ပြသတဲ့ဝင်းခြံတွေဟာ ဘေးကင်းလုံခြုံမှုရှိအောင် သေချာပုံစံချထားတာပါ။ ဒါပေမယ့် တမင်တကာ ၀င်ချင်တဲ့သူကတော့ လမ်းရှာပြီး ၀င်မှာပဲလေ” လို့ တိရိစ္ဆာန်ရုံရဲ့ Sales & Marketing ဒါရိုက်တာ အစ်စဘယ်လ်ချန်း (Isabel Cheng) ကပြောပါတယ်။ သူပြောသလိုပဲ တိရိစ္ဆာန်အရိုင်းမျိုးတွေကို ပြတဲ့နေရာကို ဘေးကင်းအောင် သေချာစီစဉ်ထားမယ်လို့ တွေးမိပါတယ်။ နော်ဒင်ကိုယ်တိုင်က တမင်တကာ ၀င်သွားသလို ကျားဖြူတွေကိုလည်း သူ့ကို လာမကိုက် ကိုက်အောင် တမင်ဆွပေးတာမျိုးတွေ လုပ်ခဲ့တာကြောင့် ကိုယ့်ကိုကိုယ် သတ်သေချင်တယ်လို့ပဲ ယူဆရမှာပါပဲ။ ဒီအဖြစ်အပျက် မဖြစ်ခင်လေးမှာပဲ ကျားဖြူတွေနဲ့ သိပ်မဝေးတဲ့ မိကျောင်းတွေ ပြထားတဲ့ အနားမှာ နော်ဒင့်ကို အော်ဟစ်ပြီး ပစ္စည်းတွေ ပစ်ပေါက်နေတာ တွေ့ခဲ့ရတယ်လို့ အလည်လာသူ သြစတျေးလျန်းလူမျိုး စုံတွဲကပြောသလို သူ့လုပ်ဖော်ကိုက်ဘက်တွေကလည်း နော်ဒင်ဟာ သူ့ရဲ့ဖြတ်ညှပ်တဲ့ ကိရိယာတွေကို လွှင့်ပစ် ထမင်စားဖို့ကူပွန်တွေကိုလည်း ဆုတ်ဖြဲပြီးတော့ “နှုတ်ဆက်ပါတယ်။ မင်းတို့ငါ့ကို နောက်ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး” လို့ မလေးလိုပြောတယ်လို့ ပြန်ပြောပြကြပါတယ်။ ကိုယ့်ဘာသာ (ဒီလောက်အထိတောင် ရက်ရက်စက်စက်) သတ်သေချင်လောက်အောင် သူ့မှာ ဘာစိတ်ဒုက္ခတွေများ ရှိခဲ့သလဲဆိုတာ နော်ဒင်သာ သိပါလိမ့်မယ်။ ဒါပေမယ့် သူရဲ့နောက်ဆုံးအချိန် နာကျင်ခံစားနေရတဲ့အခိုက်အတန့်မှာတော့ သူ့ကိုယ်သူ ဒီလိုလုပ်မိတဲ့အတွက် နောင်တများရသွားမလားလို့ တွေးနေမိပါတယ်။ သူရဲ့ အတိတ်ကံ ဒါမှမဟုတ် ၀ဋ်ကြွေးလို့လည်း ယူဆရမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ထွက်ပေါက်တွေပိတ်နေပါစေ... ဘယ်လောက်ပဲ ဒုက္ခတွေများနေပါစေ... ကိုယ့်ကိုကိုယ် သတ်သေတာကတော့ ဘယ်သောအခါမှ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်တာ အသေအချာပါပဲ။ အားလုံး ငြိမ်းချမ်းကြပါစေရှင်...

မှတ်ချက်။ ။ အမြဲတမ်း သတင်းထူးတွေ ပြောပြပေးတဲ့ ချစ်သူငယ်ချင်း Thajin နဲ့ “အဖန်ငါးရာ ငါးကမ္ဘာ”အကြောင်း ဗဟုသုတဝေမျှပေးတဲ့ မောင်ငယ်လေး အောင်ဦးတို့ကို အထူးကျေးဇူးတင်ပါတယ်။ ဒီပို့စ်အတွက် အောက်က Link တွေကနေ စုစည်းဖတ်ရှုပြီး အလျဉ်းသင့်သလို ရေးထားတာပါရှင်။ ဓာတ်ပုံတချို့ကိုလည်း ဒီမှာ ကြည့်နိုင်ပါတယ် (ဖြစ်ခဲ့တဲ့နေရာဝန်းကျင်ရဲ့ ဓာတ်ပုံတွေနဲ့ နော်ဒင့် Passport ပုံပါ။ ကြောက်စရာပုံတွေ မဟုတ်ပါဘူး)
http://www.straitstimes.com/Breaking%2BNews/Singapore/Story/STIStory_302154.html
http://www.straitstimes.com/Breaking%2BNews/Singapore/Story/STIStory_302188.html
http://www.digitaljournal.com/article/262331

