Sunday, June 29, 2008

စိတ်ညစ်ချင်တယ်ဆိုရင်

ကျွန်မအခုဖတ်နေတဲ့ Glenn Van Ekeren ရဲ့ “12 Simple Secrets of Happiness at Work” ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်မိတဲ့ အပိုင်းလေးတစ်ခုကို မျှဝေချင်ပါတယ်။ စာရေးသူက “How to be Miserable”ဆိုတဲ့ မူရင်းမသိတဲ့ ဆောင်းပါး တစ်ပုဒ်ကို ရခဲ့ပါတယ်တဲ့။ ကျွန်မ "How to be Miserable" ကို “စိတ်ညစ်ချင် တယ်ဆိုရင်” လို့ပဲ ဘာသာပြန် လိုက်ပါတယ်။ အဲဒီ ဆောင်းပါးထဲမှာ ရေးထားတာက စိတ်ညစ်ချင်တယ်ဆိုရင် ~

၁) ကိုယ့်အကြောင်းပဲ တွေးပါ။ ကိုယ့်အကြောင်းပဲ ပြောပါ။
၂) “ငါ” ဆိုတဲ့ စကားလုံးကို မကြာခဏသုံးပါ။
၃) သူများတွေ ကိုယ့်အပေါ်မြင်တဲ့ အမြင်တွေအတိုင်း ထင်ဟပ်ကျင့်ကြံပါ။
၎) လူတွေပြောတဲ့ ကိုယ့်အကြောင်းကို လောဘတကြီး နားထောင်ပါ။
၅) ကိုယ့်လုပ်ရပ်တွေအတွက် အသိအမှတ်ပြု သဘောကျတာကိုပဲ မျှော်လင့်ပါ။
၆) သံသယနဲ့နေပါ။
၇) မနာလိုစိတ် ၀န်တိုစိတ်ရှိပါ။
၈) ပေါ့ပေါ့ပါးပါးကိစ္စတွေ အတွက်တောင် ဆတ်ဆတ်ထိမခံဖြစ်ပါ။
၉) ဝေဖန်ချက်တွေအတွက် ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့။
၁၀) ကိုယ့်ကိုကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံပါနဲ့။
၁၁) စာနာထောက်ထားမှုနဲ့ လေးစားမှုကို မရမကတောင်းဆိုပါ။
၁၂) အရာရာနဲ့ပတ်သက်ပြီး ကိုယ့်အမြင်ကိုပဲ သဘောတူလက်ခံဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုပါ။
၁၃) ကိုယ် မျက်နှာသာပေး အကူအညီပေး လိုက်တဲ့လူတွေက ကျေးဇူးသိတတ်မှုမရှိရင် သုန်မှုန်စူအောင့်နေပါ။
၁၄) ကိုယ်လုပ်ပေးထားတာတွေကို မမေ့ပါနဲ့။
၁၅) အလုပ်တာဝန်တွေကို တတ်နိုင်သမျှ ခေါင်းရှောင်ပါ။
၁၆) သူများတွေအတွက် နည်းနိုင်သမျှ နည်းနည်းပဲ လုပ်ပေးပါ။

အဲဒီအချက်လေးတွေကို ဖတ်ပြီး ပြုံးမိပါတယ်။ ကျွန်မလည်း အဲဒီအချက်တွေထဲက တော်တော်များများနဲ့ ကိုယ့်ကိုကိုယ် စိတ်ညစ်အောင် ဘယ်နှခါ လုပ်ခဲ့ပြီးပြီလည်းဆိုတာ ပြန်ပြီးတောင် မရေတွက်နိုင်တော့ပါဘူး။ နှစ်တွေအကြာကြီး ဖြတ်သန်းပြီးတော့မှ ကိုယ့်ကိုစိတ်ညစ်အောင် လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူဟာ ကိုယ်ပဲဆိုတာ နားလည်ခဲ့ရပါတယ်။ တပြိုင်ထဲမှာပဲ ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင် ကူညီနိုင်တာလည်း ကိုယ်ပဲဆိုတာ သိလိုက်ရလို့ ၀မ်းသာမိရပြန်ပါတယ်။ အားလုံး စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေရှင်း)

Reference: Glenn Van Ekeren, 12 Simple Secrets of Happiness at Work, Prentice Hall Press, USA, 2001.

