Thursday, July 31, 2008

ကိုယ့်စကားများ

စကားတွေ စကားတွေ
ပြောပါများလေ
မှားလေတဲ့
သိရက်နဲ့ပဲ...
စကားတွေ... ဒါမှမဟုတ် အမှားတွေ
အများကြီးမှ အများကြီး
ပြောခဲ့ပြီးပြီကွယ်...

ဒေါသ သောက မာန်မာနနဲ့
ကျန်တဲ့ အနုစားအကုသိုလ်တွေကို
တယုတယ ထွေးပိုက်ရင်း
ဟန်ပြလေးတောင် မပြုံးနိုင်ဘဲ
အမုန်းရဲ့အလိုတိုင်း
စူးစူးရှရှ ပြောချခဲ့တဲ့ စကားခါးခါးတွေက
လူတချို့နဲ့ကိုယ့်ကြား စည်းတွေခြားခဲ့ဖူးတယ်...

ရင်တွင်းမေတ္တာစစ်ကြောင့်ပါဆိုပြီး
ထိန်းတာချုပ်တာ တစ်ခုမှမပါဘဲ
မ၀ံ့မရဲ ဖွင့်ဟဖြစ်တဲ့
အပြစ်ပေါင်းများစွာနဲ့
အချစ်အကြောင်းပါဆိုတဲ့ စကားချိုချိုတွေလည်း
ကဗျာအိုတွေထဲ ရှက်ငိုငိုရင်း
ပြိုဆင်းခဲ့ဖူးတယ်...

အတိတ်ကို ငဲ့မကြည့်ကောင်းဘူးဆိုပဲ...

ဒါပေမယ့်
တစ်ခါဆိုမှ တစ်ခါထဲဆိုပြီး
မရဲတရဲ ကဲကြည့်မိတော့
မှားခဲ့တဲ့ စကားတွေမှ အများကြီးကွယ်...

ကိုယ်ပြောခဲ့တဲ့ စကားတွေကပဲ
ကိုယ့်ကို ဖမ်းစားပြန်တော့
ပါးစပ်ကိုအတင်းပိတ်
သက်ပြင်းကို တိတ်တိတ်ချရင်း
ကျိတ်လို့သာမောမိတယ်
ပြင်ဖို့ဆင်ဖို့ နောက်ကျသွားတာတော့
သိပ်ကို သေချာတယ်လေကွယ်...

ရွှေပြည်သူ
(၁၁း၂၈ နာရီ ~ ၂၁.၀၇.၀၈)

ချစ်လို့ပဲပြောပြော မုန်းလို့ပဲပြောပြော စကားဆိုတာ များများပြောလေ အမှားများလေဆိုတာတော့ အမှန်ပါပဲ...

(ဆက်ဖတ်ချင်ရင်...း)

Tuesday, July 29, 2008

စောင့်တတ်သူ

ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစ်စုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါသတဲ့။ နောက်ဆုံးတော့ လိပ်မိသားစု အိမ်ကထွက်လာပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံးနေရာ တစ်ခုကို ရှာတွေ့သွားကြပါတယ်။

အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ ၆ လအကြာမှာ ပြီးစီးသွားပါတယ်။ အဲဒီအခါကျမှ သူတို့ ဆားမေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။ ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။ အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့ ကတိတစ်ခုတောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ ကတိကတော့ သူပြန်မရောက်မချင်း အစားအသောက်တွေကို
ဘယ်သူမှ မစားနှင့်ပါဘူး ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။

သုံးနှစ်ကြာတဲ့အထိ လိပ်ကလေး ပြန်ရောက်မလာပါဘူး။ ငါးနှစ်... ခြောက်နှစ်... ခုနစ်နှစ်မြောက် လာတဲ့အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့စားတော့မယ်လို့ ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ်ကို ဖွင့်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက်ထွက်လာပြီး အော်ပြောလိုက်ပါတယ်။
“တွေ့လား! သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ ဆားသွားမယူတော့ဘူး...”

လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလိုလုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။

Forward Email ထဲက ရတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန် မျှဝေတာပါရှင်။ ကျွန်မလည်း လိပ်ကလေးလိုမျိုး မဖြစ်အောင် ကြိုးစားနေရပါဦးမယ်...း)

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြု ထားတဲ့ပုံကို Antelope Publishing Website က ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Sunday, July 27, 2008

နောက်ဆုံးအချိန်မတိုင်မီ

စာတွေကျက်နေရလို့ အစ်မ Blog မှာပဲ တင်ပေးပါဆိုပြီး မောင်လေး သူရထွန်းပေးပို့လာတဲ့ စာရေးဆရာကြီး မြသန်းစံရဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ အလုပ်ကိစ္စတွေ ဖိစီးနေလို့ Blog မှာတောင် ပို့စ်အသစ်မတင်နိုင်လောက်အောင် ဖြစ်နေတဲ့ ကျွန်မကို အသိတရားတွေပေးတဲ့ ဆောင်းပါးလေးပါ။ အင်မတန်အဖိုးတန်လို့ အားလုံးကို မျှဝေလိုက်ပါတယ်။

နောက်ဆုံးအချိန်မတိုင်မီ (၁)

အခန်းကတော့ သီးသန့်အခန်းလေးပင်။ သို့သော် ထိုအခန်းထဲဝင်လိုက်သည်နှင့် အနံ့စိမ်းများက ဆီးကြိုနေလေသည်။ ဆေးရုံနံ့။ ဘယ်လောက်ပဲ သန့် ရှင်းရေးလုပ်လုပ် ဆေးရုံနံ့ဆိုသည့် ပင်ကိုယ်အနံ့က ပျောက်ပျက်မသွား။

ပိုးသတ်ဆေးပင် ဆေးအနံ့ မဟုတ်လား။ သည်အခန်းကျဉ်းလေးထဲရှိ သံကုတင်ပေါ်တွင် သူ့ကို ပက်လက်အနေအထားဖြင့် လှမ်းတွေ့လိုက်ရသည်။ အသက်ကို ကြိုးစားရှုနေရသော သူ၏ မှိန်ဖျော့ဖျော့ အဆင်းသဏ္ဍာန်ကိုလည်း ကျွန်တော်လှမ်းမြင် သတိထားမိပြန်သည်။

သူမျက်လုံးတွေ မှိတ်ထားသည်။ ပါးစပ်က တတွတ်တွတ်နှင့် သူဘာတွေ ရွတ်နေပါလိမ့်။ ကုတင်ဘေးမှ ဧည့်ကုလားထိုင်ကို ဆွဲယူရွေ့လိုက်သံကြားမှ သူမျက်စိဖွင့်ကြည့်သည်။ ဖြည်းဖြည်းကလေး မျက်လုံးဖွင့်လာပုံမှာ ရိပ်သာဝင်သည့် ယောဂီများ၏ လှုပ်ရှားမှုကဲ့သို့ ။

ကျွန်တော် သူ့မျက်လုံးထဲ လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးတွေသည် အင်အားမရှိတော့။ ၀ါကျင့်ကျင့် မှိုင်းတိုင်းတိုင်း။ သူ့မျက်လုံးပေါ်က အရိပ်တွေမှတဆင့် သူ့ စိတ်ထဲသို့  ကျွန်တော် မှန်းဆကြည့်မိသည်။ သူ့တွင် စိတ်ဓာတ်ခွန်အားတွေ လျော့ကျပျောက်ဆုံးနေပြီပဲ။

“သူငယ်ချင်း ငါ့ကို လာကြည့်တယ်နော်” ဆိုသော သူ့ အသံကလေးသည် တိုးဖျော့လွန်းလှသည်။ ကျွန်တော် သူ့ကို ဘယ်လိုအားပေးရပါ့မလဲ။ သူ့ကိုအားပေးမည့် စကားလုံးများကို ကျွန်တော် ကြိုးစားရှာဖွေနေရသည်။

နောက်ဆုံးအချိန်မတိုင်မီ (၂)

ကျွန်တော့် သူငယ်ချင်းသည် နောက်ဆုံးအခြေအနေသို့ ရောက်နေလေပြီ။ ဤသည်ကို သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများက သက်သေခံနေပေပြီ။ အဆုတ်ကင်ဆာ။ သူသည် သိပ်မကြာသော အချိန်တွင် ကျွန်တော်တို့ကို လက်ပြ နှုတ်ဆက်ကာ လောကကြီးထဲမှ ထွက်ခွာသွားပေတော့မည်။ သူသည် လောကကြီးထဲက ဘာကိုယူ၍ ထွက်သွားမည်နည်း။ ကျွန်တော်ကကော သူ့ကို ဘာတွေပေးလိုက်နိုင်မည်နည်း။

တောက်..တောက်...တောက် နှင့် တဖြတ်ဖြတ်လှုပ်ရှားနေသော သူ့ပုံရိပ်တွေကို ကျွန်တော် ပြန်မြင်ယောင်မိသည်။ ငယ်သွေးနုစို၍ တက်ကြွနေသော သူ့ပုံသဏ္ဍာန် တက်ကြွထက်မြက်သလောက် အလုပ်တွေ အများကြီးလုပ်ခဲ့သူ။ လုပ်နိုင်သလောက်လည်း သူများကို တစ်ဖက်သတ် ပြောဆိုရဲတဲ့သူ။ သူနှင့် မဆုံလိုက်နှင့် ဆုံလိုက်တိုင်း သူ့မှာအလုပ်နှင့် သူ့စိတ် အဆက်အသွယ်ပြတ်သွားသည်ဟူ၍ မရှိ။ အလုပ်လောဘကြီးသလောက်လည်း အစားအသောက်လည်း လောဘကြီးသည်။ တစ်နည်းအားဖြင့် အစားစည်းကမ်းမရှိ။ စိတ်လှုပ်ရှားလာလေတိုင်း အလုပ်ပိလာလေတိုင်း သူ့နှာခေါင်းနှင့် ပါးစပ်တို့ မှာ စီးကရက် မီးခိုးငွေ့ တထောင်းထောင်းနှင့်။

သူလှုပ်ရှားလုပ်ကိုင်နေရသော ပတ်ဝန်းကျင်နှင့် သူ့စိတ်သဟဇာတဖြစ်သည်လား...။ မဖြစ်သည်လား...၊ သူ့ကိုယ်သူ မသိ။ ကျွန်တော်က သူ့ကို လောဘမကြီးရန်နှင့် အလုပ်ကို သတိနှင့် လုပ်တတ်သည့်အကျင့် မွေးမြူရန် ပြောဆို သတိပေးသော်လည်း သူနားမ၀င်ခဲ့။

နောက်ဆုံးအချိန်မတိုင်မီ (၃)

“ငယ်တုန်း လုပ်နိုင်တုန်းရှာရတယ်ကွ၊ စံကြီးရ”

“လုပ်ပါ။ မလုပ်နဲ့လို့ မပြောပါဘူး။ ငါတို့လည်း လုပ်နေတာပါပဲကွာ။ ဒါပေမယ့် အလုပ်ကို ဇောနဲ့လုပ်တာနဲ့ သတိနဲ့လုပ်တာနဲ့  ရေရှည်မှာ ကွာတယ်ကွ”

“ဆိုစမ်းပါဦး၊ မင်းစကားက”

“လူ့ဘ၀ရောက်လာပြီးမှ အလုပ်ဆိုတာကတော့ မလွဲမသွေလုပ်ရမှာပေါ့။ ဒါပေမယ့် လောဘတကြီးဇောနဲ့ လုပ်ရင် ကိုယ့်ကိုယ်မှာ ထိခိုက်တတ်တယ်ကွ။ အင်ဂျင်ကောင်းတိုင်း ကားကို မောင်းနေရင် ကြာရင် ဒီအင်ဂျင် မြန်မြန်ကျသွားတော့မှာပေါ့။ သတိနဲ့  ချိန်ဆပြီးလုပ်ရင် ရေရှည်ခံတာကို ငါပြောတာပါ”

“မင်းကြားဖူးသလား၊ အခွင့်အရေးဆိုတာ တစ်ကြိမ်ပဲလာတတ်တယ်။ နှစ်ကြိမ်မလာဘူးဆိုတာလေ၊ အခု ငါ့မှာ အခွင့်အရေးရောက်နေတုန်း သူပြန်မထွက်သွားခင် ကမန်းကတန်းလုပ်ရမှာ။ အခွင့်အရေးထွက်သွားပြီးမှ အေးအေးဆေးဆေး နားတာပေါ့။ အခုလောလောဆယ် ငွေရဘို့  အရေးကြီးတယ်လေ။ လောကမှာ ငွေသာအဓိကကွ”

ကျွန်တော် မပြောသာတော့။ ထိုအချိန်က သူ့လုပ်ငန်းတွေ အောင်မြင်နေဆဲ အချိန်မို့လည်း ကျွန်တော် စကားနိုင်မလုရဲတော့။ ယခုတော့ သူသည် သူပြောသည့်အတိုင်း အေးအေးဆေးဆေးတော့ နားနေရပါသည်။ သို့သော် ဆေးရုံပေါ်မှာ။ သူ့ခမြာဘ၀ရဲ့ နောက်ဆုံးအခြေအနေတွေကို မသက်မသာရင်ဆိုင်ရင်းက...။

နောက်ဆုံးအချိန်မတိုင်မီ (၄)

“ငွေရဘို့အတွက် ကျန်းမာရေးအထိခိုက်ခံပြီး အလုပ်တွေ လုပ်တယ်ဆိုရင် အဲဒီရှာထားသမျှငွေ အထိအခိုက်ခံပြီးတော့ပဲ ကိုယ့်ကျန်းမာရေးကို ပြန်ကုရလိမ့်မယ်”