(ဆက်ဖတ်ချင်ရင်...း)

Tuesday, November 11, 2008

ကုမုဒြာတွေပွင့်တဲ့ည

မနက်ဖြန်မှာ ကျရောက်မယ့် တန်ဆောင်မုန်းလပြည့်နေ့အတွက် မောင်ငယ်လေး အောင်ဦး (ဓမ္မရသ) ဝေမျှလာတဲ့ သီတဂူဆရာတော် အရှင်ဥာဏိဿရ ဟောကြားတော်မူတဲ့ “ကုမုဒြာတွေပွင့်တဲ့ည တရားတော်” ပထမပိုင်း နဲ့ ဒုတိယပိုင်းကို ဝေမျှလိုက်ပါတယ်။ တရားနာလိုသူတွေ နာလို့ရအောင်ပါရှင်။ Download လုပ်ချင်သူများလည်း Link ကို Copy ကူးယူ Download Manager မှာ ပြန် Paste လုပ်ပြီး Download ရယူနိုင်ပါတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်နေ့တနေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့် ဆေးပေါင်းခတဲ့နေ့မှာ အားလုံးပဲ ဘေးရန်ခပ်သိမ်း ကြောင့်ကျငြိမ်းကြပါစေရှင်...

မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် အရှင်ဥာဏိဿရ ဟောကြားတော်မူသော “ကုမုဒြာတွေပွင့်တဲ့ည တရားတော်” - ပထမပိုင်း

video


မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် အရှင်ဥာဏိဿရ ဟောကြားတော်မူသော “ကုမုဒြာတွေပွင့်တဲ့ည တရားတော်” - ဒုတိယပိုင်း



video

(ဆက်ဖတ်ချင်ရင်...း)

Monday, November 10, 2008

အာဘန်း (Ah Beng) ဟာသများ

အာဘန်းတစ်ယောက် မိုဘိုင်းဖုန်း အသစ်တစ်လုံးဝယ်လိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ဖုန်းထဲမှာမှတ်ထားတဲ့ သူတွေအားလုံးဆီကို Message ပို့လိုက်ပါတယ်။
“ကျွန်တော့် ဖုန်းနံပါတ်ပြောင်းသွားပါပြီ။ အရင်က Nokia 3310 ပါ။ အခုတော့ 6610 ဖြစ်သွားပါပြီ။”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်း ~ “ကျွန်တော်ဂုဏ်ယူတယ်ဗျာ။ ကျွန်တော့သားက ဆေးတက္ကသိုလ်မှာလေ”
မိတ်ဆွေ ~ “ဟုတ်လား။ သူက ဘာတွေ လေ့လာနေတာလည်းဗျ”
အာဘန်း ~ “သူကလေ့လာနေတာ မဟုတ်ဘူးဗျ။ လုတွေက သူ့ကို လေ့လာနေကြတာ”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်း ~ “ဆရာရယ် ကျွန်တော်လေ ညတိုင်း ဘောလုံးကစားနေတယ်လို့ အိပ်မက်မက်နေတယ်”
ဆရာဝန် ~ “ဒီဆေးလေးသာ သောက်လိုက်ပါ။ ခင်ဗျား အဆင်ပြေသွားလိမ့်မယ်”
အာဘန်း ~ “မနက်ဖြန်မှ သောက်လို့ရလား ဆရာ။ ဒီညက ဖိုင်နယ်ပွဲမို့ပါ”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်း ~ “ငါသေရင် မင်းနောင်အိမ်ထောင်ပြုမှာလား မိန်းမ”
အာဘန်းရဲ့ဇနီး ~ “မပြုပါဘူးရှင်။ ကျွန်မညီမနဲ့ပဲ သွားနေတော့မှာပေါ့။ ဒါနဲ့ ကျွန်မသေရင်ရော ရှင်နောက် အိမ်ထောင်ပြုမှာလား”
အာဘန်း ~ “ငါလည်း မပြုပါဘူးကွာ။ ငါလည်း မင်းညီမနဲ့ပဲ သွားနေတော့မှာပေါ့”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်း ~ “လူတွေက ငါ့ကိုဘုရားလို့ ထင်ကြတယ်ကွ”
အာဘန်းရဲ့ဇနီး ~ “ရှင်က ဘယ်လိုလုပ်ပြီး သိတာတုန်း”
အာဘန်း ~ “ငါဒီနေ့ ပန်းခြံထဲသွားတော့ လူတိုင်းက “ဘုရား ဘုရား ခင်ဗျားလာပြန်ပြီ” လို့ ပြောကြတယ်ကွ”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်းက ရဲအရာရှိကို တိုင်ကြားနေပါတယ်။
“ရဲအရာရှိကြီးရယ် ကျွန်တော့်အိမ်မှာ TV ကလွဲလို့ တခြားဘာပစ္စည်းမှ မကျန်တော့ဘူး”
ရဲအရာရှိ ~ “သူခိုးက TV ကိုတော့ ဘာလို့များ ယူမသွားပါလိမ့်”
အာဘန်း ~ “ကျွန်တော်က TV မှာပြတဲ့သတင်း ကြည့်နေတာကိုး”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