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို Fujiura Website က ကူးယူထားတာပါရှင်။

(ဆက်ဖတ်ချင်ရင်...း)

Wednesday, June 25, 2008

အချစ်ကိုမြင်ချိန်

တစ်ခါတုန်းက လောကကြီးတစ်ခုလုံးကို မုန်းတီးစက်ဆုပ်စွာ အဆိုးမြင်နေတဲ့ မျက်စိမမြင်ရှာသူ ကောင်မလေးတစ်ယောက် ရှိခဲ့ပါတယ်။ သူမမှာ သူငယ်ချင်း အများကြီး မရှိပေမယ့် သူမကို ဘယ်သူနဲ့မှ မတူအောင် လေးနက်စစ်မှန်စွာ ချစ်တဲ့ ချစ်သူကောင်လေးတစ်ယောက် တော့ ရှိခဲ့ပါတယ်။

သူမက ချစ်သူကောင်လေးကို မြင်နိုင်တဲ့ တစ်နေ့ကျရင် လက်ထပ်ကြမယ်လို့ ပြောလေ့ရှိပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ တစ်နေ့မှာ သူမအတွက် မျက်လုံးအလှူရှင် ရုတ်တရက် ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးတော့ ချစ်သူကောင်လေးကို သူမ မြင်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် အံ့သြခြင်းကြီးစွာ သိလိုက်ရတာက ချစ်သူကောင်လေးဟာလည်း မျက်မမြင် တစ်ယောက် ဖြစ်နေတာပါပဲ။

ချစ်သူကောင်လေးက “အခု မင်းကိုယ့်ကို မြင်ရပြီဆိုတော့ လက်ထပ်ကြရအောင်နော်” လို့ ပြောပါတယ်။

သူမက တွေဝေတွန့်ဆုတ်စွာနဲ့... “လက်ထပ်ပြီး ဘာဆက်လုပ်ကြမှာလဲဟင်။ ကျွန်မတို့ ပျော်နိုင်ကြပါ့မလား။ ကျွန်မက အခုမျက်လုံးပြန်မြင်သွားပေမယ့် မောင်က မမြင်နိုင်ဘူးလေ။ ကျွန်မတို့ အဆင်ပြေကြမယ် မထင်ပါဘူး မောင်ရယ်။ ကျွန်မကို ခွင့်လွှတ်ပါ...” လို့ ပြန်ပြောပါတယ်။

အဲဒီအခါ ချစ်သူကောင်လေးက မျက်ရည်တွေနဲ့ပြုံးပြီး ထုံးစံအတိုင်း အနွံအတာခံတဲ့ လေသံလေးနဲ့ ပြန်ပြောပါတယ်။ “ကိုယ်နားလည်ပါတယ်ကွာ။ မင်းစိတ်ချမ်းသာတာကိုပဲ ကိုယ်လိုချင်တာပါ။ မင်းကိုယ်မင်း ဂရုစိုက်ပါနော်။ ကိုယ့်မျက်လုံးလေးတွေကိုရောပေါ့.....”

လူတစ်ယောက်ကို အဆိုးရွားဆုံး လွမ်းဆွတ်ရခြင်းဟာ သူ့ဘေးနားမှာ ထိုင်နေရင်းနဲ့ သူ့ကို ဘယ်တော့မှ မပိုင်ဆိုင်နိုင်ဘူးဆိုတာ သိနေရခြင်းပါပဲ။

ဒီနေရာက ဇာတ်လမ်းလေးပါရှင်။ လူတော်တော်များများ ဖတ်ပြီးသား ဖြစ်နိုင်ပေမယ့် အခုပြန်ဖတ်မိတော့ ခံစားမှုအသစ်တစ်ခု ရလိုက်တာကြောင့် အားလုံးကို ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ တခါတရံမှာ အချစ်ဟာ အံ့သြစရာ ကောင်းလောက်အောင် ခိုင်မြဲတတ်သလို တခါတရံမှာလည်း မထင်မှတ်ဘဲ အပြောင်းလဲကြီး ပြောင်းလဲတတ်တယ် ထင်ပါရဲ့။ အားလုံး စစ်မှန်တဲ့အချစ်ကိုပဲ ပေးဆပ်နိုင် ပိုင်ဆိုင်နိုင်ကြပါစေ...

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို Sipperofshiraz Blog က ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Friday, June 20, 2008

မနေ့ညက ထပ်မက်တယ်

ကျွန်မက “တိမ်တွေငိုနေတယ်” ပြောတော့
“မဟုတ်ဘူး... အဲဒါမိုးရွာတာလို့ ခေါ်တယ်”တဲ့...
အိပ်မက်ထဲမှာ စိတ်ရှည်လက်ရှည် ရှင်းပြနေလေရဲ့...
မနေ့ညက ထပ်မက်ခဲ့တယ်...

မျက်ရည်စတွေနဲ့ နိုးထရတိုင်း
အိပ်မက်ဆိုးဆိုရင်
တစ်ခါကမက်ခဲ့တဲ့
အခန်းဆက်အိပ်မက်ဟာလည်း...
သေချာတယ်
အိပ်မက်ဆိုးပါပဲ...

လှပခဲ့ပါတယ်...
ချိုမြခဲ့ပါတယ်...
ပြီးတော့...
အိပ်မက်လည်း... ပီသခဲ့ပါတယ်...
ဒါပေမယ့် နောက်ဆုံးတော့
မျက်ရည်တွေနဲ့ပဲ နိုးထရတာကြောင့်
အိပ်မက်ဆိုးက
အိပ်မက်ဆိုးပါပဲ...