ဆရာတော်ဦးဇောတိက(ပျဉ်းမနား)၏ တရားစကားသံကို ကျွန်တော်ပြန်သတိရမိသည်။

“လူတွေဟာ သေခါးနီးကျမှ ကပ်ပြီး သံဝေဂရကြတယ်။ အချိန်နှောင်းသွားပြီ၊ မရတော့ဘူး။ ဒါကြောင့် သေခါနီးကျမှ ကပ်ပြီတော့ သံဝေဂမရကြပါနဲ့။ စောစောစီးစီး သံဝေဂရကြပါ။ စောစောစီးစီး ကြိုကြိုတင်တင် လုပ်သင့်တဲ့အလုပ်တွေကိုလုပ်ပါ။ လူ့ဘ၀ကိုရတာ အသိဥာဏ်ရဘို့ပါ။ ဘ၀ရဲ့ အနှစ်သာရဟာ အသိဥာဏ်ပါ။ အသိဥာဏ်ဆိုတာမှာ တရားအသိဥာဏ်က အဓိကပါ။ ဒီအသိဥာဏ်ကိုမှ မရလိုက်ရင် တစ်သက်လုံးရှာလာတာ သုံးလာတာ သေခါနီး ဘာကျန်သလဲ။ ဘာမှ အဖတ်မတင်ဘူးနော်။ တစ်ခုမှ ယူသွားလို့ မရဘူး။ သွားကြားထိုးတံ တစ်ချောင်းတောင် ယူသွားလို့ မရဘူး။ အဲဒါကြောင့် အခုအချိန်ရှိတုန်း အချိန်မဖြုန်းနဲ့ ၊ စားဝတ်နေရေးအတွက် လုပ်နေရင်း ကြားထဲမှာ ရသမျှအချိန်လေးနည်းနည်း ဖြစ်ဖြစ်ရအောင်ယူပြီး တရားအားထုတ်ပါ။ ဆယ်မိနစ်ရရင် ဆယ်မိနစ်အားထုတ်ပါ။ ငါးမိနစ် လေးဆယ့်ငါးကြိမ်ဆိုရင် နည်းတာ မဟုတ်ဘူး။ တရားအားထုတ်လာရင် တရားအားထုတ်ဖို့ အချိန်ကို ယူတတ်လာပါလိမ့်မယ်။ ဒီစကားကိုပြောတာ အကြိမ်များလာတော့ တချို့တပည့်တွေက လုပ်ကြည့်ပြီးတော့ ပြောလာတယ်…

နောက်ဆုံးအချိန်မတိုင်မီ (၅)

(TE) “တပည့်တော်တို့က အရင်တုန်းက တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ထင်နေခဲ့တာ။ ယခုတော့ ရသလောက်အားထုတ်အကျင့်ကို လုပ်လိုက်တော့ အချိန်ရလာတယ်” တဲ့။ အရေးမကြီးတဲ့ ကိစ္စနဲ့ အပြင်ထွက်တာမျိုးမလုပ်တော့ဘူး။ အရေးမကြီးတဲ့ အပျင်းပြေဖတ်တဲ့စာတွေ မဖတ်တော့ဘူး။ အရေးမကြီးတဲ့
ရေဒီယိုနားထောင်တာ၊ တီဗွီကြည့်တာ၊ ဗီဒီယိုကြည့်တာ မလုပ်တော့ဘူး။ ဒါတွေ လျော့လိုက်တာနဲ့ပဲ တရားအားထုတ်ဖို့ အချိန် တစ်နေ့နှစ်နာရီ သုံးနာရီလောက် ရနေတယ်တဲ့။ ဒီကြားထဲမှာလည်း သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း သတိကို ကပ်ထားပါတယ်တဲ့။ အဲဒီလို မရမက ရသလောက်ယူပါ။

We eat to live, we don’t live to eat.

အသက်ရှင်ဖို့ စားရတာပါ။ စားဖို့အတွက် အသက်ရှင်နေတာ မဟုတ်ပါဘူး။ စားဝတ်နေရေးက ခန္ဓာဝန်ထမ်းပါ။ မလုပ်မဖြစ်ဘူး။ လုပ်ရမယ်။ ဒါပေမယ့် လူ့ဘ၀ရတာဟာ အသိဥာဏ်ရဖို့ ပါ။ အဲဒီအသိဥာဏ်ရဖို့  ကြိုးစားကြပါ…”

ကျွန်တော့် နားထဲတွင် အကြိမ်ကြိမ်ကြားယောင်နေသော ဆရာတော်ဦးဇောတိက(ပျဉ်းမနား)၏ တရားစကားသံများကို သူငယ်ချင်းဖြစ်သူအား ကျွန်တော်ပြောပြချင်သည်။

သို့သော်...

ခဏကြာတော့ ဆရာဝန်တစ်ဦးနှင့် သူနာပြုဆရာမနှစ်ဦး အခန်းထဲဝင်လာသည်။ စမ်းသပ်သည်။ သူငယ်ချင်းဖြစ်သူလည်း အကြီးအကျယ် အမောဖောက်နေလေပြီ။ အလုပ်သမား နှစ်ဦး ၀င်လာသည်။ လူနာတင်တွန်းလှည်းပေါ်သို့  သူငယ်ချင်းဖြစ်သူကို ပွေ့တင်နေကြသည်။ ပြီးတော့ အခန်းထဲမှ ထွက်ခွာသွားကြသည်။ သူငယ်ချင်းဖြစ်သူသည် လူနာတင်တွန်းလှည်းပေါ်တွင် ပက်လက်အနေအထားဖြင့် ပါသွားပေပြီ။ ကျွန်တော်က အခန်းထဲတွင် ကျန်နေသေးသော သူနာပြု ဆရာမကို မေးကြည့်မိသည်။ သူခေါင်းခါပြသည်။ မရတော့ဘူးဆိုသည့်သဘော။ ပြီးတော့ သူငယ်ချင်း၏ လူနာမှတ်တမ်းကဒ်ပြားကို ယူကာ အခန်းထဲမှ ထွက်သွားတော့သည်။

ကျွန်တော်သည် သူငယ်ချင်း၏ နောက်ဆုံးအချိန်မှာ ဘာမျှပြောခွင့်မရလိုက်တော့။ ထိုထက်ဆိုးသည်ကား ခဏကြာလျှင် သူ့ဇနီး၊ သူ့သားသမီးတွေ ရောက်လာလိမ့်ဦးမည်။ သူအပန်းခံရှာခဲ့သော သူ့ဘ၀နှင့် ရင်းနှီးခဲ့ရသော ငွေတို့ဖြင့် ၀ယ်ယူထားသည့် နောက်ဆုံးပေါ် ကားသစ်ကြီးကိုစီးပြီး ဆေးရုံထဲဝင်လာမည့် သူ့သားသမီးများ၊ သူ့စိတ်ကို သူသိမသွားနိုင်သည့် အခြေအနေရောက်အောင် သူ့ဘ၀ သူ့အချိန်ကို ပေးဆပ်ရင်းမှ ရလာသောငွေဖြင့် ၀ယ်ယူကာ ခန္ဓာကိုယ်နေရာအနှံ့ ရတနာတွေ သီးညွှတ်နေအောင် ၀တ်ဆင်ထားသော သူ့ဇနီးသည် စသည်တို့နှင့် မျက်နှာချင်းဆိုင်တွေ့သည့်အခါ ကျွန်တော်ဘယ်လို စကားပြောရမလဲဆိုတာ စဉ်းစားနေရင်း...။

မြသန်းစံ

ကျွန်တော်ဖတ်ဖူးသော ဆောင်းပါလေးကို ဝေမျှလိုက်ပါတယ်။ (အဆိပ်ပင်သည်ပင် အသုံးချတတ်ပါက... ဆေးအဖြစ်အသုံးပြုနိုင်သည်ဟု မှတ်သားဖူးပါတယ်.... ထိုကြောင့်... အသုံးချတတ်သူများအတွက်တော့ လောကတွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်တွေ ၊ဆောင်းပါးတွေ၊ သတင်းတွေဟာ…၊ ဘယ်အရာမဆိုပေါ့… စိတ်ခွန်အားအတွက်... ဆေးဖြစ်စေပါတယ်...)

သူရထွန်း

(ဆက်ဖတ်ချင်ရင်...း)

Monday, July 21, 2008

ကျိန်စာ

ဘယ်သူတိုက်လိုက်လည်းတော့ မသိဘူး။
ကိုယ့်မှာတော့
ခလုတ်တိုက်လဲရင်တောင်
အသည်းတွေကွဲပါပြီဆိုပြီး
ငိုရတုန်း...

ရွှေပြည်သူ
(
၂၁.၀၇.၀၈ ~ ည ၁၀း၂၀ နာရီ)

(ဆက်ဖတ်ချင်ရင်...း)

Sunday, July 20, 2008

ဒေါသနည်းအောင်နေနည်း(၂)

ဆရာတော် ဦးဇောတိကရဲ့ “မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း”နဲ့ ပတ်သက်တဲ့ စာလေးတချို့ မောင်ငယ်လေး သုခရိပ်က ထပ်ပြီးပေးဝေလာလို့ ပြန်ပြီး မျှဝေလိုက်ပါတယ်ရှင်...