ကျောင်းနေတုန်းကအချိန်တွေမှာ အာဘန်းကို ဘယ်လိုပုံစံနဲ့ အမှတ်ရနေပါသလဲ?
အားဘန်းဟာ ဆရာမ ကျောက်သင်ပုန်းကို ဖျက်တိုင်း သူ့မှတ်စုစာအုပ်ထဲက စာတွေကို ခဲဖျက်နဲ့ လိုက်ဖျက်ပစ်တတ်တဲ့သူပေါ့။

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်းဟာ ဘားဆိုင်တစ်ဆိုင်ထဲမှာ ထိုင်နေတုန်း သူ့ဆယ်လူလာဖုန်းက မြည်လာပါတယ်။ သူက ကောက်ကိုင်လိုက်ပြီး “ဟယ်လို ငါ ဒီမှာရှိနေတာကို မင်းဘယ်လိုလုပ်သိလဲဟင်” လို့ မေးလိုက်ပါတယ်။

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်း ~ “ဘာလို့အဲဒီလူတွေအားလုံး ပြေးနေကြတာလည်း”
ဘေးကလူ ~ “ဒါပြိုင်ပွဲလေ။ နိုင်တဲ့သူက အဲဒီဆုဖလားကို ရမှာပေါ့”
အာဘန်း ~ “နိုင်တဲ့သူတစ်ယောက်ပဲ အဲဒီဆုဖလားကိုရမှာကိုများ တခြားလူတွေက ဘာလို့များ ပြေးနေကြတာလည်း”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်းက သူ့ရဲ့အစေခံလေးကို ပြောလိုက်ပါတယ် “ပန်းပင်တွေ ရေသွားလောင်းစမ်း”
အစေခံလေး ~ “အပြင်မှာ မိုးတွေရွာနေပါပြီ ဆရာ”
အာဘန်း ~ “အဲဒါဘာဖြစ်လည်း။ ထီးယူပြီး သွားလေ...”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

ရွှေပြည်သူ (ဘာသာပြန်ပါသည်)

သူငယ်ချင်းတစ်ယောက် Forward ပို့လာတဲ့ ဟာသတချို့ကို ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ အာဘန်း (Ah Beng) ဆိုတာ စင်္ကာပူနိုင်ငံမှာ အသုံးများတဲ့ စကားလုံးဖြစ်ပြီး လူဆိုးဂိုဏ်းဝင်လို မိုက်တိမိုက်ကန်း ပုံစံမျိုးဖမ်းထားပေမယ့် တုံးအလွန်းတဲ့ လူတွေကို ခေါ်လေ့ရှိတဲ့ အသုံးအနှုန်းလို့ သိရပါတယ်။ တခြားသော အာဘန်းဟာသတွေ ကာတွန်းတွေကို ဖတ်ချင်သေးတယ်ဆိုရင် AhBeng.Org မှာ ဖတ်နိုင်ပါတယ်ရှင်။ တုံးသလိုလို အသလိုလိုနဲ့ တခါတလေလည်း ဂွတီးဂွကျနိုင်တဲ့ တခါတလေလည်း မှန်လွန်းလို့ ရီရတဲ့ အာဘန်းဟာသတွေကြောင့် အားလုံးပြုံးမိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်...း)

(ဆက်ဖတ်ချင်ရင်...း)