အိပ်မက်ဆိုးပါဆိုမှ
ဘယ်သူကများ မနိုးထချင်ပဲ
ရှိပါ့မလဲကွယ်...
ဒါပေမယ့်... အိပ်မက်ဆိုတာ
ရွေးချယ်လို့ရတဲ့အရာ မဟုတ်လေတော့.....

မနေ့ညက ထပ်မက်တယ်...

အိပ်မက်ဆိုးပါပဲ...

ရွှေပြည်သူ
(ညနေ ၄း၀၅ နာရီ ~ ၂၀.၀၆.၂၀၀၈)


ခေါင်းထဲမှာ ရုတ်တရက်ပေါ်လာလို့ Gtalk မှာတင်မိတဲ့ Status Message လေးကို မောင်မျိုးလေးက အားပေးတာနဲ့ ကဗျာဖြစ်အောင် ရေးဖြစ်သွားတာပါ။ အခုတလော အလုပ်က စိတ်ဖိစီးမှုတွေကြောင့် ပို့စ်တင်တာကျဲနေတာကို စိတ်မကောင်း ဖြစ်နေတုန်း Blog အတွက် ကဗျာအသစ်လေးတစ်ပုဒ် ရေးဖြစ်သွားလို့ မောင်လေး မောင်မျိုးကို ကျေးဇူး တင်ပါတယ်း)


မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို After Enlightenment Blog ကနေ ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Monday, June 16, 2008

လွတ်မြောက်ရာ

ဘ၀တဲ့...
ကူးရခတ်ရတာ
ခြေကုန်လက်ပမ်းကျမှ
မောရမှန်း စသိလာတယ်...

ထွက်ပေါက်တွေ ပွင့်လိုက်
ဝင်ပေါက်တွေ ပွင့်လိုက်နဲ့
တံခါးတွေကို အခါခါဖွင့်ရင်း
လမ်းတွေလျှောက်ခဲ့တာလည်း
မရေမတွက်နိုင်အောင်ပါပဲ...

ဒါပေမယ့် နောက်ဆုံးတော့...
ဘယ်အရာကများ အဓိပ္ပါယ်ရှိလို့လဲကွယ်...

ဒီလိုနဲ့ပဲ
ဘ၀တစ်ခုကနေ တစ်ခု
ကူးရင်းသန်းရင်းနဲ့
လမ်းတစ်နေရာမှာ
နာကျင်ဆင်းရဲမှု အတိုင်းအဆကို
သိလိုက်ရတဲ့ခဏ
ရုန်းထွက်ဖို့ လမ်းစပဲ
အငမ်းမရ ရှာမိတော့တယ်...

ကံကောင်းစွာ...
သိပ်ကိုကံကောင်းစွာ...
လွတ်မြောက်ရာ တစ်နေရာက
အလင်းရောင်ဖြာကျနေတာ
သေချာမြင်လိုက်ရတယ်...

အရောက်သွားနိုင်ကောင်းပါရဲ့လို့
ရုန်းထခါမှပဲ...
ခြေကုန်လက်ပမ်းကျနေတာ သတိရတော့တယ်...

ဟိုးအဝေးကြီးက
အလင်းရောင်ကိုတော့ မြင်နေရတုန်းပါပဲ...
အင်း... ဝေးတော့ သိပ်ဝေးတယ်...
ဒါပေမယ့်... ရောက်အောင်သွားရလိမ့်မယ်...

ရွှေပြည်သူ
(ည ၁၁း၅၅ နာရီ ~ ၁၅.၀၆.၂၀၀၈)

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို Orbiting Frog Website က ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Saturday, June 14, 2008

အဖေ့ကိုယုံတယ်

ဇွန်လရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ဖြစ်တဲ့ မနက်ဖြန် ၁၅ရက်နေ့မှာ ကျရောက်မယ့် ဖခင်နေ့ (Father's Day) အတွက် ဒီနေရာက ဇာတ်လမ်းလေးကို ခံစားပြီး မြန်မာမှုနဲ့ ဆီလျော်အောင် ပြန်လည် ဇာတ်လမ်းဆင် ရေးဖွဲ့ထားတာပါရှင်။

ကျုပ်လက်ကိုဆွဲပြီး ခုန်ဆွခုန်ဆွ လမ်းလျှောက် နေတဲ့ သားလေးခမျာ အရမ်းပျော်နေရှာပုံပဲ။ ပျော်မယ်ဆိုလည်း ပျော်လောက်တယ်လေ။ သူအမြဲလိုချင်ခဲ့တဲ့ စက်ဘီးလေးကို ကျုပ်က ဒီနှစ်ဘုရားပွဲမှာ ၀ယ်ပေးမယ်ပြောပြီး ခေါ်လာတာကိုး။ သူ့ခမျာ မနှစ်ကဘုရားပွဲမှာ သူ့အစ်ကိုဝမ်းကွဲ ဖိုးတုတ်ကို ကိုရင်အေးတို့ စက်ဘီးဝယ်ပေးကတည်းက အားကျပြီး ကျုပ်ကတိပေးတဲ့အတိုင်း တစ်နှစ်လုံးလုံး စောင့်နေရှာတာ။ ဖြစ်ချင်တော့ ဒီနှစ်ကျမှ လယ်ကလည်း မကောင်းတော့ ခါတိုင်းနှစ်တွေလို ငွေမရွှင်ဘူးဗျာ။ အခြေအနေကြည့်ရမှာပဲ။