  • အရေးမကြီးတဲ့ ရပိုင်ခွင့်တချို့ကို မရမကရအောင် မလုပ်ပါနဲ့။ သူ့ထက်အရေးကြီးတဲ့ ကိစ္စတွေကို အချိန်ပေးပါ။ မဖြစ်လောက်တဲ့ ကိစ္စလေးကို မရမကလုပ်ရင်းနဲ့ အဆင်မပြေဖြစ်ရရင် အချိန်ကုန်လူပန်းပြီး တစ်ခြားပိုပြီးအကျိုးရှိ တဲ့အလုပ် ပျက်တာပဲအဖတ်တင်မယ်။ တစ်ထောင်ဖိုးရအောင်လုပ်ရင်း အချိန်ကုန်မယ့်အစား တစ်သိန်းဖိုးရ အောင်လုပ်ပါ။ ကိုယ့်အချိန်နဲ့ ကိုယ့်အင်အားကို ပိုပြီးအကျိုးများမယ့်နေရာမှာ သုံးပါ။ အသေးအမွှားရပိုင်ခွင့်ကို အချိန်ကုန်ခံပြီး မရမကရအောင်လုပ်နေရင် ကိုယ့်စိတ်ထားပါ နိမ့်ကျသွားမယ်။
  • ဘာမှအရေးမကြီးတဲ့ ကိစ္စလေးတွေက တစ်ခါတစ်လေ ကိုယ့်ကိုအကြီးအကျယ် ဒေါသဖြစ်သွားစေတာမျိုး ကြုံရတတ်တယ်။ နောက်မှစိတ်အေးသွားတဲ့အခါ ဒီလောက်အသေးအဖွားကိစ္စလေးလောက်နဲ့ ဣနြေ္ဒသိက္ခာမဲ့သွား လောက်အောင် ဒေါသဖြစ်မိတဲ့အတွက် ကိုယ့်ကိုယ်ကို အံ့သြမိတာ၊ ရှက်တာ ကြုံဘူးမှာပါ။ အဲ့ဒါမျိုး မဖြစ်အောင် သတိထားပါ။ တစ်ရာတန်လောက် ကိစ္စကြောင့် ဒေါသဖြစ်နေရင် တစ်သိန်းတန်လောက် ကိစ္စမှာလစ်ဟင်း သွားနိုင်တယ်။
  • မပေါင်းသင့်တဲ့သူနဲ့ မပေါင်းဖို့ အင်မတန်အရေးကြီးပါတယ်။ အန္တရာယ်ရှိတဲ့သူနဲ့ပေါင်းရင် ကိုယ်ပါ ဒုက္ခရောက်သွား မယ်။ အရှင်းဆုံးဥပမာနဲ့ ပြောရရင် မူးယစ်ဆေးဝါးသုံးတဲ့သူ ရောင်းတဲ့သူ၊ အကျင့်စာရိတ္တ မကောင်းတဲ့သူတွေနဲ့ မပေါင်းသင့်ဘူး။ တစ်ချို့က ငယ်သူချင်းဖြစ်လို့ဆိုပြီး အကျင့်စာရိတ္တ မကောင်းပေမယ့် ပေါင်းတယ်။ တစ်နေ့တော့ ဒုက္ခရောက်တာပါပဲ။ သူ့ကိုကယ်ရင်း ကိုယ်ပါနစ်သွားတာလည်းတွေ့ရတယ်။ နာမည်ပျက်ရှိတဲ့သူနဲ့ တွဲရင် ကိုယ်ပါ နာမည်ပျက်မှာ သေချာတယ်။ မရိုးသားတဲ့ စီးပွားရေးမျိုး လုပ်နေတဲ့သူတွေနဲ့လည်း မပေါင်းသင့်ဘူး။
  • သိပ်ပင်ပန်းလွန်းတဲ့အခါမှာလည်း စိတ်မရှည်ဘူး။ ဒါကြောင့် ပင်ပန်းလွန်းသွားတာမျိုး မဖြစ်အောင်စီစဉ်ပါ။ မလွဲသာ မရှောင်သာ ပင်ပန်းလွန်းတဲ့ အခြေအနေကို ကြုံရရင် စကားများများမပြောပါနဲ့။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း ပြောစရာရှိတာကို နောက်မှအေးအေးဆေးဆေး ပြောမယ်ဆိုတဲ့အကြောင်း မှာထားပြီး အနားယူပါ။
  • ဘယ်သူ့ကိုမှ အလွန်အကျွံအလိုမလိုက်ပါနဲ့။ အလိုလိုက်လွန်းရင် ကြာလေပိုပြီး အလိုက်မသိလေဖြစ်တတ်တယ်။ အလိုလိုက်တာများလေ ရတာနဲ့ မကျေနပ်လေ ဖြစ်တတ်တယ်။ ကြာရင်မတတ်နိုင်တဲ့ အတိုင်းအတာရောက် အောင် တောင်းဆိုလာမယ်။ အဲ့ဒိအခါမှာ စိတ်တိုမယ်။ ဆက်ဆံရေး အဆင်မပြေဖြစ်မယ်၊ စိတ်ဆင်းရဲရမယ်။
  • သူတစ်ပါးရဲ့ရိုင်းဆိုင်းတဲ့အမူအရာ၊ အဆင့်အတန်းနိမ့်တဲ့ အမူအရာကြောင့် ကိုယ်မှာဒေါသယမ်းအိုး မပေါက် အောင်သတိထားပါ။ (ယခုခေတ်မှာ လူတော်တော်များများဟာ ကိုယ်အမူအရာ ယဉ်ကျေးသိမ်မွေ့မှုကို အလေး မထားကြဘူး။ ယဉ်ကျေးတဲ့သူဖြစ်ရတာကို တန်းဖိုးထားတဲ့စိတ်၊ ဂုဏ်ယူတဲ့စိတ်မျိုးကို မွေးပေးရမယ်။ လူငယ်တစ် ချို့ဟာ ရိုင်းစိုင်းတဲ့ အမူအရာမျိုးကို လုပ်ပြတဲ့ ဗီဒီယိုတို့ကို ကြည့်ပြီးတော့ အတုယူမှားကြတယ်။)
  • တစ်ယောက်ကို တစ်ယောက် အထင်လွဲနေလို့ စိတ်ဆင်းရဲရတာ တော်တော်များပါတယ်။ ဒါကြောင့် အထင်လွဲစ ရာ မဖြစ်အောင် သတိထားသင့်တယ်။ တစ်ယောက်နဲ့တစ်ယောက် အထင်လွဲတာမျိုး မဖြစ်အောင် တတ်နိုင်သ လောက် ကြိုတင်စဉ်းစားပြီးရှင်းထားပါ။ ပြောသင့်တာတွေကို ကြိုကြိုတင်တင်ပြောထားပါ။ သိလောက်ပါတယ် လို့တွေးပြီးမှ တစ်ဖက်က မသိလို့မလုပ်တာမျိုး ကြုံရတဲ့အခါ သိရက်နဲ့ တမင်မလုပ်ပေးတာလို့တွေးပြီး စိတ်ဆိုး မိတတ်တယ်။
  • လူတစ်ယောက်နဲ့ လူတစ်ယောက် စရိုက်မတူဘူး။ ဖြတ်သန်းလာရတဲ့ ဘ၀အတွေ့အကြုံမတူဘူး။ ဒါကြောင့် အခြေ အနေတစ်ခုကို မြင်ပုံခံစားပုံ အဓိပ္ပါယ်ကောက်ပုံမတူဘူး။ ကိုယ်မြင်သလို သူလည်းမြင်မယ်လို့ ပုံသေ မတွေးပါနဲ့။ ငါ မြင်သလို မမြင်ရကောင်းလားဆိုပြီး စိတ်မဆိုးပါနဲ့။ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပါ။
  • အလုပ်တစ်ခုကို ခိုင်းတဲ့အခါမှာ တတ်နိုင်သလောက် လိုအပ်သမျှ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံပေးပါ။ ခဏခဏ ကိုယ့်ဆီကိုလာပြီး မေးမနေရအောင် ကြိုကြိုတင်တင် ပြောပြပေးထားပါ။
  • လူတော်တော်များများဟာ ဒေါသဖြစ်ရတာကို ကော်ဖီစွဲသလိုကို စွဲနေကြတယ်။ အထူးသဖြင့် ရာထူးကြီးတဲ့သူ တွေပိုပြီး ဒေါသကြီးတတ်တယ်။ ဒေါသကြီးရတာကို ပါဝါတစ်မျိုးလို့ကို ခံစားရတယ်။ ပြောချင်သလို ပြောလိုက်ရတာမျိုးကို ပါဝါတစ်မျိုးလို ခံစားရတယ်။
  • ကိုယ်က ရာထူးကြီးကြီးလေလေ အောင်မြင်လေလေ ကိုယ့်ဆီက အကူအညီတောင်းမည့်သူတွေ အခွင့်အရေး တောင်းမည့်သူတွေ များလာလေပဲ။ တစ်ခါတစ်လေ အဲ့ဒိလူတွေကြောင့် စိတ်အနှောက်အယှက် အများကြီး ဖြစ်ရ တတ်တယ်။
  • လူတွေရဲ့ကောင်းတဲ့အချက်လေးတွေကို မကြာမကြာတွေးပါ။ အထူးသဖြင့်လူတစ်ယောက်ကို မကျေမနပ်ဖြစ် နေရင် သူ့အကြောင်းကောင်းတာလေးတွေ တွေးဖြစ်အောင်တွေးပါ။
  • ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ် ပြိုင်ဖက်ရှိပါတယ်။ ပြိုင်ဖက်တွေအပေါ်မှာ မနာလိုတဲ့စိတ်ဖြစ်တတ်တယ်။ ဒေါသစိတ် ဖြစ်တတ်တယ်။ ပြိုင်ဖက်တွေက ကိုယ့်ကိုဒုက္ခပေးနေတယ်လို တွေးတတ်တယ်။ တစ်ကယ်လည်း ဒုက္ခပေးတတ် ပါတယ်။ ရေရှည်မှာ အဆင်ပြေချင်ရင် ပြိုင်ဖက်တွေကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာနဲချင်ရင် ပြိုင်ဖက်တွေ အပေါ်မှာ သဘောထားကြီးကြီးထားပါ။ ပြိုင်ဖက်ရှိတာ ကောင်းတယ်လို့ သဘောထားပါ။ ပြိုင်ဖက်တွေကိုလည်း ကိုယ်တတ်နိုင်တဲ့ အကူအညီပေးပါ။
  • အလုပ်လုပ်တာ ငွေရဖို့တစ်ခုတည်း အတွက်အဟုတ်ပါဘူး။ စိတ်ချမ်းသာဖို့၊ မိတ်ဆွေကောင်းများဖို့၊ ကိုယ့်အလုပ်နဲ့ လူ့အသိုင်းအ၀ိုင်းကို အကျိုးပြုဖို့၊ ကိုယ့်အရည်အချင်းတွေကို သုံးရဖို့၊ ပါရမီဖြည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက် လေးတွေလည်းပါမှ လေးနက်မယ်။ အဓိပ္ပါယ်ရှိမယ်။ ကျေနပ်မှုရှိမယ်။
  • အသွားရှိရင် အပြန်ရှိတတ်တယ်လို့ သဘောထားရမယ်။ အဲ့သလိုသဘောထားတဲ့အခါ ကိုယ့်ဘက်က အသွားရှိပေမယ့် သူ့ဖက်က အပြန်မရှိတဲ့အခါ ဒေါသဖြစ်တတ်တယ်။ စိတ်ပျက်တတ်တယ်။ ဒါကြောင့်ဒေါသဖြစ်တာ နည်းချင်ရင်၊ စိတ်ညစ်ရတာ၊ စိတ်ပျက်ရတာနည်းချင်ရင် အသွားရှိတိုင်း အပြန်မရှိနိုင်ဘူး ဆိုတာကို မမေ့ပါနဲ့။ ကိုယ် တတ်နိုင်တဲ့အခါ ဘာမှပြန်မမျှော်လင့်ပဲ ကူညီလိုက်ပါ။
  • အခုပြောတဲ့အချက်တွေဟာ သိပြီးသားတွေပဲ များမယ်ထင်ပါတယ်။ သိပြီသားပေမယ့် မေ့နေတတ်လို့ သတိပေးတဲ့ အနေနဲ့ ပြောပြတာပါ။ ဆက်ပြီးတော့ စဉ်းစားပါ။ ကိုယ့်ဒေါသကို ကိုယ်သိပြီးတော့ ထိန်းသိမ်းနိုင်တဲ့သူ ၊ရင့်ကျက်တဲ့သူ၊ အကျိုးရှိတဲ့အလုပ်တွေကို များများလုပ်နိုင်ပြီး စိတ်ကျေနပ်မှုရတဲ့သူတွေ ဖြစ်ကြပါစေ။

(ဆက်ဖတ်ချင်ရင်...း)

Friday, July 18, 2008

ဖားအော်သံများ

လယ်သမားကြီးတစ်ယောက် မြို့ပေါ်က စားသောက်ဆိုင် တစ်ဆိုင်ထဲကို ၀င်လာပြီး ဆိုင်ပိုင်ရှင်ကို ဖားခြေထောက် တစ်သန်းလောက် လိုချင်လားလို့ မေးပါတယ်။ ဆိုင်ပိုင်ရှင်လည်း အံ့သြသွားပြီး ဒီလောက်များတဲ့ ဖားခြေထောက်တွေကို ဘယ်ကရမှာလည်းလို့ မေးလိုက်ပါတယ်။ လယ်သမားကြီးက “ကျုပ်အိမ်နားက ရေကန်တစ်ကန်ထဲမှာ ဖားတွေအပြည့်ပဲ။ တစ်သန်းလောက် ရှိတယ်။ အဲဒီ အကောင်တွေ တစ်ညလုံးကို အော်ဟစ်ဆူညံနေတာ။ ကျုပ်ရူးတောင် ရူးချင်တယ်” လို့ ပြောပါတယ်။

ဒီလိုနဲ့ ဆိုင်ပိုင်ရှင်နဲ့ လယ်သမားကြီးတို့ တစ်ပတ်ကို ဖားအကောင်(၅၀၀) နှုန်းနဲ့ အရောင်းအ၀ယ်လုပ်ဖို့ သဘောတူလိုက်ကြပါတယ်။

ပထမဆုံးအပတ်မှာပဲ လယ်သမားကြီးက ဖားပိန်လေး(၂)ကောင်ကို ကိုင်ရင်း ရှက်တက်တက် မျက်နှာပေးနဲ့ စားသောက်ဆိုင်ကို ပြန်ရောက်လာပါတယ်။ ဆိုင်ပိုင်ရှင်က “ခင်ဗျား... ဖားတွေရော” လို့ မေးတော့ လယ်သမားကြီးက “ကျုပ်... မှားပြောတာဗျ။ အမှန်က ကန်ထဲမှာ ဒီ(၂)ကောင်ပဲ ရှိတာ။ ဒါပေမယ့် ဒီကောင်တွေရဲ့ အသံက တော်တော့ကို ဆူတာပဲဗျာ” လို့ ပြန်ပြောလိုက်ပါတယ်။

နောက်တစ်ခါ တစ်စုံတစ်ယောက်က သင့်ကို ဝေဖန်ရှုံ့ချတာ၊ လှောင်ပြောင်သရော်တာ ကြုံတိုင်း ဒါဟာ သံသေးသံကြောင်နဲ့ အော်နေတဲ့ ဖား(၂)ကောင်ပဲ ဖြစ်တယ်ဆိုတာ သတိရလိုက်ပါ။ ပြဿနာတွေဟာ အမှောင်ထဲမှာ (ရှင်းရှင်းလင်းလင်း မသိရခင်မှာ) ပိုပြီး ကြီးမားသယောင် ဖြစ်နေတတ်တာကိုလည်း မမေ့ပါနဲ့။ ဖားအကောင် (၁)သန်းလောက်ရဲ့ အော်သံတွေလို ကိုယ့်ကိုလွှမ်းမိုးဖိစီးနေတဲ့ အရာတွေအတွက် အိပ်ယာထဲမှာ စိတ်ပူပန်မှုကြီးစွာ ဖြတ်သန်းရတဲ့ ညတွေ ကြုံဖူးပါသလား။ တကယ်တော့ နောက်တနေ့ မနက်ရောက်လို့ ပြဿနာကို သေချာဆန်းစစ်ကြည့်တဲ့အခါ ကိုယ်ပူပန် တုန်လှုပ်နေတဲ့ကိစ္စ ဘယ်လောက် သေးငယ်သလဲဆိုတာကို တအံ့တသြ တွေ့ရဖို့များပါတယ်။

Forward Email ကရတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်ပြီး မျှဝေတာပါရှင်။ ကျွန်မတသက်မှာလည်း ဖားအော်သံတွေကြောင့် ဆုံးရှုံးခဲ့တဲ့ ညအိပ်ချိန်တွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့ နေ့ခင်းအချိန်တွေ မနည်းလှတော့ပါဘူး။ အမှောင်ထဲက ဖားအော်သံတွေကို လိုတာထက် ပိုဂရုစိုက်တတ်တဲ့ ကျွန်မအကျင့်ကို ပြင်ရဦးမယ်လို့ ကိုယ့်ကိုကိုယ် ဆုံးမရင်း အားလုံးလည်း အပြုသဘောမဆောင်တဲ့ ဖားအော်သံတွေနဲ့ ဝေးနိုင်သမျှဝေးပြီး ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို GI Designs Website က ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Thursday, July 17, 2008

ပူဇော်ကြမယ်ဆိုရင်

ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေအတွက် အထွတ်အမြတ်ဖြစ်တဲ့ ၀ါဆိုလပြည့်နေ့ ရောက်လို့လာပြန်ပါပြီ။ မြတ်စွာဘုရား ပဋိသန္ဓေတည်ခဲ့တဲ့၊ တောထွက်ခဲ့တဲ့၊ ဓမ္မစကြာတရားဦး ဟောကြားတော်မူခဲ့တဲ့၊ တရားဦးကြောင့် သောတာပန်စတင် ပေါ်ထွန်းခဲ့သလို သံဃာရတနာလည်း စတင်ပေါ်ထွန်းခဲ့တဲ့ ဒီလို နေ့ထူးနေ့မြတ်မှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ပို့စ်လေးတစ်ခု ရေးချင်စိတ်ဖြစ်မိပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က ဘာသာရေးဗဟုသုတ ကြွယ်ဝလွန်းသူမဟုတ်ဘဲ အခုမှ လေ့လာဆည်းပူးဆဲပဲ ရှိသေးတာကြောင့် မြတ်စွာဘုရားကို အမွှေးတိုင်နဲ့ပန်း ပူဇော်တာနဲ့ပတ်သက်ပြီး ကျွန်မမှတ်သားမိတာလေး တချို့ကိုပဲ မျှဝေလိုက် ပါရစေ။