Sunday, November 9, 2008

တန်ဖိုးရှိသော ဦးနှောက်များအတွက်

အခုတလော ကျန်းမာရေးက အမျိုးမျိုးဖြစ်နေသလို ကျွန်မမောင်လေးလို ဖြစ်တဲ့ မောင်မျိုးလေး ပြန်သွားတာကို စိတ်မကောင်းတာပါရောပြီး စာရေးအရမ်းကျဲသွားပါတယ်။ (စာမရေးနိုင်တဲ့ နေ့တွေမှာလည်း ကျန်းမာအောင် ဆုတောင်းပေးတဲ့သူတွေ အားလုံးကို တကယ်ကို ကျေးဇူးတင်ပါတယ်း) ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ခုပြီးတစ်ခု ဖြစ်နေတော့မှ ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ သတိရပါတယ်။ အဲဒါကြောင့် အခုလည်း ဖတ်မိတဲ့ ဦးနှောက်ကို ပျက်စီးစေတဲ့ အချက်(၁၀)ချက်ကို အားလုံးအတွက် အသုံးတည့်မယ်ထင်လို့ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ မူရင်းရေးသားသူက Dr. Muhammad Imran Yousuf (Lecturer, Division of Continuing Education, University of Arid Agriculture, Pakistan) ဖြစ်တယ်လို့ သိရပါတယ်။ မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်ရှင်။ တခါတရံမှာ အမှုမဲ့အမှတ်မဲ့နဲ့ ကိုယ်နေ့စဉ် လုပ်ဖြစ်တာတွေဟာ ကိုယ့်ကိုယ်ခန္ဓာကို ထိခိုက်စေတာမျိုးတွေ ဖြစ်နေတတ်မှန်း သိလိုက်ရပါတယ်။ ကျွန်မက ဆေးပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ မဟုတ်တာကြောင့် နားလည်တတ်ကျွမ်းတဲ့သူတွေ အနေနဲ့ ဘာသာပြန်တဲ့နေရာမှာ အမှားတွေတွေ့ခဲ့ရင် ထောက်ပြပြင်ဆင်ပေးပါရှင်။ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ...

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက်


၁၀) မနက်စာမစားခြင်း

မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။

၉) လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၈) ဆေးလိပ်သောက်ခြင်း

(ခဏခဏ ပြောလွန်းလို့ နောက်ဆို ဆေးလိပ်သောက်တတ်သူတွေ ကျွန်မ Blog ကို လာဖတ်ကြပါတော့မလားတောင် မသိဘူးး)) ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။

၇) အချိုများလွန်ကဲစွာစားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။

၆) လေထုညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၅) အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

ရွှေပြည်သူ (ဘာသာပြန်ပါသည်)

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို BecauseBeta Blog ကနေ ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Tuesday, November 4, 2008

Lonely Heart

မောင်ငယ်လေး သုခရိပ်ရေးပြီး Email ကနေမျှဝေတဲ့ ကဗျာလေးပါ။ ကျွန်မရဲ့ခံစားချက်နဲ့လည်း တိုက်ဆိုင်နေလို့ အရမ်းကိုသဘောကျမိတာကြောင့် သုခဆီက ခွင့်တောင်းပြီး ပြန်ဖော်ပြပေးလိုက်ပါတယ်။ အခုတလော ကျန်းမာရေးသိပ်မကောင်းလို့ ပို့စ်အတင်ကျဲနေတဲ့အတွက်လည်း လာလည်တဲ့သူအားလုံးကို တကယ် အားနာတောင်းပန်ပါတယ်။ စာတွေ ဆက်တိုက်ပြန်ရေးနိုင်အောင် ကြိုးစားနေပါတယ်း) ကဗျာလေးကို ဖော်ပြခွင့်ပေးတဲ့ မောင်ငယ်လေး သုခရိပ်ကိုလည်း အထူးကျေးဇူးတင်ပါတယ်း)

Lonely Heart

ရင်ထဲမှာ မွန်းကြပ်သမျှ
ဖွင့်အံချဖို့နေရာ
ငါ့ကမ္ဘာမှာ
ကဗျာတွေပဲရှိတယ်။

နိုင်တစ်ခါ ရှုံးတစ်လှည့်နဲ့
အဆုံးမဲ့တဲ့ဘ၀မှာ
အဖော်ပြုစရာ ငါ့ကမ္ဘာ
ကဗျာတွေပဲရှိတယ်။

ငါ့ကမ္ဘာမှာ
ငါ့ကဗျာတွေပြည့်နေပေမယ့်
ငါ့ဘ၀က ကဗျာမဆန်
ကာရံတွေမမှန်ခဲ့ဘူး။

တစ်ခါတစ်ခါလည်း နှစ်ယောက်တွဲလို့
တစ်ခါတစ်ခါလည်း တစ်ယောက်တည်း
ခရီးခဲတွေ
ငါလျှောက်ရဲအောင် ကြိုးစားနေမှာပါ။

သုခရိပ်

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို Flickr မှာ Wolfsoul မျှဝေထားတဲ့ ဓာတ်ပုံကို ကူးယူအသုံးပြုထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)