ဘုရားပွဲဈေးမှာ နှစ်တိုင်းလာခင်းနေကျ စက်ဘီးဆိုင်ရဲ့ ရောင်းပုံကလည်း ဆန်းသားဗျ။ စက်ဘီးတွေကလည်း တပတ်ရစ်လား နှစ်ပတ်ရစ်လား မသိတဲ့ အဟောင်းလေးတွေကို ပြန်သထားတာပါ။ သထားပေမယ့် ခပ်နွမ်းနွမ်းပါပဲ။ ကျုပ်တို့အတွက်ကတော့ စီးလို့ရရင်ပဲ တော်လှပါပြီ။ ကလေးစီးရော လူကြီးစီးရော စုံနေတာပါပဲ။ အဲ... အဲဒီ စက်ဘီးတွေကို ဈေးအတိအကျ သတ်မှတ်မထားဘဲ လေလံတင်သလိုမျိုး အများဆုံးပေးနိုင်တဲ့ သူကိုရောင်းတာဗျ။ ကြမ်းခင်းဈေးကတော့ သူတို့ခေါ်တာပေါ့ဗျာ။ အဲဒါက တော်တော်သက်သာပါတယ်။ “သားလေး လိုချင်တဲ့ စက်ဘီးလေး ဈေးသက်သာပါစေ။ ဈေးပြိုင်ပြောတဲ့သူ မရှိပါစေနဲ့”လို့ပဲ ကြိတ်ဆုတောင်းနေရတယ်ဗျာ။

ပြောရင်းဆိုရင် စက်ဘီးဆိုင်ရှေ့တောင် ရောက်လာပါရောလား။ လူတွေကလည်း များသား။ သားလေးက ကျုပ်လက်ကို ဆွဲလှုပ်လိုက်တာကြောင့် ငုံကြည့်လိုက်တော့ မျှော်လင့်တကြီး မျက်လုံးတွေနဲ့ ... “အဖေ... သားကို တကယ်ဝယ်ပေးမှာနော်” လို့ ထပ်မေးရှာပါတယ်။ ကျုပ်လည်း မဆိုင်းမတွပဲ... “၀ယ်ပေးမှာပေါ့သားရဲ့... အဖေရအောင်ကို ဈေးပြိုင်ပေးမယ်။” လို့ သားလေးကို သနားစိတ်နဲ့ ခိုင်ခိုင်မာမာ ပြောလိုက်မိတယ်။

ကျုပ်ဆုတောင်း မပြည့်ပါဘူးဗျာ။ သားကြိုက်တယ်လို့ လက်ညှိုးထိုးပြတဲ့ အပြာရောင် ကလေးစီးစက်ဘီးလေးကို တခြား၂ဦးလောက်ကလည်း ကြိုက်နေပုံရတယ်။ ကြမ်းခင်းဈေး စအော်တော့ ကျုပ်တတ်နိုင်တဲ့ဈေး။ သားလေးကလည်း လက်ကလေး ထောင်ပြီး ဈေးပေးပါတော့တယ်။ အဲဒီအခါ တခြား၂ယောက်ကလည်း အပြိုင်အဆိုင် ဈေးပေးကြပါလေရော။ သူပေးငါပေးနဲ့ ဈေးက ကျုပ်မှန်းထားတာထက် တဖြည်းဖြည်း ကျော်ခါနီးလာတယ်။ ကျုပ်လည်း စိတ်ပူစပြုလာပြီး သားလေးကို ငုံကြည့်မိတော့ သားက အားရှိပါးရှိ လက်ကလေး တစ်ထောင်ထောင်နဲ့ ဈေးပေးလို့။ သူ့ကိုလည်း မတားရက်။ အဲဒီအချိန်မှာပဲ အနားမှာရပ်နေတဲ့ ကျုပ်သူငယ်ချင်း ကိုသာအောင်ကြီးက သားလေးကို “ဟေးကောင်လေး လက်ကိုချည်း စွတ်ထောင်မနေနဲ့ကွ။ မင်းအဖေမှာ ပိုက်ဆံရှိရဲ့လားလည်း မေးဦး” လို့ လှမ်းပြောတယ်။ အဲဒီအခါ သားလေးက “ဟာ... ဦးလေးသာအောင်ကလည်း။ အဖေက သားကို တကယ်ဝယ်ပေးမှာဗျ။ အဖေ့ကို သားယုံတယ်” လို့ ပြန်ပြောလိုက်တယ်။ အဲဒီ စကားလေးနဲ့တင် ကျုပ်မှာ ဘယ်ကဘယ်လို အားတွေဝင်လာလည်း မသိပါဘူးဗျာ။ “သားရေ ကြိုက်သလောက်သာ လက်ထောင်စမ်းကွ။ အဖေ နွားနဲ့ဖက်ရုန်းပြီး စုထားသမျှတွေ ကုန်ချင်ကုန်ပစေ။ ဒီည ငါ့သားကို အဖေစက်ဘီးရအောင် ၀ယ်ပေးမယ်ကွ” လို့ စိတ်ထဲက အပြီးသတ် ကျုံးဝါးလိုက်မိတယ်။ အခုချိန်အထိ အဲဒီစက်ဘီးလေးအတွက် နောက်ဆုံးဈေးဘယ်လောက် ဖြစ်မလဲဆိုတာ ကျုပ်မသိသေးပါဘူး။ ဒါပေမယ့် ကျုပ်သေချာသိတာ တစ်ခုတော့ရှိတယ်။ ကျုပ်သားလေးအတွက် အဲဒီစက်ဘီးကို ကျုပ်... ဒီည သေချာပေါက် ရလိမ့်မယ်။