အမွှေးတိုင်

မြတ်စွာဘုရားကို အမွှေးတိုင်ပူဇော်တာနဲ့ ပတ်သက်ပြီး တနေ့ကမှ ကျွန်မသိလိုက်ရတာက ဘုရားဆင်းတုတော်ရှေ့မှာ အမွှေးတိုင်ပူဇော်တာ မသင့်တော်ဘူး ဆိုတာပါပဲ။ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ “နံ့သာဖြင့် ထုံမွှမ်းအပ်သော” ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားတယ်လို့ မောင်ငယ်လေး အောင်ဦးက ပြောပြလို့ သိရတာပါ။ ဆရာတော် မိန့်သလို အမွှေးနံ့သာနဲ့ ပူဇော်တာလို့ ဆိုကြပေမယ့် အမှန်တကယ်က ညှော်နံ့နဲ့မီးခိုးတွေသာ ထွက်လာတာကြောင့် ပူဇော်တဲ့ ကိုယ်ကိုယ်တိုင်တောင်မှ အဲဒီအနားမှာ ကြာကြာမနေနိုင်တာ အခုမှ တွေးမိပါတယ်။ မြတ်စွာဘုရားကို သက်တော်ထင်ရှား ရှိတော်မူသလို ပူဇော်ရမှာဆိုတော့ သေချာတွေးကြည့်ရင် တကယ်ကို မသင့်တော်တာပါ။ “ကိုယ်ကိုယ်တိုင်တောင် အနံ့မခံနိုင်လို့ အမွှေးတိုင်ထွန်းပြီးတာနဲ့ ဘုရားခန်းထဲကနေ အပြင်ထွက်သွားပြီးတော့ ဘုရားကိုကျတော့ အမွှေးတိုင်ညှော်နဲ့ ဘုရားခန်းထဲမှာ ပစ်ထားတယ်ဆိုရင် ဒါဟာ ဘုရားကို သက်သက်ဒုက္ခပေးတာပဲ” လို့ ဆရာတော်က မိန့်ပါတယ်။ ကျွန်မအတွက်တော့ တကယ်ကို တန်ဖိုးရှိပြီး အရင်က မတွေးခဲ့မိတဲ့ အသိတစ်ခုပါပဲ။

ပန်း

နောက်တစ်ခုက ပန်းကပ်လှူပူဇော်တာနဲ့ ပတ်သက်ပြီး အကျိုးရှိမယ်ထင်တဲ့ နည်းလမ်းလေးတစ်ခုပါ။ ရုံးတက်ရက်တွေကြောင့် တပတ်မှတစ်ခါပဲ ဈေးမှာ ဘုရားပန်းသွားဝယ်နိုင်တဲ့ ကျွန်မလို လူမျိုးတွေ အတွက် တော်တော်လေး အသုံးဝင်ပါတယ်။ တပတ်မှ တစ်ခါပဲ ဘုရားပန်းလဲနိုင်တာကြောင့် ဘုရားပန်းညှိုးသွားရင် အမြဲစိတ်မကောင်း ဖြစ်ရပါတယ်။ တနေ့တော့ ကျွန်မနဲ့အတူနေတဲ့ သူငယ်ချင်းက သူ့လုပ်ဖော်ကိုင်ဘက် ညီမငယ်ဆီက ရလာတဲ့ နည်းလမ်းလေးတစ်ခု ပြောပြပါတယ်။ ဘုရားပန်းအိုးထဲက ရေထဲကို သကြားအနည်းငယ် ရောထည့်ပြီး ပန်းထိုးထားရင် အကြာကြီးခံပါတယ်တဲ့။ အဲဒါနဲ့ ကျွန်မလည်း တပတ်လုံး ပန်းအိုးကို ရေလဲတိုင်း သကြားထည့်ထည့်ပြီး စမ်းကြည့်မိပါတယ်။ အဲဒီအခါ အရင်က စနေမှာဝယ်ထားတဲ့ပန်းက ကြာသပတေးနေ့ လောက်ဆို အရမ်းညှိုးသွားပေမယ့် ဒီတစ်ခါမှာတော့ ပန်းအသစ်ဝယ်လာလို့ လွှင့်ပစ်ရတဲ့အချိန်ထိ ပန်းတွေလန်းနေတုန်းဆိုတာ ၀မ်းသာစရာ တွေ့ရပါတယ်။ ဈေးမကြာခဏသွားနိုင်လို့ ပန်းညှိုးတိုင်း လဲပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့နော်။ ဒါပေမယ့် ကျွန်မတို့လို မကြာခဏ လဲမပေးနိုင်တဲ့သူတွေအတွက် ဘုရားပန်း အမြဲလန်းစေချင်ရင် အင်မတန် အသုံးဝင်တဲ့ နည်းလမ်းကောင်းလေး တစ်ခုပါပဲ။

တန်ဖိုးရှိတဲ့ ဗဟုသုတတွေ ပြောပြပေးတဲ့ မောင်ငယ်လေး အောင်ဦးနဲ့ ချစ်သူငယ်ချင်း သဇင်ကို အထူးကျေးဇူးတင်ပါတယ်။ အားလုံးပဲ ၀ါဆိုလပြည့်နေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင်း)

(ဆက်ဖတ်ချင်ရင်...း)

Sunday, July 13, 2008

ဒေါသနည်းအောင်နေနည်း(၁)

ဆရာတော်ဦးဇောတိကရဲ့ “မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း” တရားတော်များပါရှင်။ မောင်ငယ်လေး သုခရိပ် ကျွန်မကို ဓမ္မဒါနပေးဝေတာ အရမ်းသဘောကျမိလို့ ပြန်ပြီး မျှဝေတာပါ။ ကျွန်မတို့ရဲ့ နေ့စဉ်ဘ၀တွေမှာ တကယ်ကို လက်တွေ့အသုံးဝင်တာမို့လို့ နေတတ်အောင် အများကြီး ကြိုးစားရဦးမယ့် ကျွန်မလည်း ကိုယ့်ဘာသာ မကြာခဏပြန်ဖတ်လို့ ရအောင် တင်ထားတာပါရှင်။ ဖတ်ပြီးတဲ့အချိန်မှာ ကျွန်မတို့ရဲ့ ဗုဒ္ဓဘာသာ တရားတော်တွေဟာ လောကီအတွက်ရော လောကုတ္တရာအတွက်ပါ ပြီးပြည့်စုံလှတယ်လို့ ထင်မြင် ကျေနပ်မိပါတယ်။ အားလုံး ငြိမ်းချမ်းကြပါစေရှင်...

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက် ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

  • သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ။ ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့ စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။
  • သုံးနေကျ ပစ္စည်းကို ကြိုကြိုတင်တင် ၀ယ်ထားပါ။ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာ မဖြစ်အောင်နော်။
  • ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့ မပေးပါနဲ့။ ကတိပေးပြီးမှ မတည်နိုင်တဲ့အခါ စိတ်ဆင်းရဲရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့ အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
  • မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့ လိုတယ် ။ ကိုယ့်ရည်မှန်းချက်ကို နည်းနည်းချင်း ဖြေးဖြေးမြှင့်ပါ။
  • ကိုယ့်အတွက် အရေးကြီးတဲ့ကိစ္စကို လုပ်ဖို့ အချိန်လုံလောက်အောင် စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်းတယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကို လုပ်ဖို့အားတက်လာမယ်။
  • စနစ်တကျ လုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန် သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်းရတာလဲ နည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နည်းသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျရင် လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာ ကောင်းတယ်။ အခုလုပ်ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။
  • ကိုယ်နေရတဲ့နေရာ၊ ကိုယ်အလုပ်လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင် ပြုပြင်ပါ။ ရှုပ်ထွေး ၊ညစ်ပတ် ၊နံစော်နေတဲ့ နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
  • စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာ မရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲပေါ်မှာ စိတ်ကို အနှောင့်အယှက်ပေးနိုင်တဲ့ အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မယ့် ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာ ကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကို ကြည်လင်အေးချမ်း သွားစေနိုင်တဲ့ ရှုခင်းဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက်နေတယ်လို့ မှန်းကြည့်ပါ။ ကိုယ်မြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောင့်အယှက်မှ မရှိဘူး။
  • အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင် မတတ်နိုင်ရင်တော့ နည်းနိုင်သမျှ နည်းအောင် လုပ်ပါ။
  • ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ် တတ်တာသဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီ တောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်။
  • စိတ်အေးအေးချမ်းချမ်း နေချင်ရင် သူများအကြောင်းကို တတ်နိုင်သလောက် မပြောပဲနေတာ ကောင်းတယ်။ အထူးသဖြင့် သူများမကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်က သူများမကောင်းကြောင်းကို ပြောရင် ကိုယ့်မကောင်းကြောင်းကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများက မကောင်းပြောရင်တောင်မှ သူပြောတာ မဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်းကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောဘဲထားလိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။
  • စိတ်အနှောင့်အယှက်ဖြစ်ရတာ နည်းချင်ရင် မလိုအပ်ဘဲနဲ့ လူများများနဲ့ မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့တစ်နေ့ လူတွေနဲ့ စကားပြောရတာ နည်းမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ ပြောချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကို မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူကို ပြောရင် ကိုယ်ပါ စိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေ များလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မယ့်အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ်ဆိုတာကို သေသေချာချာ စဉ်းစားပါ ။
  • အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေး လုပ်တတ်အောင် လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေတဲ့သူဟာ စိတ်တိုဖို့ ပိုများတယ်။ မှားလို့ ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် “အရင်လိုရင် အရနှေးတယ်” လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့ အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးတယ်။
  • လတ်တလော အဆင်ပြေအောင် လွယ်လွယ်နဲ့ ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လို အခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ့်ကို အင်မတန်သဘောကောင်းတယ်လို့ မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင် မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်စေတနာ မှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့အလုပ် မညီတာတွေ များလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာ မဟုတ်တော့ဘူး ။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ ။ ပေးနိုင်တာထက် နည်းနည်းလျှော့ပြောတာ ကောင်းတယ်။
  • အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငြင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ငြင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုယ်သိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်း မဖြေသင့်ဘူး။
  • အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင်း ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်း နိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့ စိတ်ထားမျိုးကို မွေးယူရမယ်။
  • ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှု ရှိပါတယ်၊ အခက်အခဲ ရှိပါတယ် ။ ဆရာဝန်အလုပ် ခက်သလို ကျောင်းဆရာအလုပ်လည်း ခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ် ခက်သလို ကားမောင်းတဲ့ အလုပ်လည်း ခက်ပါတယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်း စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့အသက်ကို လုနေရတဲ့အခါမျိုးမှာ သေမင်းနဲ့ ရင်ဆိုင်တိုက်ပွဲလို ဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုးတကြီးနဲ့ ကြည့်တဲ့မျက်လုံးရဲ့ အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ ကျောင်းသားရဲ့စိတ်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတော့သလို ဖြစ်သွားတာဟာ တော်တော်သနားစရာ ကောင်းပါတယ်။ ကိုယ့်တပည့်လေး အောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့ မလွယ်တော့ဘူး။
  • လူများများနဲ့ ဆက်ဆံရတဲ့ အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကို စိတ်ကျေနပ်အောင် ဘယ်သူမှ လုပ်မပေးနိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုး ကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့ တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူး။ စိတ်ရှည်ရှည်ထားမယ်လို့ မကြာခဏ နှလုံးသွင်းပါ။
  • လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ ။ သူတို့ကို နားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေး အဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက်စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်ကကိုယ်ချင်းစာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီး နေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစား ဆွေးနွေးပါ။

(ဆက်ဖတ်ချင်ရင်...း)

Saturday, July 12, 2008

ပိတ်မိနေသူ

ရူးအောင်လုပ်ခဲ့တာလားကွယ်
အတိတ်ရေယာဉ်ကြောမှာ မြုပ်ချည်ပေါ်ချည်နဲ့
တမျှော်တခေါ် မျောချင်တိုင်းမျောနေတာ

အရူးတပိုင်းကို ဖြစ်လို့...

သိပ်ရှက်အောင် နှိပ်စက်ခဲ့တာလားကွယ်
သူတို့ပြောတဲ့ ခါးသက်သက်ဟာသတွေထဲမှာ
ကိုယ်က အဓိကမင်းသမီးဖြစ်ပြီး
သတင်းတွေကို ကြီးလို့...

ခံစားချက် အရင်းအမြစ်ကို

ဒီနေ့မှ စာရင်းစစ်ကြည့်တော့
အို...
တစ်နှစ်တောင် မကတော့ပြီပဲ

ဒါပေမယ့်
အရာရာဟာ...
အသစ်အသစ်တွေလို ကိုယ့်ကို ရူးစေဆဲ
အချစ်...အချစ်... လို့
ကိုယ့်ကို လှောင်ရယ်ဆဲ

ကိုယ်ကလည်း...

အဖြစ်အပျက်တွေထဲမှာ
နစ်သထက်နစ်ရင်း
အတိတ်မှာပဲ ပိတ်မိနေဆဲ...

ကြိတ်ပြီး ကြေကွဲရင်းနဲ့...

သြော်...
ထပ်ပြီး...
ပိတ်မိနေဆဲ...

ရွှေပြည်သူ
(၁၂.၀၇.၂၀၀၈ ~ မနက် ၀၀း၁၂ နာရီ)

မှတ်ချက်
။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို Flickr Website က ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Wednesday, July 9, 2008

အကောင်းဆုံးလက်ဆောင်

ကျွန်တော် အထက်တန်းကျောင်း တက်ခါစ နေ့တစ်နေ့မှာ အတန်းထဲက ကောင်လေးတစ်ယောက် ကျောင်းကနေ အိမ်ကိုပြန်လာတာ တွေ့ရပါတယ်။ သူ့နာမည်က Kyle ပါ။ သူ့ကိုကြည့်ရတာ ရှိသမျှစာအုပ်တွေ အားလုံးကို သယ်လာသလိုပါပဲ။ “ဘယ်သူကများ သောကြာနေ့မှာ ရှိသမျှစာအုပ်တွေ အိမ်ကို သယ်လာပါလိမ့်။ စာဂျပိုးပဲ ဖြစ်ရမယ်” လို့ တွေးလိုက်မိပါတယ်။ ကျွန်တော့မှာတော့ စနေ တနင်္ဂနွေပိတ်ရက်အတွက် အစီအစဉ်တွေ (ပါတီတွေရယ်၊ သူငယ်ချင်းနဲ့ နောက်တစ်နေ့ နေ့လည်မှာ ဘောလုံးကန်ဖို့ရယ်) ရှိတာကြောင့် ပခုံးတွန့်လိုက်ပြီး ဆက်လျှောက်လာမိပါတယ်။

လျှောက်လာတုန်းမှာပဲ ကျောင်းသားတစ်စု စောစောက ကောင်လေးရှိရာဆီကို ပြေးသွားတာ မြင်လိုက်ရပြီး ကောင်လေးစာအုပ်တွေကို သူ့လက်ထဲကတိုက်ချရင်း ကောင်လေးကိုလည်း ခြေထောက်ငြိပြီး လဲကျအောင်လုပ်တာကြောင့် သူ့ခမျာ ရွှံ့တွေဗွက်တွေထဲကို ရောက်သွားပါတယ်။ သူ့မျက်မှန်လေးလည်း လွင့်သွားပြီး သူနဲ့၁၀ပေလောက် အကွာအဝေးက မြက်တွေကြားမှာ ကျနေတာကို မြင်လိုက်ရပါတယ်။ သူမော့လိုက်တဲ့အချိန်မှာ သူ့ရဲ့သိပ်ကိုဝမ်းနည်းနေတဲ့ မျက်လုံးတွေကို မြင်လိုက်ရပါတယ်။ ကျွန်တော့နှလုံးသား တစ်ခုလုံး သူ့ဆီကို ရောက်သွားသလိုပါပဲ။ သူက လေးဘက်ကလေးထောက်ပြီး ပတ်ပတ်လည်မှာ သူ့မျက်မှန်ကို စမ်းပြီးရှာနေတုန်း ကျွန်တော် သူ့ဆီကို အပြေးတပိုင်း သွားလိုက်မိပါတယ်။ သူ့မျက်လုံးထဲမှာလည်း မျက်ရည်စတွေနဲ့။ သူ့မျက်မှန်လေးကို လှမ်းပေးရင်း “အဲဒီကောင်တွေက အလကား လူမိုက်တွေပါ။ အဓိပ္ပါယ်မရှိတာတွေပဲ လျှောက်လုပ်နေတယ်”လို့ ပြောလိုက်မိတယ်။ သူက ပြန်ကြည့်ရင်း “ကျေးဇူးပဲကွာ” လို့ ပြန်ပြောပြီး အားရပါးရပြုံးပြပါတယ်။ တကယ်ကို ကျေးဇူးတင်တဲ့ အပြုံးမျိုးနဲ့ပါ။

ကျွန်တော် သူ့စာအုပ်တွေ ကူကောက်ပေးရင်း ဘယ်မှာနေလည်း မေးလိုက်ပါတယ်။ သူ ကျွန်တော့်အိမ်နဲ့ ခပ်နီးနီးမှာပဲ နေမှန်းသိလိုက်ရတော့ သူ့ကို ကျွန်တော်အရင်က ဘာလို့မတွေ့ဖူးပါလိမ့်လို့ မေးလိုက်မိတယ်။ သူအရင်က ပုဂ္ဂလိကကျောင်းမှာ နေခဲ့ကြောင်း ပြောပြပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ ပုဂ္ဂလိကကျောင်းသားနဲ့ မတွဲခဲ့ဖူးဘူး။ ကျွန်တော်တို့ အိမ်အပြန်လမ်းတစ်လျှောက်မှာ စကားတွေ ပြောခဲ့ကြပြီး ကျွန်တော် သူ့စာအုပ်တွေကို သယ်လာပေးပါတယ်။ သူက ခင်ဖို့ကောင်းတဲ့သူ တစ်ယောက်ဆိုတာ သိလိုက်ရတယ်။ သူကျွန်တော်တို့နဲ့ လာမယ့် စနေနေ့မှာ ဘောလုံးကန်ချင်လားလို့ မေးလိုက်တော့ သူက ကန်ချင်တယ်တဲ့။ စနေ တနင်္ဂနွေကျောင်းပိတ်ရက်၂ရက်လုံး ကျွန်တော်တို့(၂)ယောက် တွဲဖြစ်ပြီး သူ့အကြောင်းသိလေ သူ့ကို ပိုခင်လာလေပါပဲ။ ကျွန်တော့ သူငယ်ချင်းတွေကလည်း ကျွန်တော့လိုပဲ သူ့ကို ခင်လာကြပါတယ်။ တနင်္လာနေ့မှာတော့ စာအုပ်တွေ အများကြီးနဲ့ Kyle ကို တွေ့ရပြန်ပါတယ်။ ကျွန်တော် သူ့ကိုတားပြီး “ဟေ့ကောင်ရ မင်း အဲဒီလိုသာ စာအုပ်အပုံလိုက် နေ့တိုင်းသယ်နေရင် ကြာရင်ဗလကြီး ဖြစ်လာလိမ့်မယ်” လို့ ပြောတော့ သူကရယ်ပြီး စာအုပ်တ၀က် ကျွန်တော့ကို ခွဲပေးပါတယ်။

နောက်ထပ်၎နှစ် အတောအတွင်းမှာ ကျွန်တော်နဲ့ Kyle တို့ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။ အထက်တန်းပြီးခါနီးမှာ ကောလိပ်ကျောင်းအတွက် ကျွန်တော်တို့ စဉ်းစားကြရပါတော့တယ်။ Kyle က Georgetown ကိုတက်မယ် ဆုံးဖြတ်ပြီး ကျွန်တော်က Duke မှာ တက်ဖြစ်မှာပါ။ ကျွန်တော်တို့(၂)ယောက်ဟာ ထာဝရ သူငယ်ချင်းတွေ ဖြစ်နေကြမှာဆိုတော့ မိုင်အကွာအဝေးတွေက အရေးမကြီး တော့ပါဘူး။ သူက ဆေးပညာလေ့လာမှာဖြစ်ပြီး ကျွန်တော်ကတော့ ဘောလုံးကရတဲ့ ပညာသင်ဆုနဲ့ စီးပွားရေးပညာ ဆက်လေ့လာမှာပါ။ Kyle က ကျွန်တော်တို့ အတန်းရဲ့ အထူးချွန်ဆုံးကျောင်းသားပါ။ ကျွန်တော်က သူ့ကို စာဂျပိုးလို့ အမြဲနောက်နေကျလေ။ အဲဒါကြောင့် အခုလည်း သူက အထက်တန်း အောင်လက်မှတ်ပေးပွဲမှာ ကျေးဇူးတင်စကားပြောဖို့ ပြင်ဆင်နေရပါတယ်။ ကျွန်တော်ကတော့ ကိုယ်အဲဒီလို မပြောရတာကိုပဲ ပျော်နေတာပါ။ အောင်လက်မှတ်ပေးပွဲမှာ Kyle သိပ်ကို ကြည့်ကောင်းနေပါတယ်။ သူဟာ အထက်တန်း ကျောင်းသားဘ၀မှာ ပိုရင့်ကျက်လာပြီး ကိုယ့်ကိုကိုယ် ပိုနားလည်လာတဲ့ ကျောင်းသားတွေထဲက တစ်ယောက်ပါ။ နည်းနည်းလည်း ပိုပြည့်ဖြိုးလာပြီး မျက်မှန်နဲ့ အရင်ကထက် ကြည့်လို့ ပိုကောင်းနေပါတယ်။ သူ့နဲ့တွဲချင်တဲ့ ကောင်မလေးတွေ ကျွန်တော့ထက်တောင်များပြီး ကောင်မလေးတွေက သူ့ကို သိပ်သဘောကျကြပါတယ်။ တခါတလေ မနာလိုတောင် ဖြစ်မိပါသေးတယ်။

ဒီနေ့ဟာ တကယ့်နေ့ပါပဲ။ သူ့ကိုကြည့်ရတာလည်း စင်ပေါ်မှာပြောရမယ့် စကားတွေအတွက် စိတ်လှုပ်ရှားနေပုံပါပဲ။ အဲဒါကြောင့် သူ့ကျောကို လှမ်းရိုက်လိုက်ပြီး “ဟေ့ကောင်ကြီး မင်းပြောတာ ကောင်းမှာပါကွ” လို့ လှမ်းပြောလိုက်တော့ သူက ကျေးဇူးတင်တဲ့အကြည့်နဲ့ ပြန်ကြည့်ရင်း “ကျေးဇူးပဲကွာ” လို ပြန်ပြောပါတယ်။

စင်ပေါ်ရောက်တော့ သူကလည်ချောင်းကို တချက်ရှင်းလိုက်ရင်း စကားစပြောပါတယ်။ “အခုလို အောင်လက်မှတ်ပေးပွဲ အခမ်းအနားဟာ ကျွန်တော်တို့ ခက်ခဲတဲ့စာသင်နှစ်တွေ ဖြတ်သန်းနေချိန်မှာ အကူအညီပေးခဲ့တဲ့သူ အားလုံးကို ကျေးဇူးတင်စကားပြောရမယ့် အချိန်ဖြစ်ပါတယ် ခင်ဗျာ။ ကျေးဇူးရှင် မိဘ ဆရာသမားတွေ၊ ညီအစ်ကို မောင်နှမတွေ၊ နည်းပြဆရာတွေ ပါသလို သူငယ်ချင်းတွေကိုလည်း အရမ်းကျေးဇူးတင်ရမှာပါ။ ကျွန်တော် ဒီနေရာကနေ ပြောချင်တာကတော့ တစ်စုံတစ်ယောက်ရဲ့ သူငယ်ချင်းကောင်းအဖြစ် ရပ်တည်တာဟာ အဲဒီတစ်စုံတစ်ယောက်ကို ကျွန်တော်တို့ပေးနိုင်တဲ့ အကောင်းဆုံးသော လက်ဆောင်ပါ။ ကျွန်တော် ဇာတ်လမ်းလေး တစ်ပုဒ်ပြောပြချင်ပါတယ်...” လို့ အစချီပြီး ကျွန်တော်တို့(၂)ယောက် စတွေ့ခဲ့တဲ့ နေ့အကြောင်းကို Kyle ပြောပြနေချိန်မှာတော့ ကျွန်တော်သူ့ကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်နေမိပါတယ်။ သူဟာ အဲဒီ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ သူ့ကိုယ်သူ သတ်သေဖို့ စီစဉ်ခဲ့ပါတယ်တဲ့။ ဒါကြောင့် သူ့ပစ္စည်းတွေထားတဲ့ Locker လေးကိုတောင် သူ့အမေ သန့်ရှင်းစရာမလိုအောင် သေချာသန့်ရှင်းပြီး စာအုပ်တွေ အားလုံးကို အိမ်ကိုပြန်သယ်ခဲ့ပါတယ်တဲ့။ ပြောနေရင်း သူကျွန်တော့ကို လှမ်းကြည့်ပြီး ပြုံးပြပါတယ်။ “ကျေးဇူးကြီးစွာနဲ့ပဲ ကျွန်တော့သူငယ်ချင်းက မပြောကောင်း မဆိုကောင်း အဖြစ်ကနေ ကျွန်တော့ကို ကယ်တင်ခဲ့ပါတယ်။” ပရိတ်သတ်တွေဆီက ဒီရုပ်ချောလူသိများတဲ့ လူတော်ကောင်လေးက သူ့ရဲ့နိမ့်ကျအားနည်းချိန်တွေကို ပြန်ပြောနေတာကို ရင်သတ်ရှုမောဖြစ်သံတွေ ကြားနေရပါတယ်။ အဲဒီအချိန်မှာ Kyle ရဲ့အဖေနဲ့အမေကလည်း ကျွန်တော့ကို ကျေးဇူးတင်တဲ့အပြုံးတွေနဲ့ လှမ်းကြည့်နေကြပါတယ်။ အဲဒီအချိန်ကျမှ အဲဒီကျေးဇူးတင်အပြုံးရဲ့ လေးနက်မှု အတိမ်အနက်ကို ကျွန်တော် သဘောပေါက်သွားတော့တယ်ဗျာ...