ရွှေပြည်သူ
(ည ၈း၅၆ နာရီ ~ ၁၄.၀၆.၂၀၀၈)

ကျွန်မတို့ဘ၀မှာ အဖေကို ယုံကြည်တဲ့စိတ်နဲ့ ဒီကလေးလေး လက်ထောင်သလိုမျိုး လက်တွေ ဘယ်နှခါ ထောင်ခဲ့ကြသလဲဆိုတာ ကိုယ်တိုင်တောင် မှတ်မိမှာမဟုတ်ပါဘူး။ သားသမီးရဲ့လိုအပ်ချက် မှန်သမျှအတွက် ဘာတစ်ခုမှ မငြီးမငြူဘဲ အပြုံးမပျက် ရှာဖွေပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဖခင်တွေရဲ့ အခက်အခဲတွေကို ကျွန်မတို့တွေ (အထူးသဖြင့် ငယ်စဉ်ဘ၀မှာ) နားလည်သိတတ်စွာ မတွေးမိခဲ့ကြဘူး ထင်ပါတယ်။ ဒါပေမယ့် မိဘကျေးဇူးဆပ်နိုင်တဲ့ အရွယ်မှာတော့ အပြည့်အ၀ ပြန်ပေးဆပ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားကြရမှာပေါ့နော်။ ဒီပို့စ်ကိုရေးနေတုန်း မနေ့က ဖုန်းထဲမှာ စကားပြောလိုက်ရတဲ့ အဖေ့ကို သတိရပြီး မျက်ရည်ကျနေမိပါတယ်။ မိဘနဲ့ အဝေးမှာနေရတဲ့ သမီးတစ်ယောက်အနေနဲ့ ဘယ်အချိန်မှာ မိဘအနားပြန်နေပြီး ပြုစုခွင့်ရမလဲဆိုတာ ဝေေ၀၀ါးဝါး တွေးနေမိပါတယ်။ တဆက်ထဲ နာဂစ်ရဲ့ နှိပ်စက်မှုဒဏ်ကြောင့် မိဘမဲ့ဖြစ်သွားကြရှာတဲ့ ကလေးလေးတွေ အတွက်လည်း တွေးပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ သူတို့လေးတွေခမျာ ဇာတ်လမ်းထဲက ကလေးလေးလို အဖေလက်ကိုဆွဲပြီး ပူဆာဖို့ အခွင့်အရေး ဘယ်တော့မှ ရရှာကြတော့မှာ မဟုတ်ပါဘူး။ သူတို့လေးတွေအတွက် ပြည့်စုံကောင်းမွန်တဲ့ ပညာရေး၊ ဘ၀တိုးတက်ရေး တွေကို ဘယ်သူကများ မိဘသဖွယ် လုပ်ပေးပါ့မလဲလို့ ၀မ်းနည်းစွာတွေးနေမိပါတယ်။ ကျွန်မတို့အားလုံး နိုင်သလောက် ၀ိုင်းဝန်ကြိုးစားကြရမှာပါပဲ။

ဘာပဲဖြစ်ဖြစ်... မနက်ဖြန်မှာ ကျရောက်မယ့် ဖခင်နေ့ (Father's Day) ကို ကမ္ဘာတ၀ှမ်းလုံးမှာ ရှိတဲ့ ဖခင်ကောင်းပီသသော ဖခင်တွေအားလုံး သူတို့ချစ်တဲ့ သားသမီးတွေနဲ့အတူ ပျော်ရွှင်ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း ကျွန်မအဖေကိုလည်း ဒီကနေ ကန်တော့လိုက်ပါတယ်ရှင်။ အားလုံးပဲ Happy Father's Day ပါ။

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို Art by April Branco Website က ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Wednesday, June 11, 2008