ကိုယ့်အပြုအမှုတွေရဲ့ အစွမ်းသတ္တိကို ဘယ်တော့မှ လျော့မတွက်ပါနဲ့။ အပြုအမူသေးသေးလေး တစ်ခုက လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲပြစ် နိုင်ပါတယ်။ ပိုကောင်းသွားစေနိုင်သလို ပိုလည်းဆိုးသွားစေနိုင်ပါတယ်။

“သူငယ်ချင်းတွေဆိုတာ ကိုယ့်အတောင်ပံတွေက ဘယ်လိုပျံသန်းရသလဲဆိုတာ မေ့နေတဲ့အချိန်မှာ ကိုယ့်ခြေထောက်တွေပေါ်မှာ ရပ်နိုင်အောင် ချီမပေးတဲ့ နတ်သားနတ်သမီးတွေပါပဲ”

ဒီနေရာကနေ ဘာသာပြန် မျှဝေတာပါရှင်။ ဒီပို့စ်လေးကို ဒီနေ့(၀၉.၀၇.၂၀၀၈) မှာ မွေးနေ့ကျရောက်တဲ့ သူငယ်ချင်း(၂)ယောက်အတွက် အမှတ်တရ ရေးခဲ့တာပါ။ ပထမတစ်ယောက်က မောင်ငယ်လေး သုခရိပ် ပါ။ ကျွန်မက ဇာတ်လမ်းထဲက ကောင်လေးလို ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင် စိတ်မညစ်ဖူးပေမယ့် စိတ်သောက ခံစားရချိန်တွေမှာ တရားရေအေးနဲ့ အမြဲအေးချမ်းစေတဲ့ မောင်လေး သုခရိပ်ဟာ ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်းပါ။ မောင်လေး ဒီနေ့မွေးနေ့ကနေ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့ သာသနာအကျိုးကို သယ်ပိုးနိုင်သူတစ်ယောက် ဖြစ်ပါစေ။

နောက်တစ်ယောက်ကတော့ ကျွန်မ Blog ကို ဘယ်တော့မှ ဖတ်ပေးလေ့မရှိတဲ့ ကျွန်မသူငယ်ချင်း (ကျွန်မအခေါ်) “ဂျာရစ်”ပါး)) ကျွန်မစိတ်ညစ်ချိန်တွေမှာ ကျွန်မပြောသမျှတွေကို မညီးမညူ စိတ်ရှည်လက်ရှည် နားထောင် ပေးတတ်သလို၊ အကောင်းဆုံး အကြံဥာဏ်တွေ ပေးလေ့ရှိတဲ့ ကျွန်မရဲ့ သူငယ်ချင်းကောင်းကြီး နောင်နှစ်ပေါင်းများစွာတိုင် အသက်ရှည်ကျန်းမာပျော်ရွှင်ပြီး ပြီးပြည့်စုံတဲ့ ဘ၀တစ်ခု ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒါ့အပြင် ကျွန်မကို အကောင်းဆုံးလက်ဆောင်တွေ ပေးထားကြတဲ့ ကျွန်မရဲ့ သူငယ်ချင်းကောင်း အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်တဲ့အကြောင်း လေးလေးနက်နက် ပြောချင်ပါတယ်ရှင်... အားလုံး ဘ၀တလျှောက်လုံးမှာ သူငယ်ချင်းကောင်းတွေနဲ့ပဲ တွေ့ဆုံနိုင်ကြပါစေ...

(ဆက်ဖတ်ချင်ရင်...း)

Tuesday, July 8, 2008

ဘာပဲဖြစ်ဖြစ်

မာသာထရီဇာရဲ့ အဖိုးတန်စကားတွေပါ။ ရိုးရှင်းပြီး တန်ဖိုးရှိသလို ကျွန်မလို သာမာန်လူအတွက်တော့ တကယ်လက်တွေ့ ကျင့်ကြံနိုင်ဖို့ အများကြီး ကြိုးစားရဦးမှာပါ။ ဒီနေရာက ဘာသာပြန် မျှဝေတာပါရှင်။

  • လူတွေဟာ တခါတရံမှာ မျှတမှု၊ မှန်ကန်စွာတွေးခေါ်မှု တို့ မရှိဘဲ သူတို့အတွက်ပဲ ကြည့်တတ်ကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကို ခွင့်လွှတ်လိုက်ပါ။
  • သင်ဟာ ကြင်နာတတ်ပေမယ့် လူတွေက တကိုယ်ကောင်းဆန်သူ၊ ကောက်ကျစ်တဲ့ အကြံအစည်ရှိသူလို့ စွပ်စွဲချင် စွပ်စွဲကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး ကြင်နာပါ။
  • သင် အောင်မြင်ခဲ့ရင် မိတ်ဆွေအတုတွေနဲ့ ရန်သူအစစ်တွေ ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး အောင်မြင်အောင် လုပ်ပါ။
  • သင်ဟာ ရိုးသားပွင့်လင်းရင် လူတွေက သင့်ကို လိမ်လည်လှည့်ဖျား ကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး ရိုးသားပွင့်လင်းပါ။
  • သင်နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ အရာတစ်ခုကို တစ်စုံတစ်ယောက်က တစ်ညထဲနဲ့ ဖျက်ဆီးပစ်နိုင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး တည်ဆောက်ပါ။
  • သင် တည်ငြိမ်အေးချမ်းစွာနဲ့ ပျော်ရွှင်နေရင် မနာလိုသူတွေ ရှိချင်ရှိလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီးပျော်ရွှင်ပါ။
  • သင် ဒီနေ့လုပ်တဲ့ ကောင်းမှုကို မနက်ဖြန်မှာ လူတွေ မေ့ချင် မေ့သွားကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကောင်းမှုတွေ ဆက်လုပ်ပါ။
  • လောကကို သင့်မှာရှိတဲ့ အကောင်းဆုံးတွေ ပေးပါ။ အဲဒါဟာ လုံလောက်မှာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သင့်ရဲ့အကောင်းဆုံးတွေ လောကကို ဆက်ပေးပါ။
  • သင့်တို့သိတဲ့အတိုင်း နောက်ဆုံး တကယ်တမ်းဆန်းစစ်တဲ့ အချိန်မှာတော့ ဒါဟာ သင်နဲ့ဘုရား ကြားက ကိစ္စသက်သက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သင်နဲ့သူတို့ကြားကကိစ္စ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ (ဒီနေရာမှာ ကျွန်မတို့ ဗုဒ္ဓဘာသာ အယူအဆနဲ့ဆိုရင် ကိုယ်ပြုလုပ်သမျှ အကောင်းအဆိုးဟာ တခြားလူတွေနဲ့ မဆိုင်ဘဲ ကိုယ်ပြုတဲ့ကံ ကိုယ်ပဲခံစား စံစားရတယ် လို့ အဓိပ္ပါယ်ယူမိပါတယ်။)

(ဆက်ဖတ်ချင်ရင်...း)

Monday, July 7, 2008

ကောင်းသွားလိမ့်မယ်

သေချာတာတော့ စိတ်တွေ တအားရှုပ်ထွေးနေခဲ့တာပါပဲ။ အစ်ကိုလို ခင်တဲ့ သူငယ်ချင်း တစ်ယောက်ကိုလည်း ဖုန်းဆက်ပြီး ဟိုမေးဒီမေး ဟိုပြောဒီပြောနဲ့ သူ့အချိန်တွေကို ဖြုန်းမိတယ် (အဲဒီအတွက် သူငယ်ချင်းကိုလည်း တောင်းပန်ပါတယ်း) အဲဒီစိတ် အခြေအနေကြီးကို မုန်းပေမယ့် ကိုယ့်ဘာသာပဲ ဖန်တီးခဲ့မိတာဆိုတော့ မထွေးနိုင်မအံနိုင်ပေါ့။ မတော်တဆမှားတဲ့ အမှားထက် အချိန်ယူပြီး လုပ်မိတဲ့ အမှားက နောင်တကို ပိုကြီးစေတာကြောင့် ပူလောင်လိုက်တာ မပြောပါနဲ့တော့။ သေးသေးလေးကို အကြီးချဲ့နေမိတာလား၊ အကြီးကြီးကို သေးသေးလေးဖြစ်အောင် ကြိုးစားပမ်းစား လုပ်နေရတာလားတော့ မသိတော့ပါဘူး။ ကိုယ့်အမှားအတွက် ကိုယ့်တစ်ယောက်ထဲကိုပဲ ထိခိုက်တာတော့ သိပ်ကို မျှတပါတယ်လေ။ gtalk မှာ “မှားသွားတယ် ထင်တယ်” လို့ Custom Message တင်မိတော့ အစ်ကို ငြိမ်းဇေဦးက ကဗျာတစ်ပုဒ် လှမ်းပို့ပါတယ်။ ကဗျာခေါင်းစဉ်က “ကောင်းသွားလိမ့်မယ်”တဲ့။

ကောင်းသွားလိမ့်မယ်

ဘယ်နေရာမှာမှားတာလဲ
အမှား မှာ ချုပ်ရိုးပါသလား
ဒါမှမဟုတ် အမှားဟာ သံမဏိသားလို
မာမာကျောကျောကို မှားနေသလား
ဒါမှမဟုတ် အမှားဟာ ငါဟာ အမှားပါကွယ်လို့
့ရေရေလည်လည် ကြွေးကြော်နေသလား
အမှားကို အနားကပ်ပြီး ဆောင့်ကန်ချလိုက်
ပြီးတော့ ဟားတိုက်ရယ်
အားလုံးကောင်းသွားလိမ့်မယ်....................။

ငြိမ်းဇေဦး

လူတိုင်းမှားတတ်တယ်တဲ့။ ဒါပေမယ့် တခါတလေ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ရတာ သိပ်ခက်နေပြန်ရော။ ကဗျာဘေးက ဓာတ်ပုံလေးကို ဘောင်ကွပ်တော့ အဖြူရောင် ရွေးထားရာကနေ အမည်းရောင်ကို ပြောင်းလိုက်မိတယ်။ ခုတလော ကိုယ်က အဖြူရောင်နဲ့ သိပ်မထိုက်တန်သလိုပဲ။ အမှားကို အနားကပ်ပြီး ဆောင့်ကန်ဖို့ သတ္တိတွေမရှိသေးပေမယ့် ကဗျာဖတ်အပြီးမှာ သက်ပြင်းချပြီး ပြောမိတယ်။ ကောင်းသွားလိမ့်မယ် ထင်ပါတယ်လို့။

စိတ်သက်သာရာ ရစေတဲ့ ကဗျာအတွက်ရော Blog မှာ တင်ခွင့်ပေးတဲ့အတွက်ပါ အစ်ကိုငြိမ်းဇေဦးကို ကျေးဇူးတင်ပါတယ်။

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို Skvirli Blog က ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Sunday, July 6, 2008

သူ မရှိသော ညနေ

ဓာတ်ပုံတစ်ပုံကြောင့် ရေးဖြစ်သွားတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ပါ (ကျွန်မရဲ့ တကယ့်အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ မောင်ကောင်းကင်တို့ မစွပ်စွဲခင် ကြိုရှင်းပြထားရတား)) ဖတ်ရှုဝေဖန် ပေးကြပါဦးရှင်...

သူ မရှိသော ညနေပေါင်းများစွာကို သူမ ဖြတ်သန်းခဲ့ဖူးပါပြီ။ ဒါပေမယ့် အဲဒီညနေကတော့…

==============================

တွေဝေမှုပေါင်းများစွာနဲ့ ချီတုံချတုံ စဉ်းစားပြီးမှ အဲဒီ မွေးနေ့ပွဲကို သူမရောက်ခဲ့သည်။ ဒီလို လူစည်ကားရာနေရာတွေကို မလာဘဲနေခဲ့တာ နှစ်နဲ့ချီခဲ့ပြီ ဖြစ်ပေမယ့် ဒီတစ်ခါကတော့ ညီမလေးလိုခင်ရသော မေသွယ်က အကြိမ်ပေါင်းများစွာ ဖုန်းဆက်ပြီး အထပ်ထပ် ပြောတာကြောင့် နောက်ဆုံး သူမ လာဖို့ဆုံးဖြတ်ခဲ့မိသည်။

နေညိုချိန်ရဲ့ အလင်းအောက်မှာ ဧည့်သည်တွေနဲ့ စည်ကားနေတဲ့ အဲဒီမြက်ခင်းပြင်ကို ခြေချမိချိန်အထိ သူမ လာမိတာကို အမှားလို့ ယောင်လို့တောင် မထင်ခဲ့မိပါ။ အမြင်ရတာကြာပြီ ဖြစ်တဲ့ လူပေါင်းများစွာရဲ့ ရယ်မောတက်ကြွတဲ့ ဟန်ပန်တွေကို မြင်ရတာ သူမကို စိတ်အပြောင်းအလဲ ဖြစ်စေတယ်လို့တောင် တွေးရင်း ကျေနပ်နေခဲ့သေးသည်။

မေသွယ်နေရာချပေးတဲ့ ရေကန်နဲ့ အနီးဆုံးဖြစ်လို့ အကောင်းဆုံးဆိုတဲ့ စားပွဲမှာ ထိုင်မိချိန်အထိ သူမစိတ်တွေ ကြည်လင်နေခဲ့သည်။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေကို နှစ်ခြိုက်စွာ ရှုအပြီး မျက်လုံးဖွင့်လိုက်ချိန်မှာတော့ သူမရှေ့တည့်တည့်က လူတစ်ယောက်ကြောင့် သူမ ညနေသည် အရောင်အဆင်း စတင် ကင်းမဲ့သွားတော့သည်။ ဒါမှမဟုတ် အရောင်တွေ ပိုပြီး တောက်ပလာတာလည်း ဖြစ်နိုင်သည်။ ဒါပေမယ့် သူမအရောင်တောက်တောက်တွေကို မုန်းမိတာဖြင့် ကြာလှပြီပဲ။

တိုကပ်သပ်ရပ်စွာ ညှပ်ထားတဲ့ ဆံပင်ပုံစံလေးက အစ၊ မျက်လုံးမျက်ခုံး နှာတံ အလယ်၊ စကားပြောတဲ့ လေယူလေသိမ်း အဆုံး တူလွန်းလှသည်။ အနည်းငယ် ပိုသွယ်လျတဲ့ မျက်နှာရယ်၊ ပိုပြီး ဖြူဝင်းတဲ့ အသားအရေရယ်၊ လက်ချောင်းသွယ်သွယ်တွေရယ်သာ မကယ်ရင် သူမ မမြင်ချင်ဆုံးဖြစ်သော (မသိစိတ်ထဲက အမြင်ချင်ဆုံးလည်း ဖြစ်နိုင်သော) အတိတ်က တစ်စုံတစ်ယောက် သူမရှေ့ကို ပြန်ရောက်လာ လေသလားဆိုတဲ့ ယုံမှားစိတ်နဲ့ သူမ စက္ကန့်ပိုင်းလောက် အသက်ရှု ရပ်သွားနိုင်သည်။

ရင်တွေ တလှပ်လှပ်တုန်လာပြီး အံသြခြင်းကြီးစွာ ငေးမောနေတဲ့သူမကို စားပွဲဟိုဘက်က သူကတော့ သတိတောင် မထားမိဘဲ ဘေးက ကောင်မလေးတစ်ယောက်နဲ့သာ အကြောင်းအရာတစ်ခုကို အချီအချ ပြောနေသည်။ လေအဝှေ့မှာ စကားသံအချို့က သူမဆီကို ပျံ့လွင့်လာသည်။

“ဒါက သူ့အပိုင်းပဲလေ။ ငါသူ့ကို ဘယ်တုန်းကမှ သူငယ်ချင်း တစ်ယောက်ထက်ပိုပြီး မဆက်ဆံခဲ့ဖူးဘူး။ လက်ဖျားနဲ့ မပြောနဲ့ စကားလုံးနဲ့တောင် မထိပါးခဲ့ဖူးဘူး။ သူ့ဘက်က ခံစားချက်တွေအတွက်တော့ ငါလည်းဘာမှ မတတ်နိုင်ဘူးလေ။”

သူ့မျက်နှာပေါ်က ခပ်ရေးရေးအပြုံးလေးနဲ့ နဲနဲမှ မလိုက်ဖက်လိုက်တဲ့ စကား။ သူမနားတွေထုံလာသည်။ တူလိုက်တဲ့ အသံ။ ပြီးတော့ တူလိုက်တဲ့… စိတ်ဓာတ်။ သူ့ကို ချစ်မိသူအားလုံးရဲ့ နှလုံးသားကို ခဏလေးအတွင်းမှာ အဆိပ်ခတ် အသေသတ်နိုင်တဲ့ သူ့ရဲ့စိတ်ဓာတ်။ “စကားလုံးနဲ့တောင် မထိပါးခဲ့ဖူးဘူး” တဲ့လား။ “သေချာရဲ့လားကွယ်”လို့ လှမ်းမေးချင်စိတ်က ရင်ထဲမှာ တလှိုက်လှိုက် တက်လာသည်။

“မီးမီး နင် သူ့အကြောင်းတွေ လာပြောပြီး ငါ့ကို စိတ်ညစ်အောင် မလုပ်နဲ့ဟာ။ ငါမေ့ထားတာ ကြာပြီ”

မီးမီးဆိုတဲ့ ကောင်မလေးက ခပ်ကြိတ်ကြိတ် ပြန်ပြောသည်။

“မေ့ထားတာ ကြာပြီ ဟုတ်လား။ ဒါဆို နင် အရင်ကတော့ စိတ်ထဲမှာ ရှိလို့ပေါ့”
“ဘာတွေလဲဟာ။ ငါ “သံစဥ့်”ကိုပဲ ချစ်တာ။ သံစဥ့်ကိုပဲ လက်ထပ်မှာ။ အခုချိန်မှာ ငါတို့ကြားမှာ ဘာအနှောင့်အယှက်မှ မလိုချင်ဘူး။ ငါသူ့ကို ဘယ်တုန်းကမှလည်း ချစ်တယ်လို့ မပြောခဲ့ဖူးဘူး။ ဘယ်တုန်းကမှလည်း မချစ်ဖူးဘူး။”

သူတို့ပြောနေတဲ့ “သူ”ဆိုတဲ့ အမည်မသိ ကောင်မလေးကို သူမ နင့်ကနဲ သနားသွားသည်။

“ငါသူ့ကို သူငယ်ချင်းတစ်ယောက်လိုတော့ အရမ်းကိုခင်ခဲ့ပါတယ်။ အဲဒါအမှန်ပဲ။”

မီးမီးဆိုတဲ့ကောင်မလေးက သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ သူကလည်း အေးဆေးတည်ငြိမ်စွာ စူးရှရှမျက်လုံးတွေနဲ့ ပြန်ကြည့်သည်။ အဲဒီ မျက်လုံးတွေကလည်း ဟိုတစ်ယောက်နဲ့ တူပြန်တာပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချတဲ့ မျက်လုံးတွေ။

“ငါ့ရှုပ်ဖူးတာ ၀န်ခံတယ် မီးမီး။ ဒါပေမယ့် ငါသူ့ကိုတော့ ဘယ်တုန်းကမှ… ။ ထားပါတော့လေ။ အခုငါ့ဘ၀ထဲမှာ သံစဉ်တစ်ယောက်ပဲ ရှိတော့တယ်။ တခြားလူတွေ အားလုံးကို ခေါင်းထဲက ရှင်းထုတ်လိုက်ပြီ”

“အဲဒီ အထဲမှာ ငါ့သူငယ်ချင်းပါ ပါသွားတယ်ပေါ့…” မီးမီးဆိုတဲ့ ကောင်မလေးက ခပ်တိုးတိုး ရေရွတ်သလို ပြောတော့…

“မဆိုင်တာတွေဟာ။ သူနဲ့ငါကြားမှာ အဲဒီလို Relationship မျိုးမရှိတာ သူလည်းသိတယ်။ ငါလည်း သိတယ်။ တလောကလုံးလည်း သိတယ်။”
“အဲဒီလို တလောကလုံး သိတာကြီးက ဆိုးတာဟ” မီးမီး အသံနည်းနည်းကျယ်သွားသည်။

ဒီစားပွဲမှာ သူတို့(၂)ယောက်အပြင် သူမရှိသေးတာကို သတိတောင် ထားမိကြရဲ့လား မသိပါ။ ဒါမှမဟုတ် ငေါင်းစင်းစင်းထိုင်နေတဲ့ မိန်းမတစ်ယောက်ကို သိပ်ဂရုမစိုက်ကြတာလည်း ဖြစ်နိုင်သည်။

“ဖိုးသွေး နင်ရော သူရော ငါ့ရဲ့အခင်ဆုံး သူငယ်ချင်းတွေမို့လို့ ဒီလောက်အထိ ငါဝင်ပါနေတာ။ ငါတကယ် စိတ်ကုန်တယ်။ နင့်ကိုရော… ဟိုတစ်ယောက်ကိုရော”
“နင့်ဘာသာ ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာ မီးမီး။ ဒါပြဿနာတစ်ခု မဟုတ်ဘူး။ ဖြစ်စဉ်တစ်ခု။ လူတစ်ယောက်က နောက်လူတစ်ယောက်ကို သံယောဇဉ်ဖြစ်တယ်။ ဒါပေမယ့် အဲဒီလူက သူ့ကို မချစ်ဘူး။ ဒီတော့ ၀မ်းနည်းတယ်။ ဒီထက်ဆိုးရင် အသည်းကွဲမယ်။ ဒါပဲ။ ပြီးရင် ပြီးသွားလိမ့်မယ်။”
“သြော် နင်ဒီလောက် သိနေရင်လည်း သူ့အတွက် နည်းနည်းလေးမှ စိတ်မကောင်း မဖြစ်ဘူးလား။ နင်ပဲ သူ့ကို ခင်လှချည်ရဲ့ဆို”
“ဟ သူစိတ်မာတာ ငါသိတာပဲ။ သူ့လမ်းသူ ဖြောင့်ဖြောင့်တန်းတန်း ဆက်လျှောက် သွားလိမ့်မယ်။ ငါ့အတွက်နဲ့ သူ့ကိုယ်သူ သတ်မသေတာတော့ ငါသေချာသိတယ်”

အဲဒီစကားကို သူရယ်သံစွက်ပြီး ပြောတော့ သူမနာကျင်စွာ ပြုံးမိသည်။ မီးမီး အသံ တိတ်သွားသည်။

“သံစဉ် ငါ့ဘေးမှာ ရှိနေတဲ့ အချိန် ငါက တစ်ခြားမိန်းမတစ်ယောက် အကြောင်းစဉ်းစားပြီး သနားနေစရာလားဟ။ ငါ့နေရာကလည်း စဉ်းစားကြည့်ဦး”
“နေပါဦး။ သူက နင့်ဆီက သနားဂရုဏာတွေ လိုချင်တယ်လို့ နင့်ကို ဘယ်သူက ပြောလို့လည်း”
“ဒါဆို သူက ဘာလိုချင်တာလဲ”

သူ့မျက်နှာ အနည်းငယ်တည်သွားပြီး မေးသည်။ မီးမီး သူ့ကို တချက်ငေးစိုက်ကြည့်ရင်း စားပွဲပေါ်ကအိတ်ကို ကောက်ကိုင်ပြီး ချာကနဲ ထွက်သွားတော့သည်။

အရာအားလုံး တိတ်ဆိတ်သွားပြီး စားပွဲမှာ သူနဲ့ သူမသာ ကျန်ခဲ့သည်။ သူက မီးမီးနောက်ကျောကို တစုံတခုတွေးသလို ကြည့်ရင်း ဒီဘက်ပြန်အလှည့်မှာ သူ့မျက်လုံးနဲ့ သူမမျက်လုံး ဆုံသွားတော့သည်။ သူမ ကပြာကယာ မျက်လုံးလွှဲလိုက်သလို သူလည်း တစိမ်းတစ်ယောက်ရှေ့မှာ သူတို့ စကားတွေ အများကြီးပြောမိသွားတာကို အခုမှ သတိထားမိ သွားပုံရသည်။

အဲဒီခဏမှာပဲ မေသွယ်က တခြားဧည့်သည်(၃)ယောက်ကို စားပွဲမှာ နေရာလာချပေးမှ သူမတို့(၂)ယောက်လုံး တိတ်ဆိတ်မှုကနေ သက်သာရာ ရသွားကြသည်။

တညနေလုံး… တညနေလုံးပါပဲ။ သူမမျက်လုံးတွေ သူ့ဆီကိုသာ တ၀ဲလည်လည် ရောက်နေမိသည်။ သူ့ကိုကြည့်လိုက်တိုင်း “ဖိုးသွေး”ဆိုတဲ့ သူ့အစား သူမအိပ်မက်များကို နှစ်ပေါင်းများစွာ ပိုင်စိုးဖူးတဲ့ လူတစ်ယောက်ကိုသာ မြင်နေမိသည်။ မြင်ယောင်နေတိုင်း သူမခေါင်းတွေ တရိပ်ရိပ်သာ မူးဝေလာသည်။ မေသွယ်လာနှုတ်ဆက်တဲ့ စကားတွေကိုလည်း မကြားတချက် ကြားတချက်။ ဘာတွေ ပြန်ပြောမိသလဲဆိုတာလည်း သိတချက် မသိတချက်။ မူးဝေေ၀ ဖြစ်နေတာပဲ သိသည်။ အဲဒီ မူးဝေခြင်းကိုပဲ သူမ တပ်မက်နေမိလား မသိ။ သူမ မထိန်းနိုင်ခင်မှာပဲ သူ့ဆီကို မျက်လုံးတွေက ရောက်ရောက်သွားပြန်သည်။ မမြင်ရတာကြာတဲ့ လူတစ်ယောက်အစား သူ့ကိုအစားထိုးပြီး သူမ ငေးနေမိတာကိုလည်း ရှက်မိပေမယ့် အဲဒီလူနဲ့ ပတ်သက်လာရင် ထုံးစံအတိုင်း သူမကိုယ်သူမ ထိန်းချုပ်ရ ခက်လှသည်။ သူကလည်း သတိထားမိပုံ ရပါသည်။ မျက်လုံးခြင်းဆုံမိတိုင်း သူက ပြုံးပြမယောင်လုပ်လျှင် သူမ ယောင်ယမ်းပြီး မျက်လုံးလွှဲမိပြန်သည်။ အဲဒီလိုနဲ့ပဲ သူမတစ်ယောက်ထဲ အာရုံတွေ ရှုပ်ရင်း ညနေခင်းက တဖြည်းဖြည်း ရင့်ရော် လာသည်။

သူမတို့ စားပွဲက တခြားဧည့်သည်(၃)ယောက် ထပြန်သွားမှ သူမပြန်ဖို့ သတိရတော့သည်။ ပြန်ဖို့စဉ်းစားရင်း ခေါင်းကိုမော့လိုက်တော့ သူမကို ရှေ့တည့်တည့်က ကြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ ဆုံသည်။ သူ ပြုံးပြတော့မယ်ဆိုတာ သူမသိလိုက်သည်။ ဒီတစ်ခါတော့ သူမတည်ငြိမ်စွာ ပြန်ပြုံးပြဖို့ စဉ်းစားမိသည်။ တကယ်တော့ သူမတညနေလုံး ရင်ခုန်စွာ ငေးမောနေတာ သူမဟုတ်ဘဲ သူနဲ့သိပ်တူတဲ့ သူမရင်ထဲက ပုံရိပ်တစ်ခုကိုသာ ဖြစ်သည်လေ။ အဲဒီခဏမှာပဲ သူ့ပခုံးပေါ်ကို ဖြူသွယ်သွယ် လက်ကလေးတစ်ဖက်ရောက်လာပြီး သူ့လည်ပင်းကို အနောက်ကနေ ညင်သာစွာ သိုင်းဖက်လိုက်သည်။ သူလှည့်မကြည့်ဘဲ နူးနူးညံ့ညံ့ ရေရွတ်သည်။

“သံစဉ်…”
“ကို ပျင်းနေပြီလား။ သံစဉ် မေသွယ့်ကို ကူပြီးဧည့်ခံပေးနေရလို့ပါ။”
“ရပါတယ်။ မပျင်းပါဘူး။ အခုရော ပြီးပြီလား။ ပြန်ချင်ပြီလား…”
“အင်း…ခဏနေရင်တော့ ပြန်ကြမယ်လေ။”