ငါး

မောင်ငယ်လေး သုခရိပ်ရဲ့ လက်ရာ ကဗျာလေးပါ။ ကျွန်မအတွက်တော့ ဖတ်ကြည့်လေ အဓိပ္ပါယ်ပြည့်ဝလေပါပဲမို့လို့ အားလုံးကိုလည်း မျှဝေလိုက်ပါတယ်ရှင်။ ကဗျာကောင်းလေးအတွက်ရော Blog မှာ တင်ခွင့်ပြုတဲ့ အတွက်ပါ မောင်လေး သုခရိပ်ကို ကျေးဇူးအထူးတင်ပါတယ်း)

ငါး

လှိုင်းတွေက ထန်တာလား၊
တံငါသည်က မိုက်တာလား၊
ကံဆိုးလိုက်တဲ့ ငါး။

အသက်နဲ့ရင်းတာက တံငါ၊
အသက်ပေးရတော့ ငါး၊
မကြားဝံ့မနာသာ၊
ဈေးဆစ်ကြတာက သူတို့။

ကဲ... ဒီတော့
ရေစီးကပဲ ကြမ်းတာလား၊
ကမ်းပါးကပဲ နုတာလား၊
ဟိုမှာတော့ သောင်ထွန်း၊
ဒီမှာကျ ကမ်းပြို၊

အချိန်ကိုတော့ တိုလို့တဲ့၊
ခုတော့... နေညိုနေပြီလေ။ ။

သုခရိပ်

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို Wikimedia Commons ကနေ ကူးယူထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Sunday, June 8, 2008

ကျေနပ်တယ်

မင်းပြောခဲ့တဲ့ စကားတွေ
အတုအယောင်တွေ ဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ်
ဒါပေမယ့် အဲဒီကရတဲ့
အပျော်အစစ်တွေအတွက်
ကိုယ်ကျေနပ်တယ်...

မင်းပေးခဲ့တဲ့အချိန်တွေ
မင်းပျော်ဖို့အတွက်ပဲ ဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ်
ဒါပေမယ့် အဲဒီကရတဲ့
တန်ဖိုးတွေအတွက်
ကိုယ်ကျေနပ်တယ်...

မင်းအပြုံးထဲက အကြင်နာတရားတွေ
အမှတ်တမဲ့တွေပဲ ဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ်
ဒါပေမယ့် အဲဒီကရတဲ့
ကြည်နူးခြင်းတွေအတွက်
ကိုယ်ကျေနပ်တယ်...

မင်းထားခဲ့တဲ့နေ့မှာ
မင်းငဲ့ကြည့်ဖို့ မေ့ချင်မေ့ခဲ့လိမ့်မယ်
ဒါပေမယ့်
မင်းနောက်ကျောကို
စိတ်ချစွာ ငေးမောခွင့်ရခဲ့တဲ့အတွက်
ကိုယ်... ကျေနပ်တယ်...

ရွှေပြည်သူ
(ည ၁၂း၁၅ နာရီ ~ ၀၈.၀၆.၂၀၀၈)

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို Trepied Website က ကူးယူ ထားတာပါ။

(ဆက်ဖတ်ချင်ရင်...း)

Friday, June 6, 2008

မင်းသမီးတစ်ယောက်အကြောင်း

မြန်မာ့ရုပ်ရှင်သမိုင်းတလျှောက်က မင်းသမီးပေါင်းမြောက်မြားစွာဟာ သူ့ထူးခြားမှုနဲ့သူ သူ့အလှနဲ့သူ နာမည်ကြီးခဲ့ကြပါတယ်။ ဒါပေမယ့် သိပ်လှခဲ့ပြီး ထူးခြားတဲ့သမိုင်းတခတ် ဆန်းစေခဲ့ပေမယ့် (ကျွန်မသိသလောက် တခြား မြန်မာမင်းသမီးတွေနဲ့စာရင်) နာမည်သိပ်မကြီးခဲ့တဲ့ မင်းသမီးယောက်အကြောင်းကို YouTube Video Clip ကနေ မထင်မှတ်ဘဲ တွေ့ခဲ့မိပါတယ်။