သူက သူမရဲ့လက်ဖျံလေးကို လက်တစ်ဖက်က ညင်ညင်သာသာကိုင်ရင်း ကျန်တဲ့ သောက်လက်စ ဆေးလိပ်ကိုင်ထားတဲ့ လက်တစ်ဖက်နဲ့ စားပွဲကို ထောက်ပြီး ကိုယ်ဟန်ကို ပြင်လိုက်သည်။ ပြီးတော့ မထင်မှတ်ဘဲ သူ့မျက်လုံးတွေ သူမဆီကို စူးကနဲရောက်လာသည်။ အို… တစ်ခါတုန်းက လူတစ်ယောက်ရဲ့ပုံရိပ်နဲ့ တစ်ထပ်ထဲပါပဲ။ လှိုက်ကနဲခံစားချက်နဲ့ အတူ အိတ်ကို ကောက်ကိုင်ရင်း သူမထလိုက်မိသည်။ သူမပြန်မှ ဖြစ်တော့မည်။

မေသွယ့်ကို နှုတ်ဆက်ပြီး ဒယိမ်းဒယိုင် ခြေလှမ်းတွေနဲ့ ကားရပ်ထားရာ နေရာကို လျှောက်လာခဲ့သည်။ တုန်ရင်နေတဲ့စိတ်ကြောင့်လား မသိ။ ကျယ်ပြန့်တဲ့ Car Parking ထဲမှာ သူမကားကို ရှာလို့ မတွေ့ဖြစ်နေသည်။ တ၀ဲလည်လည် ဖြစ်နေပြီှး နောက်ဆုံး သူမကားစုတ်လေးကို ရှာတွေ့တဲ့ အချိန်မှာတော့ သူမ တော်တော်ကို မောနေခဲ့ပြီ။ ကားထဲ ချက်ချင်း မ၀င်မိသေးဘဲ ကားကို မှီ်ပြီးအမောဖြေရင်း ကောင်းကင်ကို မော့ကြည့်မိတော့ လရိပ်ကွေးလေး သာစပြုနေတာ တွေ့လိုက်ရသည်။ အသက်ရှုမှားစွာ သူမရင်ထဲက တစ်စုံတစ်ယောက် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရလိုက်သည်။

“လကလည်း ပြည့်ပြည့်၀၀ သာလိုက်တာ မဟုတ်ဘူးနော်”

သူမစိတ်ထဲကနဲ့ တထပ်ထဲ ရေရွတ်လိုက်တဲ့ စကားသံကြောင့် သူမဆတ်ကနဲ တုန်သွားသည်။ လှည့်ကြည့်မိတော့ သူမကားရဲ့ကပ်ရပ်က ကားနားမှာ ခပ်မတ်မတ်ရပ်နေတဲ့ မွေးနေ့ပွဲက သူ့ကို မြင်လိုက်ရသည်။ ဒီတစ်ခါတော့ သူ သူမကို သေသေချာချာ ပြုံးပြပါသည်။ သူမလည်း အတည်ငြိမ်ဆုံးဖြစ်အောင် ကြိုးစားပြီး ပြန်ပြုံးပြလိုက်မိသည်။

“အင်း သူ့မှာ ပြည့်ပြည့်၀၀ သာခွင့်မှ မရှိတာပဲလေ။ သာရမယ့် အချိန်မှ မဟုတ်တာ။”

တစ်ခါတုန်းက လူတစ်ယောက်ကို ဖြေခဲ့သလိုပဲ သူမ တစ်လုံးမလွဲ ပြန်ဖြေလိုက်မိသည်။

“ကျွန်တော် မင်းသွေးပါ”

သူ ပြောရင်း သူမတို့ကြားက ကားစက်ဖုံးကို ကျော်ပြီး လက်ကမ်းပေးတော့ သူမပြန်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူမထင်ထားသလို
သူ့လက်တွေ နွေးထွေးမနေဘဲ အေးစက်နေတာ တအံ့တသြ ခံစားလိုက်ရသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် စောစောက စားပွဲမှာ ကျွန်တော် ခဏခဏ လှမ်းကြည့်နေမိတာကို … အင်း… ရှင်းပြချင်လို့ပါ မ…..?”
“လရိပ် ပါ”
“သြော် ဟုတ်ကဲ့… မလရိပ်ကတော့ ထင်မယ်။ ဒီကောင် ရည်းစားရှိရက်နဲ့ ငါ့ကို ကြည့်နေတယ်ဆိုပြီး…”

သူရယ်သံစွက်ပြီး ပြောတော့ သူမတစ်စုံတစ်ယောက်ကို လွမ်းဆွတ်စိတ်နဲ့ ငိုချင်လို့သာလာသည်။ အဲဒီ တစ်ယောက်လည်း သူ့လို ရယ်ရယ်မောမော ရဲရဲရင့်ရင့် စကားပြောတတ်သည်။

“အမှန်က… မလရိပ်က ကျွန်တော့ … ကျွန်တော့ သူငယ်ချင်း ကောင်မလေး တစ်ယောက်နဲ့ အရမ်းတူလို့ပါ။ မျက်နှာကျလေးရော အမူအယာရော ရယ်သံကအစ အရမ်းကို တူနေလို့ပါ။ ဘာရယ်မဟုတ်ပါဘူး။ တူလွန်းတာကို အံ့သြလို့ ကြည့်မိတာပါ။ မလရိပ်နဲ့ အမျိုးတော်တယ် ဆိုရင်တောင် ကျွန်တော်ယုံမိမှာပဲ။”

သူမ ပြုံးပြဖို့ကြိုးစားပေမယ့် အံ့သြစိတ်ကြောင့် အပြုံးက ပီပီပြင်ပြင် ဖြစ်မလာပါ။

“ရပါတယ်။ ကျွန်မ အပြည့်အ၀ နားလည်ပါတယ်။ ကျွန်မလည်း ကိုမင်းသွေးကို ကြည့်နေမိတာ သတိထားမိမှာပါ။ အံ့သြစရာပါပဲ။ ကိုမင်းသွေးလည်း ကျွန်မသူငယ်ချင်း တစ်ယောက်နဲ့ အရမ်းကို တူနေလို့ပါ”
“ဗျာ…”
“ဟုတ်ပါတယ်… အံ့သြဖို့ကောင်းတဲ့ တိုက်ဆိုင်မှုပဲနော်”
“ဟုတ်တယ်ဗျာ…”

သူမတို့(၂)ယောက် တိတ်ဆိတ်သွားမိသည်။ ခဏကြာမှ သူက…

“စောစောက စားပွဲမှာ မလရိပ် ကျွန်တော်နဲ့ မီးမီးတို့ ပြောတာတွေ ကြားပြီး တော်တော် နားညည်းမယ်နော်”

သူ့မျက်လုံးထဲမှာ အကဲခတ်တဲ့ အရိပ်အယောင်တချို့ တွေ့ရသည်။

“သြော် ရပါတယ်။ ကျွန်မကတောင် ကိုယ်နဲ့မဆိုင်တာကို နားထောင်မိသလို ဖြစ်လို့ အားနာနေတာပါ။”
“ကျွန်တော့ကိုလည်း ထင်မယ်။ တော်တော်ရှုပ်တဲ့လူလို့”

သူအပြုံးနဲ့ ခပ်တိုးတိုးပြောတော့ သူမ ဖြတ်ကနဲ မော့ကြည့်ပြီး ခေါင်းကို ညင်ညင်သာသာ ခါပြလိုက်မိသည်။ ရင်ထဲက ဆို့နင့်နင့် ဝေဒနာက သူမပြန်သင့်ပြီမှန်း အချက်ပေးနေပြီ။

“ကျွန်မ ပြန်တော့မယ်နော်…”

“သြော် ဟုတ်ကဲ့” သူက လကို မော့ကြည့်ရင်းကနေ အိပ်မက်က လန့်နိုးသူလို ပြောသည်။

ကားထဲ ၀င်ဖို့ဟန်ပြင်ပြီးမှ သူမတစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်သည်။

“ကိုမင်းသွေး…”

သူမကို လှမ်းကြည့်တဲ့ သူ့မျက်လုံးတွေထဲမှာ သူမကို မြင်ပုံမရပါ။

“စောစောက ကိုမင်းသွေးတို့ သူငယ်ချင်း(၂)ယောက်ပြောတာတွေကို ကျွန်မ သေချာကြားလိုက်ပါတယ်။ သူများရဲ့ ကိုယ်ရေးကိုယ်တာ ဖြစ်နေပေမယ့် ကျွန်မတစ်ခုတော့ ပြောခဲ့ချင်ပါတယ်။”

သူ ခပ်သွက်သွက် ခေါင်းညိမ့်ပြသည်။

“အဲဒီ ကောင်မလေး ဘာလိုချင်တာလဲလို့ ကိုမင်းသွေး မီးမီးကို မေးတယ်နော်”

သူနဲ့တွေ့တဲ့ တညနေလုံးမှာ သူ့မျက်လုံးတွေ ဒီတစ်ကြိမ် အတောက်ပဆုံးဖြစ်သည်။ သူမနှလုံးသားထဲက ပုံရိပ်တစ်ခုနဲ့ သိပ်ကိုတူတဲ့ သူမျက်နှာကို သေချာကြည့်ရင်း သူမ တညနေလုံး ပြောချင်နေခဲ့တဲ့ စကားတစ်ခွန်းကို ခပ်ဖြေးဖြေး ပြောလိုက်သည်။

“ကျွန်မသေချာ ပြောရဲပါတယ်။ သူဘာကိုမှ မလိုချင်ခဲ့ပါဘူး ကိုမင်းသွေး…”

အဲဒီနောက် ဘာကိုမှ မတွေးဖြစ်တော့ဘဲ သူမ သူ့အနားက ကားကို ညင်ညင်သာသာလေး မောင်းထွက်ခဲ့တော့သည်။ သူဘယ်လို အတွေးတွေနဲ့ ကျန်ခဲ့လည်းဆိုတာ သူမ မသိချင်သလို သူလည်း သိစေချင်လိမ့်မည် မဟုတ်ပါ။

လရဲ့ဆွဲအားက လူသားတွေရဲ့စိတ်ကို ပြောင်းလဲနိုင်စွမ်းရှိတာ တကယ်မှန်ခဲ့ရင် လရိပ်ကွေးရဲ့ ဆွဲအားငယ်တချို့ကြောင့် အဲဒီညနေမှာ သူရော သူမပါ ခဏလောက် ရူးသွပ်သွားခဲ့ကြသည် ထင်ပါသည်။

==============================

သူ မရှိသော ညနေပေါင်းများစွာကို သူမ ဖြတ်သန်းခဲ့ဖူးပါပြီ။ ဒါပေမယ့် အဲဒီညနေကတော့ သူမအတွက် အမှောင်မိုက်ဆုံး ညနေဖြစ်ခဲ့သလို ကျေနပ်စရာ အကောင်းဆုံး ညနေလည်းဖြစ်ခဲ့ပါသည်…

ရွှေပြည်သူ
(၀၅.၀၇.၂၀၀၈ ~ ည ၉း၂၈ မိနစ်)

(ဆက်ဖတ်ချင်ရင်...း)

Saturday, July 5, 2008

နာကျင်မှုတို့အဆုံးမှာ

Forward Email ကရတဲ့ ဇာတ်လမ်းလေးပါ။ ကျွန်မအတွက် အရမ်းအဓိပ္ပါယ်ပြည့်ဝလို့ (အားလုံးအတွက် နားလည်ရလွယ်ပေမယ့်) စာသားလေးတွေ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ ပုံတစ်ပုံခြင်းစီကို ကြည့်ပြီး ဖတ်ကြည့်ပေးပါရှင်...



ဇာတ်လမ်းနဲ့အတူ ရေးထားတဲ့ စာသားလေးကတော့ ~
No Pain No Gain ... နာကျင်မှုတွေ မရှိရင် အောင်မြင်မှုလည်း မရနိုင်ပါဘူး။ နာကျင်ပင်ပန်းမှုကို လက်ခံလိုက်ပါ။ အနာဂတ်ဟာ အဲဒီကရတဲ့ အသီးအပွင့် အကျိုးကျေးဇူးတွေနဲ့ ပြည့်စုံနေမှာပါ။ ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ နာကျင်ပင်ပန်းလိုက်တာလို့ မထင်ပါနဲ့။ ဘာလို့လည်း ဆိုတော့ အဲဒီ နာကျင်ပင်ပန်းမှု (သို့) အလုပ်အတွက် ကောင်းမွန်တဲ့ အကြောင်းပြချက်တစ်ခု အမြဲရှိနေမှာ ဖြစ်လို့ပါပဲ။ ဒါကြောင့် အဲဒီ နာကျင်ပင်ပန်းမှုကို ရင်ဆိုင်လိုက်ပါ။ အဲဒီအတွက် ရှေ့မှာ ပျော်ရွှင်ခြင်းတွေက စောင့်ကြိုနေမှာပါ။

(ဆက်ဖတ်ချင်ရင်...း)

Tuesday, July 1, 2008

ဒုက္ခသစ္စာ

လောကဓံက လေလေးတစ်ချက်
စိမ့်ကနဲတိုက်ရုံနဲ့
မိုက်ကနဲပုံကျပြီး
အဝေးကြီး လိမ့်သွားတဲ့အထိ
ကိုယ်က...
ပျော့ညံ့ခြင်းအတိပြီးသူပါ...

ဘာပဲပြောပြော
"၀ဋ်ကြွေးပါ" ဆိုတဲ့ အသိတစ်ခုကအားနဲ့ပဲ
အခါးတွေကို မြိုမြိုချနေမိတော့တာ
ကြာ...ကြာလှပြီပဲ...

စိမ်းဖန့်ဖန့်လေအဟုန်ထဲမှာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ကြားက
ကိုယ့်ကိုကိုယ် စကားတစ်ခွန်းတော့
ပြောဖြစ်အောင် ပြောလိုက်တယ်...
"လူဖြစ်လာမှတော့ ခံပေါ့ကွယ်"လို့...

ရွှေပြည်သူ
(ညနေ ၄း၅၅ နာရီ ~ ၃၀.၀၆.၂၀၀၈)

(ဆက်ဖတ်ချင်ရင်...း)