ကျွန်မ ကြည့်လိုက်ရတဲ့ Video Clip က ၁၉၅၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Purple Plain ဆိုတဲ့ Hollywood ရုပ်ရှင်ကားတစ်ကားရဲ့ ဇာတ်ဝင်ခန်းပါ။ The Purple Plain မှာ မင်းသား Gregory Peck က ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ တာဝန်ကျနေတဲ့ တော်ဝင်လေတပ်မတော်က ကနေဒီယန်လူမျိုး လေယာဉ်မှူး Bill Forrester အဖြစ်သရုပ်ဆောင်ထားပြီး သူနဲ့မေတ္တာမျှမိတဲ့ မြန်မာလူမျိုး ကျောင်းဆရာမလေး Anna အဖြစ် မြန်မာမင်းသမီး ၀င်းမင်းသန်းက သရုပ်ဆောင်ထားတာပါ။ ပထမတော့ ကျွန်မလည်း အာရှနိုင်ငံသူတစ်ယောက်ကို မြန်မာမိန်းကလေး အဖြစ်သရုပ်ဆောင်ခိုင်းထားတယ်လို့ ထင်လိုက်မိပါတယ်။ အင်္ဂလိပ်စကားကို British Accent နဲ့ပြောနေတဲ့ မင်းသမီးကို စိတ်ဝင်စားတာနဲ့ Internet မှာ လက်လှမ်းမီသလောက် ရှာကြည့်မိတော့မှ “၀င်းမင်းသန်း”ဆိုတဲ့ မြန်မာနံမည်နဲ့ မြန်မာမင်းသမီးမှန်း သိလိုက်ရတော့ အံ့သြဂုဏ်ယူမိပါတယ်။ အဲဒီအခါကျမှ စိတ်ဝင်စားမှု ပိုပြင်းထန်လာပြီး သူ့အကြောင်းကို ထပ်ရှာဖွေမိပါတယ်။

မင်းသမီးဟာ မြန်မာလူမျိုးအစစ်တော့ မဟုတ်ပါဘူး။ မြန်မာနဲ့ဂျာမန် ကပြားဖြစ်တယ်လို့ သိရပါတယ်။ မင်းသား Gregory Peck က သူနဲ့တွဲဖက်သရုပ်ဆောင်မယ့် မင်းသမီးနေရာအတွက် အနောက်နိုင်ငံသူ တစ်ယောက်က အာရှတိုက်သူပုံစံ သရုပ်ဆောင်တာမျိုး မဟုတ်ဘဲ အာရှတိုက်သူအစစ်ကိုသာ လိုချင်ခဲ့တာကြောင့် မင်းသမီးရှာပုံတော် ဖွင့်ခဲ့ကြပါတယ်။ အမျိုးသမီးပေါင်း အယောက်၂၀၀လောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အများစုက ဇာတ်ရုပ်နဲ့ မသင့်တော်လှဘဲ မင်းသားနဲ့ တွေ့ချင်ရုံသက်သက် စာရင်းသွင်းကြသူများ ဖြစ်ပါတယ်တဲ့။ ထုတ်လုပ်ရေးကုမ္မဏီဟာ နောက်ဆုံး“၀င်းမင်းသန်း”ကို မင်းသမီးအဖြစ် ရွေးချယ်လိုက်ပြီး ဇာတ်ကားရိုက်ကူးချိန်မှာတော့ သူမနဲ့အတူ သူမရဲ့ခင်ပွန်းပါ ရိုက်ကွင်းကို ပါလာပါတယ်တဲ့။ သူမခင်ပွန်းခမျာ ကိုယ်ကျင့်သိက္ခာပိုင်းနဲ့ ပတ်သက်ပြီး နာမည်ဆိုးရှိတဲ့ ဟောလိဝုဒ်မင်းသားကြောင့်
မင်းသမီးကို ဆုံးရှုံးရမှာ တော်တော်လေး ပူပန်သ၀န်တိုနေခဲ့ပြီး မင်းသားနဲ့ ချစ်ခန်းကြိုက်ခန်း သရုပ်ဆောင်ရင်တောင် ကြက်သွန်ဖြူ ကြိုစားထားဖို့ ခိုင်းတယ်လို့ ဆိုကြပါတယ်။ နောက်ဆုံးမှာ ထုတ်လုပ်ရေးအဖွဲ့က မင်းသားနဲ့ အမေရိကန်ရိုက်ကူးရေးအဖွဲ့ဟာ မင်းသမီးအပေါ်မှာ လေးစားမှုအပြည့်အ၀ရှိကြောင်း သူမခင်ပွန်းသည် ကျေနပ်လက်ခံလောက်အောင် ပြောတော့မှ မင်းသမီးကို အေးအေးဆေးဆေး ဆက်ရိုက်ခွင့်ပြုပြီး အိမ်ပြန်သွားပါတယ်တဲ့။ အဲဒါကြောင့်လည်း The Purple Plain ဟာ မင်းသမီးရဲ့ တစ်ကားတည်းသောရုပ်ရှင်ဖြစ်တာ မဆန်းပါဘူးနော်း)

တချိန်က လှပချစ်စရာကောင်းတဲ့ မင်းသမီးလေး ဖြစ်ခဲ့ဖူးတဲ့သူမ အခုချိန် ဘယ်နေရာမှာ ဘ၀ကို ဘယ်လိုဖြတ်သန်းနေမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဘာပဲပြောပြော မြန်မာဝတ်စုံလေး ကျော့ကျော့ရှင်းရှင်းဝတ်ပြီး ရိုးရှင်းသိမ်မွေ့တဲ့ သရုပ်ဆောင်ပုံတွေနဲ့ မြန်မာအမျိုးသမီးတွေရဲ့ပုံရိပ်ကို
ကမ္ဘာသိအောင် ပြသခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းကို အားလုံးအတွက်လည်း စိတ်ဝင်စားစရာ ဖြစ်မယ်ထင်လို့ မျှဝေလိုက်ပါတယ်ရှင်။ မင်းသမီးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိတဲ့သူများရှိခဲ့ရင်၊ ကျွန်မရေးထားတဲ့ အချက်အလက်တွေလည်း မှားနေတာများတွေ့ခဲ့ရင် ထောက်ပြပြင်ဆင် ပေးကြဖို့လည်း ပြောချင်ပါတယ်ရှင်။

ဝင်းမင်းသန်းရဲ့ အိနြေ္ဒရှင်ပညာတတ် အာရှတိုက်သူ မြန်မာအမျိုးသမီးလေးအဖြစ် ဆွဲဆောင်မှုရှိစွာ သရုပ်ဆောင်သွားပုံတွေကို အောက်က YouTube Clip တွေမှာ ကြည့်နိုင်ပါတယ်။





ဒီပို့စ်အတွက် အောက်က Website တွေကို Reference လုပ်ခဲ့ပြီး ရသမျှ အချက်အလက်တွေထဲက ကောင်းနိုးရာရာတွေကို ဘာသာပြန်စုစည်းထားတာပါရှင်။

http://www.boesein.com/2008/03/hot-burmese-actress-from-50s-win-min.html
http://www.tcm.com/thismonth/article.jsp?cid=194285&mainArticleId=194283
http://www.jp-themint.com/Items/eo483?&caSKU=eo483&caTitle=WIN%20MIN%20THAN%20%22The%20Purple%20Plain%22
http://www.epinions.com/content_309852409476
http://www.sover.net/~ozus/purpleplain.htm

(ဆက်ဖတ်ချင်ရင်...း)

Tuesday, June 3, 2008

အားလုံးပြုံးဖို့ပါ (၁)

အားလုံး စိတ်သောကတွေ ရောက်နေချိန်မှာ မိနစ်ပိုင်းလောက် စိတ်လက်ပေါ့ပါးစေချင်တဲ့ ဆန္ဒနဲ့ ဟာသလေးတွေ ဘာသာပြန်မျှဝေလိုက်ပါတယ်။ ဟာသလေးတွေ ပို့ပေးတဲ့ ညီမလေး CooL MooN ကို အရမ်း ကျေးဇူးတင်ပါတယ်း)

လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့သား စာမေးပွဲကျတဲ့အခါ သူ့ဖခင်ကို ဘာပြောသလဲဆိုတော့...
“ဖေဖေ... သူတို့ သားကို ၃ နာရီတောင် မေးခွန်းတွေမေးတယ်။ သားဘာတစ်ခုမှ ပြန်မဖြေ ခဲ့ဘူး...”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မေးခွန်း ~ ဘုရားမှာ ဆုတောင်းနေကြတဲ့သူတွေနဲ့ ကာစီနို(လောင်းကစားရုံ)မှာ ဆုတောင်းနေကြတဲ့သူတွေ ဘာကွာခြားပါသလဲ?
အဖြေ ~ ကာစီနိုမှာ ဆုတောင်းနေတဲ့သူတွေက ပိုပြီး လေးလေးနက်နက် ရှိကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သားငယ်လေးက သူ့ဖခင်ကို မေးပါတယ်။
သားလေး ~ ဖေဖေ... သားရဲ့ စဉ်းစားဥာဏ်တွေ ဘယ်သူ့ဆီက ရတာလဲဟင်?
ဖခင် ~ အင်း... မင်းမေမေဆီက ရတာပဲ ဖြစ်မှာသားရဲ့။ ဘာလို့လဲဆိုတော့ ဖေဖေ့မှာ စဉ်းစားဥာဏ်ရှိနေတုန်းပဲလေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂျင်မီရဲ့ ဆရာမက သူ့မိခင်ဆီကို စာတိုလေးတစ်စောင် ရေးလိုက်ပါတယ်။
“ဂျင်မီက ဥာဏ်သိပ်ကောင်းတဲ့ကောင်လေးပါ။ ဒါပေမယ့် ကောင်မလေးတွေ အကြောင်း စဉ်းစားရင်းနဲ့ပဲ အချိန်ကုန်တာ များနေပါတယ်။”
နောက်တစ်နေ့မှာ ဂျင်မီ့မိခင်က ဆရာမဆီကို စာပြန်လိုက်ပါတယ်။
“အဲဒါကို ဖြေရှင်းဖို့နည်းလမ်းတွေ့ရင် ကျွန်မကိုလည်း အကြံပေးပါဦး ဆရာမရယ်။ ကျွန်မလည်း သူ့အဖေနဲ့ပတ်သက်ပြီး အလားတူ ပြဿနာမျိုး ကြုံနေရလို့ပါ...”

မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ ပုံကို AllPosters Website က ကူးယူအသုံးပြုထားတာပါရှင်...

(ဆက်ဖတ်ချင်ရင်...